CH 3
Viewers 27


"သမီးကို သူများဆီ ကလေးမယားအဖြစ် ရောင်းစားမယ်လို့ ဘယ်သူပြောတာလဲ"

လင်းချန်ရှန်းတစ်ယောက် ကြောက်လန့်တုန်ရီနေတဲ့ သမီးဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းခြင်းကြီးစွာ မေးလိုက်မိသည်။ 


ဒီလောက်အရွယ်ကလေးငယ်တစ်ယောက်ဟာ အစကတည်းက ဒီလိုကိစ္စမျိုးတွေကို သိနိုင်စရာ အကြောင်းမရှိ။ တစ်ယောက်ယောက်က သမီးလေးနားထဲ လာပြီး ကုန်းချောစကား ပြောထားတာ သေချာသည်။ ဒီလူတွေဟာ တကယ်ကိုပဲ အောက်တန်းကျလွန်းလှသည်။ အချင်းချင်း အတင်းအဖျင်း ပြောကြတာ ထားပါဦး၊ ကလေးသူငယ်တစ်ယောက်ရဲ့ ရှေ့မှောက်မှာမှ ဒီလိုအပြောအဆိုမျိုး ဘယ်လိုလုပ်ပြီး ပြောထွက်ကြရတာလဲ။


လင်းချန်ရှန်း သူ့ငယ်စဉ်ဘဝကို ပြန်တွေးမိသွားသည်။ သူငယ်ငယ်ကလည်း လူတွေရဲ့ ကဲ့ရဲ့ပြစ်တင် စကားတွေကို နားမခံသာအောင် ကြားခဲ့ဖူးသည်။ သူကိုယ်တိုင်တုန်းကတော့ ဒါတွေကို မမှုဘဲ လျစ်လျူရှုနိုင်ခဲ့ပေမယ့်၊ အခုတော့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ သမီးလေးကို မြင်ရတဲ့အခါ... သူအဝေး ရောက်နေတဲ့အချိန်မှာ သမီးလေးခမျာ ဘယ်လောက်တောင် စိတ်ဒဏ်ရာရပြီး ခံစားခဲ့ရရှာမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်ကျိုးရသည်။


လင်းချင်းချင်းကတော့ နှုတ်ဆိတ်နေဆဲ။ အမေဖြစ်သူက ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဖို့ မှာထားခဲ့သည်မဟုတ်လား။


"ကဲ... အရင် ထမင်းစားရအောင်နော်။"

သမီးလေး ခေါင်းငုံ့သွားတာကို မြင်တော့ လင်းချန်ရှန်းလည်း အတင်းအကျပ် ဆက်မမေးတော့ပါ။ အရင်ဘဝတုန်းက လင်းချန်ရှန်းသည် သမီးဖြစ်သူနှင့် အတူရှိချိန် နည်းပါးခဲ့သလို၊ သမီးလေးကလည်း သူ့ကို အနည်းငယ် ကြောက်ရွံ့ဟန်ရှိသည်။


 သူတစ်ပါးအပေါ် မပြောရဲ၊ မတိုင်ရဲတာကလည်း ကလေးသဘာဝမို့ ပုံမှန်ပါပဲ။ လင်းချန်ရှန်းက သမီးလေးရဲ့ခေါင်းကို ကြင်ကြင်နာနာ ပွတ်သပ်ပေးရင်း အမြန်စားဖို့ အချက်ပြလိုက်သည်။ သူ နောက်တစ်ကြိမ် ပြန်လည်မွေးဖွား လာပြီးတဲ့နောက်၊ တစ်မိနစ်လေး နောက်ကျသွားရင်တောင် သမီးလေးနဲ့ ထာဝရဝေးရတော့မလို ခံစားချက်ကြောင့် အပြေးအလွှား ပြန်လာခဲ့ရတာ ဖြစ်သည်။


သူပြန်လာတဲ့ လမ်းတစ်လျှောက်လုံးမှာ ဘာအစားအစာမှ ဝယ်မလာနိုင်ခဲ့။ သူ့စိတ်ထဲမှာ သမီးလေးရဲ့အသက်ကို ကယ်တင်ဖို့ကသာ ပထမဦးစားပေး ဖြစ်ခဲ့သည်။ သမီးလေးက တစ်လုပ်ချင်း မြိန်ရေရှက်ရေ စားနေတာကို ကြည့်နေရုံနဲ့တင် သူ့ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ပြည့်စုံသွားရသည်။


