အခန်း(၄၂)လှည့်စားခံလိုက်ရခြင်း
Viewers 38k

အခန်း(၄၂) လှည့်စားခံလိုက်ရခြင်း


အကြီးဆုံးမရီးနှင့် တတိယမရီးသည် စတုတ္တခယ်မလေးက ယဥ်ကျေးလွန်းတယ်လို့ မှတ်ချက်ပြုကြသည်။ ညီအစ်ကိုများကြားတွင် ဒီလောက် လက်ဆောက်များ မလိုအပ်ပါ။


လင်းချင်းဟယ်၏ လုပ်ဆောင်ချက်သည် ပန်းသီးသုံးလုံးသာ ရရှိခဲ့သည့်အပေါ် မကျေနပ်သည့် ဒုတိယမရီးရဲ့ ဗျစ်တောက်ဗျစ်တောက် ပြောဆိုနေခြင်းအား ရပ်တန့်သွားစေခဲ့သည်။


အခုတော့ သူမမျက်နှာကို အရိုက်ခံလိုက်ရသလိုပဲ။ လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး လက်ဆောင်မဟုတ်သည့် ပေါက်စီနှစ်လုံးကို ပေးပို့ခဲ့သည်။


“စတုတ္ထမတ်လေး အငြိမ်းစားယူလိုက်ရတော့ သူမ ဘယ်လိုပြုမူနေထိုင်သင့်လဲ ဆိုတာကို နားလည်သွားပြီထင်တယ်။ ဒါပေမယ့် သူမဘဝက မကြာခင်မှာ ဆိုးရွားတော့မှာပဲကို ဘာ့ကြောင့် ဝံပုလွေဆိုးလို ဟန်ဆောင်ချင်ရတာလဲ။ (လူကောင်းလို ဟန်ဆောင်ခြင်းကို ဆိုလိုသည်။) လူလူချင်း ဆက်ဆံရေး အဆင်ပြေစေဖို့ ပေါက်စီတွေကို အသုံးပြုလိုက်တာပဲ။” ညအချိန်တွင် ဒုတိယမရီးက ဒုတိယအစ်ကိုဖြစ်သူအား ငြီးတွားပြောဆိုခဲ့သည်။


“အနာဂတ်မှာ သူတို့ အကူအညီလိုအပ်ရင် ငါ သွားကူညီမှာပဲ။” ဒုတိယအစ်ကိုသည် သူ စားဖူးသည့် လက်ရာကို ပြန်တမ်းတမိပြီး အမျိုးသမီးများ၏ ရှုပ်ထွေးလှသော အတွေးများကို ဂရုမစိုက်နိုင်ပါ။


ဒီပေါက်စီတွေက အရမ်းအရသာရှိပြီး သူ ညဖက်အိပ်စက်သည့်အချိန်မှာ အိမ်မက်ထဲပင် ထည့်မက်မိသည်။


“ကျွန်မကတော့ စတုတ္ထမတ်လေး အငြိမ်းစားယူတာနဲ့ ပတ်သက်ပြီး သူမ ပြဿနာ အများကြီး ရှာလိမ့်မယ် ထင်တယ်။ ဒါ‌ပေမယ့် သူမ ဘာမှပြဿနာမရှာခဲ့ဘူး။ စတုတ္ထမတ်လေး ပြန်လာတုန်းက ပိုက်ဆံ ဘယ်‌လောက်လောက်များများ ပြန်ပါလာခဲ့လဲလို့ ရှင် ပြောကြည့်စမ်းပါဦး။” ဒုတိယမရီးက မေးသည်။


“သူ ဘယ်လောက် ပြန်ပါလာတာလဲဆိုတာ အရေးမကြီးဘူး။ အဲ့တာက ငါတို့နဲ့ ဘာမှမဆိုင်ဘူးလေ။” ဒုတိယအစ်ကိုက ပြောသည်။


ဒုတိယမရီးက သူ့ကို လက်နှင့်တွန်းလိုက်သည်။ “ကျွန်မ မျက်စိကျနေတာ မဟုတ်ပါဘူး။ ကျွန်မ မေးကြည့်ရုံလေးတင်ပါ။ ငါးရာလောက် ပါလာတယ်လို့ ရှင်ထင်လားဟင်။”


