အပိုင်း (၅၈)
Viewers 12k

part 58


ထန်ထန်စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။


"ကျွန်မက ဘာလုပ်နိုင်မှာလဲ..."


တပ်ရင်းမှူးကတော်က ထန်ထန်လက်ထဲမှ အပ်ချည်လုံးနှင့်အပ်ကိုယူလိုက်သည်။ သူမအသံထဲတွင် စိတ်လှုပ်ရှားမှုတို့ပြည့်နေပြီး ပြောလိုက်သည်။


"ကြည့်လိုက်လေ ညီမရဲ့ လက်ရာက အရမ်းကိုကောင်းတာ... ညီမ အဝတ်ချုပ်တာကို အထူးပြုတဲ့ ဆိုင်လေးဖွင့်လို့ရတယ်လေ... သေချာပေါက်ကို လူတွေအများကြီး ကြိုက်ကြမှာ... မရောင်းရမှာကို စိတ်ပူစရာကိုမလိုတာ..."


"အာ... အဝတ်တွေရောင်းရမှာလား..."


ထန်ထန် စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။


"အစ်မ အဲ့ဒာက စီးပွားလုပ်တာမဟုတ်ဘူးလား... ဒါပေမဲ့ကျွန်မက အိမ်ကနေထွက်လို့မရဘူးလေ...ကျွန်မ ရှောင်ကျိုးနဲ့ သူ့အဖေကို ပြုစုစောင့်ရှောင့်ပေးရဦးမှာ..."


"ရှင်.. အချိန်လေးနည်းနည်းနောက် ဖဲ့ယူလို့မရဘူးလား..."


တပ်ရင်းမှူးကတော်က ထန်ထန်ကြောင့်အတော်လေး အံ့ဩသွားရတော့သည်။ သူမက မိန်းမငယ်လေးတစ်ယောက်ဖြစ်သော်လည်း အင်တာနက်သုံးရသည်ကို မကြိုက်ဘဲ အဘွားအိုတစ်ဦးနှယ် နေထိုင်လေသည်။သူမလို သတ်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ကပင် သူမထက်များစွာစိနေပြီး ထန်ထန်က အင်တာနဲ့နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်မှုရှိမနေပေ။


ထန်ထန် ခေါင်းလေးကုတ်ပြီး တပ်ရင်းမှူးကတော်ဆက်ရှင်းပြမည်ကို စောင့်နေလိုက်သည်။


"အစ်မပြောချင်တာက ညီမ online shop လေးလုပ်လို့ရတယ်လေ... ထောင်ပေါင် မှာဖြစ်ဖြစ်စလိုက်ပြီး ဖောက်သည်တွေအတွက် ရှေးခေတ်ဝတ်စုံမျိုးတွေ ချုပ်ပေးလို့ရတာပဲကို... ညီမလေး အောင်းချွမ်လုပ်တာကို အစ်မမြင်ဖူးတာပဲ အရမ်းကိုကောင်းတာလေ.. သေချာပေါက်ကို အမျိုးသမီးအများစုက ကြိုက်ကြမှာ..."


"Online shop..."


ထန်ထန် သူမ၏ အွန်လိုင်းတွင် ဈေးဝယ်ခဲ့ဖူးသော အတွေ့အကြုံကို မှတ်မိသွားသည်။


"အဲ့တာ ကျွန်မ ထောင်ပေါင်ကနေ ပစ္စည်းတွေဝယ်သလိုမျိုးမလား... ကျွန်မလည်း ရောင်းလို့ရတာလား..."


တပ်ရင်းမှူးကတော် လက်ခုပ်လက်ဝါးတီးလိုက်သည်။


"ဟုတ်တယ် အစ်မပြောတာအဲ့တာပဲ... ညီမ နမူနာပုံစံတွေတင်လိုက်ပြီး ဖောက်သည်ကလာအပ်ရင် သူတို့ရဲ့ အတိုင်းအထွာတွေကိုမှတ်ပြီး ချုပ်ပေးလိုက်ရုံပဲလေ... ဒီလိုသာဆို အိမ်ကနေထွက်စရာလဲ လိုတော့မှာမပါဘူး... လက်ရှိ  နေထိုင်တဲ့ပုံစံကနေ ဘာမှမကွဲပြားပဲ အိမ်ကနေပဲ အလုပ်လုပ်ရင်ရပြီ..."


"အဲ့တာ တကယ်ပဲဖြစ်နိုင်ရဲ့လား.."


ထန်ထန် တပ်ရင်းမှူးကတော်ထံမှ ဆွဲဆောင်ခံလိုက်ရသည်။ ၎င်းက သူမ၏အချုပ်အလုပ်ပညာဖြင့် ယနေ့ခေတ်တွင် ပိုက်ဆံရှာနိုင်သည်ကို သိသွားသည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ထို့အပြင် သူမအပြင်ထွက်၍ အလုပ်ရှာရန် မလိုအပ်တော့ပေ။ ၎င်းက သူမနှင့် လုံးဝသင့်တော်ပေသည်။


တပ်ရင်းမှူးကတော် စဉ်းစားပေးသော အကြံက အလွန်ကောင်းမွန်လှသည်။ သူမစိတ်လှုပ်တရှားဖြင့် ထန်ထန်လက်များကို ပုတ်ပေးလိုက်သည်။


