အခန်း(၄၉) - ဖီးနစ်ငှက် အမှတ်တံဆိပ် စက်ဘီး
အစကတော့ အမေကျိုးသည် အနည်းငယ် စိတ်ပူနေသေးသည်။ ဒါပေမယ့် ရက်တွေကြာလာတဲ့အခါ သူမနှလုံးသားက တည်ငြိမ်လာသည်။ ကြည့်ရတာ စတုတ္ထရဲ့ဇနီးက စတုတ္ထရဲ့ အငြိမ်းစားအနားယူခြင်းကို လက်ခံသွားနိုင်ပုံရတယ်။
ထို့ကြောင့် သူမသည် အဖေကျိုး ပြောတာ နားထောင်ပြီး အလွန်အကျွံ မလွှမ်းမိုးရန် ဆုံးဖြတ်လိုက်သည်။
ချိုမြိန်ပြီး အာဟာရဖြစ်စေသော ဂျင်း၊ တရုတ်ဆီးသီးသီးနှင့် သကြားညို စွပ်ပြုတ်ကို သောက်ပြီးနောက် အမေကျိုးသည် ပန်းကန်လုံးများနှင့် ရေနွေးဓာတ်ဘူးကို ဆေးကြောကာ ရေနွေးဓာတ်ဘူးကို ပြန်ပို့ပေးခဲ့သည်။
အမေနှင့် သားတို့က ပဲပေါက်စီ လုပ်နေကြသည်ကို သူမ တွေ့ရှိခဲ့သည်။
အမေကျိုးက မေးသည်။ “ စတုတ္ထက ဘယ်မှာလဲ “
“ သူ ခရိုင်မြို့ကို သွားတယ် “ လင်းချင်းဟယ်က ပြန်ဖြေသည်။
“ ဘာလို့ ခရိုင်မြို့ကို သွားတာလဲ “ အမေကျိုးက အံ့အားသင့်သွားသည်။
“ သူ့ကို ပိတ်စတစ်ချို့ ဝယ်ခိုင်းလိုက်တာ။ သူ့မှာ အဝတ်အစား အများကြီး မရှိဘူး။ နောက်ပိုင်းကျရင် အိမ်က အပ်ချုပ်စက်ကို ကျွန်မ ငှားပြီး သူ့အတွက် နှစ်စုံ ချုပ်ပေးရမယ် “ လင်းချင်းဟယ်က တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေသည်။
ထိုအကြောင်းကြားတော့ အမေကျိုးက ဘာမှမပြောတော့ဘူး။
“ ရှောင်ကူးက ဘယ်အချိန် အားလပ်ရက်ရပြီး ပြန်လာမှာလဲ “ လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး မေးသည်။
မူလပိုင်ရှင်က ရွာမှာ သူငယ်ချင်း မရှိဘူးလို့ ပြောလို့မရဘူး။ သူမသည် ကျိုးချင်းပိုင်၏ညီမဖြစ်သူ ကျိုးရှောင်မိန်နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သူတို့နှစ်ယောက်မှာ တူညီသော စရိုက်များ ရှိကြသည်။ အထူးသဖြင့် သူတို့သည် မာနကြီး အထက်စီးဆန်ပြီး ဝင့်ဝါခြင်းကို နှစ်သက်ကြသည်။
ကွာခြားချက်မှာ မူလပိုင်ရှင်သည် ခင်ပွန်းဖြစ်သူ ကျိုးချင်းပိုင်ကို မှီခိုအားထားနေရပြီး ကျိုးရှောင်မိန်ကတော့ သူမကိုယ် သူမ အားကိုးသည်။ အထူးသဖြင့် သင့်တင့်လျောက်ပတ်သော ခရိုင်မြို့ စားသောက်ကုန် စက်ရုံတွင် သူမသည် အလုပ်သမား တစ်ဦး ဖြစ်သည်။
ဒါပေမယ့် သူမ၏ပင်ကိုစရိုက်က အလိုလိုက်ခံထားရသောကြောင့် ဆိုးသွမ်းနေပြီး မူလပိုင်ရှင်နဲ့ လိုက်ဖက်လွန်းပါသည်။
