Ch 10
Viewers 567

🐰 Chapter 10



အခန်းထဲသို့ ပြန်ရောက်ချိန်တွင် လှုပ်ယမ်းနေသည့် ခြေထောက်များကို တစ်ဖန် တွေ့လိုက်ရပြန်လေသည်။ 


မော့ရှုလင်က သူ့နဖူးကို လက်ဖြင့်ဖိချချင်နေသော်လည်း လစဉ် မည်သည့်ကိစ္စမှ လုပ်ရန်မလိုဘဲ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ရနိုင်သည်ကို တွေးမိပြီး ပိုင်ယွီမင်က အလွန်ကောင်းသည်ဟု တွေးလိုက်လေသည်။


အင်း… တကယ်ကောင်းတယ်...


“လာပါဦး... ငါ မင်းကို အရသာရှိတာတွေပေးမလို့..."

ပိုင်ယွီမင်က အထဲသို့ ပြန်ဝင်လာသည့် မော့ရှုလင်ကို မြင်ချိန်တွင် လက်ယမ်းပြကာ ခေါ်လိုက်၏။ 


မော့ရှုလင်က မျက်လုံးမှိတ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ညှို့လိုက်ရလေသည်။ 


ထို့နောက် ရှေ့သို့တစ်လှမ်းတက်ကာ ပိုင်ယွီမင်ကို ဂါဝရပြုလိုက်လေသည်။


"ဒီတစ်ခါ အကြီးအကဲရှန့်ကွမ်းက ငါ့ကို စားစရာတွေအများကြီး ပို့ပေးလိုက်တယ်... မင်းကိုလည်း ခွဲပေးမယ်..."


ပိုင်ယွီမင်က လက်တင်ကုလားထိုင်ပေါ်တွင် လှဲနေကာ သိုလှောင်အိတ်ကို ကိုင်ထားလျက် ပျော်ပျော်ရွှင်ရွှင် ရေတွက်နေလေသည်။ အကြိမ်မည်မျှခန့် ရေတွက်ပြီးသည်ကို သူ မသိသော်လည်း ရတနာတစ်ခုကို ကိုင်ထားသကဲ့သို့ သူ့မျက်ဝန်းများက တလက်လက် တောက်ပနေလေသည်။ 


မော့ရှုလင်က မိသားစုမှလွဲပြီး မည်သူ့ကိုမှ ဂရုမစိုက်ခဲ့သော်လည်း ယခုအချိန်တွင် သိုလှောင်အိတ်ကို အနည်းငယ် မနာလိုဖြစ်နေမိလေသည်။ ဤကဲ့သို့သော သိုလှောင်အိတ်မျိုးက အလှလေးတစ်ယောက်၏ အာရုံစိုက်မှုကို ရနေခြင်းကြောင့်ဖြစ်လေသည်။


"စားစရာတွေကို ချွေတာနေဖို့ မလိုဘူး... အကြီးအကဲရှန့်ကွမ်းက လတိုင်း ငါ့ကို စားစရာတွေ ပို့ပေးလိမ့်မယ်... ဒါက ကုန်ကြမ်းအတွက် အခကြေးငွေတဲ့..."

ထိုသို့ပြောပြီး ပိုင်ယွီမင်က မျက်လုံးများ မှိတ်သွားသည့်အထိ ပြုံးလိုက်လေသည်။ 


"အကြီးအကဲရှန့်ကွမ်းက နှစ်ပေါင်း ၂၀စာ ပေးမယ်လို့ ပြောတယ်... နှစ် ၂၀ ပြီးသွားရင်လည်း ငါ သူ့ကို အမွေးနည်းနည်းလောက် ထပ်ရိတ်ပေးလိုက်မယ်... ဒီလိုဆိုရင် နောက်ထပ် နှစ် ၂၀ လောက် ငါ စားသောက်လို့ရပြီ..."


မော့ရှုလင် “...........”


