Ch 9
Viewers 570

🐰 Chapter 9



မနက်ခင်း နေရောင်ခြည်က ထွက်ပေါ်လာပြီဖြစ်လေသည်။ 


ယွဲ့ရွှယ်တောင်ထိပ်ရှိ မနက်ခင်းတိုင်းက အသက်ဝင်နေပြီး တိတ်ဆိတ်အေးချမ်းလှလေသည်။


မော့ရှုလင်နိုးသည်နှင့် ပထမဆုံးလုပ်သည့်အလုပ်မှာ ယွဲ့ရွှယ်တောင်တစ်ပတ် အပြေးလေ့ကျင့်ခြင်း ဖြစ်၏။ 


တောင်ထိပ်တစ်ခုလုံးကို ဖြူဖွေးသောနှင်းများက ဖုံးလွှမ်းထားပြီး ငှက်များက တောင်ဘက်သို့ ပျံသန်းသွားကြပြီဖြစ်ကာ ရှဉ့်များနှင့် ဝက်ဝံများကလည်း ဆောင်းခိုနေကြလေသည်။ ရံဖန်ရံခါတွင် တောထဲမှ မြေခွေးဖြူလေးများ ထွက်ပေါ်လာတတ်ပြီး ခုန်ပေါက်ပြေးလွှားနေကြသဖြင့် နှင်းတောထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေကာ ၎င်းတို့၏ အဖြူရောင်အမွေးများက နှင်းများနှင့် တစ်သားတည်း ဖြစ်နေလေသည်။ 


မြေခွေးဖြူလေးများက ရင်းနှီးသွားပြီးနောက်တွင် လူမကြောက်တတ်တော့ပေ။  မနက်ပိုင်းတွင် မော့ရှုလင်အပြေးလေ့ကျင့်နေသည်ကို အဝေးမှကြည့်ပြီး သူတို့၏အိမ်နီးနားချင်းကို စပ်စုနေသကဲ့သို့ ခေါင်းမော့ကာ ကြည့်နေတတ်ကြလေသည်။


မော့ရှုလင်က အိမ်သို့မပြန်မီ အနီးနားရှိ မြေကွက်လပ်တွင် ကိုယ်ခံပညာနှင့် ဓားသိုင်းကို လေ့ကျင့်လေ၏။


၎င်းမှာ တိုက်စစ်နှင့် ခံစစ်အတွက် ကောင်းမွန်သော သိုင်းကွက်များဖြစ်ပြီး သူ့ကျင့်ကြံဆင့်က တိုးတက်မှုမရှိဘဲ ရပ်တန့်နေသော်လည်း မော့ရှုလင်က သိုင်းပညာများကို လက်မလျှော့ပေ။ သူက တောင်ပေါ်တွင် တစ်သက်လုံး ပုန်းအောင်းနေရန် မဖြစ်နိုင်ပေ။ ကိစ္စများကို လုပ်ဆောင်ရန် လိုသေးလေ၏။


မော့ရှုလင်က ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေချိုးကာ အလုပ်စလုပ်လေသည်။ 


ပထမဦးစွာ စင်္ကြံလမ်းရှိ နှင်းများကို ရှင်းလင်းပြီးနောက် ခန်းမထဲရှိ စားပွဲ၊ ကုလားထိုင်များကို သန့်ရှင်းကာ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လေသည်။ ပိုင်ယွီမင်က အခန်းထဲမှ ထွက်ခဲပြီး ခန်းမထဲတွင်လည်း နေလေ့မရှိသဖြင့် ဤနေရာမှာ လွယ်လွယ်ကူကူ မညစ်ပတ်ပေ။ တစ်လလျှင် နှစ်ကြိမ်ခန့်သာ သန့်ရှင်းရေးလုပ်ရန် လိုအပ်လေသည်။


ပြိုကျနေသော ခြံစည်းရိုးတံခါးက နှင်းများအောက်တွင် လုံးဝနစ်မြုပ်နေလေသည်။ ခြံထဲရှိ နှင်းများကိုရှင်းရန် ဂေါ်ပြားမရှိပေ။ ပိုင်ယွီမင်က နွေဦးရောက်ပြီး နှင်းများအရည်ပျော်သွားလျှင် မြေဆီလွှာကို အားဖြည့်ပေးပြီး ခြံထဲတွင် မြက်များပေါက်လာမည်ဖြစ်သဖြင့် နှင်းများကို ဤအတိုင်း ပုံထားရန် ပြောခဲ့လေသည်။ 


