အပိုင်း ၉.၁
Viewers 14k

Chapter 9.1

- ငါက တကယ်တော့ မင်းလို အိုမီဂါတစ်ယောက်ပါပဲ

ဤနေရာသို့ မလာခင်၌ ရုန်ယီသည် ခေါင်းထဲတွင် အကြံအစည်ပေါင်းများစွာကို စဉ်းစားလာခဲ့၏။

အကောင်းဆုံးအကြံမှာ တစ်ဖက်လူအား သူ့ကို ငြင်းပယ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ သူ မည်မျှပင် နမော်နမဲ့နိုင်သည်ဖြစ်စေ သူ့ထံတွင် နောက်ဆုံးဖဲကတ်တော့ ရှိနေသေး၏။ သီအိုရီများအရ မကောင်းမွန်သော အပြုအမူများမှတဆင့် တစ်စုံတစ်ဦးက မိမိအား မနှစ်သက်မှုကို နှိုးဆွပေးနိုင်သည်။ ရုန်ယီကိုယ်တိုင်က အိုမီဂါတစ်ဦး ဖြစ်သောကြောင့် ၎င်းတို့သည် အယ်လ်ဖာတို့၏ မည်သည့်အပြုအမူမျိုးကို မနှစ်သက်ဆုံးဖြစ်မည်ကို ရှင်းရှင်းလင်းလင်း သိထားသည်။

သို့သော် လက်တွေ့လုပ်ဆောင်ရသည်ထက် ပြောရသည်က ပို၍ လွယ်ကူသည်။ မာနကြီး၍ ရိုင်းစိုင်းမောက်မာပြီး မိမိကိုယ်ကို အထင်ကြီးသည့်ပုံ ဟန်ဆောင်ရန် ရုန်ယီ၏ သရုပ်ဆောင်စွမ်းရည်က ကောင်းမွန်မည် မထင်ပေ။ သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်ခြင်းကို စွန့်လွှတ်နိုင်လောက်မည် မဟုတ်။ အမှန်မှာ သူသည် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နိုင်ရုံသာမက ရှက်လည်းရှက်ရွံ့နေနိုင်သေးသည်။ ၎င်းတို့ကို တွေးကြည့်ရုံနှင့်ပင် သူ့ကို အရှက်ရစေသည်။

ထို့ကြောင့် သူ ပို၍ ပညာသားပါသော လမ်းကြောင်းအတိုင်း သွားရန် စိတ်ကူးထားသည်။ ဦးစွာ သူ အခြားလူတစ်ယောက်ကဲ့သို့ ပြုမူပြပြီး သဘောထားပြည့်ဝသည့် ယောက်ျားကောင်းတစ်ယောက်ပုံစံ ဖြစ်လာသည့်အခါမှ သူ၏လိင်အမျိုးအစား အစစ်အမှန်ကို ပြောပြလိုက်မည်။

အကယ်၍ ထိုလူသည် ထိပ်ပြောင်ကဲ့သို့ ကိုင်တွယ်ရခက်ခဲသူဖြစ်ပါက ဖြည်းဖြည်းချင်း အေးအေးဆေးဆေး ရှင်းပြရပေလိမ့်မည်။

လောလောဆယ်တော့ ကျိုးလီသည် ရုန်ယီကို သဘောကျနေပုံပေါ်ကာ သူ ဘာဖြစ်နေသည်ကို လုံးလုံး သတိမထားမိဘဲ လေးနက်စွာ စကားပြောနေလေသည်။

ကျိုး၏ စိတ်အားထက်သန်မှုကို လျော့ပါးစေရန်အတွက် သူ စိတ်မပါတပါ တုံ့ပြန်သည့်ပုံစံကို တမင်တကာ ရွေးချယ်ခဲ့သည်။

"မစ္စတာရုန်က ဒီလောက် ချောတာ။ တစ်ကြိမ်ပဲတွေ့ဖူးရင်တောင် မေ့မှာ မဟုတ်ဘူး။ ကျွန်တော် စဉ်းစားကြည့်ပါဦးမယ် …”

