အခန်း(၅၈) - ပျံသန်းနေသော လင်းယုန်
ကျိုးချင်းပိုင်သည် ဝက်ကလေးနှစ်ကောင်ကို အစာကျွေးမွေးပြီး အထဲသို့ ပြန်ဝင်လာသောအခါ လင်းချင်းဟယ်သည် သူ့ခန္ဓာကိုယ်ကို နွေးထွေးသွားစေရန် သူ့အတွက် ဂျင်းလက်ဖက်ရည်ကို ထည့်ပေးရင်း မေးလိုက်သည်။ “ ခွေးက ဘယ်အချိန် ရောက်လာမှာလဲ “
ဒါပေမယ့် သူ့မျက်နှာကို မြင်သောအခါ သူမသည် ချက်ချင်းပဲ အံ့အားသင့်စွာ ပြောလိုက်သည်။ “ ရှင် မနက်က အစိုထိန်းခရင်မ်ကို မလိမ်းထားဘူးလား “
ကျိုးချင်းပိုင်က ဖြေသည် “ မေ့သွားတယ် “
“ ကျွန်မ မလိမ်းပေးတာနဲ့ပဲ ရှင် မေ့သွားရလား။ ရှင့်မျက်နှာက အခု မျောက်ဖင်နဲ့ တူနေပြီ ရှင် သိလား “ လင်းချင်းဟယ်က ဒေါသတကြီးဖြင့် ငြီးတွားလိုက်သည်။
“ မျောက်ဖင် “ လောင်အာ့က ရှေ့သွားတွေပေါ်အောင် ပြုံးရယ်ရင်း ပြောသည်။
“ အဖေရဲ့မျက်နှာက မျောက်ဖင်နဲ့ တူနေပြီ “ လောင်တက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သို့သော် ကျိုးချင်းပိုင်ထံမှ ဂရုမစိုက်သော အကြည့်တစ်ချက်ကြောင့် လောင်တ၏ ရယ်သံသည် ရုတ်ချည်း ရပ်တန့်သွားသည်။ လည်ပင်းညှစ်ခံရသော ဘဲတစ်ကောင်ကဲ့သို့ပင် သူသည် အခန်းထဲသို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ဝင်သွားသည်။
လင်းချင်းဟယ်က သူ့မျက်နှာကို ဆေးကြောဖို့ ရေနွေးနည်းနည်းကို လောင်းထည့်ပေးပြီးနောက် ခရင်မ်ကို ထပ်လိမ်းပေးလိုက်သည်။
“ ညဘက်မှာ ကလေးတွေကို သူတို့ဘာသာ အိပ်ခိုင်းလိုက်ပါ “ ကျိုးချင်းပိုင်က သူမ လိမ်းပေးပြီးတဲ့အထိ စောင့်ပြီး သူမလက်ကို ဆုပ်ကိုင်ရင်း ပြောသည်။
သူ၏ သိသာလှသော ပြင်းပြသည့် အကြည့်နဲ့ ဆုံလိုက်သောအခါ လင်းချင်းဟယ်သည် မသက်မသာဖြင့် ဘာမှနားမလည်သလို ဟန်ဆောင်ရင်း “ သူတို့တွေက ငယ်ငယ်လေးတွေပဲ ရှိသေးတယ်။ ပြီးတော့ ရာသီဥတုကလည်း အရမ်းအေးခဲလွန်းနေတယ်။ ဒီအကြောင်းကို နွေဦးရာသီ ရောက်မှ ပြောကြရအောင် “
ကျိုးချင်းပိုင်သည် သူမကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေက တည်ကြည်လေးနက်နေသည်။
လင်းချင်းဟယ်က ပြောသည်။ “ နေ့တိုင်း ဒါကလွဲလို့ တစ်ခြား ဘာမှမတွေးနိုင်တော့ဘူးလား “
ကျိုးချင်းပိုင်က သူမကို လွှတ်ပေးလိုက်သည်။ သူမကြောင့် သူ စိတ်ထိခိုက်သွားတာ သေချာသလောက် ရှိတယ်လို့ လင်းချင်းဟယ်က တွေးနေစဉ် သူ ပြောတာကို သူမ ကြားလိုက်ရသည် “ ဒါဆို အတည်ပြုလိုက်ပြီနော် “
