အခန်း(၅၅)ဝက်သားပြန်ရောင်းခြင်း
Viewers 43k

အခန်း(၅၅) - ဝက်သားပြန်ရောင်းခြင်း


“ ဒေါ်လေး… မလိုပါဘူး။ လောင်တနဲ့ သူ့ညီတွေ စားဖို့ ထားလိုက်ပါ “ ကျိုးရှီးက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ 


“ ဒါက လက်တစ်ဆုပ်စာ ဇီးချိုသီးတွေပါပဲ။ ဘာအတွက် အတင်းငြင်းဆန်နေတာလဲ “ လင်းချင်းဟယ်က ပြောသည်။ “ ပြီးတော့ မိန်းကလေးတွေက ဇီးချိုသီးကို များများစားပေးရမယ်၊ အဲဒါက ခန္ဓာကိုယ်အတွက် ကောင်းပြီး သွေးကို ပြန်ဖြည့်တင်းပေးတယ် “ 


ကျိုးရှီးသည် ရှက်ကိုးရှက်ကန်းဖြင့် လက်ခံလိုက်သည်။ 


ဒီနှစ်မှာ သူမ၏အစ်ကိုကြီးက ၃၄ ယွမ် ဝေစုရသည်။ သူမ၏ဒေါ်လေးရဲ့ ထင်းကနေ ဆယ်ယွမ်နီးပါး ရရှိခဲ့သည်။ 


ဆယ်ယွမ်ကို လျှော့မတွက်ပါနှင့်။ ၎င်းသည် သူတို့မောင်နှမကို များများစားနိုင်အောင် လုပ်ပေးနိုင်သည်။ 


“ ဒီနှစ်ရက်က အရမ်းအေးတယ် အိမ်မှာ ထင်းတွေကို သိမ်းဆည်းထားမနေနဲ့။ မင်းအစ်ကိုက ဒေါ်လေးအတွက် ထင်းတွေ အများကြီး လာပို့ပေးထားတာ။ နောက်နှစ်အထိတောင် သုံးလို့မကုန်နိုင်ဘူး။ မင်းတို့တွေမှာ ထင်းနည်းသွားရင် ထင်းတစ်ချို့ လာယူလိုက်။ နောက်တစ်ခါ မင်းအစ်ကို အစားပြန်ပေးနိုင်တဲ့အချိန်အထိ စောင့်ကြတာပေါ့ “ လင်းချင်းဟယ်က ထုတ်ပြောသည်။ 


“ အိမ်မှာ ထင်း လုံလုံလောက်လောက် ရှိပါတယ် “ ကျိုးရှီးက ချက်ချင်း ပြန်ဖြေသည်။ 


သူတို့မိသားစုရဲ့ ကြိုးပမ်းမှုကြောင့် သူတို့သည် အဖွဲ့ဆီကို သွားပြီး ပြောင်းဖူးရိုး၊ ဂျုံရိုး၊ ဝါဂွမ်းရိုးပြတ်၊ ပဲရိုးတံနှင့် ကန်စွန်းဥပင်ခြောက်တို့ကို ခွဲဝေရယူနိုင်ခဲ့သည်။ 


မိသားစုထဲတွင် သူတို့ နှစ်ယောက်တည်းပဲ ရှိသည်။ အနွေးကုတင်ကို တစ်နေ့ နှစ်ကြိမ် အပူပေးရင် လုံလောက်နေပြီ။ အဲဒါပြီးတော့ သူမ၏အစ်ကိုကြီး စုဆောင်းထားသော ထင်းများလည်း ရှိနေသေးသည်။ 


လင်းချင်းဟယ်သည် သူမနှင့် ခဏလောက် စကားစမြည်ပြောပြီးနောက် ကောင်လေးများကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။ 


“ အစ်ကို… ဒီမှာကြည့်… ဒေါ်လေးပေးသွားတာ “ ကျိုးရှီးသည် စကားပြောရင်း ဇီးချိုသီးအချို့ကို သူမ၏အစ်ကိုအား ဝေမျှပေးခဲ့သည်။ 


“ မလိုပါဘူး။ ကိုယ့်ဘာသာပဲ စားလိုက်ပါ “ ကျိုးတုန်းက ခေါင်းယမ်းလိုက်သည်။ 


ကျိုးရှီးက မှတ်ချက်ပေးသည်။ “ ဒေါ်လေးက အရမ်းကောင်းတာပဲ “ 


စောင်အသစ် ရှိနေသောကြောင့် ဒီနှစ် ဆောင်းရာသီက ပိုပြီးနွေးထွေးသည်။ ညသန်းခေါင်အချိန်မှာ အအေးဒဏ်ကြောင့် နိုးထစရာ မလိုတော့ပါဘူး။ 


