Part 61
ဆေးရုံ၌ လေးရက်ခန့်ကြာပြီးနောက် ဝမ်နောင်၏ မူးဝေမှု၊အေ့အန်မှုများက သက်သာလာလေသည်။ဆရာဝန်က သူမဆေးရုံကဆင်းပြီးနောက် အိမ်တွင်ရက်အနည်းငယ်ခန့် အနားယူပြီးလျှင် သက်သာလာလိမ့်မည်ဟုပြောလာပေသည်။သို့သော်လည်း အဓိကပြသနာမှာ ကလေးမလေး၏ဘယ်ဘက်နားက လုံးဝမကြားရတော့ခြင်းပင်ဖြစ်သည်။
ထန်ထန် ဆေးရုံကြီးတစ်ခုသို့ ရွေ့ပြောင်းပြီး ကလေး၏နားသက်သာသွားအောင်ကုသရန် ဆုံးဖြတ်လိုက်သည်။ထို့နောက် သူမ ကျိရှောင်ကျိုးနှင့်ဝမ်နောင်တို့အတွက် မူကြိုတွင် ခွင့်သွားတိုင်လိုက်သည်။လိုအပ်သည့်ပစ္စည်းများကို ထုတ်ပိုးပြီးသည်နှင့် ချက်ချင်း ကလေးနှစ်ယောက် ကိုခေါ်ကာ မြို့သို့တက်သွားလိုက်သည်။
မြို့ရှိဆေးရုံကြီးကိုရောက်သည့်အချိန်တွင် ထန်ထန် တစ်ယောက် ကြုံတွေ့လိုက်ရသောအခြေအနေကြောင့်ကြောင်အသွားမိ၏။
ထိုနေရာတွင် လူအများအပြားရှိနေပြီး တန်းစီနေသည့်လူတန်းကလည်းတစ်ဖြည်းဖြည်းချင်းသာရွေ့လျားနေသည်။နောက်ဆုံးသူမတို့ ထိုတံခါးပေါက်နားသို့ရောက်သည့်အချိန်၌အထူးကုနှင့်ပြသရမည့်လက်မှတ်ကကုန်သွားလေသည်။ထိုဆေးရုံဝန်ထမ်းလေး၏ပြောစကားအရ သူမတို့ကြိုတင် အပွိုင်မန့် ယူလို့ရသော်လည်း အနည်းဆုံး နောက်တစ်ပတ် ကြာလိမ့်မည်ဖြစ်သည်။
ထန်ထန်က အချိန်ကြာနှောင့်နှေးနေပါက ကလေးမလေး၏နားအခြေအနေပို၍ဆိုးရွားမည်ကို စိုးရိမ်နေမိပြီး ပူပန်လာလေသည်။သူမဘာလုပ်ရမည်မသိပေ။သူမဒီနေရာနှင့်မရင်းနှီးသလို ကျိယန်ကလည်းအိမ်တွင်မရှိပေ။သူမတွင်မည်သည့်အတွေးမှမရှိသော်လည်း ဘာမှမလုပ်ဘဲ အိမ်သို့ ဒီတိုင်းလည်းမပြန်ချင်ပေ။ခဏမျှစဉ်းစားပြီးနောက် ကျိယွဲ့ဆီမှအကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်သည်။
သူကျီယွဲ့ကိုဖုန်းခေါ်လိုက်ပြီးအခြေအနေများကို ရှင်းပြလိုက်သည်။
ကျီယွဲ့ကဘာမှထပ်ပြောမလာဘဲ လူကိုယ်တိုင် ရောက်လာပြီး သူမတို့ကိုလာခေါ်ဆောင်လေသည်။ထို့နောက် သူမက စစ်တပ်လက်အောက်ရှိ ပင်မဆေးရုံကြီးဆီသို့မောင်းသွားလိုက်သည်။သူထိုနေရာတွင်ရှိနေသော အထူးကုဆရာဝန်များကိုလည်းကြိုတင်ဆက်သွယ်ထားခဲ့သည်။
သူတို့ဆေးရုံရောက်သည်နှင့်ဆရာဝန်က ကလေးအခြေအနေကိုစစ်ဆေးနိုင်ရန်အတွက် တစ်ခါတည်း ခေါ်ဆောင်သွားလေသည်။ထန်ထန် ကျိယွဲ့ကိုဘယ်လိုကျေးဇူးတင်ရမှန်းကိုမသိတော့ပေ။အကယ်၍ ကျီယွဲ့ကြောင့်သာမဟုတ်လျှင် သူမ ကလေးကိုပြသရန် သင့်တော်မည့်ဆရာဝန် ရှာဖွေနေရဦးမည်။
ထိုအခိုက်အတန့်၌ ထန်ထန်တစ်ယောက် သူမ မည်မျှအသုံးမဝင်ကြောင်း သိသွားလေသည်။သူ ကျီယွဲ့နှင့်ယှဉ်လိုက်ပါက သူမကအပြတ်အသက်ဝေးကွာနေပေသည်။ကြည့်ရတာတော့ နောင်အနာဂတ်မှာသူမ ကျီယွဲ့ဆီကနေ များများသင်ယူရတော့မယ်။
"ကျီယွဲ့ရေ ကျွန်မရှင့်ကိုကျေးဇူးအများကြီးတင်ပါတယ်...ကျွန်မ ဒီကိစ္စတွေပြီးသွားရင်လေ ရှင်အကြိုက်ဆုံး ဟင်းပွဲတွေကိုပဲချက်ပြီး ကောင်းကောင်းပြုစုပေးမယ်..."
