Ch 7
Viewers 33

🍐 Chapter 7





ခြေလှမ်းသေးသေးလေး တစ်လှမ်းလောက် လှမ်းလာတာနဲ့တင် ငါ ချက်ချင်း ပြေးလာပြီး စားမှာ၊ နောက်ဆို ဘယ်မှ ထွက်မပြေးတော့ပါဘူးလို့ ကတိပေးတယ် မြန်မြန်သာခေါ်လိုက်ပါ။


ယွီချန်က ချူရှုယွင်ကို ကြည့်နေခြင်းကို ရပ်လိုက်ပြီး ထမင်းဗူးအဖုံးကို ဖြည်းညှင်းစွာ ဖွင့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


"မသေမျိုးအရှင်သခင်က ဒီနေရာကနေ ထွက်ပြေးပြီး ကျွန်တော့်ကို ထားရစ်ခဲ့ဖို့ပဲ အာရုံစိုက်နေမှ တော့ သဘာဝကျကျပဲ သူ ဒီအစာကို စားချင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် မသေမျိုးအရှင်သခင် ကိုယ်စား ကျွန်တော်ပဲ စားလိုက်ပါတော့မယ်” 


ချူရှုယွင် : ...... ဟင်?


ထိုသို့ပြောပြီးနောက် ယွီချန်က ထမင်းဗူးထဲမှ ငါးကင်တစ်ပွဲ၊ အမဲသားနှပ်တစ်ပွဲနှင့် မွှေးကြိုင်ပျစ်နှစ် နေသော ပဲနီလေးစွပ်ပြုတ်တစ်ခွက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ထမင်းဗူးအောက်ရှိ အံဆွဲကို ဖွင့်ကာ ချိုမြိန်သော ရနံ့များ သင်းပျံ့နေသည့် နှင်းကဲ့သို့ ဖြူဖွေးအိစက်နေသော ပေါက်စီအချို့ကို ထုတ်ယူလိုက်၏။


ချူရှုယွင် မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး ယွီချန်အား စိုက်ကြည့်နေတော့သည်။ ယွီချန်က တူကို ယူလိုက်ပြီး အမဲသားနှပ်တစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေ သည်။


"စုန့်လင် တည်းခိုခန်းရဲ့ နာမည်ကြီးဟင်းပွဲပီပီ ဒီအမဲသားနှပ်က တကယ်ကို ကောင်းတာပဲ” 


ယွီချန်က မျက်လုံးများကို မော့ကာ မလှမ်းမကမ်းရှိ ချူရှုယွင်ကို ကြည့်လိုက်ပြီး ရှားရှားပါးပါး အပြုံးတစ်ခုကို ပြသလိုက်သည်။


"မသေမျိုးအရှင်သခင်က စုန့်လင် တည်းခိုခန်းကို သွားရတာ အကြိုက်ဆုံးပဲလေ၊ ဒီအရသာရှိတဲ့ အစားအစာတွေကို မှတ်မိသေးရဲ့လား"


မှတ်မိတယ်၊ မှတ်မိတာပေါ့၊ မှတ်မိတယ်!


ချူရှုယွင် တံတွေးမြိုချလိုက်ပြီး သူ့ မျက်လုံးများက အမဲသားနှပ်ပန်းကန်ပေါ်မှ တစ်ခဏမျှပင် ခွာမသွားခဲ့ပေ။


အရင်တုန်းက တောင်ပေါ်မှာ ကျင့်ကြံနေစဉ် ပင်ပန်းလာတဲ့အခါတိုင်း သူ့သူငယ်ချင်းများနှင့် တပည့်တွေကို စုန့်လင် တည်းခိုခန်းဆီ ခေါ်သွားပြီး အရက်နည်းနည်းသောက်လေ့ရှိသည်။


သူအရက်မသောက်ပေမဲ့ စားပွဲပေါ်က အမဲသားနှပ်ကိုတော့ အမြဲတမ်း သူ အမြန်ဆုံး စားပစ်လေ့ရှိတာလေ။