လင်းချင်းဟယ်၏ စိတ်ထဲတွင် ‘ အတည်ပြုတယ်? ဘယ်သူက ရှင်နဲ့ သဘောတူနေလို့လဲ။ ငါ့အိပ်ရာထဲ ဝင်ချင်နေတာလား။ တံခါး မပြောနဲ့ တံခါးကြားတောင် မရဘူး ‘
“ ခွေးက ဒီကို နှစ်ရက်လောက်နေရင် ရောက်လာလိမ့်မယ် “ ကျိုးချင်းပိုင်က ပူနွေးတဲ့ ဂျင်းလက်ဖက်ရည်ကို သောက်ရင်း ပြန်ဖြေသည်။
“ သူတို့တွေက ဒီဘက်ကို သိပါ့မလား “ လင်းချင်းဟယ်က မေးသည်။
“ သူတို့တွေ မေးမြန်းလို့ရတယ်လေ။ ဒီနေရာကို ရှာဖို့ မခက်ပါဘူး “ ကျိုးချင်းပိုင်က ဆိုသည်။
ကျိုးကျားရွာသည် အမှန်ပင် ရှာရလွယ်သည်။ ကျိုးချင်းပိုင်၏ သူငယ်ချင်းဟောင်းသည် နောက်တစ်နေ့ ညနေတွင် ရောက်လာသည်။
ပထမဆုံးခွေးကို အိမ်သို့ ခေါ်လာခဲ့သည်။ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို သူ့နာမည်က ဘာလဲလို့ မေးလိုက်သည်။ ကျိုးချင်းပိုင်က သူ့ကို ဖေးယင်း ( ပျံသန်းနေသော လင်းယုန် ) လို့ ခေါ်တယ်ဟု ပြောသည်။ သူ့ခြေထောက်က အခု အနည်းငယ် ဆာနေပေမယ့် အရင်တုန်းကတော့ အလျင်မြန်ဆုံးမို့ သူ့နာမည်နဲ့သူ ရှင်သန်နေထိုင်ခဲ့သည်။
လင်းချင်းဟယ်က သူ့ကို အရမ်း သဘောကျနှစ်သက်ပြီး ညီအစ်ကိုသုံးယောက်က ပိုလို့တောင် ချစ်ကြသည်။
ဖေးယင်းသည် သူနှင့် ရင်းနှီးနေသော ကျိုးချင်းပိုင်ကို တွေ့သောအခါ အလွန် စိတ်လှုပ်ရှားသွားသည်။ သူသည် ကလေးများအပေါ်တွင် ကျိုးချင်းပိုင်နှင့် တူညီသော ရနံ့ကို ခံစားမိပြီး သူတို့အပေါ်လည်း ဂရုစိုက်မှုကို ပြသခဲ့သည်။
ဟုတ်တယ်… အဲဒါက ဂရုစိုက်တာ။ လင်းချင်းဟယ်သည် ဒီစကားလုံးကို လောင်တနှင့် သူ့ညီတွေအပေါ် ထားရှိသည့် ဖေးယင်း၏ သဘောထားမှ ခံစားမိနိုင်သည်။
၎င်းသည် အထူးလေ့ကျင့်ပေးထားသော ဝံပုလွေလိုက် ခွေးကြီး ဖြစ်သည်။
“ ဝမ်အစ်ကိုကြီးအတွက် အများကြီး ဒုက္ခများခဲ့ရပြီ။ ဒီည အစ်ကိုကြီး ပြန်သွားလို့မရဘူး။ ဒီမှာနေပြီး တစ်ညလောက် အနားယူလိုက်ပါဦး။ နှင်းတွေက အရမ်းကျနေတယ်။ မနက်ဖြန်မနက်မှ ဘက်စ်ကားစီးရအောင် ခရိုင်မြို့ဆီ ခေါ်သွားပေးဖို့ ချင်းပိုင်ကို ပြောလိုက်မယ် “ လင်းချင်းဟယ်က ပြောသည်။
ဝမ်ချွမ်က ပြုံးပြီး သဘောတူလိုက်သည်။ လင်းချင်းဟယ်က သူ့ကို စိတ်ရင်းအမှန်ဖြင့် ဒီမှာ နေစေလိုကြောင်း သူ ခံစားမိသောကြောင့် သီးခြားဖြစ်နေသလို မပြုမူတော့ဘူး။
သူသည် ကျိုးချင်းပိုင်နှင့် သေမတူရှင်မကွာ ရင်းနှီးမှုမျိုး ရှိသည်။ ဒီတစ်ခါ သူ(ကျိုးချင်းပိုင်) ဖုန်းဆက်တာကို သူ ကြားပြီး သူ့ဆန္ဒအရ လာခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ သူ့ညီနောင်ရောင်းရင်း အိမ်မှာ ဆိုးဆိုးရွားရွား ဖြစ်နေမှာ စိုးရိမ်တာကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး လာစစ်ဆေးကြည့်ချင်ခဲ့တာ ဖြစ်သည်။
