Ch 11
Viewers 569

🐰 Chapter 11



အမှန်တရားက သက်သေပြလိုက်သည်မှာ ယဲ့ချင်းလင်ပြောသကဲ့သို့ပင် နှစ်ကြိမ်သုံးကြိမ်ခန့် နှင်းများ အပြင်းအထန်ကျပြီးနောက် သက်ကယ်အိမ်လေးက ပြိုကျသွားလေသည်။ 


မော့ရှုလင်က ဤနေရာကို ခိုင်ခံ့အောင် မည်မျှပင် ကြိုးစားထိန်းသိမ်းခဲ့စေကာမူ ထိုညတွင် တိုက်ခတ်လာသော ပထမဆုံး လေပြင်းအောက်၌ သက်ကယ်အိမ်လေးက ပြိုကျပျက်စီးသွားခဲ့လေသည်။


ဓားကဲ့သို့ ထက်မြက်သော လေများက နှင်းများနှင့် ရောနှောနေပြီး လူကို အရှင်လတ်လတ် မြှုပ်ပစ်ရန်ပင် လုံလောက်လေသည်။ 


ဘုန်း...


မော့ရှုလင်မှာ တုံ့ပြန်ရန်အချိန်ပင် မရှိလိုက်ပေ။ 


အမိုးတစ်ခုလုံးက ဤကဲ့သို့ ပြိုကျသွားလေ၏။ 


ဝါးဘောင်က မော့ရှုလင်၏ခေါင်းကို ထိမှန်သွားပြီး သူ့အသက်ကို နှုတ်ယူလုနီးပါး ဖြစ်သွားလေသည်။


ပျက်စီးယိုယွင်းနေသော သက်ကယ်အိမ်အိုကြီးကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။ မော့ရှုလင်၏ ခေါင်းပေါ်သို့ ကျလာသည့် ဝါးလုံးမှာ ပိုးထိုးနေသဖြင့် မော့ရှုလင်၏နဖူးထက် ပျော့နေသောကြောင့် သူ့အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ 


အမိုးမပြိုကျမီ တစ်ရက်တွင် ပိုင်ယွီမင်က သူ့အား ဆိုဆုံးမခဲ့လေသည်။

"ငါ့ရဲ့ စုတ်ပြတ်နေတဲ့ အိမ်လေးကိုပဲ မကြည့်နဲ့... ‘ရှောင်ရှီရဲ့ကမ္ပည်းစာများ’ ဆိုတာကို ကြားဖူးလား... နတ်ဘုရားရှိရင် တောင်ကမြင့်စရာမလိုဘူး... နဂါးရှိရင် ရေကနက်စရာမလိုပါဘူး... အိမ်က စုတ်ချင်စုတ်ပါစေ ငါကိုယ်တိုင်က မြင့်မြတ်တယ်... ဒါက ဘာကိုပြနေလဲဆိုရင် အိမ်က ဘယ်လိုပုံစံပဲဖြစ်ဖြစ် ပြန်ဆောက်ဖို့အတွက် ဘယ်လောက်ပဲကုန်ကျပါစေ မင်းမှာ ငါရှိနေရင်ရပြီ..."


ပိုင်ယွီမင်က အသံမြှင့်ပြီး ထပ်ပြောလိုက်၏။ 

"ငါရှိနေရင်ရပြီ... ပစ္စည်းဥစ္စာ လုံလုံလောက်လောက်ရှိတာက ကောင်းပေမဲ့ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းဖို့အတွက် အဲ့ဒီလို ကြီးကြီးကျယ်ကျယ်ပစ္စည်းတွေ မလိုအပ်ပါဘူး..."


သူ့ရှစ်စွမ်း၏ စာပေပညာက ပြိုင်ဘက်ကင်းသကဲ့သို့ သူ့မျက်နှာကလည်း အလားတူ ပြိုင်ဘက်ကင်းလေသည်။ 


ထို့ကြောင့် မော့ရှုလင်က တပည့်တစ်ယောက်အနေဖြင့် ပိုင်ယွီမင်၏ ပြိုင်ဘက်ကင်း အလှတရားကိုကြည့်ပြီး သက်ပြင်းချကာ သူ့ရှစ်စွမ်းပြောသမျှ အဓိပ္ပာယ်မရှိသည့် စကားများကို မငြင်းနိုင်ဘဲ ခေါင်းညိတ်လက်ခံခဲ့ရလေသည်။


သို့ရာတွင် အိမ်ကကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မော့ရှုလင်က ဂရုမစိုက်ချေ။ 


