CH 1
Viewers 18


"ရိုင်းစိုင်းတဲ့ကောင်မလေး၊ အမိမဲ့ အဖမဲ့ မိဘပစ်လေး... ဘယ်သူကမှ မလိုချင်တဲ့ လေလွင့်ကောင်မလေးဟေ့။"


"နင့်မိဘတွေက နင့်ကို မလိုချင်တော့လို့ ပစ်ထားခဲ့ကြပြီ။ နင်က ဒီနေ့ကစပြီး သူတောင်းစားမလေး ဖြစ်တော့မှာ။"


"ယေး ... ယေး ... ကောင်မလေး... ဘယ်သူမှ မလိုချင်တဲ့ အိုးကွဲလေးနဲ့ သူတောင်းစားမလေး..."


၁၉၈၀ ပြည့်နှစ်ရဲ့ နွေရာသီ၊ သေးငယ်တဲ့ ရွာကလေးတစ်ရွာရဲ့ နေ့တစ်နေ့ ဖြစ်သည်။ ရွှံ့မြေနံရံနဲ့ ဆောက်ထားတဲ့ အိမ်အိုလေးဘေးက သစ်ပင်ကြီးအောက်မှာ ပုစဉ်းရင်ကွဲကောင်တွေက တစီစီ အော်မြည်လို့နေသည်။ လူမမည် ကလေးတစ်စုဟာ အသက် သုံးနှစ်ခွဲအရွယ် မိန်းကလေးငယ်လေးတစ်ယောက်ကို ဝိုင်းအုံပြီး သူတို့သိသမျှ အဆိုးဝါးဆုံး၊ အရက်စက်ဆုံး စကားလုံးတွေနဲ့ ဝိုင်းဝန်းလှောင်ပြောင် သရော်နေကြတာ ဖြစ်သည်။


ထိုမိန်းကလေးငယ်လေးရဲ့ နာမည်က လင်းချင်းချင်း ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာတော့ ဖာထေးစုတ်ပြတ်နေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားရရှာသည်။


လင်းချင်းချင်းရဲ့ မိခင်အရင်းဖြစ်သူ ရှောင်းမန် ဟာ ကျေးလက်တောရွာဆင်းပြီး လုပ်အားပေးခဲ့ရတဲ့ မြို့ပြက ပညာတတ်လူငယ်တစ်ဦး ဖြစ်သည်။ သူမရဲ့ မိသားစုနောက်ခံ အသိုင်းအဝိုင်းက မကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အပြစ်မှ ကင်းစင်ကြောင်း ပြန်လည်သတ်မှတ်ခြင်း ခံခဲ့ရသည်။ 


အဲဒီနောက်မှာတော့ ရှောင်းမန်ဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ရပြီး တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားခွင့် ရရှိခဲ့သည်။


 အောင်မြင်မှုရရချင်းမှာပဲ သူမဟာ လင်ယောက်ျားနဲ့ သမီးအရင်းဖြစ်သူကို စွန့်ပစ်ဖို့ ဘာမှ တုံ့ဆိုင်းမနေခဲ့ပါဘူး။


သူမအတွက်တော့ သမီးဆိုတာ ဘဝရဲ့ အမည်းစက်တစ်ခုထက် မပိုခဲ့ပါဘူး။


ဒါက ရှောင်းမန်ရဲ့ အတွေးအမြင် ဖြစ်သည်။ ဒီကိစ္စမတိုင်ခင်ကတည်းကလည်း သူမဟာ လင်းချင်းချင်းအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ။ ရှောင်းမန်ဟာ ကျေးလက်တောရွာမှာ မနေချင်ဘဲ အတင်းအကျပ် လာခဲ့ရသူဖြစ်လို့ ပင်ပန်းဆင်းရဲတဲ့ လယ်ယာလုပ်ငန်းတွေကို မလုပ်နိုင်တဲ့အဆုံး တောရွာက လူတစ်ယောက်ကို လက်ထပ်ဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။


