Ch 8
Viewers 26

🍐 Chapter 8





ဗိုက်ဝအောင် စားသောက်ပြီးနောက် ချူရှုယွင်က သိုလှောင်လက်စွပ်ထဲမှ ဝတ္ထုစာအုပ်တစ်အုပ်ကို ထုတ်ယူကာ ပေါ့ပေါ့ပါးပါး ဖတ်နေလိုက်လေသည်။


ထိုစာအုပ်ထဲတွင် နတ်ဆိုးသခင်ယွီချန်၏ အကြောင်းကို ရေးသားထား၏။


ယွီချန်၏ဖမ်းခေါ်ခြင်းခံရကာ နတ်ဆိုးနန်းတော်သို့ မရောက်လာခင်က သူ့ မျက်နှာကိုဝါးခမောက်ဖြင့် တိတ်တဆိတ် ဖုံးကွယ်ပြီး ဈေးထဲသွားကာ ထိုစာအုပ်ကို ဝယ်လာခဲ့ခြင်း ဖြစ်သည်။


စာအုပ်ထဲတွင် ရေးထားသည်မှာ ယွီချန်က ရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း၊ ကမ္ဘာပေါ်တွင် အကျည်းတန်ဆုံးနှင့် ကြောက်စရာအကောင်းဆုံး နတ်ဆိုးဖြစ်ကြောင်း၊ ပါးစပ်ကြီးကြီးနှင့် မျက်နှာစိမ်းစိမ်းရှိကာ အစွယ်များကလည်း အလွန်နံစော်နေပြီး လူကိုစားလျှင် အရိုးပင်မထွေးထုတ်တတ်ကြောင်း ဆိုထားလေသည်။


ဒီစာအုပ်ကို ရေးတဲ့လူတွေက ယွီချန်ကို တကယ်မြင်ဖူးတာ မဖြစ်နိုင်ဘူး။


ချူရှုယွင် ယွီချန်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည့်နေ့မှာ နင်အန်းမြို့ရှိ ဖူယွီတောင်ပေါ်တွင် ဖြစ်သည်။ ယွီချန်က ယခင်နတ်ဆိုးသခင်ကို သတ်ဖြတ်ပြီး လက်ရှိနတ်ဆိုးသခင် ဖြစ်လာကတည်းက နတ်ဆိုးနယ်မြေမှ နတ်ဆိုးများမှာ ပြဿနာရှာရန် အပြင်ထွက်လာခဲပြီး သူတို့အားလုံး ယွီချန်နှင့် တိုက်ခိုက်ရန်သာ အလုပ်ရှုပ်နေကြလေသည်။


နွေရာသီအစတွင် အေးမြသော မိုးရေများ အများအပြား ရွာသွန်းလေ့ရှိပြီး ထိုညကလည်း မိုးဖွဲဖွဲလေး ရွာကျနေခဲ့သည်။


ဖူယွီတောင်ပေါ်တွင် ကြည်လင်ပြီး နက်ရှိုင်းသော ရေပြာအိုင်တစ်ခုရှိပြီး ထိုရေကန်ထဲတွင် လေနှင့်မိုးကြောင့် ကြွေကျလာသော စိမ်းလန်းသည့် သစ်ရွက်ဖတ်များဖြင့် ပြည့်နှက်နေလေသည်။


ချူရှုယွင် ချိတ်ပိတ်အစီအရင်ကို အားဖြည့်ပြီးနောက် ရေပြာအိုင်အစပ်တွင် ယွီချန်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။


သူ ပေါ်လာသည့် အခိုက်အတန့်၌ မိုးရွာနေခြင်းက ရုတ်တရက် ရပ်တန့်သွားပြီး တိမ်များလည်း ပျယ်လွင့်သွားခဲ့လေသည်။


