အခန်း(၅၂)သိုးသားဘယ်ရီဟင်းချို
Viewers 38k

အခန်း(၅၂) - သိုးသားဘယ်ရီဟင်းချို 


“ ဘယ်သူမှ ဒါကို ငြင်းမှာ မဟုတ်ဘူး။ မနေ့ညနေက သူမ ပြန်ရောက်လာပြီး ဒီလိုတွေ ပြောနေတယ် “ အကြီးဆုံးမရီးက နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ပြောသည်။ 


“ သူမနဲ့ ရန်ဖြစ်မနေပါနဲ့။ အစ်မက ကိုယ်ဝန်ဆောင်ထားတာ ကိုယ့်ကိုယ်ကို ဒေါသထွက်ရအောင် မလုပ်ပါနဲ့ “ လင်းချင်းဟယ်က ချော့လိုက်သည်။ 


သူမ(လင်းချင်းဟယ်)က သူမကို နှစ်သိမ့်ပေးသောအခါ အကြီးဆုံးမရီးသည် အပြုံးတစ်ပွင့် ပန်ဆင်လိုက်ပြီး “ ငါ့ရင်ဘတ်ထဲ မသိမ်းထားပါဘူး “ 

ထို့နောက် သူမလက်ထဲရှိ အထည်စများကို ကြည့်ပြီး ထောက်ပြသည်။ “ စတုတ္ထမတ်လေးအတွက် ဆောင်းရာသီ အတွင်းဝတ် နောက်တစ်ထည် ပြုလုပ်ပြီးရင် လက်ကျန်အစက သူ့အတွက် နွေရာသီဝတ် နှစ်စုံ လုပ်ပေးဖို့ လုံလောက်မယ်လို့ ငါ ထင်တယ် “ 


“ နွေရာသီဝတ် တစ်စုံစာဆို လုံလောက်ပြီ။ ကျန်တာတွေက ကောင်လေးသုံးယောက်အတွက်ပဲ။ သူတို့မှာ ဝတ်စရာမရှိဘူး “ လင်းချင်းဟယ်က ပြန်ဖြေသည်။ 


ကျိုးချင်းပိုင်သည် အဝတ်အစားများစွာကို ပြန်မယူလာခဲ့သော်လည်း နှစ်စုံတော့ ရှိသည်။ လင်းချင်းဟယ်၏ အမြင်အရတော့ သူ ဝတ်ဖို့ မလုံလောက်ဘူး။ ဒီခေတ်ရဲ့ အမြင်မှာတော့ ဒါက သေချာပေါက် လုံလောက်နေပြီ။ ဒါပေမယ့် အပို တစ်စုံ လုပ်ပေးလိုက်တာတော့ မဆိုးပါဘူး။ 


ကောင်လေးသုံးယောက်ကတော့ သေချာပေါက် လိုအပ်သည်။ 


လင်းချင်းဟယ်သည် အပ်ချုပ်စက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် သူမ၏ အရှိန်သည် ယခုအခါတွင် အလွန်မြန်ဆန်နေပြီ ဖြစ်သည်။ ထို့အပြင် သူမသည် ဒုတိယမရီး၏မျက်နှာကို မြင်လိုက်ရသည့်အတွက် စိတ်တိုနေသည်။ ထို့ကြောင့် ကျိုးချင်းပိုင်၏ ဒုတိယမြောက် ဆောင်းရာသီဝတ် အဝတ်အစားကို အပြီးသတ်ရန် နှစ်ရက်ခွဲ ကြာမြင့်ခဲ့သည်။ 


ကျန်တာကတော့ နွေရာသီဝတ်စုံ ဖြစ်သည်။ လင်းချင်းဟယ်သည် အဲဒါတွေကိုလည်း ပြီးစီးအောင်လုပ်ရန် ရက်အနည်းငယ်ကြာ အချိန်ယူခဲ့ရပြီး ဗီရိုထဲမှာ ထည့်ထားလိုက်သည်။ 


သူမသည် ကျိုးအိမ်သို့ သွားစရာ မလိုတော့သလို ဒုတိယမရီးနဲ့လည်း နောက်ထပ် ဆုံစရာမလိုတော့ဘူး။ 


မနက်ခင်းတွင် သူတို့သည် ဂျုံယာဂုကို ဆားစိမ်ကြက်ဥများနှင့် တွဲစားကြသည်။ လင်းချင်းဟယ်က အသိပေးသည်။ “ ဒီနေ့ ငါ နောက်ထပ်တစ်သုတ်ကို ဆားစိမ်ဖို့ လိုတယ်။ နင်တို့တွေ စားတာ အရမ်းမြန်တာပဲ “ 