"ကံမကောင်းစွာနဲ့ပဲ မသေမျိုးအရှင်သခင်က ဒီနေ့ စားခွင့်မကြုံဘူးဖြစ်နေတယ်၊ မသေမျိုးအရှင် သခင်က မစားချင်ဘူးဆိုမှတော့ မသေမျိုးအရှင်သခင်အစား ကျွန်တော်ပဲ စားရတော့မှာပေါ့” 


ယွီချန် ပြုံးလိုက်ပြီး တူဖြင့် ငါးကင်တစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။


ဒါကတော့ နောက်ဆုံး နည်းလမ်းပဲ။


သို့သော်လည်း ချူရှုယွင်၏အရှုံးမပေးတတ်သော စရိုက်နှင့်ဆိုလျှင် သူ့ ဒီလို အရည်အချင်းမရှိသော သွေးဆောင်ဖြားယောင်းမှုတောင် ချူရှုယွင်အရှုံးပေးမှာ မဟုတ်ဘူးဆိုတာ ယွီချန် သိထားလေသည်။


အခုတော့ စမ်းကြည့်ဖို့ပဲ တတ်နိုင်တော့တယ်။


သူ အမဲသား နောက်တစ်တုံးကို ထပ်ယူရန် ပြင်လိုက်စဉ် သူ့ လက်ကောက်ဝတ် ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရလေသည်။


ယွီချန် ခန္ဓာကိုယ် အနည်းငယ်တောင့်တင်းသွားပြီး သူ့ရှေ့တွင် အေးစက်စွာရပ်နေသော ချူရှုယွင်ကို မော့ကြည့်လိုက်ရာ သူ့ အသက်ရှူသံများပင် ရပ်တန့်သွားတော့သည်။


ဘယ်လိုခံစားရတာလဲဆိုတော့...... ဒေါသထွက်နေပုံပဲ။


ချူရှုယွင် မျက်နှာတည်သွားသည့်အခါ အတော်လေး ကြောက်စရာကောင်းလှသည်။ ထိုက်ချင်ဂိုဏ်း တွင် ရှိနေစဉ်က ချူရှုယွင် မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်နှင့် ခန်းမထဲရှိ တပည့်များမှာ အသက်ပင် မရှူရဲကြတော့ဘဲ သူ့အကြည့်များကို ရှောင်လွှဲရန် ခေါင်းငုံ့ထားလေ့ရှိကြသည်။


ယွီချန်လည်း ထိုနည်းတူပင် ဖြစ်သည်။


သူတို့နှစ်ဦး အပြန်အလှန် ကြည့်နေကြပြီး လေထုမှာ တစ်ခဏမျှအေးခဲသွားခဲ့သည်။ ယွီချန်၏ လက်နှင့်ခြေများ အေးစက်လာသည်အထိပင်။ ထိုစဉ် ချူရှုယွင်က သူ့ လက်ဖဝါးထဲမှ တူကို ရုတ်တရက် လျင်မြန်ကြမ်းတမ်းစွာလုယူလိုက်ပြီး သူ့ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ အားနာခြင်းမရှိဘဲ စားသောက်လေတော့သည်။


လူဆိုးကောင်၊ သူက တကယ်ကို တစ်ယောက်တည်းစားချင်နေတာပဲ။ ယွီချန် တကယ်ဆိုးဝါးတယ်၊ အစားအသောက်တွေ အကုန်လုံး သူ စားပစ်မယ်၊ ယွီချန်အတွက် တစ်ခုမှကို ချန်မထားပေးဘူး!