သူက ဘဝနှစ်ခုတွင် ရှင်သန်ခဲ့ဖူးသူဖြစ်သဖြင့် ဤကဲ့သို့ ပစ္စည်းများကို ဂရုမစိုက်တော့သည်မှာ ကြာပြီဖြစ်သည်။ ပိုင်ယွီမင်က သူ့အား နေစရာပေးထားသည်ကိုပင် ကျေးဇူးတင်နေ၏။ 


ထို့အပြင် မည်မျှပင် ကောင်းမွန်သည့်အိမ်တွင် နေရစေကာမူ အိမ်က တစ်ဖက်လူ၏အိမ်ဖြစ်ပြီး သူ့အိတ်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးကသာ သူ့အပိုင်ဖြစ်သည်။ 


မော့ရှုလင်က ကလေးတစ်ယောက် မဟုတ်သဖြင့် ပိုက်ဆံမရှိဘဲ ခမ်းနားသော နေရာတွင် နေရသည်ထက် စိတ်ဝိညာဉ်ကျောက်တုံးများရှိပြီး သက်ကယ်အိမ်တွင် နေရသည်ကို ပိုမိုလိုလားလေသည်။


သို့ရာတွင် ပိုင်ယွီမင်က ဖြူစင်သော်လည်း သူ့ပါးစပ်ကမူ ကံဆိုးမည်ဟု မထင်ထားခဲ့ပေ။ သက်ကယ်အိမ်လေးက နှစ်ပေါင်းများစွာ တောင့်ခံလာခဲ့ပြီး မည်သည်မှ မဖြစ်ခဲ့သော်လည်း ယမန်နေ့က ပိုင်ယွီမင်ပြောပြီးသည်နှင့် နောက်တစ်နေ့တွင် ယိုယွင်းနေသည့်အိမ်က ပြိုကျသွားခဲ့လေသည်။


မော့ရှုလင်သတိပြန်ရလာပြီးနောက် အပျက်အစီးများကြားမှထွက်ကာ ပြိုကျနေသည့် ခေါင်မိုးကိုနင်းလျက် နှင်းများကြားတွင် ပိုင်ယွီမင်ကို အပြေးအလွှား လိုက်ရှာလေသည်။ 


ပိုင်ယွီမင်ကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။ အပျက်အစီးများအောက်သို့ အော်ခေါ်သော်လည်း ပိုင်ယွီမင်၏ အသံကို မကြားရပေ။ 


မော့ရှုလင်မှာ ထိုယုန်ကို အသံကျယ်ကျယ် မအော်ရဲသဖြင့် ဆောင့်ကြောင့်ထိုင်ကာ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး သက်ပြင်းချလိုက်လေသည်။


မော့ရှုလင်က သူ့မှတ်ဉာဏ်ထဲရှိ မြက်အသိုက်ရှိမည့်နေရာတွင် ရပ်လိုက်ပြီး အပျက်အစီးများကို ဂရုတစိုက် ဖယ်ရှားလိုက်လေသည်။ 


တစ်ခဏအကြာတွင် မော့ရှုလင်က မထင်မှတ်ထားသည့် အရာတစ်ခုကို တွေ့လိုက်ရလေ၏။ 


အပျက်အစီးများအောက်တွင် ခြေလေးချောင်းဆန့်ပြီး အိပ်ပျော်နေသည့် ယုန်ဖြူကြီးတစ်ကောင် ရှိလေသည်။ 


၎င်းက အလွန်ပင် ဝဖြိုးနေသည့် ယုန်တစ်ကောင်ဖြစ်၏။ ဝဝတုတ်တုတ်နှင့် သူ့အမွေးများက နှင်းကဲ့သို့ဖြူဖွေးကာ ဝါဂွမ်းထက်ပင် နူးညံ့နေပြီး မြက်အသိုက်တစ်ခုလုံးတွင် သူ့ခန္ဓာကိုယ်က အပြည့်ဖြစ်နေလေသည်။ ထိုယုန်မှာ အလွန်ဝနေသဖြင့် ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိကာ ပြိုင်ဘက်ကင်းလှပသည့် မဟာယနအဆင့်ရှိသော သူ့ရှစ်စွမ်း ဟုတ်မဟုတ်ကို မော့ရှုလင် မသေချာပေ။ 


သို့ရာတွင် ယခုအချိန်မှာ မည်သည့်အတွက်ကြောင့် ရှစ်စွမ်းက အလွန်ဝနေသည်ကို တွေးရမည့်အချိန် မဟုတ်ပေ။


"ရှစ်စွမ်း... ရှစ်စွမ်း..."

