အပိုင်း ၄၂၃-၄၂၄
Viewers 21k

Part 423


စောင်ပိုင်းကြီးက လျှော်၍ပြီးလုလုဖြစ်နေပြီး ကောင်လေးများကလည်း ထပ်ကာထပ်ငါ ရေလျှော်နေကြသည်။ ရှောင်ဝမ်ကလည်း ရေထဲတွင်ငါးလေးတစ်ကောင်လိုကူးခတ်ရင်း ကူညီပေးနေသည်မှာ ကမ်းစပ်တွင် အဝတ်လျော်နေသော အမျိုးသမီးများထက်ပင် စောင်ကိုပိုမိုပြောင်စင်အောင်လျော်နိုင်နေလေသည်။


ထို့နောက်တွင် တဝမ်နှင့်အားဝမ်က စောင်ကို အခေါက်ရေအနည်းငယ်ခေါက်လိုက်ပြီး ရေညှစ်လေသည်။

"တစ်နှစ်သုံး.... တစ်နှစ်သုံး..."


လင်းလန်ကို ပယ်ထားကြသော အမျိုးသမီးများက ယခုတွင် ကလေးများက လင်းလန်၏အလုပ်ကိုကူညီပေးနေကြောင်းတွေ့၍ မနာလိုဖြစ်လာကြပြီး မကြည့်ဘဲမနေနိုင်ကြတော့ပေ။


ရေညှစ်ပြီးနောက်တွင် ခြင်းတောင်းထဲပစ်လိုက်ပြီး တဝမ်က ကောက်ရိုးအနည်းငယ်ကိုခင်းကာ စောင်ကို နေပူထဲတွင်ဖြန့်ခင်းလိုက်သည်။ ထို့နောက်တွင် စောင်ပါးများနှင့်အဝတ်များဖြစ်သည်။ သူတို့အကုန်လျှော်ပြီးချိန်တွင် စောင်ပါးများက ခြောက်လုနီးပြီဖြစ်၍ အိမ်ပြန်ရောက်ချိန်တွင် လှမ်းစရာနေရာမရှိမည်ကို ပူစရာမလိုပေ။


"ဒီကလေးတွေကတကယ် ကူညီကြတာပဲ...."

အမျိုးသမီးများက ရေရွတ်ကြသည်။


စန်းဝမ်က စောင်ပိုင်းကြီးများ အကုန်လျော်ပြီး၍ စောင်ပါးများနှင့် ဂွမ်းကပ်အနွေးထည်များသာကျန်တော့ကြောင်း မြင်လိုက်ရ၍ အော်လေသည်။ သူက သူ့ကိုယ်သူ အသုံးမလိုတော့ဟုတွေးမိခြင်းဖြစ်သည်။


"မာမား... သား ဂလူတန်လုပ်ချင်လို့..."


လင်းလန်: "သားရဲ့ဒုတိယအစ်ကိုကိုပဲလုပ်ခိုင်းလိုက်ပါ... သွားရှုပ်မနေနဲ့...."


အားဝမ်က လက်သုတ်လိုက်သည်။

"ပထမဆုံး ဂလူတန်ကိုထုတ်ပြီး စားပြီးရင် ကပ်လိုက်ရမှာ..."


စန်းဝမ်က စမ်းသပ်ချင်စိတ်တို့တအားများနေသည်။


"အစ်ကိုကြီးက စားပြီးပြီလေ.. အခုသားလုပ်အလှည့်လေ... လေ့ကျင့်ထားပါတယ်..."

သူက အလွန်စိတ်လှုပ်ရှားနေပြီး သူ့အကြီးဆုံးအစ်ကို အလွန်မိမိုက်ချင်နေသည်။

 

သူတို့က  ပုစဉ်းရင်ကွဲဖမ်းရန် ဂျုံချောမှုန့်ကို ဂလူတန်လုပ်ရန် တကယ်သုံးကြောင်း ကြားသောအခါ  အမျိုးသမီး အတော်များများ ပေါက်ကွဲလုမတတ်ဖြစ်သွားကြသည်။


 “ဘာလို့ အစားအသောက်တွေ ဒီလောက် ဖြုန်းတီးနေကြတာလဲ” 


 တစ်စုံတစ်ယောက်က ဒေါသတကြီး ငြီးတွားလေ၏။

 “ဘုရားသခင်က မိုးကြိုးပစ်မှာ မကြောက်ဘူးလားမသိ..."


