အခန်း(၃၈)ဗြောင်းဆန်ခြင်း
Viewers 38k

အခန်း(၃၈) - ဗြောင်းဆန်ခြင်း


ဘယ်အချိန်က ပြန်ရောက်လာမှန်း မသိသည့် ကျိုးချင်းပိုင်သည် တံခါးအပြင်ဖက်ကနေ ဒီစကားကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည် “…”


သူ့ဇနီးသည်က စကားတစ်ခွန်းဆိုပြီး နောက်တစ်ခွန်း ပြန်ပြောင်းပြောသည့် အရည်အချင်းရှိမှန်း သူ လုံးဝမသိရှိခဲ့ဘူး။


သူမက သူ အေးစက်ပြီး ဗိုက်ဆာမှာကို စိုးရိမ်ပူပန်တာ ထင်ရှားပါသည်။ မနေ့ညက သူပြန်လာတာနဲ့ သူမ ဘယ်လိုပြုစုစောင့်ရှောက်ပေးတဲ့အကြောင်းကို မမေ့သင့်ပါ။ ဒါပေမယ့် ဒီမနက်မှာ သူ အငြိမ်းစားယူသည့်အကြောင်းကိုပြောပြီး ကျိုးအိမ်တော်ဟောင်းကို သွားရောက်လည်ပတ်ပြီး အိမ်ပြန်ရောက်ချိန်တွင် သူ့အတွက် ဂျင်းပြုတ်ရည်တစ်ခွက်ကိုတောင် ပြင်ဆင်ပေးနေတုန်းပါပဲ။ သူ့သားသုံးယောက်အတွက်ပါ ခွဲဝေရရှိခဲ့သေးသည်။


ဒါပေမယ့် သူ့အမေအပေါ်ကိုတော့ ဒီလို အကြင်နာတရားကင်းမဲ့တဲ့ပုံစံမျိုး ဆက်ဆံနေခဲ့သည်။


သူမမှာ မျက်နှာနှစ်ဖက်ရှိတာလား။ (T/N: 🤣)


သူ သူ့ဇနီးသည်အကြောင်းကို တကယ်ပဲ နားမလည်နိုင်သေးပါလား။


အိမ်အထဲက အမေကျိုးက အသက်မရှူနိုင်မကယ်နိုင် ဖြစ်နေသည်။ သူမစိတ်ထဲတွင် ဒီလိုပြောဆိုနေသည်။ ‘ဒီလိုလူမျိုးကို လူလို့ ခေါ်သင့်ရဲ့လား။ ဒါကို ဘယ်လိုလုပ်ပြီး နင့်အရေးကိစ္စ မဟုတ်ဘူးလို့ ပြောဆိုရဲရတာလဲ။’ ဒါပေမယ့် အခုအချိန်မှာ ချွေးမဖြစ်သူက အရမ်းဒေါသထွက်နေပြီး သူမပြောလိုက်သည့်စကားတွေက အရေးပါအရာမရောက်မှာကို သူမ နားလည်သည်။ ထို့အပြင် သူမသည် ချွေးမဖြစ်သူကို ဆန့်ကျင်ပြောဆိုမည့်အစား နားချဖို့သာ ကြိုးစားနိုင်သည်။ ဒီလိုမှမဟုတ်ရင် စတုတ္ထချွေးမ သူမအိမ်သို့ပြန်သွားတာနဲ့ ဘဝက ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်သည်။


“အဖေ သားကိုချီ” ထိုအချိန်တွင် လောင်စန်းရဲ့အသံက တံခါးအပြင်ဖက်ကနေ ထွက်ပေါ်လာသည်။


ကလေးက သူ့အဖေကို တွေ့တာနဲ့ လေးဖက်ထောက် လမ်းလျှောက်လာပြီး သူ့အဖေခြေထောက်ကို ပွေ့ဖက်ကာ သူ့အား ပွေ့ချီခိုင်းလေသည်။


ကျိုးချင်းပိုင်က လောင်စန်းကို ပွေ့ချီလိုက်သည်။ ထိုအချိန်တွင် အမေကျိုးက အခန်းထဲမှ ထွက်လာသည်။


