အခန်း(၄၆) - စာသင်ခြင်းက အသုံးမဝင်ဘူး
ကျေနပ်ဖွယ်ကောင်းသော ရေပတ်တိုက်မှုအပြီးတွင် လင်းချင်းဟယ်သည် ပိုမိုသက်တောင့်သက်သာ ဖြစ်လာသလို ခံစားရလေသည်။ သူမဆံပင်ကိုလည်း ညစာမစားခင်လောက်မှာ လျှော်လိုက်မယ်။ ပြီးမှ သူမ ညစာ ချက်ရမယ်။
ကျိုးချင်းပိုင်းသည် အခန်းတံခါးကို ခေါက်ပြီး ရေသွန်ပေးဖို့ ဝင်လာခဲ့တယ်။ သူ့ကိုယ်သူ ခေါင်းစခြေဆုံး တစ်ကိုယ်လုံး ဆေးကြောသန့်စင်လိုက်တော့ လန်းဆန်းသွားတယ်။
သူက ရေသွန်ပြီးတာနဲ့ အထဲကို ပြန်ဝင်လာသည်။ လင်းချင်းဟယ်က သူ့ကိုကြည့်ရင်း ဆိုလိုက်သည်။ “အကယ်၍ ရှင် အဆင်ပြေတယ်ဆိုရင် မနက်ဖြန်ကျ ခရိုင်မြို့ပေါ် သွားကြရအောင်။”
“မင်း ဘာဝယ်စရာရှိလို့လဲ။” ကျိုးချင်းပိုင်က ခေါင်းညိတ်ပြရင်း မေးလိုက်သည်။
“ဘာမှ ထွေထွေထူးထူး ဝယ်စရာ မရှိပါဘူး။ တရုတ်ဆီးသီးသီးတွေလို သရေစာတွေ ရှိ မရှိ သွားကြည့်ချင်ရုံပါပဲ။ ရှင့်အတွက် အဝတ်အထည်တချို့ ဝယ်သင့်တယ်။ ရှင့်အတွက် နောက်ထပ်နှစ်စုံလောက် ချုပ်ပေးဖို့ အကြီးဆုံးမရီးဆီကို အပ်လိုက်မယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။
“မင်း ချုပ်ပေး” ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်ရင်းပြောသည်။
“ကျွန်မ ဘယ်လိုချုပ်ရမှန်း မသိဘူး။ အိမ်က ကလေးတွေရဲ့ အဝတ်အစားတွေကိုလည်း အကြီးဆုံးမရီး၊ တတိယမရှးနဲ့ ကျိုးရှီတို့ပဲ ချုပ်ပေးခဲ့တာ။” လင်းချင်းဟယ် ဖြေသည်။
“ကိုယ် မင်းကို သင်ပေးမယ်။” ကျိုးချင်းပိုင်က မလျှော့တမ်း ထပ်ပြောသည်။
“ရှင်က အဝတ်အစားတွေ ဘယ်လိုချုပ်ရမလဲဆိုတာကို သိတယ်လား။” လင်းချင်းဟယ်က ထိတ်လန့်တကြား ပြောလိုက်သည်။
ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။ “မသိဘူး”
လင်းချင်းဟယ်က မကျေမနပ် ပြန်ပြောသည်။ “ရှင်က မသိပဲနဲ့ ကျွန်မကို ဘယ်လိုပြန်သင်ပေးမှာလဲ။”
“ကိုယ့်အရွယ်အစားကို ကိုယ်သိတယ်။ ကိုယ် မင်းကို လမ်းညွှန်ပေးနိုင်တယ်။ မင်း ချုပ်ပေးတာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ် ဝတ်မယ်လေ။” ကျိုးချင်းပိုင်၏ အကြည့်တွေက သူပြောတာကို သူမ လက်ခံပေးဖို့ မျှော်လင့်နေဟန်ပင်။