ဘာကြောင့်လဲ??? မူလပိုင်ရှင်က တော်တော်လှသည်။ သူမရဲ့အပြောအဆိုက ပိုသာလွန် ကောင်းမွန်ပြီး မြို့သူမြို့သားတို့၏ ဟန်ပန်အမူအယာ ပေါ်လွင်နေသည်။ ကျိုးရှောင်မိန်ရဲ့ စကားအရဆိုရင် တစ်မိသားစုလုံးမှာ ပွဲထုတ်ပြထိုက်သူက စတုတ္ထယောင်းမ တစ်ယောက်တည်းသာ ဖြစ်နိုင်သည်။
ကျန်တဲ့သုံးယောက်က အဆင်မပြေဘူး။
အရေးအကြီးဆုံးကတော့ ကျိုးရှောင်မိန် ဒီအလုပ်ကို လျှောက်ဖို့သွားတဲ့အချိန်တုန်းက မူလပိုင်ရှင်သည် စည်သွပ်ဘူး နှစ်ဘူးကို တိတ်တဆိတ် ဝယ်ပေးခဲ့သည်။ ဒါတွေကို မန်နေဂျာအား လျှို့ဝှက်စွာ ပေးလိုက်ရန် သူမက သူမ(ကျိုးရှောင်မိန်)အား ပြောခဲ့သည်။
ထို့ကြောင့် သူမသည် အလုပ်ရခဲ့ပြီး မူလပိုင်ရှင်နှင့် ကျိုးရှောင်မိန်၏ ဆက်ဆံရေးကို ပိုပြီး နက်ရှိုင်းလာစေသည်။ မူလပိုင်ရှင်ကဲ့သို့သော အချောအလှလေးက သူမ၏ စတုတ္ထအစ်ကိုအတွက် မုဆိုးမကဲ့သို့ အိမ်တွင် နေရစ်နေရသည်ဟု သူမသည် မူလပိုင်ရှင်အတွက် မကြာခဏ ရပ်တည်ပေးသည်။ သူမ၏ စတုတ္ထအစ်ကိုဖြစ်သူသည် တစ်သက်တာ ကံကောင်းခြင်း ရှစ်ပါးကို စုဆောင်းရရှိထားတာပဲ ဖြစ်ရမယ်။
ထိုအကြောင်းကြားတော့ အမေကျိုးသည် သူမ၏ လက်ပါးစေ ခြေထောက်များကို ရိုက်ချိုးလုနီးပါး ဖြစ်သွားသည်။
ဒါပေမယ့် ထိုစကားများသည် မူလပိုင်ရှင်၏ စိတ်နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့သည် သမီးယောင်းမနှစ်ယောက်သည်။ အသိုက်ထဲမှ လင်းမြွေနှစ်ကောင်လိုပါပဲ။ သူတို့၏ဆက်ဆံရေးသည် နီးနီးကပ်ကပ်နှင့် အလွန်စည်းလုံးသည်။
ကျိုးရှောင်မိန်သည် အမေကျိုး၏ အငယ်ဆုံးသမီး ဖြစ်သော်လည်း သူမ၏ အဆင့်အတန်းသည် ကျိုးချင်းပိုင်ထက် များစွာ နိမ့်ကျသည်။ အခြေခံအားဖြင့်တော့ ဒီအကြောင်းကို သံသယဖြစ်စရာ မရှိပါဘူး။
ထို့အပြင် သူမသည် မိသားစုတွင် တစ်ဦးတည်းသော မိန်းကလေး မဟုတ်ပေ။ အစ်ကိုအကြီးဆုံးဖြစ်သော ကျိုးချင်းမူ မတိုင်ခင်မှာ အစ်မနှစ်ယောက် ရှိသည်။ ဆိုလိုသည်မှာ အဖေကျိုးနှင့် အမေကျိုးတွင် စုစုပေါင်း သား လေးယောက်နှင့် သမီး သုံးယောက် ရှိသည်။ သမီးပဲဖြစ်ဖြစ် သားပဲဖြစ်ဖြစ် ရှားရှားပါးပါးတော့ မဟုတ်ပါဘူး။
အချစ်ဆုံးမှာ အငယ်ဆုံးသား ကျိုးချင်းပိုင် ဖြစ်ပြီး အထူးချွန်ဆုံးလည်း ဖြစ်သည်။ ကျန်တဲ့သူတွေကတော့ ဘေးမှာပဲ ချောင်ထိုးထားနိုင်သည်။
အမေကျိုးက ပြန်ဖြေသည်။ “ ပြီးခဲ့တဲ့ တစ်ခေါက်က စကားပါးပေးဖို့ တစ်ယောက်ယောက်ကို ပြောခဲ့တယ်။ နောက်လထဲ ပြန်လာမယ်လို့ ပြောတယ်။ ဘယ်တော့မှ လက်ထပ်ဖို့ အစီအစဉ် ရှိမှာလဲ မသိဘူး။ မြန်မြန်လုပ်ရင် မြန်မြန် အိမ်ထောင်ပြုနိုင်လေပဲ “