"Online shopတစ်ဆိုင်ဖွင့်တာက အများကြီးမကုန်ပါဘူး... စီးပွားရေးမကောင်းရင်တောင်မှပဲ အစ်မတို့မှာ   ရင်းနှီးမြှုပ်နှံရတာမရှိတော့ အများကြီးမရှုံးပါဘူး... အော်ဒါမှာမှ ချုပ်မှာဆိုတော့ ဘာမှရှုံးစရာမလိုဘူးလေ... အမှန်အတိုင်းပြောရရင် အစ်မလည်း အဝတ်အထည် online shop လုပ်မလို့စဉ်းစားသေးတယ် ဒါပေမဲ့ ရင်းနှီးရတာ မလွယ်ကူဘူးလေ... ထပ်ပြောရရင် ထောင်ပေါင်မှာ အဝတ်အစားရောင်းရတာက မလွယ်ကူဘူးရယ် အစ်မ ပိုက်ဆံသိပ်မရတာနဲ့ လက်လျှော့လိုက်တော့တာ... ဒါပေမဲ့ ညီမဆိုရင်တော့ လုပ်နိုင်တယ်... ညီမရဲ့ အဝတ်တွေက ပြိုင်ဘက်ကင်းတယ်၊ ကြည့်ကောင်းတယ် ပြီးတော့ လက်ချုပ်လည်းဖြစ်နေတယ်လေ.. အဲ့ဒီ့အပြင် အော်ဒါမှာမှရမှာဆိုတော့ အတုလုပ်ဖို့ကလည်း လွယ်မှာမဟုတ်ဘူး... မရောင်းရမှာကို စိတ်ပူစရာမလိုတာ..."


"တကယ်လို့ ရောင်းရပါပြီတဲ့... လူတွေက ရှေးခေတ်အဝတ်အစားတွေ ဝတ်ချင်ကြပါ့မလား..."


အပြင်မှာ လူတွေ ရှေးခေတ်အဝတ်အစားဝတ်ရင် အတင်းပြောခံရမှာမဟုတ်ဘူးလား...


"ပုံမှန်လူတွေက မဝတ်ကြဘူးဆိုပေမဲ့ cosplayလုပ်ရတာ ကြိုက်တဲ့လူတွေရှိနေတယ်လေ... အစ်မလည်း ဘာတွေထူးခြားလည်းတော့ မသိပါဘူး... ဝမ်ဝမ်ပြောဖူးတာတော့ အဲ့လိုလူတွေက ရှေးခေတ်အဝတ်အစားတွေ ဝယ်ပြီး ဝတ်ရတာ ကြိုက်တယ်တဲ့... အဲ့ဒီ့အပြင် ရိုးရာတူရိယာတွေ တီးခတ်တဲ့လူတွေက ဖျော်ဖြေတဲ့အချိန်တွေမှာ အနုပညာဆန်ဆန်ဖြစ်ဖို့ ရှေးခေတ်အဝတ်အစားတွေ ဝတ်ကြသေးတယ်..."


"အဲ့လိုလား..."


ထန်ထန် တပ်ရင်းမှူးကတော်ပြောသည်ကို နားထောင်ပြီး စိတ်လှုပ်ရှားလာသည်။ သို့သော် အမှန်တရားက လျှင်မြန်စွာဖြင့် သူမကို ထိုးနှက်သွားသည်။


"ဒါပေမဲ့ အစ်မရယ် ကျွန်မမှ online shop ကိုဘယ်လိုစီမံရမလဲမသိတာ... ကျွန်မလုပ်ကို မလုပ်တတ်တာ..."


တပ်ရင်းမှူးကတော်က ထန်ထန်တစ်ယောက် အင်တာနက်နှင့် ပတ်သတ်လျှင် ဘာမှမသိသော အရူးလေးမှန်း သိပေသည်။ သူမ ခဏမျှစဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။


"ထန်ထန်ရေ ဒီလိုဆိုရင်ရော... ညီမသာ အစ်မကိုယုံရင် အစ်မ ညီမရဲ့ online shop ကို စီမံခန့်ခွဲပေးမယ်... ဈေးဝယ်သူတွေကိုဝန်ဆောင်မှုပေးပြီး ဒလီဗာရီကိုလည်း ကိုင်တွယ်ပေးမယ်...အစ်မစီးပွားရေးလုပ်တုန်းက အဲ့လိုတွေအများကြီးလုပ်ဖူးတယ်... ဘယ်လိုထင်လဲ..."


ထန်ထန်တစ်ယောင် စဉ်းတောင်မစဉ်းစားတော့ ခေါင်းငြိမ့်လိုက်သည်။


"ရတာပေါ့ အစ်မရယ် ကျွန်မရှင့်ကို လုံးဝယုံကြည်တယ်... ကူညီဖို့ ဆန္ဒရှိတာနဲ့ကို အရမ်းတွေကျေးဇူးတင်နေပါပြီ... အထည်တွေရောင်းနေရသမျှကာလပတ်လုံး တစ်ယောက်တစ်ဝက်၅၀%ဆီယူကြမယ်လေ ..."


တပ်ရင်းမှူးကတော်က ချက်ချင်းလက်ခါပါသည်။


"မလိုပါဘူး... အစ်မက ဈေးဝယ်ကို ဝန်ဆောင်မှုပေးရတာလေးတင်ပါ... ဘယ်လိုလုပ်ပြီး ၅၀%ယူရမှာလဲ... အစ်မသာ အလကားလုပ်ပေးမယ်ပြောရင် ညီမ ဆိုင်တောင်ဖွင့်တော့မှာမပါဘူးဆိုတာသိတယ်... ဒီတော့ ညီမရောင်းရသမျှတစ်ထည်ဆီတိုင်းက ၁၀%ပဲပေး..."


