အပိုင်း (၆၀)
Viewers 12k

Part-60


ထိုည၌သတိလစ်နေသောဝမ်နောင်က ရုတ်တရက်အဖျားတက်ပြီးကယောင်ကတမ်းတွေရေရွတ်နေလေသည်။ထန်ထန်တခုခုမှားနေသည်ကိုချက်ချင်းသတိပြုလိုက်မိပြီး သူနာပြုကိုခေါ်လိုက်သည်။


 သူနာပြုကသူမ၏အပူချိန်ကိုတိုင်းကြည့်လိုက်သည့်အချိန်၌၄၀ဒီဂရီ ရှိနေလေသည်။


သူနာပြုကဆရာဝန်ကိုမြန်မြန်ရှာလိုက်ပြီး ဝမ်နောင်အဖျားကျစေရန်အတွက်ဆေးတလုံးချိတ်ပေးလိုက်သည်။သူနာပြုထွက်သွားသည်နှင့်ဝမ်နောင်လှုပ်ရှားလာပြီးသူ့ခေါင်းကိုဘေးဘက်သို့လွှဲလိုက်ကာ ထန်ထန်ပေါ်သို့အန်ချလိုက်သည်။


သို့သော်ထန်ထန်၎င်းကိုဂရုမစိုက်နိုင်သေးပေ အဘယ်ကြောင့်ဆိုသော် 

နောင်နောင်၏လှုပ်ရှားမှုကြောင့်ဆေးသွင်းထားသောပိုက်က ခေါက်သွားကာဆေးရည်များပြန်၍စီးကျနေပေသည်။တပ်ရင်းမှုးကတော်က လျင်မြန်စွာပင် သူနာပြုဆရာမကိုရှာလိုက်သည်။ထိုကိစ္စများဖြစ်နေစဉ်အတွင်းမှာလဲ ကလေးမလေးကမျက်လုံးဖွင့်လာခြင်းမရှိပေ။


"အဆင်ပြေသွားပါပြီ...သတိလစ်နေတဲ့လူတွေကမူးဝေမှုကိုခံစားရပြီးတော့အန်တာကပုံမှန်ပဲတဲ့...အခုအဆင်ပြေသွားပြီဆိုတော့ ညီမရေချိုးခန်းထဲသွားပြီးတော့ သန့်ရှင်းရေးလုပ်လိုက်ပါလား..."


ထန်ထန်တပ်ရင်းမှုးကတော်ယူလာပေးသောအဝတ်များကိုယူ၍  ရေချိုးခန်းထဲသွားပြီးလဲလိုက်သည်။ထို့နောက်သူရေဇလုံတခုနှင့်ပဝါတထည်ကိုယူကာထွက်လာပြီး ကလေးမလေး၏မျက်နှာကိုသန့်ရှင်းရေးလုပ်ပေးလိုက်၏။ကလေးမလေး၏နဂိုမျက်နှာကသိပ်မကြီးသော်လဲ ယခုနေမကောင်းဖြစ်နေလေရာပို၍ပင်သေးငယ်သွားလေသည်။


သူမ၏ပုံစံလေးက သနားစရာကောင်းလွန်းလှသည် ဘေးမှရပ်ကြည့်နေသောတပ်ရင်းမှုးကကတော်က အံတင်းတင်းကြိတ်၍စကားဆိုလိုက်သည်။


"အဲ့ဒီ့ လျိုဇီရွှမ်ကတော်တော်တရားလွန်သွားပြီ...သူဘာပဲပြောပြောငါဒီတိုင်းတော့မထားလိုက်နိုင်ဘူး...ဝမ်ကျန်းရီရဲ့အထက်အရာရှိနဲ့ဒီအကြောင်းကိုသွားပြောရမယ်...ဒီကိစ္စကိုသေချာကိုင်တွယ်ဖြေရှင်းခိုင်းရမယ်..."


"အင်း...ဒါပေမဲ့ကျွန်မတို့နောင်နောင်နိုးလာတဲ့အထိစောင့်ကြတာပေါ့ ...ဘယ်လိုပဲဖြစ်ဖြစ်တဖက်ထဲရဲ့ပြောစကားကိုတော့နားထောင်လို့မရဘူးလေ..."


တပ်ရင်းမှုးကတော်ကလဲ ထန်ထန်၏စကားကိုသဘောတူသောကြောင့်သူမ၏ဒေါသများကိုခဏဖိနှိပ်ထားလိုက်သည်။တပ်ရင်းမှုးကတော်ကနောင်နောင့်ကိုစိုးရိမ်ပူပန်လွန်းနေပြီး အိမ်ပြန်ရန်ငြင်းဆန်နေသည့်ကျိရှောင်ကျိုးရဲ့လက်ကလေးကိုလှမ်းကိုင်လိုက်သည်။


"နောင်နောင်ကအဆင်ပြေသွားပါပြီ...အခုပေါင်ပေါင်က ပြန်ပြီး‌တော့အိပ်သင့်တယ်...ဒါမှသာမနက်ဖြန်ကျရင်နောင်နောင့်ကိုအဖော်ပြုပေးနိုင်မှာပေါ့..."


ကျိရှောင်ကျိုး စိုးရိမ်ပူပန်စွာဖြင့်နောင်နောင့်ကိုတချက်ကြည့်လိုက်သည် ...သူမအဆင်ပြေကြောင်းသေချာသွားသည့်အခါမှသာသူ့၏မျက်ဝန်းများကိုပွတ်သပ်လိုက်ပြီး တပ်ရင်းမှုးကတော်၏ပွေ့ဖက်မှုထဲအိပ်ပျော်သွားလေသည်။လူကြီးနှစ်ယောက်ကတော့တညလုံးမျက်လုံးမပိတ်ရဲပဲအခြေအနေများသေချာအောင်စောင့်ကြည့်နေခဲ့လေသည်။


သို့သော်လဲ သတင်းကောင်းကနောက်တနေ့မနက်စောစောတွင်တနေ့လုံးသတိလစ်နေခဲ့သောကလေးမ‌လေးက ဖြေးညင်းစွာမျက်လုံးပွင့်လာလေသည်။သူမနိုးလာသည်ကိုကျိရှောင်ကျိုးကပထမဦးဆုံးသတိပြုမိပြီးသူမလက်ကလေးကိုဆွဲကိုင်လိုက်သည်။


"နောင်နောင်...နောင်နောင် နိုးလာပြီလား...နောက်ဆုံးတော့နိုးလာပြီပေါ့...နင်ကဒီတခါတော့ငါ့ကိုလန့်အောင်လုပ်လိုက်တာပဲ..."


