အပိုင်း ၂၄
Viewers 14k

Chapter 24

အဲ့ဒါမြွေကြီးလေ...

မီမီပြစ်မှုကျူးလွန်ခြင်းကို မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရသဖြင့် ကျိုးလီထိတ်လန့်သွားခဲ့ရလေသည်။ 

သူက ခဏအကြာမှသတိပြန်ဝင်လာကာ သတိကြီးစွာဖြင့်မေးလိုက်၏။

“အဲ့ဒါ...ခင်ဗျားရဲ့ဟမ်းစတားလေးလား...”

ဝမ်းနည်းပူဆွေးမှု၌ နစ်မြုပ်နေရှာသောလျှိုယွမ်က သူ၏အိမ်မက်ချစ်သူကလေး သူ့အားစကားပြောနေသည်ကိုပင် သတိမပြုမိရှာပေ။ တရားခံအားခဏမျှစိုက်ကြည့်ပြီးနောက် သူက ကြမ်းတိုက်တံကိုမြှောက်ကာ အော်ဟစ်လိုက်သည်။ 

“ငါမင်းကို အဆုံးသတ်ပစ်မယ်...”

ကျိုးလီက သူ့ကိုတားရန်ကြိုးစား၏။ “စိတ်လျှော့ပါ...ငါတို့စကားပြောရအောင်လေ...”

ရုန်ယီကလည်း ကျိုးလီနှင့်အတူပူးပေါင်းလိုက်သည်။

“လျှို့ယွမ်...စိတ်အေးအေးထားပါ...သေတဲ့လူပြန်မရှင်..အဲ...လူမဟုတ်...”

ထိပ်ပြောင်က ရုတ်တရက်ထအော်လေသည်။ “ဘာလို့ကုမ္မဏီမှာ မြွေတစ်ကောင်ရှိနေတာလဲ...”

လျှိုယွမ်မည်သို့ခံစားနေရမည်မှန်း ရုန်ယီ တွေးပင်မတွေးဝံ့ချေ။ 

လောလောလတ်လတ်ဟမ်းစတားလေးဆုံးရှုံးထားရှာသည့် သနားစရာကောင်လေးခမာ့ ကျိုးလီ မြွေကိုကောက်ယူ၍ လှောင်အိမ်ထဲပြန်ထည့်လိုက်သည်အား ဒီအတိုင်းသာကြည့်နေရရှာသည်။ 

စိတ်ဓာတ်ကျစွာဖြင့် တစ်ခွန်းမှမဆိုပဲ သတိလက်လွတ်ငေးကြည့်နေခြင်းပင်။ 

ကျိုးလီက ကြောက်လန့်နေ၏။ သူက မီမီအားကောက်သိမ်းပြီးသည်နှင့် အပြစ်ရှိစိတ်ဖြင့် အဆိုပါသနားစရာကောင်လေးကို ကြည့်လိုက်မိသည်။ ထို့နောက် လျှိုယွမ့်ထံသို့ နှေးတိနှေးကန်ဖြင့်လှမ်းသွားကာ ပြောလိုက်လေသည်။

"ငါ...စိတ်မကောင်းပါဘူး...”

သူက လျှိုယွမ်၏အကြည့်ကိုပင် ရင်မဆိုင်ဝံ့ပဲ ခေါင်းငုံ့၍ထား၏။ ထို့နောက် နှုတ်ခမ်းကိုလျှာဖြင့်သပ်လျှက် လည်ချောင်းရှင်းကာဆို၏။

“ငါ ပြန်လျော်ပေးပါ့မယ်...”

လျှိုယွမ်က မည်သည့်အမူအရာမှမပြသနိုင်သေးချေ။ သူကမျက်မှောင်ကြုတ်လိုက်ကာ ခြောက်ကပ်ကပ်ပြုံးလိုက်၏။ တစ်စုံတစ်ခုပြောရန်အတွက် ပါးစပ်ဟလိုက်သော်လည်း အဆုံးသတ်တွင်ခေါင်းကိုသာယမ်းလိုက်လေသည်။  

“ရပါတယ်...အဲ့ဒါက ဆယ်ယွမ်ပဲရှိတာ...ပိုက်ဆံကပြသနာမဟုတ်ပါဘူး...” 

