Ch 6
Viewers 32

🍐 Chapter 6





"ထွက်သွားစမ်း” 


တကျီကျီနဲ့ ဆူညံနေတာ စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။


စဉ်းတီတုံးပေါ်တွင် လတ်ဆတ်သော တရုတ်နံနံ တစ်စည်း တိတ်ဆိတ်စွာရှိနေလေသည်။ ထိုအရာ ကို သူ မနက်စောစော နတ်ဆိုးနယ်မြေမှ ထွက်ကာ အနီးနားရှိမြို့သို့သွား၍ ဝယ်လာခဲ့ခြင်း ဖြစ်သည်။


ဒါပေမဲ့ ချူရှုယွင်က မစားခဲ့ဘူး၊ သူက အစာငတ်ခံ ဆန္ဒပြဖို့ ဆုံးဖြတ်ထားပုံပဲ။


ယွီချန်က ဒါကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ ချူရှုယွင်မှာ အလွန် ဒေါသထွက်နေပြီး ဂရုမစိုက် တတ်သော စရိုက်ရှိသည်။ ကောင်းကင်ပေါ်၌သာ အမြဲရှိနေခဲ့သူမှာ ယခုအခါ သူ့ဆွဲချမှာကြောင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည့်အတွက် သူ့ ရင်ထဲတွင် ဤနာကြည်းမှုကို မည်သို့ မြိုသိပ်ထားနိုင်မည်နည်း။


အကယ်၍ သူသာ ချူရှုယွင်၏ကျင့်ကြံခြင်းစွမ်းအားများကို ချိတ်ပိတ်မထားခဲ့လျှင် ယခု ချူရှုယွင် ပထမဆုံး လုပ်မည့်အရာမှာ သူ့ခေါင်းကို ဖြတ်ပြီး ခြေဖဝါးအောက်တွင် နင်းထားပစ်ရန် ဖြစ်နိုင်သည်ဟု သူ ထင်မိသည်။


ထားလိုက်ပါတော့ အရင်ဆုံးနည်းလမ်းရှာတာ ပိုကောင်းလိမ့်မယ်။ အခု ချူရှုယွင်က သာမန်လူတစ် ယောက်လိုပဲ ကျင့်ကြံခြင်းစွမ်းအားတွေ မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ် အစာမစားဘဲ နေနိုင်မှာလဲ။


ယွီချန်က သူ့ နဖူးစွန်းကို ပွတ်သပ်လိုက်ပြီး စားပွဲပေါ်ရှိ တရုတ်နံနံပင်များကို ကြည့်လိုက်လေသည်။


ချူရှုယွင်က သူ့ကို ကောက်ယူပြီး ဂိုဏ်းသို့ ပြန်ခေါ်လာခဲ့သည့် နှစ်များကို သူ မှတ်မိနေဆဲပင်။ ထမင်းစားချိန်ရောက်တိုင်း သူနှင့် ချူရှုယွင်၏ တပည့်များက ထမင်းစားပွဲတွင် ထိုင်ကာ ချူရှုယွင် လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။


ထမင်းစားကြသောအခါ ချူရှုယွင်၏မျက်လုံးများက အကြိမ်တိုင်း စားပွဲပေါ်ရှိ တရုတ်နံနံများဆီသို့ အမြဲရောက်သွားတတ်သည်မှာ ထင်ရှားသော်လည်း သူက ထိုတရုတ်နံနံများကို သူ့ပန်းကန်ထဲသို့ တစ်ခါမှ မထည့်ခဲ့ဘဲ သူ(ယွီချန်)၏ပန်းကန်ထဲသို့သာ အရင်ဆုံးထည့်ပေးခဲ့သည်။


