အပိုင်း (၅၉)
Viewers 12k

Part 59


လျှင်မြန်စွာဖြင့် ထန်ထန် တပ်ရင်းမှူးကတော်ကို သတိပေးလိုက်သည်။


"ယောင်းမ အရမ်းကြီးစိတ်လှုပ်ရှားမနေနဲ့ ဈေးဝယ်သူတွေကို သူတို့ရဲ့ကိုယ်တိုင်းနဲ့ လိုချင်တဲ့အရောင်ကိုမေးလိုက်ဦး... သူတို့ဖြေပြီးတာနဲ့ သူတို့ အဝတ်တွေကို စချုပ်တော့မှာ..."


"ဟုတ်တယ် ဟုတ်တယ်... အစ်မအရမ်းပျော်ပြီး မေ့သွားတော့မလို့..."


တပ်ရင်းမှူးကတော်က စတင်၍ ဖော်ရွေပျူငှာသော ဈေးဝယ်သူများကို ဝန်ဆောင်မှုပေးသည့်  ဝန်ထမ်းလေးအဖြစ် စတင်လုပ်ကိုင်ပြီး အော်ဒါလာမှာသူများဖြင့် ဆက်သွယ်ပြောဆိုလိုက်တော့သည်။ သူမ အချက်အလက်များရသည်နှင့် ထန်ထန်ကို လွှဲပေးလိုက်သည်။


သူမတွင် လိုအပ်သော သတင်းအချက်အလက်များရှိပြီဖြစ်၍ ထန်ထန် ချက်ချင်းပင် အဝတ်များ စချုပ်လေတော့သည်။ ထန်ထန် နေ့ခင်းပိုင်းတွင် ဝယ်သူများ၏အော်ဒါကိုချုပ်ပြီး ညနေပိုင်းတွင် မင်္ဂလာဆောင် ဝတ်စုံချုပ်သည်။


သူ၏ မာမီက နေ့မအားညမနားအဝတ်များ ချုပ်နေသည်ကို မြင်သောအခါ ကျိရှောင်ကျိုးနှလုံးသားလေး နာကျင်သွားရပြီး ထန်ထန်၏ မျက်နှာလေးကို ထိပေးလိုက်သည်။


"မာမီ မပင်ပန်းဘူးလားဟင်..."


ထန်ထန် သူ့ကို နမ်းလိုက်သည်။


"မာမီ မပင်ပန်းပါဘူး... ညဘက်ဆိုလုပ်စရာလည်းမရှိတော့ အဆင်ပြေတယ်လေ..."


ကျိယန်အိမ်ပြန်လာသည်နှင့် သူ့ကို ခြေထောက်ရေဆေးပေးလိုက်မည်ဖြစ်သည်။  ထို့နောက် သူနှင့် အာလာပသလ္လာပပြောပြီး ကျိရှောင်ကျိုးကို စာသင်ပေးသည်ကိုကြည့်မည်ဖြစ်သည်။ သူမ ဘာမှမလုပ်နေသော်လည်း ပျော်ရွှင်နေရပြီး အချိန်ပြည့်ဝမ်းသာကြည်နူးနေမိသည်။ သို့သော် ယခုတွင် သူက အနားတွင်မရှိနေသဖြင့် အချိန်က အလွန်နှေးကွေးစွာ သွားနေရသည်ဟု ထင်နေမိသည်။ သူမ သူ့အကြောင်းဆက်မတွေးမိစေရန် လုပ်စရာကိစ္စတစ်ခုခုကို ရှာကြံထားမှ တော်ကာကြပေမည်။


ကျိရှောင်ကျိုး ထန်ထန်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။


"မာမီ ဒယ်ဒီ့ကိုလွမ်းနေတာလားဟင်..."


အပ်ကိုင်ထားသော ထန်ထန်၏လက်ကလေး တောင့်ခဲသွားသည်။ သူမမျက်နှာပေါ်ရှိ အပြုံးလေး မှိန်ဖျော့သွားသည်။ သူမ သူ့ကိုလွမ်းသည်။သိပ်ကို သိပ်ကို လွမ်းပါသည်။


ကျိရှောင်ကျိုးက သူမ၏လည်ပင်းကိုဖက်တွယ်၍ နှစ်သိမ့်ပေးလာသည်။


"မာမီ ဒယ်ဒီ့ကိုလွမ်းမှန်း သားသိပါတယ်... သားလည်းဒယ်ဒီ့ကို လွမ်းနေတာ... ဒါပေမဲ့ သားတို့ သန်မာရမယ် ငိုလို့မဖြစ်ဘူး... ဝမ်းနည်းလို့လည်းမရဘူး... ဟုတ်ပြီနော်..."


ထန်ထန် သူ၏နှစ်သိမ့်စကားလေးကြောင့် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ သူမ နှာခေါင်းရှုံ့လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။


"ဟုတ်ပါပြီ... မာမီက သန်မာပြီး မငိုတော့ပါဘူး... မာမီတို့ ဒယ်ဒီပြန်လာတာကို အတူတူစောင့်ကြတာပေါ့..."


"ကောင်းပြီလေ... အလုပ်လုပ်တာ ရပ်လိုက်ပါတော့ မာမီရေ... အတူတူစောစောအိပ်ကြရအောင်လေ... TV မှာပြောတယ် မိန်းမတွေက ပိုလှဖို့ အိပ်ဖို့လိုတယ်တဲ့... ဒီတော့ မာမီလည်း ပိုလှလာအောင် စောစောအိပ်သင့်တယ်နော်..."