ရုပ်ရှင်ရုံထဲတွင် ချိန်းတွေ့ခြင်းက ကောင်းမွန်သောရွေးချယ်မှုတော့ မဟုတ်ပါ။

သူတို့ နှစ်ယောက်သား အတူ ထိုင်၍ နှစ်ယောက်စလုံး ဖန်သားပြင်ကြီးကို မျက်နှာမူနေကြရသည်။ တစ်ယောက်နှင့်တစ်ယောက် စကားပြောရန် မလွယ်ကူသလို ဆက်ဆံရေးမှာလည်း တိုးတက်မလာခဲ့ပေ။ ရုန်ယီသည် တိုက်ရိုက် ပြောဆိုဆက်ဆံရခြင်းကို ရှောင်ရှားရန်အတွက် ဤနေရာကို သက်သက် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဇာတ်ကားကိုတော့ ကျိုးလီက ရွေးချယ်ခဲ့ပြီး အတော်လေး ငြီးငွေ့စရာကောင်းသော အနုပညာလက်ရာ ဇာတ်ကားတစ်ကား ဖြစ်သည်။ ဇာတ်ဝင်ခန်းများမှာ အလွန် လှပသော်လည်း သရုပ်ဆောင်များ ပါဝင်သည့် ဇာတ်ကွက်က အနည်းငယ်သာ ရှိသောကြောင့် ဇာတ်ကားသည် အလွန် အိပ်မွေ့ချ စိတ်ညှို့ယူနိုင်ပြီး ရုန်ယီမှာ ဇာတ်ကားတစ်လျှောက်လုံး မသမ်းဘဲ မနေနိုင်ပေ။

ရုပ်ရှင်ဇာတ်ကွက်များတွင် စိတ်မပါနိုင်တော့သော ရုန်ယီ၏စိတ်ထဲတွင် သဘာဝအတိုင်း ရိုင်းစိုင်းသော အတွေးများ ပျံ့လွင့်လာသည်။

သူတို့ ရှေ့တွင် ထိုင်နေသော လူငယ်စုံတွဲလေးသည် ပေါက်ပေါက်ဘူးကို အတူ မျှစားရင်း ရံဖန်ရံခါ ခေါင်းကို ငုံ့ကာ စကားစမြည်ပြောနေကြသည်။

ရုန်ယီသည် သူတို့အား ထိုင်ခုံနှစ်ခုံကြားမှ ကွာဟနေသည့် နေရာလေးမှ ကြည့်နေရင်း မသိစိတ်က သူ၏ညာဘက်လက်ချောင်းထိပ်များကို ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ရုပ်ရှင်ရုံရှိ လေအေးပေးစက်က အနည်းငယ် ပြင်းထန်လွန်းကာ အပူချိန်မှာ အလွန် နိမ့်ကျနေပြီး သူ အဝတ်ထူထူများ မဝတ်လာမိပေ။ သူ၏လက်နှစ်ဖက်က အချင်းချင်း ဆုပ်ကိုင်ထားသော်လည်း တစ်ဖက်ကိုတစ်ဖက် နွေးထွေးမှု မပေးနိုင်ပေ။

ဤနေရာက တော်တော် ဆိုးဆိုးရွားရွားပင်။ သူ ဆက်၍ မနေချင်တော့ပေ။

သူ မတ်တပ်ထရပ်ရန် ပြင်လိုက်သောအခါ ကျိုးလီသည် သူ၏ဘေးတွင်ထိုင်လျက် ပါးစပ်ကို ခပ်ကျယ်ကျယ် ဟကာ သမ်းနေပြီး သူ၏မျက်လုံးကြီးများသည် ဖန်သားပြင်မှ အလင်းရောင်အောက်တွင် စိုစွတ်နေပုံရ၏။

သူသည် လူတိုင်း ခေါင်းကို ပွတ်သပ်ပေးချင်စရာ ညီငယ်လေးတစ်ယောက်လို အလွန် ချစ်စရာကောင်းသည်။

သူသည်လည်း ဤကဲ့သို့ ဇာတ်ကားပုံစံမျိုးကို မနှစ်သက်ခြင်းမှာ အလွန် သိသာလှသည်။ ထိုသို့ဆိုလျှင် ဤရုပ်ရှင်ကို လာကြည့်ရန် မည်သည့်အတွက်ကြောင့် ရွေးချယ်ခဲ့သနည်း။