မော့ရှုလင်က ခပ်တိုးတိုး ခေါ်လိုက်၏။ 


သူက ပိုင်ယွီမင်ကို အလွယ်တကူ မထိရဲပေ။ အကြောင်းမူကား ပိုင်ယွီမင်၏ တုံ့ပြန်မှုကြောင့် သူလွင့်ထွက်သွားပြီး ထိခိုက်မိမည်ကို ကြောက်သောကြောင့် ဖြစ်လေသည်။ 


ပိုင်ယွီမင်က အနိုင်ကျင့်ရလွယ်ပုံပေါ်သော်လည်း မဟာယနအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သဖြင့် အလွယ်တကူ အနိုင်မကျင့်နိုင်ပေ။ မဟုတ်လျှင် လူတိုင်းက ကျင့်ကြံကြမည် မဟုတ်ပေ။ လူများက ကျင့်ကြံရခြင်း၏ ရည်ရွယ်ချက်မှာ မည်သည့်မိစ္ဆာမှ မတိုက်ခိုက်နိုင်သည့် ကြီးမားသောအင်အားကို ရရှိရန် ဖြစ်လေသည်။


လေတိုက်သံများက အလွန်ကျယ်လောင်နေသဖြင့် မော့ရှုလင်၏ ခပ်တိုးတိုးခေါ်သံကို မကြားရပေ။ ပိုင်ယွီမင်က နိုးမလာရုံသာမက နားရွက်များပင် မလှုပ်ချေ။


"ရှစ်စွမ်း..."

မော့ရှုလင်က ကျယ်လောင်စွာဖြင့် အော်လိုက်၏။ 


ဤတစ်ကြိမ်တွင်မူ ပိုင်ယွီမင်က တုံ့ပြန်လာလေသည်။ 


ယုန်ဝတုတ်လေးက နှစ်ကြိမ်ခန့် ညည်းတွားလိုက်ပြီးနောက် ခြေထောက်များကို ကန်လိုက်လေသည်။ သူ့အိပ်မက်ကို နှောင့်ယှက်သည့်အသံအား ကန်ထုတ်ချင်နေသကဲ့သို့ ဖြစ်လေ၏။ 


မော့ရှုလင်မှာ ရင်းနှီးသောအသံကို ကြားလိုက်ရသဖြင့် ဤယုန်ဝတုတ်က သူ့ရှစ်စွမ်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။ အခြားယုန်တစ်ကောင်က တောင်ပေါ်သို့ ရောက်လာပြီး ရှစ်စွမ်း၏မြက်အသိုက်ကို လုယူထားခြင်းမဟုတ်ပေ။


"ရှစ်စွမ်း..."

မော့ရှုလင်က ထပ်ပြီးခေါ်လိုက်၏။ 


ဤတစ်ကြိမ်တွင် ပိုင်ယွီမင်က တစ်ဖက်သို့ လှည့်သွားပြီး သူ့ခန္ဓာကိုယ်ကို လုံးနေအောင် ကွေးလိုက်လေ၏။ နားရွက်တစ်စုံကိုလည်း ယုန်လက်များဖြင့် ခေါင်း၏ ဘေးတစ်ဖက်စီတွင် ဖိထားလေသည်။ ထိုကိုယ်ဟန်အနေအထားကြောင့် အမြီးတိုလေးက ထောင်တက်လာပြီး မော့ရှုလင်ဘက်သို့ ရောက်နေလေ၏။ 


မော့ရှုလင် “........”


ငါ ဒေါသထွက်နေတယ်ဆိုပေမဲ့ ရှစ်စွမ်းရဲ့အမြီးလေးကို တကယ်ထိကြည့်ချင်တယ်...


