အခန်း(၄၄) - အိပ်ခန်းထဲဝင်ခွင့် တားမြစ်ထားတယ်
အစ်မမိန်က ပြုံးရယ်ရင်းဆိုသည်။ “ညီမ အရမ်းကံကောင်းတာပဲ။ နင် ဒါကို မတွေ့လိုက်ရဘူး။ မနေ့ညက သူရောက်လာတုန်းက လူတော်တော်များများက သူ့အကြောင်းသိချင်လို့ မေးနေကြတယ်။”
ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်နှင့် ဖြောင့်မတ်တည်ကြည်တဲ့ စိတ်နေစိတ်ထားရှိသည့် သူ့ပုံစံက သာမာန်မိန်းကလေးတွေနဲ့ မလိုက်ဖက်နိုင်ပေ။ ပြောရရင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်ကို သူမတွေ့လိုက်ရတာနဲ့ သူတို့က တကယ့်ကိုပဲ လိုက်ဖက်ညီတယ်လို့ ဆိုရမည်ဖြစ်သည်။
ထက်မြက်တဲ့ အမျိုးသားတစ်ယောက်နှင့် ချောမောလှပတဲ့ အမျိုးသမီးတို့က အတူရှိတယ်ဆိုတာ အံ့သြစရာမရှိပါဘူး။
လင်းချင်းဟယ်က ဒီအကြောင်းအရာမျာကို ဂရုမစိုက်ပဲ စကားခေါင်းစဥ်ကို ပြောင်းလဲလိုက်သည်။ “အရင်တစ်ခါတုန်းက ကျွန်မပေးခဲ့တဲ့ ဆပ်ပြာရည်က ဘယ်လိုလဲ။ သုံးလို့ကောင်းလား။”
“အဲ့တာက အရမ်းကောင်းတာပဲ။ အစ်မရဲ့ အဖေဖက်က အကြီးဆုံးအဒေါ်ကတောင် အစ်မကို ဒီဆပ်ပြာ ဘယ်ကနေ ဝယ်လာတာလဲလို့ မေးတယ်။ အစ်မလည်း ခရိုင်မြို့က ဝယ်လာတာလို့ ပြောလိုက်တယ်။ သူကတောင် ခရိုင်မြို့က ဒီလောက်ကောင်းတဲ့ ဆပ်ပြာကို မရောင်းကြဘူးလို့ ပြောနေသေးတယ်။” လို့ မိန့်ကျဲက တိုးတိုးလေးပြောသည်။
လင်းချင်းဟယ်ကလည်း တီးတိုးပြောလိုက်သည်။ “ကျွန်မ အဲ့တာကို နောက်ဆုံးအကြိမ်တုန်းက မြို့တွင်း မှောင်ခိုစျေးကနေ ဝယ်လာခဲ့တာ။ အဲ့ဒီလူက မြို့တော်က လာတယ်လို့ ပြောခဲ့တာ။ ကျွန်မက အဲ့တာကို မယုံကြည်ခဲ့ဘူး။ အခု ဒါကို ကြားလိုက်ရတော့ အမှန်ဖြစ်မယ့်ပုံပဲ။”
“အဲ့တာဆို အံ့သြစရာတော့ မဟုတ်ပါဘူး။” မိန့်ကျဲက ခေါင်းညိတ်ရင်းဆိုသည်။
ဒီဆပ်ပြာက တကယ့်ကို သုံးလို့ကောင်းတယ်။ သူမ အဲ့တာကို အလေအလွင့် မရှိအောင် သုံးစွဲတော့ အခု တစ်ဝက်လောက် ကျန်သေးတယ်။
ထို့နောက် သူမသည် ဝက်သားနှင့် နံရိုးတွေကို လင်းချင်းဟယ်အား ပေးလိုက်သည်။ ပြီးတော့ ရေနံဆီ သုံးကျင်းကိုလည်း ပေးလိုက်သည်။ ပိုက်ဆံအများကြီး သုံးလိုက်သည့်ပုံပေါ်သော်လည်း တကယ်တမ်းတော့ အများကြီး မကုန်ကျသွားခဲ့ပါဘူး။ စုစုပေါင်း သုံးယွမ်လောက်သာ ကုန်ကျခဲ့သည်။