 အတိတ်ဘဝတုန်းကတော့ စီးပွားရေးကိစ္စတွေ၊ ပြီးတော့ ရှောင်းမန်လို လူစားမျိုးတွေနဲ့ လုံးပန်းနေရတာကလွဲရင် လင်းချန်ရှန်းသည် ဟင်းချက် ဝါသနာပါသူတစ်ဦး ဖြစ်ခဲ့ပြီး ထိပ်တန်းစားဖိုမှူးကြီးတွေဆီကပင် ပညာသင်ယူခဲ့သေးသည်။


 တကယ်လို့သာ သူ့သမီးလေး အသက်ရှင်နေဦးမယ်ဆိုရင် သမီးလေးအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအစာတွေကို ချက်ကျွေးချင်ခဲ့တာ။


သမီးလေး ကွယ်လွန်သွားတဲ့ အထိမ်းအမှတ်နေ့ ရောက်တိုင်းလည်း လင်းချန်ရှန်းဟာ သမီးလေးအတွက် ရည်စူးပြီး အကောင်းတကာ့ အကောင်းဆုံး ဟင်းပွဲတွေကို ပြင်ဆင်ပေးလေ့ရှိသည်။


 သာမန်ရက်တွေမှာလည်း သမီးလေးရဲ့ ဓာတ်ပုံရှေ့မှာ ကိုယ်တိုင်လုပ် မုန့်ပဲသရေစာတွေကို အမြဲမပြတ် ချကျွေးတတ်သည်။


ထိုပုံတူပန်းချီကားကို လင်းချန်ရှန်းက သူ့ရဲ့ မှတ်ဉာဏ်ထဲကအတိုင်း ပြန်လည်ရေးဆွဲထားခြင်း ဖြစ်သည်။ အရင်ကတော့ သူ၊ ရှောင်းမန် နဲ့ ရင်ခွင်ထဲက သမီးလေး လင်းချင်းချင်းတို့ ငယ်ငယ်က ရိုက်ထားတဲ့ မိသားစုဓာတ်ပုံလေး တစ်ပုံ ရှိခဲ့ဖူးသည်။


လင်းချန်ရှန်းက ထိုဓာတ်ပုံလေးကို အမြဲတမ်း ကိုယ်နဲ့မကွာ ဆောင်ထားခဲ့သော်လည်း ရှောင်းမန်က ဖျက်ဆီးပစ်ခဲ့သည်။ သမီးလေးရဲ့ ဓာတ်ပုံတစ်ပုံမှ မကျန်တော့တဲ့နောက်မှာတော့ သူဟာ ကိုယ့်အမှတ်သညာကိုပဲ အားကိုးပြီး သမီးလေးရဲ့မျက်နှာကို ပုံဖော်ဆွဲခဲ့ရသည်။


 သို့သော်လည်း အချိန်တွေ ကြာလာတာနဲ့အမျှ မှတ်ဉာဏ်တွေက ဝေဝါးလာတတ်သည်မဟုတ်လား။ လင်းချန်ရှန်းသည် သမီးလေးကို ပထမဆုံး ဆွဲခဲ့တဲ့ ပန်းချီကားကို ဘယ်တော့မှ မပြင်ရဲခဲ့။


 နောက်ပိုင်းမှာ သူ ချမ်းသာကြွယ်ဝလာပြီး နာမည်ကြီး ပန်းချီဆရာတွေကို ဘယ်လောက်ပဲ အဖိုးအခပေးပြီး အပ်အပ်၊ သမီးလေးရဲ့ စစ်မှန်တဲ့ ရုပ်သွင်ကို ဘယ်သူမှ ထပ်တူမကျအောင် မဆွဲနိုင်ခဲ့ကြပေ။


အစားအစာတွေအပြင် အရုပ်တွေ၊ အဝတ်အစားသစ်တွေကိုလည်း သမီးလေးရဲ့ ပုံတူပန်းချီရှေ့မှာ သူ အမြဲချထားပေးခဲ့သည်။


ဒါပေမဲ့လည်း ဘာထူးမှာလဲ...။ သမီးလေးကမှ လူ့လောကမှာ မရှိတော့တာ။ အဲဒီအရာတွေက စိတ်ဖြေသိမ့်ရုံသက်သက်ပဲ ဖြစ်ခဲ့တာပေါ့။


