အခန်း(၄၈)ဂျင်း၊တရုတ်ဆီးသီးနဲ့သကြားညိုစွပ်ပြုတ်
Viewers 43k

အခန်း(၄၈) - ဂျင်း၊ တရုတ်ဆီးသီးနဲ့ သကြားညိုစွပ်ပြုတ်


“ကောင်းပြီ မစားဘူး” ကျိုးလောင်တက ဒေါသတကြီး ပြေးထွက်သွားသည်။


လင်းချင်းဟယ်က သူ့ကို ပြန်မခေါ်ဘူး။ သူမက လောင်အာ့ကို လောင်တ့နောက်သို့ တိတ်တဆိတ် လိုက်သွားရန် ပြောခဲ့သည်။ လောင်အာ့ကို အကျိုးအကြောင်း မရှင်းပြခဲ့ပေမယ့် လောင်အာ့က နားလည်သည်။ သူမသည် လောင်အာ့ကို ယုန်ဖြူသကြားလုံးတစ်လုံးကို ပေးပြီး သူ့အစ်ကိုဖြစ်သူကို လိုက်ရှာခိုင်းခဲ့သည်။ 


လင်းချင်းဟယ်က အားလပ်နေသောကြောင့် သူမ လောင်စန်းကိုခေါ်ပြီး အပြင်ဖက်မှာ နှင်းလူရုပ်လုပ်ရန် စီစဥ်သည်။ မနေ့ညက နှင်းတွေကျတာ များတယ်။ ကျိုးချင်းပိုင်က မနက်စောစောထပြီး နှင်းတွေကို ရှင်းလေ့ရှိတယ်။ သူပြန်ရောက်လာပြီး‌နောက် သူမ ဒီလိုအလုပ်မျိုးကို လုပ်စရာ မလိုတော့ပေ။ ဒါတွေက သူလုပ်လိမ့်မယ်။


ဝက်စာကျွေးခြင်းနဲ့ တခြားကိစ္စတွေ အပါအဝင် အလုပ်အားလုံးကို သူ ကိုင်တွယ်ခဲ့သည်။


အနာဂတ်မှာ သူ အလုပ်သွားတဲ့အခါမှာတော့ သူမ သေချာပေါက် ကူညီပေးမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူမ ကူညီလုပ်ကိုင်ပေးဖို့ အစီအစဥ်မရှိပေ။ သူ့ဘာသာသူ တစ်ယောက်တည်း အလုပ်ရှုပ်နေပါစေ။


အမေနဲ့သားဟာ အချိန်ကောင်းလေးကို ပိုင်ဆိုင်နေသည့်အချိန်တွင် အိမ်နီးနားချင်း ချန်တန့်နျန်း ဖြတ်သွားတာကို တွေ့လိုက်ရသည်။


ချန်တန့်နျန်းကို တွေ့လိုက်ရတော့ လင်းချင်းဟယ်က နှုတ်ဆက်လိုက်သည်။ “ချန်တန့်နျန်း ဘယ်သွားမလို့လဲ။”


ပြီးတော့ လောင်စန်းကလည်း သူမကို နှုတ်ဆက်သည်။


သူမ ချန်တန့်နျန်းနဲ့ စကားပြောဆိုဖို့ စိတ်ထဲမထားရခြင်း အကြောင်းရင်းကတော့ ချန်တန့်နျန်းက အတော်လေး သဘောကောင်းလို့ပါပဲ။ သူမအမျိုးသားရဲ့ မိသားစုကလည်း ကျိုးအိမ်တော်ဟောင်းက လူတွေနဲ့ အမျိုးဝေးနေပေမယ့် ဆွေမျိုးတော့ တော်စပ်နေကြသေးသည်။


ကျိုးကျားရွာ၏ ဘိုးဘေးများသည် အနည်းနှင့် အများတော့ ဆွေမျိုးတော်စပ်ကြသည်။ အခြားမျိုးရိုးနာမည်တွေ သိပ်မရှိကြပါ။ သို့သော် ရွာမှာ အကြာကြီး နေထိုင်ခဲ့ပေမယ့် ပြဿနာ သိပ်မရှိကြပေ။


