အခန်း(၃၆)နောက်ဆုံးကြိုးပမ်းမှုကိုသေချာစွာဆုပ်ကိုင်ခါးပါ
Viewers 43k

အခန်း(၃၆) - နောက်ဆုံးကြိုးပမ်းမှုကို သေချာစွာ ဆုပ်ကိုင်ထားပါ


အဖွားကြီးရဲ့မျက်လုံးတွေက နီရဲလာပြီး သူမက မရပ်မနားတမ်း ပြောနေသည်။ “မင်း အငြိမ်းစားယူလိုက်တာ ကောင်းတယ်။ အိမ်မှာနေရတာ သိပ်မကောင်းပေမယ့် အနည်းဆုံးတော့ စားရေးသောက်ရေးက ပူစရာမလိုဘူး။ ပြီးတော့ ဒါက အန္တရာယ်မများဘူး။ လောင်တနဲ့ သူ့ညီတွေက အရမ်းငယ်သေးတယ်။”

 

ဒါက တကယ့်ကို နတ်ဘုရားတွေရဲ့ စောင်မမှုပါပဲ။ အကယ်၍ သူသာ ကံဆိုးမိုးမှောင်ကျမှုတွေ ကြုံတွေ့လိုက်ရရင်ဆိုပြီး အဲ့တာကို တကယ့်ကို ဆက်မတွေးကြည့်နိုင်ဘူး။


စတုတ္ထလေးရဲ့ဇနီးသည်က သေချာပေါက် စိတ်မချရပေ။ သူမအငယ်ဆုံးသားလေး အပြင်မှာ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ကြုံတွေ့ခဲ့ရင် သူမက ရှိသမျှကိုထုပ်ပိုးပြီး နောက်အိမ်ထောင်ပြုမှာ သေချာပေါက်ပဲ။


အဲ့လိုသာဆို သူမမြေးသုံးယောက် ဘာဖြစ်သွားနိုင်မလဲ။


“အဲ့တာ ကောင်းတယ်။ လောင်တရဲ့အမေရော ဒီအကြောင်းကို သိရဲ့လား။ သူမက အမြဲတမ်း အရာရှိဇနီး ဖြစ်ချင်နေခဲ့တာလေ။ မင်း အခု ပင်စင်ယူလိုက်တာကို သိသွားရင် သူမ မထွက်သွားနိုင်ပဲနေမှာလား။” အဖွားကြီးသည် ဒါကို သတိရသွားပြီး အလျင်အမြန်မေးကာ သူမမျက်နှာ အရောင်ပြောင်းသွားသည်။


အမေကျိုးသည် မူလခန္ဓာပိုင်ရှင်၏ ရည်မှန်းချက်ကို အလွန်ရှင်းလင်းစွာ သိနေသောကြောင့် စိတ်ပျက်သွားပြီး သူမအငယ်ဆုံးသားရဲ့ဇနီးသည် အိမ်မှာ ထွက်သွားမှာကို သူမ စိုးရိမ်ပူပန်မိသည်။


“ကျွန်တော် သူ့ကို ပြောပြပြီးပြီ။ သူမ အနည်းငယ် စိတ်ပျက်သွားပေမယ့် နောက်ပြန်လှည့်လို့ မရဘူးဆိုတာ သူမ နားလည်ပါတယ်။ သူမ ကန့်ကွက်နေလို့လည်း ပြောင်းလဲမသွားဘူးဆိုတာ သူမ သိတယ်။” ကျိုးချင်းပိုင်ပြောသည်။


“မကန့်ကွက်ဘူးလား” အမေကျိုး အေးခဲသွားသည်။ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”


စတုတ္ထရဲ့ဇနီးသည်ကြောင့် သူမ မျက်လုံးပြူးသွားသည်။ သူမသည် အမြဲတမ်း အရာရှိဇနီးဖြစ်ချင်နေပြီး သူမကိုယ်သူမ အရာရှိဇနီးအဖြစ် သတ်မှတ်ထားခဲ့သည်။ သူမသည် ရွာရှိ အမျိုးသမီးအားလုံးကို နှိမ်ချကာ သူမသည် ထိုသူတို့နှင့် စကားစမြည်ပြောဆိုခြင်း မရှိပါ။