မော့ရှုလင်မှာ သူ့ရှစ်စွမ်း၏ ဦးနှောက်က အလုပ်မလုပ်သည်ကို ခံစားမိလာလေသည်။ 


ကျင့်ကြံရေးလောကတွင် ကြောင်းကျိုးဆက်နွယ်မှုက အရှောင်ကြဉ်ရဆုံး ကိစ္စဖြစ်သည်။ ပိုင်ယွီမင်က သူနှင့် ရှန့်ကွမ်းကျူးချင်ကြားတွင် အရောင်းအဝယ်လုပ်နေသည်ဟု ထင်သော်လည်း အမှန်တွင် ရှန့်ကွမ်းကျူးချင်က စားစရာများနှင့် မြှားပြီး ဤနုံအသည့် ယုန်မိစ္ဆာလေးကို ထောင်ချောက်ဆင်ထားခြင်း ဖြစ်လေသည်။


သို့သော်လည်း ပိုင်ယွီမင်က သူ့အား သူ၏ကျင့်ကြံဆင့်အရ စားနိုင်သည့် အစားအစာများ ပေးနေသည်ကိုကြည့်ပြီး မော့ရှုလင်က စိတ်ရှုပ်ထွေးသွားလေသည်။


သူ့ရှစ်စွမ်းက တုံးအပြီး လှည့်စားရလွယ်ကူသော်လည်း သူ့အပေါ်တွင်မူ အမှန်တကယ် ကောင်းလေသည်။


"စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီးပါတာတွေကိုတော့ မင်းကို ပေးလို့မရဘူး... မင်းရဲ့ ကျင့်ကြံဆင့်နဲ့ ဒါတွေကို စားလို့မရသေးဘူး..."


ပိုင်ယွီမင်က မော့ရှုလင်ရသည့် စားစရာများမှာ နည်းသည်ဟု ခံစားနေရသဖြင့် တစ်ခဏတွေးပြီးနောက် မော့ရှုလင်ကိုပေးရန် သိုလှောင်အိတ်ထဲမှ ဝတ္ထုစာအုပ်များကို ထုတ်လိုက်လေသည်။ 

"ဘာပဲဖြစ်ဖြစ် တောင်ပေါ်မှာ ဘာမှလုပ်စရာမရှိဘူး... အားနေတာပဲ... ဒါတွေကို အချိန်ဖြုန်းတဲ့အနေနဲ့ ဖတ်ကြည့်လိုက်..."


ပိုင်ယွီမင်မှာ သူ့တပည့်၏ အချိန်များကို နှောင့်နှေးအောင် လုပ်မိနေသည်ဟု ခံစားနေရလေသည်။ 


သို့ရာတွင် မူရင်းဇာတ်ကြောင်းအရ မော့ရှုလင်က မိစ္ဆာလမ်းစဉ်သို့ မရောက်ဘဲ မည်သည်ကိုမှ မကျင့်ကြံနိုင်ပေ။ 


မော့ရှုလင်က 'မိစ္ဆာသခင်၏ စစ်မှန်သောအချစ်'၊ 'ဆွဲဆောင်မှုရှိသော ကိုယ်လုပ်တော်'၊ 'ဘေးအဆောင်ရှိ မိစ္ဆာကိုယ်လုပ်တော်တစ်ယောက်၏ တန်ပြန်တိုက်ခိုက်ခြင်း'၊ 'ပါရမီရှင် မိစ္ဆာကိုယ်လုပ်တော်မိခင်' စသည့် မိစ္ဆာလောကနှင့် ပတ်သက်သော ဝတ္ထုစာအုပ်များကို မြင်ချိန်တွင် မျက်မှောင်ကြုတ်လိုက်လေသည်။


ပိုင်ယွီမင်က မော့ရှုလင်ကို မိစ္ဆာလမ်းစဉ်အား ကျင့်ကြံရန် တိုက်ရိုက်မပြောရဲသဖြင့် ဤနည်းလမ်းများကို သုံးပြီး မော့ရှုလင်၏ အတွေးအမြင်များကို ပြောင်းလဲလိုခြင်းဖြစ်သည်။ 


