🥰Chapter 11
မင်း ဘယ်သူ့အတွက် ရှိုးထုတ်နေတာလဲ
ဇာတ်ညွှန်းအဖွဲ့၏ ညစာစားပွဲ၌ ရင်းနှီးမြှုပ်နှံသူများအပြင် သရုပ်ဆောင်အချို့လည်း ပါဝင်သည်။
မြောင်ယဲ့က ဤနယ်ပယ်ထဲသို့ ဝင်လာသည်မှာ ကြာပြီဖြစ်သော်လည်း ကျော်ကြားခြင်းမရှိပေ။ သူက အမြဲ အရံဇာတ်ကောင်များကိုသာ ရရှိခဲ့သော်လည်း “မင်္ဂလာရှိသော နှင်းတစ်ပွင့်” ထဲမှ အရံဇာတ်ကောင်မှာ အတော်လေးထူးခြား၏။ သူသာ ကောင်းကောင်းသရုပ်ဆောင်နိုင်လျှင် ပရိသတ်များကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။
ဤဇာတ်ကောင်ကို ရရှိရန် မြောင်ယဲ့ကိုယ်တိုင်ရော ကုမ္ပဏီပါ အတော်လေး အားစိုက်ထုတ်ခဲ့ရ၏။ ထို့ကြောင့် ဤညစာစားပွဲ၌ မြောင်ယဲ့ ပါဝင်လာနိုင်ခြင်း ဖြစ်သည်။ ညနေပိုင်းတွင် သူ ကားပါကင်၌ ကားရပ်လိုက်သည်နှင့် အသံမြင့်သော အင်ဂျင်သံကို ကြားလိုက်ရကာ သူ့ဘေး၌ အနီရောင်ကားတစ်စီးက ကားပါကင်ထိုးလာသည်။
မြောင်ယဲ့ : “...”
ရင်းနှီးမြှုပ်နှံသူအကြီးကြီး တစ်ယောက်ပဲ ဖြစ်ရမယ်…
ကားတံခါးကပွင့်ဟလာကာ ကားထဲ၌ ရပ်ကွက်ထဲ၌ လူအများ ကနေကြဖြစ်သော သံစဉ်မျိုးကို ဖွင့်ထားသည်ကို မြောင်ယဲ့ သတိထားမိလိုက်သည်။ အကြိုက်မှာ အတော်လေး ထူးခြားလှသည်။
သူက ဘေးသို့ ခြေနှစ်လှမ်းကပ်လိုက်ပြီး ကားပေါ်မှ အသေးစိတ်ကျ၍ အထက်တန်းဆန်သော ပုံစံ ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ဆင်းလာသည်ကို မြင်လိုက်ရလေသည်။ ထိုလူက ကား၏ တစ်ဖက်သို့ ပတ်သွားသောအခါမှ ကားပေါ်၌ နောက်ထပ်လူတစ်ယောက် ရှိသေးကြောင်း မြောင်ယဲ့ သဘောပေါက်လိုက်သည်။
“သီချင်းဆိုမနေနဲ့တော့…ကားထဲက မြန်မြန်ထွက်ခဲ့…”
ထိုလူ၏ အသံက ပျော့ပျောင်းနေသည်။
“ဂရုစိုက်…ခေါင်းကို မတိုက်မိစေနဲ့…”
တစ်ဖက်လူမှာ ဟူဒီနှင့် အဖြူရောင်အားကစားဖိနပ်တို့ကို ဝတ်ဆင်ထားပြီး ကားပါကင်၏ မီးရောင်အောက်၌ သူ့တစ်ကိုယ်လုံးက ကျောင်းသားတစ်ယောက်ကဲ့သို့ ဖြူစင်သန့်ရှင်းနေသည်။ ဤနယ်ပယ်က ပရမ်းပတာဆန်သောကြောင့် စပွန်ဆာဒယ်ဒီကြီးနှင့် အပြစ်ကင်းသော ကောလိပ်ကျောင်းသားကောင်လေးတို့အကြောင်း မြောင်ယဲ့ အနည်းငယ် စိတ်ကူးယဉ်မိသွားလေသည်။
ထို “အပြစ်ကင်းသော ကောလိပ်ကျောင်းသားကောင်လေး” က မြောင်ယဲ့ကို အဝေးမှ လှမ်းမြင်လိုက်ရပြီး အော်ပြောလာ၏။
“ရို့…ဒါကဘယ်သူများလဲ…”
မြောင်ယဲ့၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။
