အခန်း(၃၉)မင်းကအိမ်ထောင်စုရဲ့တာ၀န်ခံပဲ
Viewers 40k

အခန်း(၃၉) - မင်းက အိမ်ထောင်စုရဲ့ တာဝန်ခံပဲ 


ထိုစကားလုံးတွေက လောင်တကို သူ့ရင်ဘတ်လေးအား ဖောင်းကြွစေပြီး လောင်အာ့က သားရည်ကျနေတာ ရပ်သွားကာ သူ့မျက်လုံးတွေ တောက်ပလာခဲ့သည်။ 


ဒါပေမယ့် ကျိုးချင်းပိုင်က နံရိုးကို မိခင်နှင့် သားတွေအတွက် ခွဲဝေပေးပြီး ဟင်းရည်ကို သောက်ခဲ့သည်။ 


လောင်တနှင့် လောင်အာ့၏ အမူအရာက သူတို့ မည်မျှ သဘောကျနှစ်သက်သွားကြောင်း ပြသနေသည်။ 


အဖေက စားဖို့ ဝန်လေးနေပြီး သူတို့ကို ပေးခဲ့တယ်။ 


လင်းချင်းဟယ် : ရှင်က သူတို့ကို ဘယ်လို ချစ်ပြရမယ်ဆိုတာ တကယ် သိသားပဲ။ 


ဒီစွပ်ပြုတ်၏နံရိုးအသားက ရိုးရိုးရှင်းရှင်းနဲ့ ကောင်းမှကောင်းပဲ။ 


သို့တိုင် သူမသည် သူ၏စေတနာကို လက်ခံခဲ့သည်။ သူမသည် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကျိုးချင်းပိုင်ကလည်း သူမကို ကြည့်နေသည်။ 


“ မြန်မြန်စားလေ…… စားပြီးတာနဲ့ အနွေးကုတင်မှာ အနားယူလိုက်။ ရာသီဥတုက တော်တော်အေးတယ် “ လင်းချင်းဟယ်သည် ဂရုမစိုက်သလို ဟန်ဆောင်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ 


တစ်မိသားစုလုံး စားသောက်ပြီးနောက် ကျိုးချင်းပိုင်သည် ပန်းကန်ခွက်ယောက်များကို သန့်ရှင်းရေးလုပ်ရန် ပြင်လိုက်သော်လည်း လင်းချင်းဟယ်က လောင်စန်းကို သူ့ထံသို့ လှမ်းပေးလိုက်သည်။ သူမကိုယ်တိုင် သန့်ရှင်းရေး လုပ်လိုက်သည်။


အဲဒီစကားပဲ ရှိသေးသည်။ နောင်အနာဂါတ်မှာ အလုပ်လုပ်ရန် ရက်ပေါင်းများစွာ ရှိ၍ ဒီအခိုက်အတန့်အတွက် စိုးရိမ်နေစရာ မလိုပါဘူး။ 


သို့သော်လည်း ကျိုးချင်းပိုင်သည် ထိုင်ပြီးနေနိုင်သူ မဟုတ်ကြောင်းမှာ သိသာထင်ရှားလှသည်။ တစ်နေကုန် အနားယူရမှာကို သူ သည်းမခံနိုင်ဘူး။ တစ်ရေးတစ်မော အိပ်ပြီးနောက် အိမ်နောက်ဖေးကို ရှင်းလင်းရန် သွားခဲ့သည်။ 


သူ တကယ် လှဲလျောင်း အနားမယူချင်ဘူးဆိုတာကို မြင်တော့ လင်းချင်းဟယ်က သူ့ကို မတားရန် ဆုံးဖြတ်လိုက်သည်။ 