သက်ကယ်အိမ်က အနည်းငယ်မြင့်ပြီး အပြင်ဘက်စင်္ကြံလမ်းထဲသို့ နှင်းများကျော်တက်မလာစေရန် မော့ရှုလင်က သေချာဂရုစိုက်ထားလေသည်။


ယခုအချိန်တွင် မီးဖိုချောင်ကိုလည်း အသုံးမပြုသေးပေ။ မော့ရှုလင်က ပိကုဆေးလုံးများကိုသုံးပြီး အချိန်အတော်ကြာ နေနိုင်လေသည်။ ဆောင်းတွင်းတွင် ထင်းရှာရန် ခက်ခဲသဖြင့် နွေဦးကို စောင့်ပြီးမှ သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်ထားလေသည်။ 


သို့ရာတွင် ခေါင်မိုးပေါ်ရှိ နှင်းများက ပိုပြီးထူထပ်လာလေသည်။ အိမ်အမိုးကို နှင်းပိပြီး ပြိုကျမသွားစေရန် ခေါင်မိုးပေါ်မှ နှင်းများကို ခြစ်ထုတ်ရမည်ဖြစ်သည်။


မော့ရှုလင်က သိုလှောင်အိတ်ထဲရှိ ဝါးလုံးရှည်တစ်လုံးကို ထုတ်ကာ အမိုးပေါ်ရှိ နှင်းများကို စတင်ဖယ်ရှားလေတော့သည်။ နှင်းခြစ်သည့် ကိရိယာ၏ တစ်ဖက်အစွန်းကို အနည်းငယ်စောင်းပြီး ပုံစံသွင်းထား၏။ ၎င်းက ဂေါ်ပြားအသေးကဲ့သို့ နှင်းများကို ဖယ်နိုင်ပြီး ဝါးလုံးဖြင့်လည်း ခေါင်မိုးပေါ်မှ နှင်းများကို ဖြည်းဖြည်းချင်း ခြစ်ချနိုင်လေသည်။ 


ဝါးလုံးကို အသုံးပြုခြင်း၏ ရလဒ်မှာ နှေးသော်လည်း သူက ယခုအချိန်တွင် ဆယ်နှစ်သား ကလေးတစ်ယောက်သာ ဖြစ်လေသည်။ ယခင်က သခင်လေးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ငွေကြေးမရှိသဖြင့် ဖုံးကွယ်ထားရန် လိုအပ်လေသည်။ 


သူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားသော်လည်း အပြင်မထွက်သည့် ယုန်မိစ္ဆာမျက်ကန်းလေးကိုမူ ပြသထားလေသည်။


သူ၏ဝိညာဉ်ဇစ်မြစ်က ထိခိုက်ထားပြီး မည်သည်ကိုမှ မကျင့်ကြံနိုင်သဖြင့် အားလပ်ချိန် များစွာရှိလေသည်။ ယခုအလုပ်များက ကိုယ်လက်လှုပ်ရှားခြင်း တစ်မျိုးသာဖြစ်သဖြင့် အချိန်ဖြုန်းနေခြင်း မဟုတ်ပေ။ 


မော့ရှုလင်က ပိုင်ယွီမင်ပေးထားသည့် ခေါင်းဆောင်း၊ ရှန့်ကွမ်းကျူးချင် ပေးထားသည့် အဝတ်အစားအသစ်များနှင့် ဖိနပ်များကို ဝတ်ဆင်ထားသဖြင့် အလုပ်လုပ်ရာတွင် မအေးဘဲ အလွန်ပင် သက်တောင့်သက်သာရှိလေသည်။ 


မည်သို့ပင်ဆိုစေကာမူ သူက ဤခေါင်းဆောင်းကို တစ်ခဏခန့်သာ ဝတ်ထားခြင်းဖြစ်ပြီး ခေါင်မိုးပေါ်မှ နှင်းများခြစ်ပြီးသွားလျှင် ရုပ်ဆိုးသည့် ခေါင်းဆောင်းကို ချွတ်လိုက်မည်ဖြစ်သည်။