"ရှင်က ကျွန်မကိုဘာကြောင့် ကျေးဇူးတင်ရနေပြန်တာတုန်း...ရှင်အမြဲတမ်းအရသာရှိတဲ့အစားအစာတွေအများကြီးကျွန်မကိုပို့ပေးနေတာလေ...ပြီးတော့လည်း ရှင်အဝတ်အစားအသစ်တွေလည်း ကျွန်မဆီပို့ပေးနေတာပဲကို။အဲ့တာတွေအတွက်တောင် ကျွန်မက ကျေးဇူးမတင်ရသေးတာကို ရှင်ကဘာအတွက်ကြောင့် ကျွန်မကိုကျေးဇူးတင်နေရတာလဲ..."
"ဒါပင်မယ့်လည်း ရှင်ကျေးဇူးတင်တယ်ဆိုတော့လည်း ကျွန်မကပျော်တာပေါ့နော်ဟီးဟီး... "
သူမပြောပြီးသည်နှင့်ကျိရှောင်ကျိုးက သူမအင်္ကျီစလေးကိုဆွဲ၍ပြောလိုက်သည်။
"အန်တီကျီယွဲ့ ခေါင်းလေးနည်းနည်းလောက်ငုံ့ပါဦး...သားပြောစရာရှိလို့..."
ကျီယွဲ့က ချက်ချင်းပင် ခါးကုန်းခေါင်းငုံ့လိုက်သည်။
"ကဲပြောပါဦး ရှင်လေးကကျွန်မကိုဘာများပြော...အာ... "
သူမစကားမဆုံးခင်မှာပင် ကျိရှောင်ကျိုးက ကြားဖြတ်၍ နမ်းလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်အန်တီကျီယွဲ့ အန်တီကျိယွဲ့ ကိုချစ်တယ်... "
အသေးလေး၏ ချော့မော့သည့်စွမ်းရည်က အလွန်ပင်ကောင်းမွန်သောကြောင့် ကျီယွဲ့တစ်ယောက် လပေါ်ရောက်သွားသလိုပင်ခံစားလိုက်ရသည်။သူမ အသေးလေးကို ဖက်လိုက်ပြီး ပြန်နမ်းလိုက်သည်။
"အမယ်လေး အချစ်လေးရေ...အချစ်လေးရဲ့ကျေးဇူးတင်တဲ့ပုံစံကို ပိုပြီးတော့ကြိုက်တယ်နော်..."
ကျိရှောင်ကျိုးက ကျေနပ်သွားပြီးနောက် နောင်နောင်၏ညာဘက်သို့လျှောက်သွားလိုက်ကာ ပြောလိုက်သည်။
"နောင်နောင် အန်တီကျီယွဲ့ ကိုကျေးဇူးတင်လိုက်ပါဦး..."
နောင်နောင်ကလည်း ကျိရှောင်ကျိုးစကားကို နားထောင်စွာပင် အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ ကျီယွဲ့၏ပါးတစ်ဖက်ကို နမ်းလိုက်တယ်။ထို့နောက် တိုးတိမ်စွာပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်အန်တီ..."
ကျီယွဲ့၏မျက်ဝန်းများက ကြယ်များလို တောက်ပသွားလေသည်။သူ ကလေးနှစ်ယောက်လုံးကို ဆွဲခေါ်လိုက်ပြီး တစ်ချက်စီ နမ်းလိုက်၏။ထို့နောက်သူ ထန်ထန်၏နားနားကပ်၍ တိုးတိုးပြောလိုက်သည်။
"ထန်ထန်ရေ ရှင့်ရဲ့ချွေးမလေးကတော့ ရှင့်အတိုင်းပဲချစ်ဖို့လည်းကောင်းတယ်၊မြတ်နိုးဖို့လို့လည်းကောင်းတယ်...ကြည့်ရတာတော့ ကျိရှောင်ကျိုးကလည်း သူ့အဖေနဲ့အကြိုက်တူတာပဲ..."
ထန်ထန်ရှက်ရွံ့သွားပြီး ကျီယွဲ့ကိုအသာရိုက်ပုတ်လိုက်သည်။
"ပေါက်တက်ကရတွေလျှောက်မပြောနဲ့သူတို့က ကလေးတွေပဲရှိသေးတာလေဘယ်လိုလုပ်နားလည်မှာလဲ..."
"ရှင်က ကလေးတွေ ကိုအထင်သေးနေတာပဲ ဒီခေတ်မျိုးဆက်တွေကလေ မူကြိုမှာထဲက ဒိတ်လုပ်နေကြပြီ..."