“ငါ့ ဒုတိယသားရဲ့ဇနီး မနေ့ညကပဲ ကလေးမီးဖွားတယ်လေ။ အိမ်မှာ သကြားညိုကလည်း မရှိတော့ဘူးဆိုတော့ အဲ့တာရှာဖို့ သွားမလို့လေ။ ဒါ့ကြောင့် ငါ ရောင်းလိုအားနဲ့ ဝယ်လိုအား သမဝါယမအသင်းမှာ သွားရှာကြည့်မလို့ လုပ်နေတာ။” ချန်တန့်နျန်းက ပြောသည်။


“ချန်တန့်နျန်းရေ ရှင် သွားရှာမနေနဲတော့။ ဒီအချိန်လောက်ဆို ရောင်းလိုအားနဲ့ ဝယ်လိုအား သမဝါယမအသင်းမှာလည်း ကုန်နေလောက်ပြီ။ အကယ်၍ ရှင် သကြားညိုကို ဝယ်ချင်တယ်ဆိုရင် ကျွန်မဆီမှာ နည်းနည်းရှိသေးတယ်။ ကျွန်မ နောက်ဆုံးတစ်ခေါက် မြို့တက်တုန်း ဝယ်ထားတာ ရှိတယ်။ ရှင် အဲ့တာကို အရေးပေါ်ဖြေရှင်းဖို့ သုံးလိုက်လို့ရတယ်။”


“ဒါဆိုရင် ငါ နင့်ကို ကျေးဇူးတင်ပါတယ်ဟယ်” ချန်တန့်နျန်းသည် ရှက်ရွံ့မနေပဲ ချက်ချင်း လက်ခံလိုက်ည်။


လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။


ဒီချန်တန့်နျန်းက မူလခန္ဓာပိုင်ရှင်ကို ကလေးတွေ ကူညီထိန်းကျောင်းပေးခဲ့ပြီး မူလခန္ဓာပိုင်ရှင်က လောင်တတို့ညီအစ်ကိုကို ပြုစုရတာ ရှားပါသည်။ တခါတရံမှာ ကလေးတွေကို အိမ်မှာ ဒီအတိုင်းထားခဲ့ပြီး သူမက အပြင်မှာ တစ်နေကုန်နေတတ်သည်။


ဒီချန်တန့်နျန်းက သူမကို နှစ်ကြိမ်နှစ်ခါ ကူညီစောင့်ရှောက်ပေးဖူးသည်။ မူလခန္ဓာပိုင်ရှင်က အဲ့ဒီအတွက် ဘာမှ ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ပေ။ လင်းချင်းဟယ်သည် မူလခန္ဓာပိုင်ရှင်ရဲ့ မှတ်ဥာဏ်တွေကို အမွေဆက်ခံခဲ့သည့်အတွက် စိတ်ထဲတွင်သာ မှတ်သားထားခဲ့သည်။


ချန်တန့်နျန်းမှာ သားနှစ်ယောက်ရှိသည်။ သူမသည် လက်ရှိတွင် သူမ သားအကြီးဆုံးရဲ မိသားစုနှင့် အတူနေထိုင်သည်။ ဒုတိယသားဖြစ်သူက အိမ်ထောင်ကျပြီးတာနဲ့ အိမ်ခွဲသွားခဲ့သည်။


ရွာမှာ ပထမဆုံး အိမ်ခွဲနေထိုင်သည့် မိသားစု ဖြစ်သလို အေးအေးဆေးဆေး ခွဲထွက်တဲ့ မိသားစုလည်းဖြစ်သည်။ အဖေကျိုးရော အမေကျိုးပါ ချန်တန့်နျန်းတို့လင်မယားလို မရဲရင့်ကြဘူး။


ဒါပေမယ့် အခုအချိန်မှာတော့ လဝက အရမ်းကောင်းလာတယ်ဆိုတာ ထင်ရှားပါသည်။ ချန်တန့်နျန်းရဲ့ ဒုတိယသားက သူတို့ရဲ့ သားဦးလေးကို မွေးဖွားတဲ့အချိန်ကတည်းကပင်။


