အပိုင်း ၂၈
Viewers 14k

Chapter 28 

 မင်းတို့နှစ်ယောက် ငါ့ကိုတစ်ယောက်တည်းလွှတ်ထားပေးနိုင်မလား…

စားသောက်ဆိုင်တွင် သီးသန့်ခန်းမရှိသောကြောင့် ကျိုးလီ ကြိုတင်စာရင်းပေးစဉ်က နေရာလေးတစ်ခု စီစဉ်ထားရန်သာ တောင်းဆိုခဲ့၏။ 

ဝင်လာသောအခါ ရုန်ယီဘယ်နေရာတွင် ထိုင်နေမှန်း မသိသောကြောင့် ကျိုးလီကို ဖုန်းဆက်လိုက်၏။ 

ကျိုးလီအဝေးမှ မတ်တပ်ရပ်ကာ ပြုံးလျက် လက်ဝှေ့ယမ်းပြ၏။ 

ရုန်ယီနှင့် ချန်းခယ့်ယောင်တို့ အနားရောက်လာသောအခါ သူ့မျက်နှာအမူအရာမှာ အနည်းငယ်တည်သွား၏။ 

ရုန်ယီထိုင်လိုက်ပြီးသောအခါ ကျိုးလီချက်ချင်းပင် အနားကပ်ကာ တိုးတိုးလေးမေးလိုက်၏။

 “မင်းတို့ ဘာဖြစ်နေကြတာလဲ…” 

“ဘာမှမဖြစ်ပါဘူး…” ရုန်ယီ သာမန်အခြေအနေဟု ထင်ရအောင် ကြိုးစားနေ၏။

“လျှိုယွမ်ရော..သူအစောကြီးကတည်းက ရောက်နေရမှာလေ…” 

ကျိုးလီ ထိုစကားကိုမယုံချေ။ ထို့နောက် ရုန်ယီကိုကြည့်လိုက် ချန်းခယ့်ယောင်ကို ကြည့်လိုက်လုပ်ပြီးမှ ဖြေပေးလိုက်၏။ 

“အိမ်သာသွားတာ ထင်တယ်…” ကျိုးလီပြောလျက် ဆိုင်းဘုတ်ကို ညွှန်ပြ၏။ “နည်းနည်းတောင် ကြာပြီ…” 

ချန်းခယ့်ယောင်ချက်ချင်းပင် လျှိုယွမ်ကို ဖုန်းခေါ်လိုက်ကာ တစ်မိနစ်အတွင်းမှာပင် စိတ်အေးနေသောပုံဖြင့် လျှိုယွမ်ပြန်ရောက်လာ၏။ 

နေရာတွင် ထိုင်လိုက်ပြီးမှ ခုမှရောက်လာသော နှစ်ယောက်ကို နှုတ်ဆက်လိုက်၏။ “ရောက်လာတာ တော်သေးတာပေါ့…” 

သို့သော် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျိုးလီကိုကြည့်လိုက်သောအခါ ချက်ချင်းပင် မျက်နှာလွှဲသွား၏။ သူ့မျက်နှာအမူအရာမှာ ထူးဆန်းနေ၏။ 

ထို့ကြောင့် ရုန်ယီလည်း လျှိုယွမ်မှာ ကျိုးလီနှင့်အတူ နှစ်ယောက်တည်း ရှိမနေချင်သောကြောင့် ရှောင်နေခဲ့ခြင်းဖြစ်မည်ဟုကောက်ချက်ချလိုက်၏။ 

ရုန်ယီနှင့် ချန်းခယ့်ယောင်မှာ တစ်ယောက်မျက်နှာတစ်ေယာက်ကြည့်ကာ မျက်လုံးဖြင့်တစ်ခုခုပြောရန် လုပ်ပြီးမှ ရန်ဖြစ်ထားကြမှန်းသတိရကာ ချက်ချင်းပင် မျက်နှာလွှဲလိုက်ကြ၏။ 

ထိုင်ခုံတွင် ကျိုးလီနှင့်ရုန်ယီက တစ်ဖက် လျှိုယွမ်နှင့် ချန်းခယ့်ယောင်တို့ကတစ်ဖက် ထိုင်ကြ၏။ 