ဤသည်ဖြင့် ထန်ထန် အသေးလေး၏ နှစ်သိမ့်ခြင်းကို ခံယူလိုက်ရသည်။ သူမ အသေးလေးပြောသည်ကို လိုက်နာပြီး အပ်ချုပ်အလုပ်ကိုချကာ ရှောင်ကျိုးလေးနှင့် အိပ်ယာဝင်လိုက်သည်။


ပုံမှန်အတိုင်း ကျိရှောင်ကျိုးက သုံးမိနစ်အတွင်း အိပ်ပျော်သွားပြီး ထန်ထန်တစ်ယောက်သာ အိပ်မပျော်နိုင်ဖြစ်နေသည်။ သူမ ဟိုလှည့်သည်လှည့်လုပ်နေသော်လည်း လုံးဝအိပ်မပျော်ပေ။ သူမ မျက်လုံးမှိတ်လိုက်တိုင်း ကျိယန်အကြောင်းများကိုသာ မြင်ယောင်လာမိသည်။ သူ ထွက်သွားချိန်မှစ၍ ထန်ထန် ညဘက်များတွင် ကောင်းကောင်း အိပ်မပျော်တော့ပေ။ သူမ သူ့ကို အတော်လေး စိုးရိမ်နေမိသည်။ သူဘယ်နေရာတွင် ရောက်နေမှန်း မသိသော်လည်း ကောင်းကောင်းစားရရဲ့လား၊ ကောင်းကောင်းဝတ်ရရဲ့လား၊ လုံခြုံရဲ့လား ဟူသော မေးခွန်းများက သူမခေါင်းထဲတွင် ပြည့်နှက်နေသည်။


သူမ ထိုနေ့က စစ်သားလေးများ၏ ရှင်းပြချက်ကို နားထောင်အပြီးတွင် တာဝန်က အတော်လေး အရေးကြီးပြီး အန္တရာယ်များကြောင်း သိလိုက်ရသည်။ ထို့အပြင် တပ်မှူးတိုင်းကို မခေါ်သဖြင့် ထိုတာဝန်က ခက်သလားပင် မသိချေ။


အတိတ်တွင် ထန်ထန်က စစ်သားများဆိုသည်မှာ တိုင်းပြည်ကို ကာကွယ်နေသော သူရဲကောင်းများဖြစ်ပြီး ဂုဏ်သရေ မြင့်မြတ်လှသည်ဟုသာ ထင်ခဲ့သည်။ သို့သော် ယခုတွင် ထိုသူရဲကောင်းများရင်ဆိုင်ရသည့် ခက်ခဲမှုများကို နားလည်နေပြီဖြစ်သည်။ သူတို့ နေ့တိုင်း လေ့ကျင့်ရေးဆင်းရသည်။ ဆောင်းတွင်းတွင်ပင် ၎င်းတို့၏ အဝတ်များက ချွေးကြောင့် စိုစွတ်နေလေ့ရှိသည်။ သူတို့ ထွက်သွားချိန်တွင် သန့်ရှင်းနေကြမည်ဖြစ်သော်လည်း ပြန်လာပါက အတော်လေးညစ်ပတ်၍ ပြန်လာကြသည်။ သူတို့လက်သည်းအောက်တွင် ရွှံ့များရှိပြီး လေ့ကျင်းရင်း ဒဏ်ရာများလည်းရလာမည်ဖြစ်သည်။ ထိုအရာများက နိုင်ငံကိုကာကွယ်ရန် ကြိုးစားအားထုတ်ရသည့် အရာများဖြစ်သည်။

(Note- မြန်မာက စခတွေနဲ့ တခြားဆီပါ :') 


ထန်ထန် နေ့တိုင်း စိုးရိမ်သောကဝေရသည်။ သို့သော် သူမစစ်သားများ၏ တာဝန်ကိုသိသည်။ ထို့ကြောင့် သူအန္တရာယ်ကင်းပါစေကြောင်း နေ့တိုင်းဆုတောင်းပေးနေရသည်။ သူအန္တရာယ်ကင်းစေကြောင်း ဆုမှလွဲ၍ အခြားဆုများပင် မတောင်းမိချေ။


–––––––––––––––––


ထန်ထန် မင်္ဂလာဆောင်ဝတ်စုံများ ပြီးရန် ငါးညမျှအချိန်ယူလိုက် သည်။ သူမချုပ်လုပ်သည့် မင်္ဂလာဆောင်ဝတ်စုံများမှာ သူမ၏ခေတ်တွင် အလွန်နာမည်ကြီးသော စတိုင်များဖြစ်ကြသည်။ ထို့အပြင် တော်ဝင်အမျိုးသမီးများပင် နှစ်သက်ကြပေသည်။ ၎င်းက သဘာဝဆန်ပြီး လှပလေသည်။ ယခုခေတ်တွင်ရှိနေသော တရုတ်ရိုးရာ မင်္ဂလာဆောင်ဝတ်စုံများနှင့် ယှဉ်ပါက သူမချုပ်ထားသည်က ပိုမိုရိုးရာဆန်ကာ လှပပေသည်။ သတို့သမီးက ဤဝတ်စုံကို ဝတ်လိုက်သည်နှင့် ကျက်သရေရှိရှိ လှပနေမည်ဖြစ်သည်။


ကျီယွဲ့တစ်ယောက် ဝတ်စုံကို လက်ခံပြီးသွားသောအခါ မျက်လုံးများတောက်ပလာပြီး ကုကျန်းအန်း၏လက်မောင်းကို အဆက်မပြတ်လှုပ်ခါနေသည်။


"ကျွန်မတို့ မင်္ဂလာဆောင်တုန်း တရုတ်ရိုးရာပုံစံနဲ့ မင်္ဂလာဆောင်သင့်ကြောင်း ကျွန်မပြောခဲ့ပါတယ်... ကြည့်စမ်း ဒီရိုးရာမင်္ဂလာဆောင်ဝတ်စုံက ဘယ်လောက်လှပြီး ပွဲတိုးလိုက်သလဲ ကြည့်လိုက်စမ်းပါ... ဒါပေမဲ့ ရှင်ကတော့ အနောက်တိုင်း မင်္ဂလာဆောင်ပုံကို ရွေးခဲ့တယ်လေ... အကုန်လုံး ရှင့်အမှားတွေချည်းပဲ..."


