အခန်း(၄၃)ဘာမှလုပ်စရာမရှိရင်သူမအနားကပ်မယ်
Viewers 43k

အခန်း(၄၃) -ဘာမှလုပ်စရာမရှိရင် သူမအနားကပ်မယ်။ 


“ ကျွန်မ စတုတ္ထခယ်မကို ပြောပြီးပြီ။ စတုတ္ထခယ်မက သူမ နားလည်ကြောင်းနဲ့ နောက်ထပ်မလုပ်တော့ဘူးလို့ ပြောတယ် “ အကြီးဆုံးမရီးက ပြောသည်။ 


သေချာတာပေါ့ လင်းချင်းဟယ်က သူမကို ဝတ်ကျေတမ်းကျေအဖြေသာ ပြန်ပေးခဲ့တယ်လို့ သူမ ခံစားရမှန်း အကြီးဆုံးမရီးက ပြောပြမှာမဟုတ်ဘူး။ မရီးတစ်ယောက် အနေဖြင့် သူမက သူမ(လင်းချင်းဟယ်)ကို မိသားစုအား မည်သို့ စီမံခန့်ခွဲရမယ်ဆိုတဲ့အကြောင်း အမှန်တကယ်တော့ သင်ပြပေးလို့ မရနိုင်ဘူး။ သူမ ပြောပြဖို့ လိုအပ်တာပဲ ပြောပြီး သူမ၏ စည်းရုံးဖျောင်းဖျမှုဖြင့် ဘောင်ကျော်လို့ မရနိုင်ဘူး။ 


အမေကျိုး ထွက်သွားသောအခါ အကြီးဆုံးမရီးသည် တတိယမရီးထံသို့ ရောက်လာပြီး ပန်းသီးများစားရန် ဝယ်မယ့်အကြောင်းကို ဆွေးနွေးတိုင်ပင်ကြသည်။ သူတို့တွေ အတူတကွ အုပ်စုဖွဲ့ ဝယ်သင့်လား။ 


တတိယမရီးသည် လင်းချင်းဟယ်၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ညီအစ်ကိုတွေ ဘယ်လို ချစ်စရာကောင်းကြောင်း ပြန်တွေးမိလိုက်တာနှင့်တစ်ပြိုင်နက် နောက်တစ်ခေါက် ထပ်မစဉ်းစားတော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။ 


ဒါကြောင့် သူတို့နှစ်ယောက်သည် တစ်ယောက် ငါးပြားစီ ထုတ်လိုက်သည်။ ငွေကို စုစည်းပြီးသောအခါ သူတို့သည် အစ်ကိုအကြီးဆုံးအား ပန်းသီးတစ်အိတ် ဝယ်ပေးရန် ပြောကြသည်။ နှစ်ယောက်သား ညီတူညီမျှ ခွဲဝေကြမည်။ 


အမေကျိုးသည် ထိုအကြောင်းကို သိသွားတာနဲ့ သူမသည် ငြီးတွားလိုက်သည်။ သူတို့တွေက ဘာလို့ ဒါကို ဝယ်လာကြတာလဲ။ စားဖို့ မလောက်ငှကြတာလည်း မဟုတ်ဘူးလေ။ 


အစ်ကိုကျိုးက အများကြီး မတွေးဘူး။ သူက ပြုံးရင်း ပြောသည်။ “ ပန်းသီးစားတာက ဗိုက်ထဲက ကလေးအတွက် ကောင်းတယ်လို့ စတုတ္ထခယ်မဆီက သူတို့ ကြားခဲ့တယ်။ ကောင်လေးတွေကို ကိုယ်ဝန်ဆောင်ထားတုန်းက ပန်းသီးကို မကြာခဏ စားလေ့ရှိတယ်တဲ့။ အခု သူတို့တွေ မယုံနိုင်လောက်အောင် ကြီးထွားလာကြတာ ဟုတ်တယ်မလား “ 