လင်းချင်းချင်းရဲ့ ဖခင်အရင်းဖြစ်သူ လင်းချန်ရှန်း ကတော့ အငြိမ်းစားစစ်သည်တော်တစ်ဦး ဖြစ်သည်။ စစ်တပ်ထဲမှာ ရှိစဉ်က မိသားစုဆီ အလည်ပြန်လာရင်း ရေထဲပြုတ်ကျသွားတဲ့ ရှောင်းမန်ကို ကယ်တင်ခဲ့ဖူးသည်။ အဲဒီလို ထူးခြားတဲ့ ခေတ်ကာလစနစ်အောက်မှာ အမျိုးသမီးတစ်ယောက် ရေထဲကျလို့ ယောက်ျားတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံရရင် ရွာထဲမှာ အတင်းအဖျင်း ပြောစရာ၊ ကဲ့ရဲ့စရာ ဖြစ်လာတတ်သည်။


ရှောင်းမန်က လင်းချန်ရှန်းဟာ သူမအတွက် အကောင်းဆုံး ရွေးချယ်မှုဆိုတာ သိသလို၊ လင်းချန်ရှန်းကလည်း ရှောင်းမန်ကို အမြဲတမ်း သဘောကျနေခဲ့သူ ဖြစ်သည်။ ဒီအခွင့်အရေးကို အသုံးချပြီး ရှောင်းမန်က လင်းချန်ရှန်းအနား ကပ်ကာ ကောလာဟလတွေကြောင့် သူမ အသက်ရှင်ရတာ ခက်ခဲနေတဲ့အကြောင်း အရိပ်အမြွက် ပြောခဲ့သည်။


 ထို့ကြောင့် လင်းချန်ရှန်းက ချက်ချင်းပဲ သူမကို လက်ထပ်ဖို့ တောင်းဆိုခဲ့တော့သည်။


တကယ်တော့ လင်းချန်ရှန်းမှာ တောက်ပတဲ့ အနာဂတ် ရှိနေခဲ့တာပါ။ ဒါပေမဲ့ မိသားစုနောက်ခံ အပြစ်မကင်းသေးတဲ့ ရှောင်းမန်ကို လက်ထပ်လိုက်တာကြောင့် သူ့ရဲ့ ရာထူးတိုးတက်ရေးလမ်းကြောင်း ထိခိုက်ခဲ့ရသည်။


 ဒါတောင်မှ လင်းချန်ရှန်းဟာ အခြားသူတွေရဲ့ တားမြစ်ချက်ကို ပယ်ချပြီး ရှောင်းမန်ကို လက်ထပ်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့သည်။


လင်းချန်ရှန်းဟာ ရှောင်းမန်ကို တကယ်ပဲ အသည်းလှိုက်မတက် ချစ်ခဲ့တာမို့ သူမအတွက် သူ့အနာဂတ်ကို ကျောခိုင်းပစ်ခဲ့သည်။ စားစရာနဲ့ နေစရာရှိရင် ကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မယ်လို့ သူ ယုံကြည်ခဲ့သည်။


ရှောင်းမန်က ဆင်းရဲဒုက္ခကို မခံနိုင်မှန်း သိလို့ လင်းချန်ရှန်းဟာ သူမကို အလုပ်ပြင်းပြင်းထန်ထန် ဘယ်တော့မှ မခိုင်းခဲ့ပါဘူး။ 


ရှောင်းမန်နဲ့ သူ့ရဲ့မွေးမိခင် အဘွားအိုလင်း တို့အကြား ပဋိပက္ခတွေ မဖြစ်အောင်လည်း လင်းချန်ရှန်းက အိမ်ခွဲနေဖို့ စောစောစီးစီး အဆိုပြုခဲ့သည်။


ဘာပဲဖြစ်ဖြစ်... လင်းမိသားစုဝင်တွေက သူ့အပေါ် တစ်ခါမှ မကြင်နာခဲ့ကြပါဘူး။ လင်းချန်ရှန်း ငယ်ငယ်က အမြဲတမ်း အရိုက်အနှက် ခံခဲ့ရပြီး အဆူအဆဲ ခံခဲ့ရသည်။ သူ စစ်တပ်ထဲဝင်ဖို့ လုပ်တုန်းကလည်း အဘွားအိုလင်းနဲ့ ကျန်တဲ့သူတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြလို့ ဆက်ဆံရေးက ပိုပြီး အက်ကွဲခဲ့ရသည်။