ကျိုးလီတစ်ယောက်တည်း ပုံမှန်ဖြစ်နေကာ အခြားသုံးယောက်မှာ ထူးဆန်းနေကြသောကြောင့် အခြေအနေမှာတစ်မျိုးဖြစ်နေ၏။ 

အခြေအနေကို ပုံမှန်ဖြစ်စေရန် ကျိုးလီမီနျူးကို စားပွဲအလယ်သို့ တွန်းပို့လိုက်ကာ ပုံမှန်ထက်ပိုကျယ်သောအသံဖြင့်ပြောလိုက်၏။ 

"အားမနာကြနဲ့နော်…မှာချင်တာမှာကြပါ…” 

ရုန်ယီက ပြန်ဖြေလိုက်၏။ “ကျွန်တော်က အစားမရွေးပါဘူး မင်းပဲ ရွေးလိုက်ပါ…” 

ရုန်ယီပြောပြီးသည်နှင့် ချန်းခယ့်ယောင်က ဆက်ပြောလိုက်၏။ “ကျွန်တော်ရောပဲ…” 

“ဟုတ်လို့လား…မင်းက အစားချေးများတာ မဟုတ်ဘူးလား…” ရုန်ယီ ထေ့ငေါ့ကာ ပြောလိုက်၏။ 

“ငါ ဘယ်လောက်ကြိုးစားပြီးချက်ထားချက်ထား မင်းမကြိုက်ရင် ထိတောင်မထိတာမဟုတ်ဘူးမလား…”

ချန်းခယ့်ယောင်ရှက်သွားပြီး ငြိမ်သက်သွား၏။ “ငါ..မဟုတ်…” အသံတိုးတိုးလေးဖြင့် ပြန်ချေပလိုက်သည်။ 

ရုန်ယီထိုသို့ပြောလိုက်ပြီးမှ ချက်ချင်းနောင်တရသွား၏။ အခြားသူများရှိနေစဉ် သူ့လုပ်ရပ်မှာ ကလေးဆန်မှန်း သူသဘောပေါက်သွား၏။

စားပွဲဝိုင်းတွင်ရှိနေသော တင်းမာသောအခြေအနေကိုလျှော့ချရန် မီနျူးကို လှမ်းယူလိုက်ပြီး ပြောလိုက်၏၊ 

 “အကုန်လုံးက အားနာနေကြတာပဲ…ကျွန်တော်ပဲ မှာလိုက်တော့မယ်နော်…”

လျှိုယွမ်ရော ကျိုးလီနှင့်ပါ အတူတူထမင်းစားဖူးပြီး အချိန်တစ်ခုကြာပြီဖြစ်သောကြောင့် ချန်းခယ့်ယောင်အကြိုက်ကိုလည်းနားလည်နေသည်။ 

အခြားသူများကို မေးမြန်းပြီး စားစရာများကိုမှာလိုက်ပြီး ထိုညစာစားဝိုင်း၏ ကမောက်ကမအကျဆုံးသောအချိန်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ 

အစားအသောက်များကို စောင့်နေတုန်းလုပ်စရာမရှိသောကြောင့် ထူးဆန်းနေသောအခြေအနေကို ကယ်တင်ရန်တစ်ယောက်ယောက် စကားပြောမှဖြစ်တော့မည်။ 

“ပြီးခဲ့တဲ့ရက်တွေက ဒုက္ခပေးခဲ့ရတာ တကယ်ပဲ အားနာပါတယ်…ဒီနေ့ကျွေးမွေးတာက ကျေးဇူးဆပ်တဲ့သဘောပါ…နောက်လည်းအကူအညီလိုအပ်တာရှိရင်…အချိန်မရွေးပြောနိုင်ပါတယ်….” 