“ငါ...ငါအသစ်တစ်ကောင်ဝယ်ပေးမယ်လေ...မင်းရဲ့ဟမ်းစတားပုံလေးပို့ပေးပါလား...ငါတထေရာတည်းတူတဲ့တစ်ကောင် သေချာပေါက်ရှာဝယ်ပေးပါ့မယ်...” 

ကျိုးလီက အခြေအနေကိုထိန်းရန် ကြိုးစားလျှက်ရှိ၏။ 

“စိတ်ရှုပ်မခံပါနဲ့...ငါလည်းသူ့ကို သူငယ်ချင်းတစ်ယောက်ဆီပေးပစ်မလို့စဥ်းစားနေခဲ့တာ...” 

“…”

“မင်းရဲ့အိမ်မွေးကောင်လေးက...အန္တရာယ်ရှိတယ်...” လျှိုယွမ်က မြွေလှောင်အိမ်ကိုညွှန်ပြလျှက်ဆို၏။ “ပိုပြီးဂရုစိုက်တာကောင်းလိမ့်မယ်...” 

ကျိုးလီက ထပ်ခါထပ်ခါခေါင်းညိတ်ပြသည်။ 

ထို့နောက် ရုန်ယီ့ဘက်လှည့်လိုက်၏။ “ငါရုံးကိုပြန်သွားတော့မယ်...မင်းအလုပ်ပြီးရင်ပြောနော်...”

“ဟမ်...ကောင်းပြီလေ...” ရုန်ယီ ယောင်ဝါးဝါးဖြင့်ခေါင်းညိတ်လိုက်၏။ 

လျှိုယွမ်တစ်ယောက်မှာတော့ အသည်းကွဲသွားခဲ့လေသည်။

သူတို့ကုမ္မဏီမှမထွက်ခင် ရုန်ယီက ရုံးခန်းနားသို့တစ်ခေါက်ပြန်သွားကြည့်ခဲ့၏။ မျှော်လင့်ထားသည့်အတိုင်းပင် သနားစရာလျှိုယွမ်လေးက စားပွဲပေါ်ရှိ သူ၏ဟမ်းစတားလေးနေသွားခဲ့သော လှောင်အိမ်ကို တွေတွေကြီးငေးကြည့်နေရှာသည်။  

သူ့အနောက်တွင် ကျိုးလီက ဖုဖောင်းနေသောအစာအိမ်နှင့်မီမီအား ဆိုဆုံးမလျှက်ရှိ၏။ 

“ငါမင်းကိုလုံလုံလောက်လောက်မကျွေးခဲ့လို့လား...ခုမင်းငါ့ကိုဘယ်လိုအရှုပ်ထဲဆွဲသွင်းလိုက်လဲကြည့်စမ်း...”

မီမီက အင်မတန်ကျေနပ်နေပုံရကာ လှောင်အိမ်ထဲတွင် မလှုပ်မယှက်လဲလျောင်းနေပြီး ဆုံးမစကားများအားအဖက်ပင်မလုပ်ပါချေ။  

“မင်းကိုယ်မင်းသိပ်ပြီးအပြစ်တင်မနေပါနဲ့...သူကဒီအတိုင်းထားလိုက်ပါလို့ပြောနေပြီပဲ...” ရုန်ယီ သူ့ကိုနှစ်သိမ့်လိုက်သည်။

 “ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးသွားတဲ့ကိစ္စပဲလေ...”

“ငါ သိပ်မကောင်းဘူးလို့ခံစားရတယ်...” ကျိုးလီကဆိုသည်။

 “သူ ဒီတိုင်းအလျော်တောင်းလိုက်ရင်ပိုအဆင်ပြေဦးမယ်...အခုလိုကျ ငါရှက်လည်းရှက်၊ အပြစ်ရှိစိတ်လည်းဝင်မိတယ်...”