"မစိုးရိမ်နဲ့နော် သမီးလေး။ ဖေဖေက သမီးကို ဘယ်တော့မှ သူများဆီ မရောင်းဘူး။ သမီးက ဖေဖေ့ရဲ့ အသည်းအသက် ရတနာလေးပဲ" လင်းချန်ရှန်းက လေသံကို အတတ်နိုင်ဆုံး အနုညံ့ဆုံးဖြစ်အောင် လျှော့ပြီး ပြောလိုက်သည်။ 


"သမီးအမေက သမီးကို အလိုမရှိပေမယ့် ဖေဖေကတော့ သမီးကို လိုချင်တယ်။ ဖေဖေက သမီးလေးကို ကမ္ဘာပေါ်မှာ အပျော်ရဆုံး မိန်းကလေး ဖြစ်စေရမယ်။"


အတိအကျ ထိုအချိန်မှာပဲ တံခါးခေါက်သံ ခပ်ပြင်းပြင်း ထွက်ပေါ်လာသည်။


တံခါးဝမှာ ရောက်နေသူကတော့ ရှောင်းမန်နဲ့အတူ ပညာတတ်လူငယ်အဖြစ် ကျေးလက်ဒေသကို ဆင်းလာခဲ့တဲ့ သူငယ်ချင်းမလေး ကျောက်ရှင်းထုန် ဖြစ်သည်။


မြို့ပေါ်မတက်ခင်တုန်းက လင်းချန်ရှန်းသည် သမီးလေးကို ကျောက်ရှင်းထုန်လက်ထဲ အပ်နှံပြီး ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့ဖူးသည်။ လင်းမိသားစုဝင်တွေက သမီးလေးကို ကောင်းကောင်းမွန်မွန် ကြည့်ရှုစောင့်ရှောက်မှာမဟုတ်မှန်း သူသိလို့ အပ်ခဲ့ခြင်းဖြစ်သည်။


 ဒါပေမဲ့ ဘယ်သူက သိမှာလဲ... သမီးလေး ရေနစ်သေဆုံးရလိမ့်မယ်လို့။ လင်းချန်ရှန်း အိမ်ကို ဖုန်းဆက်မေးတဲ့ အချိန်တိုင်းမှာတောင် ကျောက်ရှင်းထုန်က သမီးလေး နေကောင်းပါတယ်၊ အားလုံး အဆင်ပြေပါတယ်လို့ပဲ မုသာဝါဒ သုံးခဲ့သည်။


ဒါကြောင့်လည်း လင်းချန်ရှန်းက ကျောက်ရှင်းထုန်ဆီကို ယုံကြည်ပြီး ငွေတွေ တောက်လျှောက် ပို့ပေးခဲ့တာပေါ့။ သူကိုယ်တိုင်ကတော့ ရှောင်းမန်ကို အိမ်ပြန်ခေါ်နိုင်ဖို့ မြို့ပေါ်မှာပဲ အခြေချနေထိုင်ခဲ့ရသည်။


အတိတ်ကို ပြန်တွေးမိတိုင်း လင်းချန်ရှန်းရဲ့ ရင်ထဲမှာ အာဃာတ တရားတွေနဲ့ ပြည့်လျှံလာရသည်။ သူ ဒီလူတွေကို မုန်းတီးသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ရွံရှာမိသည်။


"ရှောင်းမန်ကို တွေ့ခဲ့ပြီလား"

ကျောက်ရှင်းထုန်က မေးမြန်းရင်း လက်ထဲက ခြင်းတောင်းထဲက ဂေါ်ဖီထုပ်ကြီးတစ်ထုပ်နဲ့ ကြက်ဥနှစ်လုံးကို ထုတ်လိုက်သည်။


မြို့ကို မသွားခင်တုန်းက လင်းချန်ရှန်းဟာ ကျောက်ရှင်းထုန်ကို ငွေအတော်များများ ပေးခဲ့ဖူးသည်။ အခု သူပြန်လာတော့ ကျောက်ရှင်းထုန်က ထိုငွေတွေကို ပြန်မပေးချင်တော့ပေ။