လူကြီးနှစ်ယောက်လဲကုတင်ပေါ် ကြည့်လိုက်မိပြီး...နောင်နောင်မျက်လုံးပွင့်နေသည်ကိုတွေ့လိုက်သည်နှင့်တူညီသောစကားကိုပင်ဆိုလိုက်မိကြသည်။တပ်ရင်းမှုးကတော်ကဆရာဝန်သွားခေါ်လိုက်သည် ထန်ထန်ကလေးမ‌လေး၏မျက်နှာကိုပွတ်သပ်လိုက်ပြီး

"နောင်နောင် အန်တီပြောတာကိုကြားရလား...အန်တီပြောတာကိုကြားရတယ်ဆိုရင်တုံ့ပြန်ပြဦး..."


ကလေးမလေး၏မျက်ဝန်းများက တဖြေးဖြေးအသက်ဝင်လာလေသည်...သူမ၏ဘေးနားရှိလူများကိုဝေ့ဝဲကြည့်ပြီးမျက်တောင်ခတ်ပြလေသည်။ထို့နောက်သူမ၏နှုတ်ခမ်းလေးများကအသာလှုပ်ရှားလာသည် သို့သော်လဲအသံကတိုးညှင်းလွန်းလှသောကြောင့်လူကြီးများကမကြားရဘဲ သူမနှင့်အလွန်နီးကပ်နေသည့်ကျိရှောင်ကျိုးသာကြားရလေသည်။


"မာမီ...နောင်နောင်က သူအရမ်းနာတယ်လို့ပြောနေတယ်...သားတို့ဘာလုပ်ကြမလဲ..."


ထန်ထန်စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်...ကြည့်ရသည်မှာသူမ၏ခံစားချက်များရှုပ်ထွေးနေတုန်းဖြစ်ပေလိမ့်မည်။သို့သော်လဲကံမကောင်းမှုထဲတွင် သတင်းကောင်းတခုကသူမ၏ခေါင်း၌ဘာဒဏ်ရာမှဖြစ်မသွားခဲ့ပေ။သူမကလေးမလေး၏နဖူးကိုတချက်နမ်းလိုက်ပြီးညင်သာစွာပြောလိုက်သည်


"အချစ်ကလေး...လိမ္မာနော် မကြာခင်မှာဦးဦးဒေါက်တာရောက်လာလိမ့်မယ်...အဲ့ကျလို့ရှိရင်နာတော့မှာမဟုတ်ဘူးနော်..."


ကလေးမလေးကထန်ထန်ကို တမျိုးတဖုံဗလာကျင်းနေသောအကြည့်မျိုးဖြင့်ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။


သို့သော်လဲထန်ထန်က သူမယခုမှနိုးလာသောကြောင့်ခေါင်းမကြည်ခြင်းဖြစ်မည်ဟုတွေးလိုက်ပြီးဘာမှမပြောတော့ပေ။ပြီးနောက်သူမရေချိုးခန်းထဲဝင်သွားလိုက်ပြီး ရေ‌နွေးနွေးလေးယူလာကာကလေးမ၏မျက်နှာကိုသန့်ရှင်းရေးလုပ်ပေးလိုက်သည်။

သို့သော်လဲ ကျိရှောင်ကျိုးကစောင့်ရသည်ကိုစိတ်မရှည်တော့ပေ မျက်နှာသစ်ပေးမပြီးခင်မှာပဲသူလှမ်းမေးလိုက်သည်။


"နောင်နောင်...နင်ဘယ်လိုလုပ်ဒဏ်ရာရသွားတာလဲဆိုတာ ငါ့ကိုပြောပြဦး...နင့်ရဲ့မိထွေးကနင့်ကိုရိုက်တာလား..."


ဝမ်နောင်ကမျက်မှောင်ကြုတ်၍ ကျိရှောင်ကျိုးကိုကြည့်လိုက်သော်လဲ ဘာစကားမှမဆိုပေ။နောင်နောင်ဘာမှမပြောသောကြောင့် ကျိရှောင်ကျိုးကသူ့ရင်ဘတ်သူပုတ်လိုက်ပြီး


"နောင်နောင်...ငါ့ကိုပြောပြလုံးဝမကြောက်နဲ့...ငါနင့်အတွက်လက်စားချေပေးမယ်..."


ကလေးမလေး၏အကြည့်များက ဗလာဖြစ်နေဆဲဖြစ်ပြီးသူမ၏ခေါင်း‌လေးကိုအသာလှုပ်ရမ်းကာစကားဆိုလာပေသည်


"အကိုကြီးကျိုး...ကျယ်ကျယ်လေးပြောပါလား...ငါဘာမှမကြားရဘူး..."


ကျိရှောင်ကျိုးတယောက်ကြောင်အ မှင်သက်သွားလေသည်

သူအကျယ်ကြီးပြောနေတာလေ သူကဘာလို့သေချာမကြားရတာလဲ...


နောက်ဆုံး၌ထန်ထန်လဲ တခုခုမှားနေသည်ကိုသတိပြုမိသွားပြီး သူမ၏အမူအယာပြောင်းလဲသွားပေသည်။သူမနောင်နောင်၏မျက်နှာလေးကိုကြည့်လိုက်ပြီး သာမာန်အသံနှုန်းဖြင့်ပြောလိုက်သည်


"နောင်နောင်...အန်တီပြောတာကိုရောကြားရလား..."


ကလေးမလေးက ဗလာဖြစ်နေသောအကြည့်များဖြင့်နောက်တကြိမ်ထပ်ကြည့်လာပြီးမေးမြန်းလာလေသည်...


"...ဘာလဲ..."


ထန်ထန်၏နှလုံးသားကအောက်ခြေသို့နစ်မြုပ်သွားသလိုမျိုးခံစားလိုက်မိပြီး တုန်လှုပ်ခြောက်ခြားသွားလေသည်


"ဒါမဖြစ်နိုင်ဘူး...ဒါမဖြစ်နိုင်ဘူး..."


တပ်ရင်းမှုးကတော်နှင့် ဆရာဝန်တို့ရောက်လာသည့်အချိန်၌ထန်ထန်တုန်ယင်စွာဖြင့်ပြောလိုက်သည်


"ဒေါက်တာ...ကျွန်မတို့ကလေးလေးက သေချာမကြားရဘူးလို့ပြောနေတယ်...မြန်မြန်လေးစစ်ဆေးပေးပါဦး..."


"ဘာပြောလိုက်တာ...သူမရဲ့နားတွေဘာဖြစ်လို့လဲ..."