စကားပြောနေရင်း လက်များကိုစားပွဲအောက်တွင် ပွတ်နေကာ အလွန်စိတ်လှုပ်ရှားနေပုံရ၏။ 

ရုန်ယီ ပြန်ပြောတော့မည် လုပ်နေစဉ် ဆန့်ကျင်ဘက်တွင်ထိုင်နေသော ချန်းခယ့်ယောင်က စကားစပြော၏။ 

“အဲ့လောက်လည်း မဟုတ်ပါဘူးဗျာ…ဘာမှအရေးမကြီးတဲ့ ကိစ္စလေးပါ…ထားလိုက်ပါတော့…” 

ချန်းခယ့်ယောင်၏ မြွေအပေါ်တုန့်ပြန်ချက်ကို ကြားဖူးသော ကျိုးလီမှာ ပြုံးမိသွားပြီး “အဲ့ဒါဆိုလည်း တကူးတကကြီး ထပ်မပြောတော့ပါဘူး… လိုတာရှိရင်ပြောပေါ့…” 

ချန်းခယ့်ယောင်မှာ လက်နှစ်ဖက်ကို ဝှေ့ယမ်းလျက် ပြောလိုက်၏။

“မဟုတ်တာဗျာ…”  

“အဲ့ဒါဆို…” ကျိုးလီ တစ်ချိန်လုံးတိတ်နေသော လျှိုယွမ်ကိုလှည့်ကြည့်လိုက်ကာ “မင်းရဲ့ ကြွက်ဖြူလေး…တကယ်ဘယ်လို ပြန်လုပ်ပေးရမလဲတောင် မသိတော့ပါဘူး…” 

လျှိုယွမ်စကားပြောရန် အခွင့်အရေးမရလိုက်ခင်မှာတင် ဘာမှသိပုံမရသော ချန်းခယ့်ယောင်ကဝင်၍ ဖြတ်ပြောလိုက်၏။ 

“ကြွက်ဖြူလေး…လျပ်စီးလေးလား…ဘာဖြစ်သွားလို့လဲ..” 

“လျပ်စီးလေးကို ဂရုမစိုက်ပေးနိုင်တော့ သူငယ်ချင်းတစ်ယောက်အိမ်ကို ပို့ထားလိုက်တာ…” သူစကားပြောနေတုန်းမှာပင် သူတို့မှာထားသော ဟင်းပွဲများရောက်လာ၏။ 

ထိုအချိန်မှ လေသံကိုမြှင့်ကာ ပြောလိုက်၏။

“အခုမပြောပါနဲ့တော့…စားကြရအောင်…” 

ကျိုးလီ နှုတ်ခမ်းများကိုတင်းကြပ်စွာစေ့ကာ စိတ်ရှုပ်နေပုံပေါ်သော်လည်း ဘာမှမပြောချေ။ 

ရုန်ယီ စကားတစ်ခွန်းမှ ဝင်မပြောခဲ့သော်လည်း သူ့ဦးနှောက်ထဲတွင် တော်တော်လေးအလုပ်ရှုပ်နေ၏။ 

လျှိုယွမ်မှာ ထူးဆန်းနေ၏။ 

ပထမက ကျိုးလီကိုရှောင်နေသည်ကို မြင်ရသဖြင့် သူ့ကြွက်ဖြူလေးကို ဆုံးရှုံးလိုက်ရသောကြောင့် စိတ်မချမ်းမြေ့ဖြစ်နေတုန်းဟုထင်လိုက်သော်လည်း သူပြောလိုက်သော စကားများကြောင့် ရန်ငြိုးတေးထားသောပုံမပေါ်ချေ။ 

သူမလာရန် ငြင်းပယ်နိုင်ခဲ့သော်လည်း ထိုသို့မလုပ်ခဲ့သောကြောင့် ကျိုးလီမှာ အကြောင်းအရင်းဖြစ်ပုံမရချေ။ 

သို့သော် မနေ့က ချန်းခယ့်ယောင် သူ့ကိုဖုန်းဆက်ပြီး ဖိတ်ကြားသောအခါ ထိုသူမှာ သဘောမတူခင် ခဏတာ တုံ့ဆိုင်းနေ၏။

သူ့စိတ်ထဲတွင် ဘာတွေများဖြစ်နေသနည်း။

ရုန်ယီမှာ ဟိုတွေးဒီတွေးဖြင့် ခဏတာဦးနှောက်စားပြီးနောက် ထိုကိစ္စကိုခဏမေ့ထားရန်ဆုံးဖြတ်လိုက်ကာ နောက်မှမေးရန်ဆုံးဖြတ်လိုက်၏။ 