ကျီယွဲ့ကထိုသို့ဆိုလိုက်သော်လည်း တစ်ကယ်တမ်းတွင် စစ်ဆေးမှု၏အဖြေကြောင့် အားလုံး စိတ်တင်းကြပ်နေသောကြောင့် အခြေအနေကိုပေါ့ပါးသွားအောင် စနောက်နေချင်းများသာဖြစ်သည်။သူတို့ပေါ့ပေါ့ပါးပါးစကားပြောဆိုရင်းဖြင့် စစ်ဆေးခန်းသို့လာခဲ့သောကြောင့် ရောက်သည့်အချိန်တွင် အရမ်းထိတ်လန့် မှုမရှိတော့ပေ။
အထူးကုဆရာဝန်ကအသက်ခြောက်ဆယ်နီးပါးလောက်ရှိပြီးဆံပင်တစ်ခေါင်းလုံးဖြူဖွေးနေပေသည်။သူ့၏အသွင်အပြင်က အတွေ့အကြုံပြည့်ဝပုံပေါ်သည်။ဆရာဝန်ကနောင်နောင်၏နားကိုသေချာသွာစစ်ဆေးပြီး ချောင်းတစ်ချက်ဟန့်လိုက်ပြီး စကားစပြောလိုက်သည်။
"ကလေးရဲ့ဘယ်ဘက်နားအကြောလေးတွေကပျက်စီးသွားပြီ ဒါက ကုသဖို့တော်တော်ခက်ခဲလိမ့်မယ်..သူမ၏ညာဘက်နားထိခိုက်မှုကလည်းတော်တော်လေးပြင်းထန်တယ်...ဒါပင်မယ့်တော့ အဲ့ဒာကအပြည့်အဝပြန်လည်ပျောက်ကင်းနိုင်တယ်..."
ညာဘက်နားက ကောင်းနိုင်သေးသည်ဟုကြားလိုက်ရသောကြောင့် ထန်ထန်ပျော်ရွှင်မိသွားသည်။သို့သော်ပြသနာက ဘယ်ဘက်နားဖြစ်နေသည်။
"ဒေါက်တာ ကလေးရဲ့ဘယ်ဘက်နားကရော ပြန်ကောင်းနိုင်သေးလားဟင်...ကလေးကအရမ်းငယ်ပါသေးတယ်။သူမရဲ့ဘဝတစ်လျှောက်လုံးဘယ်ဘက်နားကမကြားနိုင်တော့ဘူးဆိုတာကြီးက အရမ်းကို ရက်စက်လွန်းပါတယ်...ဒေါက်တာကျေးဇူးပြုပြီး နည်းလမ်းလေးစဉ်းစားပေးပါဦး..."
ဆရာဝန်က အဖိုးအရွယ်လောက်ဖြစ်ပြီး ကလေးတွေက သူ့၏မြေးအရွယ်လောက်သာဖြစ်သောကြောင့် ငယ်ရွယ်သည့် ကလေးလေးတွေအနေဖြင့် ထိုကဲ့သို့ ဆိုးရွားသည့် အဖြစ်အပျက်မျိုးကို ရင်မဆိုင်သင့်ကြောင်းသူနားလည်ပေသည်။သို့သော်လည်း နားအာရုံကြောလေးများ ပျက်စီးသွားခြင်းက ဆိုးရွားပြီး ကောင်းမွန်ဖို့ကခက်ခဲပေလိမ့်မည်။ထို့ကြောင့်သူပြောနိုင်တာက...
" အကောင်းဆုံးကုသပေးမှာပါ...လုံးဝအရှင်းပြန်ပျောက်သွားဖို့ကပြောဖို့ခက်တယ်။ဒါပင်မယ့် ကလေးကိုတစ်လကိုနှစ်ကြိမ်လောက် တရုတ်အပ်စိုက်ကုထုံးနဲ့ကုပေးဖို့တော့အကြံပြုချင်တယ်။ဒါဆိုရင် သူမရဲ့ဘယ်ဘက်နားက အပြည့်အဝပြန်ကောင်းမလာနိုင်တော့ဘူးဆိုရင်တောင် ကုသမှုပြီးတဲ့နောက်မှာ နည်းနည်း တော့ကြားလာရနိုင်တယ်..."
အနည်းငယ်သက်သာခြင်းကလည်း လုံးဝမသက်သာခြင်းထက် ပို၍ကောင်ပေသည်။မျှော်လင့်ချက်ရောင်ခြည်ရှိနေသ၍ ထန်ထန်ကလုံးဝလက်လျှော့လိုက်မည်မဟုတ်ပေ။
ထန်ထန်သဘောတူသည်ဟုဆိုလိုက်ပြီးနောက် အထူးကုဆရာဝန်က ကလေးကို ကုသခန်းထဲသို့ခေါ်သွားလိုက်ပြီး ပထမဦးဆုံး အကြိမ် ကုသရန်ပြင်ဆင်လိုက်သည်။ကုသမှုပြီးဆုံးသွားသည့်အချိန်၌ အပြင်ဘက်တွင် အလင်းမီးများပင်ထွန်းလင်းနေပေပြီ။
သို့သော် ဆေးရုံအတွင်း၌ စည်ကားနေဆဲပင်ဖြစ်သည်။ဒီနေရာက ဘယ်တော့မှ တိတ်ဆိတ်သွားမည့်အချိန်မရှိပေ။မိနစ်တိုင်း စက္ကန့်တိုင်း၌ မွေးဖွားခြင်း သေဆုံးခြင်းများဖြစ်ပျက်နေပေသည်။
"ထန်ထန် ဒီတော့နောက်ကျနေပြီဆိုတော့ရှင်တို့ဟော်တယ်မှာတစ်ညလောက်တည်းပြီး မနက်ဖြန်မှပြန်သင့်တယ်လို့ထင်တယ်..."