"ဟင့်အင်း... မရှာတော့ဘူး" လင်းချန်ရှန်းက အေးစက်စက်ပဲ ပြန်ဖြေလိုက်သည်။


"မရှာတော့ဘူး ဟုတ်လား" ကျောက်ရှင်းထုန် အံ့အားသင့်သွားသည်။ လင်းချန်ရှန်းက ရှောင်းမန်ကို အသက်ထက်မက ချစ်ခဲ့တာ၊ အခုတော့ မရှာတော့ဘူးတဲ့လား။


"ဟုတ်တယ်၊ မရှာတော့ဘူး" လင်းချန်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။


ကျောက်ရှင်းထုန် အိမ်ထဲကို ဝင်လာတာနဲ့ လင်းချင်းချင်းတစ်ယောက် စားလက်စကို ချက်ချင်းရပ်လိုက်ပြီး တစ်လုပ်မှ ထပ်မစားတော့ပေ။ ကလေးမလေးက ကျောက်ရှင်းထုန်ကို အတော်လေး ကြောက်ပုံရသည်။


 ကျောက်ရှင်းထုန်နဲ့ ရှောင်းမန်ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေမို့ အမြဲတမ်း တီးတိုးတီးတိုး ပြောဆိုတတ်ကြပြီး နှစ်ယောက်စလုံးက လင်းချင်းချင်းကို မကြည်ကြချင်။


ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ ပြန်လည်ကျင်းပတဲ့အချိန်တုန်းက ကျောက်ရှင်းထုန်လည်း ဝင်ဖြေခဲ့ဖူးသော်လည်း ကျရှုံးခဲ့သည်။ ဒါက သူမကို အမြဲတမ်း စိတ်နာကျည်းစေခဲ့တာပေါ့။ သူမက အကြိမ်ကြိမ် အဖန်ဖန် ဖြေဆိုပြီး ကြိုးစားခဲ့ပေမယ့် ပထမဆုံးအကြိမ် ဝင်ဖြေတဲ့ ရှောင်းမန်ကသာ အောင်မြင်သွားခဲ့သည်။


ကျောက်ရှင်းထုန်နဲ့ ရှောင်းမန်ဟာ သူငယ်ချင်းတွေဆိုပေမယ့် ကျောက်ရှင်းထုန်မှာလည်း မနာလိုစိတ်နဲ့ အတ္တတွေ ရှိနေတာပါပဲ။ ရှောင်းမန်တစ်ယောက် စစ်ဗိုလ်တစ်ယောက်နဲ့ လက်ထပ်ခွင့်ရခဲ့တာကို ကျောက်ရှင်းထုန် အမြဲတမ်း မနာလိုဖြစ်ခဲ့ရသည်။ 


လင်းချန်ရှန်း နောက်ပိုင်းမှာ အလုပ်ပြောင်းသွားခဲ့ပေမယ့် သူက အလုပ်အကိုင် အတည်တကျရှိပြီး ရှောင်းမန်ဆီကို လတိုင်း လတိုင်း ငွေတွေ ပို့ပေးနိုင်ခဲ့သည်။ ကျောက်ရှင်းထုန်ရဲ့ ယောက္ခမအိမ်ကတော့ ဆင်းရဲပြီး အလုပ်အကိုင် မရှိတာကြောင့် မြေကြီးကို လက်သည်းနဲ့ကုတ်ပြီး ရုန်းကန်နေရရှာသည်။


"မရှာတော့တာလည်း ကောင်းတာပါပဲ" ကျောက်ရှင်းထုန်က ဆိုသည်။ "ဒါနဲ့... ရှင်တို့ လင်မယား ကွာရှင်းပြတ်စဲခြင်း လက်မှတ်ရော ရပြီလား"

ကျေးလက်တောရွာတွေမှာ လူအတော်များများက တရားဝင်လက်မှတ်မထိုးဘဲ လက်ထပ်လေ့ရှိကြတာမို့ လမ်းခွဲရင်လည်း ကွာရှင်းလက်မှတ် မလိုကြတာ အမှန်ပင်။


ဒါပေမဲ့ လင်းချန်ရှန်းနဲ့ ရှောင်းမန်ကတော့ မတူပါ၊ သူတို့မှာ တရားဝင် လက်ထပ်စာချုပ် ရှိသည်။


"..." လင်းးချန်ရှန်း နှုတ်ဆိတ်နေမိသည်။ ဟုတ်သားပဲ... သူတို့ ကွာရှင်းလက်မှတ် မရသေးတာကို သူ အမှတ်ရသွားသည်။