သူမှာထားသောဟင်းများမှာ ချန်းခယ့်ယောင်အကြိုက်တွေ့သော ဟင်းများဖြစ်နေသောကြောင့် ထိုအယ်လ်ဖာမှာ သူမျက်စိပိတ်ပြနေသည်ကိုပင် သတိမပြုနိုင်ဘဲ ခေါင်းမဖော်တမ်းစားနေ၏။ 

ကြာသောအခါ မျက်လုံးများပင်ညောင်းလာသောကြောင့် ရုန်ယီ စားပွဲအောက်မှ ဖွဖွလေးကန်လိုက်သည်။ 

ချန်းခယ့်ယောင် ဘာမှမဟုတ်သလိုပင် အရိုးကိုထွေးထုတ်လိုက်၏။ “အကုန်စားကောင်းတယ်…ဒီ နံရိုးချိုချဉ်လေးက လွဲလို့…” 

ရုန်ယီမှာ ထိုလူဘာကိုဆိုလိုနေမှန်းပင် စဉ်းစားမရချေ။ 

သူ့ကို ချီးကျူးချင်သည်လား။ ထေ့ငေါ့ချင်သည်လား။ 

ဟင်းပွဲများကိုသာ အာရုံစိုက်နေသော ထိုလူကို ရုန်ယီစိတ်ပျက်လာသည်။ 

ထို့ကြောင့် ယခုတစ်ခေါက်ပြင်းပြင်းလေးကန်လိုက်သော်လည်း ချန်းခယ့်ယောင်မှာ သတိပြုမိပုံပင်မရချေ။ 

သူ ဝေခွဲမရဖြစ်နေစဉ်မှာပင် ဘေးဘက်မှအကြည့်ကို ခံစားမိလိုက်၏။ 

ရုန်ယီလှမ်းကြည့်လိုက်သောအခါ ကြောင်ပြီးကြည့်နေသော လျှိူယွမ်ကိုတွေ့လိုက်ရ၏။ 

“ဘာလို့ကန်နေတာလဲ…” ဟု မေးလိုက်၏။ 

“…”

ရုန်ယီ ကြက်သေ သေသွား၏။ 

ကျိုးလီနှင့် ချန်းခယ့်ယောင်မှာလည်း သူ့ကိုလှမ်းကြည့်လိုက်ပြီး စားပွဲမှာငြိမ်သက်သွား၏။ 

ရုန်ယီသူ့ခြေထောက်ကို ဆိုဖာအောက်သို့ပြန်ဆွဲလိုက်ကာ ပြောလိုက်၏။

“ငါ…ခြေထောက်ကြွက်တက်သွားလို့…”  

အတော်လေး ကမောက်ကမနိုင်သော ဆင်ခြေဖြစ်နေသည်။ မည်သူမျှ သံသယမရှိသော်လည်း တစ်မျိုးဖြစ်နေကြ၏။ 

ရုန်ယီ ရှက်ရှက်ဖြင့်မျက်နှာကို ကွယ်လိုက်ပြီးသည့်နောက် ဖုန်းတုန်လာသည်ကိုခံစားမိလိုက်၏။ 

သူ့ရှေ့တွင်ထိုင်နေသူထံမှ စာတစ်စောင်ဖြစ်၏။ 

“သူ့ကို သဘောကျလို့လား…”

သူဘာတွေ တွေးနေတာလဲ။ 

သူပြန်ပြောရန် စကားလုံးရှာနေစဉ်မှာပင် ဖုန်းကနောက်တစ်ခေါက် ထပ်တုန်လာ၏။ ချန်းခယ့်ယောင်ထံကပင် ဖြစ်၏။“သူငယ်ချင်းမို့ သတိပေးတာ…လျှိုယွမ်က မင်းဘေးကသူမျိုးကို သဘောကျတာ…” 

ရုန်ယီမော့ကြည့်ကာ ပြန်မပြောခင် ချန်းခယ့်ယောင်ကိုတစ်ချက်ကြည့်လိုက်၏။

 “သူ့ကို လိုက်ပြီးတော့ ငြင်းခံခဲ့ရခဲ့တဲ့အတွေ့အကြုံများလား…” 