ဒါကို သူမ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အမေကျိုးသည် လက်ချော်ပြီး ဒီညအတွက် ကြော်ရန် အခုလေးတင် ထုတ်ယူထားသော ကြက်ဥများကို လွှတ်ကျကာ ကျကွဲလုနီးပါး ဖြစ်သွားသည်။ 


စတုတ္ထရဲ့ဇနီးကို ဖျောင်းဖျအကြံပေးရန် သူမက အကြီးဆုံးရဲ့ဇနီးကို လွှတ်ခဲ့သည်။ ဒါပေမယ့် သူမက မဖျောင်းဖျနိုင်ရုံတင်မက သူမနှင့် တတိယရဲ့ဇနီးက စတုတ္ထရဲ့ဇနီး၏ လှည့်စားခြင်းကို ခံလိုက်ရသည်။ 


ပန်းသီးစားခြင်းက တကယ်ပဲ လောင်တနှင့် သူ့ညီတွေလို ဖြစ်စေနိုင်လား။ သူမ မသိဘူးလို့ မထင်လိုက်နဲ့။ စတုတ္ထရဲ့ဇနီး လောင်တကို ကိုယ်ဝန်ရှိတုန်းက သူမသည် အငမ်းမရ အစားကြီးသည်။ သူမက အားလုံးကို စားတယ်…… ဘယ်လိုလုပ်ပြီး ပန်းသီးပဲ ဖြစ်နိုင်မှာလဲ။ 


ထိုကဲ့သို့ ဖြစ်ပျက်ခဲ့တယ်လို့ အမေကျိုး မပြောနိုင် ဖြစ်သွားသည်။ သူမက ဘာပြောနိုင်မှာလဲ။ သူမရဲ့ချွေးမ နှစ်ယောက်စလုံးက ကိုယ်ဝန်ဆောင်ထားကြတာ ဒါကြောင့် သူတို့တွေကို ပန်းသီးတစ်ချို့ စားခွင့်မပေးနိုင်ဘူးလား။ 


သူတို့တွေက ပိုက်ဆံအတွက် သူမဆီ မလာခဲ့ဘူး။ သူတို့ကိုယ်ပိုင်ပိုက်ဆံကိုပဲ အသုံးပြုခဲ့တာ။ 


ဒီနှစ်ရဲ့ သီးနှံအထွက်နှုန်းက ကောင်းလို့ သူမက တစ်မိသားစုကို နှစ်ယွမ်စီ မုန့်ဖိုးပေးခဲ့တာကြောင့် သူတို့က ပိုက်ဆံအတွက် သူမဆီ လာမတောင်းကြဘူး။ 


အမှန်တကယ်တော့ ကိုယ်ဝန်ဆောင်ချိန် ပန်းသီးစားတဲ့အကြောင်းနှင့် ပတ်သက်ပြီး လင်းချင်းဟယ်က သူတို့ကို အတည်ပေါက်နှင့် နောက်လိုက်ခြင်း မဟုတ်ပေ။ ထိုအရာက ကိုယ်ဝန်ဆောင်စဉ်အတွင်း အကောင်းဆုံး အသီးအနှံဖြစ်သလို ကလေးနှင့် မိခင်အတွက်လည်း အာဟာရပြည့်ဝသည်။ 


ဒါ့အပြင် ဈေးလည်းမကြီးဘူးလေ…… ဘာလို့ သူတို့ မစားနိုင်ရမှာလဲ။ 


တစ်ယွမ်ဆိုရင် တစ်အိတ်အပြည့် ဝယ်နိုင်သည်။ 


မူလပိုင်ရှင်သည် ကောင်လေးတွေကို ကိုယ်ဝန်ဆောင်ချိန်တွင် အမှန်တကယ်ပင် ပန်းသီးစားရတာကို ကြိုက်နှစ်သက်ခဲ့သည်။ ပန်းသီးတင်မကဘူး…… သူမ ဝယ်နိုင်သမျှ အားလုံးပဲ။ 


