Chapter 26
ရုန်ယီ စဥ်းစားရင်းဖြင့်ရုတ်တရက်ပျာယာခတ်သွားသော်လည်း သိပ်မကြာလိုက်ပေ။
အဘယ့်ကြောင့်ဆိုသော် စက္ကန့်အနည်းငယ်အကြာတွင် ချန်းခယ့်ယောင်မှာ မျှော်လင့်ချက်များကချက်ချင်းပျောက်ကွယ်သွားသောကြောင့်ပင်
ထိုလူ ဆိုဖာအနောက်ဖက်မှ ခုန်ကျော်ကာ ဆိုဖာတစ်ခုလုံးကို လဲကျတော့မလိုဖြစ်အောင်လုပ်လိုက်စဉ် ရုန်ယီအမြန်ပြေးကာ ဆိုဖာကြားထဲမှထွက်လာသော မြွေနက်လေးကို လှမ်းဖမ်းလိုက်ရ၏။
မြွေနားတွင်ရှိနေစဉ်က လှမ်းထိဖို့ပင် မရဲခဲ့ချေ။
မီမီမှာလည်း ချန်းခယ့်ယောင်ကြောင့်လန့်သွားပုံရ၏။ သူ့ခေါင်းကို ကာကွယ်သည့်အနေအထားဖြင့်ရှိနေ၏။ ရုန်ယီသာ သတိလက်လွတ်သွားထိလျှင် တိုက်ခိုက်ခံရမည့် အနေအထားဖြစ်နေသည်။
ကျိုးလီ ယခင်က သဘာဝကျကျပင် လွယ်လွယ်ကူကူကိုင်ထားသည်ကို ရုန်ယီမြင်ဖူး၏။ သို့သော် ရုန်ယီ လွယ်လွယ်နှင့် မကြိုးစားရဲချေ။
ဆိုဖာပေါ်မှလူကို ပြန်ကြည့်လိုက်ကာ ပြောလိုက်၏။
“ခဏလောက် တိတ်တိတ်လေး နေပေးလို့မရဘူးလား…”
ချန်းခယ့်ယောင် ရုတ်တရက်ပါးစပ်ပိတ်သွားကာ တစ်ချိန်တည်းမှာပင် ရုန်ယီ၏လက်ကို လှမ်းကိုင်လိုက်၏။ သူ့လက်ချောင်းများမှာအေးစက်နေကာ တုန်ရီနေ၏။
သူ့ကိုကြည့်ရသည်မှာ သနားစဖွယ်ဖြစ်နေ၏။ ရုန်ယီ လက်အပေါ်မှ ညင်ညင်သာသာလေးပုတ်ပေးလိုက်ကာ
“ဒီမှာစောင့်နေ…တစ်ခုခုလုပ်ပေးပါ့မယ်…”
ကံမကောင်းစွာပင် ချန်းခယ့်ယောင်မှာ သူ့ကိုစောင့်နိုင်သော်လည်း မီမီမှာ ထိုသို့မဟုတ်ချေ။
ထိုအကောင်လေးမှာ သူ့ရှေ့မှလူနှစ်ဦးကို ခဏကြာကြည့်နေကာ ရုတ်တရက် အလင်းထက်မြန်သောအရှိန်ဖြင့် ရှေ့ကိုတိုးလာ၏။
ရုန်ယီ နဂိုကအတိုင်းလန့်သွားပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ချန်းခယ့်ယောင်မှာ လိပ်ပြာလွင့်မတတ်ဖြစ်သွား၏။ မီမီမှာ သူ့ဘာသာသွားနေစဉ် ချန်းခယ့်ယောင်သူ့တစ်ကိုယ်လုံးကို ရုန်ယီပေါ်သို့ပစ်ဝင်လိုက်ကာ လက်ရောခြေထောက်ရောပါ ဖက်တွယ်ထား၏။ လုံးဝစိတ်လွတ်သွားသည့် အနေအထားပင်ဖြစ်သည်။
ချန်းခယ့်ယောင် မှာအရပ် ၁.၉မီတာ ရှည်ပြီး ကြွက်သားအပြည့်နှင့်သူဖြစ်သည်။ လေးလိုက်သည့်ဖြစ်ခြင်း။ မခံနိုင်လောက်သည့်အလေးချိန်မျိုးဖြစ်၏။
