Ch 5
Viewers 35

🍐 Chapter 5





[တရုတ်နံနံအား အငတ်ခံကာ ဆန္ဒပြခြင်း]


ချူရှုယွင်မှာ တရုတ်နံနံအား သူ့ကလေးဘဝကတည်းက မုန်းတီးခဲ့ခြင်း ဖြစ်လေသည်။


ထိုအချိန်က သူ ထိုက်ချင်ဂိုဏ်းသို့ မဝင်ရသေးဘဲ သာမန်မိသားစုမှ သာမန်ကလေးတစ်ယောက်သာ ဖြစ်နေသေးသည်။


သူ့ မိခင်မှာ ကျင့်ကြံ၌ သူပါရမီပါကြောင်း မသိခဲ့ပေ။ သူ့အား စာသင်စေချင်ပြီး အောင်မြင်ကျော် ကြားစေချင်ခဲ့ကာ တရုတ်နံနံ* လို ကြိုးစားအားထုတ်စေချင်သည့်အတွက် ထမင်းစားတိုင်း တရုတ်နံနံကို မဖြစ်မနေ စားခိုင်းခဲ့လေသည်။


(T/N _ တရုတ်လိုဆို 'တရုတ်နံနံပင်'က 'ကြိုးစားအားထုတ်ခြင်း' နဲ့ အသံထွက်တူတယ်တဲ့ သနားစရာ ချူပေါင်ပေ့)


နောက်ပိုင်းတွင် ချူရှုယွင်မှာ တရုတ်နံနံစားပြီး အန်သည့်အထိ ဖြစ်ခဲ့ရသော်လည်း အောင်မြင်ကျော် ကြားမှုတော့ မရရှိခဲ့ပေ။ ထိုအစား သူသည် တာအိုကျင့်စဉ်ကျင့်ကြံရန် တောင်ပေါ်သို့တက်သွားခဲ့ပြီး ဆယ်နှစ်ကျော်ကြာကျင့်ကြံပြီးနောက် အသက်အငယ်ဆုံး ထိုက်ချင်မသေမျိုးအရှင်သခင် ဖြစ်လာခဲ့လေသည်။


တကယ်တော့ ထိုစဉ်က တာအိုကျင့်စဉ်ကိုသင်ယူရန် တောင်ပေါ်သို့ တက်သွားရခြင်း၏ အကြောင်း ရင်းတစ်ဝက်မှာ မသေမျိုးကျင့်ကြံသူများက အစာမစားဘဲ နေနိုင်ခြင်းနိုင်ပြီး တရုတ်နံနံ စားစရာ မလိုတော့ဘူးဟု ကြားခဲ့ရသောကြောင့်ပင်။


သူက သုံးရက်တည်းနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းကို အောင်မြင်ခဲ့ပြီး ထာဝရအစာမစားဘဲ နေနိုင်ခဲ့ပြီဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ တစ်နေ့သုံးနပ်ဆက်စားနေခဲ့သည်။ အဓိကကတော့ အစားမက်သောကြောင့်ပင်။


"စားလေ” 


အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာကာ ချူရှုယွင် အတွေးများကို အတင်းအကျပ် ရုပ်သိမ်းခံလိုက်ရသည်။ မျက်နှာချင်းဆိုင်တွင် တိတ်ဆိတ်စွာထိုင်နေသော အမျိုးသားကို သူ မော့ကြည့်လိုက်ပြီး တိတ်တဆိတ်တံတွေးမြိုချကာ မျက်နှာလွှဲလိုက်လေသည်။


ယွီချန် သူ့ကို စိုက်ကြည့်နေပြီး ပေါ့ပါးသောလေသံဖြင့်


"မသေမျိုးအရှင်သခင်က ကျွန်တော်ကိုယ်တိုင် ခွံ့ကျွေးတာကို လိုချင်နေတာလား"