ကလေးမွေးဖွားခြင်းက မိခင်၏ခန္ဓာကိုယ်ကို ထိခိုက်ပျက်ဆီးစေမှာ စိုးရိမ်သောကြောင့် မူလပိုင်ရှင်သည် အားလုံးကို စားခဲ့သည်။


ထိုအကြောင်းကြောင့် ကလေးတွေသည် သက်တူရွယ်တူများထက် မိခင်၏ခန္ဓာကိုယ်ထဲတွင် အာဟာရဓာတ် ပိုမိုရရှိခဲ့သည်။ 


သူတို့သည် မွေးစကပင် အလွန်ဖြူဖွေးပြီး နူးညံ့နေခဲ့တာတော့ အမှန်ပါပဲ။ ရှုံ့တွနေတာ မရှိခဲ့ဘူး။ 


မှတ်မိသလောက်ဆိုရင် မွေးဖွားတုန်းက လောင်တသည် ခုနှစ်ဂျင်းခန့် လေးသည်။ လောင်အာ့နှင့် လောင်စန်းက ခြောက်ဂျင်းနီးပါး လေးသည်။ ဒါတွေက အလွန် သင့်တော်သော အလေးချိန်များ ဖြစ်သည်။ 


ရွာထဲရှိ ကလေးအများစုသည် ငါးဂျင်းခန့်လောက်ဖြင့်သာ မွေးဖွားလာကြသည်။ ခြောက်ဂျင်းထက်ပိုတာ အရမ်းရှားလွန်းသောကြောင့် ထိုအလေးချိန်က အတော် ပြည့်မီနေပြီ။ 


လင်းချင်းဟယ်သည် ကျိုးမိသားစုက ဘယ်လိုတွေးနေမယ်ဆိုတာ ဂရုစိုက်မနေဘူး။ သူမသည် ကျိုးချင်းပိုင်အတွက် ဆွယ်တာအင်္ကျီ ထိုးခြင်းဖြင့် အလုပ်ရှုပ်နေသည်။ 


ကျိုးချင်းပိုင်အနေနဲ့ကတော့ သူက အလုပ်မရှိဘဲ မနေနိုင်ဘူး။ ဒီနေ့ သူသည် ဝက်ပေါက်စများကို ခေါ်ယူလာရန် အသင်းခေါင်းဆောင်နှင့်အတူ ထွက်သွားသည်။ 


လင်းချင်ဟယ်သည် သူ ဒီတိုင်းထိုင်မနေချင်တာ မြင်တော့ အပင်ပန်းခံပြီး ပြောမနေတော့ဘူး။ ဒါပေမယ့် သူမက သူ့အတွက် သောက်ရန် နံရိုးစွပ်ပြုတ် ချက်ပေးနေတုန်းပင်။ တခြားကိစ္စနှင့်ပတ်သက်ပြီးတော့ သူမက အများကြီး ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ 


နေ့လည်ခင်းတွင် ကျိုးချင်းပိုင်သည် ဝက်ပေါက်စလေး နှစ်ကောင်ကို ခေါ်ပြန်လာသည်။ 


သူတို့ အိမ်ပြန်ရောက်တာနဲ့ ဝက်ပေါက်စလေး နှစ်ကောင်ကို ကလေးသုံးယောက်က နွေးထွေးစွာ ကြိုဆိုကြသည်။ သုံးယောက်စလုံးသည် တယုတယ ထိတွေ့ပြီး ပွတ်သပ်ပေးရန် တိုးဝှေ့ပူးကပ်နေကြသည်။ 


ကျိုးချင်းပိုင်သည် စိတ်ကောင်းဝင်နေသည်မှာ သိသာထင်ရှားလှသည်။ 


နေ့လည်စာ စားပြီးနောက် သူသည် ဝက်စာချက်ရန် အိုးကို တိုက်ချွတ်ဆေးကြောလိုက်သည်။ ငယ်သေးသောကြောင့် အများကြီး ချက်စရာ မလိုသေးဘူး။ နောက်ပိုင်း ကြီးလာရင်တော့ ပမာဏက အများကြီး တိုးလာလိမ့်မည်။ အဲအချိန်ဆိုရင် အမှန်ပင် အလုပ်ရှုပ်လာလိမ့်မည်။ 