တပ်ရင်းမှုးကတော်၏အမူအယာကလဲချက်ချင်းကိုပြောင်းလဲသွားလေသည်။ဆရာဝန်ကလဲအလွန်လျင်မြန်စွာပင်နောင်နောင်၏နားများကိုတချက်စစ်ဆေးလိုက်ပြီးနောက်သူမကိုသေချာစစ်ဆေးရန် စမ်းသပ်ခန်းထဲသို့ခေါ်သွားလိုက်သည်။


ဆရာဝန်အဖြေကိုလာမပြောခင်အချိန်ထိ သူမတို့သုံးယောက်လုံးစိုးရိမ်ပူပန်စွာဖြင့်ဆုတောင်းနေကြရလေသည်။


"ပြင်းထန်တဲ့ထိခိုက်မှုကြောင့် သူမရဲ့နားအကြောလေးတွေပေါ်မှာသက်ရောက်မှုရှိသွားတယ်...သူမရဲ့ဘယ်ဘက်နားကအကြားအာရုံဆုံးရှုံးတော့မလိုဖြစ်နေပြီးညာဘက်နားကလဲတော်တော်လေးအားနည်းနေတယ်..."


ထိုစကားလုံးများကမိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ...ကျိရှောင်ကျိုးကဆရာဝန်၏စကားများကိုသေချာနားမလည်သော်လဲ သူ့မာမီနှင့်တပ်ရင်းမှုးကတော်တို့၏အမူအယာကိုကြည့်ခြင်းအားဖြင့်အရေးကြီးသည့်ကိစ္စှမှန်းသိပေသည်။


"အကြားအာရုံဆုံးရှုံးတာ... ဒီလိုမသန်မစွမ်းဖြစ်သွားတာကကလေးရဲ့ အနာဂတ်အတွက်ဆိုးရွားတဲ့ထိခိုက်မှုပဲ..."


"ဒေါက်တာ...သူမကကလေးလေးပဲရှိပါသေးတယ်...သူမဘဝခရီးလမ်းအရှည်ကြီးကိုလျှောက်ရဦးမှာလေ...အကြားအာရုံဆုံးရှုံးလို့မရဘူး...ကျေးဇူးပြုပြီးတော့သူမကိုကယ်တင်ပေးပါ...သူ့ကိုကျေးဇူးပြုပြီး ကယ်တင်ပေးပါ..."


ထန်ထန်စကားဆိုရင်းဖြင့်ငိုရှိုက်လိုက်သည် တပ်ရင်းမှုးကတော်ကလဲမျက်ရည်မထိန်းနိုင်တော့ပဲ ဆရာဝန်ကိုတောင်းပန်စကားဆိုလိုက်၏။ဆရာဝန်ကသူတို့ကိုနှစ်သိမ့်စကားဆိုလိုက်သည်...


"ကျွန်တော်တို့ဆေးရုံရဲ့ ကုသမှုပိုင်းဆိုင်ရာတွေကအကန့်အသတ်ရှိတယ်လေ...ဒါကြောင့်မလို့ ကလေးမလေးနဲနဲပိုပြီးသက်သာလာတဲ့အထိစောင့်ပြီးရင်ဆေးရုံးကြီးတခုကိုရွေ့လိုက်ပါ...အဲ့ဒီမှာဆိုရင်စက်ကိရိယာတွေကလဲစုံတော့ သူ့ရဲ့အကြားအာရုံပြန်ရအောင်ကူညီကောင်းကူညီနိုင်ပါလိမ့်မယ်...ဘဝမှာအံ့အားသင့်စရာကိစ္စတွေဆိုတာလဲ ရှားမှ မရှားပဲလေ..."


ထန်ထန်လဲမျှော်လင့်ချက် အလင်းရောင်‌လေးကိုမြင်လိုက်ရလေသည်


မှန်တယ်...အဲ့တာဟုတ်တယ်...သူမတို့ပိုပြီးကြီးတဲ့ဆေးရုံကိုပြောင်းလို့ရတယ်...အဲ့ဒီမှာဆိုရင်ကလေးရဲ့အခြေအနေကိုပျောက်ကင်းအောင်ကုသနိုင်မဲ့ဆရာဝန်တွေရှိမှာပဲ...


ထန်ထန်ကလေးမလေးပိုသက်သာလာတဲ့အထိစောင့်ပြီး မြို့ထဲကအကောင်းဆုံးဆေးရုံကိုရွေ့ဖို့ဆုံးဖြတ်လိုက်သည်။


အစောပိုင်းကတပ်ရင်းမှုးကတော်သည် ဒေါသထွက်ရုံသာထွက်ခဲ့သော်လဲယခုမူ လူသတ်ချင်နေပေပြီ။


"အဲ့ဒီ့မိန်းမကတအားတရားလွန်သွားပြီ...သူကဘယ်လောက်တောင်အားသုံးလိုက်တာလဲ...သူကကလေးကိုသတ်ချင်နေတာလား...ဒါကအရမ်းရက်စက်ကြမ်းတမ်းလွန်းရာကျသွားပြီ...ပြီးတော့လဲသူ့ရဲ့အမှားကိုတောင်ဝန်ခံပဲနဲ့ကလေးကိုလဲတနေ့လုံးလာမတွေ့ဘူး...ဒီကလေးကသူ့အတွက်ဘာမှကိုမဟုတ်သလိုပဲ..."


ထန်ထန်၏အမူအယာကလဲ အေးစက်နေပေသည်။သူမ၏ခံစားချက်များကိုအတင်းဖိနှိပ်ချုပ်ထားရလေသည် သူမ၎င်းကိုပေါက်ကွဲထုတ်လိုက်ချင်သော်လဲ ဘယ်နေရာကိုသွား၍ပေါက်ကွဲရမှန်းမသိဖြစ်နေလေသည်...


"ဒီခံစားချက်ကတအားကိုဆိုးရွားတာပဲ..."

ယခု၌ကျိရှောင်ကျိုးကလဲ နောင်‌နောင်၏ဘယ်ဘက်နားမကြားရတော့သည်ကိုသိသွားလေသည် သူ့၏လက်သီးသေးသေး‌လေးများကိုတင်းတင်းဆုပ်လိုက်၏။သူနောင်နောင်၏ညာဘက်နားလေးသို့ကပ်သွားလိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။


"နောင်နောင်...သူကဘာလို့နင့်ကိုရိုက်တာလဲငါ့ကိုပြော သူတို့အဲ့အတွက်ပြန်ပေးဆပ်ရအောင်ငါလုပ်ပေးမယ်..."


