အခန်း(၄၀) - နှမ်းဖြူးကြက်သားနှပ်
လင်းချင်းဟယ်က သူ့ရဲ့တည်ကြည်လေးနက်သော စိတ်သဘောထားကို သိသောကြောင့် သူပြောဆိုတာကို လုံးဝကန့်ကွက်ခြင်း မရှိခဲ့ပါ။
“ကြက်တင်းကို အပြေးအလွှားလုပ်နေစရာ မလိုပါဘူး။ ရှင်အားသွားရင် လာပြီး ကြက်သတ်ပေးဦး။ ညနေစာအတွက် ကြက်သားနှပ်လုပ်မယ်။ အဲ့တာက အရမ်းအရသာရှိတယ်။” ဟု လင်းချင်းဟယ်ပြောသည်။
ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။ “ကိုယ် ဒါကို လက်စသတ်လိုက်ဦးမယ်။”
သူ လုပ်လက်စအလုပ် ပြီးပြတ်သွားတော့ ကြက်သတ်ဖို့ အိမ်ရှေ့ကို ထွက်လာခဲ့သည်။ ဒီအလုပ်ကို သူ့လက်ထဲ လွဲအပ်လိုက်တာက ပြီးပြည့်စုံသည်။
လင်းချင်းဟယ်က ရေနွေးပူပူဖြင့် အမွှေးအတောင်တွေကို ဖယ်ရှားဖို့ လွယ်ကူစေရန် ရေနွေးဖျောရန်အတွက် သူ့ကို ပေးလိုက်သည်။ သူမ မီးဖိုတွင် မီးမွှေးလိုက်သည်။ အိုးလိုက်တည်ခင်းရသည့်အိုးဖြင့် ချက်ပြုတ်ထားသည့် ကြက်သားနှပ်က အရသာ အကောင်းဆုံးပါပဲ။ အခုအချိန်မှစပြီး ညနေ ၇နာရီ ဝန်းကျင်လောက်အထိ နှပ်ထားလိုက်ရင် ဒီကြက်သားနှပ်က အရမ်းနူးညံ့ပြီး ပျော့ပျောင်းသွားလိမ့်မည်။
ကြက်သားနှပ်အတွက် အထူးပါဝင်ပစ္စည်းများ မလိုအပ်ပါ။ နှမ်းလက်တစ်ဆုပ်စာသာ လိုအပ်သည်။ စွန်ပလွံသီးများ ထည့်ရန် မလိုပေ။
နှမ်းဖြူးကြက်သားနှပ်သည် အလွန်အရသာရှိပြီး အာဟာရပြည့်ဝသည်။ ကျိုးချင်းပိုင်၏ လက်ရှိအခြေအနေအတွက် အလွန်ပြီးပြည့်စုံသည်။
“ပန်းသီး နည်းနည်းလောက် စားလိုက်ဦး။” လင်းချင်းဟယ်သည် သူ့လက်ကို ဆေးကြောရန်အတွက် ရေနွေးခွက်ကို လှမ်းပေးရင်း ပန်းသီးကိုပါ လှမ်းပေးလိုက်သည်။
ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေသည်။
“ရှင် ကျွန်မကို ဘာကြည့်တာလဲ။” လင်းချင်းဟယ်က မေးသည်။
“ဘာမှ မဟုတ်ပါဘူး။” ကျိုးချင်းပိုင်က ပန်းသီးကို လှမ်းယူလိုက်ပြီး သူမ စားဖို့ တစ်ဝက်လှီးကာ ချန်ထားလိုက်သည်။
လင်းချင်းဟယ်က သူ့ကို မျက်စောင်းထိုးလိုက်ပေမယ့် သူမစိတ်နှလုံးထဲမှာတော့ ကျေနပ်သွားမိသည်။ ဒီအမျိုးသားက တစ်ကိုယ်ကောင်းမဆန်ဘူး။ သူမက “အဲ့တာက ရှင့်အတွက်ပဲ။ ရှင်က လူနာလေ။ ရှင့်ကြောင့် ကျွန်မ ဒီတစ်ခါပဲ လက်ခံပြီး စားလိုက်မယ်။” လို့ ပန်းသီးကို လက်ခံပြီး ပြောလိုက်သည်။