ကုကျန်းအန်း ရင်ထဲတွင် နာကျင်သွားရသည်။ ထိုအချိန်က ကျီယွဲ့တစ်ယောက် အနောက်တိုင်းနှင့် တရုတ်ရိုးရာ နှစ်ခုကြားတွင် ဗျာများနေရပြီး ဆုံးဖြတ်ချက်မချနိုင်၍ သူက ဆုံးဖြတ်ပေးခဲ့ရခြင်းဖြစ်သည်။ သူ အနောက်တိုင်း မင်္ဂလာဆောင်ပုံစံကို ရွေးချယ်ခဲ့သည်။ ရလဒ်အဖြစ် သူမထံမှ ညီးညူပြောဆိုခြင်းကို ခံခဲ့ရသည်။


ကုကျန်းအန်း ကျီယွဲ့ကို ဖက်ကာချော့လိုက်သည်။


"ညီးညူမနေပါနဲ့တော့ကွာ... အဲ့တာက အဓိကမဟုတ်ဘူးလေ... ကိုယ်တို့ ချက်ချင်းပဲ ထန်ထန်ချုပ်ပေးထားတဲ့ ဝတ်စုံတွေနဲ့ နောက်တစ်ခေါက် မင်္ဂလာဆောင်လို့ရသေးတာပဲ..."


ကျီယွဲ့၏ စိတ်က အတော်လေး ကြည်လင်နေဆဲဖြစ်သည်။ သူမ သူ၏ရင်ဘတ်ကို လက်သီးလေးများဖြင့် ထုလိုက်သည်။


"ရှင် အခြားလူတွေရယ်မှာ မကြောက်ဘူးလား... ဘယ် ခင်ပွန်းနဲ့ ဇနီးက မင်္ဂလာဆောင်နှစ်ခု လုပ်လို့လဲ..."


"ဒါဆို ကိုယ်တို့ ဘာလုပ်သင့်လဲ..."


ကုကျန်းအန်း သူမ၏ ဒေါသလေးကို အဆုံးသတ်နိုင်လိုက်သည်။


ကျီယွဲ့ တခစ်ခစ်ရယ်လိုက်သည်။


"ဒီအဝတ်အစားတွေ ဝတ်ပြီး ဓာတ်ပုံရိုက်ကြတာပေါ့.. ဒါကို ကျွန်မတို့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်တယ်လို့ သတ်မှတ်လိုက်ပြီး ထန်ထန်အတွက် ကြော်ငြာဖို့ ပုံလေးတွေပို့ပေးကြမယ်လေ..."


ကုကျန်းအန်း ချက်ချင်းသဘောတူလိုက်သည်။


"အိုကေ အိုကေ အိုကေ မင်းပြောသမျှ ကိုယ်လိုက်နာပါ့မယ်... ဘာမှ ကန့်ကွက်စရာမရှိပါဘူး..."


ကျီယွဲ့ ချက်ချင်းလက်ငင်းပင် စတူဒီယိုမှ အတော်ဆုံး ဓာတ်ပုံဆရာကို ဆက်သွယ်လိုက်သည်။ နောက်နေ့တွင် သူမ ပထမဆုံးလုပ်သည့်အရာမှာ ကုချန်းအန်းကို ဆွဲခေါ်ပြီး ဓာတ်ပုံများ သွားရိုက်ခြင်းဖြစ်သည်။


နောက်တစ်နေ့တွင် ထန်ထန် သူမ၏ သူငယ်ချင်းအသိုင်းအဝိုင်းကို ကြည့်လိုက်သောအခါ ကျီယွဲ့တင်ထားသည့် ရိုးရာမင်္ဂလာဆောင်ဓာတ်ပုံများကို မြင်လိုက်ရသည်။ ကျိယွဲ့က မယုံနိုင်လောက်အောင်လှနေပြီး ကုကျန်းအန်းက အလွန်ချောမောနေသည်။ ထိုအတွဲက ချစ်စဖွယ်အတွဲလေးဖြစ်နေသည်။ လူများစွာက သူတို့၏ ဓာတ်ပုံများကြောင့် အံ့ဩနေလျက်ရှိသည်။


ဘွားဘွားကျိုးကကွန်းမန့်မန့်တဲ့ပထမဆုံးလူထပ်ဖြစ်ပြန်ပြီ : ငါလည်း အဲ့ဒီ့ဝတ်စုံလိုချင်တယ်.. ကျိုးကျီလက်ထပ်ရင် သူ ဒါမျိုးပဲ ဝတ်လိမ့်မယ်...


ကျီယွဲ့ ပြန်ဖြေလိုက်သည် : ဘွားဘွားမှာ အမြင်ကောင်းလေးရှိတာပဲ... အစ်ကိုကြီးကို ဘွားဘွားအတွင် မြေးချွေးမလေး မြန်မြန်ရှာခိုင်းလိုက်တော့...


ထန်ထန်မြန်မြန်လေးဝင်ပြောလိုက်သည် : ကျွန်မ အစ်ကိုကျိုးအတွက် မင်္ဂလာဆောင်ဝတ်စုံ အလကားချုပ်ပေးမယ်...


ကျိုးကျီ : ငါဘုမသိဘမသိနဲ့ ပါလာတာလား...


ကုကျန်းအန်း : ဟားဟားဟား အစ်ကိုရေ မင်းပါတဲ့ တစ်ခုတည်းသောအပိုင်းက မြန်နိုင်သမျှမြန်အောင် မိန်းမရှာပါတော့တဲ့...


