အခန်း(၃၃)ဗီလိန်တို့ရဲ့အဖေကိုကောင်းကောင်ကျွေးမွေးကြစို့
Viewers 38k

အခန်း(၃၃) - ဗီလိန်တို့ရဲ့အဖေကို ကောင်းကောင်း ကျွေးမွေးကြစို့ 


သူမ အဆင်သင့်ဖြစ်နေပြီ။ ကျိုးချင်းပိုင်ကို တံခါးနားမှာ မတ်တပ်ရပ်နေတာ သူမ တွေ့လိုက်တဲ့အခါ သူမကိုယ်ဟန်အနေအထားကို ထိန်းသိမ်းနိုင်သွားပြီ။ 


ဒီ ၆ပေ ၁လက်မ လူကြီးတစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါကို အထင်သေး လျှော့မတွက်ရင်တောင်မှပေါ့။ 


သူမက ပြောလိုက်သည် " ဒီအချိန်ကြီး ရှင် ဘယ်လိုပြန်လာတာလဲ။ မြန်မြန် အထဲဝင်လာခဲ့…… ရာသီဥတုက သေလောက်အောင် အေးခဲနေတာ။ ကျွန်မအခန်းထဲ ဝင်သွားပြီး အဲဒီမှာပဲ နေ,နေလိုက်။ ဘေးအခန်းက အနွေးကုတင်ကို အပူမပေးထားရသေးဘူး " 


ကျိုးချင်းပိုင်သည် သူမကို လှစ်ခနဲ တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်မှ ဝင်လာသည်။ သူ့နောက်တွင် အိတ်အကြီးကြီး တစ်လုံး ရှိနေသည်။ 


လင်းချင်းဟယ်သည် သူ့ကို သူမအခန်းထဲမှာ နေခိုင်းပြီး ဂျင်းကို ရိုက်ပြားရန် မီးဖိုချောင်ဆီ သွားလိုက်သည်။ မီးဖိုထဲ မီး စတောက်တာနဲ့ ဂျင်းပြုတ်ရည် တစ်ပန်းကန်လုံးကို သူ့အတွက် ပြုတ်လိုက်သည်။ 


အခန်းအတွင်းတွင် ကျိုးချင်းပိုင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူ့သားသုံးယောက်ကို ကြည့်နေသည်။ သူ့သားသုံးယောက်ကို သေသေချာချာ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ထားသည်မှာ သိသာလှသည် အထူးသဖြင့် လောင်စန်းပေါ့။ ဝကစ်ပြီး ပြည့်ဖြိုးနေတာပဲ။ သန့်လည်းသန့်ရှင်းနေတယ်။ လောင်တနဲ့ လောင်အာ့လည်း အတူတူပဲ။ 


လွန်ခဲ့တဲနှစ် သူ ပြန်လာတုန်းက မြင်တွေ့ခဲ့ရတာနဲ့ လုံးဝ ကွဲပြားခြားနားနေသည်။ 


အပြင်ဘက် လမ်းမှာ သူတို့ကို သူ တွေ့လိုက်ရင် လောင်တက သူနဲ့ ရုပ်တူတာတောင်မှ သူ မှတ်မိချင်မှ မှတ်မိလိမ့်မယ်။ 


ပိုမမျှော်လင့်ထားတာက သူမက သူ့အတွက် ဂျင်းပြုတ်ရည် လုပ်ပေးတာကိုပဲ။ 


ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသော သားသုံးယောက်ကို တွေ့မြင်ရပြီး မီးဖိုချောင်မှ အသံကို နားထောင်ရင်း ကျိုးချင်းပိုင်၏ အေးစက်သော မျက်ခုံးများသည် နောက်ဆုံးတွင် သုံးဆယ်ရာခိုင်နှုန်း ပျော့ပြောင်းသွားသည်။ 


မကြာခင်မှာပဲ လင်းချင်းဟယ်သည် ဂျင်းပြုတ်ရည်ကို ချက်လို့ပြီးသွားပြီး အထဲသို့ သယ်လာသည်။ သူမက လောဆော်လိုက်သည်။ " ပူနေတုန်း မြန်မြန် သောက်လိုက် " 


ထိုသို့ပြောပြီးနောက် သူမ အပြင်ပြန်ထွက်သွားသည်။ သူမ ပြန်ဝင်လာချိန်တွင် ဂျင်းပြုတ်ရည်ကို ကျိုးချင်းပိုင် သောက်ပြီးသွားပြီ။ 