မျှော်လင့်ထားသည့်အတိုင်းပင် စာကိုဖတ်နေသော ချန်းခယ့်ယောင်မှာ အလွန်အံ့ဩသွားကာ သူ့ကို ချက်ချင်းမော့ကြည့်၏။ 

ချန်းခယ့်ယောင် စာပြန်မရိုက်ခင် အချင်းချင်းကြည့်နေကြပြီးမှ ချန်းခယ့်ယောင်ကထပ်ပို့၏။ 

 “ဘာတွေလျှောက်ပြောနေတာလဲ…” 

“တက္ကသိုလ်တုန်းက အခန်းဖော်နှစ်ယောက်ကို လိုက်ခဲ့တာမလား…”

သူမော့ကြည့်လိုက်သောအခါ ချန်းခယ့်ယောင်မှာ အံ့ဩနေသည့်အပြင် စိတ်ရှုပ်ထွေးနေပုံပါရ၏။ 

ရုန်ယီလည်း သူ့အကြည့်ကြောင့် ဝေခွဲမရဖြစ်နေ၏။ “လျှိုယွမ်ကများ ပေါက်ကရတွေပြောနေတာလား…” တိတ်တိတ်လေးတွေးမိသွားသည်။ 

“သူက အာချောင်တတ်ပေမယ့် အခြားသူတွေရဲ့မဟုတ်တဲ့သတင်းတွေကို ပြောမယ့်သူ မဟုတ်ပါဘူး…”

သူတွေးနေတုန်း ချန်းခယ့်ယောင်ထံမှ စာထပ်ရောက်လာ၏။ “ လာနောက်နေတာလား…သူ့ကိုသိလာတာ ဘယ်လောက်ကြာပြီလဲ…ငါသာ သူ့ကိုသဘောကျရင် မင်းကို ခြေထောက်နဲ့ အီစီကလီလုပ်ခွင့်တောင် ပေးမှာမဟုတ်ဘူး…”

ရုန်ယီ သူ့ဖုန်းကိုစားပွဲပေါ်သို့ ဆောင့်ချလိုက်ကာ ပြောလိုက်၏။ “ဟေး လျှိုယွမ် မင်းဘေးကတစ်ယောက်က မင်းကို သဘောကျလို့တဲ့…” 

“ဟေး” ချန်းခယ့်ယောင်မှာ လန့်သွား၏။ 

ထို့နောက် ရန်ပွဲထဲသို့ရုတ်တရက် ဆွဲထည့်ခံလိုက်ရသော လျှိုယွမ်မှာ စားလက်စပင် သီးသွားကာ ချောင်းဆိုးသွား၏။ 

ကျိုးလီ သူတို့သုံးယောက်ကို တစ်ယောက်တစ်လှည့်စီကြည့်ပြီးမှ လျှိုယွမ်ကိုကြည့်လျက်မေးလိုက်၏။ 

 “အဆင်ပြေရဲ့လား…” 

“ငါ…ငါပြောချင်တာက…” ချန်းခယ့်ယောင် ရှင်းပြရန်ကြိုးစားသော်လည်း စကားလုံးများရှာမရချေ။ 

ထို့နောက် လက်လျော့လိုက်ကာ သူ့လက်ကို လျှိုယွမ်ပခုံးပေါ်တင်လျက် ရုန်ယီ့ကိုကြည့်ကာ “ဟုတ်တယ်…ဘာလို့လဲ ငါနဲ့ပြိုင်မလို့လား… ကျိုးလီရော ဘယ်လိုလဲ…” 

“ကျွန်တော်လား…” ကျိုးလီမှာ ဘာပြန်ပြောရမှန်းမသိ။ ရုန်ယီကို တစ်ချက်ကြည့်ကာ ထစ်ငေါ့ထစ်ငေါ့ဖြင့် “ကျွန်တော်က…ဘာမှမဖြစ်ပါဘူး.. သဘောကျသလိုသာလုပ်ပါ…” 

လျှိုယွမ် ချောင်းဆိုးရပ်သွားကာ ခက်ခက်ခဲခဲပြောလိုက်၏။ “မင်းတို့နှစ်ယောက် တော်ကြပါတော့ ငါ အယ်လ်ဖာ-အယ်လ်ဖာဆက်ဆံရေးကို စိတ်မဝင်စားဘူး…” 

