အခန်း(၄၅) - လူနာကို ပြုမူဆက်ဆံမှုမျိုး မရှိတော့ခြင်း
လင်းချင်းဟယ်သည် ထင်ထားသလိုပင် ပူပင်ကြောင့်ကြကင်းစွာ မဟုတ်တော့ပေ။ သူမ လုံးဝ အိပ်မပျော်ခဲ့ချေ။ ဘေးအခန်းရှိလူက သူမကို အနှောင့်အယှက်ပေးနေသည်။ ဘာတွေ ဖြစ်ကုန်တာလဲ …?
သူ ပြန်ရောက်လာကတည်းက သူတို့တွေ သဘောတူညီချက် ထားခဲ့ကြတာ မဟုတ်ဘူးလား။ လူတိုင်း သီးခြားအခန်းများတွင် အိပ်ကြမယ်။ ကလေးသုံးယောက်က သူမနဲ့ အတူတူ အိပ်ပြီး သူကတော့ သူ့ဘာသာ ဘေးအခန်းမှာ အိပ်နိုင်သည်။ ဘာလို့ သူက ဒီလို လုပ်နေရတာလဲ။ သူ ဒီမှာ လာအိပ်ချင်နေတာ သိသာထင်ရှားသည်။
သူမ တောင့်ခံထားရမယ်။ သူ့ဆန္ဒအတိုင်း အရာအားလုံးကို သူမ မလိုက်လျောပေးနိုင်ဘူး။ မဟုတ်ပါက သူမသည် ကြင်နာသနားတတ်သည်ဟု သူ တကယ် ထင်သွားလိမ့်မည်။
စိတ်ထဲ တိတ်တဆိတ် ဆုံးဖြတ်ချက်ချပြီးနောက် လင်းချင်းဟယ်သည် ငိုက်မျဉ်းလာသည်။
ဆောင်းတွင်း တစ်ရေးတစ်မောအိပ်ခြင်းသည် အလွန် သက်တောင့်သက်သာ ရှိလှသည်။ လင်းချင်းဟယ်သည် နေ့လည် နှစ်နာရီခွဲအထိ အိပ်ခဲ့သည်။ သူမ နိုးလာသောအခါ ကျိုးချင်းပိုင်သည် အနွေးကုတင်အစွန်းနားတွင် ထိုင်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမသားတွေကတော့ ဘယ်ကို ပြေးသွားမှန်း သူမ မသိဘူး။
အခုလို နှင်းတွေကျနေတဲ့ ရာသီဥတုမှာ ညီအစ်ကိုသုံးယောက်က ဆော့နေနိုင်သေးသည်။ လင်းချင်းဟယ်က သူတို့ကို အရှုံးပေး လက်လျော့ထားရသည်။ သူတို့ရဲ့အင်အားက အကန့်အသတ်မရှိသလိုပါပဲ။
“ ကလေးတွေ ဘယ်မှာလဲ “ သူမစိတ်ထဲတွင် သိနေသော်လည်း လင်းချင်းဟယ်သည် အပြင်ပန်းအားဖြင့် ပြောစရာအကြောင်း ရှာမတွေ့သောကြောင့် သူမ မေးလိုက်သည်။
ကျိုးချင်းပိုင်သည် သူမဘေးမှာ ထိုင်ပြီး သူမစကားအတိုင်း ပြန်ဖြေသည်။ “ ပန်းသီးတစ်လုံး ယူပြီး သူတို့အဘိုးအဘွားတွေဆီ သွားတယ် “
လင်းချင်းဟယ်က ခေါင်းညိမ့်ပြီး ပြောသည်။ “ ရှင့်ရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေ လုံးဝ ပျောက်ကင်းသွားပြီလား “ တကယ်လို့ သက်သာသွားလျှင် ယုန် သို့မဟုတ် ရစ်ငှက်တွေ ရှိမရှိ စစ်ဆေးကြည့်ရန် တောင်ပေါ်သို့ သွားကြည့်ရမယ့်အချိန် ရောက်ပြီ။ တစ်နေကုန် အိမ်မှာနေပြီး ငါ့အခန်းဆီ ဘယ်လိုပြန်လာရမလဲ ဆိုတဲ့အကြောင်း စဉ်းစားရမယ် ထင်မနေနဲ့။
“ မင်း စစ်ကြည့်လေ “ ကျိုးချင်းပိုင်က ပြောပြီး အဝတ်အစားများကို ချွတ်လိုက်ပါတော့သည်။