“ဒီလိုဆိုရင်ရော…” ရုန်ယီ ခဏတွေးပြီးနောက်အကြံပေးလိုက်သည်။ “သူ့ကို နေ့လည်စာဖြစ်ဖြစ်ဝယ်ကျွေးလိုက်လေ...”

ကျိုးလီတွေဝေသွားကာ ခေါင်းခါလိုက်၏။ “ငါသူနဲ့တူတူ ထမင်းမစားချင်ဘူး...”

ရုန်ယီက ဆုံးရှုံးမှုအတွင်းနစ်မြုပ်နေဆဲဖြစ်သော လျှိုယွမ်အားကြည့်လိုက်သည်။ 

မီမီက အနည်းငယ်ကြောက်စရာကောင်းသည်ဟု ရုန်ယီခံစားမိဆဲဖြစ်သော်လည်း ကျိုးလီ၏ အထပ်ထပ်အာမခံမှုများကြောင့် သူ့အိမ်သို့မီမီ့ကိုယူလာခဲ့လေသည်။ 

ကျိုးလီ၏ပြောပုံအရ ဤမြွေမှာ ကြွက်ထက်ကြီးသည့်မည်သည့်အရာကိုမှ ရန်မပြုတတ်ချေ။ ဟမ်းစတားလေးအား စားခဲ့သည့်အကြောင်းရင်းမှာ သူက မီမီ၏အစာအဖြစ် ကြွက်များကို ကျွေးနေကျဖြစ်သောကြောင့်ဖြစ်၏။ သူ့ကိုသွားမခြောက်ပါက လူကိုအန္တရာယ်မပြုတတ်ချေ။ 

အဆုံးသတ်၌ သူတို့နှုတ်မဆက်ခင် ကျိုးလီကမေးလာခဲ့သည်။

 “သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက ချစ်စရာကောင်းတယ်လို့မထင်ဘူးလား...” 

ရုန်ယီက တစ်ချက်တစ်ချက်လျှာလေးထုတ်ပြလာသော မီမီ့ကိုကြည့်လိုက်သည်။ သူ၏ကိုယ်ပေါ်တွင် ပြစ်မှုကျူးလွန်ခြင်းသက်သေအဖြစ် ဖုဖောင်းနေသောနေရာတစ်ခုက ထင်ရှားစွာရှိနေရာ ၎င်း၏ချစ်စရာကောင်းမှုမှာ ကျော်လွန်သွားခဲ့လေသည်။  

ကျိုးလီက သူ့ကိုထိုအရာနှင့်ပတ်သတ်၍ စိုးရိမ်ရန်မလိုအပ်ကြောင်းပြောသည်။ ၎င်းကို အလင်းရောင်နည်းပါးသောနေရာတွင်ထားကာ နေ့တိုင်းရေပုံမှန်တိုက်ပေးရန် မှာကြားလေသည်။ ၎င်းကဒီနေ့အစာဝဝစားထားသဖြင့် ရက်အနည်းငယ်ကြာသည်အထိ ဘာကိုမှစားမှာမဟုတ်ချေ။

ရုန်ယီက မီမီ့ကိုသူ့အခန်းအတွင်းသို့ခေါ်လာချိန်၌ အသဲတယားယားဖြစ်နေခဲ့၏။ သူကျောခိုင်းလိုက်သည့်အခါတိုင်း မြွေ၏မျက်လုံးကျဥ်းကျဥ်းလေးတစ်စုံက သူ့ကိုစိုက်ကြည့်နေသကဲ့သို့ခံစားရလေသည်။ ၎င်းက အလွန်ကြောက်စရာကောင်းလှ၏။  

ခဏကြာတွန့်ဆုတ်နေခဲ့ပြီးနောက် အဆိုပါလှောင်အိမ်ကိုကိုင်လျှက် ချန်းခယ့်ယောင်၏အခန်းတံခါးကိုခေါက်လိုက်သည်။ 

မမျှော်လင့်စွာပင် ချန်းခယ့်ယောင်က မီမီအားခဏကြာစိုက်ကြည့်နေပြီးနောက် ကြောက်လန့်တကြားပင့်သက်ရှိုက်လိုက်၏။ သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ တစ်ခွန်းမှမဆိုပဲ တံခါးကိုဆောင့်ပိတ်ချလိုက်လေသည်။ 

“ဒီလိုဟာမျိုးကဘာလို့အိမ်ရောက်နေတာလဲ...” သူ့အသံက တံခါးကိုဖြတ်၍ထွက်ပေါ်လာခဲ့သည်။

 “အိုးမိုင်ဂေါ့...”

