အခန်း(၃၅) - ဗီလိန်တို့၏အဖေ စိတ်သက်သာရာရခြင်း
လင်းချင်းဟယ်သည် ဒီလူကို အကဲခတ်လေ့လာလိုက်သည်။ သူ့မျက်လုံးထဲက စိုးရိမ်ပူပန်မှုကို သူမ တွေ့လိုက်ရတော့ အနည်းငယ် လန့်ဖျပ်သွားမိသည်။ ကြည့်ရတာ သူ ပြသထားသလို မတုန်မလှုပ်တာတော့ မဟုတ်ဘူးပဲ။
သူ့စိတ်ထဲမှာ တကယ်ကို စိတ်ပူနေသည်။ ဒီခံစားချက်တွေကို သူ ဘယ်လို ဖော်ပြရမလဲ မသိတဲ့အတွက်ကြောင့် သူ လုံးဝ ဂရုမစိုက်တဲ့ပုံ ပေါ်နေတာ ဖြစ်မယ်။
ကျိုးချင်းပိုင်ကလည်း သူမကို စစ်ဆေးလေ့လာနေသည်။ သူမ၏မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ၊ မယုံကြည်မှုများနှင့် မသိုသိပ်ထားသော ဆုံးရှုံးမှု၏ အရိပ်အမြွတ်ကို သူ မြင်လိုက်သည်။ စိတ်ပျက်စိတ်ထိခိုက်ခြင်း ဒါမှမဟုတ် မျှော်လင့်ချက်ပျက်သုန်းခြင်း စသည့် အစွန်းတစ်စမျှ မပါရှိချေ။
ဒါက သူ့ကို အံ့သြထိတ်လန့်စေသည်။
သူ့ကို ပိုပြီး အံ့သြတုန်လှုပ်စေခဲ့တာကတော့ လင်းချင်းဟယ်၏ နောက်ဆက်တွဲ စကားပင်။
" ဒါဆိုလည်း အငြိမ်းစားယူပေါ့။ အိမ်မှာ ယောကျာ်းသားတစ်ယာက် လိုတယ်။ မဟုတ်ရင် ညမှာ အေးအေးဆေးဆေး အိပ်နိုင်မှာ မဟုတ်ဘူး " သူမ၏ကံကြမ္မာကို လက်ခံလိုက်သလိုပဲ သူမပခုံးတွေက နိမ့်ကျသွားပြီး စကားသံထွက်လာသည်။
ဒီစကားက ကျိုးချင်းပိုင်၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ မနေ့ညက သူ ပြန်လာချိန် တံခါးခေါက်လိုက်သောအခါ တံခါးဝမှာ ကြမ်းတမ်းတဲ့စကားတွေ သူမ ပြောခဲ့တာကို သူ အမှတ်ရသွားသည်။
" ညဘက် လာနှောင့်ယှက်ဖို့ တစ်စုံတစ်ယောက် လာရဲတာလား " ကျိုးချင်းပိုင်က အသံနက်ကြီးဖြင့် မေးလိုက်သည်။
လင်းချင်းဟယ်က သူမမှာ အသက်ရှင်စရာ အကြောင်းမရှိသလိုပုံစံ ပေါ်နေသည်။ သူမက အင်အားမဲ့စွာ တုံ့ပြန်သည်။ " မဟုတ်ပါဘူး… အဲဒါက တစ်ကြိမ်တည်းပါပဲ။ အပြင်မှာ တစ်စုံတစ်ယောက် နံရံပေါ် ကျော်တက်လာသလို ကျွန်မ ခံစားမိခဲ့တာ။ အဲဒီတုန်းက ကျွန်မ မအိပ်သေးတာကြောင့် ချက်ချင်း အော်လိုက်တယ်။ ရှင်သိတဲ့အတိုင်း နေရာတိုင်းမှာ ကျွန်မတို့အိမ်နီးချင်းတွေ ရှိနေလို့ သူခိုးတွေ ထွက်ပြေးသွားကြတယ်။ အမှန်တကယ် ဆုံးရှုံးသွားတာတော့ မရှိပါဘူး "
ကျိုးချင်းပိုင်၏မျက်နှာသည် ညိုမှိုင်းသွားပြီး " ဒါ ကိုယ့်အမှားပါ "
တစ်စုံတစ်ရာသာ အမှန်တကယ် ဖြစ်ပျက်သွားခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်ကို သူ မတွေးရဲတော့ဘူး။
လင်းချင်းဟယ်သည် ခံစားမှုမဲ့ အသက်မပါသော မျက်နှာဖြင့် သူ့ကို ကြည့်ကာပြောသည်။ " ဒီညနေကစပြီး ဘေးအခန်းက အနွေးကုတင်မှာ ရှင် အိပ်ရမယ် "