အခြားသူတွေက လင်းချန်ရှန်းကို ရှောင်းမန်နဲ့ မယူဖို့ တားကြချိန်မှာတော့ အဘွားအိုလင်းကပဲ ‘သူမရဲ့ သိက္ခာကို ဖျက်ဆီးမိပြီမို့ တာဝန်ယူရမယ်’ ဆိုပြီး အတင်းဇွတ် လက်ထပ်ပေးခဲ့တာ ဖြစ်သည်။ လင်းချန်ရှန်း သိတာပေါ့... သူတို့တွေက သူ့ကို အောင်မြင်ကြီးပွားစေချင်တာ မဟုတ်ဘဲ ရွာထဲမှာပဲ နွံနစ်စေချင်မှန်း။


လင်းချင်းချင်း အသက် သုံးနှစ်မပြည့်ခင်အထိ လင်းချန်ရှန်းက စစ်တပ်ထဲမှာပဲ ရှိနေသေးပြီး အငြိမ်းစားမယူသေးတာကြောင့် ရှောင်းမန် သုံးစွဲဖို့အတွက် ငွေတွေကို အမြဲပို့ပေးခဲ့သည်။ ဒါကြောင့် သူမမှာ ချို့တဲ့မှု မရှိခဲ့ပါဘူး။


ဒါပေမဲ့ ရှောင်းမန်ကတော့ မြို့ပေါ်က သူမ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်ကောင်းတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်နာကြည်းမှုတွေကိုပဲ ရင်ဝယ်ပိုက်ထားခဲ့သည်။ လင်းချန်ရှန်းရဲ့ ဂရုစိုက်မှုတွေကို သူမ တန်ဖိုးမထားခဲ့ဘူး။


 သူမရဲ့ မိသားစု အပြစ်က ကင်းလွတ်သွားတာနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီး မြို့ကိုပြန်ကာ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ချင်ခဲ့တာ၊ ကျေးလက်က ဆင်းရဲဒုက္ခတွေကို မခံစားချင်တော့တာ ဖြစ်သည်။


မူလကတော့ လင်းချန်ရှန်းဟာ မြို့ကို ဘတ်စကားစီးပြီး ရှောင်းမန်ဆီ လိုက်သွားခဲ့ကာ သူ့အပေါ်နဲ့ သမီးလေးအပေါ် စွန့်ပစ်မသွားဖို့ ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။


သို့သော်လည်း ဘတ်စကားပေါ်မှာတင် လင်းချန်ရှန်းတစ်ယောက် ပြန်လည်မွေးဖွားလာခဲ့သည်။ သူဟာ အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်ရရှိခဲ့ပြီး ရှောင်းမန်ဟာ စိတ်ပြောင်းမှာ မဟုတ်ဘဲ နောက်ပိုင်းမှာ နောက်အိမ်ထောင်ပြုသွားလိမ့်မယ်ဆိုတာကို သိလိုက်ရသည်။


အတိတ်ဘဝတုန်းက လင်းချန်ရှန်းရဲ့ အသည်းအသန် တောင်းပန်မှုတွေကို ရှောင်းမန်က လျစ်လျူရှုပြီး နောက်အိမ်ထောင်ပြုဖို့ပဲ ဇွတ်လုပ်ခဲ့သည်။ ဒါနဲ့ လင်းချန်ရှန်း ရွာကို ပြန်လာတဲ့အချိန်မှာတော့ သူ့သမီးလေးဟာ မြစ်ထဲကျပြီး ရေနစ်သေဆုံးသွားခဲ့ပြီဆိုတဲ့ သတင်းဆိုးကို ကြားခဲ့ရသည်။


 ရွာသားတွေက သမီးလေးကို တောင်ပေါ်က ကဗျာကယာ လုပ်ထားတဲ့ သင်္ချိုင်း မြေလေးထဲမှာ မြှုပ်နှံလိုက်ကြပြီ ဖြစ်သည်။

ဒီအဖြစ်အပျက်က လင်းချန်ရှန်းရဲ့ ရင်ထဲမှာ အမုန်းမီးတွေကို တောက်လောင်စေခဲ့သည်။ သူဟာ ရှောင်းမန်နဲ့ သူမရဲ့ ယောက်ျားသစ် မိသားစုကို ကလဲ့စားချေပြီး ဒုက္ခရောက်အောင် လုပ်ဖို့ သစ္စာဆိုခဲ့သည်။ 