သုံးစက္ကန့်လောက်သာ ခံလိုက်နိုင်ကာ ဆိုဖာပေါ်သို့လဲကျသွားပြီး လက်ထဲမှဘူးပင် လွင့်ထွက်သွား၏။
လူနှစ်ဦးမှာ ဆိုဖာပေါ်တွင်လူးလှိမ့်နေကာ အော်ဟစ်နေကြ၏။
ချန်းခယ့်ယောင် မှာရုန်ယီပေါ်တွင်လှဲနေကာ သူ့လက်မောင်းကို ဆုပ်ကိုင်လျက် အော်နေ၏။
“မြွေကြီးပျံနေတယ်…မြွေကြီးပျံနေတယ်…”
ရုန်ယီမှာ အသက်ရှူကြပ်လာကာ ပြောလိုက်လေသည်။
“ငါ့ပေါ်က ဆင်း…”
“ဘူးထဲကို ပြန်ထည့်ပေး…”
အော်လျက် ချန်းခယ့်ယောင် ရုန်ယီ၏ပခုံးကိုဆွဲလှုပ်နေ၏။
ရုန်ယီ မှာရုန်းကန်လျက်ကနေ ပြောလိုက်၏။
“မင်းအရင်ထလေ…”
အလွန်လေး၏။ ဘာကြောင့် ဒီလောက်တောင်လေးရသနည်း။ ဖယ်လိုက်လျှင် ကောင်းကင်သို့ပျံတက်သွားတော့မည့် ခံစားချက်ဖြစ်နေပေသည်။
ရုန်ယီမှာ ရွေးချယ်စရာမရှိ သူ့ကိုအမြန်နှစ်သိမ့်ကာ မြွေကို ရှာရဦးမည်။
“စိတ်အေးအေးထား မြွေကမရှိတော့ဘူး…”
ချန်းခယ့်ယောင်ပခုံးကို ပုတ်လျက် ဆက်ပြောလိုက်၏။
“မကြောက်နဲ့…ငါ ဒီမှာရှိတယ်…”
ကလေးလေးတစ်ယောက်ကို ချော့နေရသလိုဖြစ်သော်လည်း ထူးဆန်းစွာပင် သက်ရောက်မှုရှိ၏။
ခဏအကြာတွင် ချန်းခယ့်ယောင် အမှန်တကယ်စိတ်ငြိမ်သွား၏။ ရုန်ယီ့ဘေးက ဆိုဖာပေါ်တွင်မျက်နှာအပ်လျက် မေးလိုက်၏။
“မြွေရောဘယ်ရောက်သွားပြီလဲ…”
ဆိုဖာပေါ်တွင် ရုန်ယီဟိုကြည့်ဒီကြည့်ရှာကာ ရုတ်တရက် ဝမ်းသာသွား၏။
မီမီမှာလည်း ထိတ်လန့်လျက်လျှောက်သွားရင်းက ရုန်ယီ့လက်ထဲမှ လွတ်သွားသောဘူးထဲသို့ရောက်နေ၏။ ထိုအထဲတွင် မလှုပ်မယှက်ခွေနေလျက်ရှိသည်။
“မြွေပြန်ရောက်နေပြီ…”
ရုန်ယီ ဘာ့ကြောင့်မှန်းမသိ တိုးတိုးလေးပြောလိုက်၏။ မီမီလန့်သွားမှာစိုးရိမ်သောကြောင့်ပင်ဖြစ်နိုင်၏။
စကားပြောနေရင်း ချန်းခယ့်ယောင်ခေါင်းကိုကိုင်ကာ မြွေဘက်သို့လှည့်ကြည့်အောင်လုပ်နေ၏။
ချန်းခယ့်ယောင် အခုမှပင်သက်ပြင်းအကြီးကြီးချနိုင်တော့သည်။
သက်ပြင်းနှင့်အတူ ထွက်သက်၏လေနွေးငွေ့တစ်ဝက်လောက်ကို ရုန်ယီမျက်နှာကပင် ခံစားမိလိုက်၏။
“ကောင်းပြီ…” ရုန်ယီ အသံမှာပို၍တိုးသွား၏။ “မြန်မြန်ထ သွားပြီးတော့ အဖုံးပိတ်ရဦးမယ်...”