“…”
ဒီအသံ…မကြာသေးခင်က သူ မမေ့နိုင်တဲ့အသံ…
ကျန်း-အရမ်းရက်စက်တဲ့-ယင်…
ကံကောင်းစွာဖြင့် ကျန်းယင်၏ ယနေ့ တိုက်ခိုက်မည့် ပစ်မှတ်မှာ သူ မဟုတ်ဘဲ ရိုးရိုးပင် နှုတ်ဆက်ကာ သူ့ဘေးမှ လူထံ လှည့်လိုက်သည်။
ထိုအချိန်မှ ကျန်းယင်၏ ဘေးတွင် ရပ်နေသူမှာ “မင်္ဂလာရှိသော နှင်းတစ်ပွင့်” ၏ ဇာတ်လိုက် ချီကျူး ဖြစ်ကြောင်း ကျန်းယင် မှတ်မိသွားသည်။
မြောင်ယဲ့က မကျော်ကြားသော်လည်း ဖုန်းဒေတာများစွာရှိသလို ကုမ္ပဏီ၏ အင်တာနက်နှုန်းမှာလည်း ကောင်းမွန်လှသည်။ထို့ကြောင့် မကြာသေးမီက ကျန်းယင်၏ပရိသတ်များနှင့် ချီကျူး၏ပရိသတ်များ အွန်လိုင်းပေါ်၌ ပြင်းပြင်းထန်ထန် အငြင်းပွားနေကြသည်ကို သဘာဝကျကျပင် သိရှိထား၏။ ယခု ထိုအငြင်းပွားမှု အလယ်တွင် ရှိနေသော လူနှစ်ဦးက ကားတစ်စီးတည်းပေါ်မှ ဆင်းလာသည်ကို မြင်ပြီးနောက် သူက တစ်ခဏမျှ မတုံ့ပြန်နိုင်ခဲ့ပေ။
“ဆရာချီ…”
ချီကျူးက အလွန် အသက်မကြီးသေးသော်လည်း သူ၏ လက်ရှိ ကျော်ကြားမှုနှင့် သရုပ်ဆောင်စွမ်းရည်များကြောင့် မြောင်ယဲ့ကို လေးစားစေကာ သူ့ကို ဆရာချီဟု ခေါ်လိုက်သည်။
ချီကျူးက သူ၏ နဂိုပုံစံအတိုင်းရှိနေကာ ယဉ်ကျေးသော်လည်း အကွာအဝေးထားသောပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
“ဆရာချီက အလှပြိုင်ပွဲသွားပြိုင်ဖို့ အလျင်လိုနေတာလား…”
ကျန်းယင်က အသံကို ဆွဲဆန့်ကာ ပြောလိုက်ပြီး နောက်မှ လိုက်လာလေသည်။
မြောင်ယဲ့က ချီကျူး၏ အခြားသူများအပေါ် စိတ်မရှည်ပုံကို သိထား၏။ တစ်ချိန်က သရုပ်ဆောင်တစ်ယောက်မှာ ထပ်ကာထပ်ကာ NG ပြန်ရိုက်နေရခြင်းကြောင့် ချီကျူးက ထိုသူ့ကို အစားထိုးရန် တောင်းဆိုသည်အထိ ဖြစ်ခဲ့ဖူးသည်။ ကျန်းယင်၏ ရန်စမှုကို ကြားလိုက်ရသည်နှင့် သူက ချွေးပြန်သွားသော်လည်း ချီကျူးက မတုံ့ပြန်ဘဲ ကျန်းယင်၏ နောက်ကျောကို ညင်သာစွာ တွန်းလိုက်သည်။
“စကားအရမ်းများတယ်…သွားရအောင်…”
လူနှစ်ယောက်က ဓါတ်လှေကားရှိရာဘက်သို့ လျှောက်သွားလေသည်။ မြောင်ယဲ့က သူတို့၏ နောက်ကျောကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့မိ၏။ ထိုနှစ်ယောက် ဓါတ်လှေကားထဲသို့ ဝင်သွားသွားပြီးနောက် ဓါတ်လှေကားတံခါးပိတ်သွားသည့်အချိန်တွင် ချီကျူးက လက်မြှောက်ကာ ကျန်းယင်၏ဆံပင်ကို နှစ်ကြိမ်ခန့် အမြန်ပွတ်သပ်လိုက်သည်ကို မြင်လိုက်ရသကဲ့သို့ပင်။
မြောင်ယဲ့: “?”
