Chapter 23
အဲ့ဒါကချစ်စရာမကောင်းဘူးလား...
ချန်းခယ့်ယောင်က နေ့တိုင်းဝက်နံရိုးစွပ်ပြုတ်စားချင်နေပုံရသည်။
မနက်စာနှင့်နေ့လည်စာပေါင်းစားပြီးနောက် ရုန်ယီ စူပါမားကတ်သို့ဦးတည်လိုက်၏။ သူက ဝက်နံရိုးများ၊ ဒိန်ချဥ်များနှင့် ဘီစကစ်များဝယ်ယူလိုက်သည်။ ချန်းခယ့်ယောင်က သန်းခေါင်ယံအချိန်တိုင်း ရေခဲသေတ္တာအားမွှေနှောက်ရှာဖွေတတ်ရာ သူ့မုန့်များမပါသွားစေရန် မုန့်များများကြိုတင်ပြင်ဆင်ရန်လိုအပ်သည်ဟု ရုန်ယီခံံစားရ၏။ မည်သို့ဆိုစေ ချန်းခယ့်ယောင်က ဝက်နံရိုးကိုသာစွဲစွဲမြဲမြဲစားသုံးတတ်လေရာ အရင်တစ်ခါ သူပေးခဲ့သည့်စားသောက်စရိတ်က အချိန်တစ်ခုအထိတော့လောက်ငသေးလေသည်။
ချန်းခယ့်ယောင်က သူ့ကိုစူပါမားကတ်အထိလိုက်ပို့ခဲ့သော်လည်း ကားထဲကထွက်မလာချေ။ ရုန်ယီ အိတ်ကြီးအိတ်ငယ်များဖြင့်ပြန်လာသည့်အခိုက် ဒရိုင်ဘာခုံပေါ်ထိုင်၍ ဖုန်းဆော့နေသောချန်းခယ့်ယောင်အားတွေ့လိုက်ရသည်။
ရုန်ယီက သူ မနေ့ညကတွေ့ခဲ့သည့်ပို့စ်နှင့် မနေနိုင်မထိုင်နိုင်ဆက်စပ်စဥ်းစားမိလိုက်သည်။
ကားထဲဝင်လိုက်သည်နှင့် သူကအမှတ်တမဲ့မေးမြန်းလိုက်၏။
“မင်း ဘာတွေရှာနေတာလဲ...”
“ဒီတိုင်းလျှောက်ကြည့်နေရုံပါ...” ချန်းခယ့်ယောင် ခေါင်းစဥ်လွှဲလိုက်သည်။
“မင်း အတော်လေးမြန်တာပဲ...”
ရုန်ယီ သူ့ဘက်လှည့်ကြည့်လိုက်၏။ “မင်းရဲ့အိုင်ဒီနာမည်ကဘာလဲ...”
အကြောင်းရင်းအချို့ကြောင့် ချန်းခယ့်ယောင်သတိအပြည့်ဖြစ်သွားခဲ့သည်။
“ဘာလို့ရုတ်တရက်ကြီးလာမေးတာလဲ...”
“ဒီတိုင်းတွေးမိသွားလို့ပါ...” ရုန်ယီကဆို၏။
“ဘာလို့လဲ...ပြောလို့မရတဲ့အကြောင်းရှိလို့လား...”
မနေ့ကပို့စ်တင်သူ၏ အိုင်ဒီအမည်မှာ 'နွယ်ပင်ပေါ်ကဖရဲသီးခုနစ်လုံး' ဖြစ်သည်။ အနည်းငယ်ရယ်ရသော်လည်း သိပ်ပြီးထူးခြားနေခြင်းမရှိသလို မပြောနိုင်စရာအကြောင်းလည်းမရှိချေ။
‘သူ့နာမည်ကိုအင်တာနက်ပေါ်ရိုက်ရှာလိုက်ရင် ပို့စ်ကိုတွေ့သွားမှာစိုးနေတာများလား ’
ရုန်ယီက ချန်းခယ့်ယောင်၏မလိုအပ်ပဲစိတ်လှုပ်ရှားနေပုံအပေါ် သံသယဝင်သွားခဲ့သည်။
“မင်းရှာတွေ့သွားပြီလား...”
