အပိုင်း ၂၅
Viewers 14k

Chapter 25

ငါကဘယ်နေရာမှ အသုံးမကျဘူးလား...

၎င်းမှာ မီမီ၏ ယနေ့အတွက် ဒုတိယအကြိမ်ထောင်ဖောက်ခြင်းဖြစ်သည်။ 

ရုန်ယီက လှောင်အိမ်ကိုစစ်ကြည့်လိုက်ရာတွင် အဖုံးမှာလျော့ရဲနေကြောင်းတွေ့လိုက်ရသည်။ ၎င်းကိုပိတ်ထားသော်လည်း မီမီ ချောမွေ့စွာလျှောတိုက်သွားရန်တော့ လုံလောက်ပေသည်။ လက်ထဲရှိလှောင်အိမ်အလွတ်ကိုကြည့်ရင်း လက်ချောင်းများရေခဲတမျှအေးစက်လာခဲ့သည်။ 

လှောင်အိမ်ကို ပိတ်စဖြင့်ဖုံးထားသည်မှာ နှစ်နာရီလောက်ကြာပြီဖြစ်သည်။ မီမီ ဘယ်အချိန်ကတည်းက လှောင်အိမ်ထဲမှထွက်သွားခဲ့မှန်း သူ မသိခဲ့ချေ။  

သူက အထိတ်တလန့်ဖြင့်အခန်းပတ်ပတ်လည်ရှာကြည့်လိုက်သော်လည်း မူမမှန်တာဘာမှမတွေ့ရပဲဖြစ်နေ၏။ 

ကျိုးလီ၏အသံက ဖုန်းထဲမှထွက်ပေါ်လာခဲ့သည်။

 “မလန့်ပါနဲ့...သူဗိုက်ဝနေတဲ့အချိန် မြန်မြန်မသွားနိုင်ဘူး...နေရာစိမ်းလို့ကြောက်နေတာဖြစ်မယ်...အဲဲ့ဒါကြောင့် ထောင့်တစ်ထောင့်မှာခိုနေမယ်ထင်တယ်...ပုံမှန်ဆိုရင်တော့ သူနေရာလွတ်တစ်ခုခုမှာရှိလောက်တယ်...” 

“ငါလည်းကြောက်တယ်လေ...” ရုန်ယီဖုန်းနားကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။ 

“သူလန့်နေတော့ ရုတ်တရက်ထွက်လာပြီး ငါ့ကိုကိုက်ရင်ရော...”

“အဲ့လိုတော့မလုပ်...” ကျိုးလီ၏အသံမှာ မသေချာမှုဖြင့်ပြည့်နှက်နေ၏။ 

“ဒီတိုင်းထားလိုက်ပါ...ငါ့အိမ်ကိုရောက်ခါစကလည်း အဲ့လိုပဲ...သူ့အပေါ်သာတက်မနင်းမိစေနဲ့...” 

ရုန်ယီက အိမ်ရှိအခြားတစ်ယောက်ကြားသွားမှာစိုးသဖြင့် ခပ်တိုးတိုးသာပြောနိုင်သည်။ “မဖြစ်ဘူး...အကယ်၍ချန်းခယ့်ယောင်သာ သူ့ကိုအရင်တွေ့သွားရင် သူလုံးဝသွားပြီပဲ...”

မီမီက ချန်းခယ့်ယောင်၏အခန်းတွင်းသို့ လျှောတိုက်၍ဝင်သွားကာ သူတို့သတိမပြုမိခင် အိပ်ရာပေါ်အထိတက်သွားသည်ဆိုပါစို့။ ချန်းခယ့်ယောင် အိပ်ရာဝင်သည့်အခါ မီးကိုပိတ်၍ အဝတ်အစားများချွတ်ပစ်လိမ့်မည်။ ရုတ်တရက် အေးစက်စက်အရာတစ်ခုအား သူထိလိုက်မိသည်။  