အတိတ်ဘဝတုန်းက သူဟာ တစ်ဘဝလုံးကို ရှောင်းမန်နဲ့ သူမရဲ့ အသိုင်းအဝိုင်းကို တိုက်ခိုက်ဖျက်ဆီးဖို့ပဲ အချိန်ကုန်စေခဲ့ပေမဲ့ ထိရောက်မှု သိပ်မရှိခဲ့ပါဘူး။ အဲဒီလူတွေမှာ အမြဲတမ်း ကူညီမယ့်သူတွေ၊ အားကိုးရမယ့် အသိုင်းအဝိုင်းတွေ ရှိနေတတ်လို့ သူ့ရဲ့ ကလဲ့စားချေမှုတွေက ခြင်ကိုက်သလောက်ပဲ ရှိခဲ့သည်။ 


တစ်ခါတရံ ပြဿနာအကြီးအကျယ် ရှာနိုင်ခဲ့ရင်တောင် သူတို့က အမြဲတမ်း ကျော်ဖြတ်သွားနိုင်ခဲ့ကြသည်။


ယခု ဘဝသစ်မှာ ပြန်လည်မွေးဖွားလာပြီးနောက် လင်းချန်ရှန်းဟာ အိမ်ကို အမြန်ဆုံး အပြေးအလွှား ပြန်လာခဲ့သည်။ သူ အိမ်ကို အချိန်မီ ပြန်ရောက်မှ ဖြစ်မည်။


သူ ရွာကို ပြန်ရောက်ရောက်ချင်း မြင်လိုက်ရတာက ကလေးတစ်စုက သူ့သမီးလေးကို ဝိုင်းလှောင်ပြီး ခဲလုံးအသေးလေးတွေနဲ့ ပစ်ပေါက်နေကြတဲ့ မြင်ကွင်းပင်။


"ငါက လေလွင့်ကောင်မလေး မဟုတ်ဘူး၊ အမိမဲ့အဖမဲ့ မဟုတ်ဘူး။ ငါ့မှာ မိဘတွေ ရှိတယ်" လင်းချင်းချင်းလေးက ကလေးတွေကို ငိုသံပါကြီးနဲ့ အော်ပြောနေရှာသည်။ "ငါက ဘယ်သူမှ မလိုချင်တဲ့ ကလေးမဟုတ်ဘူး။"


သူမရဲ့ မျက်ဝန်းလေးတွေက ရဲရဲနီနေသည်။ မိဘတွေက ခဏလေးပဲ အဝေးကို သွားတာဖြစ်ပြီး မကြာခင် ပြန်လာလိမ့်မယ်လို့ သူမ ခိုင်ခိုင်မာမာ ယုံကြည်နေရှာတာ ဖြစ်သည်။


"နင်က ဘယ်သူမှ မလိုချင်တဲ့ လေလွင့်မလေးပဲဟာကို" ကောင်လေးတစ်ယောက်က ရှေ့တိုးပြီး ပြောလိုက်သည်။ "နင့်မိဘတွေက နင့်ကို မလိုချင်တော့ဘူး။ နင်က အသုံးမကျတဲ့ကောင်မလေး။"


"ဘယ်သူက သမီးလေးကို အသုံးမကျဘူးလို့ ပြောတာလဲ" လင်းချန်ရှန်းက ထိုကောင်လေးဆီ လျှောက်သွားပြီး ကောင်လေးရဲ့ ဖင်ကို လက်ဝါးနဲ့ ဖြတ်ခနဲ နှစ်ချက်ဆင့် ရိုက်လိုက်သည်။ "ငါက သူမရဲ့ အဖေပဲ၊ ဘယ်တော့မဆို ငါက သူမရဲ့ အဖေ ဖြစ်နေမှာ။"


"ဖေဖေ..." လင်းချင်းချင်းရဲ့ မျက်ဝန်းလေးတွေ ဝင်းပသွားသည်။ ဒီတစ်ခါတော့ ဖေဖေက ဒီလောက်အစောကြီး ပြန်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။ ပုံမှန်ဆိုရင် ဖေဖေ အဝေးသွားရင် အရမ်းကြာတတ်ပြီး သူမမှာ ဖေဖေ့ကို တွေ့ရဖို့ အကြာကြီး စောင့်ရတတ်သည်။