“ဘာကိုလဲ...” ရုန်ယီ အနည်းငယ်စိတ်လှုပ်ရှားလာခဲ့သည်။
“…မင်းဒီလောက်တောင်သိချင်နေတာလား”
ချန်းခယ့်ယောင် သူ့ကိုသေချာကြည့်လာ၏။ “ငါဘာအလုပ်လုပ်လဲဆိုတာကိုလေ...”
“အာ...”
ရုန်ယီ ရုတ်တရက်နားမလည်နိုင်ဖြစ်သွားခဲ့သည်။
အိုင်ဒီနာမည်နဲ့ အလုပ်အကိုင်ကဘာဆိုင်လို့လဲ...ချန်းခယ့်ယောင်က ကွန်ပြူတာဖွင့်လိုက်တာနဲ့ ကီးဘုတ်သူရဲကောင်းအဖြစ်ပြောင်းသွားတာလား...
ချန်းခယ့်ယောင် သူ့ကိုကြည့်ကာပြုံးလိုက်၏။
“ဘာမှမဟုတ်တော့ဘူး...ငါဒီတိုင်းလျှောက်ပြောနေတာ...” သူက ဆက်ပြောသည်။ “ငါ့အိုင်ဒီနာမည်က ‘မင်းရဲ့ဆရာချန်း’ လေ...”
“…”
ရုန်ယီက ဤကိစ္စတစ်ခုလုံး အဓိပ္ပါယ်မရှိမှန်း သေချာသိလေသည်။ သူတို့နှစ်ဦးတူညီသည့်အကြောင်းအရာကို ပြောနေခြင်းမဟုတ်ကြောင်း တစ်ဖက်လူသိရှိသွားချိန်၌ စိတ်သက်သာရာရသွားကာ ခေါင်းစဥ်ပြောင်းလိုက်ခြင်းသာဖြစ်၏။
တစ်စုံတစ်ဦး၏လျှို့ဝှက်ချက်အားဖော်ထုတ်ခြင်း၌ ရုန်ယီလုံးဝမကျွမ်းကျင်ချေ။ အားလပ်ရက်ကျော်လွန်သွားပြီး အသစ်စက်စက်ရက်သတ္တပါတ်စတင်လာသည်နှင့် မည်သည်ကိုမှစိတ်မဝင်စားတော့ပဲ အလုပ်အတွင်းဒိုင်ဗင်ထိုးချလိုက်တော့သည်။
အချစ်ရေးက အလွန်ပင်ဟာတာတာနိုင်လှသော်လည်း အလုပ်ကမူဆက်တိုက်ရှုပ်နေလေသည်။ ပရောဂျက်ကချောမွေ့စွာဆက်သွားနေပြီး နောက်တစ်ပါတ်ဆိုလျှင် အပြီးသတ်တော့မှာဖြစ်၏။ အလုပ်အပ်သူက အကျိုးအကြောင်းမသင့်သောတောင်းဆိုမှုများမလုပ်သရွေ့ အားလုံးစောင့်မျှော်နေသော အားလပ်ရက်မှာ မကြာခင်ရောက်လာတော့မှာဖြစ်သည်။
အားလုံးကအလွန်တက်ကြွနေကြပြီး အထူးသဖြင့် ရဲဘော်ရဲဘက်ရှောင်ကျန်းဖြစ်၏။ သူမက နေ့လည်အားလပ်ချိန်တွင် ရုန်ယီ့ထံရောက်လာကာ ဤပရောဂျက်ပြီးသည်နှင့် တစ်နှစ်ပတ်လုံးစာနားရက်ယူ၍ အပန်းဖြေမှာဖြစ်ကြောင်း ပြောကြားခဲ့လေသည်။
လူအများစုက တစ်နှစ်တာနားရက်ကို ရက်ရှည်အားလပ်ရက်ယူခြင်းဖြင့် အသုံးပြုလေ့ရှိကြသည်။ ရုန်ယီက သူမအား ခရီးထွက်စရာနေရာရှိမရှိမေးမြန်းခဲ့သည်။ ရလဒ်အနေဖြင့် သူက စိတ်လှုပ်ရှားနေသောအကြည့်ကို လက်ခံရရှိလိုက်လေသည်။
“ငါနင်မေးမှာစောင့်နေတာ...”