ရုတ်တရက် မော့ရှုလင်က လူတစ်ယောက်၏ အငွေ့အသက်ကို ခံစားလိုက်ရ၏။


သူ လှည့်ကြည့်လိုက်ချိန်တွင် ဓားစီးပြီး ပျံသန်းလာသော ယဲ့ချင်းလင်က သူနှင့် ဆယ်လှမ်းခန့်အကွာသို့ ရောက်နေသည်ကို မြင်လိုက်ရလေသည်။ သူ၏ကျင့်ကြံဆင့် ကျဆင်းသွားသဖြင့် အခြားလူများကို ခုခံကာကွယ်နိုင်စွမ်း မရှိပေ။ 


ယဲ့ချင်းလင်ရောက်လာသည်ကို မြင်ချိန်တွင် မော့ရှုလင်၏ ရင်ထဲ၌ တင်းကျပ်လာသော်လည်း ဝါးလုံးကို ချလိုက်ပြီး ရှေ့သို့သွားကာ နှုတ်ဆက်လိုက်လေသည်။ 


ကျယ်ပြောသည့် နေအိမ်တွင် ခြံဝင်းတံခါး မရှိသည်ကို ယဲ့ချင်းလင်မြင်ပြီးနောက် မော့ရှုလင်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်လေသည်။


ဖိတ်ခေါ်ခြင်းမရှိဘဲ တစ်စုံတစ်ယောက်၏ ခြံထဲသို့ တိုက်ရိုက်ဝင်သည်က မယဉ်ကျေးပေ။ သို့ရာတွင် ခြံထဲ၌ တံခါးမရှိသဖြင့် သံသယမဖြစ်စေရန် တံခါးအပြင်ဘက်တွင် ရပ်နေ၍လည်း မရနိုင်ပေ။ သူက တစ်ဖက်လူ၏ သံသယကို ဖြေဖျောက်ရန် မော့ရှုလင်နှင့် ဆယ်လှမ်းခန့်အကွာတွင် ရပ်လိုက်လေသည်။ 


"ရှစ်ရှုန်းကို ကျွန်တော်မြင်ဖူးပါတယ်..." 

မော့ရှုလင်က မဝံ့မရဲ ပြောလိုက်၏။


ပိုင်ယွီမင်က ဤတောင်ပေါ်တွင် အကာအရံစည်း မထားရှိသဖြင့် ကြောင်ဖြစ်စေ၊ ခွေးဖြစ်စေ ဆန္ဒရှိသကဲ့သို့ ဝင်လာနိုင်လေသည်။ ယခုအချိန်တွင် မော့ရှုလင်မေ့နေခဲ့သည်မှာ ပိုင်ယွီမင်က အကာအရံစည်း မထားသောကြောင့်သာ သူက ယွဲ့ရွှယ်တောင်ထိပ်ပေါ်သို့ တက်လာနိုင်ပြီး ခြံဝန်းအပြင်ဘက်တွင် ရပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။


"ယဉ်ကျေးမနေနဲ့... ယဉ်ကျေးမနေနဲ့... ငါ့မျိုးရိုးက ‘ယဲ့’ ပါ... ငါ့ကို ယဲ့ရှစ်ရှုန်းလို့ ခေါ်လို့ရပါတယ်..." 

ယဲ့ချင်းလင်က ပြောလိုက်၏။ 


ဤဆယ်နှစ်သားကောင်လေးက ပိုင်ယွီမင်၏ အတွင်းတပည့်တစ်ယောက်ဖြစ်ပြီး ပိုင်ယွီမင်ဂရုစိုက်နေသည့် တစ်ဦးတည်းသော တပည့်ဖြစ်သည်ကို သိသဖြင့် သူ၏သဘောထားမှာ ကွဲပြားနေလေသည်။


"ယဲ့ရှစ်ရှုန်း..." 