ထန်ထန် ရယ်ရယ်မောမော ဖတ်လိုက်သည်။


တပ်ရင်းမှူးကတော်က ကျီယွဲ့ပို့ပေးထားသည့်ပုံများကို online shop တွင်တင်လိုက်သည်။ ယခုအခါ ဆိုင်လေးတွင် တရားဝင်ရောင်းကုန်နှစ်ခုရှိနေပြီဖြစ်သည်။ မင်္ဂလာဆောင်ဝတ်စုံဖိုးက ဈေးမပေါလှပေ။ သူတို့နှစ်ယောက်ကြာ အပြန်ပြန်အလှန်ဆွေးနွေးဆုံးဖြတ်ပြီး နောက်ဆုံးတွင် ၉၉၉၉ယွမ်ဟုထားရန်သာ ဆုံးဖြတ်လိုက်သည်။


သူမချုပ်ပြီးသော အော်ဒါနှစ်ခုကို တပ်ရင်းမှူးကတော်က အမြန်ဆုံးအချောပို့နှင့်အတူ ပို့ပေးလိုက်သည်။ ဤသို့ဖြင့် သူမတို့၏ လုပ်ငန်းလေးက အောင်မြင်စွာ စတင်လာတော့သည်။


ထန်ထန်သူမဘဝတွင် ပထမဦးဆုံးလုပ်ခဲ့ဖူးသော စီးပွားရေးလုပ်ငန်းလေး အောင်အောင်မြင်မြင်စတင်နိုင်နေသဖြင့် ပျံနေလုမတတ် ပျော်သွားခဲ့သည်။ သူမ စိတ်လှုပ်ရှားလွန်း၍ အိပ်မက်များပင် မက်သွားခဲ့သည်။ သူမ၏ဆိုင်လေးကို လူပေါင်းများစွာက အော်ဒါမှာယူ၍ တပ်ရင်းမှူးကတော်က လက်မလည်အောင်အလုပ်များနေရသည်။ ပိုက်ဆံများစွာက ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး သူမနှင့် တပ်ရင်းမှူးကတော်တို့ကို နစ်မြုပ်သွားသည်အထိ များပြားလှလေသည်။ သူမတို့နှစ်ယောက်လုံး ကြမ်းပြင်ပေါ်ထိုင်၍ ငွေများကို ရေတွက်နေခဲ့လေသည်။


ထန်ထန် နောက်တစ်နေ့တွင် တပ်ရင်းမှူးကတော်ကို သူမ၏အိပ်မက်အကြောင်း ပြောပြလိုက်သောအခါ အားပါးတရရယ်မောလေတော့သည်။ သူမ မျက်ရည်များကျအောင် ရယ်မောပြီး၍ အချိန်အတော်ကြာမှ ပြောလာသည်။


"အမှန်အတိုင်းပြောရရင် အစ်မက ငွေတွေအများကြီးရှာဖို့ မရည်ရွယ်ပါဘူး.. အခုကို အတော်လေး စိတ်ကျေနပ်နေပါပြီ... အခုဆို တစ်ခုခုလုပ်စရာရှိနေတော့ နေ့ရက်တိုင်းကို အဓိပ္ပါယ်မရှိ ဖြတ်သန်းစရာမလိုတော့ဘူးလေ... အခုဆို ကြိုးစားစရာလေးတစ်ခုရှိနေပြီ..."


ထန်ထန်လည်း သဘောတူလိုက်သည်။


"ကျွန်မရောပဲ... ကျွန်မဘဝကတော်လေး ချမ်းသာနေပြီလို့ပြောလို့ရတယ်... ကျွန်မအရမ်းပျော်တာပဲ..."


ဒါက ကိုယ်ပိုင်လုပ်ငန်းရှိခြင်းရဲ့ ပျော်ရွှင်မှုလေးလား... ခံစားလို့ကောင်းလိုက်တာနော်...


ယခုတွင် အော်ဒါများ မရှိတော့ပေ။ ထန်ထန်ကလေးနှစ်ယောက်အတွက် ဝတ်စုံများစချုပ်လေတော့သည်။ တပ်ရင်းမှူးကတော်က သူမကိုဘေးမှကူညီပေးသည်။ သူမတို့၏ ထုတ်လုပ်ရေးနေ့လေး စတင်ပြီဖြစ်သည်။


သို့သော် သူတို့စချုပ်ခါနီးတွင် တံခါးကို ဝုန်းကတွန်းလိုက်သံကြားလိုက်ရသည်။ ၎င်းက ထန်ထန်မူကြိုကျောင်းကိုပို့ခဲ့သော ကျိရှောင်ကျိုးဖြစ်သည်။ သူက အော်ဟစ်နေလေသည်။


"မာမီရေ... တံခါးမြန်မြန်လေးဖွင့်ပါဦး... မြန်မြန်လေး မာမီရေ..."


ထန်ထန်နှင့် တပ်ရင်းမှူးကတော် နှစ်ယောက်စလုံး ထိတ်လန့်သွားကြပြီး လက်ထဲရှိ ပစ္စည်းများကိုချ၍ တံခါးကို အပြေးအလွှားလာဖွင့်ပေးကြသည်။ ကျိရှောင်ကျိုး သူ့ကိုယ်သူ ထန်ထန်ဆီပစ်ဝင်လိုက်သည်။ သူ၏ မျက်နှာလေးက ပြေးလာ၍ နီရဲနေသည်။


"မာမီ သားနဲ့ နောင်နောင်တို့အိမ်ကို မြန်မြန်လေးလိုက်ခဲ့ပြီး အတူတူရှာရအောင်... နောင်နောင် အန္တရာယ်ရှိနေပြီ..."


"ဘာ..."


ထန်ထန် အသေးလေးကိုချီမလိုက်သည်။


"ဘာဖြစ်တာလဲ နောင်နောင်ကဘယ်မှာလဲ..."


ကျိရှောင်ကျိုး၏ မျက်လုံးလေးများ နီရဲလာသည်။


"မာမီ နောင်နောင်ဒီနေ့ကျောင်းမလာဘူး... သားဆရာမကိုမေးတော့ နောင်နောင်နေမကောင်းလို့ ကျောင်းမလာတာလို့ပြောတယ်... ဒါပေမဲ့ မနေ့ကတောင် အကောင်းကြီးရှိသေးတာလေ... အဲ့တာနဲ့ သား သူ့အိမ်ကိုသွားရှာတော့ အန်တီကသားကို နောင်နောင်နဲ့တွေ့ခွင့်မပေးဘူး...မာမီ နောင်နောင် တကယ်အန္တရာယ်ရှိနေပြီ..."


ထန်ထန်နှင့် တပ်ရင်းမှူးကတော်တို့ အချင်းချင်းကြည့်လိုက်ကြပြီး ကျိရှောင်ကျိုး၏ စကားများကို မယုံကြည်ကြပေ။


တပ်ရင်းမှူးကတော်က တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။


"သူမက နေမကောင်းတာနေမှာပါ... ကလေးတွေ နေမကောင်းတာက ပုံမှန်ပဲလေ..."