သူမ၏ဉာဏ်စွမ်းကို သူမ သဘောကျသွားသည်။ မထင်မှတ်ဘဲ သီးခြားခွဲအိပ်ရန် ဤမျှ ထူးခြားကောင်းမွန်သော အကြောင်းပြချက်ကို သူမ ရှာတွေ့လိုက်တာလား။
ကျိုးချင်းပိုင်က ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လာသည်။ ဒီလောက် ကိစ္စကြီးကို သူမ ဘာမှ မပြောတော့ဘူးလား?? သူမက သူ့ကို ကြိမ်းမောင်းခြင်းလည်းမရှိ၊ ပြန်သွားဖို့လည်း မပြောဘူး။
" ရှင် ဘာကြည့်နေတာလဲ " လင်းချင်းဟယ်က သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
ကျိုးချင်းပိုင်သည် စိတ်ထဲ အံ့အားသင့်စွာ ပြောသည် " ဒါမှ မှန်ကန်တဲ့ တုံ့ပြန်မှုပဲ "
" အခု ကျွန်မ ပြောချင်တာက ရှင် အငြိမ်းစား အနားယူရင်တောင်မှ ကျွန်မကတော့ အပြင်ထွက်ပြီး အလုပ်မလုပ်နိုင်ဘူး။ ရှင့်ကို လက်ထပ်ပြီးကတည်းက လယ်ကွင်းထဲမှာ အလုပ်လုပ်ဖို့ ကျွန်မမှာ အစီအစဉ် မရှိဘူး " လင်းချင်းဟယ်က ဆိုသည်။
" ကိုယ် အလုပ်လုပ်ရုံနဲ့ လုံလောက်ပါတယ် " ကျိုးချင်းပိုင်က ခေါင်းညိမ့်သည်။ သူမကို လယ်ကွင်းထဲ အလုပ်လုပ်ခိုင်းဖို့ သူ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။ အဲဒါက အရမ်း ပင်ပန်းလွန်းတယ်။ သူတစ်ယောက်တည်းနဲ့ လုံလောက်နေပြီ။
" အိမ်မှုကိစ္စတွေကောပဲ။ ရှင်လည်း ဝိုင်းလုပ်ကူရမယ် " လင်းချင်းဟယ်က ဆက်ပြောသည်။
" ကောင်းပြီ " ကျိုးချင်းပိုင်ကလည်း သဘောတူသည်။
" အငြိမ်းစား ရန်ပုံငွေက ဘယ်လောက်ရှိလဲ အဲဒါကိုလည်း ကျွန်မ စီမံခန့်ခွဲရမယ် " လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်သည် မနေ့ညက သူ ယူလာသော အထုပ်ကို ထုတ်ယူလိုက်သည်။ အထုပ်ကို ဖွင့်လိုက်တော့ အဝတ်နှစ်စုံနှင့် ရေပူပေးစက် တစ်လုံး ပေါ်လာသည်။
ရေပူပေးစက်ကို မြင်လိုက်တော့ လင်းချင်းဟယ်၏မျက်လုံးများ အရောင်လက်သွားသည်။ အိမ်မှာ တစ်လုံးတည်း ရှိသည်။ သုံးဖို့ မလုံလောက်ဘူး။ အခု နောက်ထပ်တစ်ခုနဲ့ဆို လုံလောက်ပြီ။
ကျောပိုးအိတ်၊ ဖိနပ် စသည့်တို့လည်း ပါရှိသည်။
ကျောပိုးအိတ်သည် ဖောင်းနေသည်။ ကျိုးချင်းပိုင်သည် ၎င်းကို တိုက်ရိုက် ကမ်းပေးလာသည် " အားလုံး ဒီထဲမှာ "
လင်းချင်းဟယ်သည် အမှန်တကယ်တော့ အနည်းငယ် ရှက်ရွံ့နေပေမယ့်လည်း လှမ်းယူလိုက်သည်။ ထို့နောက် သူမ အံ့သြမှင်တက်သွားသည် " ပိုက်ဆံတွေ အများကြီးပဲ။ ဘယ်လောက်တောင် ရှိတာလဲ "
" သုံးထောင် " ကျိုးချင်းပိုင် သူမကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။