ချန်းခယ့်ယောင်မှာ ဘာမှမဖြစ်သော်လည်း ရုန်ယီမှာ အံ့ဩသွားပုံရ၏။ “ငါက မင်းအတွက်အယ်လ်ဖာလား…” 

“မင်း…ငါ…အာ…” လျှိုယွမ်ခေါင်းငုံ့သွား၏။ “မင်းရဲ့ အိုမီဂါဆိုတာက သိပ်မသိသာဘူးလေ…” 

“ဟဟဟဟဟဟ…” ချန်းခယ့်ယောင် ဟားတိုက်ရယ်လိုက်ကာ “တွေ့လား…မင်းကို စိတ်တောင်မဝင်စားဘူး…” 

ရုန်ယီမှာ ပြောစရာစကားပင် ပျောက်သွား၏။ “ငါက အဲ့လိုလား…” 

အံ့ဩနေသော ကျိုးလီမှာလည်း ဝင်မေးလိုက်၏။ “မင်းတို့တကယ်ကြီးလား…” 

လျှိုယွမ်မှာ လန့်သွားကာ ဆိုဖာနားတွင်ကုပ်နေ၏။ “ငါဒီနေ့ အမှားတစ်ခုခုလုပ်မိပြီလား…” 

“အချစ်လေး…” ချန်းခယ့်ယောင် လျှိုယွမ်ကိုဖက်ကာ “တစ်ယောက်ယောက်က ငါတို့ကို မနာလိုနေတာပါ စိတ်ထဲ မထားပါနဲ့…” 

သူပြောနေတုန်း လျှိုယွမ်ကို မျက်စိမှိတ်ပြနေ၏။ သနားစရာ လျှိုယွမ်မှာ လန့်နေကာ ကျိုးလီကိုသာ ကြည့်နေ၏။ 

ကျိုးလီမှာ အဆင်မပြေသော စားသောက်ပွဲကြောင့် စိတ်မကျေမနပ်ဖြစ်နေခဲ့၏။ 

သို့သော် ယခုအခါ တက်ကြွနေ့ပြီး သူတို့ပွဲကိုကြည့်ကာ ဝမ်းသာနေ၏။ 

ရုန်ယီမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။ 

ဘာလို့ ဒီလို ထူးဆန်းသွားရတာလဲ။ 

သူ အခု ဘာလုပ်သင့်သလဲ။ 

သူ အတိုက်အခံလုပ်ပြီး ပြန်ပြောသင့်သည်လား။ မနာလိုဖြစ်ချင်ယောင်ပဲ ဆက်ဆောင်နေသည့်သည်လား။ 

သူ၏ ထက်မြက်လှသောနားများမှာ ချန်းခယ့်ယောင်၏ “ဘာလို့ ငါနဲ့လိုက်ပြီး ဟန်မဆောင်ပေးတာလဲ…တိုးတိုးနေ …ကိစ္စမရှိဘူး” ဟု လျှိုယွမ်နားသို့ တီးတိုးကပ်ပြောနေသော စကားများကိုပင် ကြားနေရသည်။

လျှိုယွမ်မှာလည်း အကျဉ်းအကျပ်ထဲရောက်နေရာမှပြန်ပြော၏။ 

 “ဘာလို့ကိစ္စမရှိရမှာလဲ…ရှိတာပေါ့…” 

ထို့ကြောင့် ရုန်ယီ လက်လျော့လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအယ်လ်ဖာကို ပျော်သလို လွှတ်ထားလိုက်တော့မည်။ 

အယ်လ်ဖာများမှာ ကြောက်စရာကောင်းလောက်အောင်ပင် ကလေးဆန်နိုင်၏။ 

ထိုသို့သောလူမျိုးနှင့် ရန်ဖြစ်ပြီးအနိုင်ရခြင်းကပင် ရူးမိုက်သည့်ပုံစံ ပေါက်နေမည်ဖြစ်သောကြောင့် ဂရုမစိုက်တော့ပါ။ 

Xxxxxx