အပိုင်း ၂၇
Viewers 14k

Chapter 27 : 

မနေ့က ဖြစ်သွားတာ တကယ်မတော်တဆပါ…

ပို့စ်မှာ ချန်းခယ့်ယောင်တင်ထားသည်မဟုတ်သော်လည်း ရုန်ယီစိတ်ထဲတွင် ထိုသို့ပင် ထင်နေမိသည်။ ပိုစဉ်းစားလေ ချန်းခယ့်ယောင်အပေါ် ပိုဒေါသထွက်လေ ဖြစ်၏။ 

သူ့အမြင်တွင် ထိုသူမှာ အယ််လ်ဖာများထဲတွင်မှ ကျားအယ်လ်ဖာများကိုသာ နှစ်သက်ခဲ့ဖူးသောကြောင့် အခြားသူများကိုခေါင်းမာသောအကျင့်စရိုက်နှင့် ပတ်သက်ပြီး ဝေဖန်ရန်အဆင့်မရှိဟု ထင်မိသည်။ သာမန်အားဖြင့် မ အယ်လ်ဖာမှာ မည်မျှပင်ကြီးထွားသန်မာပါစေ သူ့ရှေ့ရောက်လျှင် သူ့ကို စိတ်လှုပ်ရှားစေသည့်ထို လက္ခဏာ မရှိတော့ဘဲ သေးကွေးသွားကြသောကြောင့်ဖြစ်၏။ 

ရုန်ယီ၏ အိုမီဂါအနေနှင့် အသိတရားမှာ အလွန်သန်မာပြီး ချစ်စရာငှက်လေးကဲ့သို့ လူမျိုးကို မှီတွယ်နိုင်ရန် မျှော်လင့်မိ၏။လက်တွေ့ဘဝက သူ့ကို သိမ်းငှက်တစ်ကောင်ကဲ့သို့ အတောင်များကို ဖြန့်ကားရန်တွန်းအားပေးသည့်တိုင် အနည်းဆုံးတော့ သူနှင့်အရွယ်အစားတူတစ်ကောင်လောက်နှင့် အတူတူပျံသန်းသင့်သည် မဟုတ်ပါလား။ 

ခဏအကြာတွင် သူ့အကောင့်ကို ပြန်ဖွင့်ကြည့်သောအခါ သူ့အကောင့်မှာ အတိတ်ဟောင်းများကို တူးဖော်ခြင်းကြောင့် တစ်ရက်တာ ပိတ်ပင်ခြင်းခံလိုက်ရကြောင်း သိလိုက်ရသည်။ သူဖော်လိုက်သော ပို့စ်မှာလည်း သော့ခတ်ထားသော အခြေအနေဖြစ်သွား၏။ 

ထိုစကားပြောအုပ်စုအတွင်း အရေးမပါသောအရာများအလွန်များသလို စည်းကမ်းများလည်း အလွန်များ၏။ ထိုလူများ၏အချစ်ရေးကိစ္စများမှာ အဆင်မပြေကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။ 

နံရိုးချိုချဉ်ဟင်းမှာ ရုန်ယီကျွမ်းကျင်သောဟင်းဖြစ်၏။ သို့သော် နေ့လယ်ခင်းတစ်ခုလုံးကို အိပ်ရာထဲတွင် အခြားကိစ္စများကိုစဉ်းစားရင်းကုန်ဆုံးခဲ့ကာ သူ့ပျံ့နှံ့နေသော အတွေးများကို ဖယ်ရှားရန် ဝတ္ထုဖတ်နေခဲ့သည်။ သူဟင်းချက်ရန် သတိရသောအခါအနည်းငယ် နောက်ကျနေပြီ ဖြစ်၏။ 

နံရိုးများမှာ ရေခဲသေတ္တာထဲတွင် ခဲထားဆဲဖြစ်သည်။ နံရိုးများကို ထုတ်ကာ ပျော်ကျသည်အထိ စောင့်ရန်မှာ အလွန်နောက်ကျသွားပြီဖြစ်၏။ 

ရုန်ယီ မီးဖိုချောင်သို့ပြေးသွားပြီးနောက် သူဝယ်ထားသော နံရိုးများမှာ ဘေစင်ထဲတွင် ထုတ်ထားပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။ ရုန်ယီ ခဏတာ ငြိမ်သက်သွား၏။ ဧည့်ခန်းသို့ပြန်လာကာ ချန်းခယ့်ယောင်အခန်းသို့ဦးတည်လျက် အော်မေးလိုက်၏။ 