" ဘာလို့ ဒီလောက်တောင် များနေရတာလဲ " လင်းချင်းဟယ် အံ့သြထိတ်လန့်သွားသည်။
သူမအိတ်ထဲတွင် ယွမ် နှစ်ရာ နီးပါးလောက် ကျန်နေသေးပြီးတော့ ဒါကလည်း ငွေ အမြောက်အများ ဖြစ်နေပြီ။ ဒီတစ်ကြိမ် ကျိုးချင်းပိုင် ယွမ်သုံးထောင်ကို ယူပြန်လာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်မှန်းထားခဲ့ဘူး။ ဒါက ဘာအဓိပ္ပါယ်လဲ။
" ကိုယ် ကြီးမားတဲ့ အကျိုးပြုမှုကို လုပ်ဆောင်ခဲ့တယ်။ ကိုယ့်အထက်လူကြီးက ကိုယ့်အတွက် တောင်းခံပေးခဲ့တာ " ကျိုးချင်းပိုင်က ရှင်းပြသည်။ ဒါကို သူ့အတွက် လျော်ကြေးနှင့် နှစ်သိမ့်မှုအဖြစ် မှတ်ယူနိုင်သည်။
" ကူပွန်လက်မှတ်တွေလည်း အများကြီးပဲ " လင်းချင်းဟယ်က အံ့အားတကြီးဖြင့် ပြောသည်။
စက်မှုသုံးကူပွန်များ၊ အစားအသောက်ကူပွန်များနှင့် အဝတ်အထည်ကူပွန်များ အားလုံး ဒီနေရာမှာ ရှိနေသည်။ ပြီးတော့ ဒါတွေက သက်တမ်းမကုန်နိုင်ဘူးလို့ တစ်နိုင်ငံလုံးက လက်ခံထားသည့် အရာတွေပင်။
ကျိုးချင်းပိုင်သည် သူမ၏ အာရုံစူးစိုက်မှု အားလုံးက ထိုအရာများအပေါ်တွင်သာ ရှိနေကြောင်း သတိထားမိလိုက်ပြီး ဒီအခက်အခဲကို သူ ဖြတ်ကျော်နိုင်သွားပြီလားလို့ တွေးတောနေမိသည်။
" ပြီးခဲ့တဲ့အခေါက် ကိစ္စက ကျွန်မကို အတော် ကြောက်စေတယ်။ ရှင် အိမ်မှာ ရှိနေတာ ကောင်းတယ်။ ဒါပေမယ့် ရှင့်ကို အရင်ဆုံး ရှင်းရှင်းလင်းလင်း ရှင်းပြထားရဦးမယ်။ အပြင်အလုပ်တွေကို ကျွန်မ လုပ်မှာမဟုတ်ဘူး။ ပင်ပန်းလွန်းပြီး လယ်လုပ်ရတာကို ကျွန်မ အမုန်းဆုံးပဲ။ ရှင့်အတွက် အိမ်မှာပဲ အစားအသောက်နဲ့ ကလေးသုံးယောက်ကို ကျွေးမွေးပြုစု စောင့်ရှောက်မှာမို့ ရှင် စိတ်ပူစရာမလိုဘူး။ ဒါပေမယ့် အခုချိန်ကစပြီး ကလေးတွေရဲ့အခန်းမှာ ရှင် အိပ်ရမယ်။ အိမ်မှာ ထင်း လုံလုံလောက်လောက် ရှိတာကြောင့် ရှင် ချွေတာစရာ မလိုဘူး။ နောက်ဖေးမှာ စုဆောင်းထားတာ အများကြီး ရှိတယ် " လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်ကာ ပြောသည်။
ကျိုးချင်းပိုင်သည် အိမ်မှာ ထင်း လုံလုံလောက်လောက်ရှိမှန်း သိပြီး အများစုကို ထင်းတဲနှင့် ခြံထောင့်တွင် စုပုံထားသည်။ လောင်တကို သူ မေးကြည့်သောအခါ ဆောင်းရာသီတွင် အသုံးပြုရန်အတွက် ပို့ဆောင်ပေးရန် သူမက ကျိုးတုန်းအား တောင်းဆိုခဲ့သည်ကို သိခဲ့ရသည်။
အိမ်အပြန်လမ်းမှာ လေးလံတဲ့ ကျောက်တုံးကြီးလို သူ့စိတ်တွေကို ဖိထားခဲ့သည့်ကိစ္စက အခုပုံအတိုင်း ပျောက်ကွယ်သွားတာလား??