ပိုင်ယွီမင်က မအိပ်ဘဲ ဝတ္ထုများကို ဖတ်နေခဲ့သဖြင့် စားသောက်ပြီးနောက် အိပ်ပျော်သွားခြင်း ဖြစ်နိုင်လေသည်။ ယခုက သူအိပ်ပျော်နေချိန်ဖြစ်သဖြင့် မည်သူကမှ နှိုးနိုင်မည် မဟုတ်ပေ။


 á€™á€ąá€Źá€ˇá€›á€žá€Żá€œá€„်က လက်လျှော့လိုက်ပြီး ထိုင်ချကာ နှင်းဒဏ်ကို အံတုနိုင်သည့် စိတ်ဝိညာဉ်ထီးတစ်ချောင်းကို ထုတ်၍ ပိုင်ယွီမင်နိုးလာမည့်အချိန်ကို စောင့်နေလိုက်လေသည်။ 


သူက ထိုင်နေလျက် မန္တန်များနှင့် ဓားသိုင်းများကို စိတ်ထဲတွင် အကြိမ်ကြိမ် စဉ်းစားနေလေသည်။ သို့ရာတွင် သူက မျက်လုံးကို အကြိမ်ကြိမ်ဖွင့်ကြည့်ကာ ယုန်ဝတုတ်လေးကို ကြည့်နေမိလေ၏။


ရှစ်စွမ်းက လုံးလုံးလေး...


ခြေထောက်တွေကလည်း သေးသေးလေး... 


အမြီးသေးသေးလေးလည်းရှိတယ်... 


ငါတကယ် ထိကြည့်ချင်လိုက်တာ... 


မဖြစ်ဘူး မဖြစ်ဘူး…


မော့ရှုလင်က မျက်လုံးကို အမြန်မှိတ်ကာ လမ်းမှားမရောက်အောင် ထိန်းချုပ်လိုက်၏။ 


သို့ရာတွင် မော့ရှုလင်က မကြည့်လိုက်ရမည်ကိုလည်း စိုးရိမ်နေလေသည်။ ယခုမြင်တွေ့နေရသည့် အခွင့်အရေးကို အသုံးမချလျှင် ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်သည့်အချိန်မှ ထပ်ရနိုင်မည်ကို မသိပေ။ 


မော့ရှုလင်က ဝေခွဲမရဖြစ်နေပြီး မိုးလင်းသည်အထိ ရုန်းကန်နေခဲ့လေသည်။ ပိုင်ယွီမင်နိုးလာသည့်တိုင်အောင် တိကျသောအဖြေကို မရခဲ့ပေ။ 


နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ယုန်ဝတုတ်လေးက ခန္ဓာကိုယ်ကို တစ်ပတ်ပြီးတစ်ပတ် လှိမ့်နေသဖြင့် ယုန်ဝတုတ်လေးတွင် ပျော့ပျောင်းသော ခန္ဓာကိုယ်ရှိသည်ကို သိလိုက်လေသည်။ ကြောင်များကသာ ပျော့ပျောင်းနိုင်သည် မဟုတ်ဘဲ မဟာယနအဆင့်ထိ ကျင့်ကြံထားသော ယုန်ဝတုတ်များကလည်း ပျော့ပျောင်းကာ လှုပ်ရှားမှုမျိုးစုံ လုပ်နိုင်သည်ကို တွေ့လိုက်ရလေသည်။


နေထွက်လာပြီ ဖြစ်လေသည်။ 


တစ်ညလုံး အပြင်းအထန် တိုက်ခိုက်နေသည့်လေက နောက်ဆုံးတွင် ပင်ပန်းသွားပုံရလေ၏။ 


ရှက်စရာကောင်းအောင် ပျက်စီးနေသည့် သက်ကယ်အိမ်ကလည်း နှင်းဖြူဖြူများအောက်တွင် ဖုံးလွှမ်းသွားခဲ့ပြီး ယွဲ့ရွှယ်တောင်ထိပ်တွင် တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်စိုးမိုးလာခဲ့လေသည်။ ထိုအချိန်တွင် မြေခွေးဖြူလေးတစ်ကောင်က နှင်းများပေါ်တွင် ခုန်ပေါက်ပြေးလွှားနေသဖြင့် ယွဲ့ရွှယ်တောင်ထိပ်ကို သက်ဝင်လှုပ်ရှားစေလေသည်။


"တပည့်လေးက စောလှချည်လား..."

အိပ်ချင်မူးတူးဖြစ်နေသည့် ပိုင်ယွီမင်က မည်သည်ကိုမှ မစဉ်းစားချင်ပေ။ သူက မော့ရှုလင်ကို ဘေးတွင် မြင်လိုက်ရသဖြင့် အလိုအလျောက် နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။


တစ်ညလုံးမအိပ်ရသေးသည့် မော့ရှုလင် “.........”


"ရှစ်စွမ်း... ကောင်းသောမနက်ခင်းပါ...” 