ထိုလူသားနှင့်မြွေက အလွန်ခက်ထန်ဟန်ပေါ်သော်လည်း သဘာဝအားဖြင့် နူးညံ့သိမ်မွေ့ကြလေသည်။ သို့သော် သူတို့နှစ်ဦးလုံးက အဆိပ်ပြင်းကြ၏။ သူတို့နှစ်ဦးသာတစ်ချိန်ထဲလန့်သွားကြပါက နောက်ထပ်ဆက်ဖြစ်မည့်အရာကို ဘုရားသာသိပေလိမ့်မည်။ 

ချန်းခယ့်ယောင်ထိတ်လန့်သွားလျှင် ပေါက်ကွဲထွက်လာမည့် ကွန်ဖူးအားပမာဏမှာ ပြောရခက်လှ၏။ အကယ်၍ မီမီသာသေဆုံးသွားပါက ရုန်ယီ ကျိုးလီကိုရှင်းပြရခက်မည်သာမက တစ်ဝက်လောက်အစာကြေနေပြီဖြစ်သည့် လျှပ်စီးလေးသည်လည်း နှစ်ခါသေရပေလိမ့်မည်။  

ထိုသို့တွေးလိုက်မိချိန်ဝယ် ရုန်ယီက ချန်းခယ့်ယောင်ကိုကြိုတင်အသိပေး၍ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခိုင်းသင့်သည်ဟု တွေးလိုက်မိ၏။  

သို့သော် ဒုတိယအမြင်တွင်မူ မီမီကအဝေးကြီးသွားခြင်းမဟုတ်ပဲ သူ့အိပ်ယာအောက်တွင်သာ ပုန်းနေခဲ့ပြီး ချန်းခယ့်ယောင်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်မလာသည်လည်းဖြစ်နိုင်သည်။ အကယ်၍ ရုန်ယီ ချန်းခယ့်ယောင်အားပြောလိုက်လျှင် တစ်ဖက်လူခမျာ အိပ်ပင်မအိပ်နိုင်တော့ပဲ စိတ်မတည်မငြိမ်ဖြစ်လာကာ အဆောက်အဦးတစ်ခုလုံးကိုမြေလှန်ရှာမှာပင် စိုးရိမ်ရလေသည်။  

သူအတွေးနှစ်ခုကြားရုန်းကန်နေစဥ်မှာပင် ဧည့်ခန်းအတွင်းမှ ငလျှင်လှုပ်သကဲ့သို့အော်သံအား ကြားလိုက်ရ၏။  

သူတံခါးဖွင့်၍ အပြင်ပြေးထွက်ကြည့်လိုက်သည့်အခါ နံရံပေါ်တွယ်တက်နေသည့် ချန်းခယ့်ယောင်အားတွေ့လိုက်ရလေသည်။ 

ချန်းခယ့်ယောင်၏လက်တစ်ဖက်က ကုလားကာအစွန်းပေါ်တွင်ရှိနေကာ ခြေထောက်တစ်ဖက်ကို မျက်နှာကျက်ထောင့်စွန်းတွင်ကုပ်ကတ်ထား၏။ မျက်နှာကျက်တွင် ကားယားကြီးကပ်နေရင်း သူကကျယ်လောင်စွာအော်ဟစ်နေလေသည်။  

“မင်းတွေ့မိ...”

သူစကားမဆုံးသေးခင် ချန်းခယ့်ယောင်ကထအော်လေသည်။ 

“မြွေကြီး...မြွေကြီး...”

ရုန်ယီလည်းကြောက်တတ်သော်ငြား အခြေအနေအရ မဖြစ်မနေသတ္တိမွေးလိုက်ရသည်။ သူက လှောင်အိမ်အလွတ်ကိုယူကာ သတိကြီးစွာလှမ်းလာ၏။ 

“မင်းဘယ်မှာတွေ့တာလဲ...”