နေ့ခင်းဘက်တွင် ကျိုးအမေသည် ပြန်ရောက်လာသည်။ လင်းချင်းဟယ်သည် လိုအပ်လျှင် ဝုန်းဒိုင်းကြဲနေပြီ ဖြစ်သည်။ ဒါကြောင့် ပုံမှန်အတိုင်း သူမသည် အဆင်ပြေသလိုနေပြီး ခွင့်မလွှတ်သလို မနေနိုင်ဘူး။ သူမသည် အတိအလင်း ဖွင့်ဟပြောသည်။ “ ကျွန်မ နေနိုင်တယ်။ ဒါပေမယ့် ရှင်တို့တွေ ကျွန်မအပေါ် ရမယ်ရှာတယ်လို့ ကြားတာနဲ့ အထုတ်အပိုးပြင်ပြီး ချက်ချင်း ကျွန်မ ထွက်သွားမှာ “ 


ဒီနေ့ ကျိုးအမေသည် စိတ်ထိခိုက်နေသည်။ ကျိုးအဖေကလည်း အိမ်မှာ စိတ်ဓာတ်ကျနေသည်။ မှန်တာပေါ့…… ကျိုးအဖေက လင်းချင်းဟယ် ထွက်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူးလေ။ သား၏ အငြိမ်းစားအနားယူခြင်းကြောင့် စိတ်ဓာတ်ကျနေခြင်း ဖြစ်သည်။ ဒါပေမယ့် သားဖြစ်သူ ဒဏ်ရာရလာကြောင်း သူ့ဇနီးဖြစ်သူ ပြောတာ နားထောင်ပြီးတဲ့ နောက်မှာတော့ ထိုကိစ္စကို သူ နောက်ထပ် ဂရုမစိုက်တော့ဘူး။ ချက်ချင်းပင် သူသည် ကျိုးအမေကို ပိုက်ဆံနည်းနည်း ယူသွားပေးရန် ပြောလိုက်သည်။ 


ကျိုးအမေသည် သူမစကားကြားတော့ ပိုက်ဆံကို မထုတ်ရသေးဘူး။ သူမက မြန်မြန် တုံ့ပြန့်လိုက်သည်။ “ စိတ်ချပါ။ မင်းက အခု အိမ်ခွဲပြီးသွားပြီဆိုတော့ မိသားစု နှစ်စု ဖြစ်သွားပြီ။ မင်း ဒီမှာ ဘယ်လို နေထိုင်တယ်ဆိုတာ ကျိုးအိမ်က ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ မင်းမှာ အပြစ်ရှိတယ်လို့ ဘယ်သူမှ ပြောမှာ မဟုတ်ဘူး “ 


“ လောင်တအဖေရဲ့ဒဏ်ရာကို ကြည့်ရတာ သေချာကျကျနန မကုသရင် ထပ်တလဲလဲ ရောဂါ ပြန်ဖြစ်နိုင်လိမ့်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ မဖြစ်ချင်ဘူး။ ပြီးတော့ နောက်ပိုင်း ဆေးကျိုပြီး သူ့ကို တိုက်ကျွေးဖို့ လိုတယ်။ ကြက်ရောင်းချင်တဲ့သူ တစ်ယောက်ယောက် ရှိ မရှိ ရှာကြည့်ပေးနိုင်မလား။ တကယ်လို့ ရှိရင် နှစ်ကောင် ဝယ်ပေးပါဦး “ လင်းချင်းဟယ်က ပြောသည်။ ပြီးနောက် မကျေမနပ်မျက်နှာဖြင့် “ အရင်ဘဝက ဘာအပြစ်တွေများ ကျူးလွန်မိခဲ့မှန်း မသိတော့ပါဘူး။ ဒီဘဝမှာ ဒီလိုလူမျိုးနောက် လိုက်ပါရတယ်။ ပထမ သူ့သားတွေကို လုပ်ကျွေးရတယ် အခု သူ့ကို လိုလေသေးမရှိ ပြုစုပေးရဦးမယ်။ ကျွန်မကတော့ ခက်ခဲကြမ်းတမ်းတဲ့ဘဝနဲ့ နေထိုင်ဖို့ မွေးဖွားလာရတာပဲ “ 