“ နောက်နှစ်ဆို အိမ်နောက်ဖေးမှာ အပင်တချို့ ပိုစိုက်ရအောင် “ ကျိုးချင်းပိုင်က သူမကို ပြောသည်။ 


“ ကောင်းပြီလေ။ ရှင် လိုအပ်သလို စီမံခန့်ခွဲပေါ့ “ လင်းချင်းဟယ်က ပြန်ဖြေရင်း သူမလက်ထဲက ဆွယ်တာအင်္ကျီကို သူ့ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်လိုက်သည်။ သူမသည် အမြင်အာရုံဖြင့် လေ့လာစစ်ဆေးခြင်းသာကို အသုံးပြုခဲ့သော်လည်း နှိုင်းယှဉ်ပြီးနောက် သူမ၏လက်ရာသည် အလွန်ကောင်းမွန်သည်ဟု သူမ ခံစားမိခဲ့သည်။ တစ်ချက် လေ့လာကြည့်ပြီးနောက် အခြေခံအားဖြင့် ကွဲလွဲမှု မရှိဘူး။ သေချာပေါက် အံကိုက်ဖြစ်မှာပါ။ 


သူမကို ကြည့်နေသည့် ကျိုးချင်းပိုင်၏အကြည့်သည် သိမ်မွေ့နူးညံ့နေသည်။ လွန်ခဲ့သော ရက်ပိုင်းတွင် သူ့ဇနီး၏ သဘောထားသည် လွန်ခဲ့သောအတိတ်က သူ့အပေါ် ထားရှိခဲ့သည့် သဘောထားနဲ့ လုံးဝမတူကြောင်း သူ တကယ်ခံစားမိခဲ့သည်။ 


သူမက သူနဲ့အတူ ရှိနေဖို့ ဆန္ဒရှိတယ် မရှိဘူးဆိုတာတော့ သူ ပြောနိုင်သေးသည်။ 


ဒီရက်အနည်းငယ်အတွင်းတွင် သူမသည် သူ့ကို စေ့စေ့စပ်စပ် အသေးစိတ် ပြုစုစောင့်ရှောက်ခဲ့သည်။ သူမနှလုံးသားထဲတွင် သူ့အတွက် နေရာတစ်နေရာ သေချာပေါက် ရှိနေရမည်။ 


လင်းချင်းဟယ် မသိတာက ဆွယ်တာအင်္ကျ ီတစ်ထည် ထိုးပေးခြင်းသည် သူ့ကို လှပသော နားလည်မှု လွဲမှားခြင်း ဖြစ်ပေါ်စေသည်။ နှိုင်းယှဉ်ပြီးသွားတာနဲ့ သူမ မော့ကြည့်လိုက်တော့ သူမကို ငေးစိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက အရမ်း အာရုံစူးစိုက်နေသည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြစ်ပြီး ချက်ချင်းပင် ချောင်းဟန့်ကာ အကြောင်းအရာ ပြောင်းလိုက်သည်။ “ အံကိုက်ဖြစ်တော့ ကောင်းတာပေါ့။ ရှင် လုပ်စရာရှိတာ သွားလုပ်တော့လေ “ 


“ အိမ်မှာ လုပ်စရာ အိမ်မှုဝေယျာဝစ္စတွေ ရှိသေးလား “ ကျိုးချင်းပိုင်သည် မလှုပ်ရှားဘဲ သူမကို ဆက်ကြည့်နေသည်။ 


သူ့ဇနီးက သူ့ကို မြင်တော့ အနည်းငယ် ရှက်ရွံ့သလို ဖြစ်သွားတာကို သူ နားမလည်ပေမယ့် သူ့ဇနီးကို ပိုပိုပြီး ကြည့်ချင်နေတာကိုတော့ မတားဆီးနိုင်ဘူး။ 


