အခန်း(၅၁) - စိတ်ရှုပ်ဖွယ်ရာ အပြုအမူ
ရွာထဲမှာ စုစုပေါင်း စက်ဘီး နှစ်စီး ရှိသည်။ တစ်စီးက ခေါင်းဆောင်မိသားစုပိုင် ဖြစ်ပြီး နောက်တစ်စီးက လင်းချင်းဟယ်မိသားစုပိုင် ဖြစ်သည်။
ထိုစက်ဘီးကို ပိုင်ဆိုင်ထားခြင်းအတွက် လင်းချင်းဟယ်၏ မိသားစုကို မည်မျှ လေးစားနေကြကြောင်း စိတ်ကူးယဉ်ကြည့်နိုင်သည်။
ဒုတိယမရီးသည် အလွန်အမင်း စိတ်မချမ်းသာ ဖြစ်ပြီး အလွန် မကျေမနပ်လည်း ဖြစ်နေသည်။
သူမသည် ဟာသပြက်လုံးကို မြင်ချင်သော်လည်း ထိုအစား တခြားသူက ထုတ်ဖော် ကြွားဝါလာခဲ့သည်။ အဲဒါက သူမရဲ့စိတ်ဓာတ်အား တကယ့်ကို ဖြိုခွဲပစ်လိုက်သလိုပါပဲ။
နေ့လည်စာ ချက်နေချိန်တွင် ဒုတိယမရီးဖြစ်သူသည် သူမပိုက်ဆံကို တစ်ယောက်ယောက်က အကြွေးယူထားသလို ဖြစ်ပျက်နေသည်။
အကြီးဆုံးမရီးနှင့် တတိယမရီးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘာဖြစ်နေတယ်ဆိုတာ သူတို့ သိကြသည်။
ထမင်းစားပြီးတော့ သူတို့သည် သူတို့အခန်းဆီ ပြန်သွားကြသည်။ ကျိုးမိသားစု၏ ကောင်းတဲ့အချက်က အတူတကွ ပြွတ်သိပ်ကျပ်ညက်စွာ နေထိုင်ရမည့်အစား မိသားစုတိုင်းတွင် ကိုယ်ပိုင်အခန်း ရှိကြခြင်း ဖြစ်သည်။
ဒုတိယမရီး၏ အတွေးအမြင်နဲ့ ပတ်သက်၍ အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည် ထိုအကြောင်းအရာကို ရှင်းရှင်းလင်းလင်း သိနေသည်။ အဆုံးမှာတော့ သူတို့တွေက နှစ်ပေါင်းများစွာ ကြာအောင် ယောင်းမတွေ ဖြစ်ခဲ့ကြပြီး ဘယ်တစ်ယောက်က ဘယ်လိုဆိုတာ သူတို့ သိကြသည်။
သူမက မနာလိုဖြစ်နေခဲ့တာ။
ဒုတိယအစ်ကိုကလည်း သတိထားမိလိုက်သည်။ သူသည် အခန်းသို့ ပြန်ရောက်တော့ သူမကို ချော့မော့သည်။ “ မင်း ဘာတွေဖြစ်နေတာလဲ။ စတုတ္ထက စက်ဘီး ဝယ်ဖို့ မင်းပိုက်ဆံကို မသုံးစွဲခဲ့ဘူးလေ။ ဒီအကြည့်နဲ့ ဘယ်သူ့ကို ကြည့်နေတာလဲ “
“ ဘာလဲ… ဒီအိမ်မှာ ကျွန်မက ဒေါသထွက်လို့ မရဘူးလား “ ဒေါသမီးကို ရှို့လိုက်သလို ဒုတိယမရီးသည် ချက်ချင်းပင် ပေါက်ကွဲတော့သည်။ သူမက ဒေါသတကြီးဖြင့် အော်တော့သည်။
“ တိတ်တိတ်နေ “ ဒုတိယအစ်ကိုက ချက်ချင်း ပြောသည်။
“ ဘာလို့ ကျွန်မက တိတ်တိတ်လေး နေရမှာလဲ။ ဘာမှ မပြောရတော့ဘူးလား။ စကားမပြောရဘူးပေါ့ ဟုတ်လား “ ဒုတိယမရီးက အော်သည်။