 ယင်းက ပုံမှန်အသုံးပြုနေကျမဟုတ်သည့် ကျိန်ဆဲစကားဖြစ်လေသည်။


၎င်းကို ကြားသောအခါ  လင်းလန် ဒေါသထွက်သွား၏။ယခင်က သူတို့ သူမကို ဆန့်ကျင့်ခဲ့ကြသော်လည်း သူမ အလေးအနက်မထားခဲ့ပေ။ သို့ပေမဲ့ ယခု သူမကလေး ဂလူတန်လုပ်သည်က သူတို့မိသားစုနှင့် ဘာမှမဆိုင်ချေ။ သူတို့မှာ ဘာအကဲဖြတ်ပိုင်ခွင့်ရှိလို့လဲ... ဘုရားသခင်က မိုးကြိုးပစ်မယ်ဟုတ်လား...သူတို့မိုးကြိုးပစ်မယ်ပြောတာနဲ့ပဲ မိုးကြိုးကပစ်မှာတဲ့လား...


သူမကလည်း အတော်လေး စိတ်တိုနေသည့် လေသံဖြင့်ပြောလိုက်၏။

"ဘယ်လိုလုပ်အစားအသောက်ကိုဖြုန်းတီးတာဖြစ်မှာလဲ...ပုစဥ်းရင်ကွဲကလည်း အသားမဟုတ်ဘူးလား"


 "ဘယ်နှစ်ကောင် ကပ်ဖမ်းနိုင်မှာမလို့လဲ...ဂျုံနဲ့ အချိန်တွေကို ဖြုန်းတီးဖို့ မလုံလောက်ဘူး.. အဲဒီအားနဲ့ဆိုရင်  မြက်ရိတ်ပြီး အလုပ်အမှတ်တွေ ရနိုင်တယ်” 


လင်းလန်က သားသမီးတွေကို   အလွန်အမင်း အလိုလိုက်ခြင်းအတွက် အမျိုးသမီးများ မပျော်မရွှင်ဖြစ်နေကြသည်။


 "ရှင်ကဘယ်လို  ကပ်ဖမ်းရမလဲမသိဘဲနဲ့အခြားသူတွေကို အစားအသောက်တွေ ဖြုန်းတီးနေတယ်လို့ပြောနေတယ်...ရှင့်လိုပဲ လူတိုင်းက တုံးအနေကြတယ်များထင်​နေလား" 


လင်းလန်က သရော်လိုက်၏။


 တဝမ် မူလက ပုစဥ်းရင်းကွဲ သွားမဖမ်းချင်သော်လည်း ယခု လင်းလန်ပြောသည်ကို  ကြားသောအခါ  စောင်များကို ပစ်ချကာ ညီများကို ခေါ်ပြီး ပုစဥ်းရင်ကွဲသွားဖမ်းတော့သည်။


ရှောင်ဝမ်က ချက်ချင်းပင် ကမ်းပေါ်သို့တက်ကာ ကျောက်ပြားကြီးပေါ်တွင် ရပ်လျက် လင်းလန်ကို သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေများကို သုတ်ပေးရန်အတွက် အကူအညီတောင်းလေ၏။ ၎င်းနောက် သူ့စွပ်ကျယ်ကိုဝတ်ကာ ဘာဂျာကို ကျောပေါ်တင်ပြီး ဆိုသည်။


 "မားမား...သားစန္ဒယားတီးနည်းသင်ထားမယ်...သူတို့ အကိုကြီးဆီကအကပ်ခံရတာ ပိုပျော်အောင်လို့လေ"

(သူတို့=ပုစဥ်းရင်ကွဲတွေ)


ဘေးနားရှိ အမျိုးသမီးများက နားထောင်ပြီး နှုတ်ခမ်းစူကာ အချင်းချင်းကျိတ်ရယ်ကြသည်။


လင်းလန်က ကလေးတွေကို သွားခိုင်းလိုက်၏။ သူမဘာသာသူမ  လျှော်ဖွပ်လို့ရလေသည်။မိုင်စွေ့က မသွားချင်သဖြင့် ဆက်နေပြီး  သူမကိုအဝတ်ကူလျှော်ပေး၏။