မော့ရှုလင်က တရိုတသေ ပြောလိုက်၏။ 


ယဲ့ချင်းလင်က ရှန့်ကွမ်းကျူးချင်၏ တတိယမြောက် တပည့်ဖြစ်ပြီး အနီးကပ်တပည့်တစ်ယောက်လည်း ဖြစ်သည်။ သူက ဂိုဏ်းထဲတွင် ရာထူးအနည်းငယ်မြင့်ပြီး ကျင့်ကြံဆင့်ကလည်း ကောင်းမွန်၏။ 


ယခင်ဘဝတွင် ယဲ့ချင်းလင်က သူ၏ကျင့်ကြံမှု၌ ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ကျင့်ကြံဆင့် မတက်နိုင်ခဲ့ပေ။ ယဲ့ချင်းလင်က မိစ္ဆာများ၏ ကြံစည်မှုကြောင့် ကျင့်ကြံဆင့်မတက်နိုင်ခြင်း ဖြစ်သည်ဟု ကောလာဟလများ ရှိခဲ့လေသည်။ အချို့ကမူ ယဲ့ချင်းလင်က မချစ်သင့်သည့် လူတစ်ယောက်ကို စွဲလန်းမိနေသည်ဟု ပြောကြလေသည်။ 


မည်သို့ပင်ဆိုစေကာမူ ယဲ့ချင်းလင်က စိတ်ထားယုတ်ညံ့သူမဟုတ်ဘဲ လေးစားဖွယ် အကျင့်စရိုက်ရှိသဖြင့် မိတ်ဆွေဖွဲ့ရန် ထိုက်တန်လေသည်။


"ဒီတစ်ခါလာတာက ရှစ်စွမ်းရဲ့ ညွှန်ကြားချက်အရ အကြီးအကဲပိုင်ကို စားစရာတွေ လာပို့ပေးတာပါ..."

 á€á€źá€śá€á€”်းတလခဍးက ပြိုကျနေသော်လည်း ယဲ့ချင်းလင်က မော့ရှုလင်ကို ကျော်မသွားဘဲ မော့ရှုလင်မှတစ်ဆင့် ပေးခိုင်းလေသည်။ ထို့နောက် မော့ရှုလင်က သူ၏ဘဝတွင် အတိုဆုံးအကွာအဝေးဖြစ်သည့် ခြေလှမ်းငါးလှမ်းကို လျှောက်သွားပြီး ပိုင်ယွီမင်၏ အခန်းတံခါးကိုခေါက်ကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်လေသည်။ 

"ရှစ်စွမ်း... ပင်မတောင်ထိပ်က ယဲ့ရှစ်ရှုန်း ရောက်လာပါတယ်..."


ထို့နောက် အခန်းထဲရှိ ပိုင်ယွီမင်က အလျင်စလို ပြန်ဖြေလိုက်လေသည်။ 

"ငါ အခုထွက်လာခဲ့မယ်... ငါ့ကို ဆယ်စက္ကန့်လောက်... မဟုတ်ဘူး... အမွေးတိုင်တစ်တိုင်စာ မဟုတ်ဘူး.... လက်ဖက်ရည်တစ်ခွက်သောက်စာ... အိုက်ယား... ဘယ်လောက်ကြာမလဲ မသိဘူး... ဘာဖြစ်ဖြစ် ငါထွက်လာခဲ့မယ်..."


မော့ရှုလင်က ယဲ့ချင်းလင်ကို အားနာစွာ ကြည့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြုံးပြလိုက်လေသည်။


တပည့်တစ်ယောက်အနေဖြင့် သူက လုံးဝမရယ်နိုင်ပေ။ 


ယဲ့ချင်းလင်ကလည်း လုံးဝရှက်ရွံ့ခြင်းမရှိဘဲ ထိုကဲ့သို့ ပိုင်ယွီမင်ကို လက်ခံထားလေသည်။ ယဲ့ချင်းလင်၏ တည်ငြိမ်သည့် အမူအရာကြောင့် မော့ရှုလင်က ကိုယ့်ကိုယ်ကိုယ် တပည့်မပီသကြောင်း ခံစားလိုက်ရလေသည်။


ပိုင်ယွီမင်က အဝတ်အစားများကို အလျင်စလိုဝတ်ပြီးနောက် မကြာသည့်အချိန်တွင် တံခါးဖွင့်ကာ ထွက်လာလေသည်။ 