အရင်ကတည်းက သူမကို လှပတယ်လို့ သူ တွေးခဲ့ဖူးသည်။ ဒါပေမယ့် အခုတော့ သူမကို ကြည့်လိုက်တဲ့အခါ သူ့ဇနီးက အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိနေတယ်လို့ သူ ခံစားမိသည်။ 


သူမသည် ဖြူဖွေးပြီး နူးညံ့ပုံပေါ်သည်။ သူမ စကားပြောသောအခါ နူးညံ့သိမ်မွေ့သည်။ ကျေးလက်ဒေသက ပညာတတ် မြို့ပြ လူငယ်တွေတောင် သူ့ဇနီးလောက် မလှဘူး။ 


လင်းချင်းဟယ် တွေးနေမိသည်… ဒီလူ ဘာဖြစ်နေတာလဲ။ ပထမဆုံး သူ ပြန်ရောက်လာတုန်းက မအေးစက်လွန်း မနွေးထွေးလွန်း ပုံမှန်ပဲ ပြုမူဆက်ဆံတာပါ။ လွန်ခဲ့တဲ့နှစ်ရက်က စလို့ သူ အလုပ်အားတာနဲ့ သူမအနား လာပြီး တွယ်ကပ်နေတယ်လို့ သူမ ခံစားနေရသည်။ 


“ ဘာမှ လုပ်စရာ မရှိတော့ဘူး။ ဒီဆောင်းရာသီက ဆောင်းရာသီရဲ့ အထီးကျန်နေ့ရက်တွေပါပဲ “ လင်းချင်းဟယ်သည် သူမစိတ်ထဲ လှန်လှောမွှေနှောက် ရှာဖွေလိုက်သည်။ အမှန်တကယ်ပင် အိမ်မှာ လုပ်စရာ ဘာမှမရှိတော့တာကြောင့် ဖြေလိုက်သည်။ 


ကျိုးချင်းပိုင်သည် သူမကို နောက်ဆုံး အကြည့်တစ်ချက် ပေးကာ နောက်ဆုတ်သွားရုံသာ တတ်နိုင်တော့သည်။ 


ကြည့်ရတာ သူ့ဇနီးက သူ့ကို ခွင့်မလွှတ်သေးပုံပဲ။ ဒီည သူ့ကို အခန်းထဲ အတူအိပ်ခိုင်းဖို့ သူမမှာ အစီအစဉ် မရှိဘူး။ 


လင်းချင်းဟယ်သည် ဆွယ်တာအင်္ကျီကို ဆက်၍ထိုးနေသည်။ ကျိုးချင်းပိုင်သည် သူ့သားသုံးယောက် အိပ်ပျော်နေသည်ကို စောင့်ကြည့်ရန် ဘေးအခန်းသို့ သွားလိုက်သည်။ အခုချိန်မှာ ဘာမှ လုပ်စရာ မရှိလို့ သူလည်း ခဏလောက် နေ့ခင်းဘက် တရေးတမော အိပ်ရန် ဆုံးဖြတ်လိုက်သည်။ 


လွန်ခဲ့သောရက်အနည်းငယ်က အမေကျိုး ဝယ်ယူခဲ့သော ကြက်မနှစ်ကောင်တွင် တစ်ကောင်ကို ချက်ပြုတ်ပြီး တစ်ကောင်ကိုတော့ ကြက်တဲထဲတွင် မွေးထားသေးသည်။ 


နောက်ရက်အနည်းငယ်ကြာမှ နောက်တစ်ခါ ချက်ပြုတ်ရန် သူမ စီစဉ်ထားသည်။ အခုတော့ ၎င်းက အသက်ရှင်နိုင်သေးသည်။ 