“အဲ့လိုလုပ်စရာ မလိုပါဘူးကွာ။” ကျိုးချင်းပိုင်ပြောသည်။
လင်းချင်းဟယ်က သူ ဆိုလိုသည့် အဓိပ္ပါယ်ကိုသိပြီး သူနဲ့ငြင်းဆိုစကားပြောဖို့ရန် ပျင်းရိမိသည်။ ကြမ်းတမ်းသော အကျင့်စရိုက်ရှိသည့် ဒီအမျိုးသားသည် ချမ်းအေးသော ရာသီဥတုတွင်ပင် တောထဲသို့ ထင်းအရှာခိုင်းသည့်အထိ မူလခန္ဓာပိုင်ရှင်က နှိပ်စက်ညှင်းပန်းခြင်း ခံရသည်မှာ အံ့သြစရာ မဟုတ်ပါ။ ဒဏ်ရာရလာတဲ့အခါ ဘယ်လိုအနားယူရမလဲဆိုတာကိုပင် ဒီလူက မသိနားမလည်ဘူး။
သူမက လှည့်ထွက်သွားပြီး အခန်းထဲသို့ ပြန်ဝင်သွားသောကြောင့် သူမကို လှမ်းကြည့်လိုက်သော ကျိုးချင်းပိုင်၏ နူးညံ့နွေးထွေးသော အကြည့်ကို မဖမ်းမိလိုက်ပါ။
လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့သည် တစ်ရေးတစ်မော အိပ်စက်ရာမှ နိုးလာပြီ ဖြစ်သော်လည်း အနွေးကုတင်ပေါ်မှာ နေရတာက နွေးထွေးလွန်းသောကြောင့် အောက်သို့ မဆင်းချင်ပဲ တစ်ယောက်နဲ့ တစ်ယောက် ကျီစားရယ်မောနေကြသည်။
“အမေ” လင်းချင်းဟယ်က ပန်းသီးတစ်လုံးကို ကိုက်စားရင်း လမ်းလျှောက်လာတာကို မြင်လိုက်ရ၍ သူတို့သုံးယောက်ရဲ့အကြည့်တွေက တောက်ပလာသည်။
“မင်းတို့ အောက်ကို ဆင်းလာပြီး အဝတ်အစားတွေ ဝတ်ပြီးတဲ့အခါကျရင် အမေ သားတို့ကို ပန်းသီး တစ်ယောက်တစ်လုံးစီပေးမယ်။” လင်းချင်းဟယ်က ပြတ်ပြတ်သားသားဆိုသည်။
“ဒီပန်းသီးက အရင်က စားဖူးတာလောက် မကြီးဘူး။ အရင်ကလောက် ချိုမယ့်ပုံလည်း မပေါ်ဘူး။” လောင်တက အဝတ်အစားထပ်ဝတ်ရင်း ထောက်ပြသည်။
“အဲ့တာ အမှန်ပဲ။” လောင်အာ့က ခေါင်းညိတ်ထောက်ခံသည်။
“အဲ့တာ ဘာဖြစ်လဲ။ ပထမတစ်ခါ ဝယ်တုန်းက ခရိုင်မြို့ကနေ ဝယ်လာခဲ့တာလေ။ ပြီးတော့ အခု ဒီပန်းသီးတွေကိုကျ ရွာက ထောက်ပံ့မှုနဲ့ ဝယ်လိုအား သမဝါယမအသင်းက ဝယ်တာလေ။” လင်းချင်းဟယ်က ပန်းသီးကို ကိုက်လိုက်ပြီး လောင်စန်းလေးကို သူကိုယ်တိုင် ဝတ်တတ်အောင် သင်ကြားပေးနေရင်း ပြန်ဖြေသည်။
ခရိုင်မြို့က ပန်းသီးတွေလောက် ကြီးတဲ့ပန်းသီးတွေ သူမ နေရာလွတ်မှာ ရှိပေမယ့် အရေအတွက်က နည်းပါးလွန်းသည်။ သူမ ဝယ်ယူနိုင်သည့် ရင်းမြစ်နေရာရှိပြီး သူမ ခရိုင်မြို့ပေါ်ကို သွားချိန်တိုင်း ဝယ်ယူနိုင်သည့်အတွက် သူမ စိတ်ပူနေစရာ မလိုပေ။