ဒါပေမယ့် အခုမူကား သူ့သံသယတွေက အဓိပ္ပါယ်မဲ့သွားပုံရတယ်။ ညီနောင်ကျိုးရဲ့ဇနီးနှင့် ပတ်သက်ပြီး ဘာမှ မကျေနပ်စရာ မရှိဘူး။
လင်းချင်းဟယ်သည် ထိုညတွင် ဟင်း သုံးမျိုးကို ချက်ခဲ့သည်။ သူမသည် စားသောက်ရန် ကလေးများအခန်းဖြစ်တဲ့ နောက်တစ်ခန်းကို လာခဲ့သည်။ အနွေးကုတင်ကို အပူပေးထားပြီး အခန်းက အလွန်နွေးထွေးနေသည်။
ဟင်းတွေက အာလူးနှင့် ဝက်သားချက်၊ ဝက်သားပြုတ်ခေါက်ဆွဲ နှင့် ဝက်သားနှပ်တစ်ပန်းကန် ဖြစ်သည်။ ဒါတွေက ကြိုတင်မှာယူထားခြင်း ဖြစ်သည်။ ယနေ့နံနက်တွင် ကျိုးချင်းပိုင်သည် အစ်မမိန်၏ခင်ပွန်းဖြစ်သူ ချန်အစ်ကိုကြီးထံမှ သွားယူလာခဲ့သည်။ သူ့သူငယ်ချင်းဟောင်းက ဒီကို ရောက်လာခါနီးပြီလို့ မျှော်လင့်ထားသောကြောင့် အသားတွေ ပြင်ထားခြင်း ဖြစ်သည်။
အသားတင်မကပဲ ဝိုင်လည်း ပါသေးသည်။ လင်းချင်းဟယ်သည် ဗိုက်ပြည့်သွားသော ကလေးများကို ခေါ်သွားပြီး ကျိုးချင်းပိုင်နှင့် သူ့ညီနောင်ကို ထမင်းစားပွဲမှာ ထားခဲ့လိုက်သည်။
“ ဒီလို မွန်မြတ်ကောင်းမွန်တဲ့ ခယ်မကို မြင်လိုက်ရတော့ ငါ စိတ်သက်သာရာ ရသွားပြီ။ မင်းကို ငါတို့ ဘယ်လောက်တောင် စိတ်ပူနေလဲ မင်း မသိဘူး “ လင်းချင်းဟယ် ထွက်သွားပြီးနောက် ဝမ်ချွမ်သည် သူ့စိတ်ထဲကစကားကို သတ္တိရှိရှိ ထုတ်ပြောလိုက်သည်။
ကျိုးချင်းပိုင်က ခေါင်းခါလိုက်ပြီး “ ငါ့အတွက် စိတ်မပူပါနဲ့။ အိမ်မှာ အားလုံးအဆင်ပြေပါတယ် “
“ အခု ငါ မြင်ပြီးပြီလေ… ငါက ဘာတွေ စိတ်ပူနေရဦးမှာလဲ။ ဟား…ဟား… လာ...လာ ငါနဲ့ အတူတူ သောက်ရအောင် “ ဝမ်ချွမ်က သိသိသာသာ ပြုံးရယ်ရင်း ပြောသည်။
လူနှစ်ယောက်သည် ခွက်ချင်းတိုက်လိုက်ပြီး ပြိုင်တူမြှောက်ကာ ဆုတောင်းလိုက်ကြသည်။ ထို့နောက် ကျန်ဟင်းလျာများအားလုံးကို စားသောက်လိုက်ကြသည်။ နှစ်ယောက်သားသည် ဝိုင်အရက် တစ်ပုလင်းလုံးကိုလည်း ကုန်အောင် သောက်လိုက်ကြသည်။
လင်းချင်းဟယ်သည် ပျားရည်နှစ်ခွက် လုပ်ပေးပြီးနောက် သူတို့ကို အိပ်ရန် ပြောလိုက်သည်။ ထိုညတွင် ကျိုးချင်းပိုင်သည် ဝမ်ချွမ်နဲ့အတူ ဘေးအခန်းမှာ အိပ်သည်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် အရက်နံ့များဖြင့် စွဲကပ်နေတာကို လင်းချင်းဟယ်သည် မနှစ်မြို့ဘူး။ အရက်မူးသောအခြေအနေဖြင့် သူမအား ချဉ်းကပ်ရန် သူ့ကို အခွင့်အရေး မပေးဘဲ နှင်ထုတ်လိုက်သည်။
