အခန်း(၃၄)ဗီလိန်လေးတွေရဲ့ဖခင်အငြိမ်းစားယူခြင်း
Viewers 38k

အခန်း(၃၄) - ဗီလိန်လေးတွေရဲ့ဖခင် အငြိမ်းစားယူခြင်း


အမေကျိုးရဲ့အသံက ကြုံတောင့်ကြုံခဲ ချိုသာနေသည်။


တကယ်တော့ မနေ့ညက သူပြန်ရောက်တဲ့အခါမှာ လင်းချင်းဟယ် ပြုလုပ်ပေးတဲ့ အကြောင်းကိစ္စများကို သူ့အငယ်ဆုံးသားက ပြန်ပြောပြတာထားလို့ပါပဲ။ မနေ့ညက နှင်းတွေထူထပ်လွန်းတာမို့ ထုံးစံအတိုင်း သူမ စိုးရိမ်နေမိသည်။


ဒီလမ်းတစ်လျှောက်လုံး ဘယ်လောက်အေးခဲနေလိုက်မလဲ။


သူမသားအငယ်ဆုံးက သူ့မိန်းမက အိပ်ရာကနေထလာပြီး သူ့အတွက် ဂျင်းပြုတ်ရည်ချိုချိုလေးပြုလုပ်ပေးတဲ့အပြင် သူ့ခြေထောက်ပူနွေး နွေးထွေးစေရန်အတွက် ဂျင်းပြုတ်ရည်ဖြင့် စိမ်ခိုင်းသေးသည်။ ပြီးတော့ သူ့ကို မအိပ်စက်ခင် ပေါက်စီတွေနဲ့ ဖက်ထုပ်စွပ်ပြုတ်ကိုလည်း ကျွေးမွေးလိုက်ပါသေးသည်။

 

ဒီအကြောင်းကို နားထောင်ပြီး အမေကျိုးသည် စိုးရမ်ပူပန်မှု လျော့ပါးသွားသည်။ ဒီအသုံးအဖြုန်းကြီးသော ချွေးမဖြစ်သူ လင်းချင်းဟယ်သည် သူမမျက်လုံးထဲတွင် ပိုနှစ်လိုဖွယ် ကောင်းလာသည်။


အနည်းဆုံးတော့ သူမသားအငယ်ဆုံးကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးနိုင်တာပဲ။ ဒါက အမေကျိုး သူမကို ယဥ်ကျေးရည်မွန်စွာ ဆက်ဆံဖို့ လုံလောက်သည်။


လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျိုးချင်းပိုင်ကလည်း သူမကို ကြည့်နေသည့်အတွက် တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။ သူမ အနည်းငယ် ရှက်ရွံ့နေသေးသောကြောင့် သူမအကြည့်တွေကို လောင်တနှင့် သူ့ညီအစ်ကိုတို့ထံ လွှဲပြောင်းလိုက်သည်။ “မင်းတို့ ထမင်းစားပြီးပြီလား။”


 “ဟုတ်ကဲ့” လောင်တနှင့် လောင်အာ့တို့က ပြန်ဖြေသည်။


ထို့နောက် လင်းချင်းဟယ်သည် သူတို့ကို ထားပြီး မီးဖိုချောင်ထဲသို့ သူမတစ်ယောက်တည်း ဝင်သွားခဲ့သည်။ မီးဖိုချောင်ထဲက ဒယ်အိုးက ပူနွေးနေတုန်းပါပဲ။ သူတို့သားအဖတွေက ပေါက်စီတွေကို ပေါင်းစားထားကြသည်။


ပေါက်စီများကို လွန်ခဲ့သည် ရက်အနည်းငယ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှင်းထဲတွင် အေးခဲထားသောကြောင့် သိုးသွားမည် မဟုတ်ပေ။ အကယ်၍ ထိုပေါက်စီကို သူတို့စားချင်တာနဲ့ အနည်းငယ်ယူပြီး ပေါင်းစားလိုက်ရုံပါပဲ။ ပေါက်စီတွေကို သူတို့ အများကြီး မစားသည့်အတွက် တစ်ချို့တော့ ကျန်နေသေးသည်။


ဟုတ်ပါတယ်။ ဒါက နောက်ဆုံးကျန်ရှိတဲ့ အနည်းစုပါပဲ။


လင်းချင်းဟယ်က အစားမကြီးဘူးဆိုတော့ ဒါက သူမအတွက် လုံလောက်တယ်။ သူမ လုပ်ထားတဲ့ ပမာဏက လုံလောက်ပါတယ်။