အမှန်အတိုင်းပြောရရင် သူမသည် ဒီသမီးအငယ်ဆုံးကြောင့် နည်းနည်း စိတ်တိုရသည်။ သူမ၏ လစဉ်လစာသည် ၁၆ ယွမ် ဖြစ်သော်လည်း သူမသည် အိမ်သို့ သုံးယွမ်သာ ပို့ပေးနိုင်ခဲ့သည်။ ကျန်တဲ့ ၁၃ ယွမ်ကို သူမ ဖြုန်းတီးပစ်လိုက်သည်။
ပြီးတော့ ပြန်လာတိုင်းလည်း စတုတ္ထအစ်ကိုက စတုတ္ထယောင်းမကို မတရားနှိပ်စက်တဲ့အကြောင်း ပြေးလာပြီး ပါးစပ်ဖွာသေးသည်။ ပြဿနာကို မွှေနှောက်ရှာတဲ့ ပုဂ္ဂိုလ်ဆိုတာ ရှင်းပါတယ်။ သူမကို စိတ်မရှည်နိုင်တော့ဘူး၊ စိတ်ကုန်နေပြီ။
“ အချိန်နီးနေပြီလို့ ကျွန်မလည်း ထင်တယ်။ ဒီနှစ်ဆို ရှောင်ကူးက နှစ်ဆယ့်နှစ် နှစ် ရှိပြီ “ လင်းချင်းဟယ်က ပြောသည်။
“ နှစ်သစ်ကူးပြီးရင် နှစ်ဆယ့်သုံးနှစ် ဖြစ်ပြီ။ သူမက မငယ်တော့ဘူး “ အမေကျိုးက ဆိုသည်။
“ အမေက သူမအတွက် ဂရုတစိုက် ရှာကြည့်ပြီးပြီလား “ လင်းချင်းဟယ်က လက်ကို လှုပ်ရှားရင်း မေးလိုက်သည်။
“ သူမက ကျေးလက်တောသားလေးကို ဘယ်လိုလုပ် ကြိုက်နှစ်သက်မှာလဲ။ နေ့တိုင်း စီးပွားဖြစ်ဆန်စပါးတွေကို စားမယ့်အကြောင်းပဲ တွေးနေတာ “ အမေကျိုးက ညည်းတွားသည်။
“ ဒီလို စိတ်နေစိတ်ထားမျိုးနဲ့ ရှောင်ကူးက ရည်မှန်းချက်ကြီးတာပဲ “ လင်းချင်းဟယ်က ပြောသည်။
အမေကျိုးက တွေးလိုက်သည် “ ဘယ်ရည်မှန်းချက်ကို အကောင်အထည်ဖော်မှာလဲ။ မြို့သားနဲ့ လက်ထပ်ဖို့က လွယ်ကူပါ့မလား “
သူမ၏သမီးက အလုပ် တကယ် ရှိပြီး မြို့ထဲမှာ သင့်တင့်လျောက်ပတ်စွာ နေနိုင်တယ်ဆိုရင်တောင်မှ သူမသမီးသည် မြို့ထဲကလူနဲ့ လက်ထပ်နိုင်မယ်လို့ အမေကျိုးက မထင်ပါဘူး။
လင်းချင်းဟယ်သည် ထိုအကြောင်းကို သူမနှင့် ထပ်မံ ဆွေးနွေးခြင်း မပြုတော့ပေ။ ထိုအချိန်တွင် ချန်တန့်နျန်းသည် ပြန်ရောက်လာပြီး တံခါးကို ခေါက်လိုက်သည်။
“ ချန်တန့်နျန်း ငါတို့အိမ်ထဲမှာ ရှိတယ်။ ဝင်လာခဲ့ “ လင်းချင်းဟယ်က အော်ပြောလိုက်သည်။
ချန်တန့်နျန်းက ဝင်လာသည်။ သူမသည် အမေကျိုးကို တွေ့တော့ အပြုံးလေးနဲ့ နှုတ်ဆက်သည်။ အမေကျိုးက ယဉ်ကျေးစွာ ပြန်နှုတ်ဆက်လိုက်သည်။
“ မင်း ပြောတာ မှန်တယ် ချင်းဟယ်ရေ…။ ရောင်းလိုအားနဲ့ ဝယ်လိုအား သမဝါယမအဖွဲ့မှာ သကြားညို မရှိေတာ့ဘူး။ ဒုတိယသားက ငတုံးပဲ။ သူ ပြင်ဆင်မှုတွေ မလုပ်ထားဘူး။ မင်းမှာ ဘယ်လောက်ရှိလဲ တန့်နျန်းကို တစ်ချို့ ခွဲဝေလို့ရနိုင်လား။ တန့်နျန်းက အဲဒီအတွက် ပိုက်ဆံပေးမယ် “ ချန်တန့်နျန်းက ပြောသည်။