ဆားစိမ်ကြက်ဥတွေကို အားလုံး စားမကုန်ခင်အချိန်က ဒီလောက်ပဲ ကြာတယ်။ သူမသည် အဖေကျိုးနှင့် အမေကျိုးဆီ ဆားစိမ်ကြက်ဥများကို နှစ်ကြိမ် ယူသွားခဲ့သည်။ တစ်ကြိမ်မှာ နှစ်လုံး၊ စုစုပေါင်း လေးလုံး ဖြစ်သည်။ 


အခု နည်းနည်းပဲ ကျန်တော့သည်။ ကျန်တာတွေက အဖေနှင့် သားတွေ စားလိုက်ကြသည်။ 


“ နောက်တော့ ကိုယ် အပြင်သွားပြီး ကြက်ဥတစ်ချို့ သွားဝယ်လိုက်မယ် “ ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။ 


“ ဒီမှာ သိုးသား မရောင်းဘူးလား “ လင်းချင်းဟယ်က မေးသည်။ 


“ ဒီမှာ မရောင်းဘူး “ ကျိုးချင်းပိုင်က သူမကို ကြည့်ပြီး မေးသည်။ “ စားချင်လို့လား “ 


လင်းချင်းဟယ်က သူမခေါင်းကို ခါလိုက်ပြီး ပြန်ဖြေသည်။ “ ဒီလိုရာသီဥတုမှာ ခရိုင်မြို့ဆီ အဝေးကြီးသွားဖို့ ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်မနေပါနဲ့ “ 


နောက်ဆုံးတစ်ခေါက် သူ စက်ဘီးသွားဝယ်တုန်းက သိုးသား တစ်ကျင်းကိုလည်း ဝယ်ပြန်လာသည်။ သူမသည် ဘယ်ရီသီးကို ရောထည့်ပြီး သိုးသားဘယ်ရီဟင်းချိုကို ချက်ခဲ့သည်။ အရသာက တကယ်ကို အရသာရှိလှသည်။ 


အဲဒါက တစ်ကျင်းသာ ဖြစ်သော်လည်း တစ်မိသားစုလုံး အလွန် ကျေနပ်ကြသည်။ 


ကျိုးချင်းပိုင်သည် ခေါင်းညိတ်ပြီး ဘာမှ မပြောတော့ဘူး။ မနက်စာ စားပြီးတော့ ဝက်ကလေးနှစ်ကောင်ကို ကျွေးမွေးပြုစုပြီးနောက် သူသည် ခြင်းတောင်းကို သယ်ကာ စက်ဘီးကို တွန်းထုတ်သွားခဲ့သည်။ 


လင်းချင်းဟယ်သည် အိမ်တွင် သိုးမွှေးဘောင်းဘီကို ဆက်လက်ထိုးနေခဲ့သည်။ ဒါက ကလေးတွေအတွက် ဖြစ်သည်။ သူမလည်း တစ်ထည် လိုချင်သည်။ ဤရာသီဥတုသည် အလွန် အေးခဲလှသည်။ 


ကျိုးချင်းပိုင်က ရပ်ရွာ၏ ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမအဖွဲ့သို့ သွားသည်ဟု သူမ ယူဆခဲ့သည်။ သူမ အံ့အားသင့်မိသည်မှာ သူသည် ထိုခရီးမှ ၁၁ နာရီခွဲမှသာ ပြန်ရောက်လာသည်။ သူသည် သိုးသား သုံးကျင်းကိုလည်း ယူပြန်လာခဲ့သည်။ 


“ နှင်းတွေ၊ လေတွေ ဒီလောက် ကြီးနေတာ ရှင့်က ဘာလို့ ခရိုင်မြို့ကို သွားလိုက်တာလဲ “ သူ့ပါးတွေ နီရဲနေတာ သူမ မြင်လိုက်တော့ လင်းချင်းဟယ်သည် မပြောဘဲ မနေနိုင်တော့ဘူး။ 


