🥰Chatper 9
လက်တွေ့မရှိတဲ့ အိပ်မက်တွေနဲ့ လာလှည့်စားနေတာလား? ငါတော့ အလျှော့ပေးမှာ မဟုတ်ဘူး
ဂီတသံထဲ၌ နစ်မြှုပ်နေခဲ့သည့် ကျန်းယင်က သတိပြန်ဝင်လာကာ ချက်ချင်း WeChat ကို ပြန်ဖွင့်လိုက်ပြီး သူငယ်ချင်းအုပ်ထဲမှ သူ့အစ်ကို၏ရင်းနှီးနေသော ပီကာချူး ပရိုဖိုင်ပုံကို နှိပ်လိုက်သည်။
[လက်မကြီးဂဏန်း]: “ကော...ကော...ပြန်လာဦး....ကောက ကျွန်တော့်အစ်ကိုအရင်းနော်...”
[လက်မကြီးဂဏန်း]: “လူက ဘယ်ရောက်သွားတာလဲ...”
[လက်မကြီးဂဏန်း]: “ကျန်းရွှင်...ချီးပဲ...”
[လက်မကြီးဂဏန်း]: “ကျွန်တော် သရုပ်မဆောင်ချင်ဘူး...တကယ်ပြောတာ...ညက ကောင်းကင်ကို ကြည့်လိုက်တော့ ကောင်းကင်ကြီးက ပြောတယ်၊ တောင်တစ်တောင်မှာ ကျားနှစ်ကောင် အတူ မနေနိုင်ဘူးတဲ့...ကျွန်တော်နဲ့ ချီကျူး အတူတူ ရုပ်ရှင်ရိုက်မယ်ဆိုရင် ကော ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံတွေ အကုန် ရေထဲကို ပစ်ချလိုက်သလို ဖြစ်သွားလိမ့်မယ်...”
[ဗို့အားတစ်သိန်း]: [ပီကာချူး အလွန်ဒေါသထွက်နေသောပုံ.jpg]
[ဗို့အားတစ်သိန်း]: “စာချုပ်တောင် လက်မှတ်ထိုးပြီးသွားပြီ...ဘာလို့ အစောက မပြောခဲ့တာလဲ...”
[လက်မကြီးဂဏန်း]: “ဇာတ်လိုက်သရုပ်ဆောင်က ချီကျူးဆိုတာ ဘယ်သူကမှ အစောတုန်းက မပြောခဲ့ကြဘူးလေ...”
[ဗို့အားတစ်သိန်း]: “မင်းတို့ နှစ်ယောက် လူရွေးပွဲလုပ်တဲ့နေ့က စကားကောင်းကောင်းပြောနေကြတော့ သင့်မြတ်နေကြပြီလို့ ငါ ထင်ခဲ့တာ...ပြီးတော့ မင်းတို့က အတူတူကြီးပြင်းလာကြတဲ့ သူတွေပဲ မလား...အဲ့တော့ ရုပ်ရှင်အတူရိုက်တာက ဘာမှားလို့လဲ...”
[ဗို့အားတစ်သိန်း]: “အေးအေးဆေးဆေးနေစမ်းပါ...ဝေဝေကလည်း အလုပ်များနေတာ...ဒီနေ့မှ သူ အိမ်ကို ပြန်လာနိုင်တာ...”
