အခန်း(၅၉) - ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်တာလဲ
အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့သည် သူတို့ကိုယ်တိုင် တွေ့ပြီးနောက် အိမ်ပြန်သွားကြသည်။
အမေကျိုးက လူကိုယ်တိုင်တော့ မရောက်လာခဲ့ဘူး။ သူမသည် သူတို့ဆီကနေ ထိုအကြောင်းကို စုံစမ်းမေးမြန်းလိုက်သည်။
“ အဲခွေးက ထိပ်တန်းပဲ။ နောက်တစ်ကောင်ရှိရင် ကျွန်တော့်တို့မိသားစုလည်း တစ်ကောင်တော့ မွေးသင့်တယ်။ အိမ်စောင့်တဲ့နေရာမှာ အရမ်းတော်တယ် “ တတိယအစ်ကိုက ရိုးရိုးသားသား ပြောသည်။
ခွေးက လိမ္မာပါးနပ်ပြီး အရမ်းလျင်ကာ လူတွေရဲ့စကားကို နားလည်ပုံရသည်။
“ ငါတို့အိမ်မှာ ဘာခွေးမွေးချင်တာလဲ။ စတုတ္ထရဲ့အနားမှာ ခွေးတစ်ကောင်ရှိတာ ကောင်းတယ် “ အဲဒီခွေးက တကယ် ထိပ်တန်းအဆင့်မီတယ်ဆိုတာ ကြားပြီးနောက် အမေကျိုးက ပြောသည်။
ခွေးတွေကို ကျွေးမွေးရတာ စရိတ်စက များပေမယ့် အဓိကအချက်ကတော့ အိမ်ကို စောင့်ရှောက်မှု ပေးနိုင်တာပါပဲ။
စတုတ္ထသည် သူ့အိမ်တွင် တစ်ဦးတည်းသော အမျိုးသားဖြစ်သည်။ သူ အငြိမ်းစားမယူခင် ဘယ်သူမှ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဲကြပေမယ့် အခု အငြိမ်းစားယူပြီးတော့ မိသားစုထဲမှာ ယောက်ျားလေး မရှိလို့ မဖြစ်တော့ဘူး။
လောင်တနှင့် သူ့ညီတွေအားလုံးက သားတွေ ဖြစ်သော်လည်း သူတို့တွေက ငယ်ရွယ်လွန်းပြီး များစွာ မကူညီနိုင်သေးဘူး။ စတုတ္ထရဲ့ဇနီးအတွက်ကတော့ သူမကို သိပ်အားကိုးလို့ မရဘူး။ ဒါကြောင့် အိမ်မှာ ခွေးတစ်ကောင် မွေးထားတာက အကြံကောင်းတစ်ခုပါပဲ။
အမေကျိုးကလည်း ဒီအချက်ကို သဘောတူသည်။
ထို့ကြောင့် နေ့လယ်စာ စားပြီးနောက် သူမသည် လူကိုယ်တိုင် လာရောက်လည်ပတ်ခဲ့သည်။ ဖေးယင်းကြောင့် အမေကျိုးသည် တံခါးကိုပင် မဝင်ရောက်နိုင်ခဲ့ပေ။ သူမသည် ဖေးယင်း၏ ဆောင်ရွက်မှု စွမ်းဆောင်ရည်ကို စိတ်ထဲတွင် အားရကျေနပ်ရင်း လောင်တနှင့် လောင်အာ့ကို အော်ခေါ်လိုက်သည်။
“ အဖွား ရောက်လာတယ် “
လောင်တသည် ပါးစပ်တွင် ဆီတဝင်းဝင်းဖြင့် ပြေးထွက်လာသည်။
နေ့လည်ခင်းတွင် ကန်စွန်းဥကို ချက်ထားပြီး အသားပြုတ်ချက်နှင့် ကစီခေါက်ဆွဲတို့ဖြင့် တွဲဖက်ထားသည်။ သူသည် သူ့စားစရာနှင့် ပတ်သက်ပြီး အရမ်းကျေနပ်နေသည်။
“ ဖေးယင်း… ဒါက အဖွား… မိသားစုဝင်ပဲ “ လောင်တက ဖေးယင်းကို ပြောလိုက်သည်။ ထိုအခါမှ ဖေးယင်းသည် အမေကျိုးကို ဝင်ခွင့်ပေးရန် နောက်ဆုတ်သွားခဲ့သည်။
