အပိုင်း ၈
Viewers 14k

Chapter 8

ရှေးဆိုရိုးစကားများအတိုင်း ကံဆိုးခြင်းသည် တစ်ခုတည်း မည်သည့်အခါမှ ရောက်မလာတတ်ပေ။

ရုန်ယီသည် တစ်ညလုံးနီးပါး အိပ်မပျော်။ သူမျက်လုံးများ မှိတ်ထားလျက်က ကားပါကင်၌ ချန်းခယ့်ယောင်နှင့် ပြောခဲ့ကြသည့် စကားများကို တွေးရင်း ဟိုလှိမ့်သည်လှိမ့် လုပ်နေမိသည်။ ၎င်းကို သတိရမိသောအခါ ဒေါသနှင့် အလိုမကျမှုထက် ပြင်းထန်သော နာကြည်းမှုကိုသာ ခံစားရလေသည်။

ဒေါသထွက်နေချိန်၌ သူ၏စကားလုံးများက သိသိသာသာ အားမပါတော့သလို ခံစားရသည်။ ထိုအခြေအနေကို ပြန်လည်တုံ့ပြန်ရန်အတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းကို သူ ရွေးချယ်ခဲ့သင့်သည်။

'အဲဒီအချိန်ကို ပြန်သွားနိုင်မယ်ဆိုရင် သူ့ကို ပြန်ချေပဖို့ ဆိုးဆိုးရွားရွား စကားတွေ ပြောပစ်မယ်'

'မဟုတ်ဘူး မဟုတ်ဘူး၊ ငါ တကယ်ပဲ အတိတ်ကို ပြန်သွားလို့ရမယ်ဆိုရင် ငါတို့ ပထမဆုံးဆုံခဲ့တဲ့နေ့ကို ပြန်သွားဖို့ ရွေးချယ်မိမှာ။ ချန်းခယ့်ယောင်က ငါ့ကို ဓာတ်လှေကားစီးမလားလို့ မေးတဲ့အခါ စိတ်ပျက်တဲ့အကြည့်နဲ့ ကြည့်ပြီး အဲ့ဒီဂေးကို ငရဲမှာ သွားသေဖို့ ပြောခဲ့သင့်တယ်'

ကုတင်ပေါ်၌ အကြိမ် တစ်ရာ့ရှစ်ဆယ်ခန့် အပြန်ပြန်အလှန်လှန် လှိမ့်နေခဲ့ပြီး နောက်ဆုံးတွင် သူ အိပ်ပျော်သွားသည်။ သို့သော် ထိုအချိန်၌ မိုးလင်းနေပြီ ဖြစ်၏။

ထို့ကြောင့် သူ ကုတင်ပေါ်မှ ကြိုးစား၍ ဆင်းလိုက်ရသည်။ ထို့နောက် သူ ကြေကွဲစရာ နောက်တစ်ခုကို ထပ်မံ ကြုံတွေ့လိုက်ရ၏။ သူ၏ ID ကတ်မှာ ပျောက်ဆုံးနေသည်။

ရုန်ယီသည် သူ၏ ID ကတ်ကို နောက်ဆုံးအကြိမ် ထုတ်ခဲ့သည်မှာ ချန်းခယ့်ယောင်၏ ကားပေါ်တွင်ဖြစ်ကြောင်း ခပ်ရေးရေး သတိရမိသည်။ ၎င်းနောက်ပိုင်းတွင် သူ၏ စိတ်ခံစားချက်များ ပြင်းထန်နေသောကြောင့် အသေးစိတ်အကြောင်းအရာ အတော်များများကို မမှတ်မိတော့ပေ။ သူ မည်သို့ပင် ကြိုးစားစေကာမူ IDကတ်ကို သူ၏အိတ်ကပ်ထဲ ပြန်ထည့်ခဲ့၊မထည့်ခဲ့ကို သတိမရတော့။