“နံရိုးတွေ မင်းထုတ်ထားတာလား…” 

ချန်းခယ့်ယောင်အခန်းတံခါးမှာ ချက်ချင်းပွင့်လာကာ ဂုဏ်ယူနေသော မျက်နှာမှာပေါ်ထွက်လာ၏။

 “ငါမဟုတ်ဘဲ ဒီအိမ်မှာ ဘယ်သူရှိသေးလို့လဲ…” 

“၂.၅ ကီလိုလေ…” ရုန်ယီပြောလိုက်၏။ “အားလုံးထုတ်ထားရအောင် အကုန်စားနိုင်လို့လား…”

ချန်းခယ့်ယောင် ဘာမှပြန်မပြောနိုင်ခင်မှာပင် မီးဖိုခန်းထဲသို့ ပြန်ဝင်သွား၏။ 

ခဏအကြာတွင် ပိုနေသောနံရိုးများကို ထုပ်ပိုးကာ ရေခဲသေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီးချိန်တွင် သူ့အနောက်မှ မီးဖိုတံခါးမှာ ပွင့်လာ၏။ 

ရုန်ယီ သူ့ကို တစ်ချက်လှည့်ကြည့်ကာ ပြန်လှည့်သွားပြီး လုပ်စရာအလုပ်ကို ဆက်လုပ်နေလျက် မေးလိုက်၏။ 

“ဘာဖြစ်လို့လဲ…” 

“ဘာမှမဖြစ်ပါဘူး…” ချန်းခယ့်ယောင်ဝင်လာပြီး “ငါ့ မီးဖိုခန်းမှာ ငါလမ်းလာလျှောက်တာပဲ အကြောင်းမရှိဘဲ လျှောက်လို့မရဘူးလား..”

ချန်းခယ့်ယောင် သူ့နောက်တွင်ခဏကြာဝေ့ပတ်နေပြီးမှ မေးလိုက်၏။

 “ဘာလို့အခုနောက်ပိုင်း ငါ့ကိုလွယ်လွယ်နဲ့ အမြင်မကြည်တော့ဘူးလို့ ခံစားနေရတာလဲ…” 

“ဟုတ်လား…” ရုန်ယီ ခေါင်းငုံ့လျက် သူ့ရှေ့က ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ဂျင်းများကိုသာ အာရုံစိုက်နေ၏။ 

“မနေ့ကတကယ် မတော်တဆပါ…” ချန်းခယ့်ယောင်ပြော၏။ 

“ငါက အဲ့လိုလုပ်မယ့်သူမျိုးမှ မဟုတ်တာ…”

ရုန်ယီ နောက်ဆုံးတော့ သူ့ကိုပြန်ကြည့်ကာ ပြောလိုက်၏။ “မနေ့ညက ဆိုဖာပေါ်မှာ ပြောပြီးပြီမဟုတ်ဘူးလား…” 

“…” ချန်းခယ့်ယောင် မျက်နှာလွှဲလိုက်ကာ “တကယ်အရေးကြီးလို့ပါ… မင်းကြားတာ သေချာအောင်လို့…”

ရုန်ယီ သူ့ကိုကျောပြန်ပေးကာ ပြောလိုက်၏။ 

“ဟုတ်ပါပြီ…ငါ သဘောပေါက်ပြီ…သွားပါတော့…” 

သို့သော် ချန်းခယ့်ယောင် ထွက်မသွားချေ။ ရုန်ယီ့နောက်တွင် ဝေ့လည်ကြောင်ပတ်လုပ်နေကာ တစ်ယောက်တည်းထွက်မသွားချင်သည့်ပုံ ဖြစ်နေကာ မေးလိုက်၏။ 

“ငါတစ်ခုခု ကူပေးလို့မရဘူးလား..” 