ချန်းခယ့်ယောင် ပြန်လှည့်ကြည့်သောအခါ ရုတ်တရက်မျက်လုံးချင်းဆုံသွားပြီးနောက် အမြန်အကြည့်လွှဲလိုက်ကြ၏။
ထို့နောက် အသံတိုးတိုးလေးဖြင့်ပြောလိုက်လေသည်။
“… ဆောရီး”
“အရင်ထပါဦး…” ရုန်ယီ အကြည့်ကိုရှောင်လွှဲရန် မျက်နှာကို အခြားဘက်သို့လှည့်လိုက်၏။
ခန္ဓာကိုယ်ရော မျက်လုံးပါ မလှုပ်မယှက်ပင် ရုန်ယီ၏ပေါ်တွင် ရှိနေ၏။
“မင်း…” ရုန်ယီ ပြာယာခတ်သွားပြန်၏။ “မင်း မထရင်…မြွေပြန်ပြီးတော့ ထွက်ပြေးသွားလိမ့်မယ်နော်…”
မထင်မှတ်ထားပဲ ထိုစကားက ပိုအလုပ်ဖြစ်နေသည်။ ချန်းခယ့်ယောင် ချက်ချင်းပင် သူ့ပေါ်က ဖယ်လိုက်သည်။
ထိုအပြင့် ရေချိုးခန်းသို့ပြေးသွားကာ တံခါးကို စောင့်ပိတ်လိုက်၏။
ရုန်ယီ ဆိုဖာပေါ်တွင် ခဏလှဲပြီးမှ နားရွက်များ မျက်နှာများနီကာ ထထိုင်လိုက်သည်။
ရုန်ယီ မီမီရှိိနေသောဘူးကို ဆယ်လိုတိတ်ဖြင့်ပိတ်လိုက်ကာ လေပေါက်များကိုတော့ ချန်ထားလိုက်သည်။
လုံခြုံစွာပိတ်ရန် ဂရုစိုက်ရသည့်အပြင် ကျိုးလီပြန်ယူသည့်အခါတွင်လည်း ပြန်ဖြေသည့်အခါ မခက်ခဲစေရန် ဂရုစိုက်ရသေးသည်။ အားလုံးပြီးသွားသည့်တိုင် ချန်းခယ့်ယောင် အခန်းထဲမှ ထွက်မလာသေး။
ချန်းခယ့်ယောင် နောက်ထပ်အန်နေပြီလားဟု ရုန်ယီသံသယရှိသွား၏။
မီမီကို ပိတ်ပြီး ရုန်ယီအချိန်အတော်ကြာ ဧည့်ခန်းထဲတွင် ထိုင်နေပြီးမှ ချန်းခယ့်ယောင်ထွက်လာ၏။
သူ့မျက်နှာမှာစိုရွှဲကာ မျက်နှာပေါ်မှ ရှေ့ဆံပင်များမှာ ရေပတ်ထားသကဲ့သို့ ပူးကပ်နေ၏။ ရုန်ယီကိုမြင်သောအခါ တစ်ခုခုပြောရန် ပြင်သော်လည်း ရုတ်တရက်ရပ်သွားပြီးနောက်ပြန်ဆုတ်သွားသည်။
“… ပိတ်ထားပြီးသွားပြီ” ရုန်ယီ မလိုက်ကာ သူ့ကိုပြလိုက်၏။ “ပြန်မထွက်လာတော့ဘူး…”
ချန်းခယ့်ယောင် ပုံစံမှာသနားစရာပုံပေါက်နေကာ ကြည့်ပင်မကြည့်ချင်သည့်ပုံပေါက်နေသည်။
“မြန်မြန်…ယူသွားလိုက်ပါတော့…” ပြောရင်း ရုန်ယီကို လက်ဟန်ခြေဟန်ဖြင့်ပြလျက် “ငါ့ကို လာမပြပါနဲ့တော့…”