“အဲ့ဒီ့မှာ...” မျက်နှာကျက်မှချန်းခယ့်ယောင်က အော်ပြောလာ၏။ 

“...ဘယ်မှာလဲ”

ချန်းခယ့်ယောင် သူ့ကိုညွှန်ပြရန် လက်မအားချေ။ သူက မေးဖြင့်သာတဆတ်ဆတ်ထိုးပြရှာ၏။ 

“အဲ့မှာ...အဲဲ့ဒီ့မှာပါဆို...” 

သူ၏မေးဖျားဦးတည်ရာက ဆိုဖာထံသို့ဖြစ်လေသည်။  

ရုန်ယီ ဂရုတစိုက်လျှောက်သွားလိုက်ကာ ကြောက်လန့်နေသည့်ပင့်ကူလူသားအား ညှင်သာစွာချော့မော့လိုက်သည်။  

“အရမ်းမလန့်ပါနဲ့...အေးဆေးပေါ့...ငါရအောင်ဖမ်းမှာပါ...” 

“ဘာလို့အဲ့ဒါကအပြင်ရောက်နေတာလဲ...” ချန်းခယ့်ယောင်က မကြာခင်လျှောကျတော့မှာဖြစ်သည်။

 “မြန်မြန်...ငါပြုတ်ကျတော့မယ်...”

‘ဒါဖြင့်ဆင်းခဲ့လေ...’

‘ဒီလောက်သန်မာတဲ့အယ်လ်ဖာကြီးက သူ့ကိုကာကွယ်ပေးဖို့ ငါ့လိုအိုမီဂါလေးကိုတောင်းဆိုနေတယ်တဲ့...’

ရုန်ယီ စိတ်ထဲတွင် မြည်တွန်တောက်တီးနေသော်လည်း သူ့အသံကမူချော့မော့ပုံပေါက်နေဆဲဖြစ်၏။ 

“စိတ်မပူပါနဲ့...ငါအလျင်မလိုပဲဖြည်းဖြည်းလုပ်နေတာက သူလန့်ပြီးနံရံပေါ်ရုတ်တရက်တွယ်တက်သွားမှာစိုးလို့ပါ...”

ကံမကောင်းစွာဖြင့် ထိုစကားတစ်ခွန်းတွင် အဆိုးမြင်ဝါဒီများသက်ရောက်နေလေသည်။  

ချန်းခယ့်ယောင်၏ဖြူဖျော့ဖျော့မျက်နှာက ကာလာမျိုးစုံပြောင်းလဲသွားခဲ့၏။  

ရုန်ယီက ဆိုဖာအစွန်းကိုသွားကာ အသက်ပြင်းပြင်းရှူ၍ ကြမ်းပြင်ပေါ်ဒူးထောက်လိုက်သည်။ သူက ဆိုဖာအောက်ကိုခဏကြည့်လိုက်၏။ ထို့နောက် ဖုန်းထုတ်ကာမီးထိုးလျှက် ဆိုဖာ၏အရှေ့ရောအနောက်ရော နှံ့နှံ့စပ်စပ်ရှာကြည့်လေသည်။  

“ဘာမှလည်းမရှိပါလား...” သူက မျက်နှာကျက်ကိုမော့ကြည့်လိုက်၏။ “မင်းမြင်လိုက်တာသေချာရဲ့လား...”

ချန်းခယ့်ယောင်က မျက်နှာကျက်ထံမှ ဖြည်းဖြည်းချင်းလျှောကျနေသည်။ 

ရုန်ယီ မတ်တပ်ပြန်ရပ်ကာ မေးလိုက်၏။ “မင်းဟာမင်းလျှောက်တွေးပြီးလန့်နေတာလား...”