ကလေးများ ပုစဉ်းရင်ကွဲသွားရှာသောအခါ ဗိုက်မဆာစေရန်အတွက် သူတို့ဗိုက်ဖြည့်နိုင်အောင်   ပန်ကိတ်နှင့်အချဉ်များ သူတို့ဆီယူလာကြသည်။  


ပန်ကိတ်စားပြီးနောက် လင်းလန်နှင့် မိုင်စွေ့က နောက်တစ်ကြိမ် ထပ်လာစရာ မလိုတော့အောင် ရေချိုးပြီးမှ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်၏။ 


 တချို့အမျိုးသမီးတွေ ရေချိုးပြီး ထွက်သွားကြပြီး တချို့က ညစာစားပြီး ပြန်လာကြသည်။ လင်းလန်က လျှော်ဖွပ်နေတုန်းဖြစ်သည်ကို တွေ့ သောအခါ   အချို့က ရယ်ပြီးဆိုကြ၏။ 


“အလို... ဒီနေ့ နင်ဘာလို့ အဲ့လောက် လုပ်ကိုင်နေတာလဲ...လျှော်ဖွပ်ဖို့ကို တစ်နေကုန်တယ်" ဟု 


ချီးမွမ်းစကားလိုလို ဘာလိုလိုဖြစ်သော်လည်း

သက်ဆိုင်သူအနေဖြင့် ၎င်းကို  ကြားလျှင် လင်းလန်က အလုပ်အားရက်တွေမှာ ပျင်းနေပြီး ဒီနေ့မှ  လုံ့လစိုက်ဟန်ဆောင်နေသည်ဟု  လှောင်ပြောင်နေမှန်း ပြောနိုင်လေသည်။ 


လင်းလန်က ပြုံးပြီးဆို၏။


 "မတတ်နိုင်ဘူး...စောင်နဲ့အဝတ်တွေ အရမ်းများနေတော့ တစ်ရက်တည်းတောင် ကုန်အောင်မလျှော်နိုင်ဘူး" 


 သူ့မစကားကြားပြီးသည့်နောက်မှာ အမျိုးသမီးအနည်းငယ်၏မျက်နှာက သိပ်မကောင်းတော့ချေ။ အိမ်မှာ စောင်တစ်ထည်တည်းရှိပါက တစ်နှစ်တစ်ခါလျှော်ရုံဖြစ်သဖြင့် သိပ်ဒုက္ခမများပေ။


ထို့အပြင် ၎င်းတို့အိမ်ရှိ ဂွမ်းကပ်ထည်များက မလျှော်မီ တစ်နှစ်ခွဲကျော်ကြာ ဝတ်ဆင်ထားခဲ့ပြီး ညစ်ပတ်စုတ်ပြတ်နေခဲ့သည်။ထိုဟာများကို ဆပ်ပြာရေတွင် စိမ်ကာ တုတ်ပုတ်နှင့်  ရိုက်ပြီးနောက်တွင် အနက်ရောင် ရေများ လွင့်ထွက်လာခဲ့သည်။


သူတို့က လင်းလန်နှင့် စကားမပြောကြတော့သလို  လင်းလန်ကလည်း ဂရုမစိုက်မနေပေ။ အဝတ်လျှော်ရုံလေးကို ဘာလို့  ဒရာမာတွေ ဒီလောက်များနေရတာလဲ...


ရလဒ်အနေဖြင့် သူမနှင့်မိုင်စွေ့ ရေချိုးခါနီးတွင် ကလေးတွေက  ပုစဥ်းရင်ကွဲဖမ်းပြီးနောက် ဤနေရာသို့ ပြန်ရောက်လာကြသည်။


စန်းဝမ်: "မားမား ကြည့်..."


 အမျိုးသမီး အများအပြားက ခေါင်းလှည့်ကာ ကြည့်ကြပြီး မျက်လုံးတွေအကုန်လုံးက မှေးကျဥ်းသွားကြသည်။ဒါအတုကြီးလား... ပုစဉ်းရင်ကွဲတွေအများကြီး ဘယ်သူက ကပ်နိုင်မှာလဲ...