"၁၀%ကအရမ်းနည်းတယ်လေ...အစ်မရယ် ၃၀%ဆိုရင်ရော..."


"မယူဘူး မယူဘူး ၁၀%ပဲပေး... အစ်မက ပါးစပ်လေးလှုပ်ရုံပဲလေ ၁၀%က လုံလောက်ပါပြီ... ပိုပေးရင် မလုပ်ပဲနေတော့မှာနော်..."


တပ်ရင်းမှူးကတော် ထိုသို့ပြောလာမှတော့ ထန်ထန်သဘောတူရုံသာ ရှိတော့သည်။


တပ်ရင်းမှူးကတော်က စိတ်မြန်လက်မြန်ရှိသူဖြစ်သည်။ သူမတို့ စကားပြောပြီးသည်နှင့် အိမ်သို့ချက်ချင်းပြန်ရန်ပြင်လိုက်တော့သည်။


"အစ်မ online shopဖွင့်ဖို့ လျှောက်လိုက်ဦးမယ်... နောက်ရက်အနည်းငယ်အတွင်း အခြေအနေလာပြောမယ်... ထန်ထန် ညီမ အရင်ကချုပ်ထားတာတွေရှိတယ်မလား... အဲ့တာတွေကို နမူနာအဖြစ်သုံးကြတာပေါ့... မော်ဒယ်တစ်ယောက်ရှာပြီး ဝတ်ခိုင်းပြီးမှ ဓာတ်ပုံရိုက်တင်ရင်တော့ ဈေးဝယ်သူတွေက သေချာကြည့်နိုင်ကြလိမ့်မယ်... အခုကစပြီး ညီမ စတိုင်အမျိုးမျိုးနဲ့ အဝတ်တွေချုပ်ထားတာအကောင်းဆုံးပဲ အဲ့တာတွေကို နမူနာအဖြစ် သုံးကြရမှာ..."


ထန်ထန် ခေါင်းငြိမ့်ပြလိုက်သည်။


"ဟုတ်ကဲ့ ညီမလုပ်ထားလိုက်မယ်..."


တပ်ရင်းမှူးကတော် ထွက်သွားပြီဖြစ်သော်လည်း ထန်ထန်မယုံကြည်နိုင်ဖြစ်နေဆဲပင်။ သူမ၏ နှလုံးခုန်နှုန်းက အတော်လေးမြန်နေတော့သည်။ အမှန်အတိုင်းပြောရလျှင် သူမစီးပွားရေးစလုပ်နိုင်မည်မှန်း မယုံနိုင်သေးပေ။ သူမ၏ ဘဝနှစ်ခုလုံး ဤအကြောင်းကို တစ်ခါမှမစဉ်းစားမိဖူးခဲ့ချေ။


တကယ်ရော အောင်မြင်ပါ့မလား... ကြိုးစားကြည့်တာပေါ့... ဆောင်ဇစ်က ကျရှုံးရင်တောင် အများကြီးမဟုတ်ဘူးလို့ ပြောထားခဲ့တာပဲဟာကို... ဘာလို့ မကြိုးစားကြည့်ရမှာလဲ...


ထိုသို့စဉ်းစားပြီးနောက်တွင် ထန်ထန် ကျီယွဲ့ကို ဖုန်းဆက်ခေါ်လိုက်တော့သည်။ ဖုန်းကိုင်လိုက်သည်နှင့် ထန်ထန် ကျီယွဲ့ကို online shop စလုပ်တော့မည်ဖြစ်ကြောင်း ရှင်းပြကာ သူမ၏ အကြံဉာဏ်ကိုတောင်းခံလိုက်သည်။


အကုန်လုံးနားထောင်ပြီးနောက်တွင် ကျီယွဲ့က ထန်ထန်အတွက် ပျော်သွားပြီး အကြံဉာဏ်များစွာ ပေးလိုက်သည်။


"ထန်ထန် ငါတခြားအရာတွေမပြောရဲပေမဲ့ နင်သာဆိုရင် လုံးဝပြဿနာရှိမှာမပါဘူး... နင်ချုပ်တဲ့ အထည်တိုင်းက လုံးဝကို အံ့ဩဖို့ကောင်းတယ်... စက်ချုပ်အထည်တွေက နင်ရဲ့လက်ချုပ်အထည်တွေနဲ့ လုံးဝကို ယှဉ်လို့မရတာ... နင်သာ ဆိုင်ဖွင့်ရင် ငါတော့ အကုန်လုံးကို တစ်ထည်ဆီဝယ်ပစ်မှာပဲ..."


ကျိယွဲ့၏ စကားများက ထန်ထန်ကို စိတ်အားတက်စေပြီး သူမကိုယ်သူမ ယုံကြည်မှုပိုရှိလာစေသည်။


"ဝယ်ဖို့မလိုပါဘူး.. ကျွန်မ အကုန်လုံးကို အလကားပေးမှာပါ..."


"အိုင်းယား...ငါလက်မခံနိုင်ပါဘူးနော်... "


ကျီယွဲ့ ယဉ်ကျေးသမှုဖြင့် ငြင်းဟန်ဆောင်လိုက်ပြီးမှ ဆက်ပြောလာသည်။


"ဒါပေမဲ့ နင်က အတင်းတိုက်တွန်းနေမှတော့ အားနာမနေတော့ပါဘူးလေ... ငါ့ကို ဝတ်စုံအသစ်တွေပို့ပေးရင် အကုန်လုံးအတွက် အလကား မော်ဒယ်လုပ်ပေးမယ်... ငါ ကုမ္ပဏီက ကျွမ်းကျင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ရှာပြီး ဓာတ်ပုံရိုက်ပို့ပေးမယ် နင်က နင့်ဆိုင်မှာ တင်လိုက်လေ... ဒါဆို မော်ဒယ်ရော ဓာတ်ပုံဆရာရော မလိုတော့ဘူး... ဒါဆိုဘယ်လိုလဲ ..."