“ ကောင်းပြီ သမဝါယမရဲ့ ဈေးနှုန်းအတိုင်းပဲ ပေးပါ။ ချန်တန့်နျန်း ဘယ်လောက် လိုချင်လဲ “ လင်းချင်းဟယ်က အတည်ပြုမေးသည်။
“ နှစ်ကျင်းလောက် ရှိလား “ ချန်တန့်နျန်းက မေးသည်။
“ ရှိတယ် “ လင်းချင်းဟယ်သည် အထဲဝင်သွားပြီး သကြားညို နှစ်ကျင်း ထုတ်ယူကာ ချန်တန့်နျန်း ယူလာတဲ့ ပုလင်းထဲ ထည့်ပေးလိုက်သည်။
သကြားညို၏ အရည်အသွေးသည် ချန်တန့်နျန်းအတွက် စိတ်ကျေနပ်စရာ ဖြစ်သည်။ လင်းချင်းဟယ်က ပြောသည် “ ဒါက ချန်တန့်နျန်း ဖြစ်နေလို့သာ ပေးတာနော်။ တခြားသူဆိုရင် ကျွန်မ သေချာပေါက် ပေးမှာ မဟုတ်ဘူး။ ဒါက ပြီးခဲ့တဲ့အခေါက် ခရိုင်မြို့ကို ခရီးရှည်သွားတုန်းက ကျွန်မ ဝယ်ပြန်လာခဲ့တာ “
ချန်တန့်နျန်းသည် အားပါးတရ ပြုံးပြပြီး အနာဂါတ်မှာ အကူအညီ လိုအပ်ရင် မေးမြန်းရန်နှင့် ရှက်နေစရာမလိုကြောင်း ပြောခဲ့သည်။ ပြီးနောက် သူမသည် အလျင်စလို ပြန်သွားခဲ့သည်။
အမေကျိုးသည် မှတ်ချက် မပေးခဲ့ပါဘူး။ စတုတ္ထရဲ့ ဇနီးသည် ယခုအချိန်တွင် ကောင်းကောင်းမွန်မွန် နေထိုင်လိုသည်ဟု သူမ တွေးနေမိသည်။ အကူအညီပေးရန်တို့ကိုပင် သူမ သိနေသည်။
သကြားညိုကို ပိုက်ဆံနဲ့ လဲလှယ်တာက ပုံမှန်ပါပဲ။ အရေးပေါ်ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် စေတနာအလျောက် လဲလှယ်ပေးခြင်းအတွက် ၎င်းကို နှစ်သက်ဖွယ် အကူအညီအဖြစ် မှတ်ယူနိုင်သည်။
“ တတိယမရီးက မွေးဖွားချိန် နီးနေပြီ မဟုတ်လား “ လင်းချင်းဟယ်က ထုတ်ဖော်ပြောသည်။
“ နောက်လထဲမှာ “ အမေကျိုးက ခေါင်းညိတ်သည်။
လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ ကျိုးချင်းပိုင်သည် မနက်ခင်းတွင် ခရိုင်မြို့သို့ သွားခဲ့သည်။ စက်ဘီးကြောင့် အသွားအပြန်ခရီးက မြန်သည်။ ဆယ့်တစ်နာရီမှာ အိမ်ပြန်ရောက်လာသည်။
သူသည် အကြမ်းထည် ပိတ်စတစ်လိပ်ကို ဝယ်ပြန်လာသည်။ ဒီပိတ်စသည် ကူပွန်လက်မှတ် မလိုအပ်ပေ။ အများအားဖြင့် ၎င်းကို ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအဖွဲ့တွင် မရရှိနိုင်ပါ။ မှောင်ခိုဈေးကို သွားရုံနဲ့ ရနိုင်ပြီး ဈေးနှုန်းက နည်းနည်း ပိုဈေးကြီးသည်။
သမဝါယမအဖွဲ့မှ ဝယ်ယူရင်တော့ များစွာ ဈေးသက်သာနိုင်သည်။