ပုစဉ်းရင်ကွဲတွေ သယ်လာသည့် ကလေးကို ကြည့်လိုက်သောအခါ  ၎င်းပုစဉ်းရင်ကွဲတွေက အော်မြည်ပြီး ပျံသန်းချင်နေကြပေမဲ့ ကံမကောင်းစွာနှင့်  သူတို့၏အတောင်တော်တော်များများ ဆုတ်ဖြဲခံထားရပြီး မပျံသန်းနိုင်ခဲ့ပေ။


လင်းလန်က ရယ်ပြီးဆိုလိုက်သည်။

 "အိုးး ဂလူတင်တစ်ဖဲ့က  ပုစဉ်းရင်ကွဲတွေ အများကြီး လဲရတာပဲ...ဒါတွေအားလုံးက ဝက်သားထက် ပိုအရသာရှိတယ်"


အမျိုးသမီး အများအပြားက အဝတ်မလျှော်ဘဲ အားလုံး ခေါင်းလှည့်ကာ တဝမ်ပုစဥ်းရင်ကွဲဖမ်းသည်ကို ကြည့်လိုက်ကြသည်။ 


တဝမ်က အစွန်းမှာ ဆူးသေးသေးမျှင်မျှင်လေးတွေ  ချည်ထားသည့် ဝါးလုံးရှည် ကိုင်ထားပြီး ဆူးတွေကို ဂလူတန်နှင့် ရစ်ပတ်ထားသည်ကို သူတို့တွေ့လိုက်၏။ သူသည် မလှုပ်မယှက်နှင့် ပေါ့ပလာပင်အောက်တွင် ငြိမ်သက်စွာ ရပ်နေပြီး ၎င်းကို မျက်လုံးများဖြင့်ပဲ ကြည့်ကာ သေချာသောအခါတွင် ပုစဉ်းရင်ကွဲတစ်ကောင်ကို ကပ်ချလိုက်သည်။


ကပ်သွားသောအခါ သူက ဝါးလုံးကို ပစ်ချလိုက်ပြီး အားဝမ် ချက်ချင်းပင် ပုစဉ်းရင်ကွဲကို  ပြေးခွာကာ ဂလူတန်အကြွင်းအကျန်များကို ဖယ်ရှားလိုက်၏။ ၎င်းနောက် ဂလူတန်ကို စစ်ကြည့်ပြီး မလုံလောက်ပါက  ထပ်ပတ်လိုက်သည်။


Xxxxxxx

Part 424


သို့သော် တဝမ် ပုစဉ်းရင်ကွဲများပေါ်မှာ ကပ်သောအခါတွင် သူ၏ လှုပ်ရှားမှုများက သေးငယ်သောကြောင့် ကြောက်လန့်သွားသော ပုစဉ်းရင်ကွဲများက ရှားရှားပါးပါးဖြစ်ပြီး သူတို့က ပျံတက်သွားလျှင်ပင် အနီးနားရှိ သစ်ပင်များပေါ်တွင် ဆင်းသက်နေဆဲဖြစ်သည်။


အမျိုးသမီးတွေက ခဏလောက်  စောင့်ကြည့်နေခဲ့ချိန် တဝမ်က ငါးကောင်ခြောပ်ကောင်ခန့်ကပ်မိခဲ့၏။


မြန်လိုက်တာ...


ပေါက်စလေးက ပို၍ပင်  အံ့သြစရာကောင်းပြီး ဘာဂျာကို ညင်ညင်သာသာ တီးမှုတ်နေသည်ကို သူတို့တွေ့လိုက်ရသည်။ ပုစဥ်းရင်ကွဲကို မူးအောင်လုပ်နိုင်တာ ဖြစ်နိုင်လို့လား...  တကယ်မတုံးတာလား ဘာလား မသိတော့ဘူး... 


သူတို့သာဆိုလျှင်  မှုတ်နိုင်မလားမသိပေမဲ့  ရှောင်ဝမ်က အားစိုက်ထားပြီး မှုတ်နေ၏


။အဘယ်ကြောင့်ဆိုသော် စန်းဝမ်က ပုစဉ်းရင်ကွဲမျးသည် တစ်လကြာပြီးနောက် သေသွားမည်ဖြစ်သဖြင့် သူတို့၏အစာအိမ်များ ရွှန်းရွှန်းဝေပြီး ပူနွေးမှုကို အထောက်အကူဖြစ်စေရန်အတွက် ၎င်းတို့ကို ကပ်၍ စားသောက်သင့်သည်ဟု ဆိုသောကြောင့်ဖြစ်လေသည်။


ရှောင်ဝမ်အနေဖြင့် ပုစဉ်းရင်ကွဲများက အလွန်သနားစရာကောင်းသည်ဟု ခံစားမိသည်။သူတို့သည် တစ်လမျှသာ အသက်ရှင်ပြီး အသားလဲမစားနိုင်ကြ ၊ လေကိုသောက်ကာ သစ်ပင်ရည်များကိုသာ စားနိုင်သောကြောင့် သူ သူတို့အတွက် ဘာဂျာကို တီးမှုတ်ပေးချင်ခဲ့သည်။


   ...