[ဗို့အားတစ်သိန်း]: [စာအိတ်နီသုံးအိတ်]
[လက်မကြီးဂဏန်း]: [ဒိုင်နိုဆောလေးငိုနေသည့်ပုံ.jpg]
[လက်မကြီးဂဏန်း]: “ကျွန်တော်သာ ဒီရုပ်ရှင်ကို ကောင်းကောင်းသရုပ်ဆောင်နိုင်ရင် ကောရဲ့ မျိုးရိုးနာမည်ကိုပဲ လိုက်သုံးတော့မယ်...”(🤣)
****
[ဂဏန်းဘုရင်] အကောင့်နှင့် တိုက်ခိုက်ပြောဆိုခဲ့သည့် ထိုနှစ်ကြိမ်က အလွန် အံ့အားသင့်စရာကောင်းကာ လူထု၏ တုံ့ပြန်မှုမှာလည်း အလွန် ပြင်းထန်ခဲ့သည်။ ထိုအချိန်မှာ အားလပ်ရက်နှစ်ရက်နှင့် တိုက်ဆိုင်နေသောကြောင့် ကျန်းယင်နှင့် ချီကျူး၏ ပရိသတ်များက အပြန်အလှန် ငြင်းခုံပြောဆိုနေကြကာ [ဂဏန်းဘုရင်] အကောင့်မှာ ရှေ့တန်းသို့ တွန်းပို့ခံခဲ့ရသည်။
အာရုံစိုက်ခံရခြင်းကို ရှောင်ရှားရန် ကျန်းယင်က “ငြင်းခုံကြမယ်” app ကို တစ်ပတ်ကြာမျှ မဖွင့်ခဲ့ပေ၊
သို့သော် သူက အလုပ်အားနေလျှင် မနေတတ်သောသူ ဖြစ်သောကြောင့် ထိုကာလအတွင်း “ဂဏန်းစီးရီး” အကောင့်လေးများကို အသုံးပြုခဲ့သည်။ထိုအကောင့်များ အလွန် တက်ကြွနေသောကြောင့် လူတချို့က report လုပ်ခဲ့ရာ အကောင့်တချို့ပင် ပိတ်ခံလိုက်ရ၏။ ဆုံးရှုံးမှုမှာ အတော်များသည်ဟု ပြော၍ ရပေသည်။
ထို့အပြင် ကျန်းယင် မကြာသေးမီက app ထဲသို့ ဝင်ကာ မငြင်းခုံခဲ့သောကြောင့် သူ၏ ပွိုင့်များမှာ လျော့သွားခဲ့သည်။ သူ့အဆင့်မှာ ထိပ်ဆုံးဆယ်ဆင့်ထဲကပင် ကျဆင်းသွားပြီး ထို [sunny] ၏ နောက်ကိုပင်ရောက်သွားခဲ့ရာ အမှန်တကယ်ပင် ရှက်စရာကောင်းလှသည်။
အံ့ဩစရာအကောင်းဆုံးအရာမှာ အင်တာနက်အသုံးပြုသူအချို့က ချီကျူးနှင့် [ဂဏန်းဘုရင်] ကို စိတ်ချင်းနီးစပ်သော အတွဲဟူ၍ တွဲပေးနေကြကာ တစ်ယောက်က အရည်အချင်းရှိသူများကို ရှာဖွေနေသူဖြစ်ကာ အခြားတစ်ယောက်က အမှန်တကယ်ပင် အရည်အချင်းရှိသူ ဖြစ်သည်။
“အဲ့တော့ ဒါတွေ အားလုံးက ချီကျူးရဲ့ အမှားပဲ...”
ကျန်းယင်က သူ၏ မကြာသေးမီက ကြုံတွေ့ခဲ့ရမှုများကို အနှစ်ချုပ်၍ ပြောလိုက်သည်။
“ငါ ပြောစရာစကားကို မရှိတော့ဘူး...”
လက်ရှိအချိန်၌ နာမည်ကြီးနေသည့် T.ATW အဖွဲ့၏ အကသမား ဖြစ်သည့် ကုဝေက ကျန်းယင်၏ ငြီးငြူနေမှုများကို နှစ်နာရီခန့် နားထောင်ပြီးနောက် လက်မြှောက်လိုက်သည်။
“ဒါပေမယ့် အစကနေအဆုံးအထိ ချီကျူးက ဘာမှမလုပ်ထားသလိုပဲနော်...သူက မင်းရဲ့ ဝေ့ပေါ်အကောင့်ကို follow လုပ်ခဲ့တာ တစ်ခုပဲ...အဲ့ဒါတောင် မင်းက ဖယ်ထုတ်လိုက်သေးတယ်...”
ချီကျူးက အိမ်၌ ထိုင်နေစဉ် အပြစ်က မိုးပေါ်မှ ကျလာသကဲ့သို့ ဖြစ်နေသည်။
“ထားလိုက်ပါတော့...ဘာပဲဖြစ်ဖြစ် ငါတို့က တစ်ဖက်တည်းကပဲလေ...”
ကျန်းယင်က မဟာမိတ်ဖွဲ့သကဲ့သို့ ပြောလိုက်သည်။
“ဝေဝေ...ငါ့ကောကို မပြောပြနဲ့နော်...ငါ အထူးအကောင့်တစ်ခု ဖွင့်ပြီး လူတွေနဲ့ ငြင်းခုံနေတာကို...”