“ အရမ်းတော်တာပဲ “ အမေကျိုး အရမ်းကျေနပ်သွားသည်။
“ သေချာတာပေါ့… ဖေးယင်းက အရမ်းလိမ္မာပါးနပ်တယ် “ လောင်တက ထုတ်ပြောပြီး ဖေးယင်းဘက် လှည့်ကာ “ ဖေးယင်း… အစာ ပြန်သွားစားလိုက်ဦး “
ဖေးယင်း၏ ပန်းကန်လုံးသည် ကြွေပန်းကန်လုံးအသစ် ဖြစ်နေသည့်အပြင် အသားယာဂု ထည့်ထားသည်ကို အမေကျိုး မြင်လိုက်ရသည်။
အမေကျိုး၏မျက်လုံးများသည် ချက်ချင်း ပြူးကျယ်သွားကာ “ ဖေးယင်းက ဒါ စားတာလား “
“ ဟုတ်တယ်… ဖေးယင်းက အခုမှ ရောက်လာတာ။ သူ အစာ ကောင်းကောင်းစားရမယ် “ လောင်တက ဂရုမစိုက်ပေ။
ဖေးယင်းကို ကောင်းကောင်း ကျွေးရလို့ သူက ဝမ်းသာကျေနပ်နေသည်။
အမေကျိုးက စိတ်ထဲတွင် မှတ်ချက်ပေးလိုက်သည်။ ‘ အစာကောင်းကောင်း?? လူတွေက ဒီခွေးလိုတောင် မစားရဘူး ‘
ထမင်းနှင့် အသားယာဂု...။
အမေကျိုးသည် အထဲဝင်လာသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်သည် ကန်စွန်းဥများကို လောင်အာ့နဲ့ လောင်စန်းတို့နှင့်အတူ စားနေကြသည်။ ကန်စွန်းဥနှင့်တွဲဖက်ကာ အသားပြုတ်ချက်နှင့် ကစီခေါက်ဆွဲ တစ်ပန်းကန် ပါရှိပြီး အရသာက အလွန်ကောင်းလှသည်။
“ အမေ… ထမင်းစားပြီးပြီလား “ လင်းချင်းဟယ်က နှုတ်ဆက်သည်။
“ စားပြီးမှ ဒီလာခဲ့တာ “ အမေကျိုးက ဖြေသည်။
“ လောင်တ… မင်းအဖွားထိုင်ဖို့ ထိုင်ခုံ သွားယူလိုက် “ လင်းချင်းဟယ်က ညွှန်ကြားသည်။
လောင်တသည် ထိုင်ခုံတစ်လုံးကို ယူလာပြီး “ အဖွား… ထိုင်ပါ “
အမေကျိုးသည် ထိုင်လိုက်ပြီး မေးသည်။ “ ဖေယင်းက ထမင်းနဲ့ အသားယာဂု စားနေတာလား “
လင်းချင်းဟယ်က ပြောသည် “ အမေ… အမေ့သားကိုပဲ မေး…။ အဲဒါ သူ ကျွေးတာ။ ကျွန်မကိုယ်တိုင်တောင် မစားရဘူး “
ထိုစကားဖြင့် သူမသည် အမေကျိုး၏စကားကို ပြန်ပြောလိုက်သည်။ သူမက ၎င်းကို ချက်ပြုတ်သူဆိုတာ သိသာထင်ရှားသော်လည်း အပြစ် လွှဲချဖို့အတွက် သူမမှာ အားနာမှု မရှိပေ။
ကျိုးချင်းပိုင်သည် သူ့အမေကို ကြည့်ပြီး ပြောလိုက်သည်။ “ ကျွန်တော့်အနောက်ကို ဖေးယင်း ထပ်ကြပ်မခွာ လိုက်ခဲ့တုန်းက ကျွန်တော်ကို သူ နှစ်ကြိမ်တောင် ကယ်ခဲ့တာ။ အမေ… ဒီထမင်းအတွက် နောင်တရမနေပါနဲ့ “
ဒီအကြောင်းပြချက်ကို အမေကျိုးက ဘယ်လို သိနိုင်မှာလဲ။
အခုမှ သိတာတောင်မှ ခွေးကို အသားကျွေးဖို့ လိုအပ်မယ်လို့ မထင်သေးဘူး။
“ ကျွန်တော် သူ့ကို အသားတွေ ခဏခဏ မကျွေးပါဘူး။ အသားကျွေးတာ တစ်ခါ၊ နှစ်ခါပါပဲ “ ကျိုးချင်းပိုင်က ပြောသည်။