သူမရဲ့ရည်ရွယ်ချက်ကို နားထောင်ပြီးရင် ဒါက ပြီးသွားပြီးပဲ…… ဟုတ်တယ်မလား။
ကျိုးချင်းပိုင်သည် လင်းချင်းဟယ်ကို စိုက်ကြည့်နေရုံမှတပါး ဘာမှမတတ်နိုင်ဘူး။
သူ မည်သို့ပင် တွေးနေပါစေ လင်းချင်းဟယ်ကတော့ အလွန် စိတ်ပျော်ရွှင်နေသည်။ သူမလက်ထဲ စီမံခန့်ခွဲရန် ကျောပိုးအိတ် တစ်ခုလုံးကို သူမ ယူထားလိုက်ပြီး မှတ်ချက်ပေးသည်။ " ရှင့်အမေကို ဒီအကြောင်း ပြောပြပြီးပြီလား "
" မပြောရသေးဘူး " ကျိုးချင်းပိုင်က သူမကို စောင့်ကြည့်နေသေးသည်။
" ဒါဆို သွားပြီး ရှင့်ဘာသာ ပြောပြလိုက်။ ဒီလို ရှက်စရာကိစ္စကို ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ သွားပြောမှာမဟုတ်ဘူး " လင်းချင်းဟယ်က သူမလက်ကို ဝေ့ယမ်းကာ ပြောသည်။
ကျိုးချင်းပိုင်သည် သူမကို ငေးကြည့်ရင်း " အင်း " တစ်လုံးတည်းဖြင့် တုံ့ပြန်သည်။ သူမက မပေါက်ကွဲသည့်အတွက် သူ အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားသည်။
သူက ဆက်ပြီး မတွေးတောတော့ဘူး။ သူမ ပြောင်းလဲရတဲ့အကြောင်းက သူခိုးက သူမကို ကြောက်လန့်သွားစေခြင်းကြောင့် ဖြစ်မယ်လို့ အလွယ်တကူ မှတ်ယူလိုက်သည်။
သူ့ကို ဘေးအခန်းမှာ သွားအိပ်ခိုင်းတဲ့ကိစ္စကတော့ ဘာမှတွေးစရာမလိုဘူး။ ဘာကြောင့်လဲဆိုတော့ အရင်က သူ ပြန်လာတိုင်း သူမက သူ မြန်မြန်ပြန်သွားဖို့ မစောင့်နိုင်ခဲ့ဘူးလေ။
အခု သူက အနားယူလိုက်ပြီဆိုတော့ ဒီအခန်းမှာ သူ့ကို နေခွင့်မပေးမှာ သေချာပေါက်ပဲ။
ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ဘူး။ သူမက ရုတ်ရုတ်သဲသဲ မလုပ်သရွေ့ ကျိုးချင်းပိုင်ကို စိတ်သက်သာရာ ရစေသည်။ သူမကို သူ ပြောလိုက်သည်။ " အဖေနဲ့ အမေဆီ ကိုယ်သွားလိုက်ဦးမယ် "
ဒီမှာ သူ့ဇနီးက ပြဿနာ ပိုကြီးသောကြောင့် သူ့မိဘတွေကို ပြောပြခြင်းက ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး။ ပြီးတော့ အခုလည်း အကြီးမားဆုံး ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ။
" ဒါဆို သွားလေ " လင်းချင်းဟယ်က ခေါင်းညိမ့်ပြသည်။
ကျိုးချင်းပိုင်သည် ကျိုးအိမ်သို့ ရောက်လာသည်။
အဖေကျိုးနှင့် အမေကျိုးတို့သည် သူတို့၏သားအငယ်ဆုံး ပြန်ရောက်လာခြင်းအပေါ် ပျော်ရွှင်ချိန်တောင် မရလိုက်ဘဲ သူတို့သားအငယ်ဆုံး တိုက်ရိုက် အသိပေးလိုက်တဲ့ သတင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားသည်။