လင်းချင်းဟယ်သည် ဒီလို သမားရိုးကျ စကားတွေမှ ဘာကြောင့် ကလူကျီစယ်တဲ့ သဘောသဘာဝကို ခံစားလိုက်ရတာလဲ။
ဒါပေမယ့် သူ ဒီလို ပြောတာကို နားထောင်ပြီး သူမ မယဥ်ကျေးနိုင်တော့ပဲ “အကယ်၍ ရှင် ကျွန်မ အထည်စတွေကို ဖြုန်းတီးမိမှာကို မစိုးရိမ်ရင် ကျွန်မ ချုပ်ပေးလို့ရတယ်။” လို့ ပြောလိုက်သည်။
မူလခန္ဓာပိုင်ရှင်က အဝတ်အစားတွေကို ချုပ်လုပ်နိုင်သလို သူ့ အရွယ်အစားအတိုင်း သူမ လိုသလို ပုံဖော်လို့ရတာကြောင့် စမ်းကြည့်သင့်သည်။
ကလေးတွေအတွက် နောက်ဆုံးအကြိမ် ချုပ်လုပ်ပေးဖို့လုပ်စဥ်က သူမလက်ထဲမှာ ရှိတဲ့ အထည်စတွေကို ပျက်စီးသွားမှာကို စိုးရိမ်ခဲ့မိသည်။ အထည်ကူပွန်တွေလည်း မရှိတဲ့အတွက် အချည်းနှီးပဲ ပျက်စီးသွားကုန်လိမ့်မည်။
ဒါပေမယ့် အခု အိမ်မှာ ကူပွန်တွေ အများကြီး ရှိနေတဲ့အတွက်ကြောင့် အဲ့တာကို သဘာဝကျစွာပင် စိတ်မပူတော့ပေ။ ပြီးတော့ သူကိုယ်တိုင်က ဒီလိုလုပ်ဖို့ ပြောတဲ့အတွက်ကြောင့် သူမ လေ့ကျင့်ဖို့ပဲ လိုတယ်။
သူတို့ ညနေစာအတွက် ဖရုံသီးထမင်းကို ပြင်ဆင်ထားသည်။
လောင်တနဲ့ သူ့ညီတွေက အထူးသဖြင့် အိမ်က အစားအသောက်ကို ပိုသဘောကျကြသည်။ သူတို့ အဖိုးနဲ့ အဖွားက သူတို့ကို ကျိုးအိမ်တော်ဟောင်းမှာ ထမင်းစားစေချင်တဲ့အခါမျိုးမှာဆို သူတို့က တခြားသူတွေထက် ပိုမြန်အောင် ထွက်ပြေးကြသည်။
ညစာ စားပြီးနောက် ကျိုးချင်းပိုင်သည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကာ ဆေးကြောပေးသည်။ လင်းချင်းဟယ်က သူ့စွမ်းဆောင်ချက်ကို အတော်လေး စိတ်ကျေနပ်သွားပြီး သူ့ကို ညွှန်ကြားလိုက်သည်။ “ပြီးရင် ရေနွေး နောက်တစ်အိုးလောက်တည်ပြီး ကလေးသုံးယောက်ကို ကိုယ်လက်သန့်စင်ပေးလိုက်ဦး။”
“ကောင်းပြီ” ကျိုးချင်းပိုင် သဘောတူလိုက်သည်။
လောင်တက သူ့အမေကို တီးတိုးပြောသည်။ “အမေ အဖေက ဘာလို့ ပန်းကန်တွေ ဆေးနေတာလဲ။”
“မင်းတို့အဖေ ပန်းကန်ခွက်ယောက်တွေ မဆေးသင့်ဘူးလို့ ဆိုချင်ရတာလဲ။” လင်းချင်းဟယ်က သူ့ကို မပြုံးမရယ်မျက်နှာထားဖြင့် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ တခြားသူတွေရဲ့ အဖေတွေက ပန်းကန်တွေ မဆေးကြဘူးလေ။ သားတို့ဦးလေးတွေလည်း အဲ့အတိုင်းပဲ။” လောင်တက ပြန်ဖြေသည်။