ရှောင်းမန်ကတော့ ထိုလက်မှတ်ကို ဂရုမစိုက်ခဲ့။ ကျေးလက်ဆင်း ပညာတတ်လူငယ်တွေ အများစုကလည်း ဒါကို သိပ်အရေးမလုပ်ကြပါ။ အဲဒီခေတ်အချိန်အခါက နောက်ပိုင်းနှစ်တွေလို မဟုတ်။ အင်တာနက်လည်း မထွန်းကားသေးသလို၊ ဒေသတစ်ခုနဲ့တစ်ခု အချက်အလက် ချိတ်ဆက်မှုကလည်း မရှိသလောက်ပင်။ ကိုယ့်မှာ လူပျို/အပျို အပျိုစင်ဖြစ်ကြောင်း ထောက်ခံစာရှိရင်ပဲ နောက်ထပ် အိမ်ထောင်ပြုလို့ ရနေပြီ။


 လူအတော်များများက လင်ပြိုင်မယားပြိုင် စနစ်ကို ကျူးလွန်နေကြပေမယ့် တစ်ယောက်ယောက်က တကူးတက လိုက်မစုံစမ်းသရွေ့ ဖော်ထုတ်ဖို့ ခက်ခဲလှသည်။


"ဒါကို ငါ့ဘာသာပဲ ဖြေရှင်းလိုက်မယ်" လင်းချန်ရှန်းက ပြောလိုက်သည်။ အတိတ်ဘဝတုန်းက သူ ရှောင်းမန်ကို သွားရှာတဲ့အချိန်မှာ သူမက ကွာရှင်းလက်မှတ်ကို လုံးဝ ဂရုမစိုက်ခဲ့တာကို သူ သတိရသည်။ ဒါပေမဲ့ လင်းချန်ရှန်းက သူမကို ပြန်လိုက်တောင်းပန်တဲ့အခါကျမှ... ရှောင်းမန်က သူတို့ တရားဝင် မပြတ်စဲရသေးတာကို သူတပါးသိသွားမှာ ကြောက်တာကြောင့် "အစကနေ ပြန်စကြရအောင်" လို့ လှည့်စားပြီး ကွာရှင်းလက်မှတ် ထိုးခိုင်းခဲ့တာ ဖြစ်သည်။


ရလဒ်ကတော့... ရှင်းပါတယ်။ နှစ်ယောက်သား အစကနေ ပြန်မစဖြစ်ခဲ့ဘဲ ရှောင်းမန်တစ်ယောက် နောက်လင်နဲ့ အိမ်ထောင်သစ် ထူထောင်သွားခဲ့တာပေါ့။


"နောက်ဆို သမီးလေးကို ငါ့ဘာသာပဲ စောင့်ရှောက်တော့မယ်" လင်းချန်ရှန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ "နင့်ကို ကူညီစောင့်ရှောက်ပေးခအဖြစ် (၂) ယွမ် ပေးမယ်။ ကျန်တဲ့ (၈) ယွမ်ကိုတော့ အခု ပြန်ပေးပါ။"


လင်းချန်ရှန်း သူ့သမီးလေးကို လှမ်းကြည့်လိုက်သည်။ သမီးလေးဟာ ဗိုက်ဆာနေတာ ထင်ရှားပါလျက်နဲ့ အစာစားတာကို ရပ်ထားသည်။ ကျောက်ရှင်းထုန်က သမီးလေးအပေါ်မှာ ဘယ်လောက်တောင် သြဇာညောင်းပြီး ခြောက်လှန့်ထားသလဲဆိုတာ သူ ရိပ်မိလိုက်ပြီ။ 


သူ ကျောက်ရှင်းထုန်ကို ဒီမှာ ဆက်မထားနိုင်တော့သလို၊ သမီးလေးကိုလည်း ကျောက်ရှင်းထုန်အပေါ် ထားတဲ့ သူ့ရဲ့ သဘောထားအမှန်ကို ပြသဖို့ လိုအပ်နေပြီ။


ဒါပေမဲ့... အတိတ်က ဆိုးဝါးတဲ့ ကိစ္စတွေက (ဒီဘဝမှာ) မဖြစ်ပျက်သေးတာမို့ ကျောက်ရှင်းထုန်နဲ့ အခုချက်ချင်း အဆင်မပြေဖြစ်ဖို့တော့ မသင့်သေးပါ။ အထူးသဖြင့် သူမရဲ့ ခင်ပွန်းက လင်းမိသားစုရဲ့ ဆွေမျိုးတော်စပ်နေတာကြောင့် ဖြစ်သည်။