“ငါ မိုမိုရဲ့ဖန်တွေ့ဆုံပွဲလက်မှတ်ကို ကံစမ်းမဲပေါက်ထားတယ်လေ...” သူမက ချက်ချင်းပဲဖုန်းကိုထုတ်ကာ ရုန်ယီအားပြလိုက်သည်။
“ငါက C မြို့ကိုမရောက်ဖူးတော့ ဒီတွေ့ဆုံမှုကိုအသုံးချပြီး မြို့အနှံ့လည်ပတ်မယ်တွေးထားတယ်...”
ရုန်ယီ အလွန်အားကျသွားခဲ့သည်။
သူ star တစ်ယောက်အားသဲသဲမဲမဲလိုက်ခဲ့ဖူးသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤနှစ်များတွင် သူ နှစ်သက်သောအနုပညာရှင်များစွာတွေ့သော်လည်း စိတ်တူကိုယ်တူသူငယ်ချင်းများမရှိသဖြင့် ထိုကိစ္စအပေါ်စိတ်ဝင်စားမှုမှာ အတော်လေးလျော့ကျသွားခဲ့လေသည်။
ယခုမူ အနုပညာရှင်အားအရူးအမူးဖြစ်သူတစ်ဦးကို သူ့ရှေ့၌တွေ့လိုက်ရသဖြင့် ရုန်ယီ၏ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သောဝါသနာက မီးညှိခံလိုက်ရ၏။
“ငါလည်းသွားချင်လိုက်တာ…” သူကပြောလိုက်သည်။
“နင် ကံစမ်းမဲသွားစမ်းကြည့်ပြီးပြီလား...” ရှောင်ကျန်းကမေးသည်။
ရုန်ယီက နှမြောစွာဖြင့်ခေါင်းခါပြလိုက်သည်။ ကံစမ်းမဲရှိမှန်းတောင် သူ မသိခဲ့ချေ။
“ဒါဖြင့် ဖန်ကလပ်ကိုရော join ထားလား...”
ရုန်ယီ ထပ်မံခေါင်းခါပြလိုက်၏။ သူအဆိုပါကိစ္စအား အာရုံမရသည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သည်။
“ဒါဖြင့်ဘာလို့ဒီမှာထိုင်တွေးနေဦးမှာလဲ...” ရှောင်ကျန်းက သူ့ကိုအလွန်အထင်သေးသွားခဲ့၏။
“ငါအရင်ကပြောသလိုပဲ...နင်ကငါတို့ရဲ့မိုမိုလေးကို ဒီလောက်မချစ်ပါဘူး...”
“ငါ့ကိုလက်မှတ်ရောင်းနိုင်မလား...ငါဝယ်မယ်လေ...” ရုန်ယီကဆိုသည်။
“ရွှေစတစ်ထောင်ရရင်တောင် မလဲနိုင်ပါဘူးနော်...” ရှောင်ကျန်းက သူရဲကောင်းဆန်ဆန်လက်ဝေ့ယမ်းလိုက်သည်။
“ငါဓာတ်ပုံတွေရိုက်လာပြီး နင့်ကိုပြမယ်...စောင့်နေလိုက်...”