မော့ရှုလင်က မိစ္ဆာကျင့်ကြံသူများကို မဆန့်ကျင်တော့ချိန်တွင် သူက မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် ကြိုးစားလိမ့်မည်ဖြစ်သည်။ မော့ရှုလင်က မည်မျှပင် ကျင့်ကြံစေကာမူ သူ၏ မိစ္ဆာလမ်းစဉ်ကျင့်ကြံသည့် ပါရမီကို မတားဆီးနိုင်ပေ။


ပိုင်ယွီမင်၏ တုံးအသည့် အသွင်အပြင်က မော့ရှုလင်၏ စိတ်ထဲတွင် စွဲမြဲနေသဖြင့် ပိုင်ယွီမင်၏ စေတနာကို မခံစားမိပေ။ ထိုအစား ပိုင်ယွီမင်က သူ၏ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ချိန်တွင် ခြေသလုံးတစ်ဝက်နီးပါးက ပေါ်ထွက်လာပြီး ဖြူဖွေးဝင်းပနေသည်ကိုသာ မြင်လိုက်ရလေသည်။


"ရှစ်စွမ်း..."

မော့ရှုလင်က ဆက်ပြီး မထိန်းချုပ်ထားနိုင်တော့ဘဲ ပိုင်ယွီမင်ကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ 


ပိုင်ယွီမင်ကမူ သူ့တပည့်လေး၏ အတွေးအမြင်များအား မည်ကဲ့သို့ အမှားနှင့်အမှန်သိအောင် ခွဲခြားလမ်းညွှန်ပေးရမည်ကိုသာ အာရုံရောက်နေလေသည်။


"ငါသိတယ်.. ငါသိတယ်... အမတနဲ့ မိစ္ဆာ၊ အမှန်နဲ့ အမှားကြားမှာ ကွာခြားချက် ရှိတာကို ငါသိတယ်..."


“ဒါပေမဲ့...”

ပိုင်ယွီမင်က သူ့လေသံကို အနည်းငယ် မြှင့်လိုက်၏။

"လူတွေမှာ အကောင်းနဲ့အဆိုးရှိသလို မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံတဲ့သူတွေမှာလည်း အကောင်းနဲ့အဆိုးရှိတယ်... ရှောင်ရှုရှု... မင်းက ငယ်သေးတော့ လူတွေရဲ့အတွင်းစိတ်က ကောက်ကျစ်တတ်တာကို မသိသေးဘူး... ဒီစာအုပ်တွေက သင်ခန်းစာကောင်းတွေပဲ... အမြင်ကျယ်အောင် စာအုပ်တွေအများကြီး ဖတ်ထားမှ နောင်တစ်ချိန် အပြင်ထွက်တဲ့အခါ လူဆိုးတွေ လှည့်စားတာကို မခံရမှာ..."


မော့ရှုလင် “.......”


မည်သူမဆို ဤကဲ့သို့သော စကားကို ပြောနိုင်သော်လည်း ပိုင်ယွီမင်၏ပါးစပ်မှ ထွက်လာချိန်တွင်မူ အဓိပ္ပာယ်မရှိသည့် စကားများသာဖြစ်လေသည်။ 


ပိုင်ယွီမင်က ဥပမာတစ်ခု ပေးလိုက်၏။ 

"ငါ့ကိုပဲကြည့်... အကြီးအကဲရှန့်ကွမ်းက လူကောင်းတစ်ယောက်ဆိုတာ မင်းမြင်တယ်မလား... အဲဒါကြောင့် ငါက သူနဲ့ မိတ်ဆွေဖြစ်ရတာကို ပျော်တယ်..."


 á€™á€ąá€Źá€ˇá€›á€žá€Żá€œá€„် “...........”


ရှန့်ကွမ်းကျူးချင်က ယုန်တစ်ကောင်ကို ပျိုးထောင်နေသကဲ့သို့ သူ့အား အစာပုံမှန်ကျွေးနေခြင်း ဖြစ်သော်လည်း ပိုင်ယွီမင်က ပျော်ရွှင်နေပြီး ရှန့်ကွမ်းကျူးချင်ကို ယုံကြည်ရသူအဖြစ်ပင် သတ်မှတ်ထားလေသည်။ 


ဒီနေရာမှာ ဘယ်သူက ပိုပြီး အလှည့်စားခံရနိုင်ခြေများနေတာလဲ...