“မရဘူး…” ရုန်ယီ ခေါင်းခါပြလိုက်၏။

 “မင်းဒါတွေ မလုပ်နိုင်ဘူး…” 

“ဒါပေမယ့် ဒီတိုင်းအကုန်နေတိုင်းစားနေရတာ အားနာလို့လေ…” 

“မင်း ဝယ်ထားတာတွေပဲကို”

“အော်..အင်း” ချန်းခယ့်ယောင် ခေါင်းညိတ်လိုက်၏။ ” … ဟုတ်သားပဲ”

“လျှောက်သွားမနေနဲ့…” ရုန်ယီ သူ့ခြေထောက်ကိုမကာ သူ့ခြေသလုံးကို ဖွဖွလေးကန်လိုက်၏။ “မြန်မြန် သွားတော့…”

“ငါ့ကို အနှောင့်အယှက်လို့ ထင်နေတာပဲ…”

ရုန်ယီ သူ့ကို ပြန်ကြည့်ကာ ပြောလိုက်၏။ “အခုမှ သိတာလား…”

ချန်းခယ့်ယောင် မှာဘာပြန်ပြောရမှန်းပင် မသိတော့သောကြောင့် ခဏတာငြိမ်သက်ကာ သူဂရုမစိုက်သည့်ပုံဖြင့် ပခုံးတွန့်ပြလိုက်၏။ ပြန်လှည့်ပြီး ထွက်သွားရန်လုပ်နေစဉ်မှာပဲ စားပွဲအစွန်တွင်ရှိနေသော ရုန်ယီ့ဖုန်းမှ အသံမြည်လာ၏။ 

ရုန်ယီမှာ အစားအသောက်ပြင်ဆင်နေတုန်းဖြစ်သောကြောင့် လက်များမှာပေကျံနေပြီး ဖုန်းကိုင်ရန် အဆင်မပြေဖြစ်နေ၏။ 

“ကြည့်ပါလား အကူအညီလိုတာပေါ်လာပြီမလား…” 

ချန်းခယ့်ယောင် ထိုသို့ပြောလိုက်ပြီးဖုန်းကိုကိုင်ပေးလိုက်၏။ ထို့နောက် ဖုန်းစခရင်မ်ကို ကြည့်ကာ ငြိမ်သက်သွား၏။ 

ရုန်ယီ ဖုန်းစခရင်မ်ကိုကြည့်လိုက်ပြီး အနည်းငယ်ရှက်သွား၏။ သူ့ဖုန်းစခရင်မ်ပေါ်မှ ဓာတ်ပုံမှာ ရှောင်းကျန့်ပို့ပေးထားသောပုံဖြစ်၏။ နေ့တိုင်းသူ့ဖုန်းတွင် သူ့အိုင်ဒေါပုံကို မြင်နေရသည်မှာ ကျေနပ်စရာပင်ဖြစ်၏။  

သို့သော် ယခုတစ်ယောက်ယောက်က ထိုပုံကိုတွေ့သွားသောအခါ မရှက်ဖို့မှာ ခက်ခဲ၏။ 

ချန်းခယ့်ယောင် ထိုပုံကိုကြည့်ပြီး မျက်မှောင်ကြုတ်နေစဉ် ရုန်ယီသူ့ကိုပြောလိုက်၏။

 “ငါ့သူငယ်ချင်းဆီက ထင်တယ် ပြန်ဖြေဖို့ခလုတ်နှိပ်ပေးပါဦး…” 

ချန်းခယ့်ယောင် သူပြောသည့်အတိုင်းနှိပ်ပေးလိုက်ကာ နားနားသို့ဖုန်းကို ကပ်ပေးလိုက်၏။ ထို့နောက်ဘေးနားတွင်ရပ်ကာအလုပ်ကိစ္စအကြောင်းပြောနေတုန်းကို တိုးတိုးလေးကပ်ပြီး နားထောင်နေလိုက်သည်။ 

နှစ်ကြောင်း သုံးကြောင်းနှင့်ပင် ရှင်းပြနိုင်သော အရေးမကြီးလှသော ကိစ္စဖြစ်၏။ 

ဖုန်းပြောပြီးသောအခါ ချန်းခယ့်ယောင်ဖုန်းကို သူ့နေရာတွင်သူပြန်မထားဘဲ ဖုန်းစခရင်မ်မှပုံကို စက္ကန့်အနည်းငယ်ကြာ ထပ်ကြည့်နေ၏။ 

ရုန်ယီ ပိုပိုရှက်လာကာ ချန်းခယ့်ယောင်အထင်မလွဲစေရန် ရှင်းပြဖို့လုပ်လိုက်၏။ 

“မော့ယွီဖေး” ချန်းခယ့်ယောင် နောက်ဆုံးတော့ ဖုန်းကိုချလိုက်၏။ “သူ့ကို သဘောကျတာလား…”