“ငါတို့က ပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးတာကို မင်း မေ့သွားပြီလား...”
ကုဝေက တုံ့ဆိုင်းနေသည်။
“ငါ ပြောမှာ မဟုတ်ပါဘူး...ဒါပေမယ့် ငါထင်တာကတော့ ကျန်းရွှင်က သိပြီးနေလောက်ပြီ...”
“မင်း မပြောရင်ရပြီ...”
ကျန်းယင်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သူက အရမ်း အလုပ်များနေတာ...ဒီလိုအရာတွေကို လိုက်စစ်ဆေးဖို့ အချိန်ရှိမယ် မထင်ဘူး...”
သူတို့နှစ်ယောက်က ပုံမှန်အားဖြင့် အလွန် အလုပ်များသူများ ဖြစ်ကြသောကြောင့် အတူဆုံနိုင်သည့်အချိန်မှာ ရှားပါးလှ၏။ ယခု TMW ကလပ်၏ ကောင်တာဘေး၌ ထိုင်ကာ မရပ်မနား စကားပြောနေကြလေသည်။
“မင်း ကစားချင်လား...”
ကျန်းယင်က app ကို ဒေါင်းရန် ကုဝေကို ဆွဲဆောင်လိုက်သည်။
“ငြင်းခုံရတာတွေက စိတ်ဝင်စားစရာကောင်းတယ်...စိတ်ကို လန်းဆန်းစေပြီး ခန္ဓာကိုယ်တောင် အားပြည့်လာသလိုပဲ...မင်း မှတ်မိလား၊ အရင်တုန်းက မင်းအတွက် ကျန်းအန်းယွမ်နဲ့ အွန်လိုင်းပေါ်မှာ ငါ ဝင်ပြီး ရန်ဖြစ်ပေးတုန်းက အရမ်း အားတက်စရာကောင်းတယ် မဟုတ်လား...”
“အိုင်ဒေါဆိုတာ အိုင်ဒေါလိုပဲ နေသင့်တယ်...သီချင်းကောင်းကောင်းဆို၊ အကကောင်းကောင်းက၊ ရုပ်ရှင်ကို ကောင်းကောင်းရိုက်နိုင်ရင် အဆင်ပြေတာပဲ မဟုတ်လား...ဘာလို့ ငြင်းခုံတဲ့ စကေးတွေကို လေ့ကျင့်ရမှာလဲ...ငါတို့ကောက သူ ကြိုက်တဲ့ အလုပ်ကိုပဲ အာရုံစိုက်ထားရင် လုံလောက်ပါတယ်...ရန်ဖြစ်တာတွေ အတွက်ကတော့ ငါတို့ ဖန်တွေက ရှေ့တန်းကနေ ဝင်တိုက်ပေးမှာပေါ့...”
အဖွဲ့ဒေတာဖိုင် တစ်ထပ်ကြီးကို ကိုင်ထားသည့် ယီချင်းက လျှောက်လာကာ ကုဝေကို နှုတ်ဆက်လိုက်သည်။
“ကော မောနီးပါ...”
“မောနီး...”
ကုဝေက လက်ဝှေ့ယမ်းပြလိုက်သည်။
“မင်းက အခု တော်တော် နာမည်ကြီးနေတာပဲ...”
ကျန်းယင်က ကောင်တာပေါ်၌ ခေါင်းတင်ကာ စိတ်မပါသလို ပြောလိုက်သည်။
“ဒါပေမယ့် ငါကတော့ ရက်အနည်းငယ်အတွင်းမှာပဲ အထုပ်အပိုးပြင်ပြီး “မင်္ဂလာရှိသော နှင်းတစ်ပွင့်” အဖွဲ့ဆီ ငါ့အေးဂျင့်က ပို့တာကို ခံရတော့မယ်...ပြီးတော့ ငါ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲတောင် မသိရဘူး...”
“”မင်္ဂလာရှိသော နှင်းတစ်ပွင့်”က အဆင်ပြေပါတယ်...အဲ့ဒါက ဇာတ်ကြောင်း ရိုးရှင်းပြီး ဇာတ်လိုက်မှာတောင်မှ စိတ်ခံစားချက်ဆိုင်ရာ စာသား မရှိသလောက်ပဲ...”