“အဲ့တာ သူတို့ကိစ္စလေ။ မင်းတို့အဖေက ဒီလိုလုပ်ရတာ သဘောကျတယ်။ မင်းက ငယ်သေးတယ်။ နောက်နှစ်လောက်အထိပဲ စောင့်။ ပြီးရင် ပန်းကန်ဆေးတဲ့အလုပ်က မင်းအတွက်ပဲ။” လင်းချင်းဟယ်က လေးလေးနက်နက်ပြောသည်။
“အမေ သားကို ပန်းကန်ဆေးခိုင်းမယ်လို့ ပြောလိုက်တာလား။” လောင်တ၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြားဟန်များ ပြည့်နှက်နေသည်။
“ပန်းကန်ဆေးခိုင်းတာ ဘာမှားနေလို့လဲ။ လူကြီးဖြစ်ပြီး ပန်းကန် ဘယ်လိုဆေးရမလဲဆိုတာ မသိဘူးဆိုရင် အဆင်မပြေဘူး။ မင်း မင်းတို့အဖေကို မမြင်ဘူးလား။” လင်းချင်းဟယ်က သူမကိုယ်တိုင် အပျင်းတတ်နေသော်လည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပြောဆိုခဲ့သည်။
“အခြား ဘယ်သူမှ အဲ့လိုမလုပ်ကြဘူးလေ။” ကျိုးလောင်တက ကူကယ်ရာမဲ့စွာ ပြန်ပြောသည်။
“တခြားသူတွက ငါတို့မိသားစုလို မစားရဘူး။ အကယ်၍ မင်း သူတို့သားဖြစ်ချင်ရင် သွားလိုက်။ ငါတို့မိသားစုမှာ ငါတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ နောက်ပြီး မင်းတို့အဖေ ဘယ်လိုလုပ်လဲ ဆိုတာကို ကြည့်ထား။ နောက်ဆို ဒါတွေကို မင်းလည်း လုပ်ရမယ်။” လင်းချင်းဟယ်က ခိုင်ခိုင်မာမာ ပြောဆိုသည်။
“အဲ့တာက မိန်းကလေးတွေရဲ့ အလုပ်လေ။ အကယ်၍ အစ်ကိုကြီးသာ ဒီလိုတွေ လုပ်ရမှန်းသိရင် သူတို့ အစ်ကိုကြီးကို လှောင်ရယ်ကြတော့မှာပဲ။” လောင်အာ့က ဝင်ရောက်ပြောဆိုသည်။
သူလေးတောင်မှ ဝင်ပါလာသည်။
“မင်းတို့အဖေက အမေ့ကို ပန်းကန်ဆေးဖို့ ကူညီပေးတယ်။ ဒါကိုကြည့်ရင် သူက လူကောင်းတစ်ယောက် ဆိုတာကို သက်သေပြတယ်။ အမေက တစ်မိသားစုလုံးကို စီမံခန့်ခွဲဖို့ မလွယ်ကူဘူးဆိုတာကို သိထားတော့ သူက အိမ်မှုကိစ္စတွေကို စိတ်လိုလက်ရ ကူညီလုပ်ကိုင်ပေးတယ်။ မင်း အမေ့ကို ကူညီပြီး ပန်းကန်တွေ ဆေးပေးတယ်ဆိုရင်လည်း ဒါက မင်းတို့ အမေ့ကို သားသမီးဝတ္တရားကို ကျေပွန်ပေးတာပဲ။ မင်းတို့ သိထားရမှာက အမေက မင်းတို့ သားယောကျာ်းလေး သုံးယောက်ကိုပဲ မွေးထားခဲ့တာ၊ မိန်းကလေး မပါဘူး။ အမေကို သက်သာစေချင်လို့ ပန်းကန်ကူဆေးပေးဖို့ ဆန္ဒရှိလို့ ဆေးပေးတာကို သူတို့က မင်းတို့ကို ဘာလို့ ရယ်ရကြမှာလဲ။” လင်းချင်းဟယ်က ပြောသည်။