တစ်ဖက်လူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကိုကြည့်လာလေသည်။ 

ရုန်ယီဆက်လက်ဟန်မဆောင်နိုင်တော့ပဲ မျက်လုံးလိမ့်လိုက်မိ၏။ သူက ချန်းခယ့်ယောင်ကိုကြည့်ကာ ကြမ်းပြင်ကိုညွှန်ပြလိုက်သည်။  

“မင်းခုချက်ချင်း ဒီကိုဆင်းလာခဲ့...”

ချန်းခယ့်ယောင်အခုထိ ကြမ်းပြင်ပေါ်သို့ခြေမချရဲသေးချေ။ သူက ဆိုဖာပေါ်တွင်ခြေထောက်များကိုယှက်၍ထိုင်လိုက်သည်။ သူ့မျက်နှာက စိတ်ဖိစီးနေပုံပေါ်၏။

“ငါခုနက ဒီမှာထိုင်နေတာ...” သူ့အမူအရာက ထိတ်လန့်နေဆဲဖြစ်၏။ “ရုတ်တရက် ငါ့တံတောင်ဆစ်ကိုအေးစက်စက်ကြီးတစ်ခုလာထိတယ်လေ...”

ရုန်ယီ ထိုမြင်ကွင်းကိုမြင်ယောင်လာကာ ကျောရိုးတစ်လျှောက်ပင် ချမ်းစိမ့်စိမ့်ဖြစ်လာခဲ့သည်။  

“ပြီးတော့ရော...”

“ငါကြည့်လိုက်တော့ အနက်ရောင်ကြီးတစ်ခုက ဆိုဖာအောက်ကနေထွက်လာတယ်...” ချန်းခယ့်ယောင်ပြန်စဥ်းစားရင်း မျက်နှာပါရှုံ့မဲ့သွားခဲ့သည်။

 “ကံကောင်းလို့ပဲ...”

“ဒါပေမယ့် ငါအခုပဲစစ်ကြည့်ပြီးပြီ...အောက်မှာဘာမှမရှိဘူး...”

ချန်းခယ့်ယောင်က အလွန်ပင်ထိရှလွယ်နေသဖြင့် ခဏတော့ဘာမှပြန်မပြောနိုင်ခဲ့ချေ။ သူက အနည်းငယ်တွန့်ဆုတ်နေခဲ့ပြီးနောက် တစ်စုံတစ်ခုကိုသတိရသွားခဲ့၏။ 

“ဒါပေမယ့် လှောင်အိမ်ကအလွတ်ကြီးမဟုတ်လား...မြွေရော...”

“…” ရုန်ယီ ရှက်သွားခဲ့သည်။. “အဲ့ဒါက...ဆိုဖာအောက်မှာမဟုတ်တာတော့သေချာတယ်...”

ချန်းခယ့်ယောင်၏မျက်နှာက မှောင်မည်းသွားခဲ့၏။ သူက စက္ကန့်အနည်းငယ်ကြာစဥ်းစားပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ကြမ်းပြင်ပေါ်သို့သတိကြီးစွာဆင်းကာ သူ့အခန်းထံအမြန်ဦးတည်လိုက်၏။ 

“မင်းဘာလုပ်နေတာလဲ...” ရုန်ယီသူ့နောက်က မျက်ခြေမပြတ်လိုက်လာခဲ့လေသည်။ 

ချန်းခယ့်ယောင်က သူ့အခန်းထဲအမြန်ဝင်ကာ ကျောပိုးအိတ်ကိုထုတ်၍ စတင်ထုပ်ပိုးတော့သည်။

“ငါတခြားနေရာမှာ ရက်နည်းနည်းလောက်သွားနေမလို့...”

ရုန်ယီ ရှော့ခ်ရသွားခဲ့သည်။ 

“မင်းဖမ်းမိသွားရင် ဖုန်းခေါ်လိုက်နော်...” ချန်းခယ့်ယောင်က စားပွဲပေါ်ရှိလက်ပ်တော့ကိုပိတ်ကာ ကျောပိုးအိတ်ထဲထည့်လိုက်၏။ “အိုး...မဟုတ်သေးဘူး...မင်းသူ့ကိုပြန်ပို့ပြီးမှငါ့ကိုအသိပေး...”