ထန်ထန်သည်လည်း ကျိရှောင်ကျိုးပြောသည်က ပိုလွန်းသည်ဟု တွေးလိုက်မိသည်။ နောင်နောင်၏မိထွေးက အလွန်အကျွံမနှိပ်စက်ရဲသော်လည်း သွားကြည့်လိုက်သည်က တော်ကာကြပေမည်။


"ယောင်းမ... တစ်ချက်လောက်သွားကြည့်ရအောင်... နောင်နောင် တကယ်ဖျားနေတယ်ဆိုရင် ကျွန်မတို့ စွပ်ပြုပ်လုပ်ပေးကြတာပေါ့..."


တပ်ရင်းမှူးကတော်က သဘောတူလိုက်သည်။ နှစ်ယောက်စလုံး တံခါးလော့ချကာ ဝမ်နောင်တို့အိမ်သို့ ဦးတည်လိုက်တော့သည်။


ထန်ထန်တံခါးခေါက်လိုက်သည်။ နောက်တစ်ကြိမ်ထပ်ခေါက်သော်လည်း အချိန်အတော်ကြာမှ တံခါးဖွင့်လာသည်။ တံခါးလာဖွင့်ပေးသူက လျို ဇီရွှမ်ပင်ဖြစ်သည်။ သူမက ထန်ထန်တို့အုပ်စုကိုမြင်သောအခါ အနည်းငယ်အမူအယာပျက်သွားပြီး ပြုံး၍မေးလိုက်သည်။


"ဘာကိစ္စကြောင့်လာကြတာလဲရှင့်..."


တပ်ရင်းမှူးကတော်က ရှင်းပြလိုက်သည်။


"အစ်မတို့ နောင်နောင်လေးနေမကောင်းလို့ ကျောင်းမလာနိုင်ဘူးဆိုတာ ကြားမိလို့လေ... နည်းနည်းလောက်စိုးရိမ်မိသွားတာနဲ့ လာလည်လိုက်တာ... သူမအဆင်ပြေရဲ့လား..."


လျိုဇီရွှမ် တံခါးရှေ့တွင်ရပ်လိုက်သည်။


"ဘာမှမဟုတ်ပါဘူး... သူမနေ့ညကဖျားသွားတော့ တစ်နေ့လုံး အိမ်မှာ နေခိုင်းလိုက်ရုံပါ..."


"နေကောင်းဖြစ်တယ်... ဒါဆို အစ်မတို့ ကလေးမလေးကို တစ်ချက်လောက်သွားကြည့်ကြချင်တယ်..."


တပ်ရင်းမှူးကတော်က အထဲသို့ ဝင်ချင်သော်လည်း လျိုဇီရွှမ် က ရပ်မြဲရပ်နေဆဲဖြစ်သည်။ သူမ ရွေ့လျားပေးမည့်ပုံမပါပေ။ သူမတို့၏ သံသယဝင်နေသော အကြည့်များအောက်တွင် အပြုံးလေးဖြင့် ရှင်းပြလာသည်။


"နောင်နောင်က အခုအိပ်နေလို့ပါ... သူမက အိပ်ပျော်ဖို့ခက်တယ်လေ... သွားမနှောင့်ယှက်ကြတာကောင်းမယ်လို့ထင်မိတာပဲ... မနက်ဖြန်မှ လာလည်လို့ရပါတယ်..."


တပ်ရင်းမှူးကတော်နှင့် ထန်ထန်တို့ အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့ တစ်ခုခုမူမမှန်နေကြောင်း သိလိုက်ရသည်။

သူတို့ ကလေးသွားကြည့်ရုံလေးကို ဘာလို့ ဆင်ခြေတွေအများကြီးပေးနေရတာလဲ....


ထန်ထန် ပြောလိုက်သည်။


"ကျွန်မတို့ မြန်မြန်လေးကြည့်မှာပါ... ကလေးကို မနှောင့်ယှက်ပါဘူး... သေချာအောင်လို့ တစ်ချက်တည်းကြည့်ရုံတင် အဆင်ပြေတယ်မလား..."


လျိုဇီရွှမ် ၏ အမူအယာက အနည်းငယ် အကျည်းတန်သွားသည်။ သူမ ထန်ထန်တို့ အုပ်စု ပြောမရဆိုမရဖြစ်နေသည်ကို မြင်ပြီး စိတ်မရှည်ဖြစ်လာသည်။ 


"ဒီနေ့ စကားပြောလို့တကယ်မကောင်းဘူး... မနက်ဖြန်မှပြန်လာခဲ့ကြပါ..."


သူတို့ ရှေ့မတို့သာသည့်အခြေအနေကို ရောက်သွားပေသည်။


ကျိရှောင်ကျိုး ဟိုကြည့်သည်ကြည့်လုပ်ရင်း အခြေအနေကို နားလည်သွားသည်။ သူ့လက်သီးကို တင်းတင်းဆုပ်၍ လျိုဇီရွှမ်နှင့် အခြားလူများ အာရုံမရှိသည့်အချိန်တွင် အထဲဝင်သွားလိုက်သည်။ သူ တံခါးပိတ်ထားသော အခန်းကို ဦးတည်သွားလိုက်သည်။


လျိုဇီရွှမ် မတုံ့ပြန်နိုင်ခင် သူတို့ ကျိရှောင်ကျိုး၏ အော်သံအကျယ်ကြီးကိုကြားလိုက်ရသည်။


"မာမီရေ မြန်မြန်လာပါဦး နောင်နောင်ေ သနေပြီ.."