အိမ်မှာရှိတဲ့ ပန်းသီးတွေက သိပ်မကြီးပေမယ့် သူတို့က အနီးအနားနေရာမှ ရရှိတာဖြစ်သည်။ အရသာကလည်း သူမ နေရာလွတ်မှာရှိတဲ့ ပန်းသီးတွေလောက် မကောင်းမွန်ဘူး။
လောင်တနှင့် လောင်အာ့တို့က အဝတ်အစား ဝတ်ဆင်ပြီးတာနဲ့ ပန်းသီးစားဖို့ ထွက်သွားကြသည်။ လောင်စန်းလေးက အဝတ်အစားတွေကို ဖရိုဖရဲ ဝတ်ဆင်ထားသော်လည်း လင်းချင်းဟယ်က သူလေးကို ပြန်မပြင်ဆင်ပေးခဲ့ပေ။ ဒီထက်ပိုပြီး အလေ့အကျင့်ဖြစ်သွားခဲ့ရင် သူလေး လုပ်နိုင်သွားလိမ့်မည်။ လုံလုံခြုံခြုံ ဝတ်ဆင်ထားသရွေ့ အဆင်ပြေသွားလိမ့်မည်။
လောင်စန်းလေးရဲ့ပန်းသီးကို ပန်းသီးသန့်သန့်လေးအဖြစ် လင်းချင်းဟယ်က ပြောင်းပေးခဲ့သည်။ ကောင်ငယ်လေးက အရမ်းစားချင်စိတ်ရှိပြီး အကုန်လုံးကို စားပစ်လိုက်နိုင်သည်။
ညီညွှတ်မျှတစွာ စားသောက်သည့်အတွက်ကြောင့် ကျန်းမာရေး မြန်မြန်ကောင်းမွန်လာတာ ဖြစ်နိုင်သလို သူလေးရဲ့အဖျားကလည်း တနေ့တခြား မြန်မြန်ဆန်ဆန် သက်သာကောင်းမွန်လာခဲ့သည်။
လောင်တနှင့် လောင်အာ့တို့သည် သူတို့အဖေက အိမ်နောက်ဖေးဖက်မှာ ရှိနေမှန်းကို သိ၍ သူတို့အဖေနောက် လိုက်သွားကြသည်။
သူတို့က ပစ္စည်းတွေကို ယူဆောင်ကာ ကူညီပေးကြသည်။ ညီအစ်ကိုတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်များနေကြသည်။
လင်းချင်းဟယ်က လောင်စန်းကိုလည်း သူတို့နဲ့ လာထားသည်။ အချိန်ကိုကြည့်လိုက်တော့ သူမ ညစာပြင်ဆင်ဖို့ အချိန်တန်နေပြီဖြစ်သည်။
ဒီညအတွက် ကြက်သားလည်း ရှိနေသောကြောင့် လင်းချင်းဟယ်သည် ညစာကို အတော်လေး ရိုးရှင်းစွာ ပြင်ဆင်လိုက်သည်။ သူမက ဝက်ဗိုက်သားကျင်းတစ်ဝက်လောက်ဖြင့် ဖက်ထုပ်လုပ်လိုက်သည်။ ဒီညစာကတော့ ဖက်ထုပ်တွေချည်းပါပဲ။ ရိုးရှင်းပြီး အရသာရှိသည်။
ကျောက်မီးသွေးမီးဖိုပေါ်တွင် တစ်နာရီခန့် မီးအေးအေးလေးဖြင့် တည်ထားပြီးနောက် ကြက်သားရဲ့ မွှေးရနံ့ ပေါ်ထွက်လာသည်။
ညီအစ်ကိုသုံးယောက်သည် ထိုအနံ့ကိုရပြီး ကျောက်မီးသွေးမီးဖိုရှေ့တွင် မတ်တပ်ရပ်စောင့်နေကြသည်။ လင်းချင်းဟယ်က သူတို့တွေရှိနေတာကို စိတ်အနှောင့်အယှက် မဖြစ်မိဘူး။