သူ၏အနက်ရောင် ဆံနွယ်များက ဝတ်ရုံပေါ်တွင် ရေတံခွန်ကဲ့သို့ ပြန့်ကျဲနေပြီး ထင်ရှားသည့် အရိုးအဆစ်များရှိသော ခြေချင်းဝတ်များက ပေါ်လွင်နေလေသည်။ သူက အလျင်စလိုဖြစ်နေသဖြင့် နုနယ်သည့် မျက်နှာလေးမှာ နီမြန်းနေပြီး အလွန်ပင် ဆွဲဆောင်မှု ရှိနေလေသည်။ မျက်ဝန်းများကလည်း တောက်ပနေကာ ထိုမျက်ဝန်းနက်နက်များထဲတွင် ကြယ်ပွင့်များကို သိုဝှက်ထားသကဲ့သို့ လူများကို အကြည့်မလွှဲနိုင်အောင် ဖြစ်စေလေသည်။ 


ဤကဲ့သို့သော အလှအပကို ယဲ့ချင်းလင်သာမက တစ်ခါမှ စိတ်မလှုပ်ရှားဖူးသည့် မော့ရှုလင်ပင်လျှင် ငေးမောသွားရလေသည်။


မော့ရှုလင်က တစ်ဖက်လူ၏ ခြေချင်းဝတ်များပေါ်သို့ အကြည့်ရောက်သွားချိန်တွင် ပိုင်ယွီမင်၏ ခြေချင်းဝတ်ကို အနီရောင်ကြိုးဖြင့် ချည်နှောင်ကာ ဤကဲ့သို့သော အလှတရားအား သူ့ထံမှ ထွက်မသွားနိုင်စေရန် ဝိညာဉ်ချုပ်ခေါင်းလောင်းဖြင့် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပိတ်လှောင်ထားချင်စိတ်များ ထွက်ပေါ်လာခဲ့လေသည်။ 


လူတိုင်းတွင် အလှတရားကို မြတ်နိုးစိတ်ရှိသော်လည်း အလှတရားက အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားပါက လောဘစိတ်ကို ဖြစ်ပေါ်စေလေသည်။


သို့ရာတွင် ကာယကံရှင်ကမူ မည်သည်ကိုမှ မခံစားမိဘဲ ယဲ့ချင်းလင်ကို ပျော်ရွှင်စွာဖြင့် မေးလိုက်လေ၏။ 

"အကြီးအကဲရှန့်ကွမ်းက ဒီတစ်ခါ ငါ့အတွက် ဘာတွေယူလာပေးခိုင်းလိုက်တာလဲ..."


ယဲ့ချင်းလင်မှာ အသိပြန်ဝင်လာပြီးနောက် ဂါဝရပြုလိုက်၏။ 

"တပည့်ယဲ့ချင်းလင်က အကြီးအကဲပိုင်ယွီမင်ကို ဂါဝရပြုပါတယ်... ပစ္စည်းတွေက အရင်တစ်ခါလိုပါပဲ... ဒါပေမဲ့ ဒီတစ်ခါတော့ စိတ်ဝိညာဉ်နှမ်းကပ်မုန့်၊ စိတ်ဝိညာဉ်ဂျုံမှုန့်နဲ့ ပဲနက်စွပ်ပြုတ်လိုမျိုး စားစရာတွေ ဆယ်မျိုးကျော်လောက် ပါပါတယ်..."


မော့ရှုလင်၏ ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားလေ၏။ 

ဒါတွေက အမွေးအတွက် အားကောင်းတဲ့ စားစရာတွေလား…


မော့ရှုလင်မှာ ယမန်နေ့က ဖွာလန်ကျဲနေသည့် ယုန်မွေးများကို တွေးမိပြီး နားလည်သွားလေသည်။ 


ထို့နောက် ပိုင်ယွီမင်ကို ပြန်ကြည့်လိုက်ချိန်၌ သူ၏မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်သွားလေသည်။ 