ချန်းခယ့်ယောင် သိသောသူဖြစ်နေသောကြောင့် ရှင်းပြရန်လွယ်ကူသွား၏။

ရုန်ယီ သူ့ကိုပြုံးပြကာ “မိတ်ဆက်ပေးပါရစေ…ဒါက ငါ့ခင်ပွန်းလေ…” 

“…” ချန်းခယ့်ယောင် မျက်စောင်းထိုးကာ ထွက်သွား၏။ 

အယ်လ်ဖာများကို နှစ်သက်သောထိုလူမှာ ရုန်ယီ၏ အိပ်မက်ချစ်သူဖြစ်သော ချောမောလှသူကို သေချာပင်မကြည့်သွားသည်မှာမကျေနပ်စရာပင်ဖြစ်၏။ 

သူတို့ ညစာစားပွဲတွင် ထိုင်သည့်အချိန်အထိ ရုန်ယီမှာအနည်းငယ်စိတ်ဆိုးနေသေး၏။ 

“ေမာ့ယွီိဖေးက တကယ်ကြည့်ကောင်းတယ်လို့ မထင်ဘူးလား…” 

စိတ်အားထက်သန်စွားပင် ချန်းခယ့်ယောင်ကို မိတ်ဆက်ပေး၏။ “သူပါဖူးတဲ့ ရုပ်ရှင်သိလား…နာမည်က…” 

“သာမန်ပါပဲ…” ချန်းခယ့်ယောင် ခေါင်းငုံ့သွားပြီး နံရိုးများကိုသာဆက်ဝါးနေ၏။ “အာ…ဒါက စားကောင်းလိုက်တာ…၉၅မှတ်ပေးတယ်…ငါးမှတ်က စာဖိုမှူးစကားများလို့ နှုတ်လိုက်ပြီ…” 

“…”

“ဘာလို့စိုက်ကြည့်နေတာလဲ…” ချန်းခယ့်ယောင် နောက်ထပ်နံရိုးတစ်ခုကို ယူလိုက်၏။ “မြန်မြန်မစားရင် ငါ အကုန် စားလိုက်တော့မှာနော်…”

“ငါထင်ထားတာသလို မဟုတ်ဘူးပဲ… လိင်တူချစ်သူဆိုရင်တောင် ကိုယ့်ထက်ပိုကြည့်ကောင်းတဲ့သူဆိုရင် မနာလိုဖြစ်ကြတယ်မဟုတ်ဘူးလား…”

ချန်းခယ့်ယောင် ရပ်သွား၏။

 “သူက ငါ့ထက်ပိုကြည့်ကောင်းတယ်လို့ ထင်တာလား…” 

“အဲ့ဒါက အသိသာကြီးမဟုတ်ဘူးလား…” ရုန်ယီ ပြောလိုက်၏။ 

“အင်းပေါ့လေ…” ချန်းခယ့်ယောင် နှုတ်ခမ်းများကို ခဏကိုက်ကာ “ငါက မိတ်ကပ်တွေအများကြီးမလိမ်းထားဘူး…ပုံတွေကိုပြင်ထားတာလည်းမရှိတဲ့ကယ့်အစစ်ဆိုတော့…” 

ရုန်ယီခေါင်းထဲတွင် အခုတလော ခေတ်စားနေသော စကားလုံးတစ်ခုပေါ်လာ၏။ “Straight အယ်လ်ဖာ ကင်ဆာ “ 

မထင်မှတ်ထားစရာပင် ချန်းခယ့်ယောင်မှာ လိင်တူနှစ်သက်ရုံသာမကဘဲ ထိုရောဂါရှိနေသူဖြစ််နေပုံရသည်။

“ဆိုးလိုက်တာ…” ရုန်ယီ ခေါင်းခါလျက် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

“တော်တော်ဆိုးတယ်…”

“မနာလိုဖြစ်တာနဲ့ မကြိုက်တာမှမဟုတ်တာ…” ချန်းခယ့်ယောင် လေသံမှာကျေနပ်ပုံမရ။ “ငါ အယ်လ်ဖာတွေ ကြိုက်တယ်ဆိုတာတောင် ငါ့သတ်မှတ်ချက်နဲ့ငါ ရှိတာပေါ့…မင်းလို ချောတိုင်းကြိုက်တာ မဟုတ်ဘူး…” 

“အဲ့ဒါက ဘာဖြစ်လို့လဲ…”