နောက်နေ့မနက်စောစောတွင် လင်းချင်းဟယ်က ထပြီး မန်ထိုကို ပေါင်းကာ ပုဇွန်ဆိတ်ဟင်းချိုကို ချက်လိုက်သည်။ ထို့နောက် ကျိုးချင်းပိုင်က ဝမ်ချွမ်ကို ပြန်မပို့သေးခင် သူမသည် ကျိုးချင်းပိုင်နှင့် ဝမ်ချွမ်တို့ကို မနက်စာ စားစေသည်။
မနက်အစောကြီး ထွက်သွားတော့ ကိုးနာရီထိုးပြီးချိန်တွင် သူ ပြန်ရောက်လာသည်။
ကျိုးချင်းပိုင် ပြန်ရောက်လာသောအခါ သူ့မိသားစုရှိ ဝက်များကို အစာကျွေးထားသည်ကို တွေ့လိုက်ရသည်။ ဖေးယင်းကလည်း အစာဝနေပြီး ကလေးတွေရဲ့ ထိတွေ့ဆော့ကစားခြင်းကို ခံနေရသည်။ ကျိုးချင်းပိုင် ပြန်လာသည်ကို မြင်သောအခါ ဖေးယင်းသည် သူ့အမြီးကို ဝေ့ယမ်းပြသည်။
“ အဖေ… ဖေးယင်းက သူ့နေရာနဲ့ အဆင်ပြေပါ့မလား “ လောင်အာ့က မေးသည်။
“ လောင်အာ့က ဖေးယင်းကို အခန်းထဲ ခေါ်ပြီး အိပ်ချင်နေတာ “ လောင်တက ပွင့်ပွင့်လင်းလင်း ပြောသည်။
လောင်အာ့က စကားမပြောဘဲ ဖေးယင်းကိုသာ ပွတ်သပ်ပေးနေရင်း သူ့အဖေကို မျက်လုံးသေးသေးလေးဖြင့် ကြည့်နေသည်။
“ သားနဲ့အတူ အိပ်မှာ “ လောင်စန်းက ဗိုက်ကျလွန်းစွာဖြင့် ရိုးရိုးရှင်းရှင်း ထုတ်ပြောသည်။
“ ဆုတောင်းလေ “ လောင်အာ့က တုံ့ပြန့်မှုအနေဖြင့် မျက်လုံးလှန်ပြလိုက်သည်။
“ ရိုက်မှာ “ လောင်စန်းက သူ့ကို ရိုက်နှက်ရန် ရည်ရွည်ထားကြောင်း ပြောသည်။ ဒါပေမယ့် သူက လောင်အာ့၏ ပြိုင်ဘက် မဟုတ်ဘူး။ လောင်အာ့က တစ်ချက်တွန်းလိုက်တာနဲ့ လဲကျသွားသည်။
ဒီကလေးကလည်း ခံနိုင်ရည်ရှိသည်။ လဲကျသွားပြီးနောက် မငိုဘဲ ပြန်ထလာသည်။
“ ဘတ်စ်ကားပေါ်တက်သွားပြီလား “ လင်းချင်းဟယ်သည် ညီအစ်ကိုများကို ဂရုမစိုက်ဘဲ ကျိုးချင်းပိုင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ ကောင်လေးတွေနှင့် ညီအစ်ကိုတွေ အချင်းချင်း ရန်ဖြစ်၊ ဆော့ကစားတာက ပုံမှန်ပါပဲ။ အရမ်းမဆိုးသရွေ့တော့ သူမ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။
“ အင်း “ ကျိုးချင်းပိုင်၏မျက်လုံးက သူမအပေါ် ကျရောက်နေသည်။
လင်းချင်းဟယ်သည် သူ့မျက်လုံးတွေထဲက အဓိပ္ပါယ်ကို ဖတ်နိုင်သည်။ ဒီလူက သူမကို ကျေးဇူးတင်ကြောင်း ဖော်ပြနေတယ်။ ဘယ်က ကျေးဇူးရှိနေတာလဲ?? မနေ့ညက သူမရဲ့ သင့်တင့်လျောက်ပတ်သော ပြုမူဆောင်ရွက်မှုကြောင့် ဖြစ်နိုင်သလို ဒါမှမဟုတ် သူမ ဒီမနက်စောစော ထပြီး သူတို့အတွက် မနက်စာ လုပ်ပေးတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