အဝတ်တွေလျှော်ပြီး အိမ်ပြန်ရောက်သောအခါ လင်းလန်က ကလေးတွေအတွက် ပုစဉ်းရင်ကွဲတွေကို မီးကင်ပေးရန် မီးမွှေးလိုက်၏။


ပုစဥ်းရင်ကွဲကြော်သာဆိုလျှင် အကောင်းဆုံးပါပင်။ အလယ်ရင်အုပ်က ပရိုတင်းဓာတ်တွေ ပြည့်နေပြီး ဗိုက်က အချိုရည်တွေပြည့်နေကာအရသာရှိသလို အာဟာရလည်းပြည့်ဝလေသည်။ယခုမူ ဗိုက်ထဲက ဗလာဖြစ်နေပြီး  အသားထူသည်ကို တွေ့နိုင်၏။ကြော်စားလျှင် သိပ်ကောင်းမည်မဟုတ်​ပေ။ရင်အုပ်ရှိအသားကပဲ သိပ်မဆိုးလှခြင်းဖြစ်သည်။ကြော်ထားသည်ထက် မီးကင်စားသည်က ပိုကောင်း၏။ ဗိုက်က ကြွပ်ကြွပ်ရွရွ မွှေးမွှေးကြိုင်ကြိုင်နှင့် ရင်အုပ်နှင့်  အသားတွေက အရသာရှိလေသည်။


တဝမ်က အများကြီးထပ်ဖမ်းလာသည့်အတွက် သူမ အိုးသေးသေးတစ်လုံးစာကို မီးကင်ပြီး ထွက်လာခဲ့၏။ သို့ရာတွင် စန်းဝမ်က  မကျေနပ်သေးသည့်အတွက် သူ့အစ်ကိုကြီးကို ဆက်ကပ်ခိုင်းလိုက်သည်။


ထိုအချိန်တွင် ဟန်ချင်ဟွနှင့် ဟန်ကျင်းယုက အပြင်ဘက်မှ လူတစ်ဦးနှင့်အတူ ဝင်လာပြီး စန်းဝမ်က  ခြံထဲတွင် ပုစဥ်းရင်ကွဲမီးကင် စားသောက်နေသည်ကို တွေ့သောအခါ  ပြုံးကာဆို၏။


 "ဘာလို့ ငါ့ကို မခေါ်တာလဲ...ဦးလေး မင်းအစ်ကိုကြီးနဲ့အတူတူ ထပ်ဖမ်းပေးမှာပေါ့"

 

လင်းလန် ဟန်ချင်ဟွ၏အသံကိုကြားလိုက်သောအခါ ထထွက်ကြည့်လိုက်သည်။ လျိုဟောင်ကျဲ နှင့် သူ့မွေးချင်းများရောက်လာသည်ကိုမြင်လိုက်ရသဖြင့် သူမက ပြုံးကာပြောလိုက်၏။


 "လျိုဟောင်ကျဲ လာတာပဲ... ငါတို့က အခုမှထမင်းစားမလို့ရယ်"


လျိုဟောင်ကျဲက ပြုံးပြီးပြောသည်။

 "မဂ်လာပါ  တတိယမရီး"


 ကလေးတွေကလည်း နှုတ်ဆက်ပြီး အိုးလေးကို ကောက်ကိုင်ကာ ပင်မခန်းက စားပွဲပေါ် တင်လေ၏။


 ဟန်ကျင်းယုက ရွံ့သွားပြီဆိုလိုက်သည်။

 "ညစ်ပတ်နေတာမလား ...ဒါကြီး စားတယ်ပေါ့"


 ဟန်ချင်ဟွ: "အစ်မ နင်မသိဘူး... နင်စားလိုက်တာနဲ့ အရသာက အကောင်းဆုံးလို့ဖြစ်သွားမှာ"