လမင်းကြီးက ငွေရောင်ချိတ်တစ်ခုသဖွယ် ဖြစ်နေပြီး ရေပြင်တွင် လှိုင်းသေးသေးလေးများ ထနေကာ လေညင်းလေးက ငြင်သာစွာ တိုက်ခတ်နေသည်။ ယွီချန်က အပင်အောက်တွင် ရပ်နေကာ ပန်းပွင့်ဖတ်များက သူ၏ ပခုံးပေါ်သို့ ကျဆင်းနေပြီး သူ၏ ခန္ဓာကိုယ်မှာ ပါးလွှာသော မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ရှိနေလေသည်။


မျက်နှာစိမ်းစိမ်းနဲ့ အစွယ်တွေပါတဲ့ နတ်ဆိုးခေါင်းဆောင်ဆိုတာ ဘယ်နားမှာလဲ၊ ကောင်းကင်ကနေ ကျဆင်းလာတဲ့ နတ်ဘုရားတစ်ပါးနဲ့ ပိုတောင် တူနေသေးတယ်။


ယွီချန်က သူ့ကို အဝေးမှလှမ်းကြည့်နေပြီး သူ့ ခါးမှ ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်လေသည်။


ချူရှုယွင်လည်း သူ့ဓားကို ဆွဲထုတ်လိုက်၏။ သူ့တွင် ယွီချန်ကို သတ်ရန်ရည်ရွယ်ချက်မရှိသော်လည်း ထိုက်ချင်မသေမျိုးအရှင်သခင် တစ်ယောက်အနေဖြင့် မည်သို့ပင်ဖြစ်စေ သူ သတိထားရမည် ဖြစ်သည်။


ယွီချန်က ဓားနှစ်ကွက် သုံးကွက်လောက်နဲ့တင် သူ့ကို မယှဉ်နိုင်တော့ဘူးလို့ သူ မမျှော်လင့်ထား ခဲ့ဘူးလေ။ ဒါကြောင့် ချူရှုယွင်က ယွီချန်ကို ရိုက်သတ်မိသွားမှာစိုးလို့ သူ့ခွန်အားတွေကို ထိန်းချုပ်ထားခဲ့ရသေးတယ်။


မထင်မှတ်ထားတာက ယွီချန် သူ့ အင်္ကျီလက်ထဲမှ အနီရောင်ကြိုးတစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး အခွင့်အရေးယူကာ ချူရှုယွင်၏လက်ကောက်ဝတ်အား ချည်နှောင်လိုက်ခြင်းပင်။


သူ ထိုအနီရောင်ကြိုးကို မမှတ်မိဘဲ နတ်ဆိုးကျင့်ကြံသူများ၏မှော်လက်နက် တစ်မျိုးမျိုးဖြစ် မည်ဟုသာ ထင်ခဲ့သည်။ ထိုကြိုးနှင့် ချည်နှောင်ခံလိုက်ရသည်နှင့်တပြိုင်နက် သူ့ တစ်ကိုယ်လုံးရှိ စွမ်းအားများမှာ အသုံးပြု၍မရတော့ချေ။


ယွီချန်က ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်ပြီး သူ့ကို အလွန်အရှက်ရဖွယ်ကောင်းအောင် အနိုင်ယူသွားခဲ့ကာ ချူရှုယွင်မှာ ၎င်း၏ချည်နှောင်ဖမ်းခေါ်သွားခြင်းကို ခံလိုက်ရလေသည်။


နတ်ဆိုးနန်းတော်၏ သက်သောင့်သက်သာရှိကာ နူးညံ့သည့် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ချူရှုယွင် တစ်ဖက်သို့ လှည့်ကာ မန်ဒရင်းဘဲမောင်နှံပုံပါသော အနီရောင်စောင်၏ရနံ့ကို ရှူရှိုက်လိုက်လေသည်။