ချူရှုယွင် တရုတ်နံနံပင်ကို စားရတာ ကြိုက်နှစ်သက်မည်မှန်း သူသိသော်လည်း အကြီးအကဲတစ် ယောက်အနေဖြင့် ချူရှုယွင်က သူအကြိုက်ဆုံး ဟင်းလျာများကို သူတို့အား အရင်ဆုံးကျွေးရန် ရွေးချယ်ခဲ့သည်။


ဒီလူက အမြဲတမ်း ဒီလိုပါပဲ။ စကားနည်းပြီး အေးစက်ကာ မာနကြီးသော်လည်း ဆံပင်မျှင်လေး တစ်မျှင်လို သေးငယ်တဲ့အရာကအစ ဂရုတစိုက်ရှိပြီးစာနာတတ်လွန်းသည်။


ယွီချန်က ချူရှုယွင်အား သူ့လက်ရာကို မြည်းစမ်းစေချင်ခဲ့သည်။ ချူရှုယွင် အကြိုက်ဆုံးဟင်းကို သူ ချက်ပေးလိုက်လျှင် အနည်းငယ်တော့ ချူရှုယွင် စိတ်သက်သာရာရသွားနိုင်သည်ဟု သူ တွေးခဲ့မိသည်။


ချူရှုယွင်ကမူ တစ်လုတ်စားရမည့်အစား အစာငတ်ခံပြီး သေရတာကိုပဲ ရွေးချယ်သွားလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့မိပေယ


ပြီးတော့ ချူရှုယွင်လို လူမျိုးက ထမင်းနှစ်နပ်လောက်အတွက်နဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုလုပ် ‌လက်လွှတ်လိုက်မှာလဲ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အတွေးတွေက စိတ်ကူးယဉ်ဆန်လွန်းနေခဲ့တာပဲ။


နတ်ဆိုးနန်းတော် အိပ်ဆောင်၌


ချူရှုယွင်က ပွင့်နေသော တံခါးကို ကြည့်လိုက်ပြီး ယွီချန် ထမင်းဗူးကို ယူကာ ထွက်သွားစဉ်က အကျည်းတန်သော မျက်နှာအမူအရာကို စိတ်ထဲတွင် ပြန်လည်အမှတ်လာကာ သူ့ မျက်လုံးများ အနည်းငယ် စိုစွတ်လာလေသည်။


သူ အရမ်းဗိုက်ဆာနေပြီ။ မသေမျိုးတစ်ယောက် ဖြစ်လာကတည်းက ဗိုက်ဆာတဲ့ ခံစားချက်ကို မခံစားရတာ အတော်ကြာပြီမို့ သူ ဘယ်လောက်တောင် ဗိုက်ဆာနေလဲဆိုရင် တရုတ်နံနံကိုတောင် စားချင်စိတ်ပေါက်လာသည်အထိပင်။


ထိုက်ချင်ဂိုဏ်းမှာတုန်းက ထမင်းစားချိန်ရောက်တိုင်း သူ့တပည့်တွေနဲ့အတူ ထမင်းစားပွဲမှာ ထိုင်ပြီး သူ အစားရွေးတာကို သူတို့ မသိအောင်လို့ တရုတ်နံနံတွေကို တခြားသူတွေရဲ့ ပန်းကန်ထဲကို အမြန်ဆုံးထည့်ပေးလေ့ရှိတာကို သူ မှတ်မိနေသေးသည်။


ဒါပေမဲ့ အခုတော့ သူက တရုတ်နံနံတွေကို တခြားသူတွေဆီ အတင်းထည့်ပေးလို့ မရတော့ဘူး။ ယွီချန်ကသာ သူ မစားရင် ယူသွားပြီး သူကိုယ်တိုင်လည်း စားမှာမဟုတ်ဘူးလို့ ပြောခဲ့မယ်ဆိုရင် ခုနက သူ သေချာပေါက်အစားရွေးနေမှာ မဟုတ်ဘူးလေ။


ချူရှုယွင်က ကုတင်ပေါ်တွင် ကွေးကွေးလေး လှဲလျောင်းရင်း သူ့ကိုယ် သူ ဖက်ထားလိုက်လေသည်။