လင်းချန်ရှန်းအနေနဲ့ ဒီရွာမှာ လုံးဝ အားကိုးရာမဲ့နေတာမျိုးတော့ မဟုတ်။ သို့သော်လည်း သမီးလေးကို ခေါ်ပြီး ရွာကနေ မထွက်ခွာနိုင်သေးသရွေ့ လူတွေနဲ့ ဆက်ဆံရေးကို တင်းမာအောင် မလုပ်တာ အကောင်းဆုံးပဲ။ အခုမှ နိုင်ငံရေးမူဝါဒတွေက ပွင့်လင်းစပြုလာတာမို့ ကန့်သတ်ချက်တွေက အများကြီး ရှိနေသေးသည်။ 


လင်းချန်ရှန်းအနေနဲ့ ဒီလိုအချိန်မှာ ဒီလူတွေနဲ့ အသေးအဖွဲကိစ္စတွေအတွက် အငြင်းပွားပြီး အချိန်မကုန်ချင်ပါ။


ဒီနာကျည်းချက်တွေနဲ့ ရန်ကြွေးတွေကိုတော့ သူ မလွဲမသွေ ပြန်ဆပ်ရမှာဖြစ်ပေမယ့်၊ သင့်တော်တဲ့အချိန်နဲ့ နည်းလမ်းကိုတော့ စောင့်ဆိုင်းရွေးချယ်ရမည်။


ဖခင်တစ်ယောက်အနေနဲ့ သူ စိတ်လိုက်မာန်ပါ မလုပ်နိုင်ပါ။ သွေးအေးအေးနဲ့ အကွက်စေ့ဖို့ လိုသည်။


"ဟို... ဟိုလေ..." ကျောက်ရှင်းထုန်ရဲ့ လက်ထဲမှာ (၈) ယွမ် မရှိတော့ပါ။ ပိုက်ဆံရရချင်းပဲ သူမက ဈေးကိုသွားပြီး အဝတ်အစားတွေနဲ့ တခြားအသုံးအဆောင်တွေကို ဝယ်ပစ်ခဲ့တာ။ ကျောက်ရှင်းထုန်က ထိုငွေတွေကို မိသားစုအတွက်ပဲ သုံးစွဲခဲ့ပြီး လင်းချင်းချင်းအတွက် သုံးဖို့ တစ်ပြားမှ မစဉ်းစားခဲ့ပေ။ သူမ ဉာဏ်ဆင်ပြီး ချက်ချင်းပဲ... "ချင်းချင်းရဲ့ အဝတ်တွေက ဖာထေးနေရတာ မြင်လို့လေ၊ ဒါကြောင့် သမီးလေးအတွက် အဝတ်အထည်အသစ်တွေ လုပ်ပေးဖို့ ချည်သားတွေ သွားဝယ်လိုက်တယ်။ ပြီးတော့ စောင်အသစ်တစ်ထည် လုပ်ပေးဖို့ ဂွမ်းတွေလည်း ဝယ်ထားတယ်။ ပိုက်ဆံက ကုန်သလောက် ဖြစ်နေပြီ။"


"ဒါဆိုရင်လည်း ဘယ်လောက်ကုန်သွားလဲ စာရင်းတွက်ပြီး အဲဒီပစ္စည်းတွေကို ငါ့ကိုပေးပါ" လင်းချန်ရှန်းက လျှော့မပေးဘဲ ဇွတ်အတင်း ပြောလိုက်သည်။ "ကျန်တဲ့အကြွေကိုတော့ ပြန်ပေးပေါ့။"


ကျောက်ရှင်းထုန် လင်းချန်ရှန်းဆီက ဒီလို အတင်းအကျပ် တောင်းဆိုမှုကို မမျှော်လင့်ထားခဲ့မိ။ သူမက အလုပ်အကိုင် အမယ်မရှိတော့ ငွေအမြောက်အမြား မကိုင်နိုင်။ ပိုက်ဆံတွေကလည်း ယောက္ခမလက်ထဲမှာမို့ ပြန်ထုတ်ဖို့ မလွယ်ကူပါ။