လင်းချင်းဟယ်က ခြေဆေးဇလုံနှင့်အတူ ဝင်လာသည်။ အနွေးကုတင်ပေါ် ထိုင်နေသော ကျိုးချင်းပိုင်ကို ကြည့်ပြီး သူမ ပြောလိုက်သည်။ " အဲမှာ ရှင် ဘာအတွက် ထိုင်နေတာလဲ။ မြန်မြန် ဖိနပ်ချွတ်ပြီး အအေးဒဏ်ကို ခုခံဖို့ ရှင့်ခြေထောက်တွေကို လာစိမ်လိုက်ပါလား။ ရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သန်မာတယ်ဆိုပြီး ထင်ရာစိုင်းနိုင်တယ်လို့ မထင်နဲ့။ အဲဒါက ဘယ်လို နာမကျန်းဖြစ်ရတာလဲ ဆိုတဲ့ အဓိက အကြောင်းရင်းပဲ။ ဒီလို နှင်းတွေ ထူထပ်စွာ ကျနေတဲ့အချိန်မှာ ရှင်က ဆီးနှင်းထဲဖြတ်ပြီး တကယ်ပြန်လာတာပဲ " 


သူမက တကျည်ကျည် နားပူနားဆာလုပ်နေသော်လည်း ကျိုးချင်းပိုင်ကို ဘာမျှ စိတ်အနှောင့်အယှက် မဖြစ်စေဘူး။ သူမ နားပူနားဆာလုပ်နေချိန်တွင် သူမသည် အလွန် စိတ်ကျေနပ် သဘောကျနေပုံရသည်။ 


ကျိုးချင်းပိုင်သည် ရှက်ရွံ့နေသလို ဟန်ဆောင်မနေဘူး။ ဖိနပ်နှင့် ခြေအိတ်တွေကို ချွတ်လိုက်ပြီး သူ့ခြေထောက်ကို စိမ်ပါတော့သည်။ 


ဂျင်းပြုတ်ရည် ပန်းကန်လုံးကြီး တစ်ပန်းကန် သောက်ပြီးတာနဲ့ သူက ပိုကောင်းလုနီးပါး ဖြစ်လာပြီး ချွေးနည်းနည်း ထွက်လာသည်။ ဒါက သူမရဲ့ စေတနာဖြစ်တာကြောင့် သူ ငြင်းပယ်မှာ မဟုတ်ဘူး။ 


ခြေထောက်ကို စိမ်ပြီး တစ်ကိုယ်လုံး နွေးထွေးသွားသော ကျိုးချင်းပိုင်သည် လင်းချင်းဟယ်ကို အကဲခတ်လိုက်သည်။ 


သူ ဘာမှ မပြောသော်လည်း လင်းချင်းဟယ်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေတုန်းပဲ။ သူမခေါင်းထဲ အတွေးတစ်ချက်ပေါ်လာပြီး မေးလိုက်သည်။ " ဗိုက်ဆာနေလား။ အိမ်မှာ အသင့်လုပ်ထားပြီးသား ဖက်ထုပ်နဲ့ ဘန်းမုန့်တွေ ရှိတယ်။ ရှင် ဘာစားချင်လဲ " 


ရိုးရိုးသားသားပြောရရင် ကျိုးချင်းပိုင်သည် တစ်လျှောက်လုံး လမ်းလျှောက်လာတာကြောင့် ဗိုက်ဆာနေခဲ့သည်။ အစကနေ စလုပ်ရမယ်ဆိုရင်တော့ မေ့ထားလိုက်မလို့ပဲ။ ဒါပေမယ့် အိမ်မှာ အဆင်သင့်လုပ်ထားပြီးသား ရှိနေမယ်ဆိုရင်တော့ သူ မဆိုင်းမတွ လက်ခံလိုက်မှာ။ 


" တစ်မျိုး နည်းနည်းစီ ယူလာပေးပါ " ကျိုးချင်းပိုင်က ဖြေသည်။ 


" ဒါဆို ခဏလေး စောင့်ဦး " လင်းချင်းဟယ်က ပြောပြီး လှည့်ထွက်သွားသည်။ 


သူ ပြန်လာသည့်အချိန် ခဏအတွင်း အလုပ်ရှုပ်နေသော သူမ၏ရုပ်ပုံကို ကြည့်နေရင်း တစ်နည်းနည်းဖြင့် ကျိုးချင်းပိုင်၏ အစောပိုင်း၌ စိုးရိမ်နေသော စိတ်နှလုံးသည် တည်ငြိမ်သွားသည်။ 