“ငါးရာလား။ မင်း အရမ်းတွေးနေတာပဲ။ တခြားရွာက အငြိမ်းစားယူပြီး ပြန်လာတဲ့လူတုန်းက သုံးရာလောက်ပဲ ရခဲ့တယ်လေ။” ဒုတိယအစ်ကိုက ထောက်ပြပြောဆိုသည်။


“စတုတ္ထမတ်လေးက ဆုလာဒ်တော်တော်များများ ရခဲ့တယ် မဟုတ်ဘူးလား။ ဒါ့ကြောင့် သူတို့ သူ့ကို များများပိုပေးနိုင်တယ်မလား။” ဒုတိယမရီးက ‌မေးသည်။


“ဒီကိစ္စတွေကို မင်း ဂရုမစိုက်သင့်ဘူးလို့ ငါပြောချင်တယ်။ စတုတ္ထရဲ့ဇနီးက ဖြုန်းတီးတဲ့အတွက် ပိုက်ဆံ သိပ်မစုဆောင်းမိဘူးလို့ ငါယုံကြည်တယ်။” ဒုတိယအစ်ကိုက သူ့လက်ကို ဝှေ့ယမ်းရင်းပြောသည်။


လွန်ခဲ့တဲ့နှစ်ရက်က ကျွေးမွေးခဲ့သည့် နေ့လည်စာကို စားသောက်ရတာ သဘောကျကျေနပ်မိပေမယ့် ဒီနေ့ပို့လိုက်သည့် ပေါက်စီလုံးကြီးတွေကို ပိုလို့တောင် သဘောကျနေမိသည်။ ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် စတုတ္ထရဲ့ဇနီးက ဘယ်လိုသုံးစွဲနေထိုင်သင့်လဲဆိုတာကို နားမလည်သေးဘူး။


“ပြီးတော့ စတုတ္ထလေးက ပိုက်ဆံ ဘယ်လောက်ပဲ ပြန်ပါလာလာ စျေးဝယ် တစ်ခါတည်း သွားလိုက်တာနဲ့ သူတို့ အနာဂတ်မှာ သုံးစွဲဖို့ ဝင်ငွေကျန်မှာ မဟုတ်ဘူး။” ဒုတိယအစ်ကိုက အားပေါင်အာရင်းသန်သန်ပြောလိုက်သည်။


ဒီစကားကိုကြားတော့ ဒုတိယမရီး နောက်ဆုံးတော့ သူမရင်ထဲက အလုံးကြီး ပြုတ်ကျသွားခဲ့သည်။ ဒီစကားက မှန်တယ်။ ရှေးလူကြီးတွေပြောတဲ့စကားက မှန်တယ်။ အိမ်မှာ အသုံးအဖြုန်းကြမ်းတဲ့သူရှိရင် နေ့စဥ် တစ်ပဲနိလောက် ဝင်နေရင်တောင် မကြီးပွား မတိုးတက်နိုင်ဘူး။ လင်းချင်းဟယ်ရဲ့ ဖြုန်းတီးသော သဘောသဘာဝအရ ပိုက်ဆံဘယ်လောက်ပဲရှိရှိ သူမအတွက် လုံလောက်မှာမဟုတ်ဘူး။


ဒီတစ်ခေါက်မှာ ပိုက်ဆံအများကြီး ပြန်ပါလာခဲ့ရင်တောင်မှ သုံးဖို့စွဲဖို့ လုံလောက်မှာ မဟုတ်ဘူး။


“သူမ သန့်ရှင်းသပ်ရပ်မှုကို အရမ်းချစ်မြတ်နိုးပြီး ညစ်ပတ်စုတ်ပြတ်နေရင် ရှုံ့ချတတ်တယ်။ အခု အိမ်နောက်ဖေးမှာ ဝက်မွေးမြူနေရပြီ မဟုတ်ဘူးလား။” ဒုတိယမရီးက နှစ်ထောင်းအားရ ပြောဆိုလိုက်သည်။

 