သူမ မြို့ကိုပြန်နိုင်ဖို့ မိသားစုဝင်တွေကို စည်းရုံးတဲ့အနေနဲ့ ပစ္စည်းအများကြီး ဝယ်ခြမ်းပေးခဲ့ပြီးပြီ ဖြစ်သည်။


"ပိုက်ဆံတွေ အကုန်လုံး သုံးပစ်လိုက်ပြီလို့တော့ မပြောနဲ့နော်" လင်းချန်ရှန်းက နှာခေါင်းရှုံ့ရင်း သရော်လိုက်သည်။ "အဲဒီပစ္စည်းတွေက ငါ့သမီးအတွက် ဝယ်တာ၊ နင့်အတွက် မဟုတ်ဘူး။"


"မဟုတ်... မဟုတ်ပါဘူး" ကျောက်ရှင်းထုန် စကားတွေ ထစ်ကုန်သည်။


"နင် ငါ့ကလေးကို နှစ်ရက် စောင့်ရှောက်ပေးတာကို ငါက ထိုက်ထိုက်တန်တန် စောင့်ရှောက်ခ ပေးပြီးပြီလေ၊ အဲဒါ နင်ရသင့်ရထိုက်တာပဲ" လင်းချန်ရှန်းက အေးစက်စက် ဆိုလိုက်သည်။ "ဒါပေမဲ့ ကျန်တဲ့ ပိုက်ဆံကျတော့..."


"ရက်ပိုင်းလောက် စောင့်ပေးလို့ ရမလား" ကျောက်ရှင်းထုန် တောင်းပန်တိုးလျှိုးလိုက်ရသည်။


"ငါ နင့်ကို ပိုက်ဆံအကြွေမဟုတ်ဘဲ ငွေစက္ကူ (၁၀) ယွမ်အပြည့် ပေးခဲ့တာနော်" လင်းချန်ရှန်းက ဖိပြောလိုက်သည်။ "နှစ်ရက်လေးအတွင်းမှာ လက်ထဲ ပိုက်ဆံတစ်ပြားမှ မကျန်တော့အောင် သုံးပစ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။"


လင်းချန်ရှန်း ကျောက်ရှင်းထုန်ကို မိန်းကလေးတစ်ယောက်မို့ ငဲ့ညှာမနေတော့ပါ။ ထိုအမျိုးသမီးက အတိတ်ဘဝတုန်းက သမီးလေးရဲ့ သေဆုံးမှုကို တမင်သက်သက် ဖုံးကွယ်ပြီး သူ့ဆီကနေ ပိုက်ဆံတွေ လိမ်လည်တောင်းခံခဲ့တာ ဖြစ်သည်။ ဒါဟာ တကယ်ကို ယုတ်မာပက်စက်လွန်းသည်။


 ထိုခေတ်အခါက (၁၀) ယွမ်ဆိုတာ သေးငယ်တဲ့ပမာဏ မဟုတ်သလို၊ ကျောက်ရှင်းထုန်ကလည်း ကလေးကို ကောင်းကောင်းမွန်မွန် ကြည့်ရှုစောင့်ရှောက်ခဲ့တာ မဟုတ်ပေ။


"ရ... ရပါတယ်" ကျောက်ရှင်းထုန် ဒေါသတွေ ပေါက်ကွဲမတတ် ဖြစ်သွားရပေမယ့်၊ လင်းချန်ရှန်းရှေ့မှာတော့ အတတ်နိုင်ဆုံး ဟန်ဆောင်နေရဆဲ။ ရွာသားတွေ သိသွားရင်လည်း သူမ ပိုက်ဆံတွေ အကုန်သုံးပစ်တယ်ဆိုပြီး သိက္ခာကျရဦးမည်။ ကျောက်ရှင်းထုန်က လင်းချင်းချင်းကို လှည့်ကြည့်ပြီး... "ချင်းချင်းလေး... ဘာလို့ မစားတာလဲသမီးရဲ့။ ဒီမုန့်ဟင်းခါးရည် စွပ်ပြုတ်က အေးကုန်တော့မယ်။"


"နင် အရင်ပြန်နှင့်တော့။ ပြီးမှ ငါ နင့်အိမ်ကို လာယူမယ်" လင်းချန်ရှန်းက နှင်ထုတ်လိုက်သည်။