"တကယ်လား..."


ထန်ထန် အတော်လေး အံ့ဩပျော်ရွှင်သွားသည်။


"ကျီယွဲ့ ရှင်ဘာလို့ ဒီလောက်ကောင်းနေရတာလဲ... အရမ်းကောင်းတယ် ရှင်ကစိတ်ထားလေးကလည်းကောင်း ရုပ်ကလေးကလည်းလှတော့ ရှင်ဝတ်လိုက်ရင် အဝတ်အစားတွေကအရမ်းလှသွားမှာ... အဲ့လိုဆိုရင် ဈေးဝယ်သူတွေက ပုံမြင်တာနဲ့ တမ်းဝယ်ချင်ကြမှာပဲ..."


ကျီယွဲ့ အော်ရယ်လိုက်မိသည်။


"နင်က အရမ်းမြှောက်နေမှတော့ နင့်ရဲ့ မော်ဒယ်လေးလုပ်ပေးပါ့မယ်လေ... နင်ဆိုင်ဖွင့်တာနဲ့ ငါကြော်ငြာပေးမယ်.. နင့်ရဲ့စီးပွားရေးလေး လာဘ်ရွှင်ဖို့ ငါစောင့်ရှောက်ပေးပါ့မယ်..."


ထန်ထန် အလွန်ပျော်သွားပြီး ကျီယွဲ့ကို မွခနဲလုပ်လိုက်သည်


သူမကံက အရမ်းတွေကောင်းနေတော့တာပဲ... သူမတွေ့သမျှလူတိုင်းက သူမကို ကူညီနေတာချည်းပဲ...


ရုတ်တရက် ကျိယွဲ့က အကြံပေးလာသည်။


"ထန်ထန် ငါနင့်ကို မင်္ဂလာဆောင်ဝတ်စုံတွေချုပ်ဖို့ အကြံပေးချင်တယ်... အခုခေတ်လူတွေက တရုတ်ရိုးရာမင်္ဂလာပွဲလုပ်ရတာကို အတော်လေးကြိုက်နေကြတော့ သေချာပေါက်ကို ရောင်းကောင်းမှာပဲ... လူတွေက ဓာတ်ပုံဆရာစီစဉ်ပေးတဲ့ မင်္ဂလာဝတ်စုံကိုပဲ ဝတ်ကြရတာ... အမှန်အတိုင်းပြောရရင် အဲ့တာတွေက အရေအသွေးမကောင်းသလို ပုံစံတွေကလည်း မလှဘူးရယ်... လူချမ်းသာအများစုက လူသပ်သပ်ရှာပြီး ချုပ်ခိုင်းကြတာများတယ်... ဒါပေမဲ့ ငါတော့ နင်ချုပ်ထားတာတွေက အဲ့ဒီ့ဈေးကြီးတဲ့ဟာတွေကို မရှုံးဘူးဆိုတာ ငါပြောနိုင်တယ်.."


"တကယ်လား... အဲ့တာဆို ကျွန်မ မင်္ဂလာဆောင်ဝတ်စုံအရင်ချုပ်ပြီး ရှင့်ကို ပို့ပေးမယ်လေ... အဲ့တာလေးဝတ်ပြီး ဓာတ်ပုံရိုက်ပေးလို့ရမလား..."


"ပြဿနာမရှိဘူး... ယောက်ျားလေးမင်္ဂလာဝတ်စုံအတွက်က ငါ့မိသားစု အဘိုးကြီးကုကို ဧည့်မော်ဒယ်လုပ်ခိုင်းလိုက်မယ်... ငါတို့ရဲ့ မင်္ဂလာဆောင်ကိုတောင် သတိရမိသွားပြီ... ဟားဟား ထန်ထန်ရေ မြန်မြန်လေးချုပ်တော့နော် ငါတကယ်ကြီး ဝတ်ချင်နေပြီ..."


"ဟုတ်ပါပြီ... မင်္ဂလာဝတ်စုံပဲ အရင်ချုပ်လိုက်ပါ့မယ်... မြန်ပါတယ်..."


ဖုန်းမခေါ်ခင်က ထန်ထန်အတော်လေးစိတ်လှုပ်ရှားနေသည်ဟု ပြောရမည်ဆိုလျှင် ဖုန်းခေါ်ပြီးနောက်တွင် သူမအတော်လေး ယုံကြည်ချက်ရှိလာသည်။ ကျီယွဲ့က အရမ်း အံ့ဩဖို့ကောင်းပြီး ပြဿနာမရှိဘူးဟုပင် ပြောခဲ့သေးသည်။ ထို့ကြောင့် ဘာပြဿနာမှ မရှိနိုင်လောက်ပေ။ ထန်ထန် အသေအချာလုပ်ရန် လိုသည့်အရာမှာ သူမချုပ်သော အဝတ်အစားတိုင်း သေချာပေါက် ကြည့်ကောင်းနေစေရန် ဖြစ်သည်။