လင်မယားနှစ်ယောက်သည် အကြောင်းပြချက် မရှိဘဲ စကားများရန်ဖြစ်ကြပြီး ဒုတိယမရီးသည် ဒေါသတကြီးဖြင့် သူမပစ္စည်းများကို ထုတ်ပိုးကာ သူမရဲ့မိဘအိမ်သို့ ဝုန်းဒိုင်းကြဲ ပြန်သွားသည်။
အဖေကျိုးနှင့် အမေကျိုးက ဘာမှ မပြောဘူး။ သူတို့ မသိသလို ပြုမူနေလိုက်သည်။
ဒုတိယအစ်ကိုဖြစ်သူက သူမကို ပြန်မခေါ်ဘဲ သူမ၏မိဘအိမ်တွင် နေထိုင်ခွင့်ပေးခဲ့သည်။ သူမကို အခု ပြန်ခေါ်လာရင် သူမ၏ဒေါသမီးက သေချာပေါက် ပိုပေါက်ကွဲမှာ။
လင်းချင်းဟယ်သည် အပ်ချုပ်စက် ငှားရန် လာသောအခါတွင် ဒုတိယမရီးဖြစ်သူက သူမ၏မိဘအိမ်သို့ ပြန်သွားကြောင်း သိလိုက်ရသည်။
ပြီးပြည့်စုံသောအချိန်ကိုက်ပဲ။ ကျိုးအိမ်တွင် သူမ မဆက်ဆံလိုသော တစ်ဦးတည်းသောလူမှာ ဤဒုတိယမရီး ဖြစ်သည်။ “ ရေတွင်းရေသည် မြစ်ရေကို မနှောင့်ယှက်နိုင်ပါ “ ဟူသော အချက်ကို အားလုံး လိုက်နာကြပါစို့။ သူတို့တွေ တွေ့ဆုံတိုင်း သူမက ဘာလို့ ဒီလောက် မရှင်းမလင်း စကားတွေ ပြောနေရတာလဲ။ သူမ အိမ်မှာ မရှိတာ အရမ်းကောင်းတယ်။ (T/N: idiom - အခြေခံအားဖြင့် ငါက ငါ့ဘဝနဲ့ငါ ရှင်သန်နေတယ် မင်းက မင်းဘဝနဲ့မင်း နေတယ်။ သူတပါးရဲ့ နယ်မြေကို မကျူးကျော်ပါနဲ့ လို့ ဆိုလိုပါသည် )
သူမသည် ယုန်တံဆိပ် သကြားလုံးတစ်ချို့ကို ယူလာပြီး အကြီးဆုံးမရီး၏ သမီးသုံးယောက်ကို တစ်ခုစီ ပေးလိုက်သည်။ ထို့နောက် လောလောဆယ်တွင် အကြီးဆုံးမရီး၏ တစ်ဦးတည်းသောသားဖြစ်သူအား မျှဝေပေးလိုက်သည်။
“ စတုတ္ထမြောက် အန်တီလေး…… သား နှစ်ခုလိုချင်တယ် “ ကျိုးယန်လေးက ပြောသည်။
“ မရှိတော့ဘူး။ စတုတ္ထအန်တီလေးက လေးခုပဲ ယူခဲ့တာ။ ယန်ယန်နဲ့ သားရဲ့အစ်မတွေက တစ်ယောက်တစ်ခုစီပဲ ရတယ် “ လင်းချင်းဟယ်က ပြောသည်။
ကျိုးသာ့နီက သူမဝေစုကို မောင်လေးကို ပေးချင်နေသည်။ ထိုအခါ လင်းချင်းဟယ်က ဆိုသည် “ သူ့အတွက် သူမှာ ရှိပြီးနေပြီ။ နင်တို့မိန်းကလေးတွေ ကိုယ့်ဘာသာ စားကြရမယ် “
“ နင်တို့ရဲ့ စတုတ္ထအန်တီလေး ပြောတာ နားထောင်ကြ “ အကြီးဆုံးမရီးက ထပ်ဆောင်းပြောသည်။
ကျိုးသာ့နီက သူမဘာသာ စားလိုက်သည်။ ယုန်ဖြူတံဆိပ် သကြားလုံးသည် အလွန်ချိုမြိန်သောကြောင့် လူတိုင်း စိတ်ပျော်ရွှင်နေကြသည်။