သို့သော်လည်း လင်းချင်းဟယ်သည် စားနပ်ရိက္ခာလက်မှတ်ဖြင့် ပန်းသီးနှစ်ကျင်းကို ဝယ်ယူခဲ့သည်။ ကျန်တာတွေကိုတော့ မဝယ်ယူတော့ဘူး။ အိမ်မှာ အများကြီး ကျန်ရှိနေသေးသည်။
မိန့်ကျဲက မေးမြန်းသည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပျားရည်အိုး အနည်းငယ် ရောက်လာတယ်။ အခု တစ်ပုလင်းပဲ ကျန်တော့တယ်။ ညီမ လိုချင်လား။ အထောက်အပံ့လက်မှတ်ပေးဖို့ မလိုအပ်ဘူး။”
“အဲ့တာကို ညီမကြည့်ချင်တယ်။” လင်းချင်းဟယ်ရဲ့မျက်လုံးတွေက တောက်ပလာသည်။ ဒီခေတ်အချိန်အခါက ပျားရည်တွေက ၁၀၀ရာခိုင်နှုန်းက ပျားရည်အစစ်ဖြစ်ကြောင်းကို သူမ သိသည်။ ပျားရည်ရဲ့ အကျိုးအာနိသင်က အများကြီးပါပဲ။
မိန့်ကျဲက အဲ့တာကို ထုတ်ယူပြီး သူမကို ပြသလိုက်သည်။ သဘာဝအတိုင်း ပျားရည်သည် အရည်အသွေး ကောင်းမွန်သည်။ ဗူးတစ်ဗူးက သုံးကျင်းလောက်သာ ရှိပေမယ့် စျေးနှုန်းကတော့ မသက်သာလှပါဘူး။ ပျားရည်တစ်ဗူးကို ငါးယွမ်ကုန်ကျသည်။
လင်းချင်းဟယ်က မဆိုင်းမတွ ဝယ်ယူလိုက်သည်။
သူမသည် မိန့်ကျဲကို နှုတ်ဆက်ပြီး ကြက်ဥဝယ်ရန် လမ်းသွယ်လေးသို့ သွားရောက်ခဲ့သည်။ သူတို့အားလုံးကို ကျေးလက်နေလူများက လာရောက်ရောင်းချကြသည်။ ကြက်ဥတွေက စျေးမကြီးဘူး။ သူမသည် တစ်ကျင်းကို သုံးပြားနှုန်းဖြင့် ဝယ်ယူခဲ့သည်။
ကျန်တဲ့ လိုအပ်တာတွေကိုတော့ နေရာလွတ်က ထုတ်ယူလိုက်သည်။ ထို့နောက် သူမ အိမ်ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက် လင်းချင်းဟယ်က ပျားရည်ပုလင်းကို ကျိုးချင်းပိုင်ကို ပေးအပ်ခဲ့ပြီး “အခန်းထဲမှာ ထားလိုက်” လို့ဆိုသည်။
“ကောင်းပြီ။” ကျိုးချင်းပိုင်က ပျားရည်ကို အခန်းထဲသို့ သွားထားပြီးနောက် သူမ အမိန့်ပေးမှာကို စောင့်ဆိုင်းနေခဲ့သည်။