ပုံမှန်အားဖြင့် ရုန်ယီက ထိုကဲ့သို့ပွဲများကိုစိတ်ဝင်စားသော်လည်း မသွားရမနေနိုင်တော့မဟုတ်ချေ။ သို့သော် တစ်စုံတစ်ယောက်က ထိုအနုပညာရှင်အားအပြင်မှာတွေ့ရတော့မှာဖြစ်ပြီး သူ့အနေဖြင့် အားကျရုံကလွဲ၍ဘာမှမတတ်နိုင်သည့်အခါတွင်မူ လုံးဝသည်းမခံနိုင်သောခံစားချက်ဖြစ်ပေါ်လာခဲ့သည်။
သူက အလွန်စိတ်မကောင်းဖြစ်လာသဖြင့် ဖန်ကလပ်ကိုရှာ၍ ဝင်ခွင့်အမြန်လျှောက်လိုက်၏။ အဖွဲ့ဝင်ကြေးပေးရမည့်အချိန်တွင်မူ လက်ရှိငွေကြေးအခြေအနေကြောင့် သူတွန့်ဆုတ်နေခဲ့သေးသည်။ သို့သော် ခက်ခဲသည့်အချိန်အား လွယ်ကူစွာဖြတ်ကျော်နိုင်ခဲ့ခြင်းကြောင့်ထင့်။ အဆိုပါသင်ခန်းစာက သူ့စိတ်ထဲတွင်ကြာကြာမရပ်တည်နိုင်ခဲ့ချေ။ ခဏတာတုံ့ဆိုင်းနေပြီးနောက် ရုန်ယီက ပေးချေသည့်ခလုတ်ကိုနှိပ်လိုက်တော့သည်။
လူတွေကစိတ်ဓာတ်ခွန်အားဖြည့်စေတဲ့ အရာလေးတွေရှိသင့်တယ်မဟုတ်လား...သူ့မှာချစ်သူကောင်လေးမရှိသေးမှတော့ အနုပညာရှင်ကိုပိုးပန်းတာကဖြစ်သင့်ပါတယ်...
တစ်ပါတ်လုံးအလုပ်များနေခဲ့ပြီးနောက် ရုန်ယီက ဖောက်သည်ကုမ္မဏီသို့တစ်ခေါက်သွားရပြန်သည်။
သူထိုကုမ္မဏီသို့သွားသည့်လမ်းတွင် ကျိုးလီထံမှဖုန်းလက်ခံရရှိခဲ့သည်။ ကျိုးလီ၏အသံက အနည်းငယ်ပျာယာခတ်နေကာ သူ၏အိမ်မွေးအကောင်လေးအား စနေ၊တနင်္ဂနွေနှစ်ရက်မျှ စောင့်ရှောက်ပေးပါရန် ရုန်ယီ့ကိုတောင်းဆိုလာခဲ့၏။ မွေးရပ်မြေမှကျိုးလီ၏အဘွားက ကျိုးလီထံသို့လာလည်မှာဖြစ်ပြီး အဘွားအိုမှာ ခေါင်းမာ၍တယူသန်ဆန်လှ၏။ သူမက အိမ်မွေးအကောင်များကိုမနှစ်သက်ချေ။ သူ၏ချစ်လှစွာသောတိရစ္ဆာန်လေးကိုတွေ့လျှင် သူမအလွန်စိတ်ဆိုးပေလိမ့်မည်။
“မီမီက အရမ်းလိမ္မာပါတယ်...မင်းအရမ်းစောင့်ရှောက်ပေးစရာမလိုဘူး...ဒီတိုင်း ရေနဲ့အစာပေးထားရုံပဲ...သူအေးအေးဆေးဆေးစားပြီးနေလိမ့်မယ်...” ကျိုးလီကဆက်ပြောသည်။ “သူကကြည့်ရတာ နည်းနည်းခက်ထန်ပုံပေါ်ပေမယ့် အရမ်းနူးညံ့တာပါ...”
နောက်ဆုံးစကားကိုကြားရသည့်အခါ ရုန်ယီဘာ့ကြောင့်မှန်းမသိ ချန်းခယ့်ယောင်အားတွေးမိလိုက်သည်။
ထို့ကြောင့် သူကခေါင်းညိတ်ကာ တွန့်ဆုတ်ဆုတ်ဖြင့်သဘောတူလိုက်လေသည်။
ကျိုးလီက သူ့အဘွားယနေ့ညလာမည်ဖြစ်သောကြောင့် သူကအခုချက်ချင်းပင် မီမီ့အားသွားခေါ်၍ ရုန်ယီနှင့်ထည့်ပေးချင်၏။ ရုန်ယီက အိမ်မွေးကောင်လေးအားခေါ်သွားရန် အတည်ပြုပြီးသည့်နောက် ဖောက်သည်ကုမ္မဏီ၏လိပ်စာကိုပို့ပေးလိုက်လေသည်။ သူက ကုမ္မဏီသို့ပြန်သွားရန်မလိုအပ်ရာ ကျိုးလီနှင့်တွေ့ပြီးသည်နှင့် အိမ်မွေးအကောင်လေးအား အိမ်သို့တခါတည်းခေါ်သွားနိုင်မှာဖြစ်သည်။
ဖုန်းချပြီးသည့်နောက် သူကတစ်စုံတစ်ခုမှားနေမှန်း သတိပြုမိသွားကာ ကျိုးလီကိုစာပို့လိုက်သည်။
“မင်းရဲ့မီမီက ကြောင်မဟုတ်သလိုပဲ...”