ချူရှုယွင် စားပွဲပေါ်ရှိ ထမင်းဗူးဆီသို့ ကြိုးစားကာ အကြည့်ရွှေ့လိုက်ပြီး အကြိမ်ကြိမ် တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတွင် အကြည့်လွှဲလိုက်လေသည်။


မစားဘူး။


ဘာပဲလုပ်ရလုပ်ရ ဒါကိုတော့ မစားနိုင်ဘူး၊ သေသွားမယ်ဆိုရင်တောင် မစားနိုင်ဘူး။


ချူရှုယွင်၏ခေါင်းမာပြီး ဇွဲကောင်းနေသော မျက်လုံးများကို ရင်ဆိုင်လိုက်ရသောအခါ ယွီချန်၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွားလေသည်။ ထို့နောက် သူထမင်းဗူးကို ဖြည်းညှင်းစွာ ပြန်သိမ်းလိုက်၏။


ခဏအကြာ နတ်ဆိုးနန်းတော်၏ ဘေးဘက်ခန်းမဆောင်၌။


မီးဖိုချောင်မှ ချက်ပြုတ်နေသော မီးခိုးငွေ့တစ်ချို့ ပြတင်းပေါက်မှတစ်ဆင့် လွင့်မျောလာလေသည်။


လက်မအရွယ်အစားရှိ နတ်ဆိုးငယ်လေးနှစ်ကောင်မှာ မီးဖိုစွန်းတွင် ရပ်နေကာ သူတို့ရှေ့ရှိ လူကို ဂရုတစိုက် စိုက်ကြည့်နေကြသည်။


ထိုအမျိုးသား၏ မျက်နှာမှာ မှိုင်းညှို့နေပြီး သူ့ခါးတွင် အနက်ရောင်ဝတ်ရုံကို စည်းနှောင်ထားကာ ကျယ်ပြန့်သော ပခုံးနှင့် သွယ်လျသော ခါးအချိုးအစားကို ပေါ်လွင်စေပြီး မတ်မတ်ရပ်နေလေလျက် ရှိသည်။ သူ၏ လက်ချောင်းများတွင် ပုံမှန်အားဖြင့် ဓားကို ကိုင်တွယ်လေ့ကျင့်ရာကြောင့် ဖြစ်ပေါ် လာသော အသားမာလေးများရှိနေသော်လည်း ယခုအချိန် ထိုလက်များက ကြေးဝါဟင်းမွှေဇွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။


"သခင်ကြီး ဘာဖြစ်နေတာလဲ"


ခေါင်းနီနတ်ဆိုးလေးက အသံကိုနှိမ့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။


"ခုနကမှ ဟင်းချက်သွားတာ မဟုတ်ဘူးလား၊ ဘာလို့ ပြန်ရောက်လာတာလဲ” 


ထိုသူထံမှ အအေးဓာတ်တွေ ဖြာထွက်နေဆဲဖြစ်ပြီး သူ့ ကျောပြင်ကပင် ဖော်ပြ၍မရနိုင်သော နာကြည်းဝမ်းနည်းမှုမျိုးကို ပြသနေလေသည်။


ခေါင်းနီလေးဘေးရှိ ခေါင်းပြာနတ်ဆိုးလေးက သူ့ကို စူးစိုက်ကာ စိုက်ကြည့်ရင်း


"ပြောနေစရာတောင် မလိုဘူး အဲ့ဒီ ချူရှုယွင်က အခြေအနေကို နားမလည်ဘဲ သခင်ကြီးချက်ပေးတဲ့ အစားအစာကို မစားချင်လို့နေမှာပေါ့!"


"ဪ အဲ့လိုကိုး” 


ထိုစကားကို ကြားပြီးနောက် ခေါင်းနီလေးမှာ ဒေါသထွက်သွားလေသည်။


"သူ့ကို မျက်နှာသာပေးလွန်းနေတာပဲ အစာငတ်‌အောင် ထားလိုက်ကြည့်ပါလား ဗိုက်ဆာပြီး ဒုက္ခရောက်လာရင် စားမစား ကြည့်ရသေးတာပေါ့!"