နောင်နောင်ကဒီတခါတော့ သူ့၏စကားကိုရှင်းလင်းစွာကြားလိုက်ရလေသည် သူမ၏မျက်ဝန်းများကချက်ချင်းနီရဲလာပြီး သူမ၏နှုတ်ခမ်းပါးလေးများကဝမ်းနဲမှုကြောင့်တုန်ယင်လာလေသည်။သူမအသာရှိုက်လိုက်ပြီး


"ငါ့ရဲ့‌မောင်လေးက ငါ့ရဲ့ကျားရုပ်လေးကိုလုသွားတယ်...ဒါကြောင့်မို့ငါကပြန်လုလိုက်တာ...အဲ့ဒီမှာသူအားလွန်ပြီးတော့လဲကျသွားတယ်...အဲ့တာနဲ့ပဲသူကငါ့ကိုရိုက်လိုက်တာ..."


(ဝု...ဝူး...ဝူး)


သူမ၏စကားများကတဝက်နှင့် မရှင်းမလင်းဖြစ်နေသော်လဲထန်ထန်နားလည်လိုက်ပေသည်။


ကလေးနှစ်ယောက်ကျားရုပ်လေးကို လုတဲ့ပွဲမှာလျိုစီရွှမ်ကသူမကိုရိုက်လိုက်တာ...


တပ်ရင်းမှုးကတော်ကဒေါသထွက်လွန်းသောကြောင့်အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေလေသည်။ထို့နောက်သူမဖုန်းကိုထုတ်လိုက်ပြီး


"ငါ လုံးဝမစောင့်နိုင်တော့ဘူး...ငါဒီအကြောင်းကိုတပ်စုအရာရှိကိုပြောပြပြီးတော့ သူတို့ဘာလုပ်နိုင်မလဲလို့ကြည့်ရမယ်...သူတို့ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင် ငါကိုယ်တိုင်ရဲခေါ်ပြီးတော့လျိုစီရွှမ်ကိုကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့တိုင်မယ်..."


ထန်ထန်ကတပ်ရင်းမှုးကတော်ကိုလုံးဝမတားပေ...သူမကိုယ်တိုင်ကလဲဒီတကြိမ်၌လုံးဝစိတ်ကောင်းမထားနိုင်တော့ပေ။


တပ်ရင်းမှုးကတော်ကအရာရှိထံသို့တိုက်ရိုက်အကြောင်းကြားလိုက်လေရာ သူတို့ဘက်မှနေ၍ဒီကိစ္စကိုသေချာစုံစမ်းစစ်ဆေးမည့်အကြောင်းပြောလာလေသည်။သူတို့ဘက်ကလျိုစီရွှမ်ကိုသေချာစုံစမ်းမစုံစမ်းမသေချာသော်လဲ နောက်တနေ့၌လျိုဇီရွှမ်တယောက်ပစ္စည်းများသယ်ဆောင်ထားသောသက်လတ်ပိုင်းအရွယ်အမျိုးသမီးတယောက်နှင့်အတူဆေးရုံသို့ရောက်လာလေသည်။


ထိုအမျိုးသမီးကလျိုဇီရွှမ်၏အမေဖြစ်လေသည် သူမကဆေးရုံသို့ရောက်သည်နှင့် ထန်ထန်နှင့်တပ်ရင်းမှုးကတော်ဆီသို့လျိုစီရွှမ်ကိုကြမ်းတမ်းစွာဆွဲခေါ်လိုက်ပြီးပြောလာလေသည်။


"ဇီရွှမ်က ငါတို့အလိုလိုက်ထားမိလို့ဖြစ်ရတာပါ...သူမရဲ့ဒေါသကလုံးဝကိုအထိန်းအကွပ်မရှိဘူး...အလွယ်လေးဒေါသထွက်တတ်တယ်...တခါတရံမှာဒေါသကသူမကိုထိန်းချုပ်သွားတယ်ဆိုပေမဲ့လဲ...သူမကရက်စက်ကြမ်းတမ်းတဲ့သူမဟုတ်ပါဘူး...

ဒီတကြိမ်ကလေးလေးကိုရိုက်လိုက်မိတယ်ဆိုတာကလဲ...သူမအရမ်းကိုဒေါသထွက်သွားမိလို့ပါ...ဒါပေမဲ့ကလေးကနံရံနဲ့ရိုက်မိသွားလိမ့်မယ်လို့ဘယ်သူကများသိနိုင်မလဲလေ...ဒီတကြိမ်ကလွဲပြီးတော့ငါတို့ရဲ့ဇီရွှမ်လေးကကလေးကိုတခါမှမရိုက်ဖူးပါဘူး...မယုံဘူးဆိုရင်ကလေးမလေးကိုကိုယ်တိုင်မေးကြည့်ကြလို့ရပါတယ်..."


သို့သော်လဲ သူ့၏တောင်းပန်စကားများကိုတပ်ရင်းမှုးကတော်ကလုံးဝလက်မခံပေ။အေးစက်စွာပင်နှာခေါင်းတချက်ရှုံ့လိုက်ပြီး ဒေါသအပြည့်ဖြင့်ပြန်ပြောလိုက်သည်။


"အဲ့ဒီတော့ သူမကဒေါသဖုံးလွှမ်းသွားတဲ့အတွက်ကလေးကိုရိုက်လို့ရတယ်ပေ့ါ...ကလေးကသတိလစ်သွားခဲ့တယ်ဆိုတာကိုရှင်သိလား...ကလေးကအခုနားမကြားတော့ဘူးဆိုတာကိုရောရှင်သိလား...ဘယ်လိုလုပ်များကလေးတယောက်ကိုအဲ့လောက်ပြင်းပြင်းထန်ထန်ရိုက်ရတာလဲ...သူ့ရဲ့ကိုယ်ပိုင်ကလေးဆိုရင်ရောသူအဲ့လောက်ကြမ်းကြမ်းတမ်းတမ်းရိုက်မလားပြော..."


လျိုဇီရွှမ်နှင့်သူမ၏အမေမျက်နှာအမူအယာကပြောင်းလဲသွားလေသည် ကိစ္စများကထိုမျှပြင်းထန်သွားလိမ့်မည်ဟုမမျှော်လင့်ထားခဲ့မိကြပေ။လျိုဇီရွှမ်စတင်ကြောက်ရွံ့လာပြီး သူမအမေကိုစိတ်မသက်သာစွာဖြင့်ကြည့်လိုက်မိသည် မေမေလျိုက လျိုစီရွှမ်ကိုဒေါသတကြီးဖြင့်ကြည့်လိုက်ပြီးနောက်နှိမ့်ချစွာဖြင့်ပြောလိုက်သည်။


"ကိစ္စတွေကဒီလောက်ပြင်းထန်သွားလိမ့်မယ်လို့ ငါတို့တကယ်မသိခဲ့ပါဘူး...နောင်နောင်ကသူမမောင်လေးကိုငိုအောင်လုပ်လိုက်တာကို ဇီရွှမ်တွေ့ပြီးတော့ ဒေါသထွက်ပြီးတော့ရုတ်တရက်ရိုက်လိုက်မိတာပါ...သူမကလေးရဲ့ခေါင်းကိုနံရံနဲ့တိုက်အောင်လုပ်လိုက်တာမဟုတ်ပါဘူး...သူမတကယ်ကိုတမင်ရည်ရွယ်ပြီးလုပ်လိုက်တာမဟုတ်ဘူး..."