"အို... မင်းက ငယ်သေးတယ်" 


ပိုင်ယွီမင်က သက်ပြင်းချလိုက်ပြီး တစ်ဖန် အားပေးလိုက်၏။ 

"ကိစ္စမရှိပါဘူး... ငါရှိနေသရွေ့တော့ အနိုင်ကျင့်မခံရအောင် မင်းကို သေချာပေါက် ကာကွယ်ပေးမယ်..."


မော့ရှုလင် “........”


ကျင့်ကြံဆင့်အရဖြစ်လျှင် ပိုင်ယွီမင်၏ အကာအကွယ်အား ယူရမည်ကို မော့ရှုလင်က ဝန်ခံလေသည်။ 


ဒါပေမဲ့ ဦးနှောက်နဲ့ဆိုရင်တော့... ဟားဟား... 


“အခုတော့ ဒီလောက်ပဲ... အခန်းကိုပြန်ပြီး နားတော့..."


ပိုင်ယွီမင်က လက်ယမ်းပြလိုက်ပြီး သူ့တပည့်ကို ထွက်သွားရန် ပြောလိုက်သည်။ 


အချို့အရာများက ကိုယ်တိုင်ကြုံတွေ့ပြီးမှသာ နားလည်နိုင်ပြီး အခြားသူများက အကြိမ်မည်မျှ ပြောစေကာမူ အနည်းငယ်သာ နားလည်နိုင်လေသည်။ ထို့အပြင် မော့ရှုလင်က ဆယ်နှစ်သာရှိသေးပြီး ဆိုးသွမ်းသည့် ကလေးတစ်ယောက် မဟုတ်သည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်သည်။ ပိုင်ယွီမင်လိုချင်သည်မှာ အမှန်ပင် မများပေ။ 


ပိုင်ယွီမင်၏ အဓိပ္ပာယ်မရှိသော စကားများကို ကြားပြီးနောက် မော့ရှုလင်၏ ရင်ထဲတွင် ပြောချင်သည့် စကားလုံးပေါင်း ထောင်သောင်းချီ ရှိနေသော်လည်း လတိုင်းရမည့် စိတ်ဝိညာဉ်ကျောက်တုံးများကို စဉ်းစားကာ ထိုစကားများကို စိတ်ထဲတွင်သာ သိမ်းထားလိုက်လေသည်။ 


မော့ရှုလင်က ဝတ္ထုစာအုပ်များကို ကိုင်ထားပြီး သူ့ကို ဦးညွှတ်ကာ ကျေးဇူးတင်လိုက်လေသည်။

"သင်ကြားပေးတဲ့အတွက် ရှစ်စွမ်းကို ကျေးဇူးတင်ပါတယ်... ဒီတပည့်ရဲ့ စိတ်ထဲမှာ မှတ်သားထားမှာပါ..."


မော့ရှုလင်က အပြင်သို့ ထွက်လာပြီး လတ်ဆတ်သည့် လေအေးများက သူ့မျက်နှာကို တိုးဝှေ့သွားချိန်တွင် အစောက စကားဝိုင်း၏ရည်ရွယ်ချက်ကို ရုတ်တရက် ပြန်သတိရသွားလေသည်။ ပိုင်ယွီမင်ထံမှ အရူးလုပ်ခံရပြီးနောက် အဝတ်အစားနှင့် ကိုယ်ဟန်အမူအရာအား သတိထားရန် ပြောချင်သည်ကို မေ့သွားခဲ့လေသည်။


ပိုင်ယွီမင်က ငါ့ကို ပြန်ဆုံးမလိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ…


လက်တင်ကုလားထိုင်ပေါ်တွင် မှီထိုင်နေကာ ခြေထောက်များကို လှုပ်ယမ်းလျက် စာဖတ်နေသော ပိုင်ယွီမင်ကို မော့ရှုလင်က မယုံကြည်နိုင်စွာဖြင့် ပြန်လှည့်ကြည့်လိုက်လေသည်။ 


ဒါမျိုးကို ကြီးမြတ်တဲ့အသိပညာရှင်လို့ခေါ်တာ ဖြစ်နိုင်ပါ့မလား...