ကျိုးတုန်းက ခေါင်းညိတ်သည်။ 


ဒေါ်လေးက သူတို့ကို ကြည့်ရှုစောင့်ရှောက်ပေးတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ 


အိမ်ပြန်ရောက်လာသော လင်းချင်းဟယ်သည် ဝက်ဆားနယ်ခြောက် ပြုလုပ်ရန် စီစဉ်နေသည်။ 


အခုက ဒွါဒသမ စန္ဒြမာသ သို့ ဝင်ရောက်နေပြီး ဖြစ်ပြီး ဝက်ဆားနယ်ခြောက် ပြုလုပ်ရန် အကောင်းဆုံး အချိန် ဖြစ်သည်။ 


ထို့ကြောင့် နေ့လည်ခင်းတွင် သူမသည် အစ်မမိန်ကို သွားရှာခဲ့သည်။ 


အစ်မမိန်က သူမကို ကြိုဆိုသည်။ လင်းချင်းဟယ်သည် အနီးအနားတွင် ဘယ်သူမှ မရှိသည်ကို မြင်သောအခါ သူမအသံကို လျှော့ချပြီး သူမ ရရှိသောအသားများနှင့် ပတ်သက်၍ သူမ၏ အစီအစဉ်ကို အစ်မမိန်ကို ပြောပြသည်။ 


အစ်မမိန်သည် ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းပြီး “ မဖြစ်ဘူး… အဲလို မလုပ်နိုင်ဘူး။ ဒါကို စုံစမ်းသိသွားရင် ငါတို့တွေ ဒုက္ခရောက်လိမ့်မယ် “ 


“ အစ်မမိန်… စိတ်မပူပါနဲ့။ တကယ်လို့ ကျွန်မကို ဖမ်းမိသွားရင် ချန်ကော ပါဝင်တယ်ဆိုတာ သေချာပေါက် မပြောပါဘူး။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် သိလာတာ ကြာပြီ၊ ကျွန်မက ဘယ်လိုလူလဲ ဆိုတာ သိတယ်မလား။ အရေးကြီးတဲ့ကိစ္စကို သတိလက်လွတ် မလုပ်ရဲပါဘူး။ ဒါ့အပြင် ကျွန်မမှာ ရွေးချယ်စရာ မရှိဘူး။ မိသားစုထဲမှာ ပြုစုပျိုးထောင်ရမယ့် ကလေး သုံးယောက် ရှိတယ်။ အခုဆိုရင် ကျွန်မရဲ့လူက အငြိမ်းစားယူသွားပြီ၊ မိသားစုရဲ့စရိတ်ကို ဖြည့်ဖို့ တခြားနည်းလမ်းတွေ ရှာမတွေ့ရင် ကျွန်မတို့မိသားစုတစ်ခုလုံး အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး။ “ 


ချန်မိန်၏ခင်ပွန်းသည် သူမနှင့် မျိုးရိုးနာမည် တူပြီး ‘ ချန် ‘ မျိုးရိုးပဲ ဖြစ်သည်။ 


“ ဒါက အရမ်း အန္တရာယ် များလွန်းတယ် “ အစ်မမိန်က ကန့်ကွက်သည်။ 


“ အစ်မမိန်… စိတ်မပူပါနဲ့ ကျွန်မ ခဏခဏ မလုပ်ပါဘူး။ သုံးရက် သို့မဟုတ် ငါးရက်မှ တစ်ကြိမ်ပဲ လုပ်မှာပါ။ တစ်ကြိမ်ကို ကျင်းနည်းနည်းပါပဲ။ ဘယ်အသားမဆို လုပ်မှာ။ ကျင်း တစ်ကျင်းစီအတွက် တစ်ပြားစီ အပိုပေးပြီး အိမ်အသုံးစရိတ်တွေကို အနည်းနဲ့ အများတော့ ကူညီပေးနိုင်မှာပါ။ ဒီအချိန်အတွင်းမှာ ကလေးတွေကို ပြုစုပျိုးထောင်ဖို့က မလွယ်ပါဘူး။ ကျွန်မတို့ကလေးဘဝတုန်းက ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေလို သူတို့ကို မနေစေချင်ဘူး “ လင်းချင်းဟယ်က ဖျောင်းဖျပြောဆိုသည်။ 