ကျီယွဲ့သူမကိုအကြံပြုလိုက်တယ်။
ကလေးနှစ်ယောက်ကလည်း သူတို့နှင့်အတူ တစ်နေ့လုံးပြေးလွှားနေခဲ့ရသောကြောင့် မောပမ်းနွမ်းနယ်နေပြီး အားအင်မကျန်တော့ပေ။ထို့ကြောင့် ထန်ထန် သူမ၏အကြံပြုမှုကို သဘောတူလိုက်သည်။သူတို့လေးယောက် ဆေးရုံမှထွက်တော့မည့်ချိန်၌ ဝင်ပေါက်ဝတွင် ဆေးရုံကားတစ်စီးဆိုက်ရောက်လာသည်ကို တွေ့လိုက်ရသည်။
ဂျူတီကုတ်ဝတ်ဆင်ထားသည့်ဆရာဝန်များ အပြေးအလွှားလာနေပြီးသူတို့နောက်မှလည်း သူနာပြုလေးများပါလာကြကာဒဏ်ရာရထားသောလူနာကို ဂရုတစိုက်ဖြင့် သယ်ဆောင်နေကြသည်။လူနာကိုသယ်မလိုက်သည့် အချိန်၌လည်း အော်ပြောလိုက်သည့်အသံကိုကြားလိုက်ရသည်။
"ဂရုစိုက်...သေချာဂရုစိုက် လူနာရဲ့အောက်စီဂျင် Levelကျလို့မရဘူး...သူ့ကိုချောစောင့်ကြည့်ထား..."
အနီးကပ်လိုက်ပါလာသော သူနာပြုအငယ်လေးတစ်ယောက်က သူ၏လက်ကိုမြှောက်ပြီး ဆေးသွင်းထားသည့်ပိုက်ကို သေချာစွာထိန်းကိုင်လိုက်သည်။
ခပ်လှမ်းလှမ်းတွင်ရှိ နေသော ထန်ထန်တို့က ထိုလူနာကိုမမြင်လိုက်သော်လည်း သွေးများစွာထွက်နေသည်ကိုတော့မြင်လိုက်သည်။
ကျီယွဲ့ ကြက်သီးမွှေးညင်းများထသွားပြီး သူ့ရဲ့လက်မောင်းကိုပွတ်သပ်ကာ ပြောလိုက်သည်။
"ဒီလူနာက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားတာပဲဖြစ်ရမယ် ဒီလောက်သွေးတွေအများကြီးထွက်သွားပုံကိုကြည့်လိုက်ရရင် သူ့ကိုကယ်တောင်ကယ်တင်နိုင်ပါ့မလား..."
ထန်ထန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုလူနာသက်သာပါစေကြောင်း တိတ်တဆိတ်ဆုတောင်းပေးလိုက်သည်။
ကျီယွဲ့က ထန်ထန်၏လက်မောင်းကိုဆွဲလိုက်ရင်း
"လာဒီမှာ ကျွန်မတို့တတ်နိုင်တာလည်း ဘာမှမရှိဘူး ဒါကဆရာဝန်တွေရဲ့ကိစ္စဖြစ်သွားပြီ ကလေးတွေလည်းပင်ပမ်းနေပြီဆိုတော့ သွားကြရအောင်..."
ထန်ထန်ခေါင်းငြိမ့်လိုက်ပြီးနောက် ဝမ်နောင်ရဲ့လက်သေးသေးလေးကိုတင်းတင်းဆုတ်ကိုင်လိုက်ကာ ကျီယွဲ့နောက်မှလိုက်ပါလာလိုက်သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်အချိန်၌ ဆရာဝန်များသူနာပြုများက လူနာတင် ထွန်းလှည်းကိုတွန်းလာပြီး သူတို့ကို အော်ဟစ်၍ဖြတ်ကျော်သွားလေသည်။
"အားလုံးပဲဘေးကိုကပ်ပေးကြပါ လမ်းဖယ်ပေးကြပါ..."
ထိုလူနာတင်လှည်းဖြတ်သွားသည့်အချိန်၍ ထန်ထန် မသိစိတ်အရထိုအပေါ်သို့လှမ်းကြည့်လိုက်မိသည်။တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူမခန္ဓာကိုယ်ထဲမှ သွေးလည်ပတ်မှုရပ်တန့်သွားသလိုခံစားလိုက်ရပြီးခြေတစ်လှမ်းမှမလှမ်းနိုင်တော့ပေ။
"ထန်ထန် ဘာဖြစ်လို့လဲ သွားရအောင် လေဆရာဝန်တွေကဒီလူနာကိုကယ်ပေးပါလိမ့်မယ်..."