ထိုအချိန်တွင် လောင်စန်းက ဝင်လာသည်။


လင်းချင်းဟယ်က သူ့ကို ပွေ့ချီလိုက်သည်။ “လောင်စန်းလေးရော စားပြီပြီလား။’


“မစားရသေးဘူး။” လောင်စန်းက သူ့ခေါင်းကိုခါလိုက်သည်။


မနက်စာကို သူစားပြီးပြီ။ အကယ်၍ သူမစားရသေးဘူးလို့ပြောရင် သူ ထပ်စားရလိမ့်မည်။


လင်းချင်းဟယ်သည် သူ့ကိုချီသွားသည်။ အမေကျိုးက ဒီအိမ်မှာ ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူမက သူမသားအငယ်ဆုံးကို မတွေ့ရတာ ကြာမြင့်သောကြောင့်ဖြစ်သည်။ သူမသည် သူ့ကို အရမ်းလွမ်းဆွတ်နေတာဖြစ်လေသည်။


သူမရဲ့သားလေးယောက်ထဲမှာ သူမအငယ်ဆုံးသားကို အချစ်ဆုံးပါပဲ။ သူမနှလုံးသားထဲမှာ အငယ်ဆုံးသားလေးက နံပါတ်တစ်ဖြစ်သည်။ ကျန်တဲ့သားသမီးတွေအားလုံးကို ဘေးဖယ်ထားနိုင်သည်။


လင်းချင်းဟယ်က လောင်စန်းကို အတွင်းခန်းထဲသို့ ပြန်ခေါ်သွားသည်။ လောင်တနှင့် လောင်အာ့တို့လည်း နောက်မှလိုက်ပါလာသည်။


ကျိုးချင်းပိုင်က သူမနောက်ကျောကို လှမ်းကြည့်သည်။


အမေကျိုးက တီးတိုးပြောသည်။ “လောင်တရဲ့အမေက ဒီရက်ပိုင်း သူ့ကလေးတွေကို ပိုဂရုစိုက်လာတယ်။ သူတို့ရဲ့အဝတ်အစားတွေနဲ့ ဖိနပ်တွေကို သူမကိုယ်တိုင် စီစဥ်ပေးခဲ့တာပဲ။ သူမက သူတို့ညီအစ်ကိုတွေ အေးခဲသွားမှာကို စိုးရိမ်နေတယ်။ သူမက ငါနဲ့ မင်းအဖေကိုလည်း အသားပေါက်စီတွေ ဝယ်လာပေးသေးတယ်။”


သူမ နောက်ဆုံးအကြိမ် ပေါက်စီတွေလုပ်တုန်းကလည်း လင်းချင်းဟယ်သည် လောင်တနှင့်‌ လောင်အာ့တို့နှစ်ယောက်သားကို ပေါက်စီနှစ်လုံး သွားပေးခိုင်းခဲ့သည်။ အဖေကျိုးနဲ့ အမေကျိုးအတွက်ပဲလို့ ပြောလိုက်သေးသည်။ အခြားသူတွေအတွက် မပါဘူးလို့ဆိုသည်။


အဖေကျိုးနဲ့ အမေကျိုးက စတုတ္ထလေးရဲ့ဇနီး မှာကြားချက်ကို သူတို့အား မပြောပြခဲ့ဘူး။ အကယ်၍ ထိုသို့သာပြောလိုက်ရင် စတုတ္ထလေးရဲ့ဇနီးကို သူတို့ ဘယ်ကျေနပ်ကြတော့မလဲ။


ထို့အပြင် ကျိုးအိမ်တော်ဟောင်းတွင် မြေးများစွာရှိသည်။ သူတို့အားလုံးကို ခွဲဝေကျွေးမွေးဖို့ မလုံလောက်ပေ။


ပေါက်စီနှစ်လုံးကို ဘယ်လိုခွဲဝေပေးဖို့ အဆင်ပြေနိုင်မှာလဲ။ ထို့ကြောင့် လူအိုကြီးဇနီးမောင်နှံသည် ရိုးရိုးရှင်းရှင်း သူတို့ဖာသာပဲ စားသောက်လိုက်ကြသည်။ ဒီအတိုင်းဆို ဘယ်သူမှ ဘာမှမပြောနိုင်ဘူးလေ။ တစ်ခုခုပြောမယ်ဆိုရင် ဒါက စတုတ္ထရဲ့ဇနီးသည်က သူတို့ဇနီးမောင်နှံကို သားသမီးဝတ္တရားကျေပွန်တာလို့ ပြောလိုက်မည်။