ကျိုးလောင်တသည် သူမပြောသောစကားကို နားထောင်ပြီး ကြက်သေ သေသွားကာ ပြန်လည်ချေပပြောဆိုနိုင်ခြင်း မရှိတော့ပေ။
“အကယ်၍ မင်း အတိုက်အခံပြောဆိုချင်တယ်ဆိုရင် ပြောနိုင်တယ်။ အမေက သား ဆွေးနွေးတာကို လက်ခံပြီး ပြန်လည်ချေပမယ်။ ဒါပေမယ့် အမေ့ကို မင်း နိုင်အောင်မပြောနိုင်ရင် မင်းလည်း အလှည့်ကျ ပန်းကန်ဆေးရမယ်။” လင်းချင်းဟယ်က အတည်ပြောဆိုသည်။
“အမေ သားက လေးနှစ်သားပဲ ရှိသေးတယ်လေ။” ကျိုးလောင်အာ့က ချက်ချင်း ပြန်ပြောသည်။
“ဒီနှစ်ကူးပြီးရင်း မင်း အသက်ငါးနှစ်ပြည့်တော့မယ်။ မင်း ခြောက်နှစ်ပြည့်တဲ့အခါကျရင် မင်းအစ်ကိုကြီးနဲ့အတူ ပန်ကန်ကူဆေးပေးရမယ်။ မင်းတို့က လိမ္မာသိတတ်တဲ့ ကလေးတွေဆိုတာကို အမေ သိတယ်။ နောင်အနာဂတ်မှာ မင်းတို့ကို ပိုပြီးအရသာရှိတာတွေကို ချက်ကျွေးဦးမှာ” လင်းချင်းဟယ်က ခိုင်ခိုင်မာမာပြောသည်။
ချက်ချင်းပင် လောင်အာ့ရဲ့မျက်နှာမှာ ခါးသီးမှုတွေ ပြည့်နှက်သွားသည်။
“မင်း အသက်ခြောက်နှစ်မပြည့်ခင် အချိန်တွေ ကျန်နေသေးပါတယ်။ စိတ်မပူပါနဲ့။” လင်းချင်းဟယ်က သူ့မျက်နှာသေးသေးလေးကို ဖျစ်ညစ်ရင်းဆိုသည်။
“အမေ သား ပန်းကန်မဆေးချင်လို့ မရဘူးလားဟင်” လောင်အာ့က အပေါ်သို့ မော့ကြည့်ကာ ချစ်စရာကောင်းသော မျက်နှာလေးဖြင့် ငြင်းပယ်ဖို့ ကြိုးစားခဲ့သည်။
“အမေက မင်းတို့အတွက် အရသာရှိတာတွေ ချက်ပြုတ်ပေးမယ်။ မင်းက အမေ့အတွက် ပန်းကန်အနည်းငယ်လောက် ကူဆေးပေးဖို့ ဆန္ဒမရှိဘူးလား။“ လင်းချင်းဟယ်က သူ့ကို အနည်းငယ် စိတ်ပျက်သွားသလို မျှော်လင့်မထားသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
လောင်အာ့က ဒီလိုမျိုးအကြည့်ခံလိုက်ရတော့ အလန့်တကြား ကမန်းကတန်းပြောသည်။ “ဒါဆို သားကြီးလာတဲ့အခါကျရင် အမေ့ကိုကူညီပြီး ပန်းကန်ဆေးပေးမယ်နော်။”
“အမေ့လောင်အာ့လေးက အရမ်းလိမ္မာရေးခြားရှိတယ်ဆိုတာ အမေ သိတာပေါ့။” လင်းချင်းဟယ်ရဲ့အသံတွင် ကျေနပ်အားရခြင်းတွေ ပါဝင်နေသည်။