ချန်းခယ့်ယောင်၏ကားထဲတွင် ကျန်နေခဲ့ပါက အလွန် မျက်နှာပူစရာဖြစ်လိမ့်မည်။

ထို့နောက် အကယ်၍ သူသာ ချန်းခယ့်ယောင်၏ IDကတ်ကို ကောက်ရခဲ့ပါက ၎င်းကို ချိုးပြီး အမှိုက်ပုံးထဲသို့ ပစ်ချလိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း တွေးမိလိုက်သည်။ ချန်းခယ့်ယောင်သည်လည်း သူ့အပေါ် တူညီသည့် လုပ်ရပ်မျိုး လုပ်လိမ့်မည် ဟု ခန့်မှန်းလိုက်၏။ ချန်းခယ့်ယောင်အား ဆက်သွယ်ရန် အချက်အလက်အားလုံးကို သူ ဖျက်ထားနှင့်ပြီးသားဖြစ်၍ ထားလိုက်ပါတော့။

အခြေအနေအရ သူ အသစ်တစ်ခုသာ ထပ်မံလျှောက်ထားရပေတော့မည်။

.

ရုန်ယီသည် ပုပ်သိုးနေသော မျက်နှာဖြင့် ကုမ္ပဏီသို့ ရောက်လာသောအခါ ရုံးတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

သူ၏ကျေးဇူးကြောင့် လူတိုင်း အနားယူခွင့်ရခဲ့သည်။ မနေ့က သူတို့အားလုံး အချိန်မှန် အလုပ်ဆင်းနိုင်ခဲ့သည်။ ၎င်းက အရင်နေ့များနှင့်ယှဉ်လျှင် တကယ်ကို စိတ်သက်သာစရာပင်။

ရုန်ယီကသာ မှိုင်တွေနေသော တစ်ဦးတည်းသော သူ ဖြစ်သည်။ အခြားသူများ စိတ်သောကရောက်နေချိန်တွင် အပျော်ရွှင်ဆုံးသူက သူ ဖြစ်ခဲ့ခြင်းမှာ လှောင်ရယ်စရာကောင်းလှပါသည်။ ယခုတော့ အရာအားလုံးက တစ်ပတ်ပြန်လှည့်လာလေပြီ။

"ဘာဖြစ်လို့လဲဟင် အစ်ကို့မျက်လုံးအောက်မှာ မျက်ကွင်းတွေညိုနေတာ ဘယ်လိုဖြစ်တာလဲ"

ရုံးရှိ တစ်ဦးတည်းသော အခြား အိုမီဂါလေးက ရုန်ယီ၏ အကြည့်ကို မြင်ပြီးနောက် ထူးဆန်းသည့်အပြုံးမျိုး ပြုံးပြလာသည်။

"မနေ့ညက အစ်ကို ဘယ်ရောက်နေခဲ့တာလဲ"

သူမစကားကို ကြားသောအခါ ရုန်ယီသည် ဟန်ဆောင်ပန်ဆောင် ပြုံးပြပြီး ဘာမှပြန်မပြော။

သူ၏လိင်အမျိုးအစားကို ကုမ္ပဏီတွင် အားလုံး သိထားကြပြီး ဖြစ်သည်။ ယခု သူ့အဖွဲ့ထဲ၌ လက်မထပ်ရသေးသည့်သူ လူပျိုလူလွတ် ဟူ၍ ဘီတာ နှစ်ယောက်၊ သူ့ကို စကားလာပြောနေသော ဤအိုမီဂါ နှင့် သူကိုယ်တိုင်သာ ကျန်တော့သည်။ ဤအိုမီဂါလေးကို မိန်းကလေးကျန်း ဟု ခေါ်ကြသည်။ သူမအဖွဲ့ထဲသို့ ပထမဆုံးစရောက်သည့်အချိန်က ရုန်ယီကို တွေ့လိုက်လျှင် မကြာခဏဆိုသလို ရှက်သွားလေ့ရှိသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးပြီးသည့်အခါ ချစ်စရာကောင်းသော အယ်လ်ဖာ ကြယ်ပွင့်များ အားလုံးကို စုစည်းပြီး သူတို့၏ စွဲလမ်းမှုကို ထုတ်ဖော်ပြရန် ရည်ရွယ်ချက်ဖြင့် ပေါင်းမိသွားကြသည်။ လောလောဆယ်တော့ ဤမိန်းကလေးက သူ၏ သူငယ်ချင်းကောင်းတစ်ယောက်လိုပင်။