စင်စစ် သူမသည် ‌ကျေးလက်ဒေသနေ အမျိုးသမီးများကို အထင်သေးပြီး ဘယ်သောအခါမှ အုပ်စုဖွဲ့နေထိုင်လိုခြင်းမရှိကြောင်း ပြသခဲ့သည်။


အရာရှိဇနီးမယားဖြစ်ရန် သူမ အိမ်မက်တွေ ပြိုပျက်သွားတာက သူမအတွက် ဘယ်လောက်တောင် ထိတ်လန့်စရာ ဖြစ်နေလိုက်မလဲ။ သူမအပေါ် မိုးကောင်းကင် ပြိုကျသွားသလို ဖြစ်နေလိမ့်မယ်လို့ ထင်တယ် ဟုတ်တယ်မလား။


“စတုတ္ထလေး သားမိန်းမရဲ့ အဆုံးစွန်အထိ အလျော့ပေးမှုကို ထိန်းထားရမယ်။ မင်း သူမကို သေသေချာချာ ဂရုစိုက်ရမယ်။ အကယ်၍ သူက သားကို ကွာရှင်းချင်တယ်ဆိုရင်တောင် သား မကွာရှင်းပေးရဘူး။ မင်း ရဲရဲဝင့်ဝင့် ရပ်တည်ရမယ်။ မဟုတ်ရင် လောင်တနဲ့ သူ့ညီအစ်ကိုတွေက အမေမရှိပဲ ကြီးပြင်းလာရလိမ့်မယ်။ အဲ့လိုဆိုရင် မင်း ခေါင်းထောင်နိုင်မှာ မဟုတ်တော့ဘူး။” အမေကျိုးက ပတ်လည်လှည့်ပတ်ရင်းပြောသည်။


ကျိုးချင်းပိုင်သည် ကူကယ်ရာမဲ့နေသော အမူအရာကို ထုတ်ဖော်ပြသသည်။ သူက သူ့အမေကို အဲ့လောက်အခြေအနေမဆိုးဘူးလို့ ပြောပြချင်ခဲ့သည်။ သူ့မိန်းမက အမေတွေးသလို မဟုတ်ပေ။


သို့သော်လည်း ဒီအကြောင်းကို အမေကျိုးက မယုံကြည်ပေ။


လင်းချင်းဟယ်သည် သူမ ကူးပြောင်းလာပြီးနောက်တွင် ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့သော်လည်း မူလခန္ဓာပိုင်ရှင်မှ ချန်ရစ်ခဲ့သော ထင်မြင်ချက်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီး - သူမသည် အရာအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတတ်သူ တစ်ယောက် မဟုတ်ဟု ထင်မြင်ယူဆနေကြဆဲဖြစ်လေသည်။


အိမ်ထောင်ကျပြီး မကြာခင်မှာပင် အိမ်ခွဲနေထိုင်ဖို့အတွက် သူမကိုယ်ဝန်ကို သတ္တိရှိရှိ အသုံးချခဲ့ပြီး ပြတ်ပြတ်သားသား အိမ်ခွဲနေနိုင်ခဲ့တာ ထင်ရှားသည်။


ဒါပေမယ့် ကျိုးချင်းပိုင်ကတော့ သူ့မိန်းမက ပြဿနာရှာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူက အိမ်မပြန်လာခင်မှာ တကယ်ကို စိတ်ထဲ နေမထိထိုင်မသာ ဖြစ်နေခဲ့သည်။ သူ့ဇနီးက ဒါကို အမြဲတမ်း ပြဿနာရှာပြီး အိမ်တွင်း မငြိမ်းချမ်းမှာကို စိုးရိမ်ပူပန်နေခဲ့သည်။ သို့သော် သူက အငြိမ်းစားယူလိုက်တာကို ပြောပြပြီးနောက် သူမတုံ့ပြန်သည့် အမူအရာကို မြင်တွေ့ခဲ့ရပါသည်။ သူမကို အမြဲထောက်ပံ့ပေးနေသော စိတ်ဝိညာဥ်တစ်ခုလုံး ပြိုလဲကျသွားသလို သူမ အမှန်တကယ် စိတ်ပျက်သွားခဲ့လေသည်။