သူမ၏ညည်းညူသံတွေကို နားထောင်နေရသော်လည်း ကျိုးအမေ၏ နှလုံးသားထဲမှာ ဖိထားသည့် ကျောက်တုံးကြီးကတော့ ပြုတ်ကျသွားသည်။ 


သူမ ညည်းညူချင်သလောက် ညည်းညူပါစေ။ နောက်ဆုံးတော့ သူမ(လင်းချင်းဟယ်)က သူမသားအတွက် အာဟာရဖြည့် ကျွေးမွေးရန် ကြက်ဖမ်းချင်စိတ် ရှိနေသေးသည်။ အဲဒါ မကောင်းဘူးလား။ 


“ ဒါပေမယ့် ကျိုးမိသားစုရဲ့အိမ်က ကြက်ကို မလိုချင်ဘူး။ အခု တတိယမရီးက မီးဖွားတော့မယ်။ ကျွန်မတို့မိသားစု စားလိုက်လို့ သူမ မီးဖွားပြီး မီးတွင်းထဲရှိနေစဉ်အတွင်း ကြက်သားတောင် မစားလိုက်ရဘူးလို့ အပြောမခံနိုင်ဘူး “ လင်းချင်းဟယ်က ထောက်ပြသည်။ 


အစောပိုင်းက ကျိုးအမေသည် သူမအိမ်မှ နှစ်ကောင်ကို ဖမ်းပေးချင်ခဲ့သည်။ ကျိုးမိသားစုတွင် ကြက်ဥ ဥပေးနိုင်သော ကြက်မရှစ်ကောင် ရှိသည်။ ယခုအချိန်တွင် လူဦးရေအရ ကြက်များကို မွေးမြူရပြီး လူနှစ်ယောက်လျှင် ကြက်တစ်ကောင် မွေးမြူနိုင်သည်။ 


ကျိုးမိသားစုတွင် မြေးများအပါအဝင် စုစုပေါင်း ၁၇ ယောက် ရှိသည်။ ဒါကြောင့် ကြက်ရှစ်ကောင်ကို မွေးမြူထားသည်။ 


ကြက်ရှစ်ကောင်က များတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ စားဖို့ မလောက်ပါဘူး။ ပြီးတော့ ဆား စသည့် ဝယ်ယူရန် ကြက်ဥများကို ရောင်းချဖို့အတွက် သိမ်းဆည်းထားသင့်သေးသည်။ 


ထိုကြောင့် ချွေချွေတာတာ စေ့စပ်သေချာစွာ နေထိုင်ခဲ့သော ကျိုးမိသားစုအတွက် ကြက်ဥများသည် အဖိုးတန်လှသည်။ 


ပထမက ကြက်မနှစ်ကောင်ကို ဖမ်းယူပေးရန် စိတ်နှလုံး ခိုင်ခိုင်ထားခဲ့သော ကျိုးအမေသည် လင်းချင်းဟယ် ထိုသို့ပြောတာ ကြားပြီးတဲ့နောက် ထိုအတွေးကို သူမစိတ်ထဲမှ ထုတ်ပစ်လိုက်သည်။ 


ကံကောင်းထောက်စွာဖြင့် ကျိုးအမေက ရွာထဲမှာ အရမ်း နာမည်ကြီး လူသိများသည်။ ကြက်မနှစ်ကောင် ဝယ်ယူခြင်းက ကြီးကြီးမားမား ကိစ္စ မဟုတ်တော့ဘူး။ သူမသည် ချည်နှောင်ထားသော ကြက်မနှစ်ကောင်နှင့်အတူ အလျင်အမြန် ပြန်ရောက်လာသည်။ 


သူမ၏ပင်ကိုစရိုက်နှင့် ကွာဟချက် မရှိစေရန် အလို့ငှာ လင်းချင်းဟယ်သည် ကျိုးအမေကို တစ်ပြားတစ်ချပ်မှ မပေးလိုက်ဘူး။ ကျိုးမူကလည်း စကားတစ်ခွန်းတောင် မပြောဘူး။ 