ရုန်ယီ ရည်းစားရပြီးကတည်းက သူ့ထံတွင်ရှိသည့် ဤသူငယ်ချင်းအား အရာအားလုံးကို မပြောပြဘဲ မနေနိုင်ခဲ့ပေ။ 

T/N ( ပြောရရင် ကြွားတာပေါ့နော်)

မနေ့က သူ ရုံးဆင်းသည့်အခါ မိန်းကလေးကျန်းကို တကူးတကကြီး နှုတ်ဆက်သွားခဲ့သည်။ သူက အောင်နိုင်သူတစ်ယောက်၏အမူအရာဖြင့်ပင် သူ့ချစ်သူနှင့် ချိန်းတွေ့ဖို့သွားတော့မည် ဖြစ်ကြောင်း ဂုဏ်ဆာစွာ ပြောခဲ့သည်။ သူမကတော့ တစ်ကိုယ်တည်းသမား(single) ဖြစ်သောကြောင့် အိမ်စောစောပြန်ကာ များများ အနားယူသင့်ကြောင်းပါ အကြံပေးခဲ့သေး၏။

မနေ့ညက သူ ပြောခဲ့သည့် စကားများသည် ယခု သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်လာနိုင်ကြောင်း မသိခဲ့ပေ။

ယခုတော့ မိန်းကလေးကျန်းသည် ခေါင်းကိုခါယမ်းကာ သူ့ကို ခြေအစခေါင်းအဆုံး ကြည့်နေသည်။

"သူရော နေကောင်းတယ် မဟုတ်လား"  

သူမက ပြုံးပြီး ပြောသည်။

"အစ်ကို သိပ်ပြီး မအိပ်ရသေးတဲ့ပုံပဲနော်"

"ဟုတ်တယ်"

ရုန်ယီက မျက်နှာပေါ်တွင် မည်သည့် အမူအရာမှမရှိဘဲ ပြောလိုက်သည်။

"သူ မနေ့ညက ကားတိုက်ခံရလို့ ဈာပနအတွက် ပြင်ဆင်နေတာနဲ့ အလုပ်ရှုပ်နေခဲ့တာ"

“…”

မိန်းကလေးကျန်းမှာ ဆွံ့အသွားလေသည်။

ထို့နောက် ရုန်ယီက သူမ၏ စားပွဲပေါ်ကို ပုတ်ကာ ပြောလိုက်သည်။

“ကဲ ကဲ.. အချိန်က အကန့်အသတ်ရှိသေးတယ်၊ အခုတော့ အလုပ်စလုပ်ရအောင်” 

သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ကောင်းမွန်သော်လည်း ရုန်ယီက သူမ၏ ခေါင်းဆောင် ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် မိန်းကလေးကျန်းသည် သူ၏မရွှင်မပျမျက်နှာကို မြင်ပြီးနောက် အသေးစိတ်အချက်အလက်များကို မမေးရဲတော့ပေ။

.

မည်သို့ပင်ဆိုစေကာမူ သူ၏အားနည်ချက်ကို ထိုးနှက်လိုသူများလည်း ရှိနေပါသေးသည်။

သူ နေ့လည်စာ ယူရန် ထွက်လာသောအခါ ဧည့်ကြိုကောင်တာ၌ သူ့ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်ခဲ့သော မိန်းကလေးနှင့် တွေ့သည်။

"ဟေး.. ရှင့်ရဲ့ ခပ်ချောချော ချစ်သူကောင်လေးကို ဒီနေ့ လာတာ မတွေ့ပါလား"

ရုန်ယီ ချက်ချင်း အသက်ရှုကြပ်လာသည်။

"ဘာဖြစ်လို့လဲ"  

သူ့ထံတွင် ထူးဆန်းသည့် အရိပ်အယောင်ကို ခံစားမိသောအခါ မိန်းကလေးက ဆက်ပြောသည်။

“သူ…”

"သူ့ကို မီးသဂြိုလ်လိုက်ပြီ"  

ရုန်ယီက ဖြေလိုက်သည်။

ထိုသို့ပြောပြီးနောက် သူ၏ထမင်းဘူးကို ရုံးခန်းထဲသို့ တိုက်ရိုက် သယ်ယူသွားကာ ဆွံ့အကျန်ရစ်ခဲ့သော မိန်းကလေးကို အထိတ်တလန့်ဖြင့် ချန်ထားခဲ့သည်။