သို့သော် သူ ယွမ်သုံးထောင်နှင့် လဲလှယ်ရေးလက်မှတ်ထုပ်ကို ထုတ်ယူပေးသည်နှင့် ထိုအခြေအနေက အနည်းငယ် သက်သာသွားခဲ့သည်။ သို့သော်လည်း သူမ၏ မကျေနပ်ချက်တွေအားလုံး ပျောက်ကွယ်သွားခဲ့လေသည်။


သူက သူမရဲ့စိတ်ခံစားချက်တွေကို မြင်နိုင်ခဲ့သည်။


ထို့ကြောင့် အဆုံးစွန်သောလှုပ်ရှားမှုကို ချုပ်ကိုင်ထားလိုခြင်း မရှိပေ။


ဒါပေမယ့် သူ စိတ်ထဲမှာ ရှိနေသည့် တစ်ခုတည်းသောအရာက အိမ်ကို သူခိုးကပ်တဲ့အကြောင်းပင်ဖြစ်သည်။


ဒါကို စဥ်းစားမိတော့ ကျိုးချင်းပိုင် မျက်မှောင်ကြုတ်သွားလေသည်။


သူ့အမူအရာကိုမြင်တော့ အမေကျိုးသည် သူ့သားက သူမပြောစကားတွေကို နားဝင်သွားပြီလို့ စိတ်ထင်သွားသည်။ သူ အိမ်ပြန်သွားတဲ့အခါမှာ မိသားစုပြဿနာတွေ ပိုဆိုးလာမှာကို စိုးရိမ်ပြီး သူမက အလျင်အမြန် ကြားဝင်ဖျန်ဖြေလိုက်သည်။ “သားမိန်းမရဲ့ဒေါက မီးရှူးမီးပန်းလို ခဏပါပဲ။ သား ပြောစရာရှိရင် ညင်ညင်သာသာပဲပြော ဒေါသတကြီး သွားမပြောနဲ့နော်။ သားမိန်းမကို ချော့မော့နှစ်သိမ့်ပေးရမယ် နားလည်တယ်မလား။ နှုတ်ဆိတ်မနေပဲ သူမ ဖြစ်ချင်တာ လိုချင်တာကို မေးလိုက်။ သား သားမိန်းမနဲ့ အတူကုန်ဆုံးတဲ့ အချိန်ကာလက တစ်လထက်တောင်မှ နည်းသေးတယ်။ သား သူမအတွေးတွေကို မှန်းဆတတ်မှာ မဟုတ်ဘူး။”


ကျိုးချင်းပိုင် မတ်တပ်ထရပ်လိုက်ပြီး ပြောသည်။ “စိတ်ပူမနေပါနဲ့ အမေရာ။ ကျွန်တော်တို့ အဆင်ပြေပါတယ်။”


သူ့အမေပြောဆိုသည့်အထဲမှာ မှန်တဲ့စကားတစ်ခွန်းတော့ ရှိတယ်။ သူတို့အိမ်ထောင်ကျတာ နှစ်အတန်ကြာပြီး လောင်တက ငါးနှစ်၊ ဒီနှစ်သစ်ကူးပြီးသွားရင်တော့ ခြောက်နှစ်ရှိပြီ။ ဒါပေမယ့် အမှန်တိုင်းပြောရရင် သူတို့အချင်းချင်း ပြောဆိုဆက်ဆံဖူးတဲ့အချိန်က တစ်လတောင် မရှိဘူး။