နောက်တစ်နေ့မနက်တွင် ကျိုးလီ သူ့အဖိုးတန် မီမီလေးအကြောင်းကိုဖုန်းဆက်မေး၏။ မနေ့ညက အဖြစ်အပျက်ကို ဟာသအနေဖြင့် ပြောပြ၏။ အမှန်က ချန်းခယ့်ယောင်ကို လှောင်ကာ အတူတူဟားကြရန်ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ထားဘဲ ကျိုးလီမှာအံ့ဩသွား၏။
“သူတကယ်အဲ့လောက်တောင် ကြောက်သွားတာလား…” ကျိုးလီမှာ အလွန်အားနာနေသော အသံဖြင့်မေးလိုက်၏။
“အဲ့ဒါဆို ငါအခု မီမီကို လာယူလိုက်တော့မယ်…”
“အဘွား စိတ်ဆိုးသွားမှာပေါ့…”
“ရပါတယ်…တစ်ခုခု ကြံရမှာပေါ့…” ကျိုးလီက ပြန်ဖြေ၏။
“ငါအခု လာလိုက််မယ်…”
ကျိုးလီကို အပြစ်မတင်ကြောင်း ပြောသော်လည်း ထိုနူးညံ့သောကောင်လေးမှာ အရိုးထဲကပင် ထူးဆန်းသောခေါင်းမာမှုရှိကာဒုက္ခထပ်မပေးချင်တော့ပုံပေါ်၏။ ရုန်ယီဘာပြောပြော လာမည်ဟုအတင်းပင်ပြောကာ မြွေကို ပြန်ယူသွားမည်ဟု ပြော၏။
တစ်ဖက်ကကြည့်လျှင်လည်း ရုန်ယီစိတ်သက်သာရာ ရသွား၏။
ချန်းခယ့်ယောင်သာ မြွေအဲ့လောက်ကြောက်တတ်မှန်းသူသိခဲ့လျှင် ကျိုးလီ၏တောင်းဆိုချက်ကို အစောကတည်းက ငြင်းခဲ့မည်ဖြစ်၏။
သူရောက်လာသောအခါ ခဏထိုင်ကာ ဝတ္တရားအရ စကားပြောရဦးမည်။ ရုန်ယီမနေ့ညက ချန်းခယ့်ယောင်အကြောင်း ပြောပြပြီးသောအခါ ကျိုးလီခဏတွေးကာ ပြောလိုက်၏။
“ ငါ မင်းတို့နှစ်ယောက်ကို ညစာစားဖို့ဖိတ်လို့ရလား…ကျေးဇူးတင်တာရော…အားနာတဲ့အနေနဲ့ရောပါ…”
ရုန်ယီ ကျိုးလီခံစားချက်ကို နားလည်၏။ တစ်ယောက်ယောက်ကို ကျေးဇူးကြွေးတင်ရသည်မှာ အားနာစရာကောင်း၏။ သူတောင်းဆိုသည်ကို လက်ခံလိုက်သည်မှာ အကောင်းဆုံးဖြစ်၏။
ချန်းခယ့်ယောင် နိုးခါနီးလာသောအခါ ရုန်ယီ သူ့ကိုစာပို့ကာ အကျိုးအကြောင်းမေးလိုက်၏။ မီမီရှိနေသေးသောကြောင့် အခန်းပြင်တောင် ထွက်လာမည်မဟုတ်ကို သိနေသောကြောင့် ဖြစ်သည်။
ခဏကြာသောအခါ ချန်းခယ့်ယောင် ပြန်ဖြေ၏။
“ငါက မင်းတို့နှစ်ယောက်ကြားထဲ လိုက်နှောင့်ယှက်သလိုဖြစ်နေမှာပေါ့…”
ရုန်ယီမှာ ပြောစရာစကားပျောက်သွားပြီး ကျိုးလီမှာ သူ့ထက်ပင် ပိုအံ့ဩသွား၏။
“မင်း သူ့ကိုမရှင်းပြရသေးဘူးလား…” အံ့ဩစွာမေးကာ “ငါ ပြောပေးရမလား…” ဆက်ပြော၏။