ပိုင်ယွီမင်က မော့ရှုလင်၏ အကြည့်များကို ခံစားမိသဖြင့် နားမလည်နိုင်စွာ မော့ကြည့်လိုက်၏။ 

"ဘာဖြစ်လို့လဲ ရှောင်ရှုရှု..."


နူးညံ့ဖြူဖွေးနေသော အသားအရေ၊ တောင်တန်းများကဲ့သို့ မျက်ခုံးများ၊ ဆောင်ဦးရေကဲ့သို့ ကြည်လင်သည့် မျက်ဝန်းများ၊ ဖြူဖွေးနေသောသွားများ၊ အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော ရှည်လျားနက်မှောင်သည့် ဆံနွယ်များ... 


မော့ရှုလင်က ထိုအလှတရား၏ ဖြားယောင်းမှုကို မခံချင်တော့သဖြင့် သူ့အကြည့်များကို အားတင်းကာ လွှဲလိုက်လေသည်။ သူ့လေသံမှာ ယခင်ကထက် အနည်းငယ် ပိုပြီးစိုးရိမ်နေလေ၏။

"ဘာမှမဟုတ်ပါဘူး... ဒီတပည့် နည်းနည်းပင်ပန်းနေလို့ အနားယူပါတော့မယ်..."


သူပြောပြီးသည်နှင့် ပိုင်ယွီမင်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ အမြန်ပြေးထွက်သွားလေသည်။ 


ပိုင်ယွီမင်က မော့ရှုလင်ထွက်မသွားမီ ရပ်နေခဲ့သည့် နေရာကိုကြည့်ပြီး အတွေးများက ပြန့်ကျဲနေလေ၏။ 


ငါပြောတာ အရမ်းများသွားလို့လား... 


ဖေးယွင်တောင်ကြား ပျက်စီးသွားတာက သိပ်မကြာသေးပေမဲ့ မိစ္ဆာကျင့်ကြံသူတွေထဲမှာ လူကောင်းတွေရှိတယ်လို့ ငါပြောလိုက်မိတယ်... ဒီလိုကိစ္စမျိုး ကြုံခဲ့ရတဲ့ ဘယ်သူမဆို ငါပြောတာကို လက်ခံနိုင်မှာ မဟုတ်ဘူး…


သူက မော့ရှုလင်ကို လက်စားချေရန် မတိုက်တွန်းသော်လည်း မူရင်းဇာတ်ကြောင်းထဲရှိ မော့ရှုလင်က သူကိုယ်တိုင်အပါအဝင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူအားလုံးကို ရွံရှာမုန်းတီးခဲ့လေသည်။ ပိုင်ယွီမင်က မော့ရှုလင်အား ထိုကဲ့သို့ အတွေးအခေါ် အမှားများထဲသို့ ဝင်ရောက်မသွားစေချင်ပေ။ 


မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားမည်ကို မရှောင်လွှဲနိုင်သော်လည်း မော့ရှုလင်အတွက် မတရားပေ။ မော့ရှုလင်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်အတွက် မစဉ်းစားလျှင် အခြားမည်သူကမျှ သူ့အတွက် စဉ်းစားပေးမည် မဟုတ်ပေ။


ခဏလောက် ထပ်စောင့်ကြည့်ရမယ်... စိတ်လောလို့မရဘူး…


ထို့နောက် ပိုင်ယွီမင်က ဝတ္ထုစာအုပ်ကို ဆက်ဖတ်နေပြီး အနိမ့်အမြင့်များစွာဖြင့် အမတအဖြစ်သို့ တက်လမ်းသွားသော ဇာတ်လိုက်၏ ဇာတ်လမ်းထဲသို့ နစ်မြုပ်သွားပြန်လေသည်။


မော့ရှုလင်က အခန်းထဲသို့ အမြန်ပြေးဝင်လာခဲ့လေသည်။ 


မည်သူကမှ သူ့ကို ဒုက္ခမပေးနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် ကမ္ဘာလေးထဲတွင် သီးခြားရောက်နေသကဲ့သို့ တံခါးကို ပိတ်ပြီးမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။ 