ကျိုးလီက သူ့ကိုကြောက်စရာပုံတစ်ပုံပို့ပေးလာ၏။
ပုံထဲတွင် နက်မှောင်ရွှန်းစိုသောမြွေတစ်ကောင်က ကျိုးလီ၏ နှင်းလိုဖြူဖွေး၍သေးသွယ်သောလက်မောင်းတစ်ဝိုက်၌ ရစ်ခွေနေလေသည်။ အဖြူနှင့်အနက်ခြားနားခြင်းက မြွေကိုပို၍ကြောက်မက်ဖွယ်ကောင်းပုံပေါ်နေစေ၏။
“ချစ်စရာမကောင်းဘူးလား...” ကျိုးလီကဆိုသည်။
ရုန်ယီ နောင်တရသွားကာ ကျိုးလီနှင့်သူ၏ 'ချစ်စရာကောင်းသည်' ကိုအဓိပ္ပါယ်ဖွင့်ပုံခြင်းမှာ အလွန်ကွဲပြားလှကြောင်း သဘောပေါက်သွားခဲ့လေသည်။
လျှိုယွမ်ကို ဖောက်သည်ကုမ္မဏီ၌တွေ့လိုက်ရပြီးနောက် သူတစ်ခုခုကိုမေ့လျော့နေခဲ့မှန်း သတိပြုမိသွား၏။
လျှိုယွမ်က သူနှင့်ပတ်သတ်၍အထင်လွဲနေဆဲဖြစ်ရာ သူတို့နှစ်ဦး၏စကားဝိုင်းက ကမောက်ကမနိုင်လှသည်။ လျှိုယွမ်၏ပုံစံမှာ စိတ်လွတ်နေပုံရ၏။ ရုန်ယီသည်လည်း မည်သို့ရှင်းပြရမည်မှန်းမသိသဖြင့် သတိမထားမိသယောင်သာ ဆောင်နေခဲ့၏။
မည်သို့ပင်ဖြစ်စေ သူတို့ကြား၌ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်ဖြစ်ရာ ဤကဲ့သို့ဆက်လက်ကမောက်ကမဖြစ်နေပါက နှစ်ဦးလုံးအတွက်အဆင်မပြေလှချေ။
အလုပ်များကိုယ်စီလွှဲပြောင်းပြီးသည်နှင့် ရုန်ယီစတင်မေးလိုက်၏။
“လျှိုယွမ်...မင်းကိုကြည့်ရတာနည်းနည်း…”
ရုတ်တရက်ဆိုသလို လျှိုယွမ်က စိတ်ဓာတ်ကျနေသောမျက်နှာဖြင့် သက်ပြင်းချလိုက်သည်။
“ငါ့ရဲ့လျှပ်စီးလေးပျောက်သွားတယ်...”
“…မင်းရဲ့ဘာ”
“လျှပ်စီးလေ...”
လျှိုယွမ် သူ့စားပွဲကိုညွှန်ပြလိုက်၏။
“ငါသူ့ကိုစားပွဲပေါ်မှာထားခဲ့တာ...ဘယ်သူတောင်းစားက အဖုံးဖွင့်ပေးလိုက်လဲမသိဘူး...ပျောက်သွားတာအခုထိရှာမရဘူး...”
ကောင်းပြီ...ဒီလိုဆိုတော့ လျှိုယွမ်ထူးဆန်းနေရတဲ့အကြောင်းရင်းက သူ့ကြောင့်မဟုတ်ဘူးပဲ...