ယွီချန် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ချူရှုယွင်က အမဲသားနှပ်တစ်ပွဲနှင့် ပေါက်စီဖြူဖြူ ခြောက်လုံးကို ပြောင်စင်သွားအောင် စားသောက်နေသည်ကို ငေးကြောင်ကြောင်ဖြင့် ကြည့်နေမိသည်။ တစ်ခဏမျှတော့ သူ့မျက်လုံးများ တစ်ခုခုမှားယွင်းနေပြီလားဟုပင် သူ သံသယဝင်သွားမိသည်။


ဒီလှည့်ကွက်က တကယ်ပဲ အသုံးဝင်တာလား။


မဟုတ်ဘူး။


ချူရှုယွင်က ဒီလို အရည်အချင်းမရှိတဲ့ လှည့်ကွက်မျိုးထဲ အလွယ်တကူ ကျုံးဝင်သွားမှာ မဟုတ်ဘူး၊ သူက အဲ့ဒီလောက်အစားမက်တဲ့သူမှ မဟုတ်တာ။


ဖြစ်နိုင်တာက... ချူရှုယွင်က သူ ထမင်းထဲမှာ အဆိပ်ခတ်ထားတယ်လို့ ထင်ပြီး ဆက်မရှင်သန်ချင် တော့လို့ သူပေးတဲ့ အစားအစာကို တုံ့ဆိုင်းမနေဘဲ စားပစ်လိုက်တာများလား။


ဒါသေချာတယ်။


ဒါမှမဟုတ်ရင် ချူရှုယွင်က ဘယ်လိုလုပ်သေဖို့ ဆုံးဖြတ်ထားတဲ့ မျက်လုံးမျိုးနဲ့ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေမှာလဲ။


ယွီချန် ရုတ်တရက် သူ့ ပါးစပ်ထဲရှိ အစားအစာများ အရသာ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။


အချိန်အတော်ကြာပြီးနောက် သူ မျက်လွှာချလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။


"မင်းကို ထပ်ပြီး စိတ်ပျက်အောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်” 


ယွီချန် မတ်တပ်ရပ်လိုက်ပြီး နောက်လှည့်ကာ ထွက်သွားလေသည်။


"ငါ အဆိပ်မခတ်ထားပါဘူး၊ မင်း သေမှာမဟုတ်ဘူး၊ မသေမျိုးအရှင်သခင် ဖြည်းဖြည်းစားပါ” 


တံခါး ပိတ်သွားလေသည်။ သူက အမိုးစွန်းအောက်တွင် ရပ်နေရင်း လက်သီးဆုပ်ထားလိုက်ရာ သူ၏ လက်ချောင်းများမှာ လက်ဖဝါးကိုပင် ဖောက်ဝင်တော့မတတ် ဖြစ်သွားတော့သည်။


မှော်မြူခိုးများ သူ့ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။ ၎င်းမှာ သူစေလွှတ်ထားသော နတ်ဆိုးကျင့်ကြံသူ သူလျှိုပင်။


"သခင်ကြီးကို လျှောက်တင်ပါတယ် ကျီလျန်ကျိုးက နင်အန်းမြို့ကို ရောက်နေပါပြီ” 


ထိုစကားကို ကြားသောအခါ ယွီချန်မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီး တိုးညင်းသောအသံ ဖြင့်ပြောလိုက်သည်။


"သိပြီ” 


သူငယ်ချင်းဟောင်းတွေဆိုတာ အချိန်အကြာကြီး ခွဲခွာနေပြီးမှ ပြန်လည်ဆုံဆည်းရတာပဲ။ ကျီလျန်ကျိုး နတ်ဆိုးနယ်မြေကို ရောက်လာပြီဆိုမှတော့ သူလည်း အိမ်ရှင်တစ်ယောက်အနေနဲ့ အကောင်းဆုံး ဧည့်ဝတ်ကျေပွန်အောင် လုပ်ပေးရမှာပေါ့။


ယွီချန် ထွက်သွားသည်ကို ကြည့်ရင်း ချူရှုယွင်က ပေါက်စီကို ဝါးစားကာ နားမလည်နိုင်စွာဖြင့် ခေါင်းစောင်းလိုက်လေသည်။


ခုနက ယွီချန် ဘာပြောသွားတာလဲ။


ထားလိုက်ပါတော့ အရင်ဆုံး ဗိုက်ဝအောင်စားလိုက်ဦးမယ်။