ဒါမှမဟုတ် သူ တိတ်တိတ်လေး ထွက်ပြေးပြီး နတ်ဆိုးနယ်မြေနားက တည်းခိုခန်းတစ်ခုခုကို ရှာလိုက်ရမလား။ ဗိုက်ဝသွားရင် သူ့ဘာသာ သူ ပြန်လာပါ့မယ်လို့ ကတိပေးလိုက်မယ်လေ။


ငါးကင်၊ ယုန်ကင်နဲ့ အမဲသားနှပ်တွေ စားချင်တယ်။ မွှေးကြိုင်နေတဲ့ ပေါက်စီဖြူဖြူလေးတွေပါ ရှိရင် ပိုတောင် ကောင်းဦးမယ်။


စိတ်ထဲကနေ တွေးလိုက်ရုံနဲ့တင် ချူရှုယွင်၏တံတွေးများ အဆမတန် ထွက်လာပြီး အရင်ကထက် အနည်းငယ် ပိုဗိုက်ဆာလာတော့သည်။


မဖြစ်ဘူး သူ ဆက်မစောင့်နိုင်တော့ဘူး။


အဝတ်အစားဝတ်ပြီးနောက် ချူရှုယွင်က သူ့ဘွတ်ဖိနပ်ကို တိတ်တဆိတ် စီးလိုက်ပြီး တံခါးဆီသို့ ဖွဖွလေး လျှောက်သွားလိုက်လေသည်။


တံခါးအပြင်ဘက်တွင် နတ်ဆိုးကျင့်ကြံသူ နှစ်ယောက် ရပ်နေဆဲဖြစ်ကာ လှုပ်ရှားသံကို ကြားလိုက်ရ သောအခါ သူတို့ ရုတ်တရက် လှည့်ကြည့်လာကြသည်။


ချူရှုယွင် ချက်ချင်းပင် တံခါးနောက်သို့ ပုန်းရှောင်လိုက်သည်။ သူ၏ မှော်စွမ်းအားများ မရှိတော့သော် လည်း သူ့ထံ သိုင်းပညာအချို့ ကျန်ရှိနေသေးသဖြင့် ထွက်ပြေးရန်မှာ သိပ်မခက်ခဲလှပေ။


သို့သော်လည်း ပင်မတံခါးမှ ထွက်သွားခြင်းက အရမ်း သိသာလွန်းပြီး ယွီချန်ကို အလွယ်တကူ ဆွဲဆောင်နိုင်ပေသည်။ ချူရှုယွင် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ့ ခေါင်းကို လှည့်ကာ အိပ်ဆောင်ထဲရှိ တစ်ခုတည်းသော ပြတင်းပေါက်ကို ကြည့်လိုက်လေသည်။


ပြတင်းပေါက်ကနေ ထွက်ပြေးတာက ပိုကောင်းမယ်ထင်တယ်။


ဆုံးဖြတ်ချက်ချပြီးနောက် ချူရှုယွင် ပြတင်းပေါက်ဆီသို့ ချက်ချင်း တိုးကပ်သွားကာ ပြတင်းပေါက် ဘောင်ပေါ်သို့ ခြေတစ်ဖက် တင်လိုက်စဉ် ရုတ်တရက် အနည်းငယ် ရှုပ်ထွေးနေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။


"မင်း ဘာလုပ်နေတာလဲ"


ချူရှုယွင် ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားပြီး သူ့ တစ်ကိုယ်လုံး ပြတင်းပေါက်ဘောင်ပေါ်တွင် အေးခဲသွားတော့သည်။ ထိုခြေထောက်က အောက်ပြန်မချရသေးပေ။


အိပ်ဆောင်အတွင်းရှိ တိတ်ဆိတ်မှုထဲတွင် ရှက်ရွံ့စရာကောင်းသော အငွေ့အသက်များ ပြည့်နှက်သွားလေသည်။


ယွီချန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အနည်းငယ်အခက်အခဲဖြစ်စွာဖြင့် ပြောလိုက်သည်။


"မင်း......"