ကျီယွဲ့က ထန်ထန်နေရာမှာတင်ရပ်နေသည်ကိုမြင်ရပြီးနောက် သူမဒဏ်ရာရလူနာအတွက် စိုးရိမ်နေသည်ဟုထင်သွားမိလေသည်။
ထန်ထန်က ကျီယွဲ့၏စကားကိုတစ်လုံးမှမကြားဘဲ သူမ၏မျက်နှာတစ်ပြင်လုံးဖြူဖျော့နေလေသည်။၎င်းက သူမ၏ ခွန်အားအားလုံး တစ်ပြိုင်တည်းဆုံးရှုံးလိုက်ရသလိုမျိုး သူမ၏ မျက်ဝန်းထဲတွင်လည်း ထိတ်လန့်မှုများပြည့်နှက်နေသည်။
ကျီယွဲ့လည်း ထန်ထန် တစ်ခုခုမှားယွင်းနေသည်ဟု့သိလိုက်ပြီးနောက် သူမဘေးနားသို့လျှောက်လာပြီး သူ့ကို ထိလိုက်သည်။
"ဘာဖြစ်နေလို့လဲ တစ်ခုခုအဆင်မပြေတာ ခံစားနေရလို့လား...ဘာဖြစ်နေတယ်ဆိုတာငါ့ကိုပြောပါဦး..."
ထန်ထန်၏နှုတ်ခမ်းပါးများတစ်ဖြည်းဖြည်းတုန်လှုပ်လာပြီး စကားလုံးများထွက်ကြလာလေသည်။
"ကျွန်မ...ကျွန်မ ကျိယန်ကိုလူနာတင်လှည်းပေါ်မှာ မြင်လိုက်တယ်..."
"ဘာ... ကျိယန်... ထန်ထန်ရှင်မှားနေတာရောမဖြစ်နိုင်ဘူးလား...တစ်ကယ်ပဲကျိယန်ဟုတ်လို့လား..."
ထန်ထန်တစ်ကိုယ်လုံးထိန်းမရအောင်တုန်လှုပ်နေလေသည်။သူမကိုယ်တိုက်လည်း သူမမြင်လိုက်သည်က ကျိယန်မဟုတ်ပါစေနဲ့ဟုဆုတောင်းနေမိသည်။ကလေးနှစ်ယောက်ကလည်း ထန်ထန်၏အခြေအနေကြောင့် ထိတ်လန့် သွားပြီး သူမ၏ အင်္ကျီစကိုဆွဲကာ စိတ်ပူပန်စွာခေါ်လိုက်ကြသည်။
သို့သော်လည်း ထန်ထန်ကဝိညာဉ်ပျောက်ဆုံးသွားသကဲ့သို့ပင် ဘာကိုမှမကြားတော့ပေ။
မကောင်းတော့ဘူး...
ကျီယွဲစိုးရိမ်ပူပန်လာမိပြီးထန်ထန်ကို လှုပ်ခာလိုက်သည် ။
"ထန်ထန်...ထန်ထန် ဒီမှာ သတိထားဦး ရှင်မြင်လိုက်တာမှားနေတာ ဟုတ်ပြီလား...ရှင့်ကိုယ်ရှင်ထိတ်လန့်အောင်လုပ်နေတာ ရှင်ကလေးတွေကိုလည်းထိတ်လန့်အောင်လုပ်မိနေပြီ..."
ကျီယွဲ့သူမကိုပြင်းပြင်းထန်ထန်ဆွဲဆိတ်လိုက်သောကြောင့် ထန်ထန်ပြန်လည်အသိဝင်လာလေသည်။ထို့နောက်နေရာမှာပင် ခဏမျှ ရပ်နေခဲ့ပြီး ဆေးရုံဘက်သို့ပြန်လှည့်ပြေးသွားလိုက်သည်။
ကျီယွဲ့လည်းစကားပြောဖို့အချိန်မရှိတော့ဘဲ ကလေးနှစ်ယောက် ၏လက်ကိုဆွဲကာ ထန်ထန်နောက်မှပြေးလိုက်လာခဲ့လိုက်သည်။
ခွဲစိတ်ခန်း၏အရှေ့တွင် ထန်ထန်ကိုလိုက်မိသွားလေသည်။ထန်ထန်ကတင်းတင်းပိတ်ထားသော ခွဲစိတ်ခန်းတံခါးကို တွေဝေငေးမောစွာကြည့်နေလေသည်။
"ကျီယွဲ့ သူမဆီလျှောက်သွားလိုက်ပြီး နှစ်သိမ့်လိုက်သည်။ထန်ထန် စိတ်အေးအေးထား ရှင်မှားမြင်လိုက်တာလည်းဖြစ်နိုင်တာပဲလေ အဝေးကနေ အကြည့်တစ်ချက်ဆိုတာက လူမှားဖို့အဖြစ်နိုင်ဆုံးပဲ အဲ့ဒီလူက ကျိယန်နဲ့တူတာဖြစ်နိုင်ပါလိမ့်မယ်...ပြီးတော့လည်း ကျိယန်က ဒီနေရာနဲ့အဝေးကြီးမှာ မစ်ရှင်ထမ်းဆောင်နေတာလေ..."