 သူက တစ်ခုယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်ကာ လျိုဟောင်ကျဲကို ပြောလိုက်၏။ 


  "အစ်ကိုဟောင်ကျဲ... မြည်းကြည့်...မင်းတို့ ခရိုင်မှာ ဒါကို သေချာပေါက် စားရမှာမဟုတ်ဘူး"


လျိုဟောင်ကျဲက အပြုံးတစ်ခုနှင့် ဆိုသည်။ "ကျွန်တော် ငယ်ငယ်က စားဖူးတယ်...အဲဒီတုန်းက ခရိုင်မှာ သစ်ပင်တွေ အများကြီးရှိတယ်... သွားကပ်လိုက်တာနဲ့ အများကြီး ကပ်လို့ရတယ်"


သူက အတိတ်ကိုပြန်လွမ်းနေဟန်ဖြင့် စန်းဝမ်ကိုင်ထားသည့် ဝါးလုံးကိုကြည့်ပြီးပြောလေ၏။

 "ရဲဘော်လေး...ငါ့ကို ပေးကိုင်ပါလား" 

 

စန်းဝမ်က  သူ့အစ်ကိုကြီးကို ကြည့်လိုက်ပြီး တဝမ်က ခေါင်းညိတ်ပြသောအခါ လျိုဟောင်ကျဲကို  လက်လွှဲပေးလိုက်သည်။


ဟန်ချင်ဟွက ဟန်ကျင်းယုကို တစ်ချက်ကြည့်ပြီး သူမကို ပုတ်လိုက်သည်။ ဟန်ကျင်းယုက  သကြားလုံး အိတ်ကို စားပွဲပေါ် တွန့်ဆုတ်စွာ တင်လိုက်ပြီးဆိုသည်။


 "ယောင်းမ လျိုဟောင်ကျဲက နင့်အတွက် ဝယ်ခဲ့တာ"


 လျိုဟောင်ကျဲက ရယ်ပြီး ပြော၏။


 "ဒီကိုပထမဆုံးအကြိမ်လာတာ ဆိုတော့ဘာဝယ်ရမှန်းမသိဘူး... ဒုက္ခသက်သာအောင်သကြားလုံးတစ်အိတ်ဝယ်လိုက်တာ"


လင်းလန်က သူ့ကိုကျေးဇူးတင်လိုက်ပြီး ကလေးတွေကိုသကြားလုံးတွေဝေယူကာ ဦးလေးလျိုကိုကျေးဇူးတင်ရန်ပြောလိုက်သည်။


ဟန်ချင်ဟွက ပုစဥ်းရင်ကွဲရှာရန် အပြင်ဘက် ကတောအုပ်ငယ်ဆီသို့ အလျင်အမြန်သွားခဲ့ပြီး လျိုဟောင်ကျဲကလည်း အလွန်စိတ်လှုပ်ရှားနေကာ ကောင်လေးတစ်စုနှင့် ထွက်သွားခဲ့သည်။


ဟန်ကျင်းယုက နေပူသည်ကို မုန်းသဖြင့်  သိပ်မပျော်တော့ပေ။ နှုတ်ခမ်းစူကာ မျက်နှာမဲ့ပြီး လိုက်မသွားဘဲ သကြားလုံးစားရန် စားပွဲတွင် ထိုင်နေလိုက်သည်။


လင်းလန်က ပြုံးပြီးပြော၏။

 "မျက်နှာမဲ့မနေပါနဲ့ ... မကြိုက်ရင် ပြန်ယူသွားလိုက် ...ကလေးတွေက တစ်လုံးစားရရင် နင့်စေတနာကို လက်ခံမှာပါ"


ဟန်ကျင်းယု  နှုတ်ခမ်း တွန့်ကာ လင်းလန်ကို ခေါင်းလှည့်ကြည့်လာသည်။ သူမက လင်းလန်ကို  သေချာကြည့်နေပြီး သူမမျက်လုံးတွေက အနည်းငယ် ထူးဆန်းနေသလိုလိုပင်။


သူမ ထိုသို့မြင်သောအခါ မြင်တော့ မိုင်စွေ့က  ချက်ချင်းထပြော၏။

 "ဒေါ်လေး... ဘာလုပ်နေတာလဲ" 

 

ဟန်ကျင်းယုက  တိုးတိုးလေး နှာမှုတ်လိုက်ပြီး နှုတ်ခမ်းထောင့်ကို ကွေးကာ ထူးဆန်းသည့်ပုံစံနှင့်ဆိုလေသည်။

 "ယောင်းမ...နင် တော်တော်လေးလှတာကို ငါ ဒီနေ့မှတွေ့လိုက်ရတယ်"


 ယို့...ရှားရှားပါးပါးပါလား...