“ဒါပေမယ့်…” ရုန်ယီ အနည်းငယ်စိုးရိမ်သွားခဲ့၏။

 “ငါတစ်ယောက်ထဲဒီမှာမကျန်ခဲ့ရဲဘူးလေ...”

ချန်းခယ့်ယောင်သူ့ကိုကြည့်ကာ လက်ယမ်းပြလိုက်သည်။ 

 “ဒါဆိုဘာလို့ဒီမှာရပ်နေသေးတာလဲ...အထုပ်အပိုးပြင်တော့...အတူတူသွားကြမယ်...”

“…”

ရုန်ယီ နောက်ဆုံးတွင်တော့မထိန်းနိုင်ပဲရယ်ချလိုက်မိတော့သည်။ 

သူအနည်းငယ်ကြောက်သော်လည်း ထိုမျှလောက်အထိမလိုအပ်ချေ။ ချန်းခယ့်ယောင်က အစိုးရိမ်လွန်နေခြင်းသာဖြစ်၏။ 

“စိတ်မပူပါနဲ့...” သူက ပြောပြောဆိုဆိုဖြင့် ချန်းခယ့်ယောင်၏ ကျောပိုးအိတ်ခါးပတ်ကိုဆွဲလိုက်သည်။ “ငါ့ကိုနာရီဝက်ပဲအချိန်ပေး...တွေ့အောင်ရှာပေးမယ်...”

ချန်းခယ့်ယောင်ထုပ်ပိုးနေသည်ကိုရပ်ကာ သူ့ကိုတွေတွေကလေးကြည့်လာသည်။ 

ရုန်ယီ ဖျစ်ညှစ်ပြုံးလိုက်ပြီးနောက် ခေါင်းလေးကိုလက်ဖြင့်ပုတ်ပေးလိုက်၏။ 

“လိမ္မာနော်...” သူက ဧည့်ခန်းအတွင်းရှိဆိုဖာထံညွှန်ပြလိုက်သည်။ 

“ဟိုနားမှာငြိမ်ငြိမ်လေးထိုင်နေ...”

ဤသို့ဖြင့် ချန်းခယ့်ယောင်က ဆိုဖာထံလျှောက်သွားပြီးနောက် ဒူးကိုလက်နှစ်ဖက်ဖြင့်ပိုက်ကာထိုင်နေလေသည်။ သူ၏ဦးခေါင်းက နေကြာပန်းကဲ့သို့ပတ်ချာလည်နေပြီး တိုက်ခန်းအတွင်းရှိ ရုန်ယီသွားသမျှနေရာတိုင်းကို မလွတ်တမ်းလိုက်ကြည့်နေ၏။ 

ရုန်ယီအပေါ်တက်လိုက်အောက်ဆင်းလိုက်၊ ကြမ်းပြင်တွင်ငုံရှာလိုက်၊ ကျောကိုပြန်ဆန့်လိုက် လုပ်နေသည်ကိုကြည့်ရင်း ချန်းခယ့်ယောင်ကရုတ်တရက်ပြောလာသည်။ 

“ငါစိတ်မကောင်းပါဘူး...” ချန်းခယ့်ယောင်က မလုံမလဲဖြစ်နေ၏။

 “ငါက ဘယ်နေရာမှအသုံးမကျဘူးလား...”

“ဟုတ်တယ်...” ရုန်ယီ ကြမ်းပြင်ပေါ်ထိုင်ချရင်းသက်ပြင်းချလိုက်သည်။ 

“မင်းရဲ့ခန္ဓာကိုယ်ကြီးက အလကားပဲ...”