တပ်ရင်းမှူးကတော်က ဘာကိုမှဂရုမစိုက်တော့ဘဲ လျိုဇီရွှမ် ကို ဘေးသို့တွန်း၍ ထန်ထန်ကို ဝင်ခိုင်းလိုက်သည်။


ထန်ထန် နောင်နောင်ရှိရာအခန်းဆီ ပြောဝင်လိုက်သောအခါ ကလေးမလေးက မျက်လုံးများမှိတ်၍ ကုတင်ပေါ်တွင် ကွေးကွေးလေးရှိနေကြောင်း တွေ့လိုက်ရသည်။ သူမနှုတ်ခမ်းတွင် သွေးရောင်မရှိတော့ပဲ ဖြူဖျော့နေ၍ ပါးပေါ်တွင် လက်ဝါးရာတစ်ခုရှိနေသည်။ သွေးများက သူမပါးစပ်ထောင့်မှ စီးကျနေသည်။


ကလေးမလေးတွင် အသက်ရှင်နေသည့် အရိပ်အယောင်မရှိတော့ပေ။ ကျိရှောင်ကျိုးဘယ်လောက်ခေါ်နေနေ သူမက နိုးမလာခဲ့ပေ။


ရုတ်တရက် ထန်ထန် တုန်ယင်နေသောလက်များဖြင့် ကလေးမလေး၏ နှာခေါင်းဝကို စမ်းလိုက်သည်။ ထန်ထန် ကလေးမလေး အသက်ရှူနေသည်ကို ခံစားမိတော့မှ သက်ပြင်းချလိုက်တော့သည်။ ကံကောင်းစွာဖြင့် ကလေးမလေးက မသေဆုံးသေးပေ။


"ပေါင်ပေါင် နောင်နောင်ကမသေသေးဘူး.. အသက်ရှိသေးတယ်..."


တုံ့ပြန်သည့်အနေဖြင့် အသေးလေးက သူမကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်လာသည်။


"ဒါဆိုဘာလို့ သူ နိုးမလာရတာလဲ..."


ထန်ထန်လည်း မသေချာပေ။ သူမကလေးမလေးကို သေသေချာချာကြည့်လိုက်သည်။ အဆုံးတွင် ကလေးမလေးမျက်နှာတွင် ဒဏ်ရာရှိနေရုံမျှမက ခါးတွင်လည်း အညိုအမဲစွဲနေကြောင်း တွေ့လိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုအရာများက ခါးကို အားဖြင့် လိမ်ဆွဲထားရ၍ ဖြစ်ကြောင်းသိနိုင်သည်။


သို့သော် ထိုအရာများက ကလေးမလေးကို ဤအခြေအနေအထိ မရောက်စေနိုင်ပေ အခြားဒဏ်ရာများ သေချာပေါက်ရှိနေလောက်ပေသည်။


တပ်ရင်းမှူးကတော်နှင့် လျိုဇီရွှမ် တံခါးအပြင်၌ ဆွဲလားရမ်းလားလုပ်နေ၍ ထန်ထန်တွင် ကလေးမလေးကို သေချာကြည့်ရန်အချိန်ရသွားပေသည်။ ထန်ထန် အခြားသော ထူးခြားသည့်ဒဏ်ရာများ မတွေ့ရသော်လည်း ကလေးမလေးခေါင်းအနောက်တွင် ဘုကြီးတစ်ဘုရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုဘုကြီးက ခေါင်းအနောက်ခြမ်းတစ်ခုလုံးကိုဖုံးထားခေသည်။ ၎င်းက အလွန်မာကျောသောအရာတစ်ခုနှင့် တိုက်မိ၍ ဖြစ်ရပေမည်။


ကလေးမလေးက သတိလစ်နေပေသည်။


ထိုသည်ကို တွေးမိပြီး ထန်ထန် ကလေးမလေးကို မချီက ထွက်ပေါက်ကို ဦးတည်လိုက်သည်။


"ပေါင်ပေါင် မာမီတို့ အခုချက်ချင်း ဝမ်နောင်ကို ဆေးရုံပို့ရမယ်..."


ကျိရှောင်ကျိုး မျက်ရည်များသုတ်လိုက်ပြီး ထန်ထန်နောက်မှ နီးကပ်စွာလိုက်လာသည်။


တပ်ရင်းမှူးကတော်နှင့် ဆွဲလားရမ်းလားဖြစ်နေသော လျှိုဇီရွှမ်က ထန်ထန်ကလေးကို ချီ၍ အပြင်ထွက်သည်ကို မြင်သောအခါ အမူအယာပြောင်းသွားခဲသည်။ သူမ တပ်ရင်းမှူးကတော်ကို ဘေးသို့တွန်းလိုက်ပြီး ထန်ထန်ရှေ့ပိတ်ရပ်လိုက်သည်။


"နင်ဘာလုပ်နေတာလဲ... ဒါပြန်ပေးဆွဲနော်..."


ထန်ထန်၏ မျက်လုံးများ အေးစက်သွားပြီး ဒေါသသံဖြင့်ဖြေလိုက်သည်။


"ကျွန်မကမှ ရှင့်ကို ဘာလုပ်နေတာလဲလို့ မေးသင့်တာမလား... ကလေးမျက်နှာမှာ ဘာလို့လက်ဝါးရာရှိနေရတာလဲ... သူမ ဘာလို့ မနိုးတမ်း သတိလစ်နေရတာလဲ... သူမမေ့လဲနေတာကို ဘာလို့ဆရာဝန်ဆီခေါ်မသွားရတာလဲ..."


လျှိုဇီရွှမ်မျက်လုံးတွင် အလင်းတစ်ချက်လက်သွားပြီး ပြန်ပြောလိုက်သည်။


"အဲ့တာ နင်နဲ့ဘာဆိုင်လဲ... ဒါ ငါ့သမီးလေ... သူကဆိုးတော့ ငါရိုက်လိုက်တာဘာဖြစ်လဲ... ရိုက်လို့မရဘူးလား... သူ့ဘာသာ ကမျင်းကြောထလို့ နံရံနဲ့ခေါင်းဆောင့်မိတာလေ.. သူခဏနေ နိုးလာမယ်ထင်လိုက်တာလေ... ဆရာဝန်ဆီသွားရတာ မလွယ်မှန်း နင်သိလို့လား..."