ထိုအကြောင်းကိုပြောရင်း လင်းချင်းဟယ်ရဲ့ စိတ်ခံစားချက်တွေက လှိုင်းထလာသည်။


အမှန်တော့ ရွာထဲက လူတော်တော်များများက ဆောင်းဦးရောက်ပြီဆို ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးဖွားကြသည်။


အချိန်ကိုရေတွက်ကြည့်တော့ သူတို့အားလုံးနီးပါးဟာ မနှစ်က ဒီလို‌ဆောင်းရာသီမှာ အိမ်တွင်သာ အနားယူကြရပြီး အားလပ်ချိန်ကို စိက်ကြိုက်အသုံးချခဲ့ကြသည်။


ဒီခေတ်အချိန်ခါကလူတွေက ဒီလိုမျိုးတွေပင်။ ဘာကြောင့်လဲဆိုတော့ အခြေခံအားဖြင့် သူတို့မှာ အားလပ်ချိန်ကို ဖြုန်းတီးဖို့ နည်းလမ်းတွေ မရှိကြဘူး။ တစ်ခုတည်းသော လေ့ကျင့်ခန်းမှာ အနွေးကုတင်ပေါ်တွင် လင်မယားတွေ အချစ်စမ်းကြတာပင် ဖြစ်လေသည်။ ဒီလိုမှမဟုတ်ရင် ဒီအချိန်မှာ ကလေးတွေအများကြီး ဘယ်လိုမွေးနိုင်ကြမှာလဲ။

 

အခြားသူတွေကို မပြောနဲ့ဦး၊ အမျိုးသားပညာရေးကို သင်ကြားခဲ့ဖူးသော ကျိုးချင်းပိုင်ကိုပဲ ကြည့်ပါ။ သူ ပြန်လာပြီးနောက် သူမသည် စံပြဇနီးတစ်ယောက်ရဲ့ အမူအကျင့်နှင့် လိုက်လျောညီထွေမှုရှိကြောင်း သူ သိလိုက်ရသည်။ နေ့တိုင်း သူမရဲ့အနွေးကုတင်‌ပေါ်သို့တက်ပြီး သူမရဲ့စောင်ထဲတိုးဝင်ဖို့ ကြိုးစားနေဆဲပင်။


သူ ပထမဆုံး ပြန်လာတဲ့အချိန်တုန်းက သူမနဲ့ ပတ်သက်တဲ့ ဟိုဟိုဒီဒီ အတွေးတွေ မရှိခဲ့ဘူးလို့ မထင်လိုက်ပါနဲ့။


နောက်ပိုင်းမှာ ဘာဖြစ်သွားမှန်းမသိ စိတ်ပြောင်းသွားခဲ့သည်။ သူမ ဘာကိုမှ ထူးထူးခြားခြား လုပ်ကိုင်ခဲ့တာ မရှိဘူး။ သူမ ဟင်းသုံးပွဲချက်ပြုတ်ပေးကာ သူ့အတွက် ညအိပ်ရာမဝင်ခင်မှာ သောက်ဖို့ ဂျင်းနဲ့ တရုတ်ဆီးသီးစွပ်ပြုတ်တစ်ခွက် ပြင်ဆင်ပေးသည်။ ဟုတ်တာပေါ့။ အရင်ရက်အနည်းငယ်တုန်းက သူ့ခြေထောက်တွေ အေးခဲနေတာကို သက်သာစေဖို့ ဂျင်းပြုတ်ရည်ပူပူကို ပြင်ဆင်ပေးပြီး ခြေထောက်စိမ်ဖို့ အတင်းတိုက်တွန်းခဲ့သေးသည်။


အဲဒါကလွဲလို့ တခြားလုပ်တာ ဘာမှမရှိဘူး။ ဒီရက်တွေမှာ သူ အားလပ်နေသရွေ့တော့ သူ သူမအနားကို ချဥ်းကပ်ပြီး စိတ်ခံစားချက်တွေကို ရှာဖွေနေလိမ့်မယ်။