"တမင်မရည်ရွယ်ဘူးဟုတ်လား...ကျွန်မတို့သာဖိအားမပေးဘူးဆိုရင်... ရှင့်ရဲ့သမီးကလေကလေးဆေးရုံတက်ထဲကအခုချိန်ထိတောင်တခေါက်မှလာကြည့်တာမဟုတ်ဘူး...သူကဖျားနေပါတယ်လို့တောင်ကျွန်မတို့ကိုလိမ်ပြောထားသေးတာ...ပြီးတော့ကလေးကရိုက်ခတ်မိပြီးသတိလစ်သွားတာတောင်မှဆရာဝန်ကိုသွားမပြပဲနဲ့အိမ်မှာပဲဖွက်ထားခဲ့တယ်...

သူကကလေးရဲ့ကုသမှုကိုနှောင့်နှေးပြီး အိမ်မှာပဲသေအောင်လုပ်တာလား...အဲ့တာကဘယ်လိုလုပ်ပြီးများမတော်တဆဖြစ်ရတာလဲ..."


လျိုဇီရွှမ်က သူမကိုသူမခုခံပြောဆိုလိုက်သည်


"အဲ့ဒီအချိန်တုန်းကသူ့မှာဘာဒဏ်ရာမှလဲ မရှိဘူး...ပြီးတော့ခေါင်းကလဲဘာသွေးမှလဲထွက်မလာဘူး...အဲ့တော့ကျွန်မထင်တာကသူခဏသတိလစ်သွားပြီးမကြာခင်ပြန်ါနိုးလာမယ်လို့ပေါ့...တကယ်လို့အဲ့လောက်ပြင်းထန်မှန်းသာသိရင်ကျွန်မသူ့ကိုချက်ချင်းပဲဆေးရုံခေါ်သွားခဲ့မှာပေါ့..."


မေမေလျိုကနှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည် သူမ၏အမူအယာကလဲမကောင်းတော့ပေ လျိုဇီရွှမ်၏မိခင်တယောက်အနေဖြင့်သူမသမီးအကြောင်း သူမကောင်းကောင်းသိပေသည်။သူမကကလေးကိုရိုက်လိုက်ကြောင်းသူများသိသွားလျှင် သူမ၏ဂုဏ်သတင်းကျသွားမှာကိုကြောက်ရွံ့ပေလိမ့်မည်၊ ထို့ကြောင့်သာကလေးမလေးကိုဆေးခန်းမပြပဲအိမ်ထဲမှာဖွက်ထားခြင်းဖြစ်ပေမည်။


သို့သော်လဲ သူမကကိစ္စကိုဖုံးကွယ်မထားနိုင်တဲ့အပြင်အခြေအနေပိုဆိုးသွားစေမည်ဟု မည်သူများသိပါလိမ့်မည်နည်း။ အကယ်၍သူတို့သာဒီအခြေအနေကိုကောင်းကောင်းမဖြေရှင်းနိုင်လျှင် ကျန်းရီရာထူးတိုးမည့်ကိစ္စကခက်ခဲသွားပေလိမ့်မည်။


ကျန်းရီကမကြာခင်မှာပင် အထူးတပ်ဖွဲ့ထဲ၌ ရာထူးပြောင်းရွှေ့ရတော့မည့်အကြောင်းကိုစဉ်းစားမိလိုက်ပြီးမေမေလျို၏အကြည့်များနက်ရှိုင်းသွားသည် သူမ၏ခံစားချက်များကိုဖိနှိပ်လိုက်ပြီး ထပ်မံပြောလိုက်၏။


"ဇီရွှမ်ကဒီတကြိမ်မှာတော့ တကယ့်ကိုမတော်တဆဖြစ်ခဲ့တာပါ...သူ့ရဲ့အမေအနေနဲ့ သူ့ကလေးတွေကိုထိန်းကျောင်းတဲ့နည်းကမသင့်လျော်ဘူးဆိုတာကိုသိပါတယ်...ကျွန်မတို့သူ့ကိုလဲကောင်းကောင်းဆူထားပြီးပါပြီ...သူကိုယ်တိုင်လဲသူမှားမှန်းသိနေပါပြီ...

လွန်ခဲ့တဲ့နှစ်ရက်လုံးကလဲ ငါတို့အိမ်မှာတအားကိုစိုးရိမ်ပူပန်နေခဲ့တာပါ...အခုလဲကလေးမလေးသက်သာလာတာနဲ့ဆေးရုံကြီးကိုပြောင်းပြီးတော့ပိုကောင်းတဲ့ကုသမှုတွေရရှိဖို့စီစဉ်ထားပါတယ်...အားလုံးအဆင်ပြေသွားပြီဆိုရင်ဒီအခြေအနေကသက်သာပျောက်ကင်းသွားမှာပါ..."


မေမေလျိုကစကားပြောကျွမ်းကျင်လှပေသည်။ သူမကလျိုဇီရွှမ်၏အပြုအမူများကိုစကားလုံးလေးနဲနဲဖြင့်ဖြေရှင်းလိုက်ပြီး ကလေးမလေးကိုဒီနေရာမှ‌ခေါ်ထုတ်သွားချင်နေပေသည်။ထိုသို့သာဆိုလျှင် စုံစမ်းစစ်ဆေးသည့်အခါ၌သူတို့ပြဿနာရှိတော့မည်မဟုတ်ပဲ ကိစ္စတခုလုံးကိုဖုံးကွယ်ထားလိုက်နိုင်ပေပြီ။


ဒါကတော်တော်လေးကိုပြောင်မြောက်တဲ့ဗျူဟာပဲ...


တပ်ရင်းမှုးကတော်ကလဲ ခေါင်းမာစွာဖြင့်သူတို့၏ဆန္ဒကိုဆန့်ကျင်လိုက်လေသည် သူမအေးစက်လှသောမျက်နှာထားဖြင့်အေးစက်စွာပြောလိုက်သည်။


"ရှင်တို့အခုပဲ ထွက်သွားသင့်ပြီ...ကလေးကညှင်းပန်းနှိပ်စက်ခံရပြီးအရမ်းကိုသနားစရာကောင်းနေပြီ...ဒါတောင်မှကျွန်မတို့ကဘယ်လိုလုပ်ပြီးရှင်တို့လက်ထဲကိုပြန်ထည့်အေးလိုက်ရမှာလဲ...ကလေးကိုပြန်ထည့်ပေးလိုက်တာနဲ့သူမဘယ်တော့မှပြန်မလာနိုင်တော့မှာကိုတောင်ကျွန်မကြောက်မိပါရဲ့..."