‘ ကျင်း တစ်ကျင်းစီအတွက် အပိုငွေ တစ်ပြား ‘ ဟူသော စကားသည် အစ်မမိန်၏ နှလုံးသားကို လှုပ်ရှားသွားစေသည်။ 


သေချာတာပေါ့၊ ဒါက လင်းချင်းဟယ်အပေါ် သူမ၏အမြင်က ကောင်းလွန်းနေတာကြောင့်လည်း ဖြစ်သည်။ ထို့အပြင် သူမသည် ခင်ပွန်းဖြစ်သူ ကျိုးချင်းပိုင်ကိုလည်း မြင်ဖူးပြီးပြီ။ သူတို့အကြင်လင်မယားသည် ကျေးလက်ဒေသတွင် နေထိုင်ခြင်း မရှိပါက သူတို့၏ အရှိန်အဝါကနေ သူတို့တွေက ကျေးလက်နေသူတွေ ဖြစ်ကြောင်း သူမ မပြောနိုင်ပေ။ သူတို့သည် မြို့ထဲတွင် နေထိုင်နေသူများထက် မြို့ပေါ်နေမိသားစုနှင့် ပိုတူနေသည်။ 


ယုံကြည်အားထားလောက်သည်မှာ သိသာထင်ရှားလှသည်။ နောက်ဆုံးတော့ ဘယ်သူမှ ဒုက္ခရောက်ချင်မှာ မဟုတ်ဘူး ဟုတ်တယ်မလား။ 


“ ဒါပေမယ့် ခရိုင်မြို့က တော်တော်ဝေးတယ် အထူးသဖြင့် အခု နှင်းတွေကျနေတယ် “ အစ်မမိန်က တုံ့ဆိုင်းစွာဖြင့် ထောက်ပြသည်။ 


သူမသည် ခင်ပွန်းဖြစ်သူ၏ရာထူးကို အသုံးပြုပြီး အပိုဝင်ငွေ ရှာချင်သော်လည်း ရိုးရိုးသားသား ပြောရရင် လင်းချင်းဟယ်ဆီက အကျိုးအမြတ်ကလွဲလို့ သူမသည် နှစ်ပေါင်းများစွာကြာအောင် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ 


“ အခု မလုပ်သေးဘူး “ လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။ ဒီရက်ပိုင်းတွင် အရမ်းအေးသည်။ ဒီငွေနည်းနည်းလေး ရနိုင်ဖို့အတွက် ဒုက္ခခံစရာ မလိုဘူး။ သူမသည် ဦးစွာ တိုင်ပင်ဆွေးနွေးရန် လာခဲ့ခြင်း ဖြစ်သည်။ 


“ နွေဦးရာသီရောက်ရင် မနက်ခင်းမှာ ချန်ကောဆီက အသားလာယူဖို့ ကျွန်မ စက်ဘီး စီးလာမယ်။ ပြီးရင် ခရိုင်မြို့ကို တိုက်ရိုက်သွားလိုက်မယ် “ လင်းချင်းဟယ်က တိုးတိုးလေး ပြောသည်။ 


“ အိမ်မှာ စက်ဘီး ရှိတာလား “ အစ်မမိန်က အံ့သြသွားသည်။ 


“ ဒီအတွက် အထူး ပြင်ဆင်ထားခဲ့တာ “ လင်းချင်းဟယ်က မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောသည်။ 


ဒါဆိုရင် သူမ ကြိုးစားကြည့်သင့်သည်ဟု အစ်မမိန် ခံစားမိသည်။ 


“ အစ်မမိန်… ပြန်သွားပြီး ချန်ကောနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ သူ သဘောမတူရင်လည်း ကိစ္စမရှိပါဘူး။ တကယ်လို့ သူ သဘောတူရင်တော့ တစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်မ ဘယ်သူ့ကိုမှ ဆွဲမထည့်ဘူးဆိုတာ အခု အစ်မကို ကျွန်မ အခိုင်အမာ ပြောနိုင်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စအတွက် ကျွန်မ အပြည့်အဝ တာဝန်ယူတယ် “ လင်းချင်းဟယ်က ပြတ်ပြတ်သားသား ပြောသည်။ 