အသားကို တစ်ခါ၊ နှစ်ခါ ကျွေးတာကလည်း အသားပဲ မဟုတ်ဘူးလား။ မင်းရဲ့ အကြီးဆုံးမရီးနဲ့ တတိယမရီးက လောလောဆယ် ကိုယ်ဝန်ရှိနေတာတောင်မှ သူတို့တွေ အသားမစားရသေးဘူး။
ဒါပေမယ့် အမေကျိုးသည် သူမရဲ့သားအငယ်ဆုံးကို ဘာမှမပြောတော့ဘူး။ ရေရွတ်ရုံသာ ပြောလိုက်သည် “ ဘဝကို ရှင်သန် နေထိုင်ဖို့ ပိုပြီး ချင့်ချိန်နှိုင်းဆဖို့ လိုတယ်။ အနာဂါတ်နေ့ရက်တွေက ရှည်လျားဦးမှာ “
“ ကျွန်တော် သိပါတယ် အမေ။ စိတ်မပူပါနဲ့ “ ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
အမေကျိုးက ကြာကြာမနေပါဘူး။ ခဏကြာတော့ သူမ ပြန်သွားသည်။
ထိုအခါမှသာ ကျိုးချင်းပိုင်သည် သူ့ဇနီးအား စိုက်ကြည့်လိုက်သည်။
လင်းချင်းဟယ်သည် ဒါကို ပုံမှန်လိုပဲ ခံစားမိပြီး “ နောင်ဆိုရင် ဒီလိုအရာတွေကို ရှင်ပဲ ရင်ဆိုင်ဖြေရှင်းရလိမ့်မယ်။ မဟုတ်ရင် အေးချမ်းတဲ့နေ့ရက်တွေကို ရှင် မရနိုင်ဘူး “
နောက်တစ်ဖန် ကျိုးချင်းပိုင်သည် သူ့ဇနီး၏ အခြားတစ်ဖက်က သန့်စင်ထားသော မြေခွေးတစ်ကောင်ကဲ့သို့ လိမ္မာပါးနပ်ပြီး ဉာဏ်နီဉာဏ်နက်များတယ်ဆိုတာ သိလိုက်ရသည်။
လင်းချင်းဟယ်သည် ကန်စွန်းဥ သုံးခု စားပြီး ယာဂုအနည်းငယ် သောက်ပြီးနောက် ဗိုက်ပြည့်သွားသည်။ ပန်းကန်ခွက်ယောက်နှင့် တူများကို ဆေးကြောရန် သူ့လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။ သူမသည် သိုးမွှေးဘောင်းဘီကို ဆက်ထိုးရန် ပြန်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမသည် အနည်းငယ် စိတ်ဓာတ်ကျနေသည်။ နည်းလမ်းမရှိဘူး။ အသားရောင်းမည့်အကြောင်း ကျိုးချင်းပိုင်ကို သူမ ဝန်မခံရသေးဘူး။ ကျိုးချင်းပိုင်အကြောင်းကို သူမ နားလည်သလောက်ဆိုရင် သူက သူမကို အဲကိစ္စအား ဘယ်တော့မှ လုပ်ခွင့်ပြုမှာ မဟုတ်ဘူး။
ဒါပေမယ့် သူမမှာ နယ်မြေရှိတယ်။ ငွေရှာဖို့ ဒီလိုအခွင့်အရေးကောင်းကို သူမ ဘယ်လို စွန့်လွှတ်နိုင်မှာလဲ။ ပြီးတော့ သူမက ဘာမှလုပ်စရာ မရှိတော့ သူမဘာသာ သူမ လုပ်စရာ တစ်ခုခု ရှာရမှာ ဟုတ်တယ်မလား။
ခရီးက တော်တော်ဝေးပေမယ့် စက်ဘီးနဲ့ဆိုတော့ အခု ပိုအဆင်ပြေသွားပြီ။ ဒါ့အပြင် သူမ ချက်ပြုတ်တာကိုလည်း အဟန့်အတား ဖြစ်စေမှာ မဟုတ်ဘူး။
သို့သော် ကျိုးချင်းပိုင်၏ စိတ်နေစိတ်ထားအရ ဒါကို သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး။