“ စက်ဘီးစီးနေရင် မအေးပါဘူး “ ကျိုးချင်းပိုင်က ဆိုသည်။ 


သူသည် သိုးသားကိုသာမက ကြက်ဥ ငါးကျင်းကိုပါ ယူပြန်လာသည်။ 


လင်းချင်းဟယ်သည် သူ့ကို အနွေးကုတင်ဆီ အမြန် ပို့လိုက်ပြီး စောင့်နေစေသည်။ ပထမဆုံး သူမသည် သူ့အတွက် ဂျင်းပြုတ်ရည် တစ်ပန်းကန်ကို ကျိုပေးလိုက်သည်။ ထို့နောက် သူမက တကျည်ကျည် ပြောတော့သည်။ “ ရှင် နောက်တစ်ခါတော့ နည်းနည်း စိတ်ထိန်းတာ ပိုကောင်းမယ် “ 


“ အမေ… အဖေက အမေ သိုးသားစားချင်နေတာ သိတယ်၊ ဒါကြောင့် အမေ့အတွက် တကူးတက ဝယ်ပေးခဲ့တာ “ လောင်အာ့က ကြားဖြတ်ပြောသည်။ 


လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကြည့်လိုက်တော့ ကျိုးချင်းပိုင်က လောင်အာ့၏ခေါင်းအား ပွတ်သပ်ပေးနေတာကို တွေ့လိုက်ရပြီး သူမရဲ့မျက်လုံးများနဲ့ ဆုံတွေ့လိုက်သော သူ့အကြည့်ထဲတွင် သိသာထင်ရှားတဲ့ အလိုလိုက်ခြင်းတွေ ရောယှက်နေသည်။ 


“ မင်းက စကားကောင်းပြောဖို့ပဲ တတ်တယ် “ လင်းချင်းဟယ်သည် အနည်းငယ် ရှက်ရွံ့သွားပြီး လောင်အာ့ကို စိုက်ကြည့်နေသည်။ 


လောင်အာ့က တခစ်ခစ်ရယ်သည်။ လင်းချင်းဟယ်သည် လောင်စန်းကို ကောက်ချီလိုက်ပြီး ကျိုးချင်းပိုင်၏ ရင်ခွင်ထဲကို ထည့်ပေးလိုက်သည် “ ရှင့်သားကို ပွေ့ဖက်ထားလိုက် သူက တစ်ကိုယ်လုံး နွေးထွေးနေတယ် “ 


လောင်စန်းသည် သူ့အဖေ၏ရင်ခွင်ထဲတွင် နေ,နေပြီး သူ့အမေကို မျက်လုံးဝိုင်းလေးများဖြင့် မျက်တောင်ခတ်ကြည့်ကာ အလွန်နာခံစွာဖြင့် သူ့အဖေ၏ ခန္ဓာကိုယ်ကို ပိုနွေးထွေးသွားအောင် လုပ်ပေးသည်။ 


“ နေ့လည်စာကို ပဲပေါက်စီအစား မုန့်လုံးဟင်းသီးဟင်းရွက် ဟင်းချို စားရမယ် “ လင်းချင်းဟယ်က စိတ်တိုတိုနဲ့ ပြောလိုက်သည်။ 


ယခင်က ပဲပေါက်စီများ အများအပြား ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသေးသည်။ လက်ကျန်တွေ အများကြီးပဲ။ 


အစကတော့ သူမသည် ၎င်းကို နေ့လည်စာအဖြစ် စားရန် စီစဉ်ထားခဲ့ပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီ။


မုန့်လုံးဟင်းသီးဟင်းရွက် ဟင်းချိုသည် ကလေးများ၏ အကြိုက်ဖြစ်ပြီး အထူးသဖြင့် သူတို့၏အမေ လုပ်သော မုန့်လုံးဟင်းသီးဟင်းရွက် ဟင်းချိုသည် တကယ် အရသာရှိလှသည်။ 


ဟင်းချိုသည် လုပ်ရတာ အရမ်းလွယ်ကူသည်။ လင်းချင်းဟယ်သည် လှီးဖြတ်ထားသော မှိုများ၊ နုပ်နုပ်စဉ်းထားသော အသားများနှင့် ကြက်ဥများ အပါအဝင် ပါဝင်ပစ္စည်း အများအပြားကို အသုံးပြုခဲ့သည်။ ဒီရာသီမှာ အရသာရှိသော ဟင်းသီးဟင်းရွက်တွေ မရှိဘူး မဟုတ်ရင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ခရမ်းချဉ်သီးများကို ထပ်ထည့်လိုက်ရင် အရသာ ပိုကောင်းလာပါလိမ့်မည်။ 


ကျိုးချင်းပိုင်သည် သူ့ဇနီးလုပ်သည်နှင့် ပတ်သက်၍ ညည်းညူခြင်း မရှိပေ။ သူမ ချက်ပြုတ်သမျှကို သူ စားသည်။ 