ကုဝေက ပြောသည်။
“အဲ့ဒါက ပုံမှန်လမ်းစဉ်တွေနဲ့ မတူဘဲ ထူးခြားတဲ့ ဇာတ်ကြောင်းမျိုးပဲ...ဇာတ်ညွှန်းရဲ့ အရည်အသွေးကလည်း တော်တော် မြင့်တယ်လို့ ကြားရတယ်...”
“ဒီ app အကြောင်း ပြောရင်းနဲ့...”
ကုဝေက တစ်ခုခုကို သတိရသွားသည်။
“ဒီ ‘ငြင်းခုံကြမယ်’ အကြောင်း မနေ့ညက ကျန်းရွှင် ပြောတာကို ကြားလိုက်တယ်... app ဘက်က ပရိုမိုးရှင်း လုပ်ဖို့ မင်းကို ခေါ်ချင်နေခဲ့ကြပုံပေါ်တယ်တဲ့...မင်းရဲ့ ပုံစံက သူတို့ရဲ့ app နဲ့ အရမ်း ကိုက်ညီတယ်လို့ သူတို့က တွေးနေကြတာ...”
“အဲ့ဒါဆို ဘာလို့ နောက်ပိုင်း ငါ့ကို လာမရှာကြတာလဲ...”
ကုဝေက ကျန်းယင်ကို စာနာသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
“နောက်ပိုင်းမှ သူတို့က [ဂဏန်းဘုရင်] ကို ပိုစိတ်ဝင်စားသွားပြီး သူ့ကို ဆက်သွယ်ဖို့ ကြိုးစားနေကြတာ...ဒါပေမယ့် အဲ့လူက ပျောက်နေပုံပေါ်တယ်...”
ကျန်းယင်: "..."
*****
အတိုချုပ်ပြောရလျှင် “မင်္ဂလာရှိသော နှင်းတစ်ပွင့်၏ ဇာတ်ကောင်များကို ဆုံးဖြတ်ပြီး ဖြစ်ကာ ဒရာမာအဖွဲ့ဘက်မှ တရားဝင်ကြေညာချက်ကို စောင့်ဆိုင်းရန်သာ လိုတော့သည်။
“မင်္ဂလာရှိသော နှင်းတစ်ပွင့်” ကို တီဗီစီးရီး အဖြစ် ရိုက်ကူးမည်ဟု သတင်းထွက်လာချိန်မှစ၍ အာရုံစိုက်မှုများစွာကို ရရှိခဲ့သည်။ လွန်ခဲ့သောနှစ်ကလည်း မီဒီယာများနှင့် ဈေးကွက်ရှာဖွေရေးအကောင့်များက အနာဂတ်အိပ်မက်များ(ဇာတ်လမ်းအကြောင်း)ကို ပြသခဲ့ကာ ပရိသတ်များကို မကြာခဏ အိပ်မက်ပေးခဲ့ကြသောကြောင့် အတော်လေး မငြိမ်မသက် ဖြစ်ခဲ့ဖူးသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဒရမ်မာ၏ အဓိက ဇာတ်ကောင်များကို ဆုံးဖြတ်ပြီးဖြစ်၏။ ဈေးကွက်ရှာဖွေရေးအကောင့်အချို့က သတင်းကို ကြားလိုက်ရသည်နှင့် မစောင့်နိုင်ကြတော့ဘဲ ချက်ချင်း အွန်လိုင်းပေါ်၌ ထုတ်ပြန်လိုက်ကြသည်။
[@အနုပညာနယ်ပယ်၏ အတွင်းသတင်းများကို ကြိုတင်သိရှိသူ : “စိတ်ကူးယဉ်ဒရာမာ “မင်္ဂလာရှိသော နှင်းတစ်ပွင့်” ကို မကြာခင်မှာ စတင် ရိုက်ကူးတော့မယ်...ဇာတ်လိုက် လောနန်ခယ့်နေရာမှာ လက်ရှိမှာ အရမ်း နာမည်ကြီးပြီး သရုပ်ဆောင်စွမ်းရည်ထူးချွန်တဲ့ မင်းသား ချီကျူးကို သတ်မှတ်ထားပြီး ဝတ္ထုထဲမှာ အရမ်း စိတ်ဝင်စားခံခဲ့ရတဲ့ ဗီလိန်ဇာတ်ကောင် ရွှမ်းမော့လင်ကို ကျန်းယင်က သရုပ်ဆောင်မယ်လို့ သတ်မှတ်ထားတယ်...ပြီးတော့ ဒရာမာအဖွဲ့ဘက်က ယင်ကျားယွီ၊ ရွမ်ဟွေ့ထုန်၊ မြောင်ယဲ့နဲ့ တခြားကြယ်ပွင့်တွေကိုလည်း ဆက်သွယ်နေဆဲ...”]