“…” ရုန်ယီက စေ့ပိတ်ထားသည့်တံခါးကို ကြောင်အအဖြင့်စိုက်ကြည့်လိုက်ကာ “မင်းအရမ်းလန့်သွားတာလား...”

“ ကျေးဇူးပြုပြီး အပြင်မထုတ်လိုက်ပါနဲ့...ခပ်ဝေးဝေးယူသွားပေးပါ...” ချန်းခယ့်ယောင် တံခါးအဟလေးကြားမှ ချောင်းကြည့်လာသည်။ 

“မင်းဘာပဲလိုချင်ချင်ဖြစ်စေရမယ်လို့ ငါကတိပေးတယ်...ခပ်ဝေးဝေးယူသွားနော်...”

ရုန်ယီက အံ့သြသွားကာတံခါးနားတွင်ခဏရပ်နေမိသည်။ ထို့နောက် မီမီအား သူ့အခန်းသို့ပြန်ခေါ်သွားလိုက်၏။ သူတံခါးပိတ်ပြီးသည်နှင့် သူ့ကိုယ်သူဆက်လက်မထိန်းနိုင်တော့ပဲ ဟားတိုက်ရယ်မိလေတော့သည်။  

သူက အစတုန်းကအနက်ရောင်မြွေမှာ ကြောက်စရာကောင်းသည်ဟု ထင်ခဲ့မိ၏။ ယခုမူ ချန်းခယ့်ယောင်၏အလန့်တကြားတုံ့ပြန်မှုကို မြင်ရပြီးချိန်၌ မြွေကချစ်စရာကောင်းလာသလိုပင်။ 

အဆိုပါဝိုင်းစက်စက်မျက်လုံးကလေးများက ချစ်စရာကောင်းလှသည်။

မီမီအားနေရာချပြီးသည်နှင့် တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။ 

တံခါးဖွင့်လိုက်ချိန်တွင် ချန်းခယ့်ယောင်၏ စိုးရိမ်နေပုံပေါ်သောမျက်နှာအား ရင်ဆိုင်လိုက်ရ၏။ ဤတစ်ကြိမ်၌ သူ့လက်ထဲတွင်ခွေးခြေခုံပါမလာခဲ့ချေ။  

“မင်း အရင်အပြင်ထွက်ခဲ့...” သူက သတိကြီးစွာရှိနေ၏။ “စကားပြောရအောင်...အဲ့ဒီ့ဟာလေးကိုယူမလာခဲ့နဲ့နော်...”

“ငါတို့က အခန်းဖော်တွေဖြစ်ပြီး မင်းက ငါ့အိမ်ကိုငှားနေတာနော်...ဟုတ်တယ်မလား...” ချန်းခယ့်ယောင်က ဧည့်ခန်းထဲရောက်သည်အထိ သူ့ကိုယ်သူတည်ငြိမ်အောင် မနည်းကြိုးစားနေရလေသည်။ 

“ဒီလိုဆိုမှတော့ မင်းအဲ့ဒီ့လိုအကောင်မျိုးမွေးချင်တယ်ဆိုရင် အနည်းဆုံးတော့ငါ့ဆီကခွင့်ပြုချက်မတောင်းသင့်ဘူးလား...” 

“ဘယ်ကသာ...ငါမမွေးပါဘူး...” ရုန်ယီက လက်ဝေ့ယမ်းပြလိုက်သည်။

 “အဲဲ့ဒါကကျိုးလီရဲ့မြွေလေ...နှစ်ရက်လောက်စောင့်ရှောက်ပေးဖို့ ငါ့ကိုအကူအညီတောင်းထားတာ...ငါသူ့ကိုတနင်္လာနေ့ကျရင်ပြန်ပေးမှာ...” 