လင်းချင်းဟယ်က လောင်စန်းနှင့်အတူ နှင်းလူရုပ်ကို ဆက်လက် ဖန်တီးနေသည်။ အမေနဲ့ သားဟာ ဆော့ကစားရင်း ပျော်ရွှင်နေကြသည်။ လောင်တနဲ့ လောင်အာ့တို့ကလည်း နောက်ထပ် နာရီဝက်အကြာမှာ ပြန်ရောက်လာခဲ့ကြသည်။ သားအမိနှစ်ယောက် ပြုလုပ်ဖန်တီးထားတဲ့ နှင်းလူရုပ်ကြီးက ပြီးဆုံးလုနီးပါးဖြစ်နေပြီ။


“မင်းတို့နှစ်ယောက် ဒါကို လာပြီး ကြည့်ပေးကြဦး။ ငါတို့လုပ်ထားတဲ့ နှင်းလူသားကို ဘယ်လို ထင်ကြလဲ။” လင်းချင်းဟယ်က သူတို့နှစ်ယောက်ကို ဆီးကြိုမေးသည်။


မနက်ခင်းက ဖြစ်ပျက်ခဲ့တာတွေကို သူ့အမေက အမှတ်မထားတာကို လောင်တ မြင်လိုက်ရတော့ ဝမ်းသာအားရနဲ့ အနားကပ်လာခဲ့သည်။


ဒီမြင်ကွင်းကို ကြည့်ပြီး လောင်အာ့က ဆိုသည်။ “အမေ ဘာလို့ သားကို လှမ်းမခေါ်ရတာလဲ။”


 “နှင်းလူသားမှာ နှာခေါင်းနဲ့ မျက်လုံး မရှိသေးဘူး။ နှာခေါင်းနဲ့ မျက်လုံးတွေကို ဘာနဲ့လုပ်သင့်လဲဆိုတာကို သားတို့ စဥ်းစားကြည့်။ အဲ့ဒီအပိုင်းကို သားလက်ထဲ အပ်ထားလိုက်မယ်။” လင်းချင်းဟယ်က ပြောသည်။


“အစ်ကိုကြီး အိမ်ထဲကို မြန်မြန်သွားပြီး သစ်ကြားသီးတွေ ယူခဲ့။ အဲ့တာတွေကို နှင်းလူသားရဲ့ မျက်လုံးတွေအဖြစ် လုပ်နိုင်တယ်။” လောင်အာ့က ချက်ချင်း တုံ့ပြန်လိုက်သည်။


လောင်တက အထဲသို့ ပြေးသွားသည်။ သူလည်း မီးဖိုချောင်ထဲက ထင်းနှစ်ချောင်းကိုယူပြီး နှင်းလူသားရဲ့ တစ်ဖက်တစ်ချက်စီမှာ လက်အဖြစ် တပ်လိုက်သည်။ ထို့နောက် သူက သစ်ကြားသီးတွေကို ထိုးထည့်လိုက်သည်။ ဤသို့ဖြင့် နှင်းလူသားအရုပ်ဟာ တော်တော်လေးကို ပြည့်စုံသွားခဲ့သည်။


“တော်လိုက်တာ။ မင်းရဲ့ ဥာဏ်ရည်ဥာဏ်သွေးက အရမ်းကောင်းတာပဲ။” လင်းချင်းဟယ်က အားပေးပြောဆိုသည်။


လောင်တက သူမကို စိုက်ကြည့်နေပြီး ဘာမှတော့ ပြန်မပြောပါ။


“အနာဂတ်မှာ အရည်အချင်းများစွာကို လေ့လာသင်ယူဖို့ ကြိုးစားအားထုတ်ရမယ်။ အမေက မင်းအပေါ်မှာပဲ မှီခိုရမှာ။” လင်းချင်းဟယ်က ပြောသည်။