လင်းချင်းဟယ် : “ … “
ဒီလိုအေးတဲ့နေ့မှာ ရှင်က အဝတ်အစား ချွတ်ဦးမလို့ပေါ့။ ဒါက ဘယ်လို မြူဆွယ်နည်းမျိုးလဲ။
ကျိုးချင်းပိုင်သည် သူ့အပေါ်တွင် သုံးထည်သာ ဝတ်ထားသည်။ တစ်ခုက ကိုယ်ကပ်အင်္ကျီ၊ တစ်ခုက လင်းချင်းဟယ် ထိုးထားပေးသော ဆွယ်တာအင်္ကျီ နှင့် နောက်ဆုံးတစ်ခုက စစ်အင်္ကျီ ဖြစ်သည်။
သူက ရောက်လာပြီး သူမ၏ အနွေးကုတင်ပေါ်တွင် ထိုင်နေသည်။ စစ်အင်္ကျီ မပါဘဲ သူက နှစ်ထည်ပဲ ဝတ်ထားတော့ မကြာခင်မှာပဲ အဝတ် ချွတ်ပြီးသွားသည်။
လင်းချင်းဟယ်သည် သူ့ဒဏ်ရာက အခြေခံအားဖြင့် ကောင်းနေပြီဆိုတာကို မြင်ပြီး ပြောသည်။ “ ဒါက သက်သာနေပုံပါပဲ။ ဒါပေမယ့် အတွင်းပိုင်းမှာ ဘယ်လိုဆိုတာတော့ မသိသေးဘူး။ ဒီထက်ပိုပြီး ဂရုစိုက်ကြရမယ် “
“ မိန်းမ “ ကျိုးချင်းပိုင်သည် သူ့အဝတ်အစားများကို ပြန်မဝတ်သေးဘဲ သူမကိုပဲ စိုက်ကြည့်နေသည်။
“ ဒီလိုအေးတဲ့နေ့မှာ ရှင် မအေးဘူးလား။ မြန်မြန် အဝတ် ဝတ်တော့။ အအေးမမိစေနဲ့။ ရှင့်ကို လိုလေသေးမရှိ ကျွန်မပြုစုပေးရမှာ “ လင်းချင်းဟယ်သည် သူ့မျက်လုံးများကို မကြည့်ဝံ့ဘဲ သူမလက်ကိုသာ ဝေ့ယမ်းပြလိုက်သည်။
“ ဒီည ကိုယ် အခန်းထဲ ပြန်လာမယ် “ ကျိုးချင်းပိုင်က သူ့အဝတ်အစားများကို ဝတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည်။
ဤသည်မှာ သူမနဲ့ ဆွေးနွေးရန် ဆန္ဒမရှိ။ သူမကို အသိပေးလိုက်ရုံပဲလို့ သူမ ခံစားရသည်။
လင်းချင်းဟယ်သည် သူ ထွက်သွားပြီးသည့်တိုင် ဗရုတ်သုတ်ခဖြစ်နေဆဲ။ ထို့နောက် သူမသည် ‘ ဟွန်း ‘ ကနဲ ထေ့ငေါ့လိုက်ပြီး စိတ်ထဲ အော်ပြောလိုက်သည်။ ဒီည ရှင်က အခန်းထဲကို ပြန်လာဖို့ ကြိုးစားနေတာပေါ့။
အိပ်ယာပေါ်မှာ ခဏလောက် အနားယူပြီးနောက် လင်းချင်းဟယ်သည် နယ်မြေထဲမှ စပျစ်သီးတစ်ချို့ကို ထုတ်ယူလိုက်ပြီး တိတ်တဆိတ် အဆာပြေ စားလိုက်သည်။
သူမသည် စပျစ်သီးကို ရံဖန်ရံခါ လောင်စန်းအား ကျွေးသည်။ လောင်စန်း တစ်ယောက်တည်းကိုပဲ။ တခြားဘယ်သူမှ မရဘူး။ အခြား ရွေးချယ်စရာ မရှိဘူးလေ။ သူတို့တွေက ကြီးလွန်းနေပြီ။ ဖော်ပြနိုင်လွန်းတယ်။ ဒါကို သူတို့တွေ မတော်တဆ ဖော်ထုတ်လိုက်နိုင်သည်။
ထို့နောက် သူမသည် နယ်မြေထဲရှိ ပစ္စည်းများကို ထပ်မံ စစ်ဆေးလိုက်သည်။