ချန်းခယ့်ယောင် သူ့ကိုကြည့်လိုက်ပြီးနောက် ခေါင်းပြန်ငုံ့ကာ ဘာမှပြန်မပြောဘဲ ဆက်စားနေ၏။ 

“မင်း သဘောမကျလည်း ဘာမှမဖြစ်ပါဘူး…” ရုန်ယီလေသံမှာလည်း မကျေမနပ်ဖြစ်၏။ “ငါတို့အမြင်မတူတာတွေရှိတိုင်းပုဂ္ဂိုလ်ရေးရာတိုက်ခိုက်မှုတွေ မလုပ်ပါနဲ့လား…”

ချန်းခယ့်ယောင် တစ်ခုခုပြန်ပြောချင်သော်လည်း ပါးစပ်ထဲတွင်ပြည့်နေသောကြောင့် ဆက်ဝါးနေရုံသာ တတ်နိုင်ခဲ့၏။ 

“ငါ့ကိုပြောတာက ရပါတယ်…ဒါပေမယ့် ငါအရမ်းသဘောကျမှန်းသိတဲ့ ဒီလူကို ပြောတာကတော့ နည်းနည်းနိမ့်တယ်နော်…” ရုန်ယီဆက်ပြောလိုက်၏။ 

ချန်းခယ့်ယောင် နောက်ဆုံးတွင် ပါးစပ်ထဲမှစားစရာများကို မြိုချလိုက်ကာ ဟင်းချိုအမြန်သောက်လိုက်၏။ 

“အဲ့ဒါက တိုက်ခိုက်တာလား…”

“တိုက်ခိုက်တာတော့ မဟုတ်ပါဘူး…ငါချက်ကျွေးတာကို စားနေတဲ့ အချိန်မှာတောင် ငါ့ကိုဆန့်ကျင်နေတာလေ…”

“ဟုတ်ပါပြီ…ငါမှားသွားတယ်” ချန်းခယ့်ယောင် မျက်နှာလွှဲလိုက်ပြီး ဆက်ပြောလိုက်၏။ 

“ဘာပဲဖြစ်ဖြစ် မင်းကသူ့ကို ဒီတိုင်းပဲ သဘောကျနေလို့ရမှာလေ… တကယ့်လူကို တွေ့ရမှာမှမဟုတ်တာ…သူဘယ်လိုလူလဲဆိုတာက အရေးမကြီးပါဘူး…” 

“…”

“ဘာလို့ကြည့်နေပြန်တာလဲ…” ဟု ချန်းခယ့်ယောင်ပြောလိုက်၏။ “စားလေ…” 

“စားပိုးနင့်အောင်သာစား…” ဟုပြောပြီး ရုန်ယီ ပန်းကန်လုံးကို စားပွဲပေါ်သို့ဆောင့်ချလိုက်သည်။

 “မင်း ရှိနေတာနဲ့တင် စားချင်စိတ်ပါပျက်တယ်…”

ချန်းခယ့်ယောင် မှာဘာကြောင့်ဒီလောက်တောင် စိတ်ရှုပ်ဖို့ကောင်းရသနည်း။ အရင်နေ့က သူခိုးမှာ သူ့မျက်နှာကိုမဟုတ်ဘဲ သူ့ပါးစပ်ကို ထိခိုက်အောင်လုပ်သွားသင့်သည်။ 

နဂိုက ရုန်ယီထိုလူကို လုံးဝလျစ်လျူရှုထားရန်ဆုံးဖြတ်ခဲ့သော်လည်း နောက်နေ့တွင် အပြင်အတူတူသွားကာထမင်းအတူတူစားရဦးမည်ဖြစ်သည်။ သွားရမည့်နေရာမှာ တူနေသောကြောင့် သူတို့နှစ်ယောက် အတူတူမထွက်ပဲ တစ်ယောက်တစ်နေရာစီကသွားလျှင် ထူးဆန်းနေမည်ဖြစ်သည်။ 

ကျိုးလီ မနက်ကပို့လိုက်သော စားသောက်ဆိုင်လိပ်စာကြောင့် ရုန်ယီပိုစိတ်ရှုပ်သွား၏။ 

မနေ့က ကျိုးလီကို စားသောက်ဆိုင်ရွေးရန်သဘောတူခဲ့၏။ ကျိုးလီရွေးမည့်နေရာမှာ သူနှင့် ချန်းခယ့်ယောင် ပထမဆုံးချိန်းတွေ့သောနေရာဖြစ်နေမည်မှန်း နည်းနည်းလေးတောင် မထင်ထားခဲ့ချေ။ ကျိုးလီကို အားနာသောကြောင့်သာ မဟုတ်လျှင် ရုန်ယီသွားပင်မသွားချင်တော့။ 