အရမ်းမွှေးတာပဲ၊ အရမ်းသင်းပျံ့တဲ့ပန်းရနံ့လေးလိုပဲ။


တကယ်တော့ သူ အခိုင်အမာပြောချင်တာက…


သူ ယွီချန်ဖမ်းခေါ်သွားတာကို ခံခဲ့ရတာ မဟုတ်ဘူး သူကိုယ်တိုင် သဘောဆန္ဒအလျောက် ယွီချန်နောက်ကို လိုက်လာခဲ့တာ။


နင်အန်းမြို့ရှိ တောင်ပေါ် တည်းခိုခန်း၌


"ဒီနေရာအထိ ရှာတွေ့အောင်လာနိုင်တာ ကျေးဇူးပဲ” 


ကျီလျန်ကျိုးက ဓားကို အေးစက်စွာ ဆွဲထုတ်လိုက်ပြီး သူ့ တစ်ကိုယ်လုံးတွင် ဓားစွမ်းအင်များ ပြည့်နှက်နေလေသည်။


"အားရှု ဘယ်မှာလဲ သူ့ကို ဘာလုပ်လိုက်ပြီလဲ"


ယွီချန်က သူ့လက်ချောင်းထိပ်များရှိ ကျောက်စိမ်းအရိုးလက်စွပ်ကို ကစားနေရင်း မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ ထို့နောက် သတ်ဖြတ်လိုစိတ်များ အကောင်အထည် ပေါ်လာမတတ် ပြင်းထန်နေသော ကျီလျန်ကျိုးကို ကြည့်ကာ တိုးတိုးလေး ရယ်မောလိုက်လေသည်။


"မသေမျိုးအရှင်သခင်ကို ငါက ဘာလုပ်ရမှာလဲ၊ သဘာဝကျကျ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ကောင်းကောင်းမွန်မွန် ပြုစုပေးထားတာပေါ့ ဒါပေမဲ့...... တစ်ခါတလေတော့လည်း မသေမျိုးအရှင် သခင်ကို ငါနဲ့အတူ အိပ်ပေးဖို့ခိုင်းရတာပေါ့” 


ထိုစကားကို ကြားသောအခါ ရှောင်မင် သူ့ကို ဒေါသတကြီး လက်ညှိုးထိုးကာ ဆဲဆိုတော့သည်။


"တိရစ္ဆာန်ကောင် အရင်တုန်းက မသေမျိုးအရှင်သခင် မင်းကို ကယ်တင်ပေးခဲ့ပြီး သွန်သင်ဆုံးမပေးခဲ့ တာတွေ တကယ့်ကိုအလကားဖြစ်သွားတာပဲ မင်း ဘယ်လိုများလုပ်ဝံ့ရတာလဲ မင်း ဘယ်လိုလုပ် ပြီး......"


ရှောင်မင် အသံမှာ တဖြည်းဖြည်း ဆို့နင့်သော အသံများအဖြစ် ပြောင်းလဲသွားလေသည်။


"သူက ချူရှုယွင်လေ မင်း သူ့ကို အဲ့လို ဆက်ဆံရဲတယ်ပေါ့! မင်းကို သတ်ပစ်မယ် တိရစ္ဆာန်ကောင် ခွေးကောင် မင်းကို ငါ သတ်ပစ်မယ်!"


ကျီလျန်ကျိုး စကားတစ်ခွန်းမှ မဆိုဘဲ သွေးလိုနီရဲနေသော မျက်လုံးများဖြင့် ယွီချန်ကို စိုက်ကြည့်နေ ကာ ဓားရိုးကိ ကိုင်ထားသော လက်ဆစ်များ ဖြူရော်သွားသည်အထိ တင်းကျပ်စွာ ဆုပ်ကိုင်ထား လေသည်။


"ယွီချန် အားရှုမင်းကို ဂိုဏ်းဆီ ခေါ်လာတုန်းက သူ မင်းအပေါ် တစ်ခဏလေးတောင် ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့ဖူးလားဆိုတာ မင်းကိုယ် မင်း ပြန်မေးကြည့်”