ပြောရမယ်ဆိုရင် နယ်မြေထဲက ပစ္စည်းတွေကို ဒီအချိန်အတွင်းမှာ ကောင်းကောင်း စားသုံးခဲ့သည်။ ပန်းသီးက တစ်ဝက်ပဲ ကျန်တော့တယ်။ သစ်တော့သီးတွေလည်း တစ်ဝက်လောက် ရှိတယ်။ ဒါတွေက အတော်လေး လျော့သွားတယ်။ ကလေးသုံးယောက် အဆာပြေစားရန်အတွက် ပန်းသီးကို သူမ ထုတ်ယူသည်မှာ အများဆုံး ဖြစ်သည်။
စပျစ်သီးတစ်သေတ္တာကျော်ကျော်လောက် ကျန်သေးတယ်။ ဒါကို သူမကိုယ်တိုင် ရံဖန်ရံခါ စားပြီး လောင်စန်းကို သိပ်မကြာခင်က တစ်ခေါက် ကျွေးခဲ့သည်။ အများကြီး သိပ်မကုန်ပါဘူး။
ဒါတွေက အသီးတွေ ဖြစ်သည်။ ရိက္ခာနဲ့ပတ်သက်ရင်တော့ ဆန် လေးအိတ် သုံးပြီးပြီ။ တစ်အိတ်လျှင် ၂၀ ဂျင်းနှင့် ညီမျှသည်။
ဂျုံမှုန့်ကို ပိုသုံးထားတယ်… ဆယ်အိတ်နီးပါးပဲ။
ဝက်သား အထုပ်ကြီးတစ်ထုပ်ကို စားထားပြီး ခုနစ်အိတ် ကျန်သေးသည်။ ကြက်ဥ ၁၂ ဂျင်းကျော်လောက်ကို စားသုံးထားပြီး များစွာ ကျန်ရှိနေသေးသည်။
တခြားကတော့ သကြားခဲ၊ သကြားညို စသည့်တို့ ဖြစ်ပြီး အများစုမှာ ကျန်ရှိနေဆဲ ဖြစ်သည်။
သူမ၏ ကိုယ်ပိုင်နယ်မြေမှ ပစ္စည်းများကို အသေးစိတ် စာရင်းလုပ်ပြီးနောက် လင်းချင်းဟယ်သည် စိတ်ကောင်းဝင်နေသည်။ သူမသည် တံဆိပ်ခေါင်းတစ်ချို့နှင့် အလားတူပစ္စည်းများကို စုဆောင်းပြီး အနာဂါတ်မှာ ၎င်းတို့၏တန်ဖိုး တိုးလာချိန်အထိ သိမ်းဆည်းထားရမည်ကို ရုတ်တရတ် သတိရသွားသည်။ ဘယ်လို တိကျသော အစုံလိုက်လည်းဆိုတာတော့ သူမ မေ့သွားပြီ။ အတိုချုပ်ပြောရရင် ၎င်းတို့ကို စုဆောင်းထားလိုက်ရုံပါပဲ။
ခရိုင်မြို့ကို သူမ သွားမယ့်အချိန်နေ့ရက်အထိ စောင့်ကြတာပေါ့။ ပြီးမှ သူမ စာတိုက်ကို သွားပြီး ဝယ်လိုက်မယ်။
လင်းချင်းဟယ်သည် အနွေးကုတင်မှ ဆင်းလာပြီး ညစာအတွက် စတင်ပြင်ဆင်တော့သည်။ ဒီညအတွက်က ရွှေဖရုံသီးထမင်း။
ရွှေဖရုံသီးကို အသားနဲ့ မွှေကြော်ပြီး ပေါင်းထားတဲ့ ထမင်းကို ထည့်ရမည်။ ရွှေဖရုံသီးထမင်း ဖြစ်အောင် ရောမွှေလိုက်ရုံပဲ။ ဟင်းချိုအတွက်ကတော့ ပင်လယ်ရေညှိဟင်းချိုပါပဲ။
ရိုးရှင်းပြီး အာဟာရပြည့်ဝသည်။
ကျိုးချင်းပိုင်သည် ခြံထဲတွင် လက်ဝှေ့ထိုးနေသည်။ လင်းချင်းဟယ်က ဒါကို မြင်ပေမယ့် မမြင်သလို ဟန်ဆောင်လိုက်သည်။ သူမသည် မီးဖိုချောင်ထဲသို့ တိုက်ရိုက်သွားကာ အလုပ်ရှုပ်နေလေသည်။ ဆန်ကို ရေဆေးပြီးတာနဲ့ စိမ်ထားလိုက်သည်။ အရမ်းစောနေသေးတာမို့ အချိန်ရှိပါသေးသည်။
လင်းချင်းဟယ်သည် ဆန်ကို စိမ်ထားပြီး ဘောင်းဘီ ဆက်ထိုးရန် အခန်းထဲသို့ ပြန်သွားသည်။