မဖြစ်နိုင်တာ…သူ ထင်ယောင်ထင်မှားဖြစ်တာနေမှာပါ…
*
ဓါတ်လှေကားထဲ၌...
ကျန်းယင်က နံရံကို မျက်နှာမူထားကာ ချီကျူး ယခုလေးတင် ဖွလိုက်သည့် သူ့ဆံပင်ကို ပြန်၍ သပ်ရပ်စေလိုက်သည်။ ယခုချိန်တွင် အပြင်သွားရန် မိမိုက်သော အဝတ်အစားကို မရွေးချယ်လိုက်မိသည့်အတွက် သူ နောင်တရနေမိသည်။
“လူတချို့က နာမည်ကြီးလာတာနဲ့ မတူတော့ဘူးပဲ…”
ကျန်းယင် နံရံကို မှီလိုက်သည်။
“အမြဲ စီးပွားရေးသမားပုံစံနဲ့ပဲ…ဒီည မင်း ဖန်တွေ ရှိလို့လား…ဘယ်သူ့အတွက် ရှိုးထုတ်နေတာလဲ…”
ချီကျူးက ကျန်းယင်၏ ထောင်ထွက်နေသော ဆံပင်ကို ကြည့်လိုက်သည်။
“တချို့လူတွေက အခု အရမ်းကို မနာလိုတဲ့ အသံနဲ့ ပြောနေတာပဲ…”
“ငါက မင်းကို မနာလိုတာလား…”
ကျန်းယင်က သဘောမတူစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
“ငါ့မှာ နာမည်ကြီးတာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အရာတွေ ရှိတယ်…”
ဥပမာအနေနဲ့ မင်းရဲ့မကောင်းကြောင်းတွေ စုဆောင်းတာလိုမျိုးပေါ့…
“မင်းက စိတ်ခံစားချက် ကောင်းနေပုံရတယ်…”
ချီကျူးက ပြုံးမနေသော်လည်း သူစိတ်ခံစားချက် ကောင်းနေကြောင်း ကျန်းယင် သတိထားမိလိုက်သည်။
“မကြာသေးခင်က ငါ အမာခံဖန်တစ်ယောက် ရခဲ့တယ်…”
ချီကျူးက အဓိပ္ပာယ်ရှိရှိ ပြောလိုက်လေသည်။
ကျန်းယင်က [ဂဏန်းဘုရင်] အကောင့်ကို ပရိသတ်အဖြစ် မှားယွင်းစွပ်စွဲခံထားရကြောင်း ရုတ်တရက် သတိရလိုက်ကာ အံကြိတ်၍ ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို ငါလည်း မကြာသေးခင်က anti fan တစ်ယောက် ရခဲ့တယ်…”
သူတို့နှစ်ယောက်က တစ်လမ်းလုံး စကားအပြိုင်ပြောလာကြကာ သူတို့၏ ဆိုးရွားသော ဆက်ဆံရေးကို အပြည့်အဝ ထုတ်ဖော်နေလေသည်။
“ကျန်းယင် ရောက်လာပြီ…”
ဒါရိုက်တာနှင့် ကျန်းယင်၏ဖခင်တို့က မိတ်ဆွေဟောင်းများဖြစ်ရာ သူက ကျန်းယင်လာရောက် သရုပ်ဆောင်သောကြောင့် ပျော်ရွှင်နေကာ ပြောလိုက်သည်။