"ချင်းချင်း..." လင်းချန်ရှန်းက သမီးဖြစ်သူဆီ အမြန်လျှောက်သွားလိုက်သည်။


အသက် သုံးနှစ်ခွဲပဲ ရှိသေးတဲ့ လင်းချင်းချင်းလေးဟာ အရွယ်တူကလေးတွေထက် ပိုပြီး ပိန်လှီချို့တဲ့နေရှာသည်။ အခြားကလေးတွေက မိဘတွေရဲ့ ဂရုစိုက်မှုကို ခံရချိန်မှာ လင်းချင်းချင်းကတော့ ရှောင်းမန်ဆီကနေ မေတ္တာဆိုတာကို ခဲခဲယဉ်းယဉ်းပဲ ရခဲ့တာ ဖြစ်သည်။ 


အလွန်ငယ်ရွယ်တဲ့ အသက်အရွယ်မှာတင် သူမဟာ တံမြက်စည်းလှည်းတာမျိုး စတဲ့ အိမ်အလုပ်အချို့ကို သင်ယူခဲ့ရသည်။ ရှောင်းမန်က အိမ်အလုပ်တွေလုပ်ရတာကို မုန်းတီးလို့ လင်းချင်းချင်းကိုပဲ ခိုင်းစေခဲ့ပြီး ‘လေလွင့်ကောင်မလေးမို့ ဒါမျိုးတွေကို စောစောစီးစီး သင်ထားရမယ်’ လို့ ပြောလေ့ရှိသည်။


အကယ်၍ လင်းချင်းချင်းက အိမ်အလုပ်တွေကို မလုပ်နိုင်ရင် သူမဟာ ပျင်းရိတဲ့ကလေး ဖြစ်သွားပြီး နောင်တစ်ချိန်မှာ ဘယ်သူကမှ မလိုချင်တဲ့သူ ဖြစ်သွားလိမ့်မယ်လို့ ဆိုသည်။


လင်းချင်းချင်းလေးဟာ မိခင်အရင်းရဲ့ စွန့်ပစ်ခြင်းကို ခံရမှာကို အလွန်ကြောက်ရွံ့တာကြောင့် မိခင်ဖြစ်သူ သူမကို ပစ်မသွားအောင် အိမ်အလုပ်တွေကို ကြိုးစားပမ်းစား လုပ်ခဲ့ရရှာသည်။


ဒီတစ်ကြိမ်မှာတော့ ရှောင်းမန်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ပြီးတာနဲ့ ရွာကနေ ထွက်သွားခဲ့ပြီ ဖြစ်သည်။ လင်းချင်းချင်းလေး ရင်ထဲမှာ အရမ်းကို ဝမ်းနည်းနာကျင်ရသည်။ ‘သမီး ဘာမှားလုပ်မိလို့လဲ၊ ဘာကို အကောင်းဆုံးမလုပ်နိုင်ခဲ့လို့လဲ၊ မေမေက ဘာလို့ သမီးကို ခေါ်မသွားတာလဲ၊ မေမေက တကယ်ပဲ သမီးကို မလိုချင်တော့တာလား...’

လင်းချင်းချင်းလေးဟာ စိုးရိမ်တကြီး ဖြစ်နေပြီး သူမရဲ့ အဝတ်အစားတွေကို ဆွဲဆုတ်နေမိသည်။ 


အဝတ်အစားတွေ ရှုပ်ပွနေရင် ဖေဖေ စိတ်ဆိုးသွားမှာကို ကြောက်နေမိသလို၊ သမီး စကားမနားထောင်လို့ မေမေ ထွက်သွားတာလို့ ဖေဖေက ပြောမှာကိုလည်း သေလုမတတ် ကြောက်ရွံ့နေမိသည်။


"ဖေဖေ..." လင်းချင်းချင်းလေးက ခေါင်းလေးကို အနည်းငယ်ငုံ့ပြီး ပြောရှာသည်။ "သမီး... သမီး အခု ပန်းကန်တွေ ဆေးတတ်နေပြီ။"


"ချင်းချင်းရယ်..." လင်းချန်ရှန်းရဲ့ မျက်ဝန်းအစုံမှာ မျက်ရည်တွေ ဝဲတက်လာသည်။ ဘဝသစ်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သမီးလေးကို အသက်ရှင်လျက် ပြန်မြင်ရလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့မိသလို၊ သမီးလေးရဲ့ ကြောက်ကြောက်လန့်လန့်နဲ့ စကားပြောသံကို ကြားရတာက သူ့နှလုံးသားကို ဓားနဲ့မွှန်းသလို ခံစားလိုက်ရသည်။