“အမေ အိမ်ကိုပဲ ပြန်သွားပါ။ ဒီမှာ ပြဿနာမရှိပါဘူး။” ‌လောင်စန်းကိုချီထားရင်း ကျိုးချင်းပိုင်က သူ့အမေကို ပြောသည်။


အမေကျိုးတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ သူမရဲ့ သားအငယ်ဆုံးလေးကိုကြည့်ရင်း သူ့ဇနီး ဘယ်တော့ ထွက်ပြေးသွားမလဲဆိုတာကို စိုးရိမ်ပူပန်နေခဲ့သည်။ “စတုတ္ထလေး အမေနဲ့ အိမ်ကို ခဏလောက် လိုက်ခဲ့ပါဦး။”


ကျိုးချင်းပိုင်သည် လောင်စန်းကို ပွေ့ချီရင်း သူ့အမေနောက်မှ လိုက်သွားခဲ့သည်။ အမေကျိုးက တီးတိုးဆိုသည်။ “စတုတ္ထလေး မင်း တံခါးအပြင်ဖက်ကနေ ကြားလိုက်ရတယ်မလား။ သား သားဇနီးနဲ့ စကားကောင်းကောင်းပြောဖို့ လိုနေပြီ နားလည်တယ်မလား။ အကယ်၍ သား သူမကို ဆက်နေဖို့ မစည်းရုံးနိုင်ဘူးဆိုရင် သား တစ်ယောက်တည်း လောင်တနဲ့ သူ့ညီတွေကို ပြုစုစောင့်ရှောက်နိုင်မှာ သေချာလား။”


သူ့သားက ကွာရှင်းပြတ်စဲလိုက်တယ်ဆိုရင်တောင်မှ နောက်ထပ်ဇနီးမယားတစ်ယောက် ထပ်ရှာဖို့က လွယ်လွယ်လေးဖြစ်လေသည်။ ဒါပေမယ့် အဲ့တာက အဓိကအချက် မဟုတ်ဘူး။ ကလေးသုံးယောက်နဲ့ဆို သူ နောက်ထပ် အိမ်ထောင်ပြုနိုင်မှာ မဟုတ်ဘူး။ နောက်အိမ်ထောင်က နောက်ကွယ်တွင် သူမမြေးသုံးယောက်ကို အနိုင်မကျင့်ပဲ နေမှာလား။


စတုတ္ထလေးရဲ့ ဇနီးက ဒီလိုလူမျိုးဖြစ်နေပေမယ့် ဘယ်လောက်ပဲ ယုတ္တိမရှိဘူးဆိုဆို မိခင်ရင်းက မိထွေးထက်စာရင် ပိုကောင်းမွန်သည်။


သားဖြစ်သူ စကားပြန်ပြောတာကို မစောင့်ပဲ အမေကျိုးက ဆက်ပြောသည်။ “အိမ်ပြန်ပြီး သားမိန်းမနဲ့ သား အေးဆေးစကားပြောကြည့်ဦး။ သူမကို လယ်ထဲမဆင်းခိုင်းပါဘူးလို့ ကတိပေးလိုက်ပါ။ အရင်က သူမ နေထိုင်ရသလိုမျိုး အနာဂတ်မှာလည်း အဲ့အတိုင်းပဲ နေခိုင်းပါ့မယ့်လို့ ပြောလိုက်ပါ။ သူမက မင်းမိသားစုကို ပြုစုထိန်းသိမ်းစောင့်ရှောက်ရင်ပဲ တော်ပါပြီ။ နောက်နှစ်လောက်ဆို လောင်တကလည်း ဝက်စာကျွေးတဲ့အရွက်တွေ စုဆောင်းပြီး အလုပ်အမှတ်တွေ ရှာဖွေနိုင်လိမ့်မယ်။ အိမ်ထောင်စုရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့ဆို အိမ်ထောင်စုထဲရှိလူတိုင်းစေ့ ဝေစုကိုလည်း ရရှိနိုင်တာကြောင့် သူမ လယ်ထဲမဆင်းပဲ သားတစ်ယောက်တည်းနဲ့တင် အဆင်ပြေပါတယ်။ သား နေကောင်းအောင်ပဲ ကြိုးစားနော်။”