ရုန်ယီ စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်ကာ စားပွဲပေါ်ရှိအနည်းငယ်ရင်းနှီးနေသလိုရှိသော လှောင်အိမ်အလွတ်ကိုသွားကြည့်လိုက်မိသည်။ အဆိုပါလှောင်အိမ်က ကျိုးလီသူ့ကိုပို့ပေးခဲ့သောပုံထဲရှိ မီမီ၏လှောင်အိမ်နှင့် တထေရာတည်းတူနေလေသည်။
အဆိုပါအမျိုးသားနှစ်ဦးတွင် လှောင်အိမ်ဆင်တူရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သူတို့နှစ်ဦးအား တွဲစေချင်သည့်စိတ်ကူးက ရုန်ယီ၏ခေါင်းထဲတွင် မီးပွားလေးတစ်ခုပမာအစပျိုးလာခဲ့သည်။
သို့သော်လည်း လျှိုယွမ်အားခါးခါးသီးသီးတုံ့ပြန်သော ကျိုးလီ၏အမူအရာကိုတွေးလိုက်မိကာ သူ့စိတ်သူပြန်ထိန်းလိုက်ရ၏။
ထိုအခိုက်အတန့်တွင် ကျိုးလီကသူ့အားစာပို့လာခဲ့သည်။
“ဒါဆို မင်းက ငါ့ဦးလေးရဲ့ကုမ္မဏီမှာပေါ့...ဘာလို့စောစောမပြောတာလဲ...ငါတော့မိတော့မှာပဲ...”
ရုန်ယီ၏စိတ်ထဲတွင် ဒိန်းကနဲဖြစ်သွားခဲ့သည်။
သူအဲ့ဒါကိုတကယ်ကြီးမေ့သွားတာ...
ကျိုးလီက သူ၏မီမီလေးကိုကိုင်၍ လှေကားထစ်များကိုတက်လာကာ ရုန်ယီကိုဆက်သွယ်ရန်ပြင်နေစဥ် သူ၏ထိပ်ပြောင်ဦးလေးနှင့် ပက်ပင်းတိုးလေတော့သည်။
ဦးလေးက အံ့သြဝမ်းသာစွာဖြင့် ‘ဘယ်လိုတောင်တိုက်ဆိုင်တာလဲ...မင်းရဲ့အယ်လ်ဖာလည်းငါတို့ကုမ္မဏီမှာရောက်နေတယ်...လာခဲ့လေ...စကားနည်းနည်းပြောရအောင်..." ဟူ၍ပြောလာခဲ့၏။
ကျိုးလီ၏အိမ်မွေးအကောင်လေးက လူကြီးသူမများကြားတွင် ပေါ်ပြူလာမဖြစ်ချေ။ ကံကောင်းစွာဖြင့် မီမီက အလင်းရောင်ကိုမနှစ်မြို့လေရာ လှောင်အိမ်ပေါ်မှပိတ်စအုပ်လာခဲ့ပေးရ၏။ အပြင်မှကြည့်ပါက လှောင်အိမ်ထဲရှိအရာကို မည်သူမှမတွေ့နိုင်ချေ။
ယခုမူ ကျိုးလီက သူ၏ထိပ်ပြောင်ဦးလေး၏ရုံးခန်းထဲတွင် စကားစမြည်ပြောနေရလေသည်။ ရုန်ယီ လျှိုယွမ်နှင့်အလုပ်ပြီးချိန်၌ သူ့ထံမှစာဝင်လာခဲ့ခြင်းဖြစ်၏။
ရုန်ယီက စာမှတဆင့်အခြေအနေကိုသုံးသပ်လိုက်ပြီးနောက် သေရေးရှင်ရေးအခြေအနေထဲကျရောက်နေသည့် အလှလေးကိုကယ်ဆယ်ရန်ပြင်လိုက်လေသည်။
သူက လျှပ်စီးလေးပျောက်သွားသဖြင့်ခံစားနေရသော လျှိုယွမ်အားနှစ်သိမ့်လိုက်ကာ သူ့ကိုယ်သူအနည်းငယ်ပြုပြင်ပြီးနောက် ထိပ်ပြောင်ဦးလေး၏ရုံးခန်းထံ ဦးတည်လိုက်လေသည်။ သူထောင့်ချိုးတစ်ခုကိုကွေ့လိုက်သည်နှင့် ကြိုးထူထူတစ်ချောင်းကို ရုတ်တရက်တွေ့လိုက်ရ၏။
ရုန်ယီခြေလှမ်းရပ်လိုက်ပြီးနောက်တွင် ထိုကြိုးက အနည်းငယ်လှုပ်နေကြောင်းတွေ့လိုက်ရသည်။
၎င်းမှာမြွေတစ်ကောင်ဖြစ်လေသည်။
လျှိုယွမ်ရှာနေတဲ့လျှပ်စီးဆိုတာ ဒါများလား...