ချန်းခယ့်ယောင်ကို သူ၏စိတ်ထဲ၌ အကြိမ်ပေါင်းများစွာ ရက်ရက်စက်စက် သတ်ပစ်ပြီး မကြာခင်တွင်ပဲ လက်ထပ်ရန် အမြဲ စိတ်အားထက်သန်နေခဲ့သော ထိုအိုမီဂါလေးသည် နောက်ဆုံး ခက်ခက်ခဲခဲ ရည်းစားတစ်ယောက်ရပြီးနောက် သနားစရာကောင်းသော single ဘ၀သို့ ပြန်ရောက်သွားကြောင်း ကုမ္ပဏီတစ်ခုလုံး သိသွားကြသည်။

ကံကောင်းထောက်မစွာဖြင့် ရုန်ယီထံတွင် အရှိန်အဝါကြီးမားသည့်အချက်တစ်ချက် ရှိပါသည်။ အထူးသဖြင့် သူ၏မျက်နှာကို ခပ်တည်တည်နေသည့်အခါ လူများကို အမှန်တကယ် ကြောက်လန့်စေနိုင်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ကုမ္ပဏီ၌ မည်သူမျှ သူ့ကို တမင် အနှောက်အယှက် မပြုရဲကြပေ။

သို့သော်လည်း သူသည် အခြားကုမ္ပဏီမှ လူများနှင့် ဆက်ဆံရသေး၏။

'ရုန်ယီ' ဟု ခေါ်လိုက်သော လျို့ယွမ်၏အသံက တကယ်ကို တက်ကြွနေသည့့်ပုံပင်။

"ရုန်ယီ... မြည်းကတုံးက မင်းကို အားတဲ့အခါ လာခဲ့ပါဦး တဲ့"

သူက ရယ်ရင်း ပြောလိုက်သည်။

"အဲဒီအတွက် မင်း သေချာ ပြင်ဆင်သွားဦးနော်။ သူ မင်းကို ဘလိုင်းဒိတ်အကြောင်း ပြောမှာ သေချာတယ်။ ငါ မင်းအတွက် စုံစမ်းပေးဖို့ လိုသေးလား"

ရုန်ယီ သူ့ကို နှစ်ခါပြန် ငြင်းလိုက်ဦးမည်။

"မလိုပါဘူး"

"ဟုတ်ပါတယ်လေ" 

လျို့ယွမ်က ပြောသည်။

"ဘာပဲဖြစ်ဖြစ် မင်း ကြင်ဖက်တွေ့တာကို ခဏ ရပ်ထားဦးမယ်မလား။ မင်းမှာ ကောင်လေး ရှိနေပြီပဲ"

“……”

"လုပ်ပါဦး... ငါ သူ့အကြောင်း သိချင်တယ်ကွာ"

လျို့ယွမ်က ဆက်ပြောသည်။ 

"ငါ မေးဖို့မေ့သွားတယ်။ သူက အယ်လ်ဖာလား"

“……”

"ဟေး မင်း အခု ရှက်နေတာလား" 

လျို့ယွမ်က အားရပါးရ ရယ်မောလိုက်ပြီး

"အဲဒါက မင်းကို အိုမီဂါ တစ်ယောက်နဲ့ ပိုပြီး တူစေတယ် ဟားဟားဟားဟား"

ရုန်ယီသည် လက်ထဲတွင် ဖုန်းကို ကိုင်ထားလျက်က တစ်ခွန်းမှ ပြန်မပြော။

'ငါ ဘာများမှားလို့ ဒီလို ငတုံးနဲ့ လာတွေ့မိတာလဲ' 

ရုန်ယီ သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်မိသည်။

.