“ချီကျူး…ကျန်းယင်ကို ရင်းနှီးမြှုပ်နှံသူတချို့နဲ့ နှုတ်ဆက်ဖို့ ခေါ်သွားပေးလိုက်…”
“နှုတ်ဆက်ရုံလေးပဲကို…ငါက စကားမပြောနိုင်တာမှ မဟုတ်တာ…”
ကျန်းယင်က အသက် ငါးဆယ်ခန့်ရှိပုံပေါ်သည့် မနီးမဝေးမှ သက်လတ်ပိုင်းလူကြီးထံ လျှောက်သွားလိုက်သည်။
“ဘယ်သူက ချီကျူးကို လိုအပ်နေလို့လဲ…”
“ဒါက ကျန်းယင်ပဲ…”
တစ်ဖက်လူက သူ လာသည်ကို မြင်သည်နှင့် ဦးစွာ နှုတ်ဆက်လိုက်သည်။
“မင်း ငယ်ငယ်လေးတုန်းက ငါ တွေ့ဖူးတယ်…မျက်စိတစ်မှိတ်အတွင်း မင်းက ဒီလောက်တောင် ကြီးလာပြီပဲ…”
နားထင်စပ်နားတွင် ဆံပင််ဖြူအချို့ရှိနေပြီဖြစ်သော သက်လတ်ပိုင်းလူကြီး၏ဘေး၌ ကျန်းယင်နှင့်သက်တူရွယ်တူခန့် မိန်းမငယ်လေးတစ်ယောက်ရပ်နေလေသည်။ ထိုစကားများကို ကြားလျှင် သူမက ကျန်းယင်ကို ပြုံးပြလာသည်။
“ဟယ်လို မစ္စတာလီ…”
ကျန်းယင်က ပရော်ဖက်ရှင်နယ်ဆန်သော ပုံစံကို ပြသလိုက်ကာ ချီးကျူးလိုက်သည်။
“ခင်ဗျားရဲ့ သမီးကလည်း အရမ်း လှလာတာပဲ…သူက တကယ်…”
သူ စကားပြောမပြီးသေးမီ သူ့ဘေးမှ ချီကျူးက လက်ကို ဆန့်ထုတ်လိုက်ကာ သူ့လက်ဖဝါးကို ပြင်းပြင်း ဖိညှစ်လိုက်သည်။
ကျန်းယင်: “…”
ကျန်းယင်က မေးလိုက်သည်။
“မင်း ဘာလို့ ငါ့လက်ကို ညှစ်တာလဲ…”
ချီကျူး: “…”
ချီကျူးက ခေါင်းညိတ်ပြလိုက်ကာ ကျန်းယင်၏ လက်ကောက်ဝတ်ကို ဆွဲပြီး လူကို ထောင့်တစ်နေရာသို့ ခေါ်သွားသည်။
“အဲ့ဒါက သူ့သမီး မဟုတ်ဘူး…သူ့ဒုတိယဇနီး…”
ကျန်းယင်: “…ကျစ်…”
*
နှုတ်ဆက်ခြင်းကအမြန်ပြီးဆုံးသွားခဲ့သည်။
ကျန်းယင်က အစားအသောက်နှင့် ပတ်သက်၍ ကျေနပ်နေ၏။ သူက ပုံမှန်အားဖြင့် အလုပ်၌ ရှိနေချိန်တွင် အလွန်အလုပ်ရှုပ်နေပြီး အလုပ်မရှိချိန်အိမ်၌လည်း အလွန်ပျင်းရိသောကြောင့် အစားကောင်းကောင်းစားရန် အချိန်မရှိတတ်ပေ။