အတိတ်ဘဝတုန်းက လင်းချန်ရှန်းဟာ ရှောင်းမန်ကို အလွန်ချစ်ခဲ့ပြီး သူမပြောသမျှကို ယုံကြည်ခဲ့သည်။ လင်းချင်းချင်းလေး ပိန်လှီနေတာကိုလည်း သူ သတိမထားမိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ရှောင်းမန်က ‘သူမရဲ့ မိသားစုက မိန်းကလေးတွေအားလုံးက ငယ်ငယ်က ဒီလိုပဲ၊ ကြီးလာပြီး ကလေးရလာရင် အလိုလို ပြည့်ဖြိုးလာလိမ့်မယ်’ လို့ လိမ်ညာပြောခဲ့လို့ ဖြစ်သည်။


 လင်းချန်ရှန်းကလည်း ဒါကို မိရိုးဖလာ မျိုးရိုးဗီဇအင်္ဂါရပ်တစ်ခုလို့ ထင်ပြီး ယုံကြည်ခဲ့သည်။


လင်းချင်းချင်းလေး တံမြက်စည်းလှည်းပြီး ဘာသာဘာဝ ထမင်းစားနေတာကို မြင်တော့လည်း လင်းချန်ရှန်းက သမီးလေးကို လိမ္မာတယ်လို့ပဲ ထင်ခဲ့သည်။ သူက သမီးလေးကို ‘မေမေ့ကို ဒုက္ခမပေးနဲ့၊ စကားမနားမထောင်ရင် နောက်တစ်ခါ ဖေဖေ လက်ဆောင်တွေ ဝယ်မလာတော့ဘူး’ လို့တောင် သတိပေးခဲ့ဖူးသည်။


ဘဝသစ်ကို ပြန်ရောက်လာမှပဲ လင်းချန်ရှန်းတစ်ယောက် သူ ဘယ်လောက်တောင် မှားယွင်းခဲ့လဲဆိုတာ နားလည်သွားတော့သည်။ အတိတ်ဘဝတုန်းက သူဟာ အမှန်တရားကို ကန်းနေခဲ့တာ ဖြစ်သည်။


"မဟုတ်ဘူး... နောက်ဆိုရင် သမီးလေး ပန်းကန်ဆေးစရာ လုံးဝမလိုတော့ဘူး" လင်းချန်ရှန်းက ပြောလိုက်သည်။


"ဖေဖေ..." လင်းချင်းချင်းလေးက သူမရဲ့ ဝိုင်းစက်နေတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကို မယုံနိုင်သလို မော့ကြည့်လာသည်။


နောက်တစ်စက္ကန့်မှာတော့ လင်းချင်းချင်းလေးက လင်းချန်ရှန်းရဲ့ ခြေထောက်ကို အတင်းဖက်တွယ်လိုက်ပြီး... "ဖေဖေ၊ သမီးကို ပစ်မသွားပါနဲ့၊ သမီးကို ထားမသွားပါနဲ့။ သမီး ထမင်းအများကြီး မစားဘူး၊ အလုပ်လည်း လုပ်ပါ့မယ်။ သမီးကို ပစ်မထားခဲ့ပါနဲ့နော်..."


ပဲစေ့ခန့် မျက်ရည်လုံးကြီးတွေက လင်းချင်းချင်းလေးရဲ့ ပါးပြင်ပေါ်ကို တလိမ့်လှိမ့် စီးကျလာသည်။ သူမဟာ ဖခင်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုတော့ လုံးဝမခံနိုင်တော့ပါဘူး။


"ဖေဖေ သမီးကို ဘယ်တော့မှ ပစ်မသွားဘူး" လင်းချန်ရှန်းက တုန်ရီနေတဲ့ သမီးလေးကို ကြည့်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သမီးလေးရဲ့ မျက်ရည်တွေကို သုတ်ပေးဖို့ လက်ကိုင်ပုဝါကို ရှာမိပေမဲ့ သူ့မှာ ပါမလာမှန်း သိလိုက်ရသည်။