ရှောင်မင်၏ဆဲဆိုမှုများက ယွီချန်အတွက် နာကျင်မှုမရှိသော်လည်း ကျီလျန်ကျိုး၏ စကားများက တော့ ယွီချန့်မျက်နှာအမူအရာကို အနည်းငယ် လှုပ်ရှားသွားစေခဲ့သည်။


အချိန်အတော်ကြာပြီးနောက် ယွီချန်က မျက်လွှာချလိုက်လေသည်။


"ဟုတ်တယ်” 


ချူရှုယွင်က သူ့အပေါ် တကယ်ပဲ ကြင်နာမှု၊ တရားမျှတမှုတို့ဖြင့် ဆက်ဆံခဲ့ပြီး လုပ်သင့်လုပ်ထိုက် သည်များကို အကုန်လုပ်ဆောင်ပေးခဲ့သည်။ သို့သော် သူ့ စိတ်ဆန္ဒမပါဝင်ဘဲ လုပ်ဆောင်ခဲ့‌ေသာ အရာတစ်ခုတော့ရှိလေသည်။


ရှောင်မင်နှင့် ကျီလျန်ကျိုးတို့ နှစ်ယောက်စလုံး အံ့ဩမှင်တက်သွားကြပြီးနောက် ယွီချန် ပြုံးကာ ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။


"သေချာတာပေါ့ သူက ငါ့အပေါ် အကြွေးတင်နေတာလေ ဒါကြောင့် ငါ သူ့ဆီက ပြန်တောင်းရမှာ ပေါ့” 


ထိုစကားကို ကြားသောအခါ ကျီလျန်ကျိုးမျက်နှာမှာ ရုတ်တရက် မှောင်မိုက်သွားလေသည်။


"သူက မင်းကို အကြွေးတင်နေတယ် ဟုတ်လား မင်း ဂိုဏ်းချုပ်ကို ဆန့်ကျင်ပြီး နတ်ဆိုးလှောင် ပုလင်းကို ခွဲပစ်လိုက်လို့ နတ်ဆိုးခေါင်းဆောင်ကို ထွက်ပြေးသွားခဲ့တုန်းက ဘယ်သူကပဲ မင်းအတွက် ပြဿနာတွေကို ဖြေရှင်းပေးခဲ့တာလဲ မင်းက သူ မင်းကို လူအများရှေ့မှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးခဲ့တာကိုပဲ မှတ်မိနေပြီး သူ မင်းကို နှင်ထုတ်ခဲ့တာကိုပဲ မှတ်မိနေတာလား” 


စကားလုံးတိုင်း စာကြောင်းတိုင်းမှာ အလွန်အမင်းတုန်ယင်နေပြီး ကျီလျန်ကျိုး၏ဓားမှာလည်း တစ်ခါမှ ဤမျှဆိုးရွားစွာ မတုန်ယင်ခဲ့ဖူးချေ။


ထိုစဉ်က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သူတို့အားလုံး သိထားကြသော်လည်း ယွီချန်မှ ချူရှုယွင် သူ့အပေါ် အကြွေးတင်နေသည်ဆိုသော ပေါက်ကရစကားကို ပြောထွက်လာခဲ့လေသည်။


အတိတ်က ကိစ္စများကို ပြောနေသည်ကို ကြားသောအခါ ယွီချန့် မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကျီလျန်ကျိုးအားအေးစက်စွာ စိုက်ကြည့်လိုက်လေသည်။


"ဒီကိစ္စ‌ကြောင့် မဟုတ်ဘူး” 


ရှောင်မင် လှောင်ပြောင်လိုက်သည်။


"ဘာဖြစ်လို့လဲ မင်းကိုယ်တိုင်လုပ်ခဲ့တာလေ အခုကျမှ ဝန်မခံချင်တော့ဘူးလား မသေမျိုးအရှင် သခင်ကို နတ်ဆိုးနန်းတော်ဆီဖမ်းခေါ်သွားတာ ဒီကိစ္စကြောင့် မဟုတ်ဘူးလို့ ငါ့ကို လာမပြောနဲ့ အရူးတွေကို သွားလိမ်ပါလား” 


အမှားသေးသေးလေးတစ်ခုအတွက်တောင် လက်စားချေတတ်တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်တဲ့ ယွီချန်က ထိုအရှက်ကွဲမှုကို သူ့ရင်ထဲမှာ သေချာပေါက် သိမ်းထားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ချူရှုယွင်ကို လက်စားချေဖို့ စောင့်နေခဲ့တာပဲ!