(T/N - ကျိုးလီနဲ့လျှိုယွမ်ရဲ့လှောင်အိမ်တွေကတူနေတော့ လျှိုယွမ်ပြောတဲ့လျှပ်စီးကို မြွေလို့တထစ်ချတွေးလိုက်တာပါ)
သူ့ကိုမျက်နှာလုပ်ရန်အတွက် ကျိုးလီက ရှည်လျားသောသင်ခန်းစာတစ်ခုပို့ချခဲ့လေသည်။ ဤကဲ့သို့မြွေအမျိုးအစားမှာ အလွန်ထူးဆန်းပြီးကြောက်စရာကောင်းသော်လည်း တကယ်တမ်းတွင်မူ သိမ်မွေ့၍သူ့ဟာသူပဲနေတတ်လေသည်။ လူအားအန္တရာယ်ပြုလေ့မရှိသလို အဆိပ်လည်းမရှိချေ။ အလွန်ပင်အန္တရာယ်ကင်းလှသော အိမ်မွေးမြွေအမျိုးအစားဖြစ်လေသည်။
သို့သော် ၎င်း၏အန္တရာယ်ကင်းကြောင်းကို စာတွေ့သာသိရှိထားခြင်းဖြစ်ရာ အသုံးမဝင်လှချေ။ ရုန်ယီက အဆိုပါတောက်ပသောအကြေးခွံများနှင့် ပြူတစ်ပြူတစ်ထွက်လာသောလျှာကို ထိတ်လန့်နေဆဲဖြစ်၏။
သတိအနေအထားဖြင့် သူကအနက်ရောင်မြွေထံ ခြေလှမ်းအနည်းငယ်လှမ်း၍ မကြည့်ပဲဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် လျှိုယွမ့်ထံပို့လိုက်၏။
“ဒါမင်းရဲ့လျှပ်စီးလား...”
မိနစ်ဝက်အကြာ၌ လျှိုယွမ်ကစာပြန်ပို့လာ၏။
“ကြည့်နေနော်...ဘယ်မှပြေးမသွားစေနဲ့...ငါအခုလာပြီ...”
ရုန်ယီက အဆိုပါမြွေနှင့်ငါးမီတာအကွာတွင် ရပ်ကြည့်နေလေသည်။ သူက ထိုမြွေထွက်သွားလိုလျှင်လည်း မတားဝံ့ချေ။ ၎င်းဆန္ဒရှိသလိုလျှောတိုက်သွားခြင်းမပြုရန် ဆုတောင်းရုံသာတတ်နိုင်၏။
မိနစ်ဝက်အကြာ၌ လျှိုယွမ်က လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့်ပြေးလာလေသည်။
“လျှပ်စီးလေးဘယ်မှာလဲ...ဒီမှာရှိသေးလား...” သူက ပြောပြောဆိုဆိုနှင့်မြေပြင်ပေါ်ရှာကြည့်လိုက်သည်။ “အိုးမိုင်ဂေါ့...”
“မြန်မြန်ကောက်လိုက်လေ...” ရုန်ယီ အထိတ်ထိတ်အလန့်လန့်ဖြင့်ပြောလိုက်၏။
မမျှော်လင့်ထားစွာပင် လျှိုယွမ်က သူ့ထက်ပို၍ကြောက်နေပုံပေါ်၏။
“ဘာကြီးလဲ...ဘာလို့ကုမ္မဏီမှာမြွေကြီးရှိနေတာလဲ...ငါ့ရဲ့လျှပ်စီးလေးကို ဘာလုပ်ချင်နေတာလဲ...”