သတင်းများ ထွက်ပေါ်လာသည်နှင့် နှစ်ဖက် ပရိသတ်များက ပေါက်ကွဲသွားကြသည်။
[@သရေစာနှစ်သက်သူ: “ဖွီး...ငါ ဒီနေရာကို ဖြတ်သွားရင်းဖတ်လိုက်မိတာ ရယ်မိသွားတယ်...ဖန်တွေကို အိပ်မက်ပေးမယ်ဆိုလည်း ဦးနှောက်လေးနည်းနည်းတော့ သုံးကြပါဦး...ဒီနှစ်ယောက်ရဲ့ ဖန်တွေက အွန်လိုင်းပေါ်မှာ အပြင်းအထန် ရန်ဖြစ်နေကြတာကို သိရဲ့သားနဲ့ သူတို့နှစ်ယောက်ကို ဇာတ်ကားအတူတူရိုက်မယ်လို့ လာပြောနေတယ်...ဒါက ငါ မြင်ဖူးသမျှထဲမှာ အဆင့်အနိမ့်ဆုံး ပရိသတ်တွေကို မျှားခေါ်တာမျိုးပဲ...”]
[@အိုင်ဒေါတွေနောက် လိုက်တဲ့သူ: “ချီကျူးက မကြာသေးခင်က ဒရာမာအသစ်တစ်ခု လက်ခံထားတာ ရှိတယ်...ဒီရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ အချိန်မရှိဘူး...အိပ်မက်မက်နေဖို့သာ ငါ့မှာ အချိန်ရှိရင် အဲ့ဒါက ငါ့ကောကောရဲ့ လက်ရှိ အလုပ်တွေကို အားပေးတာက ပိုကောင်းလိမ့်မယ်... [ဓါတ်ပုံ]”]]
[@အလင်းရောင်နောက်ကို လိုက်နေတဲ့ အရိပ်လေး: “သတင်းအတုတွေ...ဖန်တွေ မယုံကြပါနဲ့ ...ငါတို့ ကောကောက မကြာသေးခင်က အရမ်း အလုပ်များနေတာ...ကုမ္ပဏီက သူ့အတွက် ဒရာမာအသစ်တွေကို ညှိနှိုင်းပေးနေကြတာ...ပြီးတော့ သူက ဝေ့ပေါ်မှာတောင် ပို့စ်တွေ မတင်ခဲ့ဘူး...”]
[@မင်းရဲ့ အရိပ်လေး: “ဘာလို့ Kangkang ကို မလာတာလဲ...ငါတို့ ရဲ့ ကြည့်ကောင်းတဲ့ ကျန်းယင်ကောကောကို လာကြည့်ကြ [ဓါတ်ပုံ] [ဓါတ်ပုံ]”]]
ကုမ္ပဏီနှစ်ခုမှ မှတ်ချက်ထိန်းချုပ်သည့် အဖွဲ့များက ပါဝင်လာကြ၏။ ဈေးကွက်ရှာဖွေရေးအကောင့်၏ဝေ့ပေါ်အောက်ရှိ နာမည်ကြီးနေသော မှတ်ချက်များမှာ ထိုလူနှစ်ယောက်၏ ပရိသတ်များ သယ်ဆောင်လာသော ဓါတ်ပုံများဖြင့် ပြည့်နေလေသည်။
အတိုချုပ်ပြောရလျှင် ဤကိစ္စအပေါ်၌ နှစ်ဖက်လုံး၏သဘောထားမှာ လုံးဝ ဂရုမစိုက်ခြင်းပင်။
ချီကျူးနဲ့ ကျန်းယင်က အပြိုင်ခန်းတွေကို အတူတူရိုက်ကြမှာလား...
တော်စမ်းပါ...အဓိပ္ပာယ်မရှိတာတွေ...
😍😍😍