ပြောရမယ်ဆိုရင် သူမ ဒီနေရာကို ကူးပြောင်းလာကတည်းက သူတို့တွေ စားသောက်ဖို့ ကြက်သားဟင်း မချက်ပြုတ်ပေးဖူးဘူး။ ကြက်တစ်ကောင်အတွက် တစ်ယွမ်သာ ကျသင့်သည်။ လယ်သမားမိသားစုတွေက အသားဓာတ်ပါဝင်သည့် ကြက်ဥများကို စားသောက်ဖို့ လိုအပ်သောကြောင့် ရောင်းချလိုသည့် ဆန္ဒမရှိကြပေ။
လင်းချင်းဟယ်သည် ခရိုင်မြို့ကို သွားရောက်ခဲ့သော်လည်း ကြက်သားရောင်းချတာကို မတွေ့ရှိခဲ့ပေ။
ဒ့ါကြောင့် သူမ အခုအချိန်အထိ ကြက်သားကို မချက်ပြုတ်ရသေးသည့် အကြောင်းပင် ဖြစ်သည်။ အခု သူတို့ ဒါကို လောဘတကြီးစားချင်နေတာ မုံမှန်ပါပဲ။
ကျိုးချင်းပိုင်က အလုပ်များကို သွက်လက်စွာ လုပ်ကိုင်လိုက်သည်။ တစ်ရက်အတွင်း ကြက်ခြံဆောက်ရတာ အလုပ်သိပ်မများလှပေ။ သူတို့မိသားစုက ကြက်သုံးကောင်လောက် မွေးမြူနိုင်ရုံနဲ့ လုံလောက်ပါသည်။
မိသားစုဝင် ကိုးယောက်ရှိပြီး ဆယ်ယောက်မပြည့်သည့် အိမ်များတွင် ကြက်ငါးကောင် မွေးမြူထားရုံနဲ့ အဆင်ပြေနိုင်သည်။ မိသားစုဝင် ဆယ့်တစ်ယောက်ရှိသည့် အိမ်ထောင်စုသည်ပင် ကြက်ငါးကောင် မွေးမြူထားရုံနဲ့ လုံလောက်ပါသည်။
ထို့ကြောင့် တစ်ဆယ်သည် ဝေခြမ်းပေးသည့် အတိုင်းအတာအတွက် အနီးဆုံးကိန်းပြည့်ဖြစ်သည်။
“အိမ်မှာ ဝက်မွေးချင်လား။’ လင်းချင်းဟယ်က လွတ်နေသော ခြံကို ကြည့်ပြီး မေးလိုက်သည်။
“ကိုယ်တို့ မွေးနိုင်လား။” ကျိုးချင်းပိုင်က သူမကို အံ့အားတကြီးကြည့်ပြီး မေးလိုက်သည်။
သူက သူမဟာ သန့်ရှင်းစင်ကြယ်မှုကို နှစ်သက်ကြောင်းကို သိရှိသည်။ ဒါက အကျင့်ကောင်းတစ်ခုပါပင်။ သူလည်း သူ့အိမ် သန့်ရှင်းသပ်ရပ်နေတာကို သဘောကျသည်။ အဲ့တာကြောင့် သူမက အရင်က ကြက်တွေကိုတောင် မမွေးမြူချင်ခဲ့ဘူး။
ဒီတစ်ခါမှာတော့ သူမ သူ့ကို ကြက်ခြံဆောက်ခွင့် ပေးလိုက်တော့ သူ အံ့အားသင့်သွားမိသည်။ သူမက သူ ဝက်မွေးမြူဖို့ ဆန္ဒရှိတယ်လို့လည်း ထင်မိသည်။
“အင်း။ ဒါပေမယ့် သန့်ရှင်းရေးလုပ်ဖို့က ရှင့်တာဝန်ပဲနော်။” လင်းချင်းဟယ်က ပြောသည်။
“ကောင်းပါပြီ။” ကျိုးချင်းပိုင် လက်ခံလိုက်သည်။
လင်းချင်းဟယ်က စကားထပ်မပြောတော့ဘူး။