လင်းချင်းဟယ်သည် ကျိုးချင်းပိုင်အတွက် အဝတ်အစားများ ချုပ်ပေးရန်အတွက် ပြုလုပ်ပုံ အသေးစိတ်အချက်ကို လမ်းညွှန်ပေးရန် အကြီးဆုံးမရီးကို တောင်းဆိုခဲ့သည်။ သူမ အခု အမှန်တကယ် ပါဝင်ပတ်သက်လာတာကို အကြီးဆုံးမရီးဖြစ်သူက တွေ့မြင်လိုက်ရသည့်အတွက် သဘာဝအတိုင်းပဲ သူမလည်း သူမ(လင်းချင်းဟယ်)နှင့် ပတ်သက်ဆက်နွှယ်ရန် ဆန္ဒရှိနေသည်။ သူမသည် ကြိုးကြိုးစားစားဖြင့် သူမ(လင်းချင်းဟယ်)ကို သင်ပြပေးလိုက်သည်။
မူလပိုင်ရှင်က ဘယ်လိုလုပ်ရမယ်ဆိုတာ သိနေသောကြောင့် လင်းချင်းဟယ်၏ နားလည်နိုင်စွမ်းက မြင့်မားသည်။ သူမသည် ၎င်းကို ထိန်းညှိလိုက်ရုံပါပဲ။ ဒါဆို ကျိုးချင်းပိုင်အတွက် အဝတ်နှစ်စုံ ပြုလုပ်ရန်မှာ မခက်ခဲလှတော့ပေ။
“ အကြီးဆုံးမရီး၏ အသားအရေတွေ ပိုကောင်းလာတာကို ကျွန်မ မြင်ရတယ် “ လင်းချင်းဟယ်သည် လျင်မြန်စွာ တိုးတက်လာပြီး အကြီးဆုံးမရီးနှင့် စကားစမြည် ပြောဆိုခဲ့သည်။
“ ဟုတ်လား။ မကြာသေးမီက ငါ့ခန္ဓာကိုယ်ထဲမှာ ပိုပြီး သက်တော့သက်သာ ဖြစ်လာသလို ငါ ခံစားခဲ့ရတယ်။ ပန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးက နည်းနည်းလေး မဟုတ်ဘူး “ အကြီးဆုံးမရီးက မှတ်ချက်ပေးသည်။
“ အဲဒါက အဆင်မပြေရင် ကျွန်မ အစ်မကို မပြောပါဘူး။ ဟုတ်သားပဲ… အစ်ကိုကြီး နောင်တစ်ချိန်ချိန် ခရိုင်မြို့မှာ တစ်ခုခု လုပ်ဖို့ လိုအပ်ရင် စက်ဘီးလာယူဖို့ အစ်မ သူ့ကို ပြောလို့ရတယ် “ လင်းချင်းဟယ်က ပြောသည်။
“ အဲဒါဆို အရမ်းကောင်းတာပေါ့ “ အကြီးဆုံးမရီးက ပြုံးရင်း ပြောလိုက်သည်။
အဲဒါကို သူတို့တွေ သေချာပေါက် မလိုအပ်ဘဲ မသုံးနိုင်သော်လည်း လင်းချင်းဟယ်က သူမကို ခွင့်ပြုချက် ပေးလိုက်တာက သူမကို သက်တောင့်သက်သာ ဖြစ်စေသည်။
အခု ထိုအကြောင်းနဲ့ ပတ်သက်၍ ဒုတိယခယ်မက ဘာကို ဒေါသထွက်စိတ်ဆိုးသွားမှန်း အကြီးဆုံးမရီးက နားမလည်နိုင်တော့ဘူး။
ဒီစက်ဘီးအတွက် သူမပိုက်ဆံ တပြားတစ်ချပ်ကိုမှ မသုံးစွဲထားဘူး။ သူတို့တွေက စတုတ္ထမတ်၏ အငြိမ်းစားရန်ပုံငွေကို သေချာပေါက် အသုံးပြုခဲ့သည်။ စတုတ္ထမတ်က ဒါကို ဝယ်ပြန်လာတော့ နောင်မှာ မိသားစုက လိုအပ်ရင် သူက ငှားခွင့်ပေးမှာ သေချာတယ်။
ဆိုလိုသည်မှာ မိသားစုသုံးစုလုံးသည် မတ်၏စက်ဘီးကို အခမဲ့ အသုံးပြုနိုင်သည်။ ဒါကို အခွင့်ကောင်းယူခြင်းဟု မှတ်ယူနိုင်သည်။ ဒုတိယခယ်မက ဘာအတွက် စိတ်ဆိုး ဒေါသထွက်သွားရတာလဲ။