“ဒီက ကျွန်တော်တို့ရဲ့ ဓလေ့ထုံးစံအရ မိဘတွေက သားအကြီးဆုံးနဲ့ အတူနေထိုင်ရတာ။” လောင်တက ထုတ်ဖော်ပြောသည်။


လင်းချင်းဟယ်က စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ “ဒါဆို အနာဂတ်မှာ ငါနဲ့ မင်းတို့အဖေအပေါ် သားသမီး ဝတ္တရား မကျေပွန်ဘူးလို့ မင်း ပြောချင်နေတာလား။”

 

“အဲ့လိုမျိုးတော့ မလုပ်ပါဘူး။ အမေနဲ့ အဖေ အသက်ကြီးလာတဲ့အခါကျရင် အမေ့ကို နေ့တိုင်း ပေါက်စီနဲ့ ဖက်ထုပ်တွေ စားခွင့်ပြုမယ်။” လောင်တက အလေးအနက်ဆိုသည်။


လင်းချင်းဟယ်က အမှတ်ရသွားသည်။ ဒီနေရာမှ ဓလေ့ထုံးစံသည် မိဘတွေက သူတို့ရဲ့ သားအငယ်ဆုံးနှင့် အတူနေထိုင်ကြသည်။ ပြောရမယ်ဆိုရင် အဖေကျိုးနဲ့ အမေကျိုးတို့က အနာဂတ်တွင် သူတို့မိသားစုနှင့်အတူ နေထိုင်ကြရလိမ့်မယ်။


ယခုအချိန်မှာတော့ အဖေကျိုးနဲ့ အမေကျိုးတို့က ငယ်ရွယ်သေးသောကြောင့် ပြုစုစောင့်ရှောက်ပေးဖို့ မလိုအပ်သေးပါ။


အနာဂတ်မှာ သူတို့ အသက်ကြီးလာတဲ့အခါကျရင် ပြုစုစောင့်ရှောက်ဖို့နဲ့ ပတ်သက်ပြီး ပြောဖို့က စောပါသေးသည်။

 

သူမ ဒီလိုတွေးသော်လည်း လင်းချင်းဟယ်သည် သူတို့နှစ်ယောက်စလုံး သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မျှော်လင့်မိသည်။ ဒီလိုမှမဟုတ်ရင် အနာဂတ်မှာ သူမနဲ့အတူ နေထိုင်ပြီး သူတို့ရဲ့ကျန်းမာရေး ဆိုးရွားနေခဲ့ရင် ဒီဝန်ထုပ်ဝန်ပိုးတွေက သူမပုခုံးပေါ် ကျရောက်လာပေလိမ့်မည်။


ဒါနဲ့ သူမဟာ ညီအစ်ကိုသုံးယောက်ကို အပြင်မှာပဲ ကစားခိုင်းသည်။ သူမကတော့ အိမ်ထဲကို ပြန်ဝင်သွားပြီး ဂျင်း၊ တရုတ်ဆီးသီးနဲ့ သကြားညိုတို့ဖြင့် စွပ်ပြုတ် ချက်ပြုတ်လိုက်သည်။ ကျိုးချင်းပိုင် ပြန်ပါလာတဲ့ ရေနွေးဓာတ်ဘူးထဲသို့ ထိုစွပ်ပြုတ်များ ထည့်သိုကာ လောင်တအား သူတို့အဖိုးအဖွားတွေဆီ ပို့ခိုင်းလိုက်သည်။

 

ဟုတ်တာပေါ့၊ သူမ ကလေးသုံးယောက်စလုံးကို တစ်ယောက် တစ်ပန်းကန်စီ သောက်ခွင့်ပေးလိုက်သည်။ လင်းချင်းဟယ်သည် သူမကိုယ်တိုင်လည်း တစ်ပန်းကန် သောက်လိုက်သည်။ ဒီလိုအေးတဲ့ရာသီမျိုးမှာ ဒါကို သောက်ရတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါဟာ တကယ့်ကို ခန္ဓာကိုယ်ကို ပူနွေးစေတယ်။