လင်းချင်းဟယ်က အနည်းငယ် ရယ်ချင်လာမိသည်။ ဒီအမျိုးသားက သူမကို သူ့ဘော့စ်အဖြစ် ဆက်ဆံနေတာလား။ သူမက ခြင်းတောင်းထဲကနေ အသား၊ အရိုးနှင့် နံရိုးတွေကို ထုတ်ယူလိုက်ပြီး သူ့ကို ခြင်းတောင်းပေးလိုက်ကာ “ရှင် ဒါကို နားနေခန်းထဲ သွားထားလိုက်” လို့ ပြောလိုက်သည်။
ကျိုးချင်းပိုင်က ပြောသည့်အတိုင်း လုပ်ပေးခဲ့သည်။
မနေ့က သူ့ကို မိန့်ကျဲထံသို့ သွားခိုင်းရသည့် အကြောင်းအရင်းက အသားအတွက် အရင်းအမြစ်နေရာကို သိရှိအောင် ပြသဖို့ပါပဲ။
ဒီနည်းလမ်းဖြင့် သူက နောင်အနာဂတ်တွင် အသားတွေကို ဘယ်နေရာက ရတာလဲဆိုတာကို သိနိုင်သည်။
လင်းချင်းဟယ်က အရိုးခပ်ကြီးကြီးတွေကို သူမကိုယ်တိုင် လှီးဖြတ်လိုက်ပြီး အိုးထဲထည့်လိုက်သည်။ အရိုးခပ်ကြီးကြီးတွေကို ပဲပိစပ်နဲ့ ရောပြုတ်လိုက်သည်။ ဒါက အရမ်းအာဟာရရှိလေသည်။
လောင်တတို့ညီအစ်ကိုတွေက ကျိုးအိမ်တော်ဟောင်းကို ရောက်ရှိနေကြသည်။ ဟိုအိမ်မှာ မောင်နှမတွေ ပိုများလာတဲ့အတွက်ကြောင့် ညီအစ်ကိုသုံးယောက် ကစားဖို့ သွားရောက်လေ့ရှိသည်။ ဒါမှမဟုတ်ရင်လည်း အခြားရွာသားတွေရဲ့အိမ်မှာ ဆော့ကစားကြသည်။
လင်းချင်းဟယ်က သူတို့ကို မတားမြစ်ဘူး။ သူမတို့ရွာမှာနေစဥ်တုန်းကဆိုရင်လည်း ဒီအရွယ်လောက် ကလေးတွေ ဆော့ကစားတာကို မထိန်းချုပ်ထားသင့်ဘူး။ သူတို့ အပြင်ကိုထွက်ပြီး ဆော့ကစားတာက ကောင်းမွန်ပါသည်။
“ရှင်က ဘာရပ်လုပ်နေတာလဲ။ ပန်းသီးတစ်လုံးလောက် သွားစားချေ။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို လှမ်းတွေ့လိုက်ရတာနဲ့ လှည့်ကြည့်ပြီး စကားပြောလိုက်သည်။
“ရှင် သွားစားလိုက်။ ဘာမှ လုပ်စရာ မကျန်တာ့ဘူး။ ကျွန်မပဲ ဆက်လုပ်လိုက်မယ်။” ကျိုးချင်းပိုင်က အနားကပ်လာပြီးပြောသည်။
အမျိုးသားတစ်ယောက်ရဲ့ ဟော်မုန်းရနံ့သည် ထိုလူထံမှ ဖြာထွက်နေသောကြောင့် လင်းချင်းဟယ်၏ နှလုံးသားသည် အခုန်မမြန်ပဲ မနေနိုင်ပါ။
“ကိုယ့်ကို ဒဏ်ရာရတဲ့လူနာတစ်ယောက်လို ပြုစုပေးစရာ မလိုပါဘူး။ လုံးဝ သက်သာပျောက်ကင်းနေပါပြီ။” ကျိုးချင်းပိုင်က သူမကိုစိုက်ကြည့်ရင်း စကားစသည်။