"ငါ ကြားနေရတယ်နော် ချီယန်” 


ထိုစကားကြားလိုက်ရပြီးနောက် ချီယန်မှာ ရုတ်တရက် တုန်ယင်သွားပြီး မြှောက်ပင့်သော အပြုံးတစ်ခုဖြင့် အလျင်အမြန် အစားထိုးလိုက်လေသည်။


"သခင်ကြီးရဲ့ နားက အရမ်းကောင်းတာပဲ ကျွန်တော်က ဒီလူ အခြေအနေမှန်ကို နားမလည်သေးဘူး ထင်မိလို့ပါ တကယ်သေသင့်တဲ့အကောင်၊ သခင်ကြီးရဲ့ စေတနာတွေကို ဖြုန်းတီးပြီး အစာငတ်ခံ ဆန္ဒပြရဲတယ်ဆိုတော့ သူ့ကို သေချာလေး အပြစ်ပေးသင့်တယ်” 


ယွီချန်က တစ်ချက်ကြည့်လိုက်ပြီး ဟင်းမွှေဇွန်းကို ခံစားချက်မဲ့စွာဖြင့် ရုတ်တရက် မြှောက်လိုက်ကာ ချီယန့် ခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ ချီယန်မှာ ချက်ချင်းပင် လွင့်ပျံသွားပြီး မီးခိုးငွေ့တစ်စအဖြစ်သို့ ပြောင်းလဲသွားလေသည်။ နာကျင်စွာ အော်ဟစ်လိုက်သော ချီယန်၏ အသံများက ဘေးဘက်ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားတော့၏။


"အား အား သခင်ကြီး အသက်ချမ်းသာပေးပါ ကျွန်တော်မျိုး ထပ်ပြီး စကားမပြောရဲတော့ပါဘူး”


သူက ဟင်းမွှေဇွန်းကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်လွှာချကာ အလွန်တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။


"ထွက်သွားစမ်း” 


တကျီကျီနဲ့ ဆူညံနေတာ စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။


စဉ်းတီတုံးပေါ်တွင် လတ်ဆတ်သော တရုတ်နံနံ တစ်စည်း တိတ်ဆိတ်စွာရှိနေလေသည်။ ထိုအရာ ကို သူ မနက်စောစော နတ်ဆိုးနယ်မြေမှ ထွက်ကာ အနီးနားရှိမြို့သို့သွား၍ ဝယ်လာခဲ့ခြင်း ဖြစ်သည်။


ဒါပေမဲ့ ချူရှုယွင်က မစားခဲ့ဘူး၊ သူက အစာငတ်ခံ ဆန္ဒပြဖို့ ဆုံးဖြတ်ထားပုံပဲ။


ယွီချန်က ဒါကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ ချူရှုယွင်မှာ အလွန် ဒေါသထွက်နေပြီး ဂရုမစိုက် တတ်သော စရိုက်ရှိသည်။ ကောင်းကင်ပေါ်၌သာ အမြဲရှိနေခဲ့သူမှာ ယခုအခါ သူ့ဆွဲချမှာကြောင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည့်အတွက် သူ့ ရင်ထဲတွင် ဤနာကြည်းမှုကို မည်သို့ မြိုသိပ်ထားနိုင်မည်နည်း။


အကယ်၍ သူသာ ချူရှုယွင်၏ကျင့်ကြံခြင်းစွမ်းအားများကို ချိတ်ပိတ်မထားခဲ့လျှင် ယခု ချူရှုယွင် ပထမဆုံး လုပ်မည့်အရာမှာ သူ့ခေါင်းကို ဖြတ်ပြီး ခြေဖဝါးအောက်တွင် နင်းထားပစ်ရန် ဖြစ်နိုင်သည်ဟု သူ ထင်မိသည်။