ကျိုးချင်းပိုင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး “သား အမေပြောတာကို နားထောင်ပါ့မယ်။ သား သူမကိုလည်း သေသေချာချာ ရှင်းပြလိုက်ပါ့မယ်။”


သူ့မိန်းမက သူ့အမေကို ဘာလို့ ဒီလိုမျိုးပြောဆိုလိုက်ရတာလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း နားလည်သွားသည်။


ဟုတ်ပါတယ်။ သူ ဒီစကားကိုပြောပြဖို့အထိ မိုက်မဲနေမှာတော့ မဟုတ်ပါဘူး။ အလုပ်ရမှတ်များ ရရှိနိုင်သည့်အကြောင်းအရာအားလုံးကို သူ သိသည်။ အိမ်မှာ စားဝတ်နေ‌ရေး အဆင်မပြေအောင် သူ လုပ်မှာ မဟုတ်ဘူး။


အမေကျိုးသည် သူ သဘောတူတာကို မြင်ပြီးမှသာ သူ့ကို အိမ်ပြန်လွှတ်လိုက်သည်။ သူမက စိတ်ပူနေဆဲပါပင်။

 

သူ အိမ်ကိုပြန်‌ရောက်တော့ လင်းချင်းဟယ်က ဘာမှ မဖြစ်သလိုပင်။ အချိန်အားဖြင့် ဆယ်နာရီပင် မထိုးသေးချေ။ သူမက ကျိုးချင်းပိုင်ဆီ တိုက်ရိုက်လမ်းလျှောက်လာပြီး “ကျွန်မ ရှင့်အမေဆီကနေ ရှင် ဒဏ်ရာတွေရလာတယ်လို့ကြားတယ်။ ကျွန်မကို ရှင့်ဒဏ်ရာတွေ ပြကြည့်ပါဦး။”


သူမက ဒီလိုပြောရင်း လောင်စန်းလေးကို လှမ်းပွေ့ယူလိုက်သည်။


ကျိုးချင်းပိုင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး “ဒါက ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူးကွာ။” လို့ ဆိုသည်။


လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူမသည် မနေ့ညကတော့ အရမ်းရှက်ရွံ့နေတာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ သူမ သူနဲ့ အေးအေးဆေးဆေး မျက်နှာချင်းဆိုင်နိုင်ပြီ ဖြစ်သည်။ အထူးသဖြင့် သူမ အမေကျိုးနှင့် ပွက်လောရိုက်နေတာကို သူ မျက်မြင်တွေ့သွားသည့်အချိန်တွင် သူမရဲ့ အလိုက်သင့် ပြောင်းလဲနိုင်စွမ်းက အလွန်မြင့်မားသည်။ သူမ ရုတ်တရတ် ဒါကို ပြုလုပ်နိုင်တယ်လို့ ခံစားမိသည်။


လူတွေက သူတို့လုပ်ကိုင်လိုသည့် ဆန္ဒရှိနေသရွေ့ ဘာမဆို လုပ်ကိုင်နိုင်သည်။


ကျိုးချင်းပိုင်သည် သူမက မည်သည့်ငြင်းပယ်မှုကိုမှ လက်ခံမည်မဟုတ်ကြောင်း သိနားလည်၍ သူမကို သူ့ဒဏ်ရာတွေအား ပြသရန် အထဲဝင်ပြီး အဝတ်အစားများကို ခွတ်ပြရုံမှလွဲ၍ သူ့မှာ အခြားရွေးချယ်စရာမရှိပေ။ လင်းချင်းဟယ်သည် အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူ့ဒဏ်ရာပေါ်ရှိ အမာရွတ်ကို မြင်တွေ့လိုက်ရသောအခါတွင် သူမနှလုံးသား နာကျင်သွားတာကို မတားဆီးနိုင်ပေ။

 