ဒီအကြည့်တွေက နည်းနည်း အန္တရာယ်များသည်။ လင်းချင်းဟယ်မှာ အတွေ့အကြုံ များများစားစား မရှိသော်လည်း ခေတ်မီ လူမှုပတ်ဝန်းကျင်တွင် နေထိုင်ဖူးသည့် သူမသည် အရင်က ဝက်ခြေထောက်တွေကို မစားဖူးသော်လည်း တီဗွီရှိုးများတွင် ဘယ်လိုချက်ပြုတ်ရလဲဆိုတာကို သူမ မကြည့်ဖူးပဲ မနေပါ။
လင်းချင်းဟယ်သည် သူ ပြောဆိုသည့် စကားများကို လျစ်လျူရှုရန် ရွေးချယ်လိုက်ပြီး နံရိုးလှီးဖြတ်ဖို့ ပြင်ဆင်ကာ “ရှင် ပဲတချို့ကို သွားယူပြီး ရေစိမ်ပေး။” လို့ ပြောလိုက်သည်။
“မင်း အဲ့တာကိုပဲ လုပ်လိုက်။ ကိုယ် ဒါကို ကိုင်တွယ်လိုက်မယ်။” ကျိုးချင်းပိုင်က သူမလက်ထဲမှ ဓားကိုအတင်းလုယူကာ ပြောလိုက်သည်။
လင်းချင်းဟယ်၏လက်ကို သူ ကိုင်ထားသည်။ သူမ အနည်းငယ် စိတ်လှုပ်ရှားသွားသဖြင့် ရုန်းကန်မိတော့မလို ဖြစ်သွားသော်လည်း သူမကိုယ်သူမ ထိန်းသိမ်းလိုက်နိုင်သည်။
တည်ငြိမ်အေးဆေးသည့် အမူအရာကို ထိန်းသိမ်းထားဖို့ ကြိုးစားအားထုတ်ရင်း “ကောင်းပြီ။ ဒါကို ရှင် လုပ်လိုက်။” လို့ ပြောလိုက်သည်။
ကျိုးချင်းပိုင်က ဝက်နံရိုးများကို စတင်ခုတ်ထစ်လိုက်သည်။ လင်းချင်းဟယ်သည် အခန်းထဲသို့ ဝင်သွားပြီးနောက် သူမရင်ဘတ်ကို အသာပုတ်လိုက်မိသည်။ အာ...ဘာဖြစ်နေတာလဲ။ တစ်ခါမှ အမျိုးသားတစ်ယောက်ကို မမြင်ဖူးသလိုမျိုး ဘယ်လို ဖြစ်နေရတာလဲ။ သူ့လက်နဲ့ ထိတွေ့လိုက်မိရုံနဲ့ သူမ နှလုံးခုန်သံက အရမ်းမြန်သွားရတာလဲ။
အမျိုးသားတစ်ယောက်နဲ့ မထိတွေ့ဖူးတာကြာမြင့်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါက သူမကို ရေငတ်စေတယ်။
သူမကိုယ်သူမ အတန်ကြာ ပြစ်တင်ရှုံ့ချပြီးနောက် လင်းချင်းဟယ်သည် ပဲများကို ထုတ်ယူလိုက်သည်။ ဒါတွေကို သိပ်မကြာခင်အချိန်က နေဖြင့် အခြောက်ခံထားခြင်းဖြစ်သည်။
သူမ ပြန်ရောက်လာတော့ ကျိုးချင်းပိုင် ဝက်နံရိုးတွေကို ခုတ်ထစ်နေတာကို တွေ့လိုက်ရသည်။ ဒီအမျိုးသားက တကယ့်ကို ဆွဲဆောင်မှုရှိတယ်လို့ ဆိုရမယ်။
သူ့ခန္ဓာကိုယ်အချိုးအစားနဲ့ ရုပ်ရည်သွင်ပြင်က ခြောက်ပြစ်ကင်း သဲလဲစင်လို့ ဆိုရပေမည်။ သူက မိသားစုကိုလည်း အရမ်းဂရုစိုက်သည်။ အနည်းဆုံးတော့ လောင်တနဲ့ သူ့ညီတွေက သူ့ကို အရမ်းသဘောကျတယ်...