သို့သော်လည်း တစ်ခါတစ်ရံတွင် ကောင်းကင်ဘုံက ဆန္ဒဆုတောင်းများကို လျှစ်လှူရှူထားတတ်ပေ သည်။
ကျီယွဲ့၏စကားဆုံးဆုံးခြင်းမှာပင် သူတို့နောက်ကျောဆီမှ အလျှင်စလို ပြေးလာသော ခြေလှမ်းတစ်ချို့ကိုသူမကြားလိုက်ရပြီးနောက် ယူနီဖောင်းဝတ်ထားသောလူတစ်စုကသူတို့ကိုဖြတ်ကျော်သွားကာ ခွဲစိတ်ခန်းရှေ့တွင်ရပ်တန့်လိုက်ကြသည်။
ဝတ်စုံပေါ်တွင်သွေးများလွှမ်းနေသော စစ်သားတစ်ယောက်က နံရံကိုလက်သီးဖြင့်ကြမ်းတမ်းစွာထိုးချလိုက်ပြီး ဝမ်းနည်းနာကျင်စွာ အော်ဟစ်လိုက်သည်။
တစ်ခြားသူများ၏အမူအရာကလည်း သူ့ထက်အခြေအနေကောင်းမနေပေ။သူတို့အားလုံးစိုးရိမ်ပူပန်စွာဖြင့် ခွဲစိတ်ခန်းတံခါးကိုကြည့်နေကြလေသည်။
သူ့တို့နှင့်ခပ်လှမ်းလှမ်းတွင်ရှိနေသော ထန်ထန်က ကျိယွဲ့၏လက်ထဲမှ ရုန်းထွက်လိုက်တယ်။
သူမ တုန်တုန်ရင်ရင်ဖြင့် သံလွင်စိမ်းရောင် ယူနီဖောင်းဝတ်ဆင်ထားသည့် လူများဆီသို့လျှောက်သွားလိုက်ပြီး နံရံကိုထိုးလိုက်သောလူနား၌ရပ်လိုက်သည်။
"တုန်းလီ..."
စိုးရိမ်ပူပန်နေသော တုန်းလီက လူတစ်ယောက် သူ့ကိုဆွဲလိုက်သည်ကိုခံစားလိုက်မိ၏။သူက သတိလက်လွတ်ဖြင့် ထိုလက်ကိုပုတ်ထုတ်လိုက်ပြီး ထွက်သွားရန် အော်ပြောလိုက်သည်။သို့သော်လည်း ထိုလက်က ရွေ့မသွားသောကြောင့် သူလှည့်ကြည့်လိုက်လေရာ မြင်လိုက်ရသောသူကြောင့် မျက်လုံးများပြူးကျယ်သွားလေသည်။သူ့၏ မျက်ဝန်းများထဲ၌မယုံကြည်နိုင်မှုများအပြည်ဖြင့်
"မ...မရီး..."
"တုန်းလီ ကျိယန်တစ်ခုခုဖြစ်တာလား ခွဲစိတ်ခန်းထဲကိုဝင်သွားတာ ကျိယန်လား..."
ထန်ထန်က သူမရပ်တည်ဖို့ အမှီပြုထားရသလိုမျိုး တုန်းလီကို တင်းတင်း ကျပ်ကျပ်ဆုတ်ကိုင်ကာ မေးလိုက်သည်။
တုန်းလီက ကူကယ်ရာမဲ့နေသော ကလေးလေးတစ်ယောက်ကဲ့သို့ပင် သူ့၏မျက်ဝန်းများတစ်မဟုတ်ချင်းနီရဲလာလေသည်။
"မ...မရီး ကျွန်တော်...ကျွန်တော်..."
သူ ဘာစကားမှ မဆိုနိုင်ပေ ကျိယန်က နှလုံးနားကို ကျည်ဆန်ထိမှန်သွားခဲ့ကြောင်းမပြောနိုင်ပေ။ဒီကိုလာစဉ်လမ်းတစ်လျှောက်၌လည်းအသက်ကယ်ဆေး ထိုးပေးခဲ့ရကြောင်းလည်း မပြောနိုင်ပေ။တုန်းလီ သူ့၏ခေါင်းကို လက်နှစ်ဖက်ဖြင့်ယှက်အုပ်လိုက်ပြီး နာကျင်စွာဖြင့် ထိုင်ချလိုက်သည်။
အရပ်၇ပေမျှရှိသော သန်သန်မာမာယောက်ျားတစ်ယောက်က ကလေးတစ်ယောက်ကဲ့သို့ ဆို့နင့်မတတ် ငိုကြွေးနေလေသည်။
ထန်ထန် ထိုအပြုအမူကို နားလည်လိုက်ပေသည်။သူမ၏ နှလုံးသားကအေးခဲသွားပြီး သွေးလည်ပတ်များရပ်တန့်သွားသကဲ့သို့ပင်
သူမ၏ ခင်ပွန်း ကအရေးပေါ်အခြေအနေမှာရောက်နေတာလား...