"ရှင်က ဗြောင်ကိုလိမ်နေတာပဲ... ဘေးဖမ်းစမ်းပါ... ရှင်နဲ့ စကားပြောဖို့ အချိန်မရှိဘူး.. သူမကို ဆေးရုံခေါ်သွားတော့မယ်..." 


ထန်ထန် သူမကိုရှောင်၍ သွားလိုက်သည်။


လျှိုဇီရွှမ် ဘေးဖယ်ရမည့်အစား ထန်ထန်ဆီမှ ကလေးကိုလုလိုက်သည်။ ကံကောင်းစွာဖြင့် တပ်ရင်းမှူးကတော်က အချိန်မီတားလိုက်နိုင်သည်။


"ငါနင့်ကိုပြောနေတယ်... လျိုဇီရွှမ်... ကလေးမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာနဲ့ နင်ဒီကိစ္စကလွတ်မှာမပါဘူး... ထန်ထန်ကို ဆရာဝန်ဆီသွားခိုင်းလိုက်တာ ကောင်းမယ်နော်... မဟုတ်ရင် နင်အကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူး..."


"ငါကဘာလို့ ခံနိုင်ရမှာလဲ... ဒါငါ့ကလေးလေ... နင်တို့ကဘာတွေမလို့ ငါ့ကို အမိန့်လာပေးနေရတာလဲ... နင်တို့တွေကမှ ငါ့အိမ်ကထွက်သွားရမယ့်လူတွေ..."


လျိုဇီရွှမ်က သန်မာလှသည်။ တပ်ရင်းမှူးကတော်က သူမကိုထိန်းနေသော်လည်း သူမက ထန်ထန်၏ ခြေထောက်ကို တရွတ်တိုက်ဆွဲထားပြီး သွားခွင့်မပေးချေ။


ထိုအချိန်တွင် ကျိရှောင်ကျိုးက ပြေးထွက်သွားကာ လျိုဇီရွှမ် ၏ပေါင်ကို အားဖြင့်ကိုက်ချလိုက်သည်။  ချက်ချင်းပင် သူမ တုန်ယင်သွားကာ မြေပြင်ပေါ်လဲကျပြီး လူးလှိမ့်နေသည်။


ထိုသည်ကို အခွင့်ကောင်းယူ၍ ထန်ထန် ကလေးမလေးကို ချီ၍ပြေးလေတော့သည်။ ကျိရှောင်ကျိုးက သူမနောက်ကလိုက်လာပြီး တပ်ရင်းမှူးကတော်ကလည်း ပြေးလိုက်လာသည်။ သူတို့ စစ်အိမ်ရာဝန်းထဲမှ အလျှင်အမြန် ထွက်လာတော့သည်။


ကလေးမလေးထံမှ အတော်ကြာသည်အထိ တုံ့ပြန်မှုမရသေးသဖြင့် တပ်ရင်းမှူးကတော့ စိတ်ပူလာပြီး ထန်ထန်ကို အော်ခေါ်၍ ရပ်ခိုင်းလိုက်သည်။


"ထန်ထန် အစ်မတို့ ကလေးဘာဖြစ်နေမှန်းမသိကြဘူး... အစ်မတို့ အခုအိမ်ခေါ်သွားလိုက်ရင် ဘာဖြစ်မလဲသိမှာမဟုတ်ဘူး... ဒီတော့ စစ်ဆရာဝန်ဆီအရင်သွားတာက ပိုလုံခြုံမယ်..."


ထန်ထန် ခဏမျှစဉ်းစားပြီး သဘောတူလိုက်သည်။ ထို့နောက် သူမကလေးမလေးကိုချီ၍ စခန်း၏ဝင်ပေါက်ကို ပြေးသွားလိုက်သည်။ သူမအစောင့်စစ်သားများကို အခြေအနေရှင်းပြလိုက်သောအထာ စစ်သားများက အထဲသို့ဝင်၍ အကြောင်းကြားလိုက်သည်။


မကြာမီ သူတို့ထံ စစ်ဆရာဝန်နှစ်ဦးက ဆေးသေတ္တာကိုင်၍ ပြေးလာသည်။ သူတို့ ဂရုတစိုက်စစ်ဆေးလိုက်သောအခါ ကလေးမလေးက အခြေအနေမကောင်းကြောင်းသိလိုက်ရသည်။


"ကလေးမလေးကို လုံးဝကို သတိလစ် မေ့မျောနေတာ... ဦးနှောက်ကိုဒဏ်ဖြစ်သွားပုံပဲ... ဒီတော့ ဆေးရုံကြီးတစ်ခုကိုသွားပြီး CT ရိုက်ပြီး သေချာစစ်ဆေးကြည့်လိုက်ပါ... ကြည့်ရတာကတော့ သူမကို ဆေးရုံတင်ရမဲ့ပုံပဲ..."


ထန်ထန်က ဦးနှောက်ဒဏ်ဖြစ်သွားသည်ဆိုသည်ကို နားမလည်သော်လည်း ဆရာဝန်များ၏ အမူအယာက ဆိုးဝါးသော အရာတစ်ခုဟု သိလိုက်ရသည်။ သူမမျက်ရည်များကျဆင်းလာပြီး ကျေးဇူးအခါခါတင်လိုက်သည်။ ကားရောက်လာသောအခါ ကားပေါ်သုံးယောက်လုံးတက်လိုက်ကြပြီး နိုင်ငံ့ဆေးရုံကြီးဆီ မောင်းသွားလေတော့သည်။


ဆေးရုံသို့ရောက်သောအခါ ဆရာဝန်က ကလေးမလေးကို CT ရိုက်လိုက်သည်။ အချိန်ခဏကြာသောအခါ ဆရာဝန်က အဖြေစာရွက်ဖြင့် ထွက်လာခဲ့သည်။


"ကလေးမလေးက ဦးနှောက်ဒဏ်ဖြစ်သွားတာ... အခြေအနေကလည်း အတော်လေးစိုးရိမ်ရတယ်... အချိန်ခဏလောက်တော့ ဆေးရုံတက်ရမယ်.."