ဒါက လင်းချင်းဟယ်ကို စိတ်ပူပန်စေသည်။
သူမ၏ စိတ်ရှုပ်ထွေးမှုတွေကို မသိသော ကျိုးချင်းပိုင်သည် ပန်းကန်ခွက်ယောက်များကို ပွတ်တိုက်ဆေးကြောရာမှ ပြန်ရောက်လာသည်။ အခု ကလေးတွေမှာ ဖေးယင်းရှိနေတော့ သူတို့တွေက ဖေးယင်းနဲ့ ကစားရန် စိတ်အားထက်သန်နေကြသည်။ ဒါကြောင့် သူတို့ကို လာမနှောင့်ယှက်တော့ဘူး။
လင်းချင်းဟယ်သည် သူ ဝင်လာပြီး သူမနဲ့ စကားပြောချင်သလို သူမအနားလာထိုင်သည်ကို ကြည့်နေလိုက်သည်။
“ တစ်ခုခုဆိုရင် ကိုယ့်ကို ပြောပါ “ လင်းချင်းဟယ်က သူ့ကို မော့ကြည့်ပြီး တုန်လှုပ်သွားသည်။
အမှန်တကယ်တော့ ကျိုးချင်းပိုင်သည် သူ့ဇနီးနှင့်အတူ ခံစားချက်တွေကို ပြုစုပျိုးထောင်ချင်ခဲ့တာ။ သူမသည် သူ့အဝတ်အစား၊ အစားအသောက်၊ အိမ်ရာအဆောက်အဦးနှင့် စီးစရာစက်ဘီး တို့ကို ကောင်းကောင်း ဂရုစိုက်ပေးပေမယ့် တစ်ခုခုတော့ လိုအပ်နေသလို သူ အမြဲခံစားနေရသည်။
သူမသည် သူ့ထံမှ တစ်ခုခု လျှို့ဝှက်ထားပုံရသည်။ သူမ ဘာလို့ ဖုံးကွယ်ထားတယ်ဆိုတာ သူ နားမလည်ဘူး။ အဆုံးမှာတော့ သူတို့တွေ ကလေးသုံးယောက် ရခဲ့တယ်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူ ပြန်လာသည့် ရက်အားလုံးပေါင်းရင် တစ်လ မပြည့်သော်လည်း လင်နှင့်မယားကြား အတားအဆီးမရှိပေ။ နောင်တွင် သူမအတွက် သူ သေချာပေါက် ပြန်ဖြည့်ဆည်းပေးမည်။
“ မိန်းမ… မင်း တစ်ခုခု စိတ်ပူနေတာလား “ ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။
လင်းချင်းဟယ်သည် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တွေးလိုက်သည်။ ‘ ကျွန်မရဲ့စိတ်ပူပန်မှုက ရှင့်ကြောင့်ပဲ “
သူမပါးစပ်က ပြောလိုက်သည်။ “ ကျွန်မက အခု ကောင်းကောင်းမွန်မွန် စားသောက်နေရတယ်။ ကျွန်မသားတွေက အသိတရားရှိ ဉာဏ်ကောင်းပြီး ကျွန်မယောက်ျားက ဇွဲကြီးတယ်။ ကျွန်မက ဘာကို စိတ်ပူရဦးမှာလဲ “
ဒါတွေက စိတ်ဆိုးဒေါသထွက်တဲ့ စကားလုံးတွေပဲ။
“ မင်းရဲ့စိတ်ဆိုးမှုတွေကို မင်းကိုယ့်မင်းအပေါ်ပဲ ထိန်းချုပ်ဦးတည်မနေပါနဲ့။ ကိုယ့်အပေါ် ပေါက်ကွဲလိုက်လို့ ရပါတယ် “ ကျိုးချင်းပိုင်က လေးလေးနက်နက် ပြောသည်။
လင်းချင်းဟယ်က ငြင်းလိုက်သည်။ “ စိတ်တိုစရာ ဘာမှမရှိဘူး။ ကျွန်မကို လာမနှောင့်ယှက်ပါနဲ့။ ရှင့်ဘာသာရှင်ပဲ လုပ်စရာရှိတာ လုပ်နေပါ။ ဘာမှ လုပ်စရာမရှိရင်လည်း တောယုန်ရိုင်းကို အမဲလိုက်လို့ရနိုင်မလား ဆိုတာ တောင်ပေါ် သွားကြည့်လိုက်လေ “