အမှန်တကယ်တော့ သူ မပြန်လာခင်တုန်းက နည်းနည်တော့ စိတ်ပူနေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူမက အမြဲတမ်း အရာရှိဇနီး ဖြစ်ချင်နေခဲ့တယ် ဆိုတာ သူ ကောင်းကောင်း သိနေတာကြောင့် ဖြစ်သည်။ ဒီလိုမှမဟုတ်ရင် တစ်နှစ်ပတ်လုံး အပြင်မှာပဲနေပြီး မိသားစုကို ဂရုမစိုက်နိုင်တဲ့ သူနဲ့ လက်ထပ်မှာ မဟုတ်ပါဘူး။ 


ဒါပေမယ့် အခုတော့ သူမရဲ့အိပ်မက်တွေကို သူ မဖြည့်စည်းပေးနိုင်တော့ဘူး။ သူမ ဘယ်လို သဘောတူမှာလဲ?? အမှန်တရားကို သူမ သိလိုက်တာနှင့်တပြိုင်နက် သူနဲ့ စကားများ ရန်ဖြစ်လိမ့်မယ်လို့ သူ ယူဆထားခဲ့တယ်။


သို့သော် ယခုမူကား စကားများ ငြင်းခုံရန် အခွင့်မရှိနိုင်ဘူး လို့ ထင်ရသည်။ 


လင်းချင်းဟယ်သည် သူ၏ အစားစားချင်စိတ်က တော်တော် ကြီးကြီးမားမား မဖြစ်သင့်ဘူးလို့ ခန့်မှန်းခဲ့သည်။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ် အရွယ်အစားက အရမ်းကြီးပြီး တစ်နှစ်ပတ်လုံး လေ့ကျင့်ခဲ့တယ်။ သေချာပေါက် အများကြီး စားလိမ့်မယ်။ 


ထိုကြောင့် သူမသည် ဘန်းမုန့် လေးခုကို အပူငွေ့ပေးပေါင်းပြီး ပုဇွန်စွပ်ပြုတ်ထဲတွင် ဖက်ထုပ် ပန်းကန်လုံးကြီး တစ်လုံးစာကို ပြုတ်လိုက်သည်။ 


ပြီးမှ အားလုံးကို အတူတကွ ပေါင်းယူလာသည်။ ကျိုးချင်းပိုင်သည် ပန်းကန်ထဲရှိ အားလုံးကို ကုန်စင်အောင် စားလိုက်သည်။ သူ့အမူအယာကို ကြည့်ရတာ ဗိုက်မပြည့်သေးပုံပေါ်နေသည်။ 


လင်းချင်းဟယ် : "……" 

ဤမျှ ကြီးမားသော အရွယ်အစားသည် သူမအား အနည်းငယ် စိတ်ရှုပ်စေခဲ့သည်။ အိမ်မှာရှိတဲ့ စားစရာတွေက သူ့အတွက် စားဖို့ လုံလောက်ပါ့မလား??


" တော်တော်နောက်ကျနေပြီ သွားတိုက်ပြီး အိပ်တော့ " လင်းချင်းဟယ်သည် ပန်းကန်လုံးနှင့် တူများကို သပ်သပ်ရပ်ရပ် သိမ်းလိုက်သည်။ သူမသည် ၎င်းတို့ကို ဆေးကြောရန် အစီအစဉ်မရှိပေ။ မနက်ဖြန်မှ ဆေးတော့မယ်။ 


" ကောင်းပြီ " ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။ 


လင်းချင်းဟယ်သည် သူ့အတွက် ရေနွေးအိုးထဲမှ ရေနွေးအနည်းငယ်ကို လောင်းထည့်လိုက်သည်။ ရေအေးနဲ့ ရောပြီး အနေတော်ဖြစ်မှ သွားတိုက်ရန် သူ့ကို လှမ်းခေါ်လိုက်သည်။ 


ကျိုးချင်းပိုင်သည် တိတ်တဆိတ် သွားတိုက်ရန် သွားခဲ့သည်။ သူမသည် သန့်ရှင်းခြင်းကို အမြဲတမ်း နှစ်သက်ကြောင်း သူ သိထားသော်လည်း ညဘက်တွင် သွားများကို သန့်ရှင်းရေးလုပ်ရန် မဖြစ်မနေလိုအပ်ကြောင်းကို သူ တစ်ခါမှ သတိမထားမိခဲ့ဘူး။ 