မင်း ထွက်ပြေးချင်တယ်ဆိုရင်တောင် တခြားသူတွေကို နည်းနည်းပါးပါးတော့ သတိထားသင့်တယ် လေ၊ ဒီလောက်ကျယ်လောင်တဲ့ ခြေသံတွေကို မင်း မကြားဘူးလား။


သူ့ ကျင့်ကြံခြင်းစွမ်းအားများ ဆုံးရှုံးသွားပြီးနောက် ချူရှုယွင်မှာ အပြင်ထွက်ရန် အခြားနည်းလမ်း တကယ်ကို မရှိတော့ပေ။ သို့မဟုတ်ပါက အရင်တုန်း ချူရှုယွင်မှာ ဤကဲ့သို့သောအရာမျိုးကို မည်သို့လုပ် လုပ်ဆောင်မည်နည်း။


ချူရှုယွင်၏ နားရွက်ဖျားလေးများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပူထူလာသဖြင့် သူ့ ခြေထောက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်ပြီး ခေါင်းပင် မမော့ရဲတော့ချေ။


အရမ်း ရှက်စရာကောင်းတာပဲ။


ယွီချန်က သူ့ကို အရမ်းတုံးတယ်လို့ ထင်သွားမှာပဲ။ ဂိုဏ်းချုပ်က သူ့ကို တုံးတယ်လို့ခဏခဏ ပြောလေ့ရှိပေမဲ့ ယွီချန်ကိုတော့ သူ အဲ့ဒီလိုအမြင်မခံချင်ဘူး။ ယွီချန်ရဲ့ အမြင်မှာ သူက ဉာဏ်ကောင်း တယ်၊ တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့တယ်လို့ ခံစားရစေတာက အကောင်းဆုံးပဲ......


"ပြန်လာခဲ့” 


ယွီချန် သူ့ လှုပ်ရှားမှုများကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။


"ဒီကနေ မင်း ထွက်ပြေးလို့မရဘူး အပြင်မှာ အစီအရင်တွေ ရှိတယ်” 


ထိုစကားကို ကြားသောအခါ ချူရှုယွင်မှာ အနည်းငယ် မပျော်မရွှင်ဖြင့် နှုတ်ခမ်းကိုစူထားလိုက်လေ သည်။


သူ့ကို အစားအသောက်လည်း မပေးဘူး၊ သွားခွင့်လည်း မပြုဘူးဆိုတော့ သူ့ကို အစာငတ်ပြီး သေစေချင်နေတာလား။


ယွီချန်က ကောလာဟလတွေထဲကအတိုင်း တကယ်ပဲ ဖြစ်ပုံရသည်။ ယခင်က ယွီချန် တစ်ကမ္ဘာလုံး ကို ဒုက္ခပေးမည့် နတ်ဆိုးသခင် ဖြစ်လာခဲ့ကြောင်း သိထားသော်လည်း သူ့ အလှတရားကြောင့် စိတ်ရှုပ်ထွေးကာ မယုံကြည်ခဲ့သော ချူရှုယွင်မှာ ယခုအခိုက်အတန့်တွင်တော့ သူ့အား အစာမကျွေး သည့် ပြစ်မှုဖြင့် ယွီချန်အပေါ် အတည်ပြုသတ်မှတ်လိုက်တော့သည်။


"ပြန်လာခဲ့” 


ယွီချန် တိုးညင်းသောအသံဖြင့် တိုက်တွန်းလိုက်သည်။


ချူရှုယွင်က တိမ်တွေကို ကြည့်နေဟန်ဆောင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းစောင်း၍ ကြည့်နေလိုက်လေသည်။