“ ကောင်းပြီ “ ကျိုးချင်းပိုင်သည် သက်ပြင်းချပြီး ထွက်သွားလိုက်သည်။
လင်းချင်းဟယ်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ ကျိုးချင်းပိုင်သည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး သူမ စကားပြောမည်ကို စောင့်နေသည်။ လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်ရင်း သူမအမူအယာက ‘ ရှင်က ဘာလို့ ဒီမှာရပ်နေတာလဲ။ ရှင် ထွက်သွားတာ မဟုတ်ဘူးလား ‘ လို့ ဖော်ပြနေသည်။
ထို့နောက် ကျိုးချင်းပိုင်က အပြင်ထွက်သွားသည်။ သူ့နောက်ကျောကို ကြည့်ရတာတော့ အနည်းငယ် စိတ်ဓာတ်ကျနေသလိုပင်။
လင်းချင်းဟယ်က ဒေါသတကြီးဖြင့် မှတ်ချက်ချသည်။ “ ကျွန်မက ရှင့်ကို အနိုင်ကျင့်နေသလို လုပ်နေတယ်။ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေမှန်း မသိဘူး “
သူ့ကြောင့် သူမ စိတ်တိုနေမှန်း သူ သိသည်။ သူ ဘယ်နေရာမှာ အမှား လုပ်မိမှန်း မသိသော်လည်း ကျိုးချင်းပိုင်သည် အိမ်အပြန်မှာ တစ်ခုခု ပြန်ယူလာနိုင်ရန် မျှော်လင့်ချက်ဖြင့် တောင်ပေါ်တက်သွားလိုက်သည်။
ကောင်းကင်ဘုံက ကူညီမစလိုက်သလိုပင် သူသည် ယုန်ကြီးတစ်ကောင်ကို တကယ်ပဲ ဖမ်းမိလိုက်သည်။
ဒါက လေးကျင်းလောက် ရှိသည်။ ဒီခေတ်က ယုန်တစ်ကောင်အတွက်တော့ ဒီအလေးချိန်က အမှန်တကယ်ပင် အရမ်းလေးနေပြီ။ သို့သော် နွေရာသီ သို့မဟုတ် ဆောင်းဦးရာသီ ကောက်သိမ်းချိန်၌ ဂျုံခင်းတွင် ဖမ်းမိပါက ယုန်သည် ခြောက်ကျင်း သို့မဟုတ် ခုနစ်ကျင်းခန့် အလေးချိန်ရှိနိုင်သည်။ အဲဒါကို ဝဖြိုးသောယုန်လို့ ခေါ်ကြသည်။
ဒါပေမယ့် သူတို့ကို ဖမ်းမိဖို့ မလွယ်ကူလှပေ။
ဒီယုန်ကို လင်းချင်းဟယ်က ယုန်သားနှပ်တစ်အိုးအဖြစ် ချက်ပြုတ်လိုက်သည်။ တစ်မိသားစုလုံးသည် သူတို့ စိတ်ကျေနပ်အားရသည့်အထိ စားသောက်ကြသည်။
လင်းချင်းဟယ်၏ စိတ်ဓာတ်ကျနေခြင်းသည်လည်း သူမ၏အစာအိမ်ထဲသို့ ကျရောက်သွားသောကြောင့် သူမ၏စိတ်သည် ပြန်လည်ကောင်းမွန်လာသည်။
ညအချိန် သူမ အိပ်သောအခါ သူမသည် သူနဲ့အတူအိပ်ဖို့ အစီအစဉ် မရှိသေးဘူး။
သူမသည် လောင်စန်းကို ပွေ့ဖက်ပြီး တစ်ဖက်ခြမ်းတွင် အိပ်လိုက်သည်။ လောင်တနှင့် လောင်အာ့တို့နှင့်အတူ အိပ်ရန် သူ့ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ကျိုးချင်းပိုင်သည် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူ့ဇနီးက လွှတ်မပေးသေးဘူးပဲ။