ဝက်ခြံထဲက ဝက်ပေါက်စ နှစ်ကောင်သည် သူတို့အိမ်အသစ်တွင် နေသားတကျ ဖြစ်နေပြီ။ အခု သူတို့ ဘာမှလုပ်စရာ မရှိဘူး။ ကျိုးချင်းပိုင်က သူတို့ကို သေသေချာချာ ဂရုစိုက်သောကြောင့် ဝက်ပေါက်စ နှစ်ကောင်သည် လျင်မြန်စွာ နေသားကျလာသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် လတစ်ဝက်ကျော်လောက် အချိန်ကုန်လွန်သွားသည်။ 


အခုက နိုဝင်ဘာလလယ် ရောက်နေပြီ။ 


ဤကာလအတွင်း၌ ရွာသူရွာသားများတွင် ကျိုးချင်းပိုင်၏ ရွာ၌ အမြဲတမ်းနေထိုင်ခြင်းနှင့် ပက်သတ်၍ အမျိုးမျိုးသော ထင်မြင်ချက်များ ရှိကြသည်။ 


ဟုတ်တာပေါ့… အဖေကျိုးနှင့် အမေကျိုးတို့ ရှိနေသောကြောင့် ရွာထဲမှာ ကျိုးချင်းပိုင်နဲ့ ပတ်သက်ပြီး အတင်းအဖျင်းပြောကြတာ အလွန်နည်းသည်။ ထို့အပြင် ကျိုးချင်းပိုင် ပြန်လာချိန်တွင် သူက သူတို့ထံမှာ မှီခိုနေထိုင်နေတာ မဟုတ်တာကြောင့် ဒီကိစ္စက သူတို့နဲ့ ဘာမှမဆိုင်ပေ။ 


သို့သော်လည်း လင်းချင်းဟယ်နှင့် ပတ်သက်သော စကားအချို့တော့ ရှိခဲ့သည်။ အထူးသဖြင့် ငယ်ရွယ်သော သူမ၏စိတ်သဘောထားကို မနှစ်သက်ကြသော ရွာထဲရှိ ငယ်ရွယ်သော အမျိုးသမီးများကြားမှာပေါ့။ သူတို့တွေက နှစ်ကိုယ်ကြား လှောင်ပြောင်သရော်မှုများ ပြုလုပ်ကြသည်။


နောင်တွင် သူမသည် သူတို့ကဲ့သို့ လယ်ကွင်းကို ဦးဆောင်ရတော့မည် မဟုတ်လော။ သူမကိုယ် သူမ မြူးမြူးကြွကြွ ပြည့်စုံလှပသော မြေခွေးမလေးလို ဝတ်ဆင်နိုင်ဦးမလား စောင့်ကြည့်ကြတာပေါ့။ 


လင်းချင်းဟယ်သည် ရွာထဲရှိ လူများနှင့် ပတ်သက်ဆယ်နွယ်မှု မရှိသောကြောင့် သူမသည် အပြင်တွင် ပြောနေသည့် ထိုပြောဆိုချက်များကိုပင် မသိပေ။ 


သူမစိတ်ထဲတွင် အရိပ်အမြွတ် တစ်ချို့တော့ ရှိနေတယ်လို့ ဆိုရမှာပေါ့။ သူတို့ကြားက မျိုးဆက်ကွာဟချက်ကြောင့် သူမကတော့ လုံးဝဂရုမစိုက်ဘူး။ 


လင်းချင်းဟယ်သည် ယနေ့နံနက်ခင်းတွင် အပြင်ထွက်လာသည်။ မနေ့က သူမသည် ကျိုးချင်းပိုင်ကို ခေါ်ပြီး မိန်ကျဲနဲ့ ကြိုတင် အော်ဒါမှာရန် သူ့ကို သွားခိုင်းခဲ့သည်။ ယနေ့ သူမ ဒီမှာ လာယူသည်။ 


“ မနေ့က မင်းရဲ့လူလား “ မိန်ကျဲက ပြုံးပြီး မေးသည်။ 


“ အင်း “ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို သူမ၏ခင်ပွန်းအဖြစ် လက်ခံထားသော်လည်း ထိုစကားကို အနည်းငယ် ရှက်ရွံ့နေသေးသည်။