ကျိုးချင်းပိုင်က သူသိကြောင်း ခေါင်းညိတ်ပြလိုက်သည်။


 “တခြားကိစ္စတွေကိုတော့ အမေ သိပ်မပြောတတ်ဘူး။ ဒါပေမယ့် မင်းမိန်းမရဲ့ ပိုက်ဆံသုံးစွဲတဲ့ အကျင့်ကိုတော့ ပြုပြင်ရမယ်။ လောင်တနဲ့ သူ့ညီတွေက ကြီးပြင်းလာကြပြီ။ အချိန်တန်ရင် အရာအားလုံးအတွက် သူတို့ ပိုက်ဆံလိုအပ်လာလိမ့်မယ်။ တစ်ပြားချင်းခွာသုံးဖို့ ပြောတာ မဟုတ်ပေမယ့် သူမ ဒီထက်တော့ ချွေတာသုံးစွဲသင့်တယ်။” အမေကျိုးက နားချပြောဆိုသည်။ ကျိုးချင်းပိုင်လည်း ဒီကိစ္စကို သတိပြုမိသည်။

 

အိမ်မှာ ကျောက်မီးသွေး မီးဖိုတစ်လုံး၊ ကျောက်မီးသွေးအိတ်ဝက်နှင့် သံမဏိဖြင့် ပြုလုပ်ထားသော သံဒယ်အိုးတစ်လုံးကိုပါ တွေ့ခဲ့ရသည်။ ပြီးတော့ စောင်အကြီးကြီးနှစ်ထည်ကလည်း အသစ်စက်စက်တွေပင်ဖြစ်သည်။ ပြီးတော့ ကလေးတွေရဲ့ အဝတ်အစားတွေရောပဲ။


တခြားဟာတွေလည်း အများကြီးရှိနေတယ်။ အခန်းထဲမှာ စားစရာတွေ ပြည့်နှက်နေတယ်။ ဆန်နှင့် ဂျုံမှုန့်တွေကလည်း အရည်အသွေး ကောင်းမွန်လှသည်။


ထိုအရာတွေအတွက် ငွေအများကြီး ကုန်ကျလိမ့်မည်။


သို့သော်လည်း ကျိုးချင်းပိုင်က ဒါကို အကျင့်ဆိုးတစ်ခုလို့ မထင်ပဲ သူမသည် အိမ်ထောင်စုကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး ကလေးတွေကို ကောင်းမွန်စွာ ပြုစုပျိုးထောင်တယ်လို့ပဲ ထင်မြင်မိသည်။


သူမက အိမ်ထောင်စုကို ထိန်းသိမ်းနေသရွေ့ သူက အပြင်ဖက်မှာ တစ်ယောက်တည်း စီးပွားရှာနိုင်ပေလိမ့်မည်။


“သား သိပါပြီ။” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။


အမေကျိုးသည် သူမသားဖြစ်သူက အတွင်းခန်းကို အဆက်မပြတ် ငေးကြည့်နေတာကို သတိပြုမိလိုက်ပြီး သူတို့လင်မယား မတွေ့ရတာ ကြာပြီဆိုတာကို သူမ သိလေသည်။ သူမက သူမသားအငယ်ဆုံးကို စကားအနည်းငယ် ပြောဆိုချင်သေးပေမယ့် သူမက စိတ်အနှောင့်အယှက်တော့ မပေးလိုပေ။ “ဒါဆို အမေ အရင်ပြန်နှင့်လိုက်ဦးမယ်။” 


“ကောင်းပါပြီ။” ကျိုးချင်းပိုင်သည် သူမကို အပြင်သို့ လိုက်ပို့သည်။


အမေကျိုးပြန်သွားတာနဲ့ ကျိုးချင်းပိုင်က အခန်းထဲကို ဝင်သွားသည်။ လင်းချင်းဟယ်သည် သူမသားသုံးယောက်ကို အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးနေရင်း ရည်ညွှန်းပြောဆိုနေသည်။ “မင်းတို့ ဒါကိုသာ မလိမ်းရင် မင်းတို့အဖေလို ဖြစ်သွားလိမ့်မယ်။ အအေးဒဏ်ကြောင့် အက်ကွဲပျက်စီးသွားပြီး ရုပ်ဆိုးသွားလိမ့်မယ်။”