ဘေးအခန်းက အနွေးကုတင်ကို အပူမပေးထားသောကြောင့် လင်းချင်းဟယ်က လူနာကို အနိုင်ကျင့်ရန် မရည်ရွယ်ထားဘူး။ သူ မှတ်မိတာ မှန်ကန်တယ်ဆိုရင် သူမှာ ဒဏ်ရာတွေ ရှိနေတုန်းပဲ။ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း အချိန် အတိုင်းအတာ တစ်ခုအထိ ပြုစုစောင့်ရှောက်ရန် လိုအပ်နေသေးသည်။ 


ဒါကြောင့် ဒီည သူ့ကို ဒီဘက်အနွေးကုတင်မှာ အိပ်ခွင့်ပေးလိုက်သည်။ 


အနွေးကုတင်က တော်တော်ကြီးသည်။ ကလေးသုံးယောက်က အလယ်မှာ အိပ်ကြပြီး သူမက အတွင်းဘက်ခြမ်းမှာ အိပ်သည်။ အပြင်ဘက်ခြမ်းမှာ သူ အိပ်နိုင်သည်။ သူမနဲ့ သူကြား ကလေး သုံးယောက် ခြားနေလိမ့်မည်။ သူမက ရှိုးတိုးရှိုးတန့် ဖြစ်နေသလို ခံစားနေရပေမယ့်လည်း သူမက သူ့ဇနီး ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ဒီပုံစံအတိုင်းလည်း အဆင်ပြေပါတယ်။ 


" ဒီစောင်က ကောင်းတယ် " ကျိုးချင်းပိုင်က ခုနစ်ဂျင်း လေးသည့် စောင်ကို မြင်သောအခါ မှတ်ချက်ပေးသည်။ 


" မကောင်းနိုင်စရာ မရှိဘူးလေ။ ဒါကို ဝယ်ပြန်လာဖို့ ပိုက်ဆံအများကြီး ဖြုန်းခဲ့ရတာ " လင်းချင်းဟယ်က မျက်ခုံးပင့်ရင်း တုံ့ပြန်လိုက်သည်။ 


ဒါပေမယ့် ဒီရာသီဥတုအတွက် ဒီခုနစ်ဂျင်း လေးသော စောင်က မလုံလောက်ပါဘူး။ အပေါ်တွင် လေးဂျင်း လေးသည့် စောင် ရှိသည်။ စုစုပေါင်း နှစ်ထည် နှင့် အလွန် နွေးထွေးသော အောက်ခံ မွေ့ရာအသစ်လည်း ပါသည်။ 


အရမ်းနွေးထွေးတယ်လို့ ပြောလို့ရနိုင်သည်။ အေးခဲမှာကို ကြောက်ရွံ့စိုးရိမ်စရာ မလိုတော့ဘူး။ 


တစ်ရက်လုံး ခရီးထွက်ခဲ့သော ကျိုးချင်းပိုင်သည် အမှန်တကယ်ပင် ပင်ပန်းနေပြီ။ ဒါကြောင့် အနွေးကုတင်ပေါ် တက်ပြီး သူဇနီးနှင့် ကလေးတွေနဲ့အတူ အိပ်ပျော်သွားသည်။ 


သူ ဒီည ပြန်လာသောအခါ ဒီလောက် အဆင်ပြေပြီး စိတ်ချမ်းသာလိမ့်မယ်လို့ ဘယ်တုန်းကမှ သူ မမျှော်လင့်ထားခဲ့ဘူး။ 


ဂျင်းပြုတ်ရည်၊ ခြေဆေးရေ၊ အဖြူရောင် ဘန်းမုန့်ကြီးများနှင့် ပုဇွန်အရေခွံ ဖက်ထုပ်ပြုတ်တို့ဖြင့် ကြိုဆိုသည်။ သူ့တစ်ကိုယ်လုံး နွေးထွေးလာသည်။ 


သူ အငြိမ်းစားယူခဲ့တဲ့ အကြောင်းကို ပြောပြရန် မနက်ဖြန်မှာ အချိန်ရှာဖို့ စဉ်းစားလိုက်သည်။ မနက်ဖြန် ဘယ်လို မြင်ကွင်းမျိုး တွေ့မြင်နိုင်မလဲကို မနက်ဖြန်အတွက်ပဲ ထားလိုက်တော့မယ်။ 