ထန်ထန် အဆက်မပြတ် သဘောတူလိုက်သည်။


"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆေးရုံတင်ပေးပါ..."


ဆေးရုံက ကလေးမလေးကို ဦးခေါင်းဒဏ်ရာများဖြင့် ဆေးရုံတက်နေကြသော လူနာနှစ်ယောက်ကြားတွင် နေရာချပေးခဲ့သည်။


တပ်ရင်းမှူးကတော်က ထန်ထန်ကို ကလေးမလေးနား စောင့်ခိုင်းထားပြီး သူမက ပြန်သွားကာ ဆေးရုံတက်ရန် လိုအပ်သည့် ပစ္စည်းကို ထုတ်ပိုးလေသည်။


သူနာပြုတစ်ယောက်က dripချိတ်ရန် အပ်ထည့်လိုက်သည်။ ကလေးမလေးက ပိန်ပါးလှကာ သွေးကြောများထင်းနေသည်။ ဆေးထိုးအပ် ဝင်သွားသောအခါ သူမကို မိုပိုသနားချင့်စဖွယ်ကောင်းနေပြီး ထန်ထန်၏ နှလုံးသားလေးကို နာကျင်စေသည်။ သူမ ကလေးမလေး၏ ရေခဲကဲ့သို့ အေးစက်နေသော လက်လေးများကို ဆုပ်ကိုင်ပေးလိုက်သည်။


ကျိရှောင်ကျိုးက ကုတင်ပေါ်တက်၍ ကလေးမလေး၏ နောက်ထပ် လက်တစ်ဖက်ကို ကိုင်လိုင်သည်။ သူ အနီးသို့တိုးလိုက်ပြီး သူမပါးပြင်ပေါ်ရှိ လက်ဝါးရာကို မှုတ်ထုတ်ပစ်ချင်နေဟန်ဖြစ်နေသည်။


"နောင်နောင်ငါဒါကို လေမှုတ်ပေးမယ်နော် အဲ့တာဆိုမနာတော့ဘူး... မနာတော့ဘူးဆိုတော့ ထတော့လေနော်..."


ဝမ်နောင်က တုတ်တုတ်မျှမလှုပ်သဖြင့် ကျိရှောင်ကျိုး သူ့နှုတ်ခမ်းလေးသူ ကိုက်လိုက်သည်။ သူ့ကိုယ်သူ မငိုမိအောင် ထိန်းရင်းပြောလိုက်သည်။


"နောင်နောင်အိပ်ပဲအိပ်နေလို့မရဘူးလေ... မြန်မြန်ထ မကြောက်ပါနဲ့ ငါနင့်ကို ကာကွယ်ပေးမှာပါ.. နင့်ကို အနိုင်ကျင့့်မခံစေရတော့ပါဘူး...'


ထန်ထန့်ရင်ထဲ စူးအောင့်သွားသလို ခံစားလိုက်ရသည်။ သူမ သူနာပြုတစ်ယောက်ကို လိမ်းဆေးယူလာရန် အကူအညီတောင်းလိုက်ပြီး ကလေးမလေး၏ ပါးလေးကို လိမ်းပေးလိုက်သည်။ မတိုင်မီက နီရဲနေသော လက်ဝါးရာက တဖြေးဖြေးယောင်ကိုင်းလာတော့သည်။ ကလေးများ၏ အသားအရေက နူးညံ့သည့်အပြင် နောင်နောင်က သူမအသက်အရွယ်ရှိ ကလေးများ၏ အသားအရေထက် ပိုမိုနူးညံ့လေသည်။ ထို့ကြောင့် လက်ဝါးရာက ပိုမိုကြောက်မက်ဖွယ်ကောင်းနေပေသည်။


ဒီလိုဒဏ်ရာရဖို့ ဘယ်လောက်တောင် အားသုံးထားတာလဲ... ဒီကလေးက သူတို့ကလေးအရင်းမဟုတ်ရင်တောင် ကလေးကိုရိုက်ဖို့ ဒီလောက်တောင် အားသုံးလိုက်ရလား... ဘာတွေများ အကြောင်းပြပြီး ရှင်းပြနိုင်မှာလဲ...


အကယ်၍ ကျိရှောင်ကျိုးသာ သူမကိုရှာရန် အသည်းအသန်မလုပ်မိလျှင် သူမသာတစ်ချက်သွားမကြည့်မိလျှင် ထိုအမျိုးသမီးက လှည့်ပင်ကြည့်မှာမဟုတ်ဘဲ ဖုံးကွယ်ထားပေလိမ့်မည်။

တကယ်လို့ သူတို့ ကုသဖို့ အခွင့်အရေးကို လွဲချော်သွားခဲ့ရင် ဦးနှောက်ကို ထိခိုက်သွားနိုင်တယ်...  ထန်ထန် ထိုအကြောင်းတွေးလေ ပိုကြောက်လာလေဖြစ်သည်။


ထန်ထန် စိတ်ထဲတွင် အတော်လေး ဒေါသထွက်နေသည်။ သူမ လျိုဇီရွှမ်ကိုဒေါသထွက်သည်။ သို့သော် ဝမ်ကျန်းရီကို ပိုမိုဒေါသထွက်လေသည်။


သူမချစ်ရင် ဘာလို့လက်ထပ်ခဲ့တာလဲ... သူလက်ထပ်ပြီးတာနဲ့ ပထမမိန်းမကို ဘာလို့ စွန့်ပစ်ခဲ့တာလဲ... ပထမမိန်းမကို စွန့်ပစ်ပြီးတာတောင်မှ သူ့ရဲ့သမီးလေး သက်တောင့်သက်သာရှိတဲ့ဘဝမှာနေရဖို့တောင် သေချာမလုပ်ပေးနိုင်ဘူး...


ယောက်ျားတစ်ယောက် ဘယ်လောက် လုပ်နိုင်စွမ်းရှိတယ်ပြောပြော... ဒီလိုနေရာမျိုးမှာ အသုံးမကျမှတော့ ယောက်ျားတစ်ယောက်လို့ အခေါ်ခံသင့်သေးရဲ့လား...