ဂုဏ်သတင်းကျော်ကြားသည့် လျန်ကျီဂိုဏ်း၏ အကြီးအကဲက သူ၏ယုန်မွေးများကို ထိန်းသိမ်းရန် အခြားလူများ၏ ကျွေးမွေးပြုစုခြင်းကို ခံနေရလေသည်။ ရှန့်ကွမ်းကျူးချင်ကလည်း ထိုယုန်မွေးများ၏ အရည်အသွေးက ညံ့ဖျင်းသည်ဟု ခံစားမိပုံရလေသည်။ 


သို့ရာတွင် ပိုင်ယွီမင်ကမူ ရှန့်ကွမ်းကျူးချင်၏ ရည်ရွယ်ချက်ကို လုံးဝသတိမထားမိပေ။ ထိုအစား သူက ယဲ့ချင်းလင်ကို ဧည့်ခန်းထဲသို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်၏။

"ကောင်းလိုက်တာ... ပြီးခဲ့တဲ့နှစ်ရက်ကပဲ ငါ ပဲနို့အေးအေးလေး သောက်ချင်နေတာ... အကြီးအကဲရှန့်ကွမ်းက တကယ်ကို ဂရုစိုက်တတ်တာပဲ..."


မော့ရှုလင်က နောက်မှလိုက်သွားပြီး တွေးလိုက်၏။ 

ဒီလောကမှာ ရောင်းစားခံရပြီးတာတောင် ငွေပြန်ရေပေးမယ့်လူမျိုး မဟုတ်ဘူး ယုန်မိစ္ဆာမျိုး တကယ်ရှိတာပဲ... 


ပိုင်ယွီမင်က အခြားလူများ၏ အစားအစာကို ယူရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် ပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ အမြန်ထည့်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်လေသည်။ 


ယဲ့ချင်းလင်က တစ်ခဏခန့် မိန်းမောသွားပြီးနောက် စိတ်ခံစားချက်များကို ပြန်ထိန်းကာ နှုတ်ဆက်ပြီး ပြန်ထွက်သွားလေသည်။


ယွဲ့ရွှယ်တောင်ထိပ်၏ တစ်ဦးတည်းသော တပည့်အနေဖြင့် လမ်းက မဝေးသော်လည်း မော့ရှုလင်က ဧည့်သည်ကို အပြင်အထိ လိုက်ပို့ရမည်ဖြစ်သည်။ 


ယဲ့ချင်းလင်က ခြံထဲမှ ထွက်သွားပြီးနောက် ဗလာဖြစ်နေသည့် ခြံဝင်းကိုကြည့်ကာ မေးလိုက်သည်။ 

"မော့ရှစ်တိ... ခြံဝင်းတံခါးက ဘာဖြစ်သွားတာလဲ..."


"နှင်းအောက်မှာ မြုပ်သွားတာပါ..." 

မော့ရှုလင်က အမှန်အတိုင်း ဖြေလိုက်၏။ 


ယဲ့ချင်းလင်က မအံ့ဩဘဲ ဆက်ပြောလေသည်။ 

"ရှစ်တိ... တံခါးကို ပြင်ချင်လား... ဒီဆောင်းရာသီမှာ နောက်ထပ်နှစ်ခါသုံးခါလောက် နှင်းတွေ အပြင်းအထန် ကျဦးမှာ... ဒီအိမ်က ကြာကြာခံနိုင်လောက်မှာ မဟုတ်ဘူး..."


ယွဲ့ရွှယ်တောင်ထိပ်က မြင့်မားသဖြင့် ဆောင်းရာသီတွင် ဆီးနှင်းများ အလွန်ထူထပ်လေသည်။ ထို့အပြင် နှင်းများအရည်ပျော်ရန်အတွက်လည်း အချိန်ကြာမြင့်စွာ စောင့်ရလေ၏။ 


"ရှစ်စွမ်းရဲ့ သဘောထားကို မေးကြည့်ရဦးမှာပါ..." 