"ဒီကိစ္စကြောင့် မဟုတ်ဘူး” 


ယွီချန် တစ်ခုခုကို သက်သေပြချင်နေပုံရပြီး အေးစက်သောအသံဖြင့် ထပ်မံပြောလိုက်လေသည်။


သူ့ပုံစံကို မြင်သောအခါ ကျီလျန်ကျိုး ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။


"ဒါဆို ဘာလဲ အားရှုက မင်းကို ဘာများအကြွေးတင်နေလို့လဲ” 


ဆရာတစ်ယောက်အနေဖြင့် ဆူပူကြိမ်းမောင်းပြီး အပြစ်ပေးရုံသက်သက်သာ ဖြစ်ရာ အားရှုက ယွီချန်ကို အခြားဘာများ အကြွေးတင်နိုင်ဦးမည်နည်း။


"ငါ လူလားမြောက်တဲ့အချိန်ကျရင် ငါနဲ့ လက်ထပ်မယ်လို့ သူ ကိုယ်တိုင်ကတိပေးခဲ့ပြီးမှ သူက စကားပြန်ရုပ်သိမ်းသွားခဲ့တာလေ” 


ယွီချန် နှုတ်ခမ်းကို တွန့်ကွေးကာ ခပ်ဟဟရယ်မောလိုက်သည်။


"ဒါကြောင့် သူ့ကို လက်စားချေဖို့ နတ်ဆိုးနန်းတော်ဆီ ဖမ်းခေါ်သွားတာက သူ ငါ့အပေါ် အကြွေးတင်နေလို့လို့ သတ်မှတ်လို့မရဘူးလား” 


"တော်လိုက်တော့!"


ကျီလျန်ကျိုး သည်းမခံနိုင်တော့သဖြင့် ဆက်နားမထောင်နိုင်တော့ချေ။


"မင်းက ငါနဲ့ အားရှုကို တကယ်ပဲ စိတ်ပျက်အောင် လုပ်တာပဲ” 


စကားနိုင်လုဖို့အတွက်နဲ့တောင် ဒီလောက် ရယ်စရာကောင်းတဲ့ အလိမ်အညာစကားမျိုးကို  ဖန်တီးရဲကြတယ်ပေါ့လေ။


တစ်ယောက်ယောက်နဲ့ လက်ထပ်မယ်လို့ အားရှု ပြောခဲ့တာက စိတ်ကူးယဉ်ပုံပြင်သက်သက်ပဲ။ အဲ့ဒီလူက ယောက်ျားတစ်ယောက်၊ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ယွီချန် ဖြစ်နေတယ် ဆိုရင် ပြောစရာတောင် မလိုတော့ဘူး!


"မယုံလည်း ကိစ္စမရှိပါဘူး” 


ဒီလိုဖြစ်လာမည်ကို ယွီချန် သိထားပြီးဖြစ်သဖြင့် သူတို့နှင့် အချိန်ဖြုန်းရန် စိတ်ကူးမရှိတော့ဘဲ သူ့လက်ကို ပျင်းရိပျင်းတွဲ မြှောက်ကာ ငြင်သာစွာပြောလိုက်လေသည်။


"အချိန်လည်း မစောတော့ဘူး မသေမျိုးအရှင်သခင်ဆီ အစောကြီး ပြန်သွားပြီး အဖော်လုပ်ပေးရ ဦးမယ် မင်းတို့ဘာသာ သဘောရှိသလိုလုပ်ကြတော့”