နှစ်ရက်အကြာတွင် သူသည် အစည်းအဝေး ပြုလုပ်ရန်အတွက် ရုံးချုပ်ကုမ္ပဏီထံသို့ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာများ ယူဆောင်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင်... ထိပ်ပြောင်ကောင်က အစည်းအဝေးပြီးလျှင် မပြန်သေးဖို့ ပြောသည်။

သူသည် ရုန်ယီကို ရုံးခန်းထဲသို့ ခေါ်လာပြီး တံခါးကို ရည်ရွယ်ချက်ရှိရှိဖြင့် ပိတ်လိုက်၏။ သူက လှည့်လာပြီးနောက် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးပြလိုက်သောအခါ ရုန်ယီ တစ်ကိုယ်လုံးကို စိတ်မသက်မသာ ဖြစ်စေသည်။

"မစ္စတာ ရုန်” 

ထိပ်ပြောင်သည် ကြင်နာတတ်သည့်ပုံပေါက်အောင် ကြိုးစား၍ ပြော၏။

“မင်း အခုထိ singleပဲလို့ ငါ ကြားတယ် ဟုတ်လား”

'ခင်ဗျား ပြောတာ သောက်ရမ်းမှန်ပါတယ်။ ပြီးတော့ ကျွန်တော်က အိုမီဂါ တစ်ယောက်လည်း ဟုတ်တယ်။ ကုမ္ပဏီက လူတွေ အကုန် သိတယ်လေ။ သူတို့ ခင်ဗျားကို မပြောဘူးလား'

ရုန်ယီက ၎င်းကို တွေးပြီး စိတ်ထဲမှနေ၍ သူ့မျက်လုံးများကို စိတ်ပျက်စွာ လှန်မိလိုက်သည်။

သို့သော်လည်း ဤထိပ်ပြောင်သည် ရုန်ယီတို့အဖွဲ့အတွက် အရေးပါသော အထက်လူကြီးတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရုန်ယီမှာ ယခုအချိန်၌ သူ၏အဖွဲ့သားများ ဒုက္ခမရောက်စေရန် မျက်နှာပေါ်တွင် စိတ်မပါတပါ အပြုံးကို ချိတ်ဆွဲကာ ခေါင်းညိတ်နေရသည်။

“ကောင်လေး.. မင်း အလုပ်ပေါ်မှာပဲ အာရုံစိုက်နေလို့ မရဘူး။ မင်းဘဝရဲ့ အဓိက အရေးကြီးတဲ့ကိစ္စကိုလည်း ထည့်စဉ်းစားသင့်တယ်”  

ထိပ်ပြောင်က ထပ်ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရရင် မင်း အသက်ဘယ်လောက်ရှိပြီလဲ”

'ကျွန်တော်ကရော မစဉ်းစားချင်ဘူး ထင်လို့လား။ ကျွန်တော် ဘယ်လို အယ်လ်ဖာကောင်တွေနဲ့ ကြုံခဲ့ရလဲဆိုတာလည်း ကြည့်လိုက်ဦး' 

ရုန်ယီက စိတ်ထဲမှနေ၍ အော်ဟစ်လိုက်သည်။

ထို့နောက် အသက်ပြင်းပြင်းရှူကာ ဆက်ပြီး ပြုံးထားရင်း ဖြေလိုက်သည်။

“ဒီနှစ်ဆို ၂၆ နှစ် ပြည့်ပါပြီ”

“ဒါက ငယ်တော့တဲ့အရွယ် မဟုတ်ဘူး။ မင်း ဒီကိစ္စကို သေချာစဉ်းစားသင့်ပြီ”  

ထိပ်ပြောင်က ပြောရင်း ခေါင်းညိတ်သည်။ နောက်ဆုံးတွင် သူသည် အဓိက အကြောင်းအရာကို ဦးတည်လိုက်၏။ 

“ငါ့မှာ မင်းထက် နည်းနည်းငယ်တဲ့ တူလေးတစ်ယောက် ရှိတယ်။ အခုမှ တက္ကသိုလ်က ဘွဲ့ရတာ။ ထူးချွန်တဲ့ ကောင်လေးပါ။ မင်းတို့နှစ်ယောက်ဆိုရင် ဆက်ဆံရေးက တကယ် အဆင်ပြေမယ်လို့ ခံစားရတယ်။ ငါ မင်းတို့နှစ်ယောက်ကို မိတ်ဆက်ကြည့်ပေးမယ်ဆို ဘယ်လိုလဲ"