 

မော့ရှုလင်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်ပေ။ 


အမှန်တွင် ပိုင်ယွီမင်က အလွန်ဆင်းရဲပြီး အိမ်ပြင်ရန် ငွေမသုံးနိုင်သည်ကို သိလေသည်။ တပည့်တစ်ယောက်အနေဖြင့် သိုလှောင်အိတ်ကို ထုတ်ပြပြီး ‘ကျွန်တော့်မှာ ငွေရှိတယ် ကျွန်တော်ပြင်လိုက်မယ်’ ဟူ၍ မပြောနိုင်ပေ။ မော့ရှုလင်က ဝိညာဉ်ကျောက်တုံးများကို စုဆောင်းထားရန် လိုအပ်သည့်အပြင် ပိုင်ယွီမင်က သူ့အား အိမ်ပေါ်မှ နှင်ချလိုက်မည်ကိုလည်း ကြောက်နေလေသည်။


"ဟင်းး..." 

ယဲ့ချင်းလင်က သူ၏စကားကို ကြားချိန်တွင် သက်ပြင်းချလိုက်ပြီး အိမ်ကို ယခုလောလောဆယ် ပြင်နိုင်မည်မဟုတ်ကြောင်း သိလိုက်လေသည်။ 


"အကြီးအကဲပိုင်က တကယ့်ကို ငါမြင်ဖူးသမျှထဲမှာ စိတ်အကြည်လင်ဆုံးနဲ့ အသန့်စင်ဆုံးလူပဲ..."


မော့ရှုလင်မှာ ထိုစကားများက မမှန်ကန်သည်ကို ခံစားရသော်လည်း မည်သည့်နေရာက မှားနေသည်ကို မပြောနိုင်ပေ။ ၎င်းမှာ ယဲ့ချင်းလင်က ပိုင်ယွီမင်အား ‘လူ’ ဟု ခေါ်ဆိုခြင်းကြောင့် ဖြစ်နိုင်လေသည်။ 


မည်သို့ပင်ဆိုစေကာမူ ပိုင်ယွီမင်က သူမြင်ဖူးသမျှထဲတွင် စိတ်အကြည်လင်ဆုံးနှင့် အသန့်စင်ဆုံး ‘ယုန်မိစ္ဆာ’ဖြစ်သည်ကိုမူ ဝန်ခံရမည်ဖြစ်သည်။


"တကယ်လို့ အကြီးအကဲပိုင် တစ်ခုခုလုပ်စရာရှိရင် ချန်ဝူတောင်ထိပ်က အဓိကခန်းမဆောင်မှာ ငါ့ကိုလာရှာပါ... ငါ အကောင်းဆုံးကူညီပေးမယ်..." 

ထို့နောက် ယဲ့ချင်းလင်က မော့ရှုလင်အား သစ်သားတံဆိပ်ပြားတစ်ခု ပေးလိုက်၏။


"ကျေးဇူးတင်ပါတယ် ရှစ်ရှုန်း..." 

မော့ရှုလင်က အံ့အားသင့်ခြင်းမရှိဘဲ သစ်သားတံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ 


ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်ကို အလွန်အရေးပေးသဖြင့် ယဲ့ချင်းလင်ကလည်း ရှန့်ကွမ်းကျူးချင်၏ တပည့်တစ်ယောက်အနေဖြင့် ပိုင်ယွီမင်အပေါ်  အလေးပေးမှုကို ပြသရမည်ဖြစ်သည်။ 


သို့ရာတွင် အနည်းငယ် ထူးဆန်းနေဆဲဖြစ်၏။ 


ရှန့်ကွမ်းကျူးချင်၏ မျက်လုံးများက ရတနာတစ်ခုကို မက်မောနေသကဲ့သို့ ဖြစ်နေပြီး ယဲ့ချင်းလင်၏ သဘောထားကမူ ပိုပြီးတည်ငြိမ်လေးနက်လေသည်။


“ဒါနဲ့...” 

ယဲ့ချင်းလင်က ထွက်မသွားမီ ပြုံးကာ ပြောလိုက်၏။ 

"ရှစ်တိရဲ့ ခေါင်းဆောင်းလေးက ချစ်စရာလေးပဲ..."


မော့ရှုလင် “........”


ယဲ့ချင်းလင်က ရုတ်တရက် ရောက်လာသဖြင့် မော့ရှုလင်က ခေါင်းဆောင်းကိုချွတ်ရန် မေ့သွားခဲ့ခြင်း ဖြစ်လေသည်။


🐰🐰🐰