“ ဒါဆို အစ်မ ပြန်သွားရင် ချန်ကော နဲ့ ဆွေးနွေးတိုင်ပင်လိုက်မယ် “ အစ်မမိန်သည် တုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်ပြပြီး တိုးတိုးလေး ပြောသည်။ 


“ ဒါဆိုရင်လည်း ကောင်းပြီလေ။ မနက်ဖြန် ကျွန်မ ဝက်ဗိုက်သားနဲ့ ပေါင်ရင်းသား ဝယ်ချင်တယ်။ အစ်မမိန် ကျွန်မအတွက် ဘယ်နှစ်ကျင်း ရနိုင်မလဲ။ ဝက်ဆားနယ်ခြောက် လုပ်ဖို့ ကျွန်မ ဝယ်ချင်တယ် “ လင်းချင်းဟယ်က ပြောသည်။ 


“ ဝက်ဆားနယ်ခြောက် လုပ်ဖို့… ဒါဆို မင်းအတွက် သုံးကျင်း၊ လေးကျင်းလောက် ရယူပေးနိုင်တယ်။ သီးသန့် အစိတ်အပိုင်းအတွက်ကတော့ ကြည့်ရဦးမယ်။ မနက်စောစော ငါးနာရီခွဲလောက် လာခဲ့လိုက်။ ငါ ဒီနေရာကနေ မင်းကို စောင့်နေမယ် “ အစ်မမိန်က ဆိုသည်။ 


“ ကောင်းပါပြီ “ လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ 


ဒါပေမယ့် သူမစိတ်ထဲတော့ အနည်းငယ် အကျပ်ရိုက်နေသည်။ ငါးနာရီခွဲ… ဒါက အရမ်းစောလွန်းသည်။ 


သူမ မသိတာက သားသတ်ရုံသည် ညသန်းခေါင် တစ်နာရီ၊ နှစ်နာရီမှာ ထပြီး အလုပ်လုပ်ကြတာကို ဖြစ်သည်။ ငါးနာရီခွဲဆိုတာ အရမ်းနောက်ကျနေပြီ။ အဲဒါက အခု နေထွက်တာ နောက်ကျခြင်းကြောင့် ဖြစ်သည်။ မဟုတ်ရင် သူတို့တွေ အသားရရှိရန် ဒီလောက်နောက်ကျနေမှ သွားလို့မရဘူး။ အရမ်း ထင်သာမြင်သာ ဖြစ်သွားလိမ့်မည်။ 


အစ်မမိန်က အမှတ်တမဲ့ဖြင့် အလုပ်သို့ ပြန်သွားစဉ်တွင် လင်းချင်းဟယ်က ပြန်လာခဲ့သည်။ သူမ အလုပ်ဆင်းတာနဲ့ သူမသည် အိမ်ကို ချက်ချင်း ပြန်သွားလိုက်သည်။ 


ထို့နောက် သူမသည် ထိုအကြောင်းကို ပြောပြရန် အိပ်ပျော်နေသော သူမခင်ပွန်းကို နိုးလိုက်သည်။ 


“ အဘိုးကြီးချန်… ကျွန်မတို့ လုပ်သင့်တယ်လို့ ရှင်ထင်လား “ အစ်မမိန်သည် မေးမြန်းရင်း ပြန်ပြောင်းတွေးတောလိုက်သည်။ 


အစ်မမိန်က ဆန္ဒရှိသည်။ သူတို့ လင်မယားတွင် ဧကန်မုချ လုပ်ငန်းခွင် ရှိပေမယ့် တကယ်တော့ သူမ၏အလုပ်က အာမခံချက် မရှိဘူး။ မန်နေဂျာကြီး၏ ချွေးမက ကလေးမီးဖွားတော့မည် ဖြစ်သောကြောင့် ဖြစ်ပြီး ထို့ကြောင့်သာ ဒီနေရာကို သူမ ရခဲ့ခြင်း ဖြစ်သည်။ ကလေး မွေးပြီးသွားတာနဲ့ သူမ ဆက်လုပ်နိုင်မလားကတော့ နောက်ကိစ္စပေါ့။


သူမက ယာယီအလုပ်သမား ဖြစ်ပြီး အဲဒါက အဆက်အသွယ်များဖြင့် ဆက်စပ်နေသည်။ 


သူမ တရားဝင် အလုပ်သွားရတော့မှသာ နေထိုင်မှုစရိတ် ဖိစီးမှုသည် အတော်လေး လျော့ပါးသွားရသည်။ အတိတ်တုန်းက သူတို့ခါးပတ်တွေကို ဘယ်လိုတင်းကြပ်ခဲ့ရသည်ကို မဖော်ထုတ်ဘဲ နေကြရအောင်။ 