“အမေ အဖေ ‌ပြန်ရောက်နေပြီ။” လောင်တက လှစ်ဟပြောဆိုသည်။


လောင်အာ့ရဲ့မျက်လုံးကလည်း တောက်ပလာသည်။


သူတို့ရဲ့အပြုအမူကို ကြည့်လိုက်တာနဲ့ လင်းချင်းဟယ်သည် သူတို့က သူတို့အဖေကို အရမ်းသဘောကျမှန်း သိသည်။ သူမက ပြုံးရယ်ရင်း ပြောသည်။ “ဒီမနက် မင်းတို့အဖေက မင်းတို့ကို အပြင်ကိုခေါ်သွားတာလား။”


“အင်း ကျွန်တော်တို့ အိပ်ရာနိုးလာတဲ့အခါ အဖေက ကျွန်တော်တို့ကို အဝတ်ထပ်ဝတ်ပြီး အပြင်ကိုထွက်လာဖို့ပြောတယ်။ အမေ့ကို မနိုးစေနဲ့တဲံ။” လောင်တက သူ့ခေါင်းကို တဆတ်ဆတ်ညိမ့်ရင်း ပြောသည်။


“အဖေက ကျွန်တော့်တို့အတွက် ‌ပေါက်စီ တစ်ယောက်တစ်လုံးစီ ပေါင်းပေးတယ်။” လောင်အာ့က အတည်ပြုပြောသည်။


အများအားဖြင့် သူတို့အမေက ပေါက်စီတစ်ဝက်နှင့် ဆန်ပြုတ်တစ်ပန်းကန်ကို တွဲဖက်ပေးသည်။ ပေါက်စီတစ်လုံးလုံး ဘယ်တော့မှ မပေးပေ။


လင်းချင်းဟယ်သည် သူတို့အဖေက သူမလုပ်ထားတဲ့ ပေါက်စီတွေနဲ့ သူတို့ရဲ့နှလုံးသားကို အနိုင်ရရှိတာကို သတိပြုမိသည်။ သူမသည် အဖေနှင့်သားများ ဆက်ဆံရေးကောင်းဖို့ မျှော်လင့်ထားသည့်အတွက် အလေးအနက်ပြောလိုက်သည်။ “သူက မင်းတို့အဖေပဲ။ သေချာပေါက် သူက မင်းတို့အတွက် ကောင်းတာပေါ့။ ငါက မိထွေးတစ်ယောက်လေ။ အဲ့တာကြောင့်မို့ မင်းတို့ကို တစ်ဝက်စီပဲ ကျွေးတာ။”


“အမေက မိထွေးဆို သားက လင်ပါသားပဲ။” လောင်အာ့က တခစ်ခစ်ရယ်ရင်း ဆိုသည်။


 “မင်းမှာ အရှက်မရှိဘူးလား။ အဖေ့မှာ ဇနီးမယားဆိုလို့ အမေတစ်ယောက်ပဲရှိတယ်။” လောင်တက သူ့ကို အထင်မြင်သေးစွာ ပြောလိုက်သည်။


“လိမ်းပေးပြီးသွားပြီ။ မင်းတို့ အပြင်ကိုသွားလို့ရပြီ။” လင်းချင်းဟယ်က သူတို့ကို‌ မောင်းထုတ်လိုက်သည်။


ထိုသို့ပြောပြီးနောက် ကျိုးချင်းပိုင်က အထဲသို့ဝင်လာသည်။ လင်းချင်းဟယ်သည် သူ့ကို မသိစိတ်အရ တစ်ချက်လှမ်းကြည့်လိုက်မိရာ သူမကို သူက ကြည့်နေတာကို တွေ့လိုက်ရသည်။ လင်းချင်းဟယ်က ဘာမှမပြောရင် ထူးဆန်းတယ်လို့ ထင်သောကြောင့် “အမေ အိမ်ပြန်သွားပြီလား။” လို့ နှုတ်မှ လွတ်ခနဲမေးလိုက်သည်။


“အင်း” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။


လိုရင်းတိုရှင်း အပိုစကားလုံးဝ မပါပေ။


မူလခန္ဓာပိုင်ရှင်ရဲ့ စိတ်နှလုံးကို မပိုင်ဆိုင်နိုင်ခဲ့တာ အံ့သြစရာတေ့ မဟုတ်ဘူး။ ဒီလိုစကားနည်းတဲ့ပါးစပ်က မိန်းမကို စိတ်ချမ်းသာအောင် မပြုလုပ်ပေးနိုင်ဘူး။