ဒါ့ကြောင့် သူက သူမအကြောင်းကို သေသေချာချာ မသိသေးပေ။ သူမရဲ့ အရင်တုန်းက အပြုအမူနဲ့ နှိုင်းယှဥ်ကြည့်လို့မရဘူး။ ဥပမာအားဖြင့် သူ ဒီတစ်ခေါက်ပြန်လာချိန်တွင် သူမက သားသုံးယောက်လုံးကို ကောင်းကောင်းပြုစုစောင့်ရှောက်ထားသည်။


ကျိုးချင်းပိုင်က သူ့အဖေနဲ့ သူ့မွေးချင်းအစ်ကိုသုံးယောက်ကို နှုတ်ဆက်ပြီးနောက် အိမ်သို့ပြန်သွားခဲ့သည်။


သူ့အစ်ကိုအကြီးဆုံးက သူ့အခန်းထဲကို ပြန်ရောက်တာနဲ့ ဒီအကြောင်းကို အကြီးဆုံးမရီးအား ပြောပြလိုက်သည်။ အကြီးဆုံးမရီးက ကြက်သေ သေသွားသည်။ “သူက ပြန်မသွားတော့ဘူးလား။ အနာဂတ်မှာ သူက ရွာမှာပဲ နေတော့မှာပေါ့။”


“အင်း သူ စစ်တပ်ကနေ အငြိမ်းစားယူလိုက်ပြီ။” အစ်ကိုကျိုးက ခေါင်းညိတ်သည်။


“စတုတ္ထရဲ့ဇနီးက အဲ့တာကို သဘောတူသလား။” အကြီးဆုံးမရီးက နှုတ်မှ လွတ်ခနဲ ထွက်သွားသည်။


အစ်ကိုကျိုးကပြောသည်။ “စတုတ္ထလေး ရွာမှာပဲအခြေချတာက ပြဿနာမရှိဘူးလေ။ သဘောတူတယ် မတူဘူးဆိုတာ ရှိမလား။ ပြီးတော့ အပြင်မှာက ဘယ်လောက် အန္တရာယ်များလိုက်လဲ။ ရွာမှာနေတာက အန္တရာယ်မရှိဘူး။ အစာငတ်မှာကိုလည်း စိတ်ပူစရာမလိုဘူး။ ဘာသဘောမတူစရာ အကြောင်းရှိလို့လဲ။”


“စတုတ္ထလေးရဲ့ ဇနီးအတွေးတွေကို ရှင် မသိပါဘူး။” အကြီးဆုံးမရီးက ပြန်လည်ချေပလိုက်သည်။

 

“ဘာကိုလဲ။” အစ်ကိုကျိုးက ပြန်မေးသည်။


“ဘာမှ မဟုတ်ဘူး။ ကျွန်မပြောပြရင်တောင် ရှင် နားလည်နိုင်မှာ မဟုတ်ဘူး။” အကြီးဆုံးမရီးက သူမလက်ကိုဝှေ့ယမ်းရင်းဆိုသည်။


လင်းချင်းဟယ်ရဲ့အတွေးတွေကို သိနားလည်တာက အကြီးဆုံးမရီးတစ်ယောက်တည်းတင် မဟုတ်ဘူး။ ဒုတိယမရီးနှင့် တတိယမရီးတို့သည်လည်း သိနားလည်ကြသည်။


သူတို့ခင်ပွန်းတွေ ဒီအကြောင်းကို ပြောဆိုတာကို ကြားပြီးနောက် သူတို့ အံ့သြထိတ်လန့်သွားကြသည်။


သူတို့ရဲ့ ပထမဆုံးတုံ့ပြန်မှုက အကြီးဆုံးမရီးနဲ့ အတူတူပင်။ စတုတ္ထလေးရဲ့ ဇနီးက သဘောတူလားဆိုတာကို မေးမြန်းကြတာပင်ဖြစ်သည်။ သူမက ရူးသွပ်သွားသလိုမျိုး ပြဿနာရှာခဲ့လား။


ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့က နားလည်ခဲ့ကြသည်။


သူတို့က သူတို့လည်း မသိဘူးလို့ ပြန်ဖြေခဲ့ကြသည်။ အငယ်လေးက အမေ့ကို စကားကောင်းကောင်း ပြောဆိုဖို့ အခန်းတွင်းကို ခေါ်သွားခဲ့တယ်။ သူမက ရန်မရှာခဲ့တာ ဖြစ်နိုင်တယ်မလား။


ရန်ပွဲ မဖြစ်ပွားခဲ့ဘူးတဲ့လား။


ဒုတိယမရီးသည် ဒါကို မယုံကြည်နိုင်ပါ။


ဆွယ်တာအင်္ကျီတွေထိုးရင်း စကားစမြည်ပြောဆိုဖို့ အကြီးဆုံးမရီးနဲ့ တတိယမရီးအား ရိုးရှင်းစွာ စုစည်းလိုက်သည်။


မျှော်လင့်ထားသည့်အတိုင်း သူတို့သည်လည်း ဆွယ်တာအင်္ကျီ ဘောင်းဘီတွေထိုးဖို့ သိုးမွှေးချည်လုံးများကို ဝယ်ယူထားကြသည်။ မဟုတ်ရင် ဒီလိုအေးခဲနေတဲ့ ရာသီဥတုကို ဘယ်လို ခံနိုင်ရည်ရှိပါ့မလဲ။


“အကြီးဆုံးမရီး တတိယမရီး စတုတ္ထမတ်လေးရဲ့ အငြိမ်းစားယူတဲ့သတင်းကို သိပြီးကြပြီမလား။” ဒုတိယမရီးက ချည်ထိုးရင်း မေးလိုက်သည်။


“အင်း သိတယ်။” အကြီးဆုံးမရီးက ပြန်ဖြေသည်။


“ဒါကို ဘယ်လိုဖုံးကွယ်ထားလို့ ရမှာလဲ။” တတိယမရီးကလည်း ပြန်ဖြေသည်။


အဆုံး၌ စတုတ္ထမတ်လေးက အနာဂတ်တွင် ရွာမှာအခြေကျနေထိုင်မှာဖြစ်သည့်အတွက် ဒါကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါ။


“အခုလောက်ဆို အိမ်မှာ စတုတ္ထလေးရဲ့ဇနီး ဘယ်လောက်တောင် ပြဿနာရှာမလဲ မသိဘူး။ နင်တို့ သူမအတွေးတွေကို သိတယ်မလား။ သူ့မျက်လုံးတွေက အမြင့်တက်ဖို့ပဲ ကြည့်နေတာ။ အမြဲတမ်း အမြင့်တက်ဖို့ပဲ စဥ်းစားနေပြီးတော့ ဖီးနစ်တစ်ကောင်ဖြစ်ဖို့ မျှော်လင့်နေတာလေ။ အခုတော့ သူမ အိမ်မက်တွေ ပျက်စီးသွားပြီး မြေပြင်က ကြက်တစ်ကောင်လို ဖြစ်သွားရပြီလေ။” ဒုတိယမရီးက တတွတ်တွတ်ပြောဆိုလေသည်။


ထုံးစံအတိုင်း သူမက ဒီအကြောင်းကို ပြောဆိုရာတွင် သူမအသံတွင် ကြည်နူးပျော်ရွှင်နေဟန် ရောစွက်နေသည်။


အကြီးဆုံးမရီးက လောင်တတို့ညီအစ်ကိုအား ချုပ်ပေးသည့် အဝတ်အစားများထဲမှ ပိုသည့်အထည်စများဖြင့် သူမသားအတွက် အပေါ်ဝတ်အင်္ကျီတစ်ထည် ချုပ်ပေးနိုင်ခဲ့သည်။ သူမ ကြင်နာတတ်စွာ ဝေဖန်ပြောဆိုသည်။ “ဒီလိုမျိုး မပြောပါနဲ့။ ငါတို့အားလုံးက တစ်မိသားစုတည်းပဲ။ စတုတ္ထမတ်လေး အငြိမ်းစားလိုက်တော့ ငါတို့ ဘာအကျိုးအမြတ်မှ မရတော့ဘူးလို့ မတွေးကြနဲ့။ ငါလည်း အစတုန်းကတော့ ဒီလိုတွေးမိပေမယ့် စတုတ္ထမတ်လေးက ရာထူးပြန်ရတာမျိုး ဖြစ်နိုင်တယ်လေ။ သူက အနာဂတ်မှာ သူ့တူလေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်တာပေါ့။”