ထိုသည်ကို တွေးမိပြီး ထန်ထန် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။ ချက်ချင်းပင် ဘောပင်နှင့်စာရွက်ယူကာ အကြမ်းဖျင်းပုံဆွဲတော့သည်။ သူမ၏ အစ်မကြီးမင်္ဂလာဆောင်စဉ်က သူတို့၏ ဝတ်စုံများကို မြင်ဖူးခဲ့သည်။ ထို့အပြင်သူမကိုယ်တိုင်ပင် လိုက်ချုပ်ဖူးခဲ့သည်။


ယင်းကြောင့် သူမ အမျိုးသမီး ဝတ်စုံဒီဇိုင်းနှစ်မျိုးလုပ်ရန်နှင့် ကလေးငယ်များအတွက် ရှေးခတ်စတိုင်ဝတ်စုံများချုပ်ရန် အစီအစဉ်ဆွဲလိုက်တော့သည်။


အဝတ်အစားများအတွက် ပုံကြမ်းဆွဲပြီးချိန်တွင် ထန်ထန် လိုအပ်သော ပစ္စည်းတိုင်းကို online shop မှမှာယူလိုက်သည်။ ဒယ်လီဗာရီအမြန်ဆုံးရောက်လာစေရန် အပိုပင်ပေးလိုက်သေးသည်။


ထို့နောက် ထန်ထန် ကလေးများအတွက် အဝတ်အစားများကို ပုံကြမ်းစဆွဲလိုက်တော့သည်။ ယောက်ျားလေးအတွက် အဝတ်အစားများက ခါးပတ်လေးနှင့် ဝတ်ရုံရှည်တစ်ထည်ဖြစ်ပြီး လည်ရှည်ဖိနပ်လေးများနှင့် ဦးထုပ်လေးပါပါဝင်သည်။ ၎င်းက အလွန်ချစ်စဖွယ်လေးဖြစ်နေမည်ဖြစ်သည်။  မိန်းကလေးအတွက် အဝတ်အစားများက ပုံစံများစွာရှိမည်ဖြစ်သည်။ ထန်ထန် ပထမဆုံးတစ်ခုကို အဖြူရောင်ဇာအနားအတွန့်ပါသော ပန်းရောင် ဝတ်ရုံရှည်တစ်ခုလုပ်ရန် အစီအစဉ်ဆွဲလိုက်သည်။ ၎င်းက လရောင်ဖြူပန်းထိုးဖိနပ်ဖြင့် အလွန်လိုက်ဖက်ညီမည်ဖြစ်ပြီး အလွန်ချစ်စရာကောင်းမည်ဖြစ်သည်။


ရှေးခေတ်အဝတ်အစားများကို ဝတ်ရသည်က ထူးဆန်းသော်လည်း ကလေးများဝတ်ဆင်ပါက မည်သူမှအပြစ်ပြောမည် မဟုတ်ပေ။ ယင်းအစား ချစ်စရာကောင်းသည်ဟုသာ တွေးကြမည်ဖြစ်ပြီး မွေးနေ့များတွင် တမူထူးခြားသည်များ ဝတ်ဆင်ကြသည်မှာ ပုံမှန်သာဖြစ်သည်။


ထန်ထန် ကျိရှောင်င်ကျိုးနှင့် ဝမ်နောင်တို့၏ ကိုယ်အတိုင်းများကို ရရန် မစောင့်နိုင်တော့ပေ။


"မာမီ ဘာတွေလုပ်နေတာလဲဟင်..."


ကျိရှောင်ကျိုး သူမခိုင်းသည့်အတိုင်း လက်မြှောက်လိုက် ခြေမြှောက်လိုက်လုပ်နေသည်။


"မာမီက သားနဲ့ နောင်နောင်တို့ရဲ့ ကိုယ်တိုင်းတွေယူနေတာလေ... မာမီသားတို့အတွက် ရှေးခေတ်အဝတ်အစားတွေချုပ်ပေးမလို့ ... အဆင်ပြေသွားရင် မာမီရဲ့ online shop မှာသားတို့ကို မော်ဒယ်လုပ်ခိုင်းမှာလေ..."


ကျိရှောင်ကျိုးက အာရုံစိုက်ခံရခြင်းကို မရှက်တတ်သော ကလေးတစ်ယောက်ဖြစ်လေသည်။ သူ့အတွက် မော်ဒယ်ဆိုသည်မှာ အသစ်အဆန်းတစ်ခုသာဖြစ်ပေသည်။


"ရတာပေါ့... သားကအရမ်းချောတော့ မော်ဒယ်လုပ်ရင် အရမ်းမိုက်နေမှာ..."


သူမဘာလုပ်နေသလဲ မသိသော်လည်း ကျိရှောင်ကျိုး၏ ခေါင်းငြိမ့်ပြမှုက ဝမ်နေါင်ကိုပါ တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းငြိမ့်စေသည်။ သူမလည်း မော်ဒယ်ဖြစ်ချင်သွားသည်။


ထန်ထန် နှစ်ယောက်လုံးကို အာဘွားပေးလိုက်သည်။ သူမ ကျားအရုပ်လေးတစ်ကောင်ကို ဆုအဖြစ် ဝမ်နျိုကို ပေးလိုက်သည်။


"နောင်နောင်သမီးက အန်တီ့ရဲ့ မော်ဒယ်လေးဖြစ်လာမှာဆိုတော့ ဒါက အန်တီသမီးကိုပေးတဲ့ ဆုလေးပဲ..."


ကျားအရုပ်လေးကိုမြင်သောအခါ ဝမ်နောင်၏ မျက်လုံးတို့တောက်ပလာသည်။ သို့သော် သူမမယူလိုက်ဘဲ ဆုမရသော ကျိရှောင်ကျိုးကိုသာ တုံ့ဆိုင်းတုံ့ဆိုင်းနှင့်ကြည့်နေသည်။


၎င်းကိုမြင်သည်နှင့် ထန်ထန် မုန့်အချို့ယူလိုက်ကာ ကျိရှောင်ကျိုးကိုပေးလိုက်သည်။


"ဒါက သားအတွက် ဆု..."