စားသောက်ဆိုင်သို့သွားသောလမ်းတစ်လျှောက်လုံး အခြေအနေမှာ ထူးဆန်းနေ၏။ 

ကားမောင်းနေသော ချန်းခယ့်ယောင်ရော နောက်ကလိုက်စီးလာသောရုန်ယီရော စကားမပြောကြပေ။ 

ချန်းခယ့်ယောင်မှာထိုအခြေအနေကို အနည်းငယ်ဖြေလျော့ရန် ရေဒီယိုကိုဖွင့်လိုက်၏။ 

ဂျစ်ဂျစ်အသံအနည်းငယ် ထွက်လာပြီးနောက် အသံချဲ့စက်ထဲမှ ကြေညာသူ၏အသံထွက်လာသည်။ 

“နောက်ဖွင့်ပြသွားမယ့် သီချင်းကတော့ ေမာ့ယွီဖေးရဲ့ သီချင်းအသစ်ဖြစ်ပါတယ်…နာမည်ကျော်ကြားတဲ့ ဂီတပညာရှင်ဟာ ပရိတ်သတ်တွေ မျှော်လင့်ထားတဲ့အတိုင်း နယ်ပယ်အသစ်ကို စိန်ခေါ်…” 

ရုန်ယီ နားစွင့်နေတုန်းမှာပင် ချန်းခယ့်ယောင်မှာ ရေဒီယိုကို ပိတ်လိုက်၏။ 

ကားထဲတွင် နောက်တစ်ဖန်ငြိမ်သက်သွားပြန်၏။ 

“… အရူး” ရုန်ယီ တိုးတိုးလေးပြောလိုက်သည်။ 

ချန်းခယ့်ယောင် လက်ကို စတီယာတိုင်ပေါ်တွင်ထားကာ စတီယာတိုင်ထိပ်ဖျားကို လက်ဖြင့်ထိလိုက်၏။ 

“အဲ့ဒါကမှ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်တာနော်…”

“ဘာလုပ်နေတာလဲ..” ရုန်ယီ အသံကိုမြှင့်လိုက်၏။ “လူတွေကို နာမည်လိုက်တပ်နေတာလား…”

ချန်းခယ့်ယောင် မထိတထိရယ်မောလိုက်ကာ “ငါငယ်ငယ်ကတည်းက ဒါမျိုးတွေ လုပ်စရာမလိုပါဘူး…” 

ရုန်ယီ အလွန်ဒေါသထွက်သွား၏။ 

ချန်းခယ့်ယောင် မနေ့ကနေ့လယ်ကတည်းက ရှင်းမပြနိုင်လောက်အောင် ထူးဆန်းနေ၏။ 

ထိုလူမှာ တိတ်တိတ်လေးမနာလိုဖြစ်နေသည်လားဟု ခဏတာထင်ခဲ့သော်လည်း ပြန်စဉ်းစားကြည့်သောအခါ မဖြစ်နိုင်ပေ။ ချန်းခယ့်ယောင်မှာ ကျိုးလီနှင့် အလွန်ခင်မင်ကာ ချန်းခယ့်ယောင်သာ သူ့အပေါ်ခံစားချက်ရှိသေးလျှင် ကြိုက်နှစ်သက်သောအိုင်ဒေါထက် လက်ရှိရည်းစားဟု ထင်နေသူကို ပိုမနာလိုဖြစ်နေမည် ဖြစ်သည်။ 

ေမာ့ယွီဖေး၏ ပြိုင်ဖက်များဖြစ်သောအခြား အနုပညာရှင်များကို သဘောကျသောကြောင့်များလား ဟုပင် စဉ်းစားမိ၏။ 

ထို့ကြောင့် ဒေါသထွက်ခြင်းနှင့်အတူ ရုန်ယီ သိချင်နေ၏။ 

စဉ်းစားမရဖြစ်နေတုန်းမှာပင် ရုန်ယီ သည်းမခံနိုင်တော့ဘဲ မေးခွန်းတစ်ခုကို မေးလိုက်၏။ 

“ငါရဲ့ မော့က…”