ယခုအချိန်တွင် ရုန်ယီသည် ထိုအပြုံးကို ဆက်လက် ထိန်းမထားနိုင်တော့ပေ။ ထို့ကြောင့် သူက ဟန်ဆောင်မျက်နှာဖြင့် မေးလိုက်သည်။

"သူ့ရဲ့လိင်အမျိုးအစားက ဘာလဲ။ ဒီကိစ္စမှာ ကျွန်တော်တို့ အချင်းချင်း အဆင်မပြေမှာကို စိုးရိမ်မိတယ်…”

"မင်းကို ငါ့ရဲ့တူလေးလို့ ပြောခဲ့တယ်လေ။ သေချာပေါက် ယောက်ျားလေးပေါ့" 

ထိပ်ပြောင်က ပြောသည်။

“ငါတို့မိဘတွေလက်ထက်က လူတွေလောက်ပဲ ကျား၊မ အမျိုးအစားကို ဂရုစိုက်တာပါကွာ။ မင်းလိုလူငယ်တစ်ယောက်ဟာ အဲဒါကို သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်မှာ မဟုတ်ဘူး လို့ ငါ ယုံကြည်တယ်။ မင်းတို့က ငါ မြင်ရသလောက်တော့ ဘယ်ဘက်ကပဲကြည့်ကြည့် လိုက်ဖက်ညီတဲ့ စုံတွဲပဲ”

.

ရုန်ယီသည် အလွန်တရာ ကြေကွဲဖွယ်ဘဝဖြင့် နေထိုင်နေရသည်ဟု ခံစားမိ၏။

ပထမ သူသည် လိင်တူချင်းသာနှစ်သက်သော ဂေး အယ်လ်ဖာကြောင့် နာကျင်ခံစားကာ စွန့်ပစ်ခံခဲ့ရသည်။ ထို့အပြင် သူ့ကုမ္ပဏီ၏ ပရောဂျက်အတွက် အိုမီဂါတစ်ဦးနှင့် ဘလိုင်းဒိတ်တွေ့ရဦးမည်။ တစ်ချိန်တည်းမှာပင် သူ စိတ်အကုန်ဆုံးအရာဖြစ်သည့် ရဲစခန်းတွင် နိုင်ငံသားမှတ်ပုံတင် IDကတ် ပြန်လည်လျှောက်ထားရန်အတွက် အချိန်လုရပေဦးမည်။

အဆိုးဆုံးမှာ သူ၏ အချိန်တိုတောင်းသော သမီးရည်းစားဆက်ဆံရေး ပြိုကွဲမှုသည် သူထင်ထားတာထက် ပို၍ပင် နှလုံးသားကို ကြေကွဲစေကြောင်း သိလိုက်ရ၏။

သူတို့သည် အချိန်ခဏလေးသာ ဆုံတွေ့ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် နားလည်မှု အပြည့်အ၀ပင် မရရှိသေးခြင်းမှာ အမှန် ဖြစ်ပါသည်။ အနှီစုတ်ချာချာ ချိန်းတွေ့မှုများကိုတော့ ဖော်ပြရန်ပင်မလိုပေ။ သို့သော်လည်း သူ လူမှုပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ရောက်ရသောအခါ ချန်းခယ့်ယောင်နှင့် ရှိခဲ့ဖူးသော ထိုအမှတ်တရများသည် သူ၏စိတ်တစ်နေရာရာမှ အမြဲတစေ နိုးထလာမြဲ ဖြစ်၏။

သူ အလုပ်ကဆင်းသည့် အိမ်အပြန်လမ်းတွင် ချန်းခယ့်ယောင်၏ကားနှင့် အမျိုးအစားတူသော ကားတစ်စီးကို တွေ့ခဲ့ရသည်။

ထို့နောက် သူ အိမ်ပြန်ရောက်သောအခါတွင်လည်း ချန်းခယ့်ယောင်၏ကားပေါ်တွင် ကျန်ရစ်ခဲ့သည် ဟု သူ ထင်ထားခဲ့သော လက်ကိုင်ပုဝါမှာ စားပွဲပေါ်တွင် ရှိနေဆဲ ဖြစ်၏။