“ဒီနေ့လေက အရမ်းလတ်ဆတ်တာပဲ... လှလိုက်တာ"


ယုန်ဝတုတ်လေးက မြက်အသိုက်ပေါ်တွင် ပက်လက်လှန်နေကာ ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်၏။ 


မော့ရှုလင်မှာ ထိုအဖြူရောင်ဝတုတ်အလုံးလေးက ကိုယ်လက်ဆန့်ပြီးနောက် အလုံးလေးပုံစံသို့ ပြန်ရောက်သွားသည်ကို ကြည့်နေမိလေသည်။ 


ပိုင်ယွီမင်၏ ချစ်စရာကောင်းသောပုံစံကြောင့် မော့ရှုလင်၏ နှလုံးသားက လှုပ်ရှားလာသော်လည်း သူ့အမူအရာတွင် မည်သည်ကိုမှ ထုတ်ဖော်မပြနေပေ။ သို့ရာတွင် မျက်ဝန်းထဲ၌ မကျေနပ်သည့် အရိပ်အယောင်များက အနည်းငယ် ရှိနေလေ၏။

"ရှစ်စွမ်း... ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး..."


ယုန်ဝတုတ်လေးက သမ်းဝေလိုက်ကာ မျက်လုံးကို မှိတ်ထားဆဲဖြစ်ပြီး ပေါ့ပေါ့တန်တန်ဖြင့် ပြန်ဖြေလိုက်၏။ 

"အင်း... နှင်းတွေ အများကြီးပဲ... အရမ်းလှတယ်"


မော့ရှုလင် “.......”


ထားလိုက်တော့... မလိုတော့ဘူး... ဒေါသမထွက်နဲ့... ရှစ်စွမ်းကို လေးစားရမယ်.. စိတ်ကို တည်တည်ငြိမ်ငြိမ်ထား… 


မော့ရှုလင်က ကိုယ့်ကိုယ်ကိုယ် ဆုံးမသည့်စကားများကို စိတ်ထဲတွင် အသံတိတ် ရွတ်ဆိုနေလေသည်။

"ရှစ်စွမ်း... အိမ်ပြိုသွားပြီ..."


“ဟမ်... ဘာဖြစ်တယ်...”


ယုန်ဝတုတ်လေးက ထခုန်လိုက်ပြီး ဝဝကစ်ကစ် ခန္ဓာကိုယ်လေးကို ခြေလေးချောင်းဖြင့် ထောက်လိုက်လေသည်။ ထို့နောက် ခေါင်းလှည့်ပြီး ပတ်ဝန်းကျင်ကို အထပ်ထပ်အခါခါ ကြည့်လိုက်၏။

"ငါ့အိမ်လေးပြိုသွားပြီလား..."


ယုန်ဝတုတ်လေးက မယုံနိုင်သည့်ပုံစံဖြင့် သူ့မျက်နှာကို ယုန်လက်သည်းများဖြင့် အုပ်လိုက်လေသည်။


ငါ့အိမ်စုတ်လေး မရှိတော့ဘူး...


မော့ရှုလင်က ယုန်အမြီးလေးကို မျက်တောင်မခတ်ကြည့်နေပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တည်တည်ငြိမ်ငြိမ်ထားရန် သတိပေးနေလေသည်။ 


စိတ်ဝိညာဉ်ကျောက်တုံး... စိတ်ဝိညာဉ်ကျောက်တုံး... သွားမထိနဲ့... စိတ်ဝိညာဉ်ကျောက်တုံး... စိတ်ဝိညာဉ်ကျောက်တုံး... သွားမထိနဲ့…


ပိုင်ယွီမင်မှာ သူ့အိမ်စုတ်လေး ပြိုကျသွားသည်ကို ယုံကြည်သွားပြီးနောက် ယခင်က မရှိခဲ့ဖူးသည့် ရှစ်စွမ်းတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးစားလိုက်လေသည်။

"အဟမ်း…ကြည့်စမ်း... ဒီအိမ်က စိတ်ဓာတ်မခိုင်ခံ့ဘူး... အဲ့ဒါကြောင့် ငါချီးကျူးတာကို မခံနိုင်တာ... ရှောင်ရှုရှု... ဒါကို သင်ခန်းစာယူလို့ရတယ်..."


မော့ရှုလင် “..........”


ဤအိမ်အိုကြီးကို ကုန်ကျစရိတ် လုံးဝမရှိဘဲ ပြင်ထားခြင်းဖြစ်ရာ အကြိမ်တစ်သောင်းခန့် ချီးကျူးလျှင်လည်း အသုံးမဝင်ပေ။


🐰🐰🐰