လောင်တ သက်ပြင်းချလိုက်သည်။ “အမေ အမေ့ကို ဘယ်လိုပဲကြည့်ကြည့် မိထွေးနဲ့တူနေတယ်။”
“ဟုတ်ပြီ။ မိထွေးက မင်းတို့ညီအစ်ကိုတွေအတွက် အဝတ်အစားအသစ်တွေ ချုပ်ပေးတယ်။ မိထွေးက မင်းတို့ညီအစ်ကိုတွေအတွက် ဦးထုပ်အသစ်တွေ ဝယ်ပေးတယ်။ မိထွေးက မင်းတို့အတွက် အမျိုးမျိုး ချက်ပြုတ်ပြင်ဆင် ကျွေးမွေးတယ်။ ဒီရွာမှာ ဘယ်သူကများ ငါ့လိုမိထွေးမျိုးကို မလိုချင်ပဲ နေမှာလဲ။” လင်းချင်းဟယ်က ပြန်လည်ချေပသည်။
“ဟီးဟီး ဟီးဟီး သားက နောက်တာပါ။” ကျိုးလောင်တက ချက်ချင်း ပြောလိုက်သည်။
လောင်စန်းက အပြေးလာပြီး သကြားလုံး တောင်းလေသည်။
ဆိုလိုသည်က သူလေးက ယုန်ဖြူသကြားလုံးကို စားချင်သည်။
လင်းချင်းဟယ်က ထောက်ပြပြောဆိုသည်။ “အခု ထမင်းစားပြီးရုံပဲ ရှိသေးတယ်။ သကြားလုံး မစားရဘူး။ မနက်ဖြန်အထိ စောင့်”
ယုန်ဖြူသကြားလုံး သုံးထုပ်ကို ပြီးခဲ့အခေါက်က သူမ ဝယ်လာခဲ့ပြီး အခု အိမ်မှာ နှစ်ထုပ်သာ ကျန်တော့သည်။ ညီအစ်ကိုသုံးယောက်က သကြားလုံးတစ်ထုပ်ကို ကုန်အောင် စားပြီးကြပြီ။
လောင်စန်းက စားချင်လို့ အော်ဟစ်ပူဆာနေတော့ လင်းချင်းဟယ်က သူ့အတွက် ပန်းသီးလှီးပေးဖို့ မီးဖိုချောင်ထဲကို ဝင်သွားသည်။ သူ့ပါးစပ်ထဲကို တစ်ခုခုထည့်လိုက်တာနဲ့ သူက ငြိမ်ကျသွားသည်။
လင်းချင်းဟယ်က သူတို့ညီအစ်ကိုတွေကို အနွေးကုတင်ပေါ်မှာ ဆော့ကစားခိုင်းထားပြီး သူမက ချည်ကို ဆက်လက်ထိုးနေခဲ့သည်။
ပန်းကန်ခွက်ယောက်များကို ဆေးကြောနေသော ကျိုးချင်းပိုင်သည် အခန်းထဲမှ ကလေးတွေရဲ့ ဆော့ကစား ရယ်မောနေတဲ့ အသံတွေရယ် အခါအားလျော်စွာ ကြားရတဲ့ သူမရဲ့ဟာသတွေရယ်ကို နားထောင်ပြီး သူ့နှလုံးသား ပိုနွေးထွေးလာခဲ့သည်။
ပန်းကန်ဆေးပြီးတာနဲ့ သူက ရေနွေးဇလုံကို ပြင်ဆင်ကာ ကလေးတွေကို ဆေးကြောပေးဖို့ အခန်းထဲကို ဝင်လာခဲ့သည်။ သူတို့တစ်ယောက်ချင်းစီကို သန့်စင်ပေးဖို့ ခုံသေးသေးလေးတစ်ခုပေါ် တင်ပေးလိုက်သည်။