နွေရာသီဖြစ်သော်လည်း လင်းချန်ရှန်းသည် သမီးလေးကို ဟင်းရည်အေးကြီး မတိုက်ချင်ပါ။ အေးသွားရင် အရသာ ပျက်သွားလိမ့်မည်။ သမီးလေးအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းတွေနဲ့ မချက်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေရတဲ့ ကြားထဲ၊ သမီးလေးကို ဗိုက်ဆာအောင် ထပ်ပြီး မထားနိုင်တော့ပါ။


ကျောက်ရှင်းထုန်လည်း လက်ဗလာ ခြင်းတောင်းကို ဆွဲပြီး အမြန်ပဲ ထွက်ခွာသွားရတော့သည်။ လင်းချန်ရှန်းက ဂေါ်ဖီထုပ်နဲ့ ကြက်ဥတွေကိုတော့ ပြန်မပေးခိုင်းတော့ပါ။ အလွန်ဆုံးတော့ သူ ဝယ်လိုက်တယ်လို့ပဲ သဘောထားလိုက်တော့မည်။


"ချင်းချင်းလေး... မြန်မြန်စားနော်" လင်းချန်ရှန်းက သမီးလေးကို ကြင်နာစွာ ကြည့်ရင်း ပြောလိုက်သည်။ "ဒီလူတွေက လူကောင်းတွေ မဟုတ်ဘူး။ သမီး သူတို့ကို ဂရုစိုက်နေစရာ မလိုဘူး။ ဖေဖေ သမီးကို ကာကွယ်ပေးမယ်။"


"..." လင်းချင်းချင်း ဘာမှ ပြန်မပြောရှာပါ။ သူမရဲ့ ဝိုင်းစက်ပြီး ရေဝိုင်းနေတဲ့ မျက်ဝန်းလေးတွေနဲ့ လင်းချန်ရှန်းကို ငေးကြည့်နေမိသည်။ မျက်ဝန်းလေးတွေက အနည်းငယ် နီမြန်းနေရှာသည်။


သူတို့က လူကောင်းတွေ မဟုတ်ဘူးလား...? ဒါဆို သူတို့က လူဆိုးတွေပေါ့နော်...

လင်းချင်းချင်း စကားမှားသွားရင် ဖေဖေ စိတ်ဆိုးမှာ ကြောက်တာကြောင့် စကားတစ်လုံးမှ မဟရဲရှာပါ။ ဖေဖေက သူမကို စွန့်ပစ်မသွားဘဲ၊ ရောင်းမစားဘူးဆိုရင်တင် သူမဟာ အလိမ္မာဆုံး ကလေးလေး ဖြစ်အောင် နေပါ့မယ်လို့ စိတ်ထဲက ကျုံးဝါးနေမိသည်။


သမီးလေးရဲ့ နှုတ်ဆိတ်မှုကို မြင်ရတော့ လင်းချန်ရှန်း ရင်ထဲမှာ အတိုင်းမသိ သနားစရာ ကောင်းလှသည်။ သမီးလေး သူ့ရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုတွေကို နားလည်လာအောင် သူ ဖြည်းဖြည်းချင်းပဲ သက်သေပြရပေဦးမည်။ သူ သမီးလေးကို တကယ်ကိုပဲ အသက်ထက်မက မြတ်နိုးတန်ဖိုးထားတာမို့...။


ကျောက်ရှင်းထုန် တစ်ယောက် အိမ်ပြန်ရောက်တဲ့အခါ အလွန်အမင်း စိတ်ဆိုးဒေါသထွက်ပြီး ခင်ပွန်းဖြစ်သူ ရွှီယူချိုင်ကို ချက်ချင်းပဲ သွားရောက် တိုင်တောလေတော့သည်။


"တော့်ဝမ်းကွဲအစ်ကိုကတော့ တကယ့်လူပဲတော်။ တို့တွေက သူ့သမီးကို ဝိုင်းကူကြည့်ပေးတာကို... အခု သူပြန်လာတော့ ပိုက်ဆံတွေကို ပြန်တောင်းနေတယ်။ ငါကလည်း အကုန်သုံးပစ်လိုက်ပြီ၊ ပြန်ပေးစရာ တစ်ပြားမှ မရှိတော့ဘူး။ သူက ခဏနေရင် အိမ်ကို ပိုက်ဆံလာယူမယ်တဲ့။ တို့တွေ ဘာလုပ်ကြမလဲ... အခု ဘာလုပ်ရမလဲလို့။"