ဒီနှစ်တွေမှာ ဝက်တွေကို မွေးမြူထားရင်လည်း သူတို့ ပိုင်ဆိုင်တာ မဟုတ်ဘူး။ သူတို့က အသင်းနဲ့ ဝေမျှထားရတာ ဖြစ်သည်။ သူတို့အိမ်မှာ ကြီးပြင်းအောင် ကျွေးမွေး မွေးမြူထားရပေမယ့် အသင်းက ပိုင်ဆိုင်တာပဲဖြစ်သည်။ ဒါ့ကြောင့် ကိုယ်ပိုင်ပစ္စည်းတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ကောင်းစွာ မွေးမြူထားသည့် ဝက်များအတွက်မူ အလုပ်ရမှတ်များ ရရှိနိုင်ပါသည်။ ဝက်မွေးမြူရာမှ ရရှိသည့် အလုပ်ရမှတ်များက လူကြီးတစ်ယောက်ရဲ့ နှစ်တစ်ဝက်လုပ်အားနှင့် ညီမျှမှုရှိသည်။
ဒါက ဝင်ငွေရှာဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။
အထူးသဖြင့် သူတို့၏ မစင်များကိုလည်း အလုပ်ရမှတ်အဖြစ် လှဲလှယ်နိုင်ပါသေးသည်။ အိမ်နောက်ဖေးမှာ စိုက်ပျိုးထားသည့် သူတို့စိုက်ခင်းတွေအတွက်လည်း မြေသြဇာ လိုအပ်ပါသေးသည်။
ကျိုးချင်းပိုင်သည်လည်း ဝက်မွေးမြူရန် အစီအစဥ်ရှိခဲ့လေသည်။ သူမက သန့်ရှင်းမှုကို နှစ်သက်ကြောင်းကို သူ သိသည့်အတွက် အစတုန်းက အိမ်တွင်မွေးမြူရန် မရည်ရွယ်ထားခဲ့ပေ။ သူက ဝက်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ထုတ်လုပ်ရေးအဖွဲ့တွင် ဝက်ခြံဆောက်ရန် ပြင်ဆင်ထားခဲ့သည်။ သူက နှစ်ကောင်တည်းသာ မွေးမြူမှာဖြစ်ပြီး အကောင်ရေ များများစားစား မွေးမြူမည်မဟုတ်ပေ။
ဝက်တွေကိုကျွေးမွေးပြုစုရတာ အဆင်မပြေမှာကို စိုးရိမ်သည်။ အခု အိမ်မှာ မွေးမြူဖို့ သဘောတူလိုက်သည့်အတွက် ဝမ်းမြောက်မိသည်။
“အခုက အရင်ကနဲ့ မတူတော့ဘူးလေ။ အစားကောင်းကောင်း မစားနိုင်ဘူးဆိုမှတော့ ဒီအနံ့ကို ဘာလို့ ဂရုစိုက်နေရမှာလဲ။” လင်းချင်းဟယ်က ဒီလိုမျိူး ရှင်းပြပြောဆိုသည်။
အရင်တုန်းကဆို သူ့မိန်းမက ဒီလိုခံစားချက်မျိုး ရှိနေခဲ့တယ်ဆိုရင်တောင် သူ့စိတ်ထဲမှာ ဒါကို စွဲမြဲမှတ်ထင်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် အကြောင်းအရာတချို့ကြောင့် သူ့မိန်းမက ဒီလိုပြောလာတော့ သူ စိတ်မကောင်းသလို ခံစားလိုက်ရသည်။
သူက သူမကို ကောင်းမွန်တဲ့ဘဝမှာ နေထိုင်နိုင်အောင် မစွမ်းဆောင်နိုင်ဘူးလို့ ခံစားခဲ့ရသည်။
“အပြင်မှာ မွေးမြူရင်ရော ဘယ်လိုလဲ။” ကျိုးချင်းပိုင်မေးသည်။