ခဏနေပါဦး။ သူမ ဘာလို့ ဒီအကြောင်းတွေကို တွေးနေမိတာလဲ။ သူမ သူနဲ့ပတ်သတ်ဆက်နွယ်သည့် အကြောင်း ဘာတစ်ခုကိုမှ မစီစဥ်ထားဘူးလေ။
တစ်ယောက်နဲ့ တစ်ယောက် အေးချမ်းစွာ ဆက်ဆံနေထိုင်နိုင်ရင် ကောင်းမယ်။ သူမနဲ့ သူ့ကြားက နှစ်ပေါင်းများစွာ ခြားနားမှုတွေရှိတယ်။ မျိုးဆက်ကွာဟချက် ဘယ်လောက်တောင် များပြားလိုက်သလဲ။
လင်းချင်းဟယ်သည် ပဲများကို ရေစိမ်ရန် လျှောက်လာသည့်အချိန်တွင် ကျိုးချင်းပိုင်သည် အခြားဝက်နံရိုးများနှင့် အသားကိုပါ ခုတ်ထစ်တော့မလို့ လုပ်နေသည်ကို တွေ့လိုက်ရသည်။ လင်းချင်းဟယ်က “အဲ့တာတွေကို မခုတ်နဲ့ဦး။ ကျွန်မတို့ စားခါနီးအချိန်မှ လှီးဖြတ်မယ်။ မဟုတ်ရင် လတ်လတ်ဆတ်ဆတ်ဖြစ်တော့မှာ မဟုတ်ဘူး။” လို့ လွတ်ခနဲ တားမြစ်လိုက်သည်။
“မင်း ခုတ်ထစ်ဖို့လိုအပ်တဲ့အခါကျရင် ကိုယ့်ကို ခေါ်လိုက်” ကျိုးချင်းပိုင်က ခေါင်းညိတ်ပြရင်း ဆိုသည်။
လင်းချင်းဟယ်က သူ အပြင်သို့ထွက်ရန် ရည်ရွယ်ချက်မရှိတာကို တွေ့လိုက်ရသည်။ သူမစိတ်ထဲတွင် ဤသို့ ရေရွတ်နေလေသည်။ မီးဖိုချောင်က ကြီးပေမယ့် ရှင့်လို ယောကျာ်းရင့်မာကြီးတစ်ယောက်နဲ့ကျ ကျဥ်းမြောင်းသလို ဖြစ်နေရတာလဲ။
သူမမျက်ဝန်းတွေက သူနှင့် အကြည့်ချင်း တစ်ချက်ဆုံတွေ့လိုက်သည်နှင့် သူမ ရှက်ရွံ့သွားသလို ခံစားရကာ “ရှင် ဘာလို့ ကျွန်မကို ဒီလိုကြည့်နေရတာလဲ။” လို့ ပြောလိုက်သည်။
“ဒဏ်ရာတွေက သက်သာသွားပြီ။” ကျိုးချင်းပိုင်က သူမကိုစိုက်ကြည့်ရင်း ပြန်ဖြေသည်။
ပြီးတော့...
“လောင်တနဲ့ လောင်အာ့တို့က မငယ်တော့ဘူးလေ။ သူတို့က သူတို့ဖာသာအိပ်လို့ ရနိုင်တဲ့ အရွယ်ရောက်နေပြီ။” ကျိုးချင်းပိုင်က ဆက်ပြောသည်။
လင်းချင်းဟယ်က သူဆိုလိုချင်သည့် အဓိပ္ပါယ်ကို သိသော်လည်း သူ့ကို သူမအခန်းထဲ အိပ်စက်ခွင့်ပြုရန် မဖြစ်နိုင်ပေ။ သူမသည် မူလခန္ဓာပိုင်ရှင် မဟုတ်ပါ။ အမည်အားဖြင့် သူမသည် သူ့ဇနီးဖြစ်ပြီး ထိုအရာက အမည်ခံသာဖြစ်သည်။
ပြန်လှည့်လိုက်ပြီး သူမသည် အလုပ်များနေသလို ဟန်ဆောင်လိုက်သည်။ “ဘာကို မငယ်တော့တာလဲ။ လောင်တက အခုနှစ်မှ ခြောက်နှစ်ပဲရှိသေးတယ်။ နှစ်သစ်ကူးကျော်မှ ခုနစ်နှစ်ထဲရောက်မှာ။ အခုရာသီဥတုက တော်တော်လေးကိုအေးတယ်။ သူတို့နှစ်ယောက်ကို ခွဲအိပ်ခိုင်းဖို့ ကျွန်မ စိတ်မချဘူး။”