ထားလိုက်ပါတော့ အရင်ဆုံးနည်းလမ်းရှာတာ ပိုကောင်းလိမ့်မယ်။ အခု ချူရှုယွင်က သာမန်လူတစ် ယောက်လိုပဲ ကျင့်ကြံခြင်းစွမ်းအားတွေ မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ် အစာမစားဘဲ နေနိုင်မှာလဲ။


ယွီချန်က သူ့ နဖူးစွန်းကို ပွတ်သပ်လိုက်ပြီး စားပွဲပေါ်ရှိ တရုတ်နံနံပင်များကို ကြည့်လိုက်လေသည်။


ချူရှုယွင်က သူ့ကို ကောက်ယူပြီး ဂိုဏ်းသို့ ပြန်ခေါ်လာခဲ့သည့် နှစ်များကို သူ မှတ်မိနေဆဲပင်။ ထမင်းစားချိန်ရောက်တိုင်း သူနှင့် ချူရှုယွင်၏ တပည့်များက ထမင်းစားပွဲတွင် ထိုင်ကာ ချူရှုယွင် လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။


ထမင်းစားကြသောအခါ ချူရှုယွင်၏မျက်လုံးများက အကြိမ်တိုင်း စားပွဲပေါ်ရှိ တရုတ်နံနံများဆီသို့ အမြဲရောက်သွားတတ်သည်မှာ ထင်ရှားသော်လည်း သူက ထိုတရုတ်နံနံများကို သူ့ပန်းကန်ထဲသို့ တစ်ခါမှ မထည့်ခဲ့ဘဲ သူ(ယွီချန်)၏ပန်းကန်ထဲသို့သာ အရင်ဆုံးထည့်ပေးခဲ့သည်။


ချူရှုယွင် တရုတ်နံနံပင်ကို စားရတာ ကြိုက်နှစ်သက်မည်မှန်း သူသိသော်လည်း အကြီးအကဲတစ် ယောက်အနေဖြင့် ချူရှုယွင်က သူအကြိုက်ဆုံး ဟင်းလျာများကို သူတို့အား အရင်ဆုံးကျွေးရန် ရွေးချယ်ခဲ့သည်။


ဒီလူက အမြဲတမ်း ဒီလိုပါပဲ။ စကားနည်းပြီး အေးစက်ကာ မာနကြီးသော်လည်း ဆံပင်မျှင်လေး တစ်မျှင်လို သေးငယ်တဲ့အရာကအစ ဂရုတစိုက်ရှိပြီးစာနာတတ်လွန်းသည်။


ယွီချန်က ချူရှုယွင်အား သူ့လက်ရာကို မြည်းစမ်းစေချင်ခဲ့သည်။ ချူရှုယွင် အကြိုက်ဆုံးဟင်းကို သူ ချက်ပေးလိုက်လျှင် အနည်းငယ်တော့ ချူရှုယွင် စိတ်သက်သာရာရသွားနိုင်သည်ဟု သူ တွေးခဲ့မိသည်။


ချူရှုယွင်ကမူ တစ်လုတ်စားရမည့်အစား အစာငတ်ခံပြီး သေရတာကိုပဲ ရွေးချယ်သွားလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့မိပေယ


ပြီးတော့ ချူရှုယွင်လို လူမျိုးက ထမင်းနှစ်နပ်လောက်အတွက်နဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုလုပ် ‌လက်လွှတ်လိုက်မှာလဲ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အတွေးတွေက စိတ်ကူးယဉ်ဆန်လွန်းနေခဲ့တာပဲ။


နတ်ဆိုးနန်းတော် အိပ်ဆောင်၌


ချူရှုယွင်က ပွင့်နေသော တံခါးကို ကြည့်လိုက်ပြီး ယွီချန် ထမင်းဗူးကို ယူကာ ထွက်သွားစဉ်က အကျည်းတန်သော မျက်နှာအမူအရာကို စိတ်ထဲတွင် ပြန်လည်အမှတ်လာကာ သူ့ မျက်လုံးများ အနည်းငယ် စိုစွတ်လာလေသည်။