 “ရှင့်အဝတ်တွေကို မြန်မြန်ဝတ်ပြီး အနွေးကုတင်ပေါ်မှာ ချက်ချင်လှဲလိုက်။” လင်းချင်းဟယ်က အမိန့်ပေးသည်။


ကျိုးချင်းပိုင်သည် သူ့အဝတ်အစားများကို နာခံစွာ ဝတ်ဆင်လိုက်သည်။ ရာဿီဥတုက တော်တော်လေး အေးနေသေးသည်။ “မင်း အိမ်မှုကိစ္စတွေ လုပ်စရာ ကျန်နေသေးလား။” လို့ ဖွင့်ဟမေးမြန်းသည်။


“အင်း” လင်းချင်းဟယ် ခေါင်းညိတ်သည်။


ကျိုးချင်းပိုင်က သူမကို ကြည့်နေပြီး သူမဆီက ညွှန်ကြားချက်များကို စောင့်ဆိုင်းနေတာ သိသာထင်ရှားပါသည်။


“ရှင် ကျွန်မအတွက် အနွေးကုတင်ပေါ်မှာ လှဲပြီး ရှင့်ဒဏ်ရာတွေကို လုံးဝသက်သာပျောက်ကင်းတဲ့အထိ နာနာခံခံနေပါ။” လင်းချင်းဟယ်က ပြောသည်။


ကျိုးချင်းပိုင်က သူမကို ဆက်စိုက်ကြည့်မြဲ စိုက်ကြည့်နေရင်း “ကိုယ့်ခန္ဓာကိုယ်က ဒဏ်ရာတွေက သက်သာနေပါပြီကွာ။”


 “အဲ့တာက သက်သာတယ်ဆိုရုံပဲလေ။ လုံးဝပျောက်ကင်းသွားတယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ ရှင် အလုပ်လုပ်ချင်ရင် နောက်နှစ်ကျရင် အကုန်လုံးလုပ်။ အခု လိုအပ်တာအားလုံး လုပ်ပြီးသွားပြီ။ အခု မြန်မြန်အိပ်လိုက်တော့။ ကျွန်မ စိတ်အခြေအနေက သိပ်ကောင်းနေတာ မဟုတ်ဘူး။ ဒါ့ကြောင့် ရှင် ကျွန်မဒေါသထဲကို မီးထပ်မမွှေးနဲ့။”လင်းချင်းဟယ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။


ဘာကို သက်သာတယ်လို့ ပြောတာလဲ။ သူမ အဲ့ဒီဒဏ်ရာကို မြင်လိုက်ရုံနဲ့ နာကျင်သွားသလို ခံစားမိနေနိုင်တာကို။


ကျိုးချင်းပိုင်က သူမ တကယ် ဒေါသထွက်နေတာကို တွေ့တော့ သူ တော်တော်လေး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူမက တကယ် ဒေါသထွက်လွယ်တာပဲ။ သူ အနားယူရန်အတွက် ကလေးတွေရဲ့ အနွေးကုတင်ပေါ်သို့ ပြန်လာလိုက်ရသည်။


လင်းချင်းဟယ်သည် လောင်စန်းကို သူနှင့်အတူထားကာ စောင့်ကြည့်ခိုင်းလိုက်သည်။ ထို့နောက် သူမသည် အနွေးကုတင်ကို အပူပေးရန် လုပ်သည်။


ထိုအချိန်၌ လောင်တနှင့် လောအာ့တို့ လျှောက်လည်ရာမှ ပြန်ရောက်လာသည်။ ဒီညီအစ်ကိုနှစ်ယောက်သည် အပြင်သို့ထွက်ပြီး သူတို့အဖေပြန်‌ရောက်လာတာကို ကြွားလုံးထုတ်ခဲ့သည်။ အဲ့တာက အဝတ်အစားတွေကို ဝတ်ဆင်ရတာထက် သူတို့ကို ပျော်ရွှင်စေပါသည်။


 “မင်းတို့အဖေက မနေ့ညက နှင်းမုန်တိုင်းကိုဖြတ်ပြီး စွန့်စွန့်စားစား ပြန်လာခဲ့ရတယ်။ သူ သိပ်နေမကောင်းဘူး။ မင်းတို့ အနွေးကုတင်ပေါ်သွားပြီး သူနဲ့ စကားသွားပြောချေ။” လင်းချင်းဟယ်က အကြံပေးလိုက်သည်။