စကားမဆုံးခင်မှာပင် ချန်းခယ့်ယောင်ဝင်နှောင့်ခြင်းကို ခံလိုက်ရသည်။ “အော်…မင်းရဲ့…” 

“…”

ရုန်ယီ သူ့ကိုအရူးဟု ခေါ်မိခဲ့ခြင်းမှာ တိုက်ခိုက်ခြင်းမဟုတ်တော့ဘဲ အမှန်ကိုပြောမိခြင်းဖြစ်နိုင်သည်။ 

ဒေါသထွက်နေသောကြောင့် လေသံပြောင်းသွားကာ “ငါ့ခင်ပွန်းနဲ့ပတ်သက်ပြီး ဘာတွေများမကျေနပ်တာ ရှိနေလဲ…” 

ရိုးရှင်းသော သာမန်မေးခွန်းလေးကပင် ရန်စသလိုဖြစ်သွားကာ ချန်းခယ့်ယောင် သူ့ကိုဂရုမစိုက်တော့ချေ။ 

ရောက်ခါနီးသောအခါ ချန်းခယ့်ယောင် ရုတ်တရက်စကားစလာ၏။ 

“ပြောပါဦး…မျက်နှာမဟုတ်ဘဲနဲ့ အဲ့ဒီလူမှာ ဘာတွေများရှိနေတယ် ထင်လို့လဲ…”  

“ရုပ်ချောနေရင် လုံလောက်ပြီ မဟုတ်ဘူးလား…” ဟုရုန်ယီပြန်ပြောလိုက်၏။ “ငါ သူနဲ့လက်တွေ့ဘဝမှာ နေနေတာမှ မဟုတ်တာ…”

“အဲ့ဒါဆို မနေ့က ငါပြောသလို စိတ်ကူးယဉ်နေတာပဲဆိုတာက… မှန်နေတာပဲမလား…” 

“…”

ရုန်ယီ ဒေါသထွက်လွန်းသောကြောင့် လက်များကိုရင်ဘက်နားတွင်ပိုက်ထားကာ ခြေထောက်များမှာ တဆက်ဆက် တုန်နေ၏။

သို့သော် ချန်းခယ့်ယောင်မှာ ယခုတစ်ခေါက်တွင် ရန်ဖြစ်ရန် စိတ်ကူးမရှိပေ။ 

“ကောင်းပါပြီ …ငါတောင်းပန်ပါတယ်…” စိတ်ရင်းဖြင့်ပြောလိုက်သော်လည်း ပြောလိုက်သော စကားလုံးများက ဆိုးရွားနေ၏။ “အဲ့လိုလူအတွက် ဘာတွေများ မကျေမနပ်ဖြစ်နေတာလဲ…”

“ ‘အဲ့လိုလူ ‘ ဆိုတာက ဘာသဘောလဲ …” ရုန်ယီ ပေါက်ကွဲတော့သည်။ "တောင်းပန်တာက ငါသဘောကျတဲ့သူကို ထိခိုက်ပြီးတော့ဘဲ တောင်းပန်နေတော့မှာလား…”

“ဘုရားရေ တကယ်ပဲ အဲ့လူကြောင့်ငါနဲ့ရန်ဖြစ်တော့မလို့လား…” ချန်းခယ့်ယောင်ပြောလိုက်၏။

 “ချောတဲ့ အယ်လ်ဖာတိုင်းကိုလိုက်ပြီးစိတ်ကူးယဉ်ရမယ်ဆိုရင် တော်တော်အလုပ်များမှာပဲနော်…” 

“ငါ ဘယ်တုန်းက အဲ့လိုလုပ်လို့လဲ…” ရုန်ယီ အလွန်မကျေမနပ်ဖြစ်နေပေပြီ။ “ဒါကရော ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ မဟုတ်သေးဘူးလား…“

“မင်းက အခု အဲ့လိုဖြစ်နေတာမဟုတ်ဘူးလား…” ဟု ချန်းခယ့်ယောင်ပြောလိုက်၏။ “လျှိုယွမ်ကိုတောင် လိုက်ခဲ့သေးတယ်မလား…”

ရုန်ယီ အတော်လေး အံ့အားသင့်သွား၏။ 

တော်တော် အာချောင်တဲ့ ပါးစပ်ကြီးပါလား။ 

Xxxxx