သူ အရမ်းဗိုက်ဆာနေပြီ။ မသေမျိုးတစ်ယောက် ဖြစ်လာကတည်းက ဗိုက်ဆာတဲ့ ခံစားချက်ကို မခံစားရတာ အတော်ကြာပြီမို့ သူ ဘယ်လောက်တောင် ဗိုက်ဆာနေလဲဆိုရင် တရုတ်နံနံကိုတောင် စားချင်စိတ်ပေါက်လာသည်အထိပင်။


ထိုက်ချင်ဂိုဏ်းမှာတုန်းက ထမင်းစားချိန်ရောက်တိုင်း သူ့တပည့်တွေနဲ့အတူ ထမင်းစားပွဲမှာ ထိုင်ပြီး သူ အစားရွေးတာကို သူတို့ မသိအောင်လို့ တရုတ်နံနံတွေကို တခြားသူတွေရဲ့ ပန်းကန်ထဲကို အမြန်ဆုံးထည့်ပေးလေ့ရှိတာကို သူ မှတ်မိနေသေးသည်။


ဒါပေမဲ့ အခုတော့ သူက တရုတ်နံနံတွေကို တခြားသူတွေဆီ အတင်းထည့်ပေးလို့ မရတော့ဘူး။ ယွီချန်ကသာ သူ မစားရင် ယူသွားပြီး သူကိုယ်တိုင်လည်း စားမှာမဟုတ်ဘူးလို့ ပြောခဲ့မယ်ဆိုရင် ခုနက သူ သေချာပေါက်အစားရွေးနေမှာ မဟုတ်ဘူးလေ။


ချူရှုယွင်က ကုတင်ပေါ်တွင် ကွေးကွေးလေး လှဲလျောင်းရင်း သူ့ကိုယ် သူ ဖက်ထားလိုက်လေသည်။


ဒါမှမဟုတ် သူ တိတ်တိတ်လေး ထွက်ပြေးပြီး နတ်ဆိုးနယ်မြေနားက တည်းခိုခန်းတစ်ခုခုကို ရှာလိုက်ရမလား။ ဗိုက်ဝသွားရင် သူ့ဘာသာ သူ ပြန်လာပါ့မယ်လို့ ကတိပေးလိုက်မယ်လေ။


ငါးကင်၊ ယုန်ကင်နဲ့ အမဲသားနှပ်တွေ စားချင်တယ်။ မွှေးကြိုင်နေတဲ့ ပေါက်စီဖြူဖြူလေးတွေပါ ရှိရင် ပိုတောင် ကောင်းဦးမယ်။


စိတ်ထဲကနေ တွေးလိုက်ရုံနဲ့တင် ချူရှုယွင်၏တံတွေးများ အဆမတန် ထွက်လာပြီး အရင်ကထက် အနည်းငယ် ပိုဗိုက်ဆာလာတော့သည်။


မဖြစ်ဘူး သူ ဆက်မစောင့်နိုင်တော့ဘူး။


အဝတ်အစားဝတ်ပြီးနောက် ချူရှုယွင်က သူ့ဘွတ်ဖိနပ်ကို တိတ်တဆိတ် စီးလိုက်ပြီး တံခါးဆီသို့ ဖွဖွလေး လျှောက်သွားလိုက်လေသည်။


တံခါးအပြင်ဘက်တွင် နတ်ဆိုးကျင့်ကြံသူ နှစ်ယောက် ရပ်နေဆဲဖြစ်ကာ လှုပ်ရှားသံကို ကြားလိုက်ရ သောအခါ သူတို့ ရုတ်တရက် လှည့်ကြည့်လာကြသည်။


ချူရှုယွင် ချက်ချင်းပင် တံခါးနောက်သို့ ပုန်းရှောင်လိုက်သည်။ သူ၏ မှော်စွမ်းအားများ မရှိတော့သော် လည်း သူ့ထံ သိုင်းပညာအချို့ ကျန်ရှိနေသေးသဖြင့် ထွက်ပြေးရန်မှာ သိပ်မခက်ခဲလှပေ။