ချန်းခယ့်ယောင် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်သည်။

“မင်းက မြွေကြောက်တာလား...” ရုန်ယီ မနေနိုင်စွာဖြင့် ကျိုးလီ၏စကားများကို ဖောက်သည်ချလိုက်သည်။ 

“ဒီမြွေကလူတွေကိုရန်မပြုသလို ကိုက်လည်းမကိုက်ပါဘူး...”

“ဒါကအဓိကမဟုတ်ဘူးလေ...” ချန်းခယ့်ယောင် လက်ဝေ့ယမ်းပြလိုက်သည်။ 

“ဘယ်လောက်ပဲလိမ္မာတယ်ပြောပြော အဲ့ဒါကမြွေလေ...”

ရုန်ယီ အနည်းငယ်ရှုပ်ထွေးသွားခဲ့၏။ ချန်းခယ့်ယောင်ကိုကြည့်ရင်း သူ၏မျက်နှာပေါ်ကအနာရွတ်က သူတို့၏ကလေးများကို ထိတ်လန့်စေသည်ဟု တိုင်ကြားခဲ့သောကျောင်းသားမိဘများကို မြင်ယောင်လာမိ၏။ မီမီကမူ မတရားအတိုင်တန်းခံရသော ချန်းခယ့်ယောင်၏နေရာအား ဝင်ရောက်လာခဲ့သည်။ 

“လူတစ်ယောက်ကို အပြင်ပန်းပုံသဏ္ဍာန်ပဲကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလေ...” ရုန်ယီ တရားချလိုက်သည်။

“အဲ့ဒါကလူမှမဟုတ်တာ...” ချန်းခယ့်ယောင်က သွေးထိုးခံလိုက်ရ၏။

 “အဲ့ဒါမြွေလေ...အိုး...မိုးနတ်မင်းရေ...ငါ့အိမ်ထဲမှာမြွေကြီးရှိနေတယ်...”

ရုန်ယီက တွေဝေနေဟန်ဖြင့်မေးလိုက်၏။ “မင်းငယ်ငယ်က မြွေကိုက်ခံခဲ့ရဖူးလို့လား...” 

ချန်းခယ့်ယောင် တံတွေးမြိုချလိုက်ပြီးနောက် “ဟုတ်တယ်...ငါငယ်ငယ်တုန်းက မြွေကိုက်ခံခဲ့ရဖူးတယ်...”

ရုန်ယီ ရှင်းပြရန်ပြောတော့မည့်အချိန်တွင် တစ်ဖက်လူက သူ၏ဂျက်ကတ်အင်္ကျီဇစ်အား ဆွဲချလိုက်သည်ကိုတွေ့လိုက်ရ၏။ ထို့နောက် သူကဟူဒီကိုပါချွတ်လိုက်ကာ ရှပ်အင်္ကျီကိုပင်မတင်လာခဲ့သည်။ 

စင်ဂယ်လူပျိုလေးဖြစ်သော အိုမီဂါလေးရုန်ယီတစ်ယောက် ထိတ်လန့်သွားခဲ့ရ၏။ “မင်းဘာလုပ်နေတာလဲ...”

“ကြည့်...” ချန်းခယ့်ယောင်က သူ၏ခါးနောက်ပိုင်းကိုလှည့်ပြလိုက်သည်။ “ဒီအမာရွတ်ကမြွေကိုက်ခံရတာလေ...နှစ်နှစ်ဆယ်ကြာတာတောင် ဒီအတိုင်းရှိနေတုန်းပဲ...”

ရုန်ယီ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း နှာခေါင်းကိုလက်ဖြင့်အုပ်ကာ ရှက်သွေးဖြာလာခဲ့သည်။ .