သူတို့အားလုံးကို ကျိုးချင်းပိုင်က သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးလိုက်သည်။ လင်းချင်းဟယ်က သိုးမွှေးဘောင်းဘီချည်ထိုးရင်း တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမက ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။
ဒါပေမယ့် သူမ သူတို့ကို အာရုံစိုက်ထားပါတယ်။ ကျိုးချင်းပိုင်က စကားများများစားစား မပြောပေမယ့် အိမ်မှာနေထိုင်တဲ့ အဖေတစ်ယောက်ရဲ့ စွမ်းရည် ရှိနေဆဲပါပင်။ သူက ကလေးတွေကို သေသေချာချာ ဂရုစိုက်ပြုစုပေးသည်။
သူတို့ ခြေလက်တွေကို ဆေးကြော သုတ်ပေးပြီးနောက် သူတို့ကို အနွေးကုတင်ပေါ်သို့ တင်ပေးခဲ့သည်။
ထို့နောက် သူက လင်းချင်းဟယ်ရဲ့ ကိုယ်ပိုင်ခြေထောက်ဆေးဇလုံကို ယူလာပြီး သူမကို ခြေထောက်ရေစိမ်စေသည်။ လင်းချင်းဟယ်က တုံ့ဆိုင်းနေခြင်း မရှိပေ။ သူမက ခြေထောက်ရေစိမ်ရင်းနဲ့ “မနက်ဖြန် ရှင် ခရိုင်မြို့ကို သွားတဲ့အခါကျရင် ဘောပင်နဲ့ စာရွက်တွေ ရှိ မရှိ တစ်ချက်ကြည့်ခဲ့ပြီးတော့ လောင်တအတွက် အချို့ ဝယ်လာခဲ့ပေး၊ နှစ်သစ်ကူးပြီးရင် သူ ခုနစ်အရွယ်ရှိပြီဆိုတော့ သူ့ကို စာသင်ဖို့ အဖွဲ့ကို ပို့ရလိမ့်မယ်။”
“ကောင်းပြီ” ကျိုးချင်းပိုင်က လိုက်လျောပေးသည်။
လောင်တက အထဲကနေ လှမ်းအော်လိုက်သည်။ “စာသင်ရမှာလား။ ဘာလို့ စာသင်ရမှာလဲ။ နောက်နှစ်ကျရင် သားအဖေနဲ့ အလုပ်ရမှတ်တွေစုဖို့ စဥ်းစားထားတယ်။”
“စာသင်ဖို့သာ စဥ်းစား၊ အလုပ်ရမှတ်က ပြဿနာမဟုတ်ဘူး။” လင်းချင်းဟယ်က ပြောသည်။
“ကျွန်တော် မသင်ချင်ဘူး” လောင်တက ချက်ချင်း ပြန်ဖြေသည်။
“ဘာလို့ မသင်ချင်တာလဲ။” လင်းချင်းဟယ်မေးသည်။
“စာသင်တာက အသုံးမဝင်ဘူး” လောင်တက ညည်းညူပြောဆိုသည်။
“စာသင်တာက အသုံးမဝင်ဘူးလား။ မင်း ဒီစကားကို ဘယ်နေရာက ကြားခဲ့တာလဲ။” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်ရင်း မေးသည်။
“ဒုတိယအဒေါ်က စာသင်တာက အသုံးမဝင်ဘူးလို့ ပြောတယ်။ ရွာထဲက ပညာတတ်တွေလည်း စာသင်ခဲ့ကြတာပဲ မဟုတ်လား။ ပြီးတော့ သူတို့ ကျေးလက်ဒေသမှာပဲ အလုပ်ပြန်လုပ်ကြတာပဲ။” လောင်တက ပြောသည်။
“ကလေးတို့အဖေ ဘောပင်နဲ့ စာရွက်ကို သွားယူခဲ့” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို အမိန့်ပေးလိုက်သည်။