ဘာကြောင့်လဲဆိုတော့ ဒီကြက်နှစ်ကောင်ကို သူမသားငယ်ရဲ့ ခန္ဓာကိုယ်အား အာဟာရဖြစ် အားဖြည့်ပေးရန် အသုံးပြုမယ်ဆိုတာ သူမ သိနေတာကြောင့် ဖြစ်သည်။ ပြီးတော့ သူမမြေးသုံးယောက်လည်း စားလိမ့်မည်။ လင်းချင်းဟယ်အတွက်ကတော့ သူမက လူတစ်ယောက်စာပဲလေ။ သူမ စားရင်လည်း ဘယ်လောက် စားနိုင်မှာမလို့လဲ။ 


သူမသည် အိတ်ကပ်ထဲမှ ယွမ်နှစ်ရာကို လျှို့ဝှက်စွာ ထုတ်ယူလိုက်ပြီး အားလုံးသည် ဆယ်ယွမ်စီ တွဲထားကာ အထုပ်ကြီး တစ်ထုပ်ထဲတွင် ထည့်ထားသည်။ 


“ ဘာလုပ်တာလဲ “ လင်းချင်းဟယ်သည် စကားမပြောခင် ခဏမှင်တက်အေးခဲသွားသည်။ 


“ ငါတို့တွေ ဒါကို စတုတ္ထငွေပို့တုန်းက စုဆောင်းထားခဲ့တာ။ အကြီးဆုံးနဲ့ ဒုတိယအတွက် အခန်းနှစ်ခန်း ဆောက်လုပ်ပြီးတော့ ဒီလောက်ပဲ ကျန်တော့တယ်။ ကျေးဇူးပြုပြီး ဒါကို သိမ်းထားလိုက်ပါ။ နောက်ပိုင်း လောင်တနဲ့ သူ့ညီတွေ အရွယ်ရောက် ကြီးပြင်းလာတဲ့အခါ နေရာတိုင်းမှာ ပိုက်ဆံသုံးဖို့ လိုအပ်လာလိမ့်မယ် “ ကျိုးအမေသည် အင်တင်တင် ဖြစ်နေသော်လည်း ဒီငွေ ယွမ်နှစ်ရာကို ထုတ်ယူပေးဆဲ ဖြစ်သည်။ 


အဲအချိန်တုန်းက စတုတ္ထရဲ့ဇနီး အိမ်ခွဲသွားသောအခါ ကျိုးချင်းပိုင်၏ ကျန်ရှိသောငွေကို အသုံးပြုပြီး တခြားသုံးယောက်အတွက် အခန်းတစ်ခန်းစီ ဆောက်လုပ်ပေးရန် သူတို့ ဆုံးဖြတ်ခဲ့ကြသည်။ ဒါမှသာ သူတို့ပါးစပ်ပေါက်ကို ပိတ်နိုင်မည်။ 


ထိုအချိန်က အုတ်နဲ့ အုတ်ကြွပ်ပြားတွေသည် အခုထက် အများကြီး ဈေးသက်သာသည်။ တစ်စတုရန်းမီတာ၏ ဈေးနှုန်းက လေးယွမ် သို့မဟုတ် ငါးယွမ် ရှိသည်။ ပြီးတော့ အရမ်းလည်း မကြီးဘူး။ လင်းချင်းဟယ်၏ တစ်ယောက်ခန်း နှစ်ခန်းနှင့် အိမ်ရှေ့ခန်းက ၅၀ စတုရန်းမီတာသာ ရှိသည်။ ပြီးတော့ လုပ်အားခစရိတ်လည်း မကုန်ကျဘူး။ ကျိုးအဖေက ကျိုးညီအစ်ကိုအပါအဝင် လူတွေကို ကူညီပေးရန် ခေါ်ထားခဲ့တာကြောင့် အများကြီး မကုန်ကျခဲ့ဘူး။ 