ကြွက်သားများက တစ်ခုနှင့်တစ်ခုကျပ်မနေပဲ လှပစွာအစီအရီရှိနေကာ တွေ့ရသည့်လူကိုစိတ်လှုပ်ရှားပြီးပျာယာခတ်သွားစေ၏။  

ရုန်ယီ၏မျက်ဝန်းများက ချန်းခယ့်ယောင်နောက်ကျောရှိ အခြားအစိတ်အပိုင်းများထံဝေ့ဝဲသွားကာ ဝတ်ကျေတန်းကျေဆိုလိုက်သည်။  

“ဒါတင်ဘယ်ကမလဲ...” ချန်းခယ့်ယောင် အင်္ကျီစအားပြန်ချလိုက်သည်။ 

“ဆေးရုံရောက်တာ တစ်မိနစ်လောက်နောက်ကျတာနဲ့ ငါသေသွားနိုင်တယ်လေ...အဲ့ဒီ့ကတည်းက မြွေမြင်ရင်ကြောက်လာတော့တာပဲ...”

ရုန်ယီက ခုနကမြင်လိုက်ရသည့်မြင်ကွင်းကို တစိမ့်စိမ့်ပြန်တွေးနေရာ သာမန်ကာလျှံကာခေါင်းညှိတ်ပြလိုက်သည်။ “ဟုတ်တာပေါ့...ဖြစ်သင့်ပါတယ်...”

“နှစ်ရက်အတွင်းမှာ အဲ့ဒါကိုထုတ်မလာနဲ့နော်...” ချန်းခယ့်ယောင် မျက်မှောင်ကြုတ်ကာခဏတွေးလိုက်ပြီး ထပ်ပြောလာသည်။ 

“သူ့လှောင်အိမ်ကို ပိတ်စအမဲနဲ့ဖုံးထားပေးလို့ရမလား...”

“ရတာပေါ့...ကျိုးလီက ပိတ်စပါထည့်ပေးလိုက်တယ်...” ရုန်ယီ အလေးအနက်ကတိပေးလိုက်၏။

“စိတ်ချလက်ချအနားယူပါ...အဲ့ဒါမင်းရှေ့ကိုလုံးဝပေါ်မလာစေရဘူး...”

ရုန်ယီ မီမီ၏လှောင်အိမ်အား ပိတ်စဖြင့်ဖုံးပြီးသည့်နောက် ချန်းခယ့်ယောင်အား ကိုယ်တိုင်စစ်ဆေးရန်ပြချင်ခဲ့သည်။ သို့သော် ထိုအမျိုးသားက သူ့အခန်းနားပင်မကပ်ဝံ့ချေ။  

ချန်းခယ့်ယောင်၏ သနားစရာကလေးဘဝအတွေ့အကြုံအား သူကိုယ်ချင်းစာမိသော်လည်း အကြိမ်ကြိမ်အစခံခဲ့ရပြီးသည့်နောက် ပြန်လည်လက်စားချေရန်အခွင့်အရေးအဖြစ် ၎င်းကိုမြင်လာခဲ့၏။ တစ်ဖက်လူအားမြွေဖြင့်ခြောက်ခြင်းက လွန်ကဲလှသည့်အတွက် နည်းနည်းလှောင်ရန်သာဆုံးဖြတ်လိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် ချန်းခယ့်ယောင်နှင့်စကားစမြည်ပြောတော့သည်။  

“မင်းဒီအရွယ်ရောက်တဲ့အထိ ကြောက်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...”

ချန်းခယ့်ယောင် မျက်မှောင်ကြုတ်လျှက် သူ့ကိုယ်သူကာကွယ်လာခဲ့သည်။

“ရှေးလူကြီးတွေပြောကြတယ်လေ...အပူလောင်ဖူးတဲ့ကလေးက မီးကိုမြင်တိုင်းကြောက်နေမှာပဲတဲ့...ဒါကတကယ့်ကိုပညာရှိတွေရဲ့အဆိုအမိန့်ပဲ...” 