ရုန်ယီ၏သံသယများမှာ ငါးမိနစ်အတွင်း အဖြေပေါ်သွားခဲ့သည်။

"... ကျွန်တော် ဒါကို အမြဲ လုပ်နေကျအတိုင်းဆိုပြီး လုပ်ခဲ့တာပါ"

"အဲ့တာကြောင့် စိတ်ဝင်စားစရာ အနည်းဆုံး ဇာတ်ကားကို ရွေးခဲ့တာပါ၊ တောင်းပန်ပါတယ်"

သူ ရုပ်ရှင်ရုံထဲမှ သန့်စင်ခန်း သွားချင်ဟန်ဆောင်ကာ ထွက်လာသောအခါ ဤသမ်းဝေနေသောဆယ်ကျော်သက်လေးသည် ရုတ်တရက် နောက်မှ လိုက်လာပြီး ကျန်တဲ့ရုပ်ရှင်အဆက်ကို ပြန်ကြည့်ချင်သလား သို့မဟုတ် စကားပြောရန် အခြားနေရာသို့ သွားကြမည်လား ဟု မေးလာသည်။

ရုန်ယီသည် 'အမြဲ လုပ်နေကျအတိုင်း လုပ်ခဲ့တာ' ဟူ‌သည့် သူ၏စကားကြောင့် သူ့ကို ပြောပြရန် အချိန်ကောင်းဟု တွေးလိုက်သည်။

ကံမကောင်းစွာဖြင့် သူ ဘာမှပြန်မပြောနိုင်မီ ကျိုးလီက ရုတ်တရက် သက်ပြင်းချလိုက်သည်။

"မစ္စတာ ရုန်... အစ်ကို တကယ် ဘာမှ မမှတ်မိတော့ဘူးလား"

“ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ အရင်က ဆုံဖူးတယ်။ ပြီးခဲ့တဲ့လက ဒီကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရတဲ့ စျေးဝယ်စင်တာမှာ ကျွန်တော် အစ်ကို့ကို ဆက်သွယ်လို့ရမယ့် လိပ်စာ တောင်းခဲ့သေးတယ်။ ဒါပေမယ့် အစ်ကိုက ငြင်းခဲ့တယ်"

ရုန်ယီ ပြန်သတိရရန် ကြိုးစားကြည့်သည်။ သူ့ထံတွင် ၎င်းနှင့်ပတ်သက်သည့် ဝေဝေဝါးဝါး အမှတ်ရမှုများ ရှိနေပုံရသော်လည်း အတိအကျကြီးတော့ မမှတ်မိတော့ပေ။

“အစ်ကို့ရဲ့နံပါတ်ကို တောင်းတဲ့လူတွေ အများကြီးရှိတာ ဖြစ်မယ်” 

"အစ်ကို ကျွန်တော့်ကို အခုထိ စိတ်မဝင်စားသေးဘူး မဟုတ်လား" 

ဤကဲ့သို့ တဲ့တိုးဆန်သည့်မေးခွန်းမျိုးက ဖြေရခက်လွန်းသော်လည်း ပြဿနာအတော်များများကို လျော့ကျစေပြီး တစ်ဖက်လူကို အမှန်တကယ် စိတ်သက်သာရာရစေသည်။

"... ကျွန်တော်က အရမ်းကြီးတော့ မဆိုးဘူး ထင်တာပဲ။ ဟုတ်တယ်မလား" 

သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျိုးလီသည် အတော်လေး ခံပြင်းသွားပြီး 

"ကျွန်တော် ဒီလိုမျိုး ပထမဆုံးအကြိမ် အငြင်းခံရတာပဲ။ အိုး.. မဟုတ်သေးဘူး၊ ဒုတိယ အကြိမ်ပေါ့။ ပထမဆုံးအကြိမ်တုန်းကလည်း အစ်ကိုပဲ ဖြစ်ခဲ့တာ။ အဲဒီတုန်းက အစ်ကိုနဲ့စကားပြောခွင့်ရဖို့အတွက် အကြောင်းပြချက်တစ်ခု ရှာဖို့ အချိန် တော်တော်လေး ယူလိုက်ရတယ်"

သေချာပေါက် သူသည် လုံးဝ အဆိုးကြီး မဟုတ်ပါ။ ရုန်ယီသည် လိင်တူတစ်ဦးအနေဖြင့်ပင် သူ့ကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိကြောင်း လက်ခံရပေမည်။