ဒါပေမယ့် အခုမူကား တစ်စတုရန်းမီတာက ဆယ်ယွမ် နီးပါး ဖြစ်ပြီး နှစ်ဆ ဈေးတက်သွားသည်။ ယွမ်တစ်ထောင်၊ နှစ်ထောင် မရှိဘဲ ကျယ်ဝန်းသော အုတ်အိမ်တစ်လုံး ဆောက်ရန် မဖြစ်နိုင်တော့ပေ။ 


ထိုအချိန်က ကျိုးချင်းပိုင်၏ ပိုက်ဆံကို အသုံးပြုပြီး အခြားသုံးယောက်ကို သူတို့ကိုယ်ပိုင်အခန်း

တစ်ခန်းစီ ထားပေးပြီးမှသာ သူတို့တွေက ကန့်ကွက်ခြင်း မရှိခဲ့တော့ပေ။ 


ဒါက အခု ကျန်တဲ့ပိုက်ဆံပဲ။ 


ကျိုးဇနီးမောင်နှံနှစ်ဦးတွင် သူတို့၏ ကိုယ်ပိုင်အငြိမ်းစား ရန်ပုံငွေ ရှိနေသေးတာကြောင့် ဒါကို သူတို့က မည့်သည့်ကိစ္စပဲရှိရှိ မထိခဲ့ဘူး။ 


အခြားအကျိုးကျေးဇူးများကို လင်းချင်းဟယ်က ရယူထားခဲ့ပြီးပြီ။ ဒါကြောင့် ဒီယွမ်နှစ်ရာကို လင်းချင်းဟယ်က ချန်ထားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ 


“ လောင်တအဖေက ရှင်တို့လူကြီးနှစ်ယောက်ရဲ့ ပိုက်ဆံကို ကျွန်မ ယူထားတာ သိရင် သူနဲ့ ကျွန်မ စကားများ ရန်ဖြစ်လိမ့်မယ် “ လင်းချင်းဟယ်က ထိုသို့ အကြောင်းပြသည်။ 


“ ဒါက အစကတည်းက စတုတ္ထ ရှာထားတဲ့ ပိုက်ဆံပဲလေ။ ဒီနှစ်တွေအတွင်းမှာ ဒါကို သူ့အတွက် သိမ်းဆည်းထားပေးခဲ့တာ။ အခု သူ ပြန်ရောက်လာပြီ။ ဒီတော့ ပိုက်ဆံကို သူ့ဆီ ပြန်ပေးရမှာပေါ့။ ဘယ်သူကမှ ဘာမှ ပြောမှာမဟုတ်ပါဘူး။ ဒီကြက်နှစ်ကောင်ကိုလည်း ဒီပိုက်ဆံနဲ့ပဲ ဝယ်ခဲ့တာ “ ကျိုးအမေက ဆက်ပြောသည်။ 


လင်းချင်းဟယ်က လက်ခံဖို့ ဆန္ဒမရှိဘူး။ ဒါပေမယ့် ကျိုးအမေက သူမကို မရမကပေးနေသည်။ ဒါကြောင့် သူမသည် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ လက်ခံလိုက်သည်။ သူမက ကတိပေးသည်။ “ ကျွန်မ ဒါကို ကျွန်မရဲ့ အမေတို့မိသားစုအတွက် မသုံးပါဘူး။ ကျွန်မတို့ရဲ့ နေထိုင်စရိတ်အတွက် သိမ်းထားလိုက်ပါ့မယ် “ 


ကျိုးအမေသည် သူမစကားကြောင့် စိတ်ကျေနပ်သွားသည်။ သူမသည် ပိုပြီး ချွေချွေသာသာနဲ့ စေ့စပ်သေချာစွာ နေထိုင်ရန်နှင့် အသုံးအဖြုန်းမကြီးရန် စသည့် တခြားသော အကြောင်းအရာများအတွက် အကြံဉာဏ် အနည်းငယ် ပေးချင်ခဲ့သည်။ သူမ(လင်းချင်းဟယ်) နားမထောင်မှာ ခန့်မှန်းမိသောကြောင့် သူမသည် ဘာမှတ်ချက်မှ မပြောတော့ပေ။ 