၎င်းက ကျိရှောင်ကျိုးကို စိတ်ကျေနပ်သွားစေသည်။ သူ ကျားရုပ်ကိုယူကာ ဝမ်နောင်လက်ထဲ ထည့်ပေးလိုက်သည်။


"ရပြီ နင်ဒါကိုယူသင့်တယ်... အခုကစပြီး နင်အိပ်တဲ့အချိန်တိုင်း ဒီကျားအရုပ်လေးကို ဖက်အိပ်လို့ရတယ်လေ... ကျားတွေက အရမ်းကို အံ့ဩဖို့ကောင်းတာ... ကျားတစ်ကောင်က နင်နဲ့အတူရှိနေမှတော့ ဘာမှကို ကြောက်ဖို့မလိုတော့ဘူး..."


ဝမ်နောင်ခေါင်းငြိမ့်လိုက်ကာ သွားလေးများပေါ်လာအောင် ပြုံးပြလိုက်သည်။ သူမ၏ မျက်လုံးလေးများက လခြမ်းသဏ္ဌာန်ကွေးညွတ်သွားသည်။ သူမ ကျားရုပ်အမြှီးလေးကို အဆက်မပြတ်ထိနေပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ထန်ထန့်ဘေးနားပြေးလာလိုက်သည်။ ထို့နောက် သူမ ထန်ထန်၏ ပါးလေးကိုနမ်းလိုက်သည်။ နမ်းပြီးနောက်တွင် ရှက်လွန်း၍ သူမမျက်နှာကို ကျားရုပ်ထဲ ဝှက်ထားတော့သည်။


ထန်ထန် ရယ်မောလိုက်ကာ သူမခေါင်းလေးကိုပုတ်ပေးလိုက်သည်။


"နောင်နောင်က အရမ်းချစ်ဖို့ကောင်းတာပဲ... "


တုံ့ပြန်သည့်အနေဖြင့် ကျိရှောင်ကျိုး ရင်ဘတ်ကို ကော့လိုက်သည်။ သူ နောင်နောင်ကို ထိုသို့လုပ်ရန်သင်ပေးလိုက်ခြင်းဖြစ်ပြီး သူမကို ချစ်စရာလေးဟုအခေါ်ခံရခြင်းမှာ သူ့ကျေးဇူးသာဖြစ်သည်။


ဝမ်နောင်ခဏမျှရှက်သွားပြီး ကျားအရုပ်လေးကို ကျိရှောင်ကျိုးရှေ့သို့ချပေးလိုက်သည်။


ထန်ထန် ကလေးမလေးဘာလုပ်နေသလဲ နားမလည်တော့ပေ။ ကျိရှောင်ကျိုးက လက်ပြကာ ပြောလိုက်သည်။


"ငါက ယောက်ျားလေးဆိုတော့ သတ္တိရှိတယ်.. ငါဖက်အိပ်ဖို့ ကျားရုပ်မလိုဘူး... နင်ပဲလိုတာ... ဒါကို အိမ်ယူပြီး ကစားသင့်တယ်..."


ကျိရှောင်ကျိုးပြောသည်ကို ကြားပြီးနောက်တွင် ဝမ်နောင်ကျားရုပ်လေးကို ပြန်ယူလိုက်ပြီး ဖက်ထားလိုက်သည်။


အရွယ်ရောက်သူလို ပြုမူနေသော ကျိရှောင်ကျိုးက သူမလက်ကိုဆွဲကာ သူတို့ကစားနေကြနေရာကို ခေါ်သွားရင်းပြောလိုက်သည်။


"ငါနဲ့လိုက်ခဲ့...မာမီလုပ်ထားတဲ့ မုန့်အချို စားရအောင်.. ငါ့ဟာ နင့်ကိုကျွေးမယ်လေ..."


ဝမ်နောင်နာနာခံခံဖြင့် ကော်ဇောပေါ်ထိုင်လိုက်သည်။ သူမအတွက် ဝေစုဖြစ်သောမုန့်များစားရန် ပြင်လိုက်ချိန်တွင် ကျိရှောင်ကျိုးချောင်းဟန့်လိုက်သည်ကို ကြားလိုက်ရသည်။


ဝမ်နောင်ရပ်တန့်သွားပြီး သူ့ကို ပဟေဠိဖြစ်စွာကြည့်လိုကိသည်။


သူမနားမလည်သည်ကို မြင်သောအခါ ကျိရှောင်ကျိုးအသံတစ်ခုပြုလုပ်ကာ သူ့ပါးသူထိပြလိုက်သည်။


ဝမ်နောင်ရုတ်တရက် လွန်ခဲ့သည့်ရက်က ကျိရှောင်ကျိုးပြောသော ကျေးဇူးတင်သည်ကို ဖော်ပြနည်းကို သတိရလိုက်သည်။ နားလည်သည့်အနေဖြင့် သူမလက်ထဲရှိ မုန့်ကိုချကာ သူ့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။


ကျိရှောင်ကျိုး စိတ်ကျေနပ်သွားကာ ပြောလိုက်သည်။


"အိုကေ စားကြရအောင်..."