ချန်းခယ့်ယောင်ကဲ့သို့ လူထူးလူဆန်း မျိုးစိတ်များမှလွဲ၍ သာမန် အယ်လ်ဖာများမှာ ဤကဲ့သို့ ဒိတ်လုပ်ခြင်းတွင် ပျော်ရွှင်နေမည် ဖြစ်သည်။ ရုန်ယီမှာ အယ်လ်ဖာတစ်ဦး မဟုတ်သည်က လွဲ၍ပင်။

“ကျွန်တော့်ဦးလေးက ကျွန်တော့်ကို ထူးဆန်းတဲ့လူတွေနဲ့ မိတ်ဆက်ပေးဖူးတယ်” 

"ဒီနေ့ အစ်ကို့ကို တွေ့လိုက်ရတော့ ကျွန်တော် သူ့ကို ပထမဆုံးအကြိမ်အဖြစ် ကျေးဇူးတင်ချင်တာပဲ"

တကယ်တော့ သူကသာ ကျိုးလီနှင့်မိတ်ဆက်ပေးခဲ့သမျှလူအားလုံးထဲတွင် အထူးဆန်းဆုံး ဖြစ်နိုင်ပါသည်။

အချစ်နှင့်သက်ဆိုင်သည့် ဆက်ဆံရေးကလွဲ၍ ရုန်ယီ သူ၏ရှေ့မှ ဤအိုမီဂါလေးကို အတော်လေး သဘောကျပါသည်။ ထို့ကြောင့် နှစ်ခါပြန် စဉ်းစားပြီးမှ အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်သည်။

“မင်းရဲ့ဦးလေးက ငါနဲ့ပတ်သက်ပြီး နည်းနည်း အထင်လွဲနေပုံရတယ်” 

ကျိုးလီသည် အလွန်အမင်း အံ့ဩသွားပြီး မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။

သူ ပြောမည့် စကားများကို မျိုချလိုက်သည့်အချိန်၌ သူ၏လက်က အိတ်ကပ်ထဲသို့ ရောက်နှင့်နေပြီ ဖြစ်သည်။ ID ကတ် ထည့်ထားလေ့ရှိသော အိတ်ကပ်မှာ ဗလာ ဖြစ်နေသည်။ အစားထိုး ID ကတ် ရရန် စောင့်ဆိုင်းနေရဆဲ ဖြစ်၏။ ယခုအချိန်တွင် သူ့ကို ဘာတစ်ခုမှ သက်သေမပြနိုင်သေးပေ။

ကျိုးလီအား နားလည်မှုလွဲမှားခြင်းမှ တားဆီးရန်အတွက် ယခင်က သူနှင့် တွဲရန် ကြိုးစားခဲ့ဖူးသော အိုမီဂါ အချို့အပေါ် သုံးခဲ့သည့် ပုံသေနည်းအတိုင်းပင် အနည်းငယ် မျက်နှာသာ ပေးလိုမှုကိုပါ လျစ်လျူရှုကာ အချက်တစ်ချက်ကို အလျင်အမြန် အတည်ပြုပြောဆိုလိုက်သည်။

"ငါ့ရဲ့ ပုံစံကြောင့် တစ်မျိုးတော့ မထင်သွားပါနဲ့။ ဒါပေမယ့် ငါက တကယ် အဖြောင့်စစ်စစ်တစ်ယောက်ပါ"

ကျိုးလီ၏အမူအရာမှာ ခန့်မှန်း၍မရနိုင်ဘဲ သူ အတန်ကြာအောင် ဘာမှ မပြောနိုင်ပေ။

"... အစ်ကို ကျွန်တော့်ကို ငြင်းဖို့အတွက်နဲ့ ဒါတွေ အကုန်လုပ်ခဲ့တာလား"

၎င်းနောက်ပိုင်း ကျိုးလီသည် သူ့ကို နောက်ထပ် နာရီဝက်ခန့် ဒုက္ခပေးခဲ့၏။

ဤအိုမီဂါလေးသည် တက္ကသိုလ်မှ ဘွဲ့ရပြီးဖြစ်သော်လည်း ကလေးအရုပ်မျက်နှာလေးနှင့် အသက် ၁၇ သို့မဟုတ် ၁၈ နှစ်အရွယ် ယောက်ျားလေး တစ်ဦးကဲ့သို့ ရှိနေသေးသည်။ သူ့ထက် အသက်ကြီးသည့်သူများကို ၎င်းတို့၏ စိတ်ဆန္ဒအလျောက် သူ့အပေါ် စိတ်ဝင်စားလာအောင် အလွယ်တကူ နှိုးဆွနိုင်ကာ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသည်။