“ ဒီအတောအတွင်းမှာ ဝမ်းဗိုက်ထဲ ကြီးထွားဖွံ့ဖြိုးမှုက အထွတ်အထိပ်ရောက်နေပြီ။ အာဟာရ ရှိတဲ့ အစားအစာတွေ များများစားပေး။ ဒါဆို မွေးပြီးရင် ကလေးက အရမ်းတော်လာမှာ “ လင်းချင်းဟယ်က အကြံပေးသည်။
သူမသည် တစ်ခါမှ ကလေးမမွေးဖူးပေမယ့် အရင်ဘဝတုန်းက လုပ်ဖော်ကိုင်ဖက်တွေ ရှိခဲ့သည်။ ကိုယ်ဝန်ဆောင်ခြင်း အတွေ့အကြုံတွေကို နားနှင့်အပြည့် သူမ ကြားခဲ့ရသည်။
အိမ်မှာ လက်ရှိအခြေအနေအရဆိုရင် ရွာထဲရှိ လူတွေထက် ပိုကောင်းသည်။ အနည်းဆုံးတော့ သူတို့ရဲ့ကိုယ်ဝန်ကြောင့် သူမနှင့် တတိယ၏ဇနီးသည် အာဟာရဓာတ် ပြည့်ဝရန်အတွက် ကြက်ဥတစ်လုံးကို နေ့စဉ် ရနိုင်ပါသေးသည်။
ဒုတိယမရီးက ဒီလိုဆက်ဆံမှုမျိုးကို မရရှိခဲ့ဘူး။
သေချာတာပေါ့… ဒုတိယမရီး ကိုယ်ဝန်ရှိစဉ်အချိန်မှာတော့ ထိုကဲ့သို့ သူမ လက်ခံရရှိခဲ့သည်။
သို့သော် အကြီးဆုံးမရီးဖြစ်သူက ဘာမှ မှတ်ချက်မပေးခဲ့ဘူး။ သူမက သူမ(လင်းချင်းဟယ်)ကို အဝတ်အစား ပြုလုပ်ခြင်းအား ညွှန်ကြားပြသခဲ့သည်။ ချုပ်ရိုးများနှင့် စသည့်အကြောင်းအရာများကို ရှင်းလင်းစွာ သင်ကြားပေးခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်၏ ပထမဆုံး အဝတ်အစားတစ်စုံကို ပြီးလုနီးပါးဖြစ်သွားသည်။
ဒါက ကိုယ်နှင့်အံကိုက်ဖြစ်သော ဝတ်စုံဖြစ်သည်။ အပေါ်အင်္ကျီနှင့် ဘောင်းဘီ နှစ်မျိုးလုံး ပါသည်။ ဂွမ်းကပ်အစဖြင့် ပြုလုပ်ထားသောကြောင့် အလွန်နွေးထွေးသည်။
ကျိုးချင်းပိုင်သည် သူ၏ အဝတ်အစားအသစ်ကို လက်ခံရရှိထားလို့ အလွန် စိတ်ပျော်ရွှင်နေသည်။ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ကောင်းတယ်လို့ သူက ပြောသည်။ သိသာထင်ရှားစွာ သူမက ကြိုးစားအားထုတ်ထားသည်။ သူမ၏ချုပ်ရိုးများသည် စင်းလုံးချောပြီး အပြစ်အဆာကင်းသည်။
ပြီးတော့ သူ့အရွယ်အစားနဲ့လည်း အံကိုက်ပါပဲ။
“ မိန်းမ ပင်ပန်းသွားရပြီ “ ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်သည်။
ပုဆိန်ကို ခိုးယူသွားသည်ဟု အိမ်နီးချင်းကို သံသယဝင်နေသောသူလို သူမ ဖြစ်နေပြီလား လင်းချင်းဟယ် မသိတော့ဘူး။ သူ့အကြည့်တွေက အနည်းငယ် ပူလောင်တယ်လို့ သူမ အမြဲ ခံစားနေရသည်။ ဒါက အဝတ်တစ်စုံပဲ မဟုတ်လား။ ရှင်က ဘာဖြစ်နေတာလဲ?