ဘေးမှ ကြည့်နေသော ထန်ထန်က ဆွံအမှင်သက်သွားတော့သည်။

သူမရဲ့ ပေါင်ပေါင်က ကောင်မလေးကို အခွင့်ရေးယူနေတယ်လို့ ပြောလို့ရမလား... သူအရမ်းကို သွက်လွန်းတာပဲလား...


––––––––––––––


Online shop အတွက် လျှောက်လိုက်သော အပ်ပလီကေးရှင်းက အတော်လေး မြန်ဆန်လေသည်။ ဆိုင်နာမည်လိုအပ်၍ တပ်ရင်းမှူးကတော်က ထန်ထန်၏ နာမည်ကိုသာထည့်လိုက်ပြီး ထန်ထန် ရိုးရာဝတ်စုံ အပ်ထည် ဟု ခေါ်လေသည်။


ကျီယွဲ့က အလွန်ကြိုးစားပေးခဲ့သည်။ သူမ အောင်းချွမ်ကို ဝတ်ကာ ထန်ထန် သူမကိုပေးခဲ့သော ပန်းထိုးဖိနပ်ကို ဝတ်ဆင်ခဲ့သည်။ ထို့နောက် မိတ်ကပ်ပညာရှင်တစ်ယောက်ကို ခေါ်ကာ အဝတ်အစားများနှင့်လိုက်ဖက်သည့် မိတ်ကပ်နှင့် ဆံပင်ပုံစံကိုပြင်ခိုင်းခဲ့ပြီး ကုမ္ပဏီ၏ ဓာတ်ပုံ စတူဒီယိုအခန်းထဲသို့ သွားခဲ့သည်။ သူမ ဓာတ်ပုံဆရာကို ပုံများစွာရိုက်ခိုင်းခဲ့ပြီး တစ်ပုံချင်းဆီက အလွန်လှကာ ရှေးခေတ်မှ နတ်သမီးလေးတစ်ပါး နှင့်တူနေသည်။


တပ်ရင်းမှူးကတော် မြင်သောအခါ အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး သူမ၏ပေါင်ကို တဖြန်းဖြန်းရိုက်ကာ ပြောလာသည်။


"အိုင်းယား အရမ်းလှတာပဲ... အစ်မလို သက်လတ်ပိုင်း မိန်းမကြီးကတောင် အရမ်းတွေ ဝယ်ဝတ်ချင်လာမှတော့ ရောင်းကောင်းမယ်ဆိုတာ လုံးဝသေချာတယ်...ငါ အခုပဲ ပို့စ်တင်လိုက်တော့မယ်.... ဒါ ငါတို့ဆိုင်လေးရဲ့ ပထမဆုံးရောင်းကုန်ပဲ..."


တပ်ရင်းမှူးကတော်က ကွန်ပျူတာနှင့်အတော်လေး အကျွမ်းတဝင်ရှိပြီး ပုံတွေကို တင်ချလိုက်သည်။ နောက်ဆုံးအဆင့် ဈေးနှုန်းရေးရန် အချိန်ကြသောအခါမှ တောင့်ခဲသွားတော့သည်။ သူမ ထန်ထန်ကို မေးလိုက်သည်။


"ငါတို့ ဘယ်လောက်နဲ့ရောင်းသင့်လဲ...''


"ဟမ်..."


ထန်ထန်လည်း မသိပေ။ သူမထိုအကြောင်းတစ်ခါမှ မစဉ်းစားမိခဲ့ချေ။


"လိုအပ်တဲ့ ပစ္စည်းတွေက ယွမ်နှစ်နာကုန်တယ် တစ်ထည်ချုပ်ဖို့ သုံးရက်ကုန်တယ်ဆိုတော့ ညီမဘယ်လောက်တောင်းသင့်လဲဟင်..."


တပ်ရင်းမှူးကတော်က အထည်ရောင်းဖူးသည်ဖြစ်ရာ သူမကဤနယ်ပယ်တွင် ဗဟုသုတရှိသည်ဟု ပြောရပေမည်။ သူမ အသေအချာတွက်လိုက်ပြီး အံ့ကြိတ်၍ ပြောလိုက်သည်။


"ငါတို့ ၁၈၈၈ယွမ်နဲ့ ရောင်းကြမယ်..."


ထန်ထန် ထိတ်လန့်သွားသည်။


"အစ်မ အဲ့လိုဆို ဈေးမကြီးလွန်းဘူးလား..."


ဈေးဝယ်စင်တာ အများစုမှ အဝတ်များက ထောင်ကျော်ကြသင့်သော်လည်း အင်တာနက်ပေါ်တွင်ရောင်းသည့် အဝတ်အစားများက ဈေးပေါလှသည်။ ၁၈၈၈ယွမ်ဆိုသည်မှာ အလွန်ဈေးကြီးသည်ဟု ပြောနိုင်သည်။


တပ်ရင်းမှူးကတော်တွင် ကိုယ်ပိုင် အကြောင်းပြချက်ရှိသည်။


"အစ်မတော့ အစ်မတို့ရဲ့ အဝတ်အစားတွေကို ကြုံသလိုဝယ်လို့ရတာမျိုးထက် သူဌေးတွေအတွက် ဦးတည်သင့်တယ်ထင်တာပဲ... ပြီးတော့ ညီမရဲ့ ကျွမ်းကျင်မှုက ဒီလောက်တန်ပါတယ်... အစ်မတို့က အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးတာလေ...."


"ဒါပေမဲ့ ဝယ်မဲ့သူ မရှိဘူးဆိုရင်ရော..."


အရမ်းဈေးကြီးတော့ ဝယ်ချင်ကြပါ့မလား..