သူက ၎င်းသည် သူ့ဘဝ၌ တစ်စုံတစ်ယောက်နှင့် စကားပြောရန် ကြိုးစားခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်၍ ပထမအကြိမ်မှာပင် ရှုံးနိမ့်မှုကို ရရှိခဲ့ရသည် ဟု ပြောသည်။ ရုပ်ရှင်ရုံတွင် ရုန်ယီကို တွေ့လိုက်ရစဥ်က သူ၏ဖူးစာရှင် ဟုပင် ထင်ခဲ့မိ၏။ သို့သော် ကံမကောင်းစွာဖြင့် ရုန်ယီ၏ ဘလိုင်းဒိတ်တွေ့ခြင်းအပေါ် ပြတ်သားထင်ရှားသည့် သဘောထားကို သူ လျင်မြန်စွာ သဘောပေါက်သွားခဲ့ရသည်။

သို့သော်လည်း ဤအခွင့်အရေးမျိုး ရလာပြီးမှတော့ သူ လွယ်လွယ်နှင့် လက်မလျှော့ချင်သေးပါ။ ပြောရမည်ဆိုလျှင် ယခုက သူ၏ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် မြင်မြင်ချင်း ချစ်မိခဲ့ခြင်း ဖြစ်လေသည်။

"မင်း မြင်မြင်ချင်း ချစ်မိသွားတာ ၁၇ကြိမ် ၁၈ကြိမ်လောက် ရှိလာတာနဲ့ ငါ့လိုပဲ ဒါတွေဟာ ကြီးကြီးကျယ်ကျယ် မဟုတ်ဘူးဆိုတာ သိလာလိမ့်မယ်။ အကြိမ်ရေတော်တော်များများက မင်း လုံးဝမျက်စိကန်းနေခဲ့လို့ပဲ ဆိုတာ သဘောပေါက်လာမှာ"

ရုန်ယီကို အချိန်အတော်ကြာအောင် နားပူနားဆာလုပ်ပြီး နောက်ဆုံးတွင် ကျိုးလီက ပြောလိုက်သည်။

"ကျွန်တော်တို့နှစ်ယောက်စလုံးက အိုမီဂါတွေဆိုတော့ အနည်းဆုံး သူငယ်ချင်းတော့ ဖြစ်လို့ရတယ်မလား"

ကျိုးလီသည် သိသိသာသာပင် သူ လိုရာသို့ ဆွဲခေါ်ရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း ရုန်ယီမှာ ငြင်းဆိုရန် သင့်တော်သည့် အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ပေ။ ထို့အပြင် ကျိုးလီသည် အလွန် စိတ်မကောင်းဖြစ်သွားပြီး သူ၏မိသားစုကို ရုန်ယီအကြောင်း တစ်ခုခု မကောင်း ပြောပြလိုက်ပါက ထိပ်ပြောင်က သူ့ကို ကုမ္ပဏီတွင် ပုဂ္ဂိုလ်ရေးအရ လက်စားပြန်ချေလာနိုင်သည်။

WeChat ID များကို လဲလှယ်ပြီးနောက် ရုန်ယီသည် သူ၏ လိင်အမျိုးအစား အချက်အလက်ကို ကျိုးလီအား ပြသနိုင်ရန် သူ၏ပရိုဖိုင်စာမျက်နှာတွင် အချက်တစ်ခု ထည့်သွင်းခဲ့သည်။

သို့သော် ကျိုးလီမှာ မယုံနိုင်လောက်သေးသည့်ပုံပေါက်နေသည်ကို တွေ့လိုက်ရသောကြောင့် IDကတ်အသစ်ရသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။ သူ ချက်ချင်း ဓာတ်ပုံရိုက်ကာ WeChat ရှိ Moments နေရာတွင် ပရိုဖိုင်ပုံအဖြစ် တင်၍ လိင်အမျိုးအစား အချက်အလက်ကို ထည့်သွင်းလိုက်သည်။