“အင်း…” ရုန်ယီ ခဏကြာ တုန့်ဆိုင်းနေကာမေးလိုက်၏။
“သူနဲ့ လျှိုယွမ်…သူတို့ ဆက်ဆံရေးကောင်းနေတာ…ဒီအကြောင်းကိုရှင်းပြလိုက်ရင်လျှိုယွမ်လည်း မင်းတစ်ကိုယ်တည်းသမားဖြစ်နေတာ သိသွားရင် မင်းဒုက္ခမများဘူးလား…”
သူပြောသော အကြောင်းပြချက်မှာလည်း သင့်တော်သော အကြောင်းပြချက်တစ်ခုဖြစ်၏။
ကျိုးလီမှာ ကျေးဇူးတင်သွားကာ တစ်ချိန်တည်းတွင် အလွန်လည်း အားနာသွား၏။
ထိုအချိန်တွင်ပင် ချန်းခယ့်ယောင်ဆီမှစာတစ်စောင် ထပ်ရောက်လာ၏။ “ငါက အဆင်ပြေပါတယ်…ဘယ်တော့လဲ…”
ရုန်ယီ စာမပြန်ခင်မှာပင် ချန်းခယ့်ယောင်အခန်းဘက်မှ အသံထွက်လာ၏။
“ငါ တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ သူငယ်ချင်းခေါ်လာလို့ရလား…”
ချန်းခယ့်ယောင် က လျှိုယွမ်ကို ခေါ်လာချင်သည်ဟု ပြော၏။
“သူ ညသန်းခေါင်ကြီး ကဗျာတွေရေးနေခဲ့တာ…စိတ်အခြေအနေမကောင်းတဲ့ပုံပဲ…” ချန်းခယ့်ယောင်ကပြော၏။ “သူ့ကိုခေါ်ပြီးတော့ စိတ်ပျော်အောင်လုပ်ပေးရအောင်…သူ့အတွက် ကုန်ကျစရိတ်ကို ငါပေးပါ့မယ်…”
ကျိုးလီမှာ အမြန် လက်ကိုဝှေ့ယမ်းကာ ပြော၏။
“မလိုပါဘူး…ကျွန်တော် ကျွေးရမှာပေါ့…”
လျှို့ယွမ်နှင့် အချိန်ညှိပြီးနောက် မနက်ဖြန်ဖြစ်သော တနင်္ဂနွေနေ့ နေ့လည်ကို ချိန်းလိုက်ကြ၏။
ကျိုးလီ သူ့မီမီနှင့်ထွက်သွားသောအခါ အခန်းအနေအထားမှာ အနည်းငယ်ပြောင်းလဲသွား၏။ နှစ်ယောက်သားမှာ ယခုလိုသဘာဝကျကျလေးရင်နှီးနေသော်လည်း တစ်ခါတစ်ရံ နှစ်ယောက်တည်းရှိသောအခါ ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်ဖြစ်သွားတတ်သည်။
သူ့လိုပင် ဖြစ်နေသော ချန်းခယ့်ယောင်ကိုကြည့်ကာ “အဲ့ဒါဆို ငါအခန်းထဲ ပြန်သွားတော့မယ်နော်…”
ပြောလိုက်သောအခါ ချန်းခယ့်ယောင် လည်းခေါင်းညိတ်ပြကာ ပြန်ပြောလိုက်၏။
“အင်း…”
ရုန်ယီသူ့အခန်းဆီသို့ ခြေလှမ်းအနည်းငယ်လျှောက်လာပြီးမှ ပြန်လှည့်ကြည့်လိုက်ကာမေးလိုက်၏။
“…ဒီနေ့ညစာ ဘာစားချင်လဲ…”
ချန်းခယ့်ယောင် ခဏကြာတွေးနေကာ ပြောလိုက်၏။