လင်းချင်ဟယ်က ဒီစကားကို ကြားလိုက်ရသောအခါ သူ ဘာကိုဆိုလိုချင်မှန်း နားလည်လိုက်သည်။ ‘ရှင် ရူးနေတာလား’ ဆိုသည့် အကြည့်ဖြင့် သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “အိမ်နောက်ဖေးမှာ နေရာအကျယ်ကြီးရှိတယ်လေ။ ရှင် အဲ့မှာ မွေးလို့ရတာပဲ။ ပြီးတော့ ရှင် တခြားနေရာမှာ မွေးမြူတဲ့အခါကျရင် ရှင် စိတ်အေးလက်အေး နေနိုင်မှာလား။ တစ်ယောက်ယောက် ဆိုးရွားတဲ့ ရည်ရွယ်ချက်နဲ့ ခိုးယူဖို့လုပ်ခဲ့ရင် တစ်နှစ်ပတ်လုံး ကြိုးစားအားထုတ်ထားတဲ့အရာအားလုံး အလဟသ ဖြစ်သွားလိမ့်မယ်။”
ထို့နောက် သူမ ဆက်ပြောသည်။ “ကျွန်မ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင့်ကို ပြောပြီးသားနော်။ ရှင် အဲ့တာကို အလေးအနက်ထားနေစရာ မလိုဘူး။ ဒါပေမယ့် ကျွန်မ ရှင့်အတွက် ဝက်ခြံကို ရှင်းလင်းပေးဖို့ မလုပ်နိုင်ဘူး။ ဒါကိုတော့ ရှင် မှတ်ထားရမယ်။”
သူမ ငယ်ငယ်တုန်းက သူမအဖွားဖြစ်သူနှင့်အတူ လယ်အလုပ် လုပ်ကိုင်ဖူးသည်။ သူမ လယ်ထဲဆင်း လုပ်ကိုင်နိုင်ပေမယ့် ဖျားနာခဲ့သည်။ သူမ ဒီကိစ္စအတွက် ဒရာမာခင်းခြင်း မဟုတ်ပေ။ လယ်ထဲဆင်းဖူးသူတိုင်း ဒါကို သိသည်။
“ကောင်းပြီ” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။
ညစာအတွက် သူတို့မှာ ဖက်ထုပ်စွပ်ပြုတ်ရှိသည်။ တစ်မိသားစုလုံး စိတ်ကျေနပ်နေကြသည်။
စားသောက်ပြီးသည်နှင့် ကျိုးချင်းပိုင်က ထွက်သွားသည်။ လင်းချင်းဟယ်က သူ ဝက်ကလေးတွေ မွေးမြူဖို့ရန် ဆွေးနွေးဖို့သွားတာကို သိသည်။ သူ့ကို စီစဥ်ညွှန်ကြားနေစရာ မလိုအပ်ဘူး။
သူတို့ ပုံမှန်ညစာစားချိန်က လေးနာရီဝန်းကျင်ခန့်ဖြစ်သည်။ ညနေခြောက်နာရီခွဲခန့်တွင် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်တို့ သားအဖတွေအတွက် ကြက်သားစွပ်ပြုတ်ကို ထုတ်ယူလာခဲ့သည်။
နှမ်းစေ့များ ပါဝင်သည့် ကြက်သားနှပ်က အရမ်းမွှေးသည်။ လင်းချင်းဟယ်က သူမအတွက် စွပ်ပြုတ် အနည်းငယ်လောက်နဲ့ဆို လုံလောက်တယ်လို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ကျိုးချင်းပိုင်က ကြက်ခြေထောက်တစ်ချောင်းကိုသာ စားသောက်ဖို့ လုပ်နေသည်။ သူမသည် ထိုကြက်ခြေထောက်ကို ကြက်တောင်ပံနှစ်ခုနှင့် လဲပေးလိုကသည်။ ကြက်ခြေထောက်ကို ကလေးသုံးယောက်အတွက် ခွဲဝေပေးလိုက်သည်။
ကျန်တာတွေအားလုံးကို စားသောက်ဖို့ကတော့ ကျိုးချင်းပိုင်မှာ တာဝန်ရှိလေသည်။