ဝက်ကလေးနှစ်ကောင်ကို မွေးမြူပြီးရင် သန့်သန့်ရှင်းရှင်းထားဖို့ မလွယ်ကူလှဘူး။ အဲ့တာက ရုပ်ပိုင်းဆိုင်ရာ ပြုစုပေးဖို့လည်း လိုအပ်တယ်။ ပြီးတော့ သူတို့က ငရဲတမျှ နံစော်တယ်။


အနာဂတ်တွင် မာနကြီးသော လင်းချင်းဟယ်သည် ဘဝရဲ့ လက်တွေ့ကျသော ဖိအားများနှင့် ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်ပြီး ဒုတိယမရီးသည် ဖီးနစ်ငှက်ကို စီးနင်းသွားနိုင်သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်မျိုး ခံစားလိုက်ရသည်။


တတိယမရီးက ကိုယ်ဝန်ရင့်မာလာပြီဖြစ်သောကြောင့် အိမ်အပြင်ကို မထွက်တော့ဘူး။ အကြီးဆုံးမရီးကတော့ ရောက်ရှိလာသည်။


အရင်တုန်းက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မကောင်းမွန်ခဲ့ပေမယ့် သူမက သူမရဲ့လင်ညီအစ်မ ဖြစ်နေတုန်းပါပဲ။ ဒါ့ကြောင့် အကြီးဆုံးမရီးသည် သူမအား မိသားစုချင်း လိုအပ်တာကို အကူအညီတောင်းနိုင်ကြောင်း ယဥ်ကျေးနေဖို့ မလိုအပ်ကြောင်းကို ဖျောင်းဖျပြောဆိုခဲ့သည်။ အကယ်၍ အကူအညီ တစ်စုံတစ်ရာ လိုအပ်လာခဲ့ရင် နောက်နောင်မှာ သူတို့ကို အသိပေးလိုက်ရုံနဲ့ အဆင်ပြေပါတယ်လို့ ပြောဆိုခဲ့သည်။ ထိုကိစ္စများအတွက် ဟိုဟိုဒီဒီပစ္စည်းများ ပို့ပေးစရာ မလိုအပ်ကြောင်း ပြောဆိုခဲ့သည်။

 

အကြီးဆုံးမရီးအပေါ် လင်းချင်းဟယ်၏ စိတ်သဘောထားမှာ အတော်လေး ကောင်းမွန်နေသေးသည်။ သူမသည် နားလည်လွယ်တတ်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် လင်းချင်းဟယ်သည် ပုံမှန်အတိုင်း သူမနှင့် ရင်းရင်းနှီးနှီး နေထိုင်လိုစိတ်ရှိသည်။


တတိယမရီးဖြစ်သူကိုလည်း ထိုနည်း၎င်းကောင်းပါပဲ။ မရီးတွေထဲမှာ သူမ ပြောဆို မဆက်ဆံချင်တဲ့သူက ဒုတိယမရီးတစ်ယောက်တည်းကိုပင်ဖြစ်သည်။


“ကျွန်မ အမေ့ကို တတိယမရီး ကလေးမီးဖွားပြီးတဲ့အခါကျရင် နို့များများထွက်အောင် ဝက်ခြေထောက်နှစ်ချောင်း ဝယ်ပေးမယ်လို့ အမေ့ကို ကတိပေးထားတယ်။ အကြီးဆုံးမရီး ကလေးမီးဖွားပြီးတဲ့အခါကျရင်လည်း မြေပဲနဲ့ ရောပြီး ချက်ပြုတ်စားသောက်ဖို့ ဝက်ခြေထောက်နှစ်ချောင်းကို ကျွန်မ ပေးရလိမ့်မယ်။” လင်းချင်းဟယ်သည် အကြီးဆုံးမရီး၏ သိသာထင်ရှားနေသော ဝမ်းဗိုက်အား စိုက်ကြည့်ရင်း ပြောလိုက်သည်။