“ ဒီည ဘေးအခန်းမှာပဲ ဆက်အိပ်လိုက် “ လင်းချင်းဟယ်က သူမ၏မေးစေ့ကို ပင့်မြှောက်ရင်း ခါးခါးသီးသီး ငြင်းလိုက်သည်။
ကျိုးချင်းပိုင်သည် သူမကို အရေးမစိုက်ဘဲ ဖေးယင်းကို ကောင်လေးများနဲ့အတူ ရွာထဲခေါ်သွားကာ လှည့်ပတ် လမ်းလျှောက်ကြသည်။
ဖေးယင်း၏ ခြေဆာနေခြင်းကြောင့် လှည့်စားမခံလိုက်ရပါစေနှင့်၊ သူသည် ပထမတန်းစား အိမ်စောင့်ခွေး ဖြစ်သည်။ အရွယ်ရောက်ပြီးသားသူတောင် သူ့လောက် သတိမရှိနိုင်ဘူး။ သူ ဒီမှာ ရှိနေရင် ကျိုးချင်းပိုင် အိမ်မှာ မရှိတဲ့အချိန်၌ လင်းချင်းဟယ်သည် အေးချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်သည်။
မကြာမီမှာပဲ ကျိုးမိသားစုသည် သတင်းရရှိသွားခဲ့သည်။ ဝံပုလွေလိုက် ခွေးကြီးတစ်ကောင်ကို မွေးတော့မယ်လို့ ကြားခဲ့ကြသည်။ အစ်ကိုကြီးနှင့် သူ့ညီတွေ အကုန်လုံးက လာကြည့်ကြသည်။
ဒီအချိန်၌ ခွေးတစ်ကောင် မွေးဖို့နေနေသာသာ မိသားစုထဲမှာ ကလေးတစ်ယောက်ထက် ပိုရှိနေလို့ ပြုစုပျိုးထောင်ရန် ခက်ခဲနေပြီသားဖြစ်သည်။
“ ဒီခွေးက တော်တော်ကောင်းတာပဲ “ အစ်ကိုကြီးက ကြည့်ရှုစစ်ဆေးပြီး မချီးမွမ်းဘဲ မနေနိုင်တော့ဘူး။
ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုကလည်း သဘောတူကြသည်။ ဒီခွေး ရှိနေရင် ဘယ်သူကများ ရဲတင်းစွာ ပြုမှုရဲတော့မှာလား။
သူတို့ကို ကြည့်နေသော ဒီခွေးရဲ့အကြည့်တွေက ရင်းနှီးဖော်ရွေမှု မရှိသောကြောင့် သူ့အကြည့်ကို ကြည့်ရုံဖြင့် သူတို့အားလုံးသည် အနည်းငယ် ထိတ်လန့်သွားကြသည်။
“ သူ့ကို ဖေးယင်း လို့ ခေါ်တယ် “ လောင်တက ထုတ်ပြောသည်။
“ ဟုတ်တယ်။ သူ့ကို ခွေးလို့ မခေါ်နဲ့။ အဲဒါက ဆဲဆိုကြိမ်းမောင်းတာပဲ။ ဖေးယင်းမှာ နာမည်ရှိတယ် “ လောင်အာ့က ဆက်ပြောသည်။
“ ဖေးယင်း “ ဒါက ဖေးယင်းကို လွှတ်ရန် ရည်ရွည်ချက်မရှိဘဲ မြဲမြဲကိုင်ထားသော လောင်စန်းက ပြောခြင်းဖြစ်သည်။
ညီအစ်ကိုသုံးယောက်သည် ဖေးယင်းကို လမ်းလျှောက်ထွက်သွားရန် ခေါ်သွားရာ ရွာထဲရှိ ကလေးများ၏ မနာလိုမှုများကို ဆွဲဆောင်ခဲ့သည်။ ကလေးတွေသာမက ဆယ်ကျော်သက်လေးတွေကလည်း မြင်မြင်ချင်း ချစ်သွားကြသည်။
ခြေထောက်က နည်းနည်းဆာနေရင်တောင်မှ ဖေးယင်းက အရမ်းသန်မာနေဆဲပင်။ ရှေ့တန်းမှာ ဘာအပြစ်အနာအဆာမဆို တားမြစ်ထားတာကြောင့်သာ ဖေးယင်းက နောက်တစ်ကြိမ် ပါဝင်လှုပ်ရှားရန် အခွင့်အရေး မရတော့ခြင်း ဖြစ်သည်။