ယခုအချိန်၌ ကျိယွဲ့တစ်ယောက် ထန်ထန်မှားမြင်ချင်းမဟုတ်ကြောင်း သိသွားပေသည်။သူမ ကမ္ဘာ ကြီးတစ်ခုလုံးပြိုကျလာသလိုပင် ခံစားလိုက်မိသည်။
သူမ စိုးရိမ်ပူပန်ခြင်းကို ထိန်းချုပ်လိုက်ပြီး ကုကျန်းအန်း နှင့်ကျိုးကျီတို့ကိုဖုန်းခေါ်လိုက်သည်။သူမ စကားပြောပြီးသည့်အချိန်၌ ထန်ထန်ကိုကြည့်လိုက်ရာ ထန်ထန်ကခွဲစိတ်ခန်းရှေ့တွင်ရပ်၍ ခွဲစိတ်ခန်းတံခါးပေါ်ရှိမီးနီလေးကို စူးစိုက်ကြည့်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရသည်။
သူမ၏ မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုက တစ်သွင်သွင်စီးကျနေသည်။သူ့ဖအေ၏အခြေအနေကိုနားလည်လိုက်သော ကျိရှောင်ကျိုးကလည်းစတင်၍ငိုရှိုက်နေပေ၏။
ကျီယွဲ့မျက်ဝန်းများနာကျင်လာလေသည်။သူမထိုသို့မြင်ကွင်းမျိုးကို မကြည့်နိုင်ပေ။သူပါးစပ်ကိုအုပ်၍ တစ်ဖက်သို့ လှည့်ထွက်လိုက်လေသည်။
ရုတ်တရက် သူတို့ကိုဒီဆေးရုံခေါ်လာခဲ့မိတဲ့အတွက် သူမနောင်တရလာမိသည်။အကယ်၍ ဒီနေရာသို့သာရောက်မလာခဲ့ပါက ထိုကဲ့သို့ နှလုံး ကွဲကြေစရာမြင်ကွင်းမျိုးကို သူတို့ကြုံတွေ့ရလိမ့်မည်မဟုတ်ပေ။ဒီလိုဆိုရင် သူတို့အတွက်များပိုကောင်းသွားလိမ့်မလား။
အရာရာအားလုံးက ဗရမ်းဗတာဖြစ်နေပြီး ညသည်လည်း ငြိမ်သက်သိမ်မွေ့မှု မရှိပေ။အချိန်များဖြတ်သန်းကုန်လွန်သွားပြီးနောက် ခွဲစိတ်ခန်းတံခါးရှေ့တွင် လူများတစ်ယောက်ပြီးတစ်ယောက် ရောက်လာကြလေသည်။သို့သော် ထိုနေရာ၌ စကားပြောဆိုမှုမရှိဘဲ အလွန်ပင် တိတ်ဆိတ် နေသည်။ပတ်ဝန်းကျင် လေထုအခြေအနေက လေးလံအုံ့မှိုင်းနေ၏။
ထိုခဏမှာပင် ကြားလိုက်ရသောခြေသံတစ်ချို့က တိတ်ဆိတ် ငြိမ်သက်မှုကို ဖြိုဖျက်လိုက်လေသည်။
တစ်ခေါင်းလုံးဖြူဖွေးနေသော်လည်း ကျန်းမာဖြတ်လက်ပုံရသည့် လူကြီးတစ်ယောက်က လူတစ်စုကို ဦးဆောင်လာလေသည်။ထိုလူကြီးက သူ့ကိုတွဲခေါ်ထားသည့် လူကိုခါထုတ်လိုက်ပြီး တုတ်ကောက်ကိုအားပြုကာ ခွဲစိတ်ခန်းရှေ့သို့လျှောက်လာခဲ့သည်။ခွဲစိတ်ခန်းတံခါးရှိမီးနီလေးကိုစိုက်ကြည့်လိုက်သည်။ သူ့၏မျက်နှာပေါ်၌ မည်သည့်အမူအရာမှ မရှိနေဘဲတည်ငြိမ်နေလေသည်။
သိူ့သော်လည်း တစ်စုံတစ်ယောက်သာ သေချာစွာ ကြည့်လိုက်သည်ဆိုပါက ထိုလူအိုကြီး၏ အင်္ကျီအောက်မှ လက်များက တုန်ယင်နေသည်ကိုတွေ့ရပေလိမ့်မည်။
"ပါပါး...အရမ်းစိတ်မပူပါနဲ့ ကျိယန်အဆင်ပြေသွားမှာပါ..."
ထိုလူအိုကြီး၏နောက်တွင်ရပ်နေသော ကျိဝေ့ဖန်က စိုးရိမ်ပူပန်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်... ပါပါး..ပါပါးရဲ့နှလုံးအခြေအနေက ကောင်းတာမဟုတ်ဘူး စိတ်ခံစားချက်တွေရှုပ်ထွေးလို့မရဘူးနော်...ကျိယန် အဆင်ပြေသွားမှာပါ ဒီနေရာမှာထိုင်ပြီးတော့ စောင့်လိုက်ပါလား..."