သူတို့ညီအစ်ကိုတွေမှာ ဆွယ်တာအင်္ကျီတွေ ရှိပေမယ့် သိုးမွှေးဘောင်းဘီတွေ မရှိသေးဘူး။ ရာသီဥတုက အေးလွန်းလို့ သူမ သည်းမခံနိုင်ဘူး။ ကလေးတွေက တက်ကြွမှုအပြည့် ရှိပေမယ့် သူတို့တွေ နွေးနွေးထွေးထွေးဖြစ်ဖို့တော့ လိုသေးသည်။
ကျိုးချင်းပိုင်သည် လက်ဝှေ့ထိုး လေ့ကျင့်ပြီးနောက် ချွေးများစွာ ထွက်လာခဲ့သည်။ သူသည် ရေချိုးရန် စိတ်ကူးလိုက်သည်။
ထိုအကြောင်း သိသွားသောအခါ လင်းချင်းဟယ်က ပြောသည်။ “ ဒီရာသီဥတုမှာ ဘာရေချိုးဦးမလို့လဲ။ ရေချိုးခန်းလည်း မရှိဘူး။ အေးခဲမှာ ရှင် မကြောက်ရင်တော့ သွားလေ “
တကယ်ကို အတွေး လွန်နေတာပဲ။ ကိစ္စမဟုတ်တာကို ကိစ္စ လုပ်နေတယ်။
“ နွေဦးကို စောင့်ကြတာပေါ့။ အဲဒီအချိန်မှာ ကိုယ်တို့တွေ ရေချိုးခန်း ဆောက်ကြရအောင် “ ဒါကို ကြားတော့ ကျိုးချင်းပိုင်က ဆုံးဖြတ်လိုက်သည်။
“ အင်း… အဲဒီအချိန်မှာ ရှင် စဉ်းစားဆုံးဖြတ်ပေါ့။ ပြီးရင် ပိုက်ဆံဘယ်လောက်ကုန်မလဲ ပြောလေ “ လင်းချင်းဟယ်က ဒါကို ထောက်ခံလိုက်သည်။
ရေမချိုးဘဲ သူမကိုယ့်သူမ ရေပတ်တိုက်ရုံပဲ တိုက်နိုင်တယ်။ ဒါက သူမအတွက် တကယ့်ကို သည်းမခံနိုင်စရာပါပဲ။ ကံကောင်းထောက်မစွာဖြင့် သူမသည် ဆောင်းရာသီတွင် ချွေးမထွက်လို့ မဟုတ်ရင် သူမ အသက်မရှင်နိုင်ဘူး။
“ ရေနည်းနည်းကို အပူပေးပြီး ကိုယ့်ဘာသာ ရေပတ်တိုက်လိုက် “ လင်းချင်းဟယ်က သူ ချွေးတွေထွက်နေတာ မြင်တော့ ပြောလိုက်သည်။
“ ကိုယ့်အဝတ်အစားတွေလည်း လဲရမယ် “ ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်သည်။
အဝတ်လဲချင်ရင်လည်း လဲလေ။ ဘာလို့ ငါ့ကို လာပြောနေတာလဲ။
“ ရှင် အဝတ်အစားလဲပြီးရင် ရေနွေးနည်းနည်း သွားတည်လိုက်။ အိမ်မှာ ဆပ်ပြာရှိတယ်။ ကိုယ့်ဘာသာ လျှော်လိုက် “ လင်းချင်းဟယ်က သူ့ကို ကလေးလို ယုယဂရုစိုက်နေမှာ မဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။
ကျိုးချင်းပိုင်သည် သူမကို ကူကယ်ရာမဲ့ ကြည့်နေသည်။ ပထမ သူ ပြန်ရောက်လာတုန်းက သူမသည် အစစအရာရာ ဂရုစိုက်ပေးခဲ့သည်။ အစစအရာရာလို့ ပြောတာက ပုံကြီးချဲ့ပြောနေတာ မဟုတ်ဘူး။ အခုကျတော့ အဲဒီလို ပြုမှုဆက်ဆံမှုမျိုး မရှိတော့ဘူး။
သူ့အဝတ်အစားများကို သူ ကိုယ်တိုင် လျှော်ရမယ်။
ဒါပေါ့ ဘယ်လိုလျှော်ရမှာလဲ သူ သိတယ်။ သူ တစ်ကိုယ်တည်း နေတဲ့အခါ သူ့ဘာသာပဲ လျှော်ခဲ့တာ။ ဒါပေမယ့် သူမ၏ ဂရုမစိုက်တဲ့ သဘောထားက သူ့ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