“…”

ရုန်ယီ သူ့ဘက်လှည့်ကြည့်ကာ မနေနိုင်ပဲရယ်လိုက်မိသည်။  

“မေ့လိုက်ပါ...ငါမှားသွားတာ...ငါမင်းအမြင်ကိုအရင်မေးခဲ့သင့်တာပါ...”

ချန်းခယ့်ယောင် တစ်ခွန်းမှပြန်မပြောခဲ့ချေ။ 

နာရီဝက်က ကုန်လွန်သွားခဲ့ပြီဖြစ်၏။ 

မီမီကလုံခြုံစွာပုန်းနေလေရာ သူ့ကိုမမြင်ရသည့်အလျှောက် သူတို့၏ကြောက်ရွံ့မှုမှာလည်း တဖြည်းဖြည်းလျော့ကျလာခဲ့သည်။ ချန်းခယ့်ယောင်က ပို၍တည်ငြိမ်လာကာ အိမ်ကထွက်ပြေးလိုသည့်ဆန္ဒသည်လည်း ကွယ်ပျောက်သွားခဲ့ပုံရလေသည်။ 

ရုန်ယီ မီမီ့ကိုဆက်ရှာဖို့ပြင်စဥ်၌ ချန်းခယ့်ယောင်ကပြောလာ၏။ “ငါကအမြဲတမ်းအသုံးမကျဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး...တစ်ချို့နေရာတွေမှာဆို အတော့်ကိုအားကိုးရတာပါ...”

ရုန်ယီ သူ့ကိုပြန်ကြည့်လိုက်သည်။ 

“မဟုတ်လို့လား...” ချန်းခယ့်ယောင် သူ့ကိုကြည့်လိုက်၏။ 

ရုန်ယီက လက်များကိုဆန့်ထုတ်၍ အကြောလျှော့လိုက်ကာ ရှေ့သို့ပြန်လှည့်သွားခဲ့သည်။  

အမှန်စင်စစ် သူတို့စတင်တွေ့ဆုံသည့်အချိန်က ချန်းခယ့်ယောင်ကို ပြီးပြည့်စုံသောအမျိုးသားတစ်ဦးအဖြစ် သူမှတ်ယူခဲ့သည်။  

သူက အရပ်ရှည်ကာကြည့်ကောင်းပြီး ရင့်ကျက်သည်။ နူးညံ့သိမ်မွေ့သော်လည်း တရားမျှတ၍ရဲရင့်ပုံပေါ်လွင်လှ၏။ 

ယခုမူ ဆိုဖာပေါ်တွင်ကုပ်ကုပ်လေးထိုင်ကာ မြည်တွန်တောက်တီးနေပြီး သူ့ကိုယ်သူပင်ကာကွယ်နိုင်စွမ်းမရှိချေ။ သူက ယေဘူယျအားဖြင့် ဆတ်ဆတ်ထိမခံတတ်သူမဟုတ်သော်လည်း အိမ်မွေးမြွေတစ်ကောင်အား ရုန်ယီ့ထက်ပင်ပို၍ကြောက်နေသေးသည်။ 

အဆုံးသတ်၌ သူက အချိန်အများစုတွင်အားကိုးထိုက်သောလူတစ်ယောက်သည်ဟု သူ့ကိုယ်သူသတ်မှတ်နေသေးသည်။ 

ရုန်ယီ ရယ်ချင်လာခဲ့၏။ 

“မင်းကြည့်...မင်းစျေးဝယ်သွားချင်တဲ့အခါ ငါမင်းရဲ့ဒရိုင်ဘာလုပ်ပေးတယ်လေ...”

ချန်းခယ့်ယောင် ကြိုးစားပမ်းစားစဥ်းစားပြီးနောက် သူ၏အရည်အချင်းတစ်ခုကို ထုတ်ပြောလာခဲ့သည်။ 

ရုန်ယီက ကြမ်းပြင်ပေါ်မှောက်ကာ မြေကိုရှာနေရင်းပြောလာ၏။ “စျေးဝယ်တာက မင်းစားဖို့လေ...”