ဒါနဲ့ လင်းချန်ရှန်းဟာ သူ့ရဲ့ လက်ကြမ်းကြီးနဲ့ပဲ သမီးလေးရဲ့ မျက်ဝန်းက မျက်ရည်တွေကို အသာအယာ သုတ်ပေးလိုက်သည်။ ဒါဟာ သူ့ရဲ့ အသက်သခင် သမီးအရင်းလေးပဲလေ။


"ဒီဘဝမှာ ဖေဖေ သမီးလေးကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး" လင်းချန်ရှန်းက ကတိပေးလိုက်သည်။ "သမီးက ဖေဖေ့ရဲ့ သမီးလိမ္မာလေးပဲ။ ဖေဖေ သမီးကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးမယ်။ မကြောက်နဲ့တော့နော်။ ဖေဖေက သမီးလေးကို အိမ်အလုပ်တွေ မလုပ်စေချင်တော့လို့ပါ။ ဖေဖေ ရှိနေပြီပဲ၊ အလုပ်တွေကို ဖေဖေပဲ လုပ်မယ်။ ပန်းကန်ဆေးတာကော တံမြက်စည်းလှည်းတာကော ဖေဖေပဲ လုပ်မယ်။ သမီးလေး ဘာမှလုပ်စရာ မလိုတော့ဘူး။"


အတိတ်ဘဝတုန်းက လင်းချန်ရှန်းဟာ ငွေတွေအများကြီး ရှာဖွေနိုင်ခဲ့ပြီး ကုမ္ပဏီအကြီးကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ဘာအဓိပ္ပာယ် ရှိမှာလဲ။ သမီးလေး မရှိတော့တဲ့နောက် သူဟာ တစ်ကိုယ်တည်း အထီးကျန်စွာ ကျန်ရစ်ခဲ့ရတာပဲ မဟုတ်လား။


လင်းချန်ရှန်းက သမီးလေးကို ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ဒီဘဝမှာတော့ သူ့သမီးလေးကို ဘယ်တော့မှ ဒုက္ခမခံစေရဘူးလို့ သူ သန္ဓိဋ္ဌာန်ချလိုက်သည်။


"နေစမ်းပါဦး... လင်းချန်ရှန်း က တကယ်ပဲ ပြန်ရောက်လာတာလား"


အဘွားအိုလင်း တစ်ယောက် လင်းချန်ရှန်း ပြန်ရောက်လာတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်းမှာပဲ မယုံကြည်နိုင်ဖြစ်သွားသည်။ 


လင်းချန်းရှန်းသည် ရှောင်းမန် ကို အသက်ထက်မက ချစ်မြတ်နိုးခဲ့သူဖြစ်ရာ မြို့ပေါ်အထိ လိုက်သွားပြီးမှ ဒီအတိုင်း လက်လျှော့ကာ အလွယ်တကူ ပြန်လာလိမ့်မည် မဟုတ်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။


အဘွားအိုလင်းသည် လင်းချင်းချင်း ကို မိန်းကလေးတစ်ယောက်မို့ ဂရုမစိုက်သော်လည်း၊ လင်းချန်ရှန်း သမီးဖြစ်သူအတွက် ထားရစ်ခဲ့မည့် ငွေကြေးကိုမူ မျက်စိကျနေခဲ့သည်။ အစောပိုင်းက သူမကိုယ်တိုင် ကလေးကို ထိန်းပေးမည်ဟု ဆိုခဲ့သော်လည်း လင်းချန်ရှန်းက သူမကို မယုံကြည်သဖြင့် အခြားလူတစ်ဦးကိုသာ အပ်နှံခဲ့သည်။


 သို့သော်လည်း ကျေးလက်တောရွာထုံးစံအရ ကလေးများကို တစ်ချိန်လုံး စောင့်ကြည့်မနေနိုင်ဘဲ ထမင်းစားချိန်မှသာ အိမ်ပြန်လာတတ်ကြသဖြင့် ကလေးမှာ လွှတ်ထားသလို ဖြစ်နေခဲ့ရသည်။


"ဟုတ်တယ်၊ ကျွန်တော် ပြန်လာပြီ"

လင်းချန်ရှန်း၏ လေသံမှာ အေးစက်တည်ငြိမ်နေသည်။


"ဒါဆို ရှောင်းမန်ကော... သူမကော ပါမလာဘူးလား"