တပ်ရင်းမှူးကတော်က ယုံကြည်ချက်ရှိစွာ ခေါင်းငြိမ့်ပြလိုက်သည်။


"ရှိတာပေါ့... အများကြီးမရှိပေမဲ့လည်း အစ်မတို့ရဲ့ ရည်ရွယ်ချက်က အလုပ်လုပ်ဖို့ရှာရုံပဲလေ... ဈေးပေါလို့ လူတွေအများကြီးလာအပ်ရင် ညီမပဲ ပင်ပန်းရမှာ..."


ထန်ထန် ၎င်းကို မှန်သည်ဟု တွေးမိလိုက်သည်။ ကျိယန်က သူမကိုထောက်ပံ့ပေးထားသည်။ သူမက အိမ်ကိုထောက်ပံ့ရန် အလုပ်လုပ်နေခြင်းမဟုတ်ပေ။ အကယ်၍ ဖောက်သည်များစွာရလာပါက မအားလပ်တော့ဘဲ ကျိယန်နှင့် ရှောင်ကျိုးကို ဂရုစိုက်ပေးရန် အချိန်မရှိတော့ပေ။ သူမ ထိုသို့မဖြစ်ချင်ပေ။


သူမ ပထမဆုံး ပိုစ့်ကိုတင်လိုက်သည်နှင့် ကျီယွဲ့က ထိပ်ဆုံးမှနေ၍ ဆိုင်အကြောင်း ရှဲပေးသူဖြစ်သည်။

အရင်တစ်ခေါက်က ထောက်ခံပေးထားတဲ့ အဝတ်အစားတွေဆိုတာ ဒီမှာပါ....


ကျီယွဲ့တစ်ယောက် သူမအောင်းချွမ်ဝတ်၍ ရိုက်ထားသည့် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာတွင်တင်လိုက်သည်နှင့် သူမအဝတ်များ ဘယ်ကဝယ်သလဲ လူတိုင်း သိချင်သွားကြသည်။ ဤတစ်ကြိမ်တွင် သူမက ဆိုင်၏ လင့်ခ်ကိုပါချပေးလိုက်တော့သည်။


ကျီယွဲ့၏ ကြီးမားသော သူငယ်ချင်းအသိုင်းအဝိုင်းရှိသည်။ သူမပို့စ်တွင် မရေမတွက်နိုင်သော ကောမန့်များရှိနေပေသည်။


ဘွားဘွားကျိုးကောမန့်ချန်ခဲ့ပြီ : ထန်ထန်က တကယ်ပဲ ဒီလောက်လှတဲ့ အဝတ်တွေချုပ်ခဲ့တာလား... ကျီယွဲ့ကတောင် မော်ဒယ်လုပ်ပေးလိုက်သေးတယ်...


ကုကျန်းအန် : ငါ့မိန်းမက မော်ဒယ်လုပ်ပေးမှတော့ ဒီဆိုင်က လုံးဝနာမည်ကြီးလာမှာပဲ...


ကျိုးကျီ : အဲ့တာထန်ထန်ရဲ့ဆိုင်လား...


ကျီယွဲ့၏ဝမ်းကွဲ : ဟားဟားဟား အရင်တစ်ခေါက် ငါငှားဝတ်တော့ နင်မငှားဘူးလေ... အခုတော့ ငါ့ဘာသာဝယ်ဝတ်တော့မယ်...


သူစိမ်း ၁ : ဒီဆိုင်ကအရမ်းအံ့ဩဖို့ကောင်းတာပဲ... ငါတို့ဘော့စ်ကို သူတို့ရဲ့ မော်ဒယ်လုပ်ခိုင်းနိုင်တယ်ဟ.. ငါတကယ် လေးစားသွားပြီ...


သူစိမ်း ၂ : ဘာမှပြောမနေနဲ့တော့... ငါတစ်ထည်ဝယ်မှာ... ပြီးရင် ဓာတ်ပုံရိုက်ပြီး ကြွားရမယ်...


...................


ကျီယွဲ့၏ ပို့စ်က ထိန်းမနိုငိသိမ်းမရဖြစ်သွားခဲ့သည်။ သို့သော် ကျီယွဲ့က တစ်ချက်သာလှုပ်ရှားလိုက်သော်လည်း ရလဒ်ကအတော်ကြီး ကောင်းသည်ဟု ပြောရပေမည်။ မကြာမီပင် ဈေးဝယ်ရန်မှတ်ထားသူက ငါးဆယ့်လေးယောက်ရှိလာပြီး နှစ်ယောက်က အမှန်တကယ် လာအပ်ခဲ့သည်။


တပ်ရင်းမှူးကတော်က အလွန်စိတ်လှုပ်ရှားနေပြီး ကလေးတစ်ယောက်လို တတွတ်တွတ်ပြောနေတော့သည်။


"အခုမှ ဆိုင်ဖွင့်တာ ချက်ချင်းနာမည်ကြီးသွားပြီပဲ... ထန်ထန် ညီမရဲ့သူငယ်ချင်းက အံ့ဩဖို့ကောင်းလိုက်တာ... ခပ်မြန်မြန်ပဲ စီးပွားရေးလှည့်ကွက်သုံးချလိုက်တာပဲ..."


ထန်ထန်သည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ ယခုက အစပင်ဖြစ်၍ အစီအစဉ်မကျသေးသော်လည်း သူတို့အောင်မြင်နိုင်မည့် အလားအလာရှိနေသည်။


သူမ ကိုယ်ပိုင်လုပ်ငန်းလေး ရှိလာတော့မည်ဖြစ်သည်။