"ဘယ်လို...ဘယ်လိုပေါက်ကရတွေလျှောက်ပြောနေတာလဲ..."


လျိုဇီရွှမ်ဒေါသတကြီးဖြင့် အော်ပြောလိုက်သည် သူမ၏ပုံရိပ်ကိုပင်ထိန်းသိမ်းမထားနိုင်တော့ပေ။မေမေလျို၏မျက်နှာထားကလဲ ပြောင်းလဲသွားပြီးပြောလိုက်သည်


"သူမက ငါတို့မိသားစုရဲ့က‌လေးလေးဆိုတာကိုတော့ ရှင်တို့သိဦးမယ်ထင်ပါတယ်နော်...ဒါကမိသားစုပြဿနာထဲမှာအပြင်လူတွေဝင်စွက်ဖက်သင့်တဲ့ကိစ္စမဟုတ်ဘူး..."


"ဒီစကားကရှင်ပြောရမဲ့စကားမဟုတ်ဘူး..."


တပ်ရင်းမှုးကတော်ကလဲ လုံးဝမလျော့ပေ။


"ဒါကအိမ်တွင်းရေးပြဿနာမဟုတ်တော့ဘူး...ဒါကကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုပဲ...ရှင်တို့ရဲ့တပ်ဖွဲ့ကကိုင်တွယ်မဖြေရှင်းဘူးဆိုရင် ကျွန်မကိုယ်တိုင်ရဲဘက်ဆိုင်ရာကိုတိုက်ရိုက်သွားမယ်...ငါကကလေးသူငယ်တွေကိုအိမ်တွင်းအကြမ်းဖက်လုပ်တာမျိုးကိုအမုန်းဆုံးပဲ...ရှင်တို့ဒီနေ့ကလေးကိုအဝေးခေါ်သွားနိုင်မယ်လို့မစဉ်းစားနဲ့..."


လျိုဇီရွှမ်နှင့်မေမေလျိုတို့၏မျက်နှာကမကျေမနပ်ဖြစ်သွားလေသည် အကယ်၍ဒီကိစ္စကိုရာထူးမြင့်သည့်တစုံတယောက်ကစုံစမ်းစစ်ဆေးလာခဲ့ပါက သူမတို့အင်အားသုံး၍ဖြေရှင်းဖုံးကွယ်နိုင်ပေသေးသည်။သို့သော်လဲ ထိုကိစ္စကိုရဲဘက်ဆိုင်ရာကစုံစမ်းလာပါကကျန်းရီ၏ရာထူးတိုးခြင်းကိုသာ သက်ရောက်မည်မဟုတ်ပဲ 

လျိုမိသားစု၏ဂုဏ်သိက္ခာကိုပါသက်ရောက်သွားပေလိမ့်မည်။


မဖြစ်ဘူး...မဖြစ်ဘူး...ကိစ္စတွေကအဲ့လောက်ဆိုးရွားသွားလို့မဖြစ်ဘူး...


မေမေလျို၏အကြည့်များကထန်ထန်ဆီသို့ရောက်သွားလေသည် 


"ငါမှတ်မိတာမမှားဘူးဆိုရင် ဒါကကျိယန်ရဲ့ဇနီးမဟုတ်လား..."


ထန်ထန်ကအမူအယာအေးစက်စွာဖြင့်ရပ်နေပြီး စကားပြန်ဆိုခြင်းမရှိပေ။သူမကယဉ်ကျေးသမှုလဲဟန်ဆောင်ပန်ဆောင်မလုပ်နိုင်တော့ပေ...


ထိုလူနှစ်ယောက်ကဆေးရုံကိုရောက်လာတဲ့အချိန်ထဲကစပြီး ကလေး၏ကျန်းမာရေးနှင့်ပတ်သတ်၍လုံးဝမေးမြန်းခြင်းမရှိသေးပေ။သူတို့ကဒီကိစ္စမှဖြစ်ပေါ်လာနိုင်သောပြဿနာများကိုသာဂရုစိုက်နေခဲ့သည် ဒါကသူမကိုလုံးဝစိတ်ပျက်သွားစေလေသည်။


တပ်ဖွဲ့တခု၏ခေါင်းဆောင်ဇနီးက သူမကိုမချေမငံဆက်ဆံတာကိုတွေ့ပြီးနောက် မေမေလျိူဒေါသများဆူဝေသွားသည်။သို့သော်လဲသူမဒေါသများကိုဖိနှိပ်ပြီးစကားဆိုလိုက်သည်


"ကျိယန်ကတကယ့်ကိုအရည်အချင်းတွေပြည့်နေတဲ့ကောင်းမွန်တဲ့အရာရှိတယောက်ပဲ...သူအနာဂတ်မှာရာထူးမြင့်မြင့်တိုးသွားလိမ့်မယ်လို့ငါယုံကြည်တယ်...ဒါပေမဲ့လဲသူ့ဇနီးဖြစ်တဲ့မင်းက‌တော့ သူ့ကိုနောက်ပြန်ဆွဲနေတယ်...

နင်တခုခုကိုမလုပ်ခင်သေချာစဉ်းစားသင့်တယ်...ဒီလိုမှမဟုတ်ရင်တခြားတယောက်နဲ့ပြဿနာဖြစ်လိုက်တာက နင့်ခင်ပွန်းသည်ရဲ့အနာဂတ်ကိုထိခိုက်သွားစေလိမ့်မယ်...သူ့ရဲ့စိတ်ထဲမှာနင့်ကိုအပြစ်တင်ကြိမ်းမောင်းနေမှာမျိုးကိုမကြောက်ဘူးလား..."


"ရှင်ဘာကိုပြောချင်တာလဲ ရှင်ကျွန်မကိုခြိမ်းခြောက်နေတာလား..."


သူတို့ကသူမသာပါးပါးနပ်နပ်မကိုင်တွယ်ဘူးဆိုရင်... ကျိယန်ရဲ့ရာထူးတိုးမှုကိုအနှောင့်အယှက်ဖြစ်လိမ့်မယ်လို့ခြိမ်းခြောက်နေတာလား...