နောက်တစ်နေ့ သူ ကုမ္ပဏီသို့ရောက်သောအခါ တံခါးဝမှ လှမ်းဝင်လိုက်သည်နှင့် မကြာသေးမီအချိန်များက ချန်းခယ့်ယောင်သည် သူ့အတွက် ညစာထမင်းဘူးကို ယူလာပြီး သူ အထဲမှ ထွက်လာခြင်းအား ငေးကြည့်နေသည်ကို သတိရမိပြန်သည်။

နေ့လည်ပိုင်း၌ သူ ရဲစခန်းသို့သွားရန် နေ့တစ်ဝက် ခွင့်ယူလိုက်သည်။ နံပါတ်ယူပြီးနောက် ခန်းမထဲတွင် ထိုင်နေရင်း ချန်းခယ့်ယောင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် မြင်ကွင်းကို အမှတ်ရမိသည်။

သူ၏တိုက်ခန်းတံခါးဝမှ ဖြတ်သွားသည့်အချိန်တိုင်း ဤနေရာသည် သူ့ဘ၀တွင် တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် နမ်းခဲ့ဖူးသောနေရာဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးနေမိလိမ့်မည်။

နူးညံ့ပြီး နွေးထွေး ချိုမြိန်သော စူးရှရစ်မူးဖွယ် ရနံ့ဖြင့် ထိုအနမ်းကို သူ ခံစားမိနိုင်သေးသည်။ ၎င်းက သူ တစ်ကြိမ်တစ်ခါသာ တွေ့ကြုံခဲ့ဖူးသည့် စွဲလမ်းမှုတစ်ခု ဖြစ်ပါသည်။

ပိတ်ရက်တွင် သူ ရုပ်ရှင်ရုံသို့ သွားခဲ့သည်။ မုန့်တန်းများရှေ့၌ ရပ်နေလျက်က ဖန်ဘောင်ဗီရိုထဲမှ ပြောင်းဖူးပေါက်ပေါက်ကို ငေးကြည့်မိသောအခါ သူ၏လက်ချောင်းများဆီက ချန်းခယ့်ယောင်ထံမှ နွေးထွေးမှုကို ပြန်ရလာသလို ထင်ယောင်ထင်မှား ဖြစ်မိပြန်သည်။

သန်းပေါင်းများစွာသော အမှတ်တရ အပိုင်းအစများကို ဤကဲ့သို့ လွယ်ကူစွာ အသက်သွင်းနိုင်ခဲ့သည်။ သို့သော်လည်း ထိုအချိန်က သူ ခံစားခဲ့ရသော ပျော်ရွှင်မှုအားလုံးသည် လှောင်ရယ်စရာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဖြစ်နိုင်သည်က သူ့လို အိုမီဂါတစ်ယောက်ဟာ သူလိုချင်သော စိတ်ကူးထဲမှအချစ်ပုံစံကို မည်သည့်အခါမှ ရနိုင်မည် မဟုတ်ပေ။

သူဟာ ဘာကြောင့် သာမန် အိုမီဂါများနှင့် မတူနိုင်ရသနည်း။ သူတို့သည် ခန္ဓာကိုယ် သေးသေးကွေးကွေးဖြင့် ချစ်စရာကောင်းစွာ မွေးဖွားလာကြကာ အခြားသူများ၏ ချစ်ခင်ကြင်နာမှုကို အမြဲ ရရှိခဲ့ကြပါသည်။ သာမာန် အယ်လ်ဖာများက ၎င်းတို့ကို အမှန်တကယ် ကာကွယ်ပေးလိုကြသည်။ ထို့အပြင် သူတို့သည် စိတ်ရောဂါသည်ဂေးတစ်ယောက်နှင့် ပတ်သက်မိမည်ကိုလည်း စိုးရိမ်စရာမလိုပေ။

ထိုပုံစံမျိုးက သူနှင့် သိပ်မဝေးသော နေရာတွင် ခေါင်းကိုငုံ့လျက် ဖုန်းခေါ်ဆိုနေသော အရောင်ဖျော့ဖျော့ကုတ်အင်္ကျီဝတ်ထားသည့် ကောင်လေးနှင့် အံကိုက် ဖြစ်နေသည်။