ယခုလက်ရှိတွင် သူမလစာသည် ၁၄ ယွမ် ဖြစ်ပြီး သူမ၏ခင်ပွန်းဖြစ်သူ ချန်ကောကတော့ သူမထက် လစာ ပိုများသည်။ သူက ၁၆ ယွမ် ရပြီး ရက်အများစုတွင် ဆီပါဝင်သောအရာ အချို့ကို အိမ်ပြန်ယူသွားလို့ ရသေးသည်။ 


သူတို့နှစ်ယောက်ပေါင်းရင် ယွမ် သုံးဆယ် ရပြီး ပမာဏက နည်းနည်းလေးတော့ မဟုတ်ဘူး။ ဒါပေမယ့် မိသားစုထဲရှိ ကလေးသုံးယောက်က အခု စာလေ့လာနေကြသည်။ သူတို့တွေက အိမ်ခွဲပြီးသွားသော်လည်း သူမ၏ယောက္ခမတွေကို လတိုင်း သုံးယွမ် ပေးနေဆဲဖြစ်သည်။ 


နေတိုင်း နိုးထရပြီး စားသောက်ရသေးသည်။ မိသားစုကို ဦးမဆောင်ဖူးသူတွေက အိမ်မှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မသိနိုင်ဘူး။ 


“ သူမက ယုံကြည်စိတ်ချရတယ်ဆိုတာ သေချာလား “ ချန်ကောက ခဏလောက် အလေးအနက်ထား စဉ်းစားပြီး မေးသည်။


“ ယုံကြည်စိတ်ချရတယ်၊ မဟုတ်ရင် ကျွန်မက သူမနဲ့ ဆက်ဆံပြောဆိုနေပြီး သူမရဲ့ ရိက္ခာကူပွန်တွေကို ယူနေမှာ မဟုတ်ဘူး။ သူမခင်ပွန်းက အငြိမ်းစားယူသွားပြီ၊ ဒါကြောင့် အခု မိသားစုကို ထောက်ပံ့ဖို့ သူမ လိုအပ်နေတယ်။ သူမက လိမ္မာပါးနပ်တဲ့သူလို့ ကျွန်မ ထင်တယ် “ အစ်မမိန်က ပြောသည်။ 


“ ဒါဆို နွေဦးရာသီ ရောက်တဲ့အထိ စောင့်ပြီး သူမကို ကြိုးစားကြည့်ခွင့်ပေးကြတာပေါ့။ အလုပ်မဖြစ်ရင် ချက်ချင်းရပ်လိုက် “ ချန်ကောက ဆိုသည်။ 


ထိုစကားကို ကြားတာနဲ့ အစ်မမိန်သည် စိတ်သက်သာရာရသွားသည်။ 

တစ်ကြိမ်မှာ အသား ကျင်းနည်းနည်းကို ယူမယ်၊ ဒါဆို အသား ကျင်းနည်းနည်းက ပြားအနည်းငယ်နဲ့ ညီမျှမည်။ ဒါက ကလေးတွေကို အာဟာရဓာတ်ဖြည့်တင်းဖို့ အိမ်အပြန်မှာ ကြက်ဥ တစ်ကျင်း သို့မဟုတ် နှစ်ကျင်းကို ဝယ်သွားနိုင်သည်။ 


“ သူမက ဝက်ဗိုက်သားနဲ့ ပေါင်ရင်းသား ကျင်းနည်းနည်းကိုလည်း မှာသွားသေးတယ်။ ဘယ်လောက်ရနိုင်မယ်လို့ ရှင် ထင်လဲ “ အစ်မမိန်က ထုတ်ပြောသည်။ 


“ ငါ သူမကို ငါးပေါင် ပေးနိုင်တယ် “ ချန်ကောက ပြောသည်။ 


သူသည် တော်တော်ကလေး မှင်တက်သွားသည်။ ဒီလိုအချိန်မှာ ဝက်ဆားနယ်ခြောက် လုပ်ရန် အသားကို ဝယ်နိုင်သေးတာ သူတို့တွေက ဘယ်လိုစားသောက်ရမယ်ဆိုတာ သိတာ သေချာတယ်။ 


“ ဒါဆို လုံလောက်ပြီ “ အစ်မမိန်က ခေါင်းညိတ်သည်။