 

လင်းလန် သူမ၏ မနာလို့ဖြစ်နေသောအကြည့်ကိုမြင်ပြီး ပြုံးပြုံးလေးနှင့်  ပြောလိုက်၏။


 "စိတ်မကောင်းစရာက  ငါက အသက်ကြီးနေပြီလေ... သားသမီးမွေးပြီးသူတွေက နင်တို့လို မိန်းမငယ်လေးတွေနဲ့ မယှဉ်နိုင်ပါဘူး" 

 

ဟန်ကျင်းယုက မိုင်စွေ့ကို ကြည်ပြန်သည်။ 


"မိုင်စွေ့... နင်က အတော်လေး ဟုတ်နေတာပဲ...   အပျိုမလေးဖြစ်နေပြီ... ကျောင်းတက်နိုင်ပြီး အရမ်းလည်းလှသေးတယ်"     


မိုင်စွေ့  : "ဒေါ်လေး... ပြောစရာရှိရင်  ပြောပါ... သိပ်ပြီး အထူးအဆန်တွေလုပ်မနေပါနဲ့...ဒီနေ့က ဒေါ်လေးရဲ့ ဘလိုင်းဒိတ်ရက်မဟုတ်ဘူးလား... သမီးရဲ့အနာဂတ်ဦးလေးကို ဒေါ်လေးနဲ့ပုံမှန်တိုင်း ပြောဆိုဆက်ဆံလို့မဖြစ်ဘူးဆိုတာ သိခိုင်းလိုက်ပါ"


"နင်..." 


ဟန်ကျင်းယု စိတ်တိုလွန်း၍  စားပွဲကို ရိုက်လိုက်၏။


" ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့... နင်က  အရမ်းဆိုးနေတယ်” 


မိုင်စွေ့က   ပြုံးပြီးပြောသည်။

 “ဒေါ်လေး စိတ်မဆိုးပါနဲ့...ဒေါ်လေးကသာ မထူးဆန်းနေဘူးဆိုရင် ကောင်းမှာပဲ"


သူမက ဟန်ကျင်းယုကို ပုစဉ်းရင်ကွဲကင်အချို့လည်း ပေးလိုက်သည်။


ဟန်ကျင်းယုက စက်ဆုပ်ရွံရှာစွာ ယူလိုက်ပြီး ကြမ်းထော်နေပုံပေါ်သော တစ်စုံတစ်ခုကို ကိုင်ကာမေးလိုက်၏။

 "ဒါက ဘာလဲ"


 "အဲ့ဒါက ပဲပိစပ်ပိုးကောင်...အစိမ်းရောင်တစ်ခုလေ...စန်းဝမ်ဆီက " 


ဟန်ကျင်းယု  ရုတ်တရက် ထုံထိုင်းသွားကာ ဘေးကို ရွံရှာစွာ လွှင့်ပစ်လိုက်သည်။ 


"ငါ့တတိယအစ်ကိုက ဘယ်တော့ပြန်လာမှာလဲ" 

ဟန်ကျင်းယုက   မေးလိုက်သည်။


"ခြောက်နာရီ" 


လင်းလန်က သူမကိုကြည့်ကာ

"ဘာလုပ်မလို့လဲ" ဟု မေးလိုက်သည်။


"ဘာမှမဟုတ်ပါဘူး ...တတိယအစ်ကိုကို သတိရလို့ပါ"

ဟန်ကျင်းယုက သူမအိတ်ကပ်ထဲမှ ဖရဲစေ့လက်တစ်ဆုပ်စာထုတ်ပြီး တဒေါက်ဒေါက်ခွာစား စားနေ၏။ စားနေရင်းလည်း ဘာကြောင့်မှန်းမသိ ပွစိပွစိ ပြောနေလေသည်။ 


 

Xxxxxx