ရုန်ယီ တွေးနေရင်းက သူ၏အိတ်ကပ်ထဲရှိ ဖုန်းမှာ ရုတ်တရက် တုန်ခါလာသည်။ ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက်တွင် သူ ကြည့်နေခဲ့သော ကောင်လေး၏အသံနှင့် ထပ်တူညီစွာ ဖုန်းထဲမှအသံကို ကြားလိုက်ရသည်။

"ဟယ်လို မစ္စတာရုန်လားခင်ဗျ။ ကျွန်တော် ရောက်နေပါပြီ။ အစ်ကိုက ဘယ်နားမှာလဲ"

"... မင်းရဲ့အနောက်မှာ"

ထိုသို့ပြောပြီးနောက်တွင် ရုန်ယီသည် သူနှင့် ဒိတ်လုပ်ရမည့် ကောင်လေးမှာ လှည့်ကြည့်လာကာ ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားသည်ကို တွေ့လိုက်ရ၏။

တစ်ယောက်ကို တစ်ယောက်ကြည့်နေပြီးနောက် ရုန်ယီ ထိုကောင်လေးကို ပြုံးပြလိုက်သည်။

.

အမှန်တော့ ယနေ့ ရုန်ယီ့ပုံစံက အလွန် မသပ်မရပ် ဖြစ်နေပါသည်။

သူ ဆံပင်မညှပ်သည်မှာလည်း အတော် ကြာပြီဖြစ်၍ သူ ကိုယ်တိုင် အမြဲ အဝတ်အစားကို ဂရုတစိုက် ရွေးချယ်ဝတ်ဆင်ခဲ့သည့် သာမန် အချိန်များနှင့် မတူညီစွာ ယနေ့တော့ ကြုံရာကျပန်း တစ်ထည်ကိုသာ ကောက်စွပ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤကဲ့သို့ ဆွဲဆောင်မှုရှိသည့် မျက်နှာထားကြောင့် ရုပ်ဆိုးပန်းဆိုး ဖြစ်ရန်မှာ ခက်ခဲနေသေးသည်။

အနည်းဆုံး ထိုကောင်လေး၏မျက်လုံးထဲ၌ အံ့သြကာ ရွှင်လန်းသွားခြင်းကို သူ တွေ့လိုက်ရသည်။

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာရုန်"  

ဗာဒံစေ့သဖွယ် မျက်လုံးတစ်စုံနှင့် အနည်းငယ် ကောက်ကွေးနေသော ဆံပင်များရှိသည့် ထိုကောင်လေးက သူရှိရာဆီသို့ ပြေးလာခဲ့သည်။ တကယ်ကို ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်ပင်။

“အစ်ကို့ကို ကျွန်‌တော်နဲ့ပတ်သက်ပြီး အရင်တည်းက မိတ်ဆက်ပေးပြီးပြီ ထင်ပါတယ်။ ကျွန်တော့်နာမည် ကျိုးလီပါ"

ရုန်ယီက ပြုံးပြီး ပြန်ပြောလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်” 

အမှန်တော့ သူလည်း အနည်းငယ် အံ့သြသွားခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိပ်ပြောင်သည် ဆွဲဆောင်မှု တစ်စက်မှမရှိပေ။ ထို့ကြောင့် ပြောင်ကြီး၏တူလေးမှာလည်း အထင်ကြီးလောက်စရာ ပုံစံ ရှိလိမ့်မည် မဟုတ်ဟု ရုန်ယီ ထင်ထားခဲ့သည်။ သို့သော် သူ့ရှေ့မှ ကောင်လေးတွင် တကယ်ကို ချောမောလှပသောမျက်နှာလေး ရှိသည်။ ထို့အပြင် သူသည် ထိပ်ပြောင် ပြောပြထားသည်ထက် ပို၍ ငယ်ရွယ်ပုံ ပေါက်၏။

ရုန်ယီ တွေးနေသည့်အချိန်၌ ကျိုးလီက သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

"အာ... မစ္စတာရုန်"

ကျိုးလီက မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုနှင့်အတူ ပြောလာသည်။

"ကျွန်တော်တို့ အရင်က တွေ့ဖူးတယ်ထင်တယ်"

Xxxxxx