မေမေလျိုကပြုံးလိုက်ပြီး


"ငါကနင့်ကိုခြိမ်းခြောက်နေတာမဟုတ်ပါဘူး...ကိစ္စတွေကိုသေသေချာချာလေးစဉ်းစားစေချင်ရုံပါ...ဒီကိစ္စကအစထဲကမိသားစုပြဿနာပဲလေ...ဘာကြောင့်များတခြားလူတွေကဝင်ပါပြီးကိစ္စကိုပိုပြီးကြီးအောင်လုပ်ချင်နေကြတာလဲ...ငါတို့တယောက်နဲ့တယောက်ကောင်းကောင်းစကားပြောသင့်တယ်...

ဒါဆိုရင်ကိစ္စတွေအားလုံးအတွက်လဲပိုပြီးကောင်းမွန်သွားလိမ့်မယ်...ဘယ်လိုလဲသဘောတူလား..."


ထန်ထန်လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည် ဒီတကြိမ်၌သူတို့က သူမ၏ကောင်းမွန်သည့်စိတ်ထားကိုလုံးဝပယ်ဖျက်လိုက်နိုင်ပေပြီ။


"ကျွန်မတို့ဘာအ‌ကြောင်းမှပြောစရာမရှိတော့ဘူး...ရှင်တို့ထွက်သွားသင့်ပြီ..."


"နင် နင်...နင့်ခင်ပွန်းရဲ့အနာဂတ်ကိုလုံးဝဂရုမစိုက်ဘူးပေါ့လေ ...နင့်ရဲ့ဒီလိုမစဉ်းစားတဲ့အပြုအမူတွေကထိခိုက်လာလိမ့်မယ်ဆိုတာကိုမသိဘူးလား..."


ပထမကမေမေလျိုထင်ခဲ့သည်မှာ သူမသာကျိယန်၏အနာဂတ်နှင့်ခြိမ်းခြောက်လိုက်ပါကသူ့ဇနီးသည်သည်နောက်ဆုတ်ပြီး ဆွေးနွေးပြောဆိုလာလိမ့်မည်ဟုထင်ခဲ့သည် သို့သော်လဲမည်သူကထင်ခဲ့မည်နည်း သူမကခင်ပွန်းသည်ရဲ့အနာဂတ်ကိုလုံးဝဂရုမစိုက်ပေ။


ပြီးတော့ ကျိယန်မှာလဲနောက်ခံမရှိဘူးလေ ဒီလိုမျိုးကိစ္စသေးသေးလေးတွေကလဲသူ့ရဲ့ရာထူးတိုးမှုကိုထိခိုက်စေနိုင်တယ်ဆိုတာကို ဒီမိန်းမတကယ်ပဲမသိဘူးလား...ထန်ထန်ဆိုတဲ့မိန်းမကတုံးအတယ်လို့ပြောရမလား ဒါမှမဟုတ်ရင်လူကောင်းဖြစ်ဖို့ကြိုးစားနေတယ်လို့ပြောရမလား...


ထန်ထန်က ထိုအမျိုးသမီးနှစ်ယောက်ဝယ်လာသောပစ္စည်းများကိုလွှင့်ပစ်လိုက်ပြီးပြောဆိုလိုက်သည်


"ကျွန်မခင်ပွန်းရဲ့အနာဂတ်က သူ့ရဲ့စွမ်းဆောင်ရည်ပေါ်မှာပဲမူတည်တယ်...သူကတခြားသူရဲ့ပေးကမ်းစွန့်ကြဲမှုတွေအပေါ်မှာမှီခိုနေမဲ့လူမျိုးမဟုတ်ဘူး...ရှင်တို့ထွက်သွားတော့..."


ထိုစကားများကိုပြောပြီးသည်နှင့်သူတို့နှစ်ယောက်၏မျက်နှာရှေ့မှာပင်တံခါးကိုဆောင့်ပိတ်လိုက်သည်။


လျိုဇီရွှမ်အလွန်ဒေါသထွက်သွားပြီးပြောလိုက်သည်။


"မာမား...သူတို့ကလေ သူတို့အတွက်ဘာကကောင်းတယ်ဆိုတာကိုမသိကြဘူး...ကျွန်မတို့ကဒီလိုနှိမ့်ချပြီးတောင်းပန်နေတာတောင်မှဒီလိုလုပ်ရဲသေးတယ်..."


မေမေလျိုကလဲသူမအရင်တုန်းကထိုကဲ့သို့အရှက်ကွဲမှုမျိုး မခံစားခဲ့ဘူးပေ။ထိုသူများကဘယ်အရာကပို၍ကောင်းမွန်သည်ကို မသိဘူးဟုသူမလဲထင်မိလေသည် သူနှာခေါင်းတချက်ရှုံလိုက်ပြီးအေးစက်စွာလှည့်ထွက်သွားလိုက်သည်။


လျိုဇီရွှမ်သူ့အမေနောက်မှလျင်မြန်စွာလိုက်သွားလိုက်ပြီး 


"မာမား...ဒီလိုပဲသွားတော့မှာလား...ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ဘာမှမလုပ်ကြတော့ဘူးလား...ဒါဆိုရင်အဲ့တာကကျန်းရီရဲ့အလုပ်အပေါ်သက်‌ရောက်မှုရှိလာမှာလား..."


မေမေလျိုကအေးစက်စွာပြောလိုက်သည်။


"ဒီကိစ္စကိုငါနင့်အဖေနဲ့ပြောလိုက်မယ်...ဒီတကြိမ်တော့ရာထူးတိုးမဲ့အခွင့်အရေးကိုတခြားလူလက်ထဲအပါမခံနိုင်တော့ဘူး...

သူတို့အတွက်ကတော့ ...ဟမ့်...ဘာကကောင်းတယ်ဆိုတာကိုမသိမှတော့ ဖြစ်လာမဲ့အကျိုးဆက်တွေကိုခံစားခိုင်းလိုက်တာပေါ့...သူ့ရဲ့ယောက်ျားရဲ့အလုပ်အပေါ်မှာသက်ရောက်လာပြီဆိုရင် အဲ့ဒီ့မိန်းမလူကောင်းလိုမျိုးလုပ်နိုင်တဲ့စွမ်းရည်ရှိဦးမလားလို့ကြည့်လိုက်ဦးမယ်..."


လျိုဇီရွှမ်ကသူ့အမေရဲ့စကားကိုချက်ချင်းပဲနားလည်လိုက်ပြီးစိတ်သက်သာရာရသွားလေသည်။


...