လင်းလန်က အဘိုးကျိရဲ့လက်မောင်းကို ထပ်မံတွဲခေါ်ရန်ပြင်လိုက်သည်။
သို့သော်လည်း ကြမ်းတမ်းစွာ ခါထုတ်ခံလိုက်ရ၏။သူတို့နှစ်ယောက်သား မတတ်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ကာကြည့်နေရပေသည်။
ကျီယွဲ့ကမျက်ရည်များကိုသုတ် လိုက်ပြီးနောက် အဘိုးကျိကိုနှုတ်ဆက်လိုက်သည်။
"အဖိုးကျိ..."
အဖိုးကျိက ကျီယွဲ့ဘက်သို့ လှည့်ကြည့်၍ ခေါင်းတစ်ချက် ဆက်ငြိမ့်ပြလိုက်၏။ထို့နောက် မလှမ်းမကမ်းတွင်ရှိနေသော ကျိရှောင်ကျိုးကိုမြင်သွားလေပြီး သူ၏အမူရာမဲ့လှသော မျက်နှာသေက ပြိုကွဲသွားလေသည်။
သူ တုတ်ကောက်ကိုအားပြုပြီး ကျိရှောင်ကျိုးဆီသို့လျှောက်လာခဲ့လိုက်သည်။သူ ထိုင်ချပြီးအသေးလေးကို ဖက်ကာ ကျောကိုခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။
"ရှောင်ကျိုး မကြောက်နဲ့နော်အဘိုး
ဒီမှာရှိနေပြီ အဘိုးကမင်းရဲ့ဖေဖေကို ဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူး သူအဆင်ပြေသွားလိမ့်မယ်..."
အဖိုးအိုက ကလေးအတွက်သာမက သူ့ကိုယ်သူအတွက်ပါ နှစ်သိမ့်နေပုံပေါ်လေသည်။
"သူကငါ ကျိအန်းရှန်ရဲ့မြေးလေးပဲဒီလိုပြသနာသေးသေးလေးက သူ့ကိုဘာများဖြစ်စေနိုင်မှာလဲ... သူမကြာခင်ပဲကျော်လွှားနိုင်သွားလိမ့်မယ်..."
သူကအချစ်ရဆုံးမြေး သူ့အတွက် ဂုဏ်ယူရဆုံးမြေးပဲလေ...ဘယ်လိုလုပ်ပြီးမြန်မြန်ကျဆုံးမှာလဲ။သူကျော်လွှားနိုင်လိမ့်မယ်...
ကျိရှောင်ကျိုးက အဖိုးအိုကို နီရဲဖောင်းကားနေသော မျက်ဝန်းလေးများဖြင့်ကြည့်လိုက်သည်။သူထပ်၍မငိုတော့သလို စကားဆိုခြင်းလည်းမရှိဘဲ တိတ်တဆိတ်သာ အကြည့်လွှဲလိုက်ပြီး ခွဲစိတ်ခန်းတံခါးဝကိုသာ စိုက်ကြည့်နေလေသည်။
ထိုနေရာရှိအခြေအနေက တစ်ဖန်ပြန်၍တိတ်ဆိတ်သွားပြန်သည်။အချိန်များတစ်တိတိဖြတ်ကျော်လာပြီးသည်နှင့်အမျှအပြင်ဘက်တွင်ရှိနေသော လူများ၏ စိတ်အခြေအနေက စိုးရိမ်ပူပန်ကြောက်လန့်ခြင်းမဲ့နာကျင်မှုသာကြီးစိုးနေသည်။တစ်ဖြည်းဖြည်းကုန်ဆုံးလာသောစက္ကန့်၊မိနစ်များက ခွဲစိတ်ခန်းအပြင်ဘက်ရှိ လူတစ်စုကို ညှင်းပန်းနှိပ်ဆက်နေလေသည်။
ပြတင်းပေါက်မှတစ်ဆင့် နံနက်ခင်းနေရောင်ခြည် အလင်းစလေးဖြတ်သန်းဝင်ရောက်လာသည့်အချိန်၌ တစ်ညလုံး တင်းတင်းပိတ်ထားခဲ့သော ခွဲစိတ်ခန်းတံခါးက တစ်ဖြည်းဖြည်းခြင်း ပွင့်လာလေသည်။
မောပန်းနွမ်းနယ်စွာ ထွက်ပေါ်လာသော ဆရာဝန်က တိတ်ဆိတ် ငြိမ်သက်မှုကို ဖြိုဖျက်လိုက်လေသည်။
အားလုံး အလျှင်မြန်စွာပဲ လှုပ်ရှားအသက်ဝင်လာကြပြီး ဆရာဝန်ကိုအလျှင်စလိုဖြင့်မေးလိုက်ကြသည်။
"ဒေါက်တာ သူဘယ်လိုနေလဲ...သူ့အခြေနေဘယ်လိုနေလဲ..."