“ဒါဆိုရင်လည်း ငါ နင့်ကို အားမနာတော့ဘူးနော်။” ဒီစကားတွေကို ကြားလိုက်ရတော့ အကြီးဆုံးမရီးရဲ့ နှလုံးသားက စိတ်လှုပ်ရှားသွားပြီး စတုတ္ထရဲ့ ဇနီးဖြစ်သူက အရမ်းကောင်းတယ်လို့ ခံစားလိုက်ရသည်။


“ဒီလိုအချိန်မှာ အစ်မကြီး ပန်းသီးများများ စားသင့်တယ်။ အစ်မကြီး ပန်းသီး များများစားဖို့ ဝန်မလေးနဲ့။ ကလေးတွေ မီးဖွားလာတဲ့အခါကျရင် အစ်မကြီး ကျေနပ်နှစ်သိမ့်မိလိမ့်မယ်။” လင်းချင်းဟယ်က အကြံပေးလိုက်သည်။


“အဲ့တာက ဘာကို ဆိုလိုချင်တာလဲ။” အကြီးဆုံးမရီးက တွေဝေသွားသည်။


“ကျွန်မကလေးတွေကို ကြည့်စမ်းပါဦး။ သူတို့ တော်တော်လေး ကြည့်ကောင်းတယ်။ ဟုတ်တယ် မဟုတ်လား။” လင်းချင်းဟယ်က ဆွယ်တာအင်္ကျီထိုးရင်း ပြောလိုက်သည်။


ဒီဆွယ်တာအင်္ကျီက ကျိုးချင်းပိုင်အတွက်ဖြစ်သည်။ သူ့မှာ အဝတ်အစား အများကြီး မရှိဘူး။ သူမ သူ့အတွက် မြန်မြန်ထိုးပေးရမယ်။ ဒီရာသီဥတုက တကယ့်ကိုပဲ အရိုးထဲထိတိုင် အေးစက်လွန်းတယ်။


ကံကောင်းထောက်မစွာဖြင့် သူမ ကျိုးတုန်းကို ထင်းအများကြီး ရှာဖွေခိုင်းမိသည်။ မဟုတ်ရင် အနွေးကုတင်ကို နွေးထွေးအောင် မီးအပူပေးရန်အတွက် လုံလောက်မှာ မဟုတ်ဘူး။


“လောင်တနဲ့ သူ့ညီတွေက တကယ့်ကို ကြည့်ကောင်းတာပဲ။” အကြီးဆုံးမရီးက ဒီလိုမပြောပဲ မနေနိုင်ခဲ့ပါ။ ဒါက မြှောက်ပင့်ပြောဆိုတာ မဟုတ်ဘူး။


ကျိုးချင်းပိုင်က အတော်လေး အရွယ်ရောက်နေပြီ။ သူက အရပ်ရှည်ပြီး ချောမောကာ လင်းချင်းဟယ်ကလည်း ချောမောလှပသည်။ သူမမိဘအိမ်မှာ ရှိစဥ်အခါတုန်းက ရွာအတွင်း ရွာအပြင်ဖက်မှာပါ ကျော်ကြားထင်ရှားတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့သည်။ သူမ အိမ်ထောင်ကျပြီးသည့်အချိန်တွင်လည်း သိပ်မပြောင်းလဲသွားခဲ့ပါဘူး။ အခု သူမ အပြင်သို့ ထွက်သွားသည့်အချိန်တွေမှာဆို သူမက လက်မထပ်ရသေးဘူးလို့ပြောရင် လူတွေက ယုံကြည်ကြလိမ့်မည်။

  

သူမသည် ဘယ်အရာကိုကြည့်ကြည့် အကောင်းမြင်နေတာလားဆိုတာကို မသိသော်လည်း အကြီးဆုံးမရီးသည် စတုတ္ထလေးရဲ့ ဇနီးသည်က အခုရက်ပိုင်းတွင် ပိုကြည့်ကောင်းလာတယ်လို့ ခံစားမိသည်။ အထူးသဖြင့် အခုရက်ပိုင်းတွင် ဒီလို ပိုထင်မိသည်။ ဘယ်အပိုင်းက ပိုကြည့်ကောင်းလာတာလဲဆိုတာကိုတော့ သူမ အတိအကျ မဆိုနိုင်ဘူး။ ဒါက သူမရဲ့ ခံစားချက် တစ်ခုပင် ဖြစ်သည်။


လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့သည် သူတို့မိဘတွေရဲ့ အကောင်းဆုံး ရုပ်ဆင်းအင်္ဂါများကို ပိုင်ဆိုင်ထားခဲ့ကြသည်။ ဒီလိုမျိုး ရုပ်ရည်ချောမောသန့်ပြန့်တဲ့ ညီအစ်ကိုတွေကို တစ်ရွာလုံး လိုက်ရှာရင်တောင် ရှာမတွေ့နိုင်ဘူးလို့ ပြောလို့ရပါသည်။

 

ထိုအခြင်းအရာများကြောင့် အဖေကျိုးနှင့် အမေကျိုးတို့က သူတို့အပေါ် အလွန်အမင်း ချစ်မြတ်နိုးကြသည်။


အထူးသဖြင့် အခုအချိန်တွင် သူတို့က စတုတ္ထရဲ့ ဇနီးသည်ကို အထူးဂရုစိုက်ပေးကြသည်။ သူတို့အားလုံးက ရုပ်ရည်ချောမောသန့်ပြန့်ကြ၍ သူမအကြည့်တွေကို ဖမ်းစားထားနိုင်သည်။


“ဒါက တော်တော်လေးမှန်တယ်။ ပြီးတော့ သူတို့ကို ကျွန်မကိုယ်ဝန်‌ဆောင်တုန်းက ဘာတွေစားသောက်ခဲ့တာလဲဆိုတာကို အစ်မကြီး သိလား။” လင်းချင်းဟယ်က ပြောသည်။


“နင် ဘာတွေ စားခဲ့လို့လဲ။” အကြီးဆုံးမရီးက တုံ့ပြန်မေးမြန်းသည်။


“ကျွန်မ အများဆုံး စားခဲ့တာက ဒီပန်းသီးတွေပဲ။ တစ်ရက်ကို တစ်လုံးလောက်တော့ စားဖြစ်တယ်။ အဲ့တာကြောင့် များများဝယ်ထားရတယ်။ အဲ့တာကြောင့် ဒီညီအစ်ကိုတွေက မွေးရာပါ အသားအရည်ကောင်းပြီး ကိုယ်ခံအား ကောင်းမွန်ကြတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားက သန်မာပြီး အရမ်းကောင်းမွန်ကြတယ်။ သူတို့ညီအစ်ကိုတွေ အအေးမိဖျားနာဖြစ်တာမျိုး ရှားပါးတယ်။” လင်းချင်းဟယ်က ရှင်းပြသည်။


“အဲ့တာဆို အများကြီး ကုန်မှာပေါ့။” အကြီးဆုံးမရီးက ဒီစကားတွေကို ကြားလိုက်ရတော့ အံ့အားသင့်စွာ ပြောသည်။


“ဒါပေမယ့် ကျွန်မတို့ဘဝမှာ ဘာကြောင့် ဒီလောက် လုံ့လဝီရိယစိုက်ထုတ်နေတာလဲ။ အဲ့တာတွေ အကုန်လုံးက ကျွန်မတို့ရဲ့ ကလေးတွေအတွက်ပဲ မဟုတ်ဘူးလား။ ကျွန်မတို့ကလေးတွေကို ဖြစ်နိုင်ရင် မမွေးခင်ကတည်းက ကျွေးမွေးထားသင့်တယ်လေ။ အခုအချိန်မှာ လူတစ်ယောက်စာ စားရုံနဲ့ လူနှစ်ယောက်စာ အာဟာရမရဘူး။ ပြီးတော့ အစ်မကြီးက တစ်မိသားစုလုံးကို ပြုစုစောင့်ရှောက်ပေးနေတာပဲ။ အခု ကိုယ်ဝန်ရှိနေတုန်းမို့ ပန်းသီးလေးနည်းနည်းလေး စားတာ ဘာဖြစ်သွားမို့လဲ။” လင်းချင်းဟယ်က ဆက်ပြောသည်။