“မင်းတို့နှစ်ယောက် အပြင်ကို သွားကစားကြ။” ကျိုးချင်းပိုင်က လောင်တနှင့် လောင်အာ့တို့ကို အမိန့်ပေးလိုက်သည်။


လောင်တနှင့် လောင်အာ့တို့က သူတို့အမေကို ကြည့်လိုက်သည်။ လင်းချင်းဟယ်ကလည်း သူတို့ သူမကို ဘာကြောင့်ကြည့်တာလဲဆိုတာကို နားလည်သည်။ သူမလည်း သေချာပေါက် သူတို့ကို မထွက်သွားစေချင်ဘူး။


ဒါပေမယ့် သူ့မှာ သူမကို ပြောစရာစကားရှိမှန်း သူမ သိသည်။


လင်းချင်းဟယ်က တိုက်တွန်းပြောဆိုသည်: "မင်းတို့အဖေပြောတာ နားထောင်လိုက်ကြလေ။ သွားကစားကြ။"


ဒါ့ကြောင့် လောင်တနှင့် လောင်အာ့တို့က ထွက်သွားသည်။ နှစ်ယောက်သား သူတို့သူငယ်ချင်းတွေထံသွားပြီး သူတို့အဖေ ပြန်ရောက်နေတယ်ဆိုတာကို ကြွားလုံးထုတ်ဖို့ လည်ပတ်ကြသည်။


လောင်တနှင့် လောင်အာ့တို့ ထွက်သွားတော့ လောင်စန်းလေးက အနွေးကုတင်ပေါ်မှာ ကစားရင် ကျန်နေခဲ့သည်။ လင်းချင်းဟယ်က သူမသားငယ်နဲ့ ကစားနေရင်း မေးလိုက်သည်။ “ရှင် ဒီမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲ။”


ကျိုးချင်းပိုင်သည် အနည်းငယ် တွန့်ဆုတ်သွားသည်။ လင်းချင်းဟယ်သည် သူမ သူ့ကိုနောက်ကျောခိုင်းထားသော်လည်း ထိုလူ အနည်းငယ် စိုးရွံ့နေမှန်း သူမ သိသိသာသာ ခံစားလိုက်ရသည်။ သူမသည် မသိလိုက်မသိဖာသာနေရင်း လောင်စန်းနှင့် ဆက်ကစားနေခဲ့သည်။ လောင်စန်းလေးသည် သူမရဲ့ကျီစယ်မှုကြောင့် တခစ်ခစ်ရယ်မောနေသည်။


ကျိုးချင်းပိုင်သည် သူ့တတိယသား ရယ်မောပျော်ရွှင်နေတာကို ကြည့်နေရာမှ သူမနောက်ကျောထံ အကြည့်ပို့ပြီး ထုတ်ပြောသည်။ “ဒီတစ်ခါ ငါ ပြန်သွားဖို့ ရည်ရွယ်ချက်မရှိဘူး။”


ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် သူကြိုတင်မျှော်မှန်းထားသည့်အတိုင်း မယုံသင်္ကာအကြည့်များဖြင့် သူ့ဖက်သို့ လှည့်ကြည့်နေသော သူမပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ “ရှင် မပြန်သွားတော့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။”


“ငါ အငြိမ်းစားယူလိုက်ပြီ” ကျိုးချင်းပိုင်သည် သူမကိုကြည့်ရင်း သက်ပြင်းမောရှူထုတ်လိုက်သည်။


လင်းချင်းဟယ်က သူ့ကိုစိုက်ကြည့်နေပြီး သူစကားဆက်ပြောမှာကို စောင့်ဆိုင်းနေသည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအကြောင်း ရှင်းပြတာမျိုးကိုပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် သူက ဆက်မပြောဘူး...


မူလခန္ဓာပိုင်ရှင်က သူ့အပေါ် လုံးဝစိတ်ကုန်သွားတာ အံ့သြစရာ မရှိဘူး။ သူက စကားကို ဘယ်လိုပြောရမှန်း တကယ့်ကို မသိနားမလည်ဘူး။


သူမရဲ့အိမ်မက်က အရာရှိဇနီးမယားဖြစ်ဖို့ဆိုတာ သူ မသိဘူးလား။