ထို့နောက် လင်းချင်းဟယ်သည် သူမကိုယ်သူမ မေးခွန်းထုတ်မိသည်။ မကြာသေးမီက သူ့ကို အာဟာရပြည့်အောင် ကျွေးမွေးလိုက်တာက သုတ်ပိုးတွေကို သူ့ဦးနှောက်ထိရောက်အောင် လုပ်ပေးလိုက်မိတာလား။ (T/N: 🤣)
သူမ သူ့ကို သိတာ အတော်လေးကြာပြီဆိုတော့ သူ သူမရဲ့အနွေးကုတင်ပေါ်ကို တက်ရောက်ချင်တယ်ဆိုတာကို နားလည်တယ်။ တံခါးမရှိပေမယ့် ပြတင်းတံခါးကို ပိတ်ဆို့ထားသည်။
ကျိုးချင်းပိုင်သည် ဒါက အခန်းတွင်းသို့ဝင်ရောက်ခွင့် တားမြစ်လိုက်ခြင်းကိုသိပြီး အနည်းငယ် စိတ်ပျက်သွားမိသည်။ သူမ စိတ်အလိုမကျဖြစ်နေတာကို လုံးဝမေ့ပျောက်လိုက်ပြီဟု သူထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုသို့ဟုတ်ပုံမရပေ။
လင်းချင်းဟယ်က သူ ဘာအတွေးများနေလဲဆိုတာကို ဂရုမစိုက်ဘူး။ နေ့လည်ခင်းအတွက် ဟင်းပွဲနှစ်ခု ပြင်ဆင်လိုက်သည်။ အရိုးကြီးတွေကို ပဲပိစပ်နှင့် ရောနှပ်ထားပြီး ဝက်နံရိုးတွေကိုတော့ ပဲတွေနှင့် ရောနှောချက်ပြုတ်ထားကာာ အရမ်းအရသာရှိလေသည်။
ထမင်းစားသောက်ပြီးတာနဲ့ နေ့လည်ခင်း တစ်ရေးတစ်မော အိပ်စက်ကြသည်။
ကျိးချင်းပိုင်က တစ်ရေးတစ်မော အိပ်စက်အနားယူဖို့ သူ့အခန်းထဲသို့ ပြန်သွားသည်။ ဘေးအခန်းမှာတော့ သားအမိတွေက မှိန်းနေကြသည်။
ဘေးအခန်းက ကျိုးချင်းပိုင်သည် သူ့မိန်းမ သူ့ကိုချည်ထိုးပေးထားသည့် အသစ်စက်စက် ဆွယ်တာအင်္ကျီကို ချွတ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
စားရေး၊ သောက်ရေး၊ နေထိုင်ရေးတွေအားလုံးကို သူ့မိန်းမက သူ့အတွက် ပြီးပြည့်စုံအောင် ဝာာဝန်ယူပေးသည်။
သို့ပေမယ့် တစ်ခုတည်းသောအချက်ကတော့ သူ့မိန်းမက သူ့ကို အခန်းထဲကို ပြန်လာခွင့်မပေးတာက သူ့ကို အနည်းငယ် ပူပင်သောကဖြစ်စေသည်။ သူမက သူ့ကို ကျိုးနွံ့စွာ ဆက်ဆံသော်လည်း သူမ သူ့ကို ဧည့်သည်တစ်ယောက်ကို ဧည့်ဝတ်ကျေပွန်ပေးသလိုမျိုး အမြဲခံစားရစေသည်။
ကျိုးချင်းပိုင်သည် နေ့လည်နေ့ခင်းတစ်ရေးတစ်မော မအိပ်စက်မီ ငြိမ်သက်စွာ လှဲလျောင်းနေခဲ့သည်။