ယခု သူမ ပြောလိုက်သည့်စကားများက အကြီးဆုံးမရီးဖြစ်သူရဲ့ စိတ်ထဲ စွဲထင်သွားသည်။ ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက် ခက်ခဲပင်ပန်းလိုက်သလဲ။ ဒီဖက်ခေတ်ကလူတွေ ကျန်းမာသန်စွမ်းကြတယ် ဆိုပေမယ့် အခြေခံအားဖြင့် ဒီကိစ္စကို အလေးအနက် မထားကြဘူး။ ဒါပေမယ့် သူတို့သာ တတ်နိုင်ရင် ဒီလိုအချိန်မျိုးမှာ သက်တောင့်သက်သာနေထိုင်နိုင်ဖို့ ကောင်းကောင်းအသုံးချချင်မှာပဲ။

  

ဒါပေမယ့် အစ်မကျိုးက ပိုက်ဆံသုံးစွဲဖို့ သတ္တိမရှိခဲ့ဘူး။ သူမ သုံးစွဲတဲ့ တစ်ပြားချင်းစီအတွက် နာကျင်ခံစားရပြီး အစားအသောက်တစ်ခုတည်းအတွက် ပိုက်ဆံအများကြီးကို မသုံးစွဲနိုင်ဘူး။


“ပန်းသီးတွေက ပိုက်ဆံအများကြီး မကုန်ကျပါဘူး။ ငွေတစ်ပြားဆို အများကြီး ဝယ်လို့ရနိုင်တယ်။ အစ်မကြီး အချိန်အတော်ကြာ အလုပ်ကြိုးစားပြီး လုပ်ကိုင်ခဲ့တာ ကိုယ့်ကိုယ်ကို တစ်ခါတစ်လေ ကျွေးမွေးပြုစုတာက ပြဿနာမရှိပါဘူး။” လင်းချင်းဟယ်က ချော့မော့ပြောဆိုသည်။ “အစ်မကြီး ပြန်သွားတဲ့အခါကျရင် တတိယမရီးကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ပန်းသီး များများစားသင့်တဲ့အကြောင်း ရှင်းပြလို့ရတယ်။”


သူမကတော့ ပြောစရာရှိတာကို ပြောလိုက်ပြီ။ သူမ ပြောတာကို လိုက်နာပြီး သူတို့ လိုက်လုပ်တာ လိုက်မလုပ်တာ သူတို့အလုပ်ပင်။


အကြီးဆုံးမရီး အိမ်ကိုပြန်ရောက်လာပြီးနောက် အမေကျိုးက သူမကို “နင် စတုတ္ထရဲ့ ဇနီးသည်ကို ပြောပြီးပြီလား။” လို့ မေးမြန်းလာသည်။


အကြီးဆုံးမရီးကို လင်းချင်းဟယ်အား နားချပြောဆိုပေးဖို့ အမေကျိုးက ညွှန်ကြားထားခြင်းဖြစ်သည်။ ကျိုးမုက သူမ သွားလျှင် စတုတ္ထရဲ့ ဇနီးသည်က အသေအချာကိုပဲ စိတ်မကြည်မလင်ဖြစ်မှာကို သိသည်။ ထို့ကြောင့် သူမကိုယ်စား အကြီးဆုံးမရီးဖြစ်သူကို စေလွှတ်ခဲ့တာဖြစ်သည်။


“အမေ စိတ်မပူပါနဲ့။ စတုတ္ထရဲ့ ဇနီးက နားလည်သွားပါပြီ။” အကြီးဆုံးမရီးက ပြောသည်။


“အကယ်၍ သူမ စိတ်ထဲရှိတဲ့အတိုင်း ဆက်လုပ်နေမယ်ဆိုရင် ငါ စိုးရိမ်ပူပန်နေရလိမ့်မယ်။ အခု စတုတ္ထလေးက အငြိမ်းစားယူသွားရတော့ သူတို့အိမ်မှာ ဝင်ငွေမရှိတော့ဘူး။ သူမ ဒီအတိုင်းသာ ဆက်စားသောက်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်ပါ့မလဲ။” အမေကျိုးက ဝမ်းနည်းပူဆွေးနေခဲ့သည်။