“နံရိုးစွပ်ပြုတ်…”
ရုန်ယီလက်လျော့လိုက်ကာ ခေါင်းညိတ်လိုက်ပြီးမှ ပြောလိုက်၏။
“ဟုတ်ပါပြီ…”
သူ့အခန်းသို့ ပြန်လျှောက်သွားကာ နှစ်လှမ်းလောက်လျှောက်ပြီး ပြန်လှည့်ကြည့်လိုက်သောအခါ ချန်းခယ့်ယောင်မှာ သူ့ကိုရပ်ကြည့်နေဆဲဖြစ်ကြောင်း သိလိုက်ရ၏။
မျက်လုံးချင်းဆုံသွားသောအခါ ချက်ချင်းပင်အလိုလျောက် အကြည့်လွှဲလိုက်ကြသည်။
ချန်းခယ့်ယောင် မျက်လုံးများမှာ ကြမ်းပြင်ကိုကြည့်လျက် ဘယ်ညာရွေ့နေကာပြောလိုက်၏။
“မင်း အရင်ပြောလေ…”
ရုန်ယီ ခဏတာာတုံ့ဆိုင်းနေပြီးမှ လက်သီးဆုပ်လိုက်ကာမေးလိုက်၏။
“မနေ့ညက ဘာလို့အိမ်သာကို ပြေးသွားတာလဲ…”
ချန်းခယ့်ယောင် ရုတ်တရက်ငြိမ်သွားပြီးမှ သူ့မျက်နှာအမူအရာမှာ သိသိသာသာ စိတ်ရှုပ်သွား၏။
“အာ… ငါ…ငါ ရုတ်တရက်နေလို့မကောင်းလို့…ငါထင်တာ အရမ်းလန့်သွားလို့ထင်တယ်…ဗိုက်ထဲက ရုတ်တရက် မကောင်းတော့ဘဲနဲ့…”
ရုန်ယီ သူ့မျက်နှာကို ခဏစိုက်ကြည့်လိုက်ကာ ပြောလိုက်၏။
“ကောင်းပါပြီ…”
သူ့အခန်းဆီသို့ သုံးကြိမ်မြောက် ဦးတည်လိုက်သည့်အချိန်မှာပင် ချန်းခယ့်ယောင် အသံမှာ အနောက်က ထွက်လာ၏။
“မဟုတ်ပါဘူး…”
ရုန်ယီ ပခုံးတွန့်ပြကာ ချန်းခယ့်ယောင်ကိုကျောပေးလျက် ပြောလိုက်၏။
“ ရိုးနေပါပြီ…”
အခန်းသို့ပြန်ရောက်သောအခါ တံခါးကိုချက်ချင်းပိတ်လိုက်၏။ အခန်းကို နှစ်ပတ်လောက်ပတ်ပြီးနောက် ဖုန်းကို ထုတ်လိုက်သည်။
ကြည့်ထားသော စာရင်းကို ဖွင့်ကြည့်ပြီးနောက် လွန်ခဲ့သောအပတ်က သူသွားကြည့်ခဲ့သော စကားဝိုင်းကိုရှာတွေ့ခဲ့၏။ ယခုအခါသူ့အကောင့်ကို ကန့်သတ်ထားခြင်းမရှိတော့ဘဲ လွတ်လပ်စွာ စကားပြောခွင့်ပေးထားပြီဖြစ်၏။
ရုန်ယီ ယနေ့တိုင် သူ့ကိုစိတ်အနှောင့်အယှက်ပေးခဲ့သော ပို့စ်ကိုပြန်ရှာကာ စာရိုက်ထည့်လိုက်၏။
“ဘာလို့ အိုမီဂါဖြစ်နေလဲဆိုတာနဲ့ ပတ်သက်ပြီးဒုက္ခရောက်နေတာထက်စာရင် တတ်နိုင်သလောက်မြန်မြန် ကျွမ်းကျင်စိတ်ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးကြည့်တာ ကောင်းမယ်ထင်တယ်နော်”
X