အဘွားအိုလင်းက နဖူးကို အရေးအကြောင်းတွန့်ရင်း မေးလိုက်သည်။ သူမသည် ရှောင်းမန်နှင့် လင်းချန်ရှန်းတို့ ပြန်အဆင်ပြေသွားမည်ကို လုံးဝမလိုလားပေ။ 


အဘယ်ကြောင့်ဆိုသော် ရှောင်းမန်သည် ယခုအခါ တက္ကသိုလ်ကျောင်းသူ ဖြစ်သွားပြီမို့ လင်းချန်ရှန်းနှင့် မတန်တဆတော့ဟု သူမ တွေးမိသောကြောင့် ဖြစ်သည်။


တကယ်တော့ အဘွားအိုလင်း၏ ရင်ထဲတွင် မမည်သူ့ကိုမှ ဖွင့်မပြောဖူးသည့် ကြောက်မက်ဖွယ် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ... လင်းချန်ရှန်းသည် သူမ၏ သားအရင်း လုံးဝမဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လူကုံထံ အသိုင်းအဝိုင်းမှ လူအချို့က ကလေးတစ်ယောက်ကို ထိန်းကျောင်းပေးရန် သူမထံ လာရောက်အပ်နှံခဲ့ဖူးသည်။ ထိုကလေးမှာ လင်းချန်ရှန်းပင် ဖြစ်သည်။ 


ထိုအချိန်တွင် အဘွားအိုလင်း၌လည်း လအနည်းငယ်သာရှိသေးသည့် သားငယ်တစ်ယောက် ရှိနေသဖြင့် သူမ၏ စိတ်ထဲတွင် မရိုးသားသည့် လောဘဇောများ ရိုက်ခတ်သွားခဲ့သည်။


အနှစ်အနည်းငယ်အကြာတွင် ထိုလူများက ကလေးကို ပြန်လာတောင်းသည့်အခါ အဘွားအိုလင်းသည် လင်းချန်ရှန်း အစား သူမ၏ သားအရင်းကို လဲလှယ်၍ ထည့်ပေးလိုက်လေသည်။


ထို့ကြောင့် သူမသည် လင်းချန်ရှန်းကို စစ်တပ်ထဲ မဝင်စေချင်၊ အောင်မြင်မှုကို မရစေချင်သလို၊ မြို့ကြီးပြကြီးသို့လည်း မပြောင်းရွှေ့စေချင်ရခြင်း ဖြစ်သည်။ တစ်နေ့နေ့တွင် လင်းချန်ရှန်းက အမှန်တရားကို သိသွားမည် သို့မဟုတ် ထိုချမ်းသာသော မိသားစုက အမှန်တရားကို စုံစမ်းသိရှိသွားမည်ကို သူမ သေလုမတတ် ကြောက်ရွံ့နေမိသည်။


"သူမ ပြန်မလာဘူး"

လင်းချန်ရှန်းသည် အဘွားအိုလင်းကို စူးရှထိုးဖောက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။


ထိုကဲ့သို့ အရှိန်အဝါကြီးမားလှသော လင်းချန်ရှန်း၏ ပုံစံကြောင့် အဘွားအိုလင်းမှာ ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ ယခု လင်းချန်ရှန်း၏ တည်ရှိမှုက ယခင်ကထက် ပိုမို၍ ဖိအားပေးနိုင်လွန်းနေသည်။


သူမ ဘယ်သိနိုင်ပါမည်နည်း... လွန်ခဲ့သော ဘဝတွင် နှစ်ပေါင်းများစွာ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ပြီး ဝန်ထမ်းပေါင်းများစွာကို ထိပ်ပိုင်းကနေ ကွပ်ကဲအုပ်ချုပ်ခဲ့ဖူးသော လင်းချန်ရှန်း၏ သြဇာအာဏာနှင့် အရှိန်အဝါက ယခုဘဝတိုင်အောင် စီးဆင်းနေသည်ကို။


"ဒါ... အမေ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာတာ မဟုတ်ဘူးလား"

လင်းချန်ရှန်းက အေးစက်စွာ မေးခွန်းထုတ်ရင်း ဆက်ပြောလိုက်သည်။


"ကျွန်တော် ဘဝပျက်ပြီး အောက်ခြေကို ရောက်သွားတာကို မြင်ရတော့... အမေ အရမ်း ပျော်နေတယ်မို့လား"