“မင်းကကောင်းကောင်းနားလည်ထားတာပဲ...” ရုန်ယီခေါင်းညှိတ်ကာ ရယ်ချင်စိတ်ကိုထိန်းလိုက်၏။ သူက ဆက်ပြောလာပြန်သည်။

“မင်းအမာရွတ်က ဒီလောက်နှစ်တွေကြာတာတောင် မပျောက်ဘူးဆိုတော့ ကြည့်ရတာမင်းရဲ့အသားအရည်က အမာရွတ်တွေမပျောက်နိုင်တာမျိုးများလား...” 

ရုန်ယီက ချန်းခယ့်ယောင်မျက်နှာပေါ်တွင် အမာရွတ်ရှိနေလောက်မည့်နေရာကိုမှန်း၍ သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်သည်။

“မင်းငါ့ကိုကျိန်စာတိုက်နေတာလား...” ချန်းခယ့်ယောင်မေးလိုက်၏။

“အဆင်ပြေပါတယ်ကွာ...” ရုန်ယီသူ့ပုခုံးကိုပုတ်ပေးလိုက်သည်။ “မင်းမှာ…”

ရုန်ယီ ထိုစကားလုံးများကိုပြန်မြိုချလိုက်ရသည်။ သူထိုလူအားအလွန်စနောက်ချင်သော်လည်း အနာပေါ်ဆားဖြူးမိသလိုဖြစ်သွားပေလိမ့်မည်။ သူ အင်တာနက်ပေါ်မွှေနှောက်ရှာဖွေပြီးသည့်နောက်တွင် ချန်းခယ့်ယောင်ကဲ့သို့ အယ်လ်ဖာ-အယ်လ်ဖာ ချင်းသာစိတ်ဝင်စားသူများ၏ အခက်အခဲများကိုတွေ့ရှိခဲ့ပြီးပြီဖြစ်၏။ ရုန်ယီက ၎င်းမှာပြက်ရယ်ပြုသင့်သည့်ကိစ္စမဟုတ်ဟု ခံစားမိလေသည်။  

“မင်း စာသင်နေတုန်းမျက်နှာဖုံးတပ်လို့ရတယ်လေ...စူပါဟီးရိုးလိုလိုဘာလိုလိုပေါ့...” သူ့စကားသူလျှောချရန် ရုန်ယီအတော်ကြိုးစားလ်ိုက်ရ၏။

.......

“မီမီကအဆင်ပြေရဲ့လား...သူပြသနာမရှာဘူးမဟုတ်လားဟင်...”

“အဆင်ပြေပါတယ်...ချန်းခယ့်ယောင်ကတော့ သိပ်သဘောမကျဘူး...တနင်္လာနေ့ကျပြန်ယူနော်...”

“အေးပါကွာ...” ကျိုးလီကဆိုသည်။ “ငါ့အဘွားကတနင်္ဂနွေနေ့နေ့ခင်းပြန်မယ်တဲ့...သူထွက်သွားတာနဲ့ ငါချက်ချင်းလာခေါ်ပါ့မယ်...အာ...ရေတိုက်ဖို့မမေ့နဲ့ဦးနော်...”

ရုန်ယီ အမှန်တကယ်မေ့နေခဲ့သည်။ ထို့ကြောင့် ဖုန်းကိုင်လျှက်သားနှင့် ရေတစ်ခွက်ခပ်လိုက်၏။ သို့သော် ပိတ်စအားမတင်လိုက်ချိန်တွင် သူ့စိတ်ထဲ၌ဗလာဖြစ်သွားခဲ့လေသည်။  

“ဒါနဲ့လေ...ချန်းခယ့်ယောင်ကို ငါ့အစားတစ်ခုခုဝယ်ကျွေးပေးပါလား...ငါမင်းကိုကုန်ကျစရိတ်ပြန်ပေးမယ်လေ…”

“ကျိုးလီ...” ရုန်ယီ သူ့ကိုရုတ်တရက်ကြားဖြတ်ပြောလိုက်၏။

 “မီမီ မရှိတော့ဘူး...”

“မင်းလှောင်အိမ်ကပေါက်နေတာလား...” ရုန်ယီထအော်လိုက်လေသည်။

Xxxxx