“...အဲဲ့ဒါကမင်းရဲ့လျှပ်စီးမဟုတ်ဘူးလား”
“မင်းလာနောက်နေတာလား...” ဖြူလျော်နေသောမျက်နှာဖြင့် လျှိုယွမ်က အနက်ရောင်မြွေရှေ့နားရှိထောင့်ကို ညွှန်ပြလိုက်သည်။ “အဲ့ဒါကမှငါ့ရဲ့လျှပ်စီးလေး...”
ရုန်ယီငုံ့ကြည့်လိုက်သည့်အခါ တုန်ရီနေသော ဟမ်းစတားဝတုတ်လေးတစ်ကောင်အား ကြမ်းပြင်ပေါ်တွင်တွေ့လိုက်ရသည်။
လျှိုယွမ်က ထိတ်လန့်နေသော်လည်း သူ၏ကြွက်ကလေးခမျာအသက်အန္တရာယ်နှင့်ရင်ဆိုင်နေရသဖြင့် စင်္ကြလမ်းရှိကြမ်းတိုက်တံကိုယူကာ မြွေကိုရိုက်၍ ခြောက်ထုတ်ရန်ပြင်လိုက်သည်။
“မင်း...မင်းလွှတ်ပေးလိုက်…”
ကြမ်းတိုက်တံက လျှိုယွမ်၏လက်ထဲတွင် ပြင်းထန်စွာလွှဲယမ်းသွားခဲ့၏။
ရုန်ယီက အရေးကြီးသောအရာတစ်ခုကို ရုတ်တရက်သတိရသွားခဲ့၏။
“ခဏလေး...” ရုန်ယီက လျှိုယွမ်၏လက်ကိုဆွဲကာအော်လိုက်၏။ “မြွေကိုမရိုက်လိုက်နဲ့....”
ထိုစဥ် ရုံးခန်းတံခါးကပွင့်လာခဲ့၏။
“မင်းတို့ဘာလို့အော်နေကြတာလဲ...” ထိပ်ပြောင်နှင့်လူကြီးက သူတို့ကိုမျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။
သူ့အနောက်တွင် ပဟေဠိဖြစ်နေပုံရသောကျိုးလီက ခေါင်းလေးပြူ၍ အပြင်ရှိအခြေအနေကိုစပ်စုလိုက်၏။ ထို့နောက် ရုန်ယီ၏အကြည့်အတိုင်းလိုက်ကြည့်မိချိန်တွင် ကြမ်းပြင်ပေါ်ရှိအနက်ရောင်မြွေကိုတွေ့လိုက်ရလေသည်။
“မီမီ...”
သူ နာမည်ခေါ်လိုက်သည်နှင့် တည်ငြိမ်၊လိမ္မာ၍ သူ့ဟာသူနေတတ်သောအနက်ရောင်မြွေက ရှေ့သို့တစ်ချက်ခုန်၍ ထောင့်နားရှိ တုန်ရီနေသောဟမ်းစတားလေးအားကိုက်လိုက်ကာ ၎င်း၏ပါးစပ်အတွင်းသို့မြိုချလိုက်လေသည်။
ဟမ်းစတားလေးက အစပိုင်းတွင်ရုန်းကန်သော်လည်း အပြင်ဘက်၌မြင်နေရသော ၎င်း၏ခြေထောက်ဝဝလေးနှစ်ချောင်းမှာ မကြာခင်ငြိမ်ကျသွားခဲ့သည်။
အားလုံးထိတ်လန့်နေကြလေသည်။ ခဏအကြာတွင် ဟမ်းစတားလေးက သူတို့၏မြင်ကွင်းမှလုံးလုံးလျားလျားပျောက်ကွယ်သွားပြီးနောက် မြွေ၏လည်ပင်းနားတွင် ဖုဖောင်းနေသောအရာတစ်ခုဖြစ်ပေါ်လာခဲ့၏။
“ငါ့ရဲ့လျှပ်စီးလေး...”
လျှိုယွမ် ပြိုလဲကျသွားခဲ့သည်။
Xxxxxx