ဒီညတော့ သူ အများကြီး မတွေးချင်တော့ဘူး။ 


ကျိုးချင်းပိုင်သည် လှဲလျောင်းပြီး သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားသည်။ အိပ်ရာက နွေးထွေးလွန်းပြီး သက်တော့သက်သာ ရှိလှသည့်အပြင် သူ့ဇနီးနှင့် ကလေးများကလည်း အတူတူ ရှိနေတာကြောင့် သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ 


မျှော်လင့်ထားသည့်အတိုင်းပင် လင်းချင်းဟယ်သည် အိပ်မပျော်ပေ။ 


သူမ ကျိုးချင်းပိုင်ကို အနွေးကုတင်ပေါ် အိပ်ရန် ပြောခဲ့သော်ငြားလည်း သူ့ဇနီးအဖြစ်နှင့် အလယ်မှာ ကလေးသုံးယောက် ရှိနေပေမယ့် အဆုံးမှာတော့ သူမ လိုက်လျောညီထွေ ဖြစ်အောင် မလုပ်နိုင်သေးဘူး။ 


ကျိုးချင်းပိုင်က ပင်ပန်းနေတယ်ဆိုတာ သိသာလှသည်။ လှဲလျောင်းပြီး မကြာခင်မှာပဲ သူ အိပ်ပျော်သွားမှန်း သူမ ခံစားလိုက်ရပြီး သူ တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ 


လင်းချင်းဟယ်သည် သူမ ဘယ်အချိန် အိပ်ပျော်သွားမှန်း မသိလိုက်ဘူး။ အတိုချုပ်ပြောရရင် နောက်နေ့မှ သူမ အိပ်ပျော်သွားသည်။ 


သူမ နိုးလာချိန်တွင် ရှစ်နာရီ ထိုးခါနီးနေပြီ။ 


ကလေးတွေကတော့ တစ်ယောက်မှ မရှိကြတော့ဘူး။ လင်းချင်းဟယ်သည် ခဏတာ အထိတ်တလန့်ဖြစ်သွားပြီး နောက်မှ ကျိုးချင်းပိုင် ပြန်ရောက်နေတာကို သတိရသွားသည်။


ထို့အပြင် ကျိုးချင်းပိုင်၊ အမေကျိုးနှင့် လောင်တတို့အသံကိုလည်း အပြင်ဘက်မှ ကြားနေရသည်။


ဒါကြောင့် လင်းချင်းဟယ် စိတ်အေးသွားသည်။ သူမသည် သပ်သပ်ရပ်ရပ် ပြုပြင်ပြီး အနွေးကုတင်မှ ထလိုက်သည်။ ဒီအချိန်က တော်တော် နောက်ကျနေပြီ။ 


ဆောင်းရာသီ ဖြစ်နေတာတောင်မှပေါ့။ ကလေးသုံးယောက် စားပြီးလား၊ မစားရသေးဘူးလား သူမ မသိဘူး။ 


သူမ နောက်ကျတဲ့အထိ အိပ်နေလို့ အမေကျိုးက သူမကို အထင်အမြင် သေးသွားလိမ့်မယ်လို့ သူမ ထင်ခဲ့သည်။ မမျှော်လင့်ဘဲ အမေကျိုးထံမှ ခွင့်လွှတ်တဲ့အကြည့်ကို သူမ လက်ခံလိုက်ရသည်။ 


" မနေ့ညက စတုတ္ထရဲ့ဇနီး ပင်ပန်းသွားရပြီ " အမေကျိုးက မှတ်ချက်ပေးသည်။ 


ထိုမှတ်ချက်ကြောင့် လင်းချင်းဟယ် နားလည်သွားသည်။ မနေ့ညက ပြုစုစောင့်ရှောက်ပေးရန် သူမ အိပ်ရာမှထတဲ့အကြောင်းကို ကျိုးချင်းပိုင်က အမေကျိုးအား ပြောပြထားသည်။ သူမ အဖြေပြန်ပေးလိုက်သည်။ " သိပ်မပင်ပန်းပါဘူး။ အမေ စားပြီးပြီလား " 


" စားပြီးပြီ " အမေကျိုးက ဖြေသည်။ " မင်းလည်း မြန်မြန် သွားစားသင့်တယ် "