သို့သော်လည်း စားနေစဉ်တွင် သူက ဤတိုင်းမနေဘဲ ချီကျူးမကြိုက်သည့်အစားအစာများကို စိတ်အားထက်သန်စွာဖြင့် ထည့်ပေးနေ၏။ ခဏအကြာ၌ ချီကျူး၏ပန်းကန်က ကျန်းယင် ထည့်ပေးသော ဟင်းများဖြင့် ပြည့်နေလေပြီ။
ကျန်းယင်: “ဒီကြက်ဥဆားရည်စိမ်က ပြင်ဆင်ထားပုံ လှတယ်…စားကြည့်…”
ကျန်းယင်: “ဒီဖရုံသီးကလည်း အရောင်လှတယ်…မင်း စားသင့်တယ်လို့ ထင်တယ်…”
ကျန်းယင်: “ဒီ တရုတ်နံနံက အနံ့အရမ်းကောင်းတယ်…မစားရင် နှမြောစရာပဲ…”
မြောင်ယဲ့ ဘေးမှ ထိတ်လန့်စွာ ကြည့်နေခဲ့မိသည်။ ဖရုံသီးနှင့် တရုတ်နံနံအကြောင်း မသိသော်လည်း ချီကျူးက ကြက်ဥဆားရည်စိမ်များကို မနှစ်သက်ကြောင်း အင်တာဗျူးတစ်ခု၌ ပြောခဲ့ဖူးသည်။ သူ သိသော ချီကျူး၏စိတ်နေစိတ်ထားအရ ၎င်းက ဒေါသထွက်နေလောက်ပေပြီ။
“မင်း သိတာ တော်တော်များတာပဲ…”
ချီကျူးက ပန်းကန်ပေါ်မှ တောင်လိုပုံနေသော ဟင်းပွဲများကို ကြည့်ကာ ပြောလိုက်သည်။
“ဟမ့်…”
ကျန်းယင်က မသိလိုက်မသိဘာသာ ပြုမူလိုက်သည်။
ထို့နောက် အကြောင်းအရာက ကျန်းယင်၏အကြောင်းသို့ ပြန်ရောက်လာလေသည်။
“ဒီကလေးရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ် ကောင်းတယ်…ပြီးတော့ ကျန်းမိသားစုက အရမ်း နှိမ့်ချလွန်းတယ်…”
ဒါရိုက်တာက ချီးကျူးလိုက်သည်။
“ရှောင်ယင်…မင်းက ကလေးတုန်းက ကီးဘုတ်ကို ယူခဲ့တာလို့ နောက်ဆုံးတစ်ကြိမ်တုန်းက မင်းအမေပြောတာကို ကြားလိုက်တယ်…”
ဇာတ်ညွှန်းရေးသူက စိတ်ဝင်စားဖွယ်ဇာတ်လမ်းကို မှတ်မိလိုက်သည်။
ကျန်းယင်က သူ့လက်ထဲမှ တူများကို ချက်ချင်း ချကာ ပြောလိုက်သည်။
“ကျွန်တော်တို့ မိသားစုက ပိုပြီး စိတ်ဝင်စားစရာကောင်းပုံပေါ်တယ်…ကျွန်တော့်အစ်ကိုလည်း အဲ့အချိန်က ကီးဘုတ်ကိုပဲ လက်လှမ်းခဲ့ပြီး သူက နောက်တော့ e-sport ကစားသမား ဖြစ်သွားတယ်…”
“မင်းကရော…”
ချီကျူးက ရုတ်တရက် မေးလိုက်လေသည်။
😍😍😍😍