" ဘာပြောတာလဲ။ အနားယူလိုက်ပြီ။ ပြန်သွားစရာမလိုတော့ဘူး ဟုတ်လား " အဖေကျိုးသည် အေးခဲ မှင်တက်သွားသည်။
" ဘာဖြစ်တာလဲ ဘာလို့ မထင်မှတ်ထားဘဲ အနားယူတာလဲ " အမေကျိုးက ပိုလို့တောင် စိုးရိမ်စိတ်ပူသွားသည်။
" သတ်မှတ်အရွယ် ရောက်လာပြီမို့ အနားယူလိုက်တာ " ကျိုးချင်းပိုင်က သူ့အဖြေကို လိုရှင်းတိုရှင်းပဲ ဖြေသည်။
ကျိုးအစ်ကိုကြီး၊ ဒုတိယကျိုးအစ်ကို နှင့် တတိယကျိုးအစ်ကိုတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
" ဘယ်လိုလုပ်ပြီး သတ်မှတ်အရွယ် ရောက်ရမှာလဲ။ မင်းက နှစ်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ်။ မင်းရဲ့အနာဂါတ်က အကန့်အသတ်မရှိဘူးလေ " တတိယကျိုးအစ်ကိုက အရင်ဆုံး တုံ့ပြန်သည်။
ကျိုးအစ်ကိုကြီးနှင့် ဒုတိယကျိုးအစ်ကိုတို့ကလည်း သူ့ကို အကြောင်းပြချက် မေးသည်။
ဒါပေမယ့် ကျိုးချင်းပိုင်က ဘာမှထပ်မပြောဘူး။ နောက်ထပ်ရှင်းပြတဲ့စကား တစ်ခွန်းမှ မထွက်လာဘူး။
" အနားယူခဲ့တယ်ဆိုရင်လည်း အနားယူလိုက်တော့ပေါ့ " အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ အဖေကျိုးက ပြောလာသည်။ " ဒီလို လူငယ်တစ်ယောက်အနေနဲ့ အလုပ် ကြိုးကြိုးစားစား လုပ်ဖို့ပဲ လိုအပ်တယ်။ လောင်တနဲ့ သူ့ညီတွေကလည်း မကြာခင် အရွယ်ရောက်လာတော့မှာ။ အချိန်ကျလာရင် သူတို့လည်း အလုပ်လုပ်နိုင်ပြီ။ စားဖို့ သောက်ဖို့အတွက် ဘာမှစိုးရိမ်စရာ မလိုဘူး။ "
ကျိုးညီအစ်ကို သုံးယောက်သည် တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။
" သားငယ်…… အမေနဲ့အတူ အထဲ ဝင်လာခဲ့ " အမေကျိုးက အမိန့်ပေးလိုက်သည်။
ကျိုးချင်းပိုင်သည် ဘာမှမပြောဘဲ အခန်းထဲသို့ ဝမ်းနည်းနေသည့် အမေကျိုးနောက်မှ လိုက်ဝင်သွားသည်။
" သားငယ်…… အမေ့ကို ပြော… တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ။ သား အငြိမ်းစားယူရမယ့် အရွယ်ရောက်သွားလို့ဆိုတဲ့ အကြောင်းပြချက်ကို အမေ လုံးဝမယုံဘူး " အမေကျိုးက သူမသားငယ်ကို စိုက်ကြည့်နေသည်။
သာမာန်အကြောင်းပြချက်ဖြင့် သူမကို အရူးလုပ်လို့မရမှန်း ကျိုးချင်းပိုင် သိသောကြောင့် သူ့ရင်ဘတ်မှ ဒဏ်ရာကို သူမအား ပြလိုက်သည်။ ဒဏ်ရာက ပျောက်ကင်းနေပြီ ဖြစ်သော်လည်း ကြီးမားသော အမာရွတ်ကတော့ ရှိနေသေးသည်။
အဲဒါက နှလုံးနှင့် နီးကပ်လုနီးပါးပင်။ ၎င်းကို မြင်လိုက်တာနဲ့ အမေကျိုး၏နှလုံးခုန်သံက ခဏတုန့်ဆိုင်းသွားသည်။ သူမ၏သား နောက်ထပ် ဘာမှမပြောလည်း သူမ နားလည်သွားသည်။