ဒီစကားတွေကို ကြားလိုက်ရတော့ ဒုတိယမရီးသည် သက်ပြင်းမချပဲ မနေနိုင်ခဲ့ပါ။ “ဟုတ်ပါတယ်လေ။” ဟု ဆိုလေသည်။


ဒီနှစ်တွင် သူမသားဖြစ်သူက အသက်သုံးနှစ်အရွယ်ပဲ ရှိနေသေးတာတောင်မှ သူမမှာ ဒီလိုတူညီတဲ့အတွေးမျိုးရှိတယ်။ သူ့ရဲ့ စတုတ္ထဦးလေးက အောင်မြင်ရင် သူ့တူဖြစ်သူကို သူ့သားလို ကြည့်ရှုစောင့်ရှောက်နိုင်မယ် ဟုတ်တယ်မလား။”


ထိုသို့သော အကြောင်းပြချက်များကြောင့် ဒုတိယမရီးသည် မူလခန္ဓာပိုင်ရှင်အပေါ် ဒီနှစ်တစ်လျှောက်တွင် စိတ်သဘောထား သေးသိမ်စွာ အပြစ်ရှာခြင်းများ လျော့ကျသွားခဲ့သည်။


တတိယမရီးအတွက်မူ လင်းချင်းဟယ်က သူမ မီးဖွားပြီးနောက် နို့များများထွက်အောင် ဝက်ခြေထောက်အချို့ ရရှိအောင် ဖန်တီးပေးလိုက်ကတည်းက သူမစိတ်ထဲမှာ ဒီကျေးဇူးကို အမှတ်ရထားသည်။ ပြီးတော့ လောင်တတို့ညီအစ်ကိုတစ်တွေကို အင်္ကျီချုပ်ပေးသည့်အချိန်က ပိုသည့်အဝတ်စတွေဖြင့် သူမသမီးလေးအတွက် အပေါ်ထပ်အင်္ကျီချုပ်လုပ်ရာတွင် အသုံးပြုနိုင်ခဲ့သည်။ အဲ့တာက အရမ်းနွေးထွေးတယ်။ သကြားညိုတစ်ဂျားကိုလည်း မမေ့ထားသင့်ဘူး။ အင်္ကျီချုပ်ပေးသည့်အတွက် လက်ခအနေဖြင့် သကြားညိုတစ်ဂျားကိုပါ ပေးခဲ့သေးသည်။

 

ဒီအကြောင်းနဲ့ပတ်သက်ပြီး တတိယမရီးသည် သူမစိတ်ထဲမှာသာ သိမ်းထားပြီး မည်သည့်စကားကိုမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။


ဒုတိယမရီးတစ်ယောက်တည်းသာလျှင် ထိန်းမရ သိမ်းမရ ရွှင်မြူးနေတာဖြစ်သည်။ သူမသည် တခြားမရီးနှစ်ယောက်နှင့် စကားစမြည်ပြောဆိုပြီးနောက် အပြင်ဖက်သို့ ထွက်သွားသည်။


ဒီလိုနဲ့ပင် ကျိုးချင်းပိုင် အငြိမ်းစားယူပြီး လယ်ထဲဆင်းရတော့မည့် သတင်းသည် တစ်ရွာလုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ရွာလေးက သေးငယ်သည့်အတွက် ရွာလူကြီးက သူ့မြေးအား ကျိုးချင်းပိုင်အား သွားခေါ်ခိုင်းခဲ့သည်။