ကျိုးအမေ အိမ်ပြန်သွားသောအခါ သူမသည် တခြားချွေးမသုံးယောက်အား စတုတ္ထရဲ့ဇနီးသည် ကြက်တွေကို ငွေပေးချေခဲ့တယ်လို့ ပြောပြခဲ့သည်။ 


ကြက်တွေကို ဖမ်းဆီးရန် သူမ ကူညီပေးခဲ့ကြောင်းကိုလည်း မဖုံးကွယ်ခဲ့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာ ပိုကောင်းသည်။ 


အကြီးဆုံးမရီးနှင့် တတိယမရီးက ဘာမှမပြောဘူး။ အမှန်တကယ်တော့ သူတို့နှစ်ယောက်လုံး အနည်းငယ် စိတ်သက်သာရာရသွားသည်။ အထူးသဖြင့် တတိယမရီးပေါ့။ ကလေးကို နောက်လထဲ မွေးလိမ့်မယ်လို့ သူမ အကြမ်းဖျင်း တွက်ချက်ထားခဲ့သည်။ သူမခန္ဓာကိုယ်ကို အာဟာရဖြည့်စွက်ရန် သူမအတွက် မိသားစုက ကြက်တစ်ကောင်သာ ပေးနိုင်သည်။ တကယ်လို့ စတုတ္ထမတ်ရဲ့အိမ်ကို လက်ဆောင်ပေးလိုက်ရင် အများဆုံး ကြက်ဥတစ်ချို့ကိုသာ သူမ စားရတော့မည်။ 


အကြီးဆုံးမရီးကလည်း အတူတူပါပဲ။ သူမက နောက်နှစ် မတ်လမှာ ကလေးမွေးလိမ့်မည်။ သူမလည်း အာဟာရဖြည့်စွက်ရန်အတွက် ကြက်များကို မွေးထားချင်သည်။ 


ဒုတိယမရီးက နှုတ်ခမ်းဆူလိုက်သည်။ စတုတ္ထရဲ့မိသားစုဆီ ငွေဘယ်လောက်တောင် ကျိုးအမေက ပေးလိုက်သည့်အကြောင်း သူမစိတ်ထဲတွင် တွေးတောနေမိသည်။ 


ထိုအကြောင်းကို သူမ စိတ်ထဲသာ ထည့်ထားပြီး ကျယ်ကျယ်လောင်လောင် ထုတ်မပြောရဲပေ။ ကျိုးအမေက စတုတ္ထရဲ့ဇနီးကို အမှန်တကယ်ပင် သည်းခံနိုင်သည်။ သူမတို့ကိုတော့ ကျိုးအမေက အရမ်း စည်းကမ်း တင်းကျပ်လွန်းသည်။ 


လင်းချင်းဟယ်ဘက်တွင် သူမသည် ကျိုးချင်းပိုင်ကို ဖွင့်ဟဝန်ခံရန် ချက်ချင်းပင် အိမ်နောက်ဖေးသို့ သွားလိုက်သည်။ 


“ အစကတည်းက ကျွန်မက အမေ့ပိုက်ဆံကို လက်မခံချင်ပါဘူး။ ဒါပေမယ့် သူမပုံစံကို အကဲခတ်ကြည့်လိုက်တော့ တကယ်လို့ ကျွန်မသာ မယူလိုက်ရင် သူမစိတ်ထဲ ဘယ်လိုတွေးနေမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ရှည်ကြာမယ့် နောင်အနာဂါတ်ခရီးကို တွေးမိလိုက်တာကြောင့် ပိုက်ဆံကို ကျွန်မ လက်ခံထားလိုက်တယ် “ လင်းချင်းဟယ်က ဝန်ခံသည်။ 


ကျိုးချင်းပိုင်သည် ကြက်တဲတစ်ခု တည်ဆောက်နေသည်။ သူမကို တုံ့ပြန်ရင်း သူမကို ကြည့်ကာ ပြောလိုက်သည်။ “ မင်းက အိမ်ထောင်စုရဲ့ တာဝန်ခံပဲ “