လောင်တနှင့် လောင်အာ့တို့သည် သူတို့အဖေ ကျိုးချင်းပိုင်အပေါ် ကြောက်ရွံ့ရိုသေ လေးစားကြသည်။ ထို့ကြောင့် သူတို့အမေပြောတာကို ကြားလိုက်တာနဲ့ သူတို့နှစ်ယောက်လုံး သူတို့အဖေအနားသို့ သွားကြသည်။

 

ကျိုးခငျ်းပိုင်သည် သူ့သားကြီးနှစ်ယောက် ဝင်လာတာကို တွေ့လိုက်ရသဖြင့် အနားကိုလာရန် လက်ဟန်ပြလိုက်သည်။


လောင်တနှင့် လောင်အာ့တို့သည် သူ့အနားသို့ အပြေးအလွှား သွားကြည့်ကြသည်။


လောင်တက “အမေက အဖေ နေမကောင်းဘူးလို့ ပြောတယ်။ ဒ့ါကြောင့် အဖေ များများ အနားယူရမယ်။” ဟု ကြွေးကြော်ပြောဆိုသည်။


“ဟုတ်တယ်။ နောက်ဆုံးအကြိမ် လောင်စန်းလေး နေမကောင်းဖြစ်တုန်းကလည်း အမေ တစ်ညလုံး မအိပ်ပဲပြုစုခဲ့ရသေးတယ်။” လောင်အာ့က ခေါင်းညိတ်ထောက်ခံသည်။


လောင်စန်းသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က အအေးမိခဲ့သည်။ လင်းချင်းဟယ်သည် သူမကူးပြောင်းလာကတည်းက သေသေချာချာ ဂရုစိုက်ပေးနေခဲ့သော်လည်း သူလေးက အအေးမိခဲ့သေးသည်။ ထိုညက သူမ တစ်ညလုံး မအိပ်ပဲ သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။ လောင်တနှင့် လောင်အာ့တို့က ထိုအကြောင်းကို နောက်တစ်နေ့ မနက်မိုးလင်းမှပဲ သိရှိခဲ့ကြသည်။


ကျိုးချင်းပိုင်သည် ဇနီးဖြစ်သူက သားသုံးယောက်ကို ပြုစုစောင့်ရှောက်ပေးရတာ မလွယ်ကူမှန်းကို သိသော်လည်း ကလေးတွေ နေမကောင်းဖြစ်ချိန်တွင် သူမ တစ်ညလုံး မအိပ်စက်ပဲ ပြုစုစောင့်ရှောက်ပေးလိမ့်မယ်လို့တော့ မထင်ခဲ့ချေ။


“အဖေ ပြန်မသွားတော့ဘူးဆို။’ လောင်တရဲ့မျက်လုံးလေးတွေက တောက်ပနေသည်။


လောင်အာ့သည်လည်း သူ့ကို မျှော်လင့်တကြီး မကြည့်ပဲ မနေနိုင်ခဲ့ပါ။


ဒီအကြောင်းကို သူတို့သူငယ်ချင်းလေးတွေ ပြောတာကို ကြားခဲ့ရတာ မဟုတ်ပါ။ သူတို့ ဒီအကြောင်းကို သူတို့အဖေက ပြန်မသွားတော့ပဲ ရွာမှာပဲ အခြေချနေထိုင်တော့မယ်ဆိုတာကို လူကြီးတချို့ ပြောဆိုနေတာကို ကြားလိုက်ရသည်။


“မသွားတေ့ာဘူး။” ကျိုးချင်းပိုင်က အတည်ပြုပြောလိုက်သည်။


“အဲ့တာ အရမ်းကောင်းတာပဲ။” လောင်တနှင့် လောင်အာ့တို့က စိတ်လှုပ်ရှားသွားကြသည်။

 