သူ အလွန်ပင် ထိတ်လန့်သွားခဲ့၏။ 


မော့ရှုလင်က ဤခံစားချက်ကို သိသော်လည်း ပိုင်ယွီမင်အပေါ် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ခံစားနေရသည်ကိုမူ နားမလည်နိုင်ပေ။


ပိုင်ယွီမင်က ညှို့ဓာတ်တွေနဲ့ ကျင့်ကြံထားတာမလို့ ငါက သတိလက်လွတ်ဖြစ်ပြီး ပိုင်ယွီမင်ဆီမှာ ဆွဲဆောင်ခံလိုက်ရတာလား... 


မဟုတ်ဘူး... ငါ့ခန္ဓာကိုယ်က ဆယ်နှစ်ပဲ ရှိသေးတာ... ဒီလိုအရိုင်းဆန်တဲ့ တုံ့ပြန်မှုမျိုး မဖြစ်သင့်ဘူး…


သူ့ဝိညာဉ်က နှစ်ပေါင်းသောင်းချီ ဖြတ်သန်းလာခဲ့ဖူးလေသည်။ ကိုယ်တိုင်မကြုံဖူးသော်လည်း နှလုံးသားနတ်ဆိုးနှင့် ကြုံတွေ့ရချိန်တွင် မည်ကဲ့သို့ ခံစားရသည်ကို သိလေ၏။ 


သို့ရာတွင် လူတစ်ယောက်က နိုးနိုးကြားကြား ရှိနေချိန်တွင် ဆွဲဆောင်ခံလိုက်ရသည်ကိုမူ မကြားဖူးချေ။ မိစ္ဆာများပင်လျှင် ဤကဲ့သို့ မလုပ်နိုင်ပေ။ 


သူ၏ဝိညာဉ်အသိစိတ်က သာမန်လူများထက် သာလွန်ပြီး စိတ်ဓာတ်ကလည်း သာမန်လူများထက်  မာကျောလေသည်။


မော့ရှုလင်မှာ ဆက်မစဉ်းစားနိုင်တော့သဖြင့် အိပ်ရာပေါ်သို့ လှဲချကာ မျက်လုံးများကို မှိတ်လိုက်လေသည်။ 


သို့ရာတွင် သူ့စိတ်ထဲသို့ ပိုင်ယွီမင်၏ မျက်နှာက ရောက်လာပြီး ဖြူစင်လှပသော မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်နေလေသည်။ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာကို နှိုးဆွပေးနေလေသည်။


တကယ် စိတ်ကျေနပ်စရာပဲ... 


မသက်မသာဖြစ်တာ၊ တပ်မက်တာ၊ မနာလိုတာတွေ မဟုတ်ဘဲ ကြည်နူးမှုပဲ ရှိတယ်... ဒီလိုပုံစံပိုင်ယွီမင်ကို အမြဲတမ်း မြင်တွေ့ချင်တယ်…


ပိုင်ယွီမင်က အရမ်းကြည့်ကောင်းနေလို့များလား... 


ပိုင်ယွီမင်က သူမြင်ဖူးခဲ့သမျှ ယုန်မိစ္ဆာများထဲတွင် အရိုးထဲထိ သန့်စင်လှပကာ လှည့်စားရလွယ်ကူလေသည်။ ထို့အပြင် ရောင်းစားခံရပြီးလျှင်ပင် တစ်ဖက်လူအတွက် ငွေပြန်ရေတွက်ပေးသည်အထိ တုံးအလေ၏။ ဤကဲ့သို့လူမျိုးက ကျင့်ကြံရေးလောကတွင် အလွန်ပင် ရှားပါးလေသည်။


မော့ရှုလင်မှာ ကိုယ့်ကိုယ်ကိုယ် အလှတရားကို မက်မောသည့် သာမန်လူတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်လေသည်။ 


ယခင်က မည်သူ့ကိုမှ မကြိုက်ဖူးသော်လည်း ၎င်းမှာ ထိုလူများက လုံလောက်အောင် မလှပသောကြောင့်ဖြစ်သည်ဟု ခံစားလိုက်ရလေသည်။


🐰🐰🐰