ကလေးတွေသည် သူတို့ ဗိုက်ပြည့်အောင် စားပြီးနောက် အနွေးကုတင်ဆီ သွားကြသည်။ ဒီအချိန်မှာ အပြင်တွင် နှင်းတွေ ကျနေတုန်းပဲ။ အရမ်းအေးလွန်းလှသည်။ 


လင်းချင်းဟယ်သည် သိုးသားကို သူမကိုယ်တိုင် ခုတ်ပိုင်းလိုက်သည်။ 


အရေခွံနှင့် အရိုးအပါအဝင် သုံးကျင်း ရှိသည်။ လင်းချင်းဟယ်သည် တစ်ဝက်ကို ထည့်လိုက်သည်။ ကျန်တစ်ဝက်ကို မနက်ဖြန် စားရန် ချန်ထားလိုက်သည်။ ဒီရာသီဥတုမှာ ချန်ထားလိုက်လည်း မပုပ်သိုးသွားနိုင်ဘူး။ 


သူမသည် ကျောက်မီးသွေးမီးဖိုပေါ် တင်ကာ ချက်လိုက်သည်။ အဲဒါဆို ညကျရင် စားဖို့ အဆင်သင့် ဖြစ်လိမ့်မည်။ 


“ အေးလွန်းတယ်။ မင်းတို့ညီအစ်ကိုတွေ ငါ့အတွက် တစ်စုတစ်စည်းတည်း နေတာ ပိုကောင်းမယ်။ ပြီးတော့ မင်းတို့တွေကို ရေအေး သောက်ခွင့်မပေးဘူး။ မင်းတို့ ရေအေးသောက်နေတာ တွေ့လိုက်တာနဲ့ စားဖို့ ဘာမှမရတော့ဘူးနော် “ လင်းချင်းဟယ်က တင်းကျပ်စွာ အမိန့်ပေးသည်။ အထူးသဖြင့် သူမသည် လောင်တကို ကြည့်နေသည်။ 


လောင်တသည် မတရားသဖြင့် အော်ဟစ်လိုက်သည်။ “ သား အခု မလုပ်တော့ပါဘူး “ ထို့အပြင် ဆောင်းရာသီသည် အေးခဲလွန်းလှသည်။ လူမိုက်တွေကသာ ရေအေး သောက်လိမ့်မည်။ 


လင်းချင်းဟယ်က ခေါင်းညိတ်သည်။ “ မင်း မလုပ်ရင် ကောင်းပြီ။ ဒီည မင်း သိုးသားတစ်တုံး ပိုရမယ် “ 


“ သားကောပဲ “ လောင်အာ့က ပြောသည်။ 


“ ကောင်းပြီ။ မင်းကိုလည်း အပိုပေးမယ် “ လင်းချင်းဟယ်က ပြန်ဖြေသည်။ 


ကျိုးချင်းပိုင်သည် အမေနှင့် သားတို့ အပြန်အလှန် ဆက်ဆံပုံကို ကြည့်နေသည်။ သူ့အကြည့်တွေက လင်းချင်းဟယ်အပေါ် အဓိက အာရုံစူးစိုက်နေသည်။ 


လင်းချင်းဟယ်သည် သူ့ကို တစ်ချက် ဝေ့ကြည့်ရန် မျက်လုံးကို ပင့်ကြည့်လိုက်သည်။ သူမသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်ပြီး ပြောသည်။ “ ဒီမနက်ကတည်းက ရှင် ပင်ပန်းနေရတာ… ခဏလောက် အိပ်လိုက်ပါ “ 


“ မင်းလည်း အိပ်လေ “ ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေသည်။ 


လင်းချင်းဟယ်ရဲ့ လက်ထဲက သိုးမွှေးဘောင်းဘီသည် ပြီးလုနီးပါး ဖြစ်နေပြီမို့ သူမ အရင် သိမ်းလိုက်သည်။ တစ်မိသားစုလုံး အနွေးကုတင်ပေါ်တွင် တစ်ရေးတစ်မော အိပ်ကြသည်။ အိပ်ရာထလာသောအခါ လင်းချင်းဟယ်က သိုးမွှေးဘောင်းဘီကို ဆက်၍ ထိုးနေသည်။ 