“ငါ ပန်းကန်လည်းဆေးပေးတယ်...” ချန်းခယ့်ယောင်ကဆိုသည်။ 

ရုန်ယီ မော့၍ပင်မကြည့်။ “ငါလည်ဆေးတယ်လေ...”

ဟင်းချက်ခြင်းမှာ ရုန်ယီ၏တာဝန်ဖြစ်ပြီး ပိုက်ဆံကိုမူချန်းခယ့်ယောင်ကပေးမည်ဟု သဘောတူခဲ့ကြလေသည်။ ပန်းကန်ဆေးသည့်အပိုင်းမပါဝင်ချေ။ ထို့ကြောင့် သူတို့နှစ်ဦးကအလှည့်ကျပန်းကန်ဆေးကြ၏။  

“ငါ မင်းရဲ့အိမ်အရောက်ပို့ပစ္စည်းတွေကိုလည်း ယူထားပေးတယ်...” ချန်းခယ့်ယောင်ကထပ်ပြော၏။

ရုန်ယီဤအိမ်သို့ပြောင်းလာကတည်းက အိမ်တွင်လူအမြဲရှိကြောင်းသေချာသိသည်အချိန်မှစ၍ အွန်လိုင်းမှပစ္စည်းမှာလျှင် ကုမ္မဏီလိပ်စာပေးမနေတော့ချေ။ ကောင်တာရှိဝန်ထမ်းများက ကုမ္မဏီဝန်ထမ်းများ၏ပစ္စည်းများအတွက် တာဝန်မယူကြသလို သူ့ဟာသူအိမ်သို့ပြန်သယ်ရန်မှာလည်း ကရိကထများလှလေသည်။ 

“မင်းအခုတော့ဒါကိုပြောလာပြီပေါ့...” ရုန်ယီ ခေါင်းယမ်းလိုက်သည်။ “ပစ္စည်းပို့တဲ့လူမနက်ပိုင်းရောက်လာတဲ့နေ့ဆို မင်းကဝက်တစ်ကောင်လိုအိပ်နေတာမဟုတ်ဘူးလား...”

“…” ချန်းခယ့်ယောင် မျက်မှောင်ကြုတ်လိုက်မိသည်။ “မင်းပြောတဲ့အတိုင်းဆို ငါကဘာမှအသုံးမကျတာကျနေတာပဲ...”

ရုန်ယီ စိတ်ထဲတွေးလိုက်မိသည်။  

တကယ်တမ်းဆို သူဒီလိုပြောလို့ရတာပဲ...“တကယ်လို့ငါသာလာမကယ်ရင် မင်းအဲ့ညကအသက်တောင်ရှိမှာမဟုတ်တော့ဘူး...” ဆိုပြီးလေ...

ထိုလူက တကယ့်ကိုကိုးရို့ကားယားနိုင်လှသည်။ ဓားနှင့်လူဆိုးကောင်ကိုမူ နောက်မတွန့်ပဲရင်ဆိုင်နိုင်သော်လည်း အိမ်မွေးမြွေတစ်ကောင်ကိုတော့ အဆုံးထိကြောက်ရွံ့နေလေသည်။  

မည်သို့ပင်ဖြစ်စေ...သူ၏အရည်အချင်းများက ဒါတင်မကချေ။ 

သူ့ကြောင့်သာမဟုတ်ပါက ရုန်ယီ ဤကဲ့သို့နေရာကောင်း၌ နေခွင့်ရမှာမဟုတ်ပေ။ ချန်းခယ့်ယောင်က စားသောက်စရိတ်ကို အိမ်ငှားခထက်ပိုပေးထားသေးသည်။ အမှန်စင်စစ် သူလည်းထိုစရိတ်ထဲမှစားသောက်နေခြင်းပင်။ 

သူ့ကြောင့်သာမဟုတ်ရင် ရုန်ယီ idol နောက်ကိုလိုက်ဖို့ ငွေအပိုလေးဘယ်ရှိနိုင်ပါ့မလဲ.... 