ထုံးစံအတိုင်း ကလေးတွေက အတွေး‌မများတတ်ကြဘူး။ သူတို့စိတ်တွေက ရိုးရှင်းကြသည်။ သူတို့အဖေကို အိမ်မှာပဲ နေစေချင်ကြသည်။ ဒါပေမယ့် သူတို့အဖေက အိမ်မှာနေရင် သူတို့မိသားစုအတွက် ဝင်ငွေရနိုင်မှာ မဟုတ်ကြောင်းကို သူတို့ မသိရှိကြဘူး။


အပြင်ဖက်က‌ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို အာဟာရပြည့်ဝသည့် စွပ်ပြုတ်ကို ချက်ပြုတ်ကျွေးမွေးဖို့ စဥ်းစားနေချိန်တွင် အခန်းအတွင်းမှ ရယ်မောသံတွေကို ကြားလိုက်ရသည်။


နောင်အခါတွင် သားအဖကြား ဆက်ဆံရေး ပိုမိုဆိုးရွားလာမည် ဖြစ်သော်လည်း ဒီကလေးသုံးယောက်သည် ယခုအချိန်တွင် သူတို့အဖေအပေါ် သဘာဝအတိုင်း ယုံကြည်အားကိုးမှု ရှိကြသည်။


နောက်ဆုံး၌ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်ဖွံ့ထွားသည်။ သူက ရွာရှိအခြားကလေးအဖေတွေထက် ပိုသန်မာပြီး ပိုမိုသာလွန်သည့်ပုံပေါ်သည်။ ဒါ့ကြောင့် သူတို့က သူ့ကို အသိအမှတ်ပြုရတာကို ဝမ်းသာကြသည်။

 

လင်းချင်းဟယ်သည် ပင်လယ်ရေမှော်နံရိုးစွပ်ပြုတ်ကို အိုးလိုက်တည်ခင်းစားသောက်ရသည့် အိုးလေးဖြင့် ချက်ပြုတ်ထားသည်။ ပြီးတော့ သူ့ခန္ဓာကိုယ်ဟာ ဒဏ်ရာအကြွင်းအကျန်တွေ ရှိနေသေးတာကို သူမ သိလိုက်ရသည်။ ဒီအတွက် သူမ သေချာပြုစုပေးရမည်။


ထို့နောက် သူမသည် အာလူးနှင့် ပုဇွန်ဆိတ်စွပ်ပြုတ်ထဲကို ဝက်ဗိုက်သားထည့်ကာ ချက်ပြုတ်လိုက်သည်။ ဝက်နံရိုးစွပ်ပြုတ်ကို ဗီလိန်လေးတွေရဲ့ဖခင်ဖြစ်သူအတွက် အထူးပြုလုပ်ပေးထားသည်။ သူမနှင့် ကလေးတွေ အတွက်ကတော့ ပုဇွန်ဆိတ်စွပ်ပြုတ်ရှိလေသည်။


နေ့လည်ခင်း ၁၁နာရီအချိန်လောက်တွင် သူမတို့မိသားစုတို့ စားသောက်ဖို့ အသင့်ဖြစ်သွားပြီ။


လူနာအတွက်စွပ်ပြုတ်သည် ကျိုးချင်းပိုင်တစ်ယောက်တည်း စားသောက်ရန် ဖြစ်သည်။ လောင်တနှင့် လောင်အာ့တို့ကလည်း ဒါကို လိုချင်တဲ့စိတ်ဆန္ဒ မရှိကြဘူး။ သူတို့က သူတို့ ပုဇွန်ဆိတ်စွပ်ပြုတ်သောက်ရတာ အဆင်ပြေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။


ကျိုးချင်းပိုင်က လင်းချင်းဟယ်ကို ရုတ်တရတ် လှမ်းကြည့်လိုက်သည်။


လင်းချင်းဟယ်က ရှင်းပြသည်။ “ကလေးတွေက သူတို့အဖေ နေမကောင်းတော့ အာဟာရလိုအပ်တယ်ဆိုတာကို သိကြတယ်လေ။ ကျွန်မကလေးတွေက အစားအသောက်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့အဖေနဲ့ ရန်ဖြစ်မှာ မဟုတ်ဘူး။”