လောင်တနှင့် သူ့ညီတွေအတွက် ဘာမှ လုပ်ပေးစရာ မလိုဘူး။ ဒီနှစ်မှာ သူတို့အတွက် ချည်ကုတ်အင်္ကျီ တစ်စုံစီ လုပ်ပေးထားသည်။ အထဲမှာ ဝတ်စုံနှစ်စုံလည်း ရှိသေးသည်။ ဖိနပ်များနှင့် ခြေအိတ်များကလည်း ပြည့်စုံနေပြီ။ မနက်ဖြန်နှင့် အနည်းငယ် အေးသော နွေဦးရာသီအတွက် မလိုအပ်တော့ဘူး။ ဆောင်ဦးအတွက်လည်း အဆင်ပြေသည်။ နွေရာသီအတွက် ဝတ်စုံကိုပဲ ပြင်ဆင်ရန် လိုအပ်တော့သည်။
ကျိုးချင်းပိုင်၏ နွေရာသီအတွက် အဝတ်အစားများကိုလည်း ပြုလုပ်ပေးရန် လိုအပ်သည်မှာ ပြောစရာကို မလိုပေ။
ယခင်လက ဆားစိမ်ထားသော ကြက်ဥများသည် ယခုလတွင် စားရန် အသင့်ဖြစ်နေပြီ။ ကျိုးမိသားစု၏ အပ်ချုပ်စက်ကို ဆက်တိုက်ငှားရန် ရက်အနည်းငယ်ကြာအောင် ရောက်လာပြီးနောက် လင်းချင်းဟယ်သည် အဖေကျိုးနှင့် အမေကျိုးအတွက် ဆားစိမ်ကြက်ဥ နှစ်လုံးကို ယူလာခဲ့သည်။
သူမ တံခါးကနေ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဒုတိယမရီးကို တွေ့လိုက်ရသည်။ ဒုတိယမရီးက သူမကို မြင်သောအခါ ပြုံးပြပြီး ပြောသည်။ “ စတုတ္ထခယ်မ ရောက်လာပြီ။ ဒီအစက အဖေနဲ့ အမေကို ချစ်ခင်မှုတွေ ပြသဖို့ ယူလာတာလား “
“ မဟုတ်ပါဘူး။ ဒီဟာနဲ့ ကျိုးချင်းပိုင်အတွက် အဝတ်အစား ချုပ်ပေးမလို့ပါ။ ဒီဆားစိမ်ကြက်ဥနှစ်လုံးကို အဖေနဲ့ အမေအတွက် ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ဆားရည်စိမ်ခဲ့တာ။ ဒါနဲ့ ဒုတိယမရီး… အစ်မကကော အဖေနဲ့ အမေကို ချစ်ခင်ကိုင်းရှိုင်းမှုအနေနဲ့ ဘာပေးမှာလဲ “ လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ဒုတိယမရီးက ဂရုမစိုက်ဟန် ရယ်မောလိုက်သည်။ “ ငါ့မိသားစု အခြေအနေနဲ့ ငါက မင်းကို ဘယ်လို ယှဉ်နိုင်မှာလဲ “
“ အဲဒါတော့ အမှန်ပဲ။ တကယ်ကို ယှဉ်လို့မရနိုင်ဘူး “ လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
ဒါက ဒုတိယမရီးကို တော်တော် ဒေါသထွက်စေပြီး ချက်ချင်း လှည့်ထွက်သွားသည်။
လင်းချင်းဟယ်သည် နှာခေါင်းရှုံ့လိုက်သည်။ အကြီးဆုံးမရီးက သူမကို မျက်စိတစ်ဖက် မှိတ်ပြသည်။ လင်းချင်းဟယ်သည် ခေါင်းညိတ်ပြပြီး အမေကျိုး၏အခန်းဆီ သွားလိုက်သည်။ သူမသည် အမေကျိုးကို ဆားစိမ်ကြက်ဥများ ပေးပြီး “ ဒါကို ကျွန်မကိုယ်တိုင် ဆားစိမ်ထားတာ။ အမေနဲ့ အဖေ စားကြည့်ပါဦး။ ကြိုက်ရင် ကျွန်မ တစ်ချို့ကို ပြန်ယူလာပေးပါ့မယ် “
“ လောင်တနဲ့ သူ့ညီတွေအတွက် သိမ်းထားလိုက်ပါ၊ ယူလာစရာ မလိုပါဘူး “ အမေကျိုးက ပြန်ဖြေသည်။
“ အိမ်မှာ ရှိသေးတယ် “ လင်းချင်းဟယ်က ကြက်ဥကို ထားခဲ့ပြီး စတိုခန်းဆီ လာခဲ့သည်။
ကျိုးမိသားစု၏ စတိုခန်းသည် အပ်ချုပ်စက် ထားရှိရာ နေရာ ဖြစ်သည်။
သူမသည် အဝတ်အစားများကို စတင်ချုပ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ စေ့စေ့စပ်စပ် သိထားပြီးဖြစ်သည်။ သိပ်မကြာခင်မှာပဲ အကြီးဆုံးမရီးက ရောက်လာသည်။
“ ခဏက ဘာဖြစ်ကြတာလဲ “ အကြီးဆုံးမရီးက မေးသည်။
“ ဘယ်သူသိမှာလဲ။ ကျွန်မ တံခါးကနေ ဝင်လာတာနဲ့ သူမက စိတ်ရှုပ်စရာကောင်းအောင် ပြုမူတော့တာပဲ။ အဲဒါက အကျင့်တစ်ခုလို ဖြစ်နေပြီ “ လင်းချင်းဟယ်က ဂရုမစိုက်နိုင်ပေ။