လင်းချင်းဟယ်သည် သတိမထားမိသလို ဟန်ဆောင်နေလိုက်သည်။ ယောကျာ်းတွေများ သူတို့ကို အလိုလိုက် ဖူးဖူးမှုတ်လို့ မရဘူး။ သူတို့ကို ခိုင်းစားရမယ် မဟုတ်ပါက အလိုလိုက်လေ သူတို့က ပိုဆိုးလေ ဖြစ်လာလိမ့်မည်။
ခဏကြာ ရပ်နေပြီးနောက် ကျိုးချင်းပိုင်သည် သူမတွင် တခြားအမှုအယာ မရှိကြောင်း မျက်မြင်တွေ့ရှိခဲ့ပြီး သူ့ဇနီးသည် စိတ်မာသူ ဖြစ်ကြောင်း သိလိုက်ရသည်။
သူ့ဒဏ်ရာတွေက ပိုကောင်းလာတာကြောင့် ဒဏ်ရာရသူကို အထူးတလည် ပြုမှုဆက်ဆံသလိုမျိုး မရှိတော့တာလား။
ကျိုးချင်းပိုင်သည် အမှန်တရားကို ရှာတွေ့လိုက်သလို ခံစားလိုက်ရသည်။ သူသည် ရေနွေး စတည်လိုက်သည်။
“ မိန်းမ… မင်းကော ရေပတ်တိုက်ချင်သေးလား “ ကျိုးချင်းပိုင်သည် ရေနွေးတည်ပြီးတာနဲ့ မေးသည်။
သိုးမွှေးထိုးနေသော လင်းချင်းဟယ်သည် သူမကိုယ်သူမ ရေပတ်တိုက်လိုက်ရရင် ကောင်းမယ်လို့ တွေးမိပြီး ပြန်ဖြေလိုက်သည်။ “ ကောင်းပြီလေ ကျွန်မရဲ့ရေဇလုံကို သုံးနိုင်တယ်။ ပြီးရင် ကျွန်မအတွက် နည်းနည်း ယူလာပေးလို့ရတယ် “
ကျိုးချင်းပိုင်သည် သူ့ဇနီးကို ပြုစုပေးရတဲ့အတွက် ဝမ်းသာနေသည်။ သူသည် ရေနွေးတစ်အိုးစာကို လောင်းထည့်လိုက်သည်။ အပူချိန်က အနေတော်ပဲ။
အောက်ချပြီးနောက် သူက ပြောသည်။ “ မိန်းမ… ပူနေတုန်း ရေပတ်တိုက်လိုက်ဦး။ ခဏနေ အေးသွားလိမ့်မယ်။ ဒါဆို အအေးမိဖို့ ပိုလွယ်လာလိမ့်မယ် “
“ အင်း… ရှင် ထွက်သွားတော့ “ လင်းချင်းဟယ်သည် သုံးပုံတစ်ပုံ ထိုးပြီးထားသော သိုးမွှေးဘောင်းဘီကို ချလိုက်ပြီး ခေါင်းညိမ့်ပြသည်။
ကျိုးချင်းပိုင်သည် ထွက်လာပြီး ဇလုံထဲ ရေနွေးဖြည့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ရန် ဘေးအခန်းသို့ သွားလိုက်သည်။
ဒါက ရေပတ်တိုက်ရုံမျှသာ ဖြစ်သော်လည်း ရေပတ်တိုက်ပြီးနောက် သူမ တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားရသည်ဟု သူမ ပြောရမည်။ လင်းချင်းဟယ်သည် သူမကိုယ် သူမ နေ့တိုင်း ရေပတ်တိုက်သည် မဟုတ်ရင် သူမ အိပ်မပျော်ဘူး။
လင်းချင်းဟယ်သည် သူမဆံပင်ကိုလည်း လျှော်ချင်သည်။ ရက်တွက်ကြည့်ပြီးနောက် သူမ နောက်ဆုံး ခေါင်းလျှော်ခဲ့ကတည်းကဆိုရင် လဝက်လောက် ကြာသွားပုံရသည်။ ဒီအေးခဲတဲ့ ဆောင်းရာသီက တော်တော် ဒုက္ခပေးလှသည်။