ပိတ်စ တစ်လိပ်၊ ဇီးချိုသီး၊ ဂျင်း၊ ပုဇွန်ဆိတ်၊ ပင်လယ်ရေညှိ စသည့်တို့ ဖြစ်သည်။ အဲဒါတွေအပြင် ဆန် ကျင်းများစွာလည်း ပါသေးသည်။ ပိုအရေးကြီးတာက သူသည် သိုးသားတစ်ကျင်းကို ဝယ်ယူလာခဲ့သည်။
ခြုံပြီးပြောရရင် ဒီတစ်ခေါက်မှာ ကုန်ပစ္စည်းတွေ အများကြီး ဝယ်ပြန်လာသည်။
ဒါပေမယ့် ဒီအရာတွေထဲမှာ အရေးအကြီးဆုံးကတော့ ကျိုးချင်းပိုင်၏ စက်ဘီးပါပဲ။
ဒီနေ့ ခရိုင်မြို့ကို သူ တစ်ယောက်တည်း သွားခဲ့တာ မဟုတ်ဘူး။ သူသည် ခေါင်းဆောင်၏ အကြီးဆုံးသားနှင့်အတူ သွားခဲ့သည်။ ထိုသူကလည်း ပစ္စည်းများ ဝယ်ယူရန် ခရိုင်မြို့သို့ သွားဖို့ လိုအပ်နေသည်။ ဒါနဲ့ အတူတူသွားခဲ့ကြသည်။
ဒီတစ်ခါတော့ ကျိုးချင်းပိုင်က သူ့ကိုယ်ပိုင်စက်ဘီးကို ပြန်စီးလာခဲ့သည်။ အသစ်စက်စက် ဖီးနစ်ငှက် အမှတ်တံဆိပ် စက်ဘီးပင်။ လင်းချင်းဟယ်က သူ့ကို ယွမ် ၃၀၀ ပေးခဲ့သည်။ စက်ဘီးသည် ယွမ် ၂၅၀ ဝန်းကျင် နှင့် စက်မှုကူပွန်လက်မှတ် ၃၂ ခု ကုန်ကျသည်။ ဒါက အရမ်းဈေးကြီးတာပဲ။
သို့သော်လည်း လင်းချင်းဟယ်သည် စိတ်ပူပန်မှု လုံးဝ မရှိခဲ့ပေ။ သူမသည် ကျိုးချင်းပိုင်ကို စိတ်အားထက်သန်စွာဖြင့် မေးမြန်းသည်။ “ ဘယ်လိုလုပ်ပြီး အခု ရလာတာလဲ။ နောက်နှစ်မှ ရနိုင်မယ်လို့ ကျွန်မက ထင်ထားခဲ့တာ “
“ ကိုယ့်မှာ အထူးခွင့်ပြုချက် ရှိတယ် “ ကျိုးချင်းပိုင်က ပြောသည်။
လင်းချင်းဟယ်က နားလည်လိုက်သည်။ သူ့မှာ သူ့အဆက်အသွယ်နဲ့ သူ ရှိတယ်။ သူ့အမူအယာက အေးစက်နေတာကို သူမ တွေ့သော်လည်း သူ့မျက်လုံးထဲမှာတော့ ‘ ကိုယ့်ကို ချီးမွှမ်းပါ ‘ ဆိုတဲ့ အရိပ်အမြွက်လေး ပေါ်နေသည်။
လင်းချင်းဟယ်သည် သူ့ကို ဘာမှမပြောဘဲ “ တစ်ကိုယ်လုံး အေးစက်နေမယ်။ မြန်မြန် အထဲဝင်လာပြီး ရှင့်မျက်နှာကို ရေနွေးနဲ့ သစ်လိုက်။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ် နည်းနည်းလိမ်းလိုက်ဦး “
“ ကိုယ့်ကို ကူညီပေး “ ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေသည်။
“ ကောင်းပြီလေ “ လာမယ့်နှစ်တွင် သူမ၏ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို စတင်ရန်အတွက် လင်းချင်းဟယ်က သူ့ကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။
သူ့မျက်နှာကို သစ်ရန် သူ့အတွက် ရေနွေးကို ထည့်ပေးပြီးနောက် အစိုထိန်းခရင်မ်ကို လိမ်းပေးသည်။
ပြောရမယ်ဆိုရင် သူ့ကို ခရင်မ် လိမ်းပေးသောအခါ သူမကို စူးစူးစိုက်စိုက် ကြည့်နေသည့် သူရဲ့ ပြင်းထန်တဲ့ အကြည့်က သူမကို နှလုံးခုန်မြန်စေသည်။