လင်းချင်းဟယ်က ပဲပေါက်စီပြုလုပ်ဖို့ ပြင်ဆင်သည်။ ဒီပဲပေါက်စီကို ပြုလုပ်ရတာ လက်ဝင်ပေမယ့် အခု လင်းချင်းဟယ်မှာ အားလပ်ချိန်တွေ များနေခဲ့သည်။


သိုးမွှေးဘောင်းဘီထိုးတာ မပြီးသေးပေမယ့် ကလေးတွေအတွက် အစားအသောက်တွေ ထပ်လုပ်ပေးတာက ဒီကိစ္စအပေါ် ထိခိုက်ခြင်းမရှိဘူး။


သူမ အိမ်မှာ အလုပ်ရှုပ်နေချိန်တွင် ညီအစ်ကိုသုံးယောက်က သူတို့ အဖိုးအဖွားအိမ်ကနေ ပြန်လာသည်။ သူတို့က ကူညီပေးဖို့ စုပြုံလာကြသည်။ လင်းချင်းဟယ်သည် သူတို့ကို မောင်းထုတ်လိုက်သည်။ အကယ်၍ တတ်နိုင်မယ်ဆိုရင် သူတို့ကို ကူညီပေးဖို့ ညွှန်ကြားပေးတယ်။ ခက်တာက ဒါက လက်ဝင်ပြီး ကျွမ်းကျင်မှု လိုအပ်သည်။


ကျိုးအိမ်တော်ဟောင်းတွင် အဖေကျိုးသည် ဂျင်း၊ တရုတ်ဆီးသီးနှင့် သကြားညို စွပ်ပြုတ်ကို သောက်နေသည်။ ပြောရရင် ဒါက တော်တော်‌လေးကို အရသာရှိပါတယ်။


ဒီခေတ်က လူတွေအကြိုက်ဟာ နှစ်မျိုးရှိသည်။ တစ်ခုက အဆီများတာကို ကြိုက်နှစ်သက်ပြီး နောက်တစ်ခုကတော့ အချိုကို ကြိုက်နှစ်သက်တာပါပဲ။


ရေနွေးဓာတ်ဘူးထဲမှာ ထည့်ထားတာက ပန်းကန်နှစ်လုံးစာလောက် ရှိသည်။ အဖေကျိုးသည် ဒါကို ပန်းကန်ထဲ လောင်းထည့်ပြီးနောက် သူ့ကိုယ်ပိုင်ဝေစုကို သောက်လိုက်သည်။ ပြီးတော့ ကျန်တစ်ဝက်ကို သူ့မိန်းမအတွက် ထည့်ပေးလိုက်သည်။


“ဒါကို ပူနေတုန်း လာသောက်လိုက်။ မင်းက အဲ့မှာထိုင်ပြီး ဘာလုပ်နေတာလဲ။” အဖေကျိုးက သူ့မိန်းမကို လှမ်းမေးလိုက်သည်။


“ကျွန်မ ဒါကို လုံးဝ မမျှော်လင့်ထားဘူး။ ကျွန်မတို့နှစ်ယောက်စလုံး စတုတ္ထရဲ့ ဇနီးသည် ပြုစုစောင့်ရှောက်တာကို ပိုင်ဆိုင်နေရတုန်းပဲ။’ အမေကျိုးက စိတ်လှုပ်ရှားစွာဆိုသည်။


“စတုတ္ထရဲ့ ဇနီးသည်က အေးအေးဆေးဆေး နေထိုင်လိုစိတ် ရှိတာနဲ့တင် လုံလောက်ပါတယ်။ တခြားအရာတွေအတွက် စိတ်ထဲမထားနဲ့။” အဖေကျိုးက ဆိုသည်။


အကယ်၍ သူမက သိတတ်ပြီး တစ်ခုခု ယူလာကျွေးမွေးရင် စားလိုက်ပါ။ အကယ်၍ သူမက မသိတတ်ဘူးဆိုရင်လည်း ဟိုပြော ဒီပြော မတောင်းဆိုနဲ့။ ဒီလိုပဲ အဖေကျိုး မှတ်ယူထားသည်။