ချန်းခယ့်ယောင်၏ဖခင်က ချန်းခယ့်ယောင်မှာ စာရိတ္တကောင်းမွန်၍ ဉာဏ်ပညာကြီးမားပြီး သူ၏အမျိုးသမီးအားတုန်နေအောင်ချစ်မည့်သူဖြစ်ကြောင်း သူ့ကိုပြောပြခဲ့သည်။  

၎င်းကသေချာသလောက်ရှိ၏။ သူက သာမန်အိမ်ငှားတစ်ယောက်အပေါ်ရော၊ အိမ်ငှား၏ချစ်သူအပေါ်တွင်ပါ ကောင်းမွန်စွာဆက်ဆံလေသည်။ 

အမှတ်တမဲ့နေတတ်သောအမျိုးသားတွင် ဂရုစိုက်တတ်သည့်အပြုအမူလေးများလည်းရှိလေသည်။ ကျိုးလီထွက်သွားပြီးဒုတိယနေ့၌ ရုန်ယီက ချန်းခယ့်ယောင်တွင် တစ်ခါသုံးသန့်ရှင်းရေးပစ္စည်းများ ရှိနေရသည့်အကြောင်းရင်းကို သိချင်စိတ်ဖြင့်မေးမြန်းခဲ့၏။ ပိုပြီးအံ့သြစရာကောင်းသည်က အရေးကြီးသည့်အချိန်တွင် လိုအပ်သည့်ပစ္စည်းအားလုံးကို မြန်မြန်ရှာနိုင်သည့်စွမ်းရည်ဖြစ်သည်။ 

ချန်းခယ့်ယောင်က ထိုနေ့မတိုင်ခင်တစ်ညက စတိုးဆိုင်သို့သွားစဥ် အဆိုပါတစ်ကိုယ်ရည်သုံးပစ္စည်းများကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းပြောလာ၏။ သူက ရုန်ယီတစ်ယောက်ယောက်ကိုအိမ်ခေါ်လာခဲ့လျှင် ထိုအရာများကအသုံးဝင်လာလိမ့်မည်ဟု ရိုးရှင်းစွာတွေးမိခဲ့ခြင်းဖြစ်လေသည်။  

ဘယ်လိုတောင်ထူးဆန်းတဲ့လူလဲ...

“အာ...ငါနေ့တိုင်းစားပွဲကိုသန့်ရှင်းရေးလုပ်ပေးတယ်...” ချန်းခယ့်ယောင်ကဆို၏။

ထိုအမျိုးသားက သူ၏အရည်အချင်းကို အမွှန်းတင်နေဆဲဖြစ်သည်။

ရုန်ယီ ငိုရမလား၊ ရယ်ရမလားမသိတော့ချေ။ သို့သော် သူမော့ကြည့်လိုက်သည့်အခါ ချန်းခယ့်ယောင်က ဒူးပေါ်မေးတင်လျှက် သူ့အားကြည့်နေသည်ကိုတွေ့လိုက်ရသည်။  

“ငါကောင်းကောင်းတော့မဖော်ပြတတ်ဘူး...” သူက ရုန်ယီ့ကိုသေချာကြည့်လိုက်၏။ 

“ဒါပေမယ့် ငါကအချိန်တော်တော်များများမှာ အားကိုးရတယ်လို့ထင်နေတုန်းပဲ...တကယ်ပြောတာ...”

ရုန်ယီ အမြန်အကြည့်လွှဲလိုက်လေသည်။ 

စာရေးသူ၏ note:

မီမီ: ငါကငါ့ရဲ့အရည်အချင်းနဲ့ကျော်ကြားမှုကို ကောင်းကောင်းကြီးဖုံးကွယ်ထားနိုင်တယ်... 

Xxxxxxx