ကျိုးချင်းပိုင်ကလည်း အနွေးကုတင်ပေါ်တွင် မရှိတော့ဘူး။ ထိုအချိန်တွင် သူသည် ဝက်ကလေးများအတွက် ဝက်စာ လုပ်နေရသောကြောင့် အလုပ်ရှုပ်နေသည်။ 


လင်းချင်းဟယ်သည် သူမအား အချိန်ကုန်လွန်စေရန် အိမ်မှာ သိုးမွှေးတွေ ရှိနေတာကိုပဲ ကျေးဇူးတင်နေမိသည်။ မဟုတ်ရင် နေ့ရက်တွေကို ကျော်ဖြတ်ဖို့ နည်းလမ်းမရှိတော့ဘူး။ တကယ့်ကို ငြီးငွေ့စရာ ကောင်းလှသည်။ 


နေ့လည် လေးနာရီခန့်တွင် သူမသည် သိုးမွှေးဘောင်းဘီကို ထိုးပြီးသွားသည်။ 


ထို့နောက် သူမသည် ဘာမှလုပ်စရာ မရှိသောကြောင့် ဒုတိယမြောက် အထည်ကို စတင်ထိုးတော့သည်။ ဘောင်းဘီထိုးခြင်း၏ အရှိန်နှုန်းသည် လုံးဝ မနှေးပေ။ 


နှင်းတွေကျသည့် ဒီလိုနေ့ရက်တွေက တကယ်ကို ပျင်းရိစရာ ကောင်းလှပါသည်။ 


အိုးထဲက သိုးသားနှင့် ဘယ်ရီသီး ဟင်းချိုနံ့က မွှေးပျံ့နေပြီ။ ဟင်းချို ကျက်သွားတာကို လင်းချင်းဟယ် မြင်တော့ အဖေကျိုးနှင့် အမေကျိုးထံသို့ ကျိုးချင်းပိုင် သွားပို့ပေးရန်အတွက် အချို့ကို ခပ်ယူလိုက်သည်။ 


လောင်တလား? မေ့လိုက်ပါတော့။ အပြင်မှာ နှင်းတွေ တော်တော်လေး ကျနေတယ်။ အခုလို အေးခဲတဲ့နေ့မှာ အခန်းထဲပဲ နေတာ ပိုကောင်းတယ်။ 


“ သိုးသားဟင်းချို? မင်းတို့အတွက်ပဲ သိမ်းထားလိုက်ပါ။ လာပို့ပေးစရာ မလိုပါဘူး “ အမေကျိုးက ငြင်းသည်။ 


“ ကျွန်တော့်မိန်းမက ပို့ပေးဖို့ ပြောတယ် “ ကျိုးချင်းပိုင်က ထပ်ပြောပြီးနောက် ပန်းကန်လုံးတွေ ယူရန် မီးဖိုချောင်သို့ သွားလိုက်သည်။ သူက လောင်းထည့်လိုက်သည်။ နှစ်ပန်းကန် အပြည့် ရပြီး သိုးသား နှစ်တုံးပါကာ တစ်ယောက်ကို တစ်တုံးစီဖြင့် ကွက်တိပါပဲ။ 


ကျိုးချင်းပိုင်က အကြာကြီး မနေတော့ဘူး။ ပို့ပေးပြီးတာနဲ့ ပြန်လာခဲ့သည်။ 


အဖေကျိုးနှင့် အမေကျိုးသည် ဣန္ဒြေထိန်းသလို ဟန်ဆောင်မနေတော့ဘဲ ပူနွေးသော သိုးသားဟင်းချိုကို သောက်လိုက်ကြသည်။ 


“ စတုတ္ထဇနီးရဲ့ ဟင်းချက်လက်ရာက တကယ် ကောင်းတယ် “ အမေကျိုးက ဟင်းချိုကို သောက်ရင်း မှတ်ချက်ပေးသည်။ 


ကြက်ဥဆားစိမ်ပဲဖြစ်ဖြစ် ဒီသိုးသားဟင်းချိုပဲဖြစ်ဖြစ် ရံဖန်ရံခါ ပို့လိုက်တဲ့ ဂျင်းဇီးချိုသီးပြုတ်ရည်ပဲဖြစ်ဖြစ် အရသာက အရမ်းကောင်းသည်။ 


ထို့အပြင် အမေကျိုးသည် ယခုနှစ်တွင် သူမ၏ ခန္ဓာကိုယ်က များစွာ ပူနွေးလာသည်ဟု ခံစားခဲ့ရသည်။ ဒီဟင်းရည်များနှင့် ဆက်စပ်မှု ရှိမရှိတော့ မသိပေ။