ဆေးရုံခန်းထဲ၌တပ်ရင်းမှုးကတော်၏ဒေါသများကလွင့်ထွက်သွားပြီး စိုးရိမ်ပူပန်မှုများကကျန်ခဲ့လေတော့သည်။


"ထန်ထန် လျိုမိသားစုရဲ့စစ်တပ်အပေါ် လွှမ်းမိုးနိုင်စွမ်းကလဲအားမနည်းဘူးနော်...ငါတို့အိမ်ကအဖိုးကြီးယုကဒီအသက်အရွယ်လဲရောက်နေပြီဆိုတော့ သူ့ရဲ့ရာထူးမှာအပြောင်းအလဲရှိတော့မှာမဟုတ်ဘူး...ဒါကြောင့် အမအဲ့ဒာနဲ့ပတ်သတ်ပြီးတော့မကြောက်ဘူး...ဒါပေမဲ့ကျိယန်ရဲ့အနာဂတ်ကတော့အကန့်အသတ်မရှိဘူးလေ...တကယ်လို့သူတို့ကျိယန်ရဲ့အလုပ်အပေါ်မှာတခုခုလုပ်လာခဲ့မယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ..."


ထန်ထန်ကလဲလျိုမိသားစုအပေါ်မျက်နှာသာမပေးခဲ့ဘူးဆိုသော်လဲ သူမစိတ်ထဲ၌ကြောက်ရွံ့မှုကိုခံစားရလေသည်။သူမတွင်တခုခုဖြစ်ပျက်သည်ကိုမကြောက်သော်လဲ သူမကြောင့်ကျိယန်တွင်တစုံတခုဖြစ်သွားမည်ကိုတော့စိုးရိမ်မိလေသည်။


သူကအလုပ်ကြိုးစားပြီးအလွန်ထူးချွန်သော်လဲ တစုံတယောက်ကြောင့်ဖိနှိပ်ခံရမည်ဆိုပါက သူမကိုသူမခွင့်လွှတ်နိုင်လောက်မည်မဟုတ်ပေ။


"အစ်မ အဲ့ဒီလျိုမိသားစုကတကယ်ပဲအစွမ်းရှိတာလား...သူတို့ကကျိယန်ရဲ့အခွင့်အရေးတွေနဲ့ သူ့ရဲ့အလုပ်ကိုလွယ်လွယ်လေးဆွဲယူသွားနိုင်တာလား..."


တပ်ရင်းမှုးကတော်သက်ပြင်းတချက်ချလိုက်သည်။


"ထန်ထန်တခါတလေကျလို့ရှိရင်အရာရာက တွေးထားသလိုမျိုးမရိုးရှင်းသလို တရားမျှတမှုလဲမရှိဘူး...တစုံတယောက်ကများနောက်ကွယ်ကနေပြီးတော့ လွှမ်းမိုးမှုတခုခုလုပ်မယ်ဆိုရင် နင်သိလိုက်မယ်လို့များထင်နေတာလား..."


"တပ်ဖွဲ့မှုးဝမ်ရဲ့စွမ်းဆောင်ရည်ကလဲမဆိုးဘူးဆိုပေမဲ့..နင်တို့မိသားစုရဲ့ကျိယန်နဲ့ယှဉ်လိုက်ရင်တော့ နိမ့်ကျနေသေးတယ်...ဒါပေမဲ့လဲ ကျိယန်မှာကသူ့ကိုကျော်လွှားနိုင်မဲ့စွမ်းအားမရှိဘူး...အဲ့တာကဘာလို့လဲဆိုတော့တပ်ဖွဲ့မှုးဝမ်ရဲ့နောက်မှာ သူ့ရဲ့ယောက္ခမရှိနေလို့လေ..."


ထန်ထန်နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည် တပ်ရင်းမှုးကတော်ကသူမ၏ပခုံးကိုပုတ်လိုက်ပြီးအနားနားတိုးကပ်၍တီးတိုးပြောလိုက်သည်။


"ထန်ထန် အစ်မဒီစကားတွေကိုမပြောသင့်ဘူးဆိုပေမဲ့...အခုတော့ပြောပြရတော့မယ်...ဒီတကြိမ်မှာတပ်ရင်းခေါင်းဆောင်ကိုအပြာင်းအလဲလုပ်လိမ့်မယ်...ထူးချွန်ထက်မြက်တဲ့တပ်ဖွဲ့မှုးတယောက်ကရာထူးတိုးခံရပြီးတပ်ရင်းမှူးဖြစ်လာလိမ့်မယ်..."


ထန်ထန်စိုးရိမ်သွားပြီး‌မေးလိုက်သည်။


"အစ္မ...အစ္မဆိုလိုတာက..."


တပ်ရင်းမှုးကတော်ကခေါင်းညိမ့်ပြပြီးထပ်ပြောလိုက်၏။


"ဟုတ်တယ်...ဒါကိုပြောပြတယ်ဆိုတာကကျိယန်ကို ကြိုပြီးသတိပေးထားလို့ရအောင်ပဲ...တပ်ရင်းမှုးရွေးတဲ့နေရာမှာစွမ်းဆောင်ရည်တွေနဲ့စစ်တပ်အတွင်းတာဝန်တွေကိုကြည့်ပြီးတော့ရွေးမယ်ဆိုရင်တော့ ကျိယန်ကသာရွေးချယ်ခံသင့်တဲ့လူပဲ...ဒါပေမဲ့အစ်မစိုးရိမ်တာက..."


ထန်ထန်၏မျက်နှာကအနဲငယ်ဖြူဖျော့သွားသည်။


"အမ တကယ်ပဲနောက်ကွယ်ကနေတစုံတခုလုပ်ဖို့အရမ်းလွယ်တာလား...သူတို့တွေအားလုံးကစွမ်းရည်တွေနဲ့ တပ်အတွင်းစွမ်းဆောင်မှုတွေကိုသတိပြုသင့်တယ်မဟုတ်ဘူးလား..."


တပ်ရင်းမှုးကတော်ကလက်ခါယမ်းရင်းတီးတိုးထပ်ပြောလိုက်သည်


"အစ်မကြားထားတာတော့လေ တကယ်တမ်းကျရင်ကျိယန်ကလွန်ခဲ့တဲ့နှစ်နှစ်ထဲကရာထူးတိုးသင့်တာတဲ့...ဒါပေမဲ့လဲ...တချို့သောအကြောင်းတွေကြောင့်သူအရွေးချယ်မခံရဘူးလေ...အဲ့လိုသာမဟုတ်ဘူးဆိုရင်သူလွန်ခဲ့တဲ့နှစ်အနည်းငယ်ထဲကတပ်ရင်းမှုးဖြစ်နေတာကြာပြီ..."


ထန်ထန်သူမစကားကိုနားလည်လိုက်ပြီး...သူ့နှလုံးသားနစ်မြုပ်သွားသလိုမျိုးခံစားလိုက်ရသည်။