ပြန်မသွားဘူး။


သူက မကောင်းဆိုးဝါးကို အဆုံးထိ တိုက်ခိုက်ချင်တာ။


သူ့ အရှုံးမပေးသော ပုံစံကို မြင်သောအခါ ယွီချန် မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။ ချူရှုယွင်  သူ့စကားကို အလွယ်တကူ နားထောင်မည်မဟုတ်ကြောင်းသိသဖြင့် အတန်ကြာပြီးနောက် သူ့နောက်ရှိ နတ်ဆိုးကျင့်ကြံသူထံမှ ထမင်းဗူးကို ယူလိုက်ကာ တိုးညင်းစွာ ပြောလိုက်သည်။


"မသေမျိုးအရှင်သခင်က ဒီလိုပဲ ဆက်လုပ်နေဖို့ ဆုံးဖြတ်ထားပုံရတယ်” 


ထိုစကားကို ကြားသောအခါ ချူရှုယွင် ခေါင်းလှည့်ကြည့်လိုက်ရာ ယွီချန် ထမင်းဗူးကို ကိုင်ဆောင်လာပြီး စားပွဲပေါ်တွင် တင်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သူက နောက်လှည့်ကာ နန်းဆောင်တံခါးကို တင်းကျပ်စွာ ပိတ်လိုက်လေသည်။


ဝုန်းခနဲ အသံနှင့်အတူ နန်းဆောင်တံခါးမှာ တင်းကျပ်စွာ ပိတ်သွားပြီး လေတစ်ချက်ပင် ဝင်လာနိုင်စွမ်း မရှိတော့ချေ။


ယွီချန် ဘာကြောင့် တံခါးပိတ်လိုက်သည်ကို ဂရုစိုက်ရန် ချူရှုယွင် အချိန်မရှိတော့ဘဲ သူ၏ မျက်လုံးများမှာ စားပွဲပေါ်တွင် ယခုလေးတင် တင်ထားသော ထမင်းဗူးဆီသို့သာ ရောက်ရှိနေတော့သည်။


အရမ်း မွှေးတာပဲ!


မွှေးတယ်၊ အရမ်းမွှေးတာပဲ!


ဒီတစ်ခါကရော ဘာဖြစ်မလဲ၊ ယွီချန်က သူ့အတွက် ဘယ်လို အရသာရှိတဲ့ အစားအစာတွေ ယူလာပေးတာလဲ။


သူ၏ နှာခေါင်းဖျားလေး အနည်းငယ် လှုပ်ရှားသွားကာ ချူရှုယွင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အသားကင်ရနံ့ကို ခပ်ရေးရေး ရလိုက်လေသည်။


သို့သော် ယွီချန်၏ မျက်လုံးထဲတွင်တော့ ထို မယိမ်းမယိုင်သော အကြည့်များက လျော့ရဲမသွားဘဲ နိုးကြားမှုမျိုးနှင့် ပိုတူနေပြီး ယွီချန်၏ နောက်ထပ် လှုပ်ရှားမှုကို အမြဲတစေ အာရုံစိုက်နေကာ ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေသကဲ့သို့ ရှိနေလေသည်။


ချူရှုယွင်က တကယ်ကို သူ့ကို သတိထားနေတုန်းပဲ။ ကြည့်ရတာ ဒီအစာကိုလည်း သူ စားမှာမဟုတ်လောက်ဘူး။


ယွီချန်က မျက်လွှာချလိုက်လေသည်။


ဒါပေမဲ့ ထပ်ပြီး မစားချင်ဘူးဆိုရင်တောင် ဒီနေ့တော့ သူ စားကိုစားရမှာပဲ။


ချူရှုယွင်က တံတွေးမြိုချလိုက်ပြီး ထမင်းဗူးကို စိုက်ကြည့်နေတော့သည်။


ယွီချန် မြန်မြန် ငါ့ကို လာစားဖို့ ခေါ်လိုက်လေ။