Ch 9
Viewers 34

🍐 Chapter 9





သူ ထွက်သွားတော့မည်ကို မြင်သောအခါ ကျီလျန်ကျိုး၏ဓားက သူ့ထံသို့ ချက်ချင်းပြေးဝင်လာပြီး ယွီချန်၏ နှလုံးသားကို တိကျစွ ထိုးဖောက်သွားတော့မတတ်ပင်။


နောက်တစ်ခဏတွင် အေးစက်သော မှော်ဓားတစ်လက်က ကျီလျန်ကျိုး၏ကျောဘက် နှလုံးသားတည့်တည့်သို့ ရိုက်ခတ်လာလေသည်။


သူ၏ရှေ့ရှိ ယွီချန်မှာ မှော်မြူခိုးအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားလေရာ ထိုအရာက ကိုယ်ပွားတစ်ခုသာ ဖြစ်နေခဲ့လေသည်။


"ဒါနဲ့ ပြောဖို့ မေ့သွားတယ်” 


ယွီချန်၏ အသံက သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးဆန်မှုများဖြင့် ပြည့်နှက်နေလေသည်။


"မသေမျိုးအရှင်သခင်က မင်းကို မလာစေချင်ဘူးလို့ ပြောတယ် ပြန်သွားတော့ မသေမျိုးအရှင် သခင်ရဲ့ မျက်နှာကြောင့် မင်းကို ငါ အသက်ချမ်းသာပေးလိုက်မယ်” 


ထိုစကားများ အဆုံးတွင် ပတ်ဝန်းကျင်ရှိ မှော်မြူခိုးများ အားလုံး ပျောက်ကွယ်သွားပြီး နတ်ဆိုးစွမ်းအင် အနည်းငယ်ကိုပင် မခံစားရတော့ချေ။


ရှောင်မင်က သူ့ ဓားကို မြှောက်ကာ အလျင်စလို လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ကျီလျန်ကျိုးက သူ့ ပခုံးကို ဆုပ်ကိုင်ထားလိုက်လေသည်။


"ဆက်မလိုက်နဲ့တော့” 


ကျီလျန်ကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ လက်ဖဝါးထဲရှိ ဓားရှည်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။


"အဲ့ဒါကလည်း ကိုယ်ပွားတစ်ခုပဲ၊ သူ့ရဲ့ ကိုယ်က ဒီမှာ လုံးဝမရှိဘူး” 


ယွီချန် နတ်ဆိုးလမ်းစဉ်သို့ ဝင်ရောက်ပြီးနောက် သူ့ကျင့်ကြံခြင်းစွမ်းအားများမှာ အဆမတန် တိုးတက်လာခဲ့သည်။ ၎င်းသည် မူလကပင် ပါရမီပါပြီး ဉာဏ်ကောင်းသူဖြစ်ရာ နတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပြီးနောက်တွင် ပိုစွမ်းအားကြီးမားလာခဲ့လေသည်။


ထိုအရာမှာ ယွီချန်၏ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ကြောင်း သူ သတိမထားမိခဲ့ဘဲ ယွီချန် ကျင့်ကြံခြင်း စွမ်းအားများက သူ့ကိုပင်ယှဉ်နိုင်နေပြီဟု ထင်မှတ်ခဲ့မိသည်။


သို့သော်လည်း ယွီချန်ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ သူ့ကို ယှဉ်နိုင်ရုံသာရှိသေးသည်။ အားရှုက သူတို့ထက် ပိုစွမ်းအားကြီးမားရာ ယွီချန်အား မည်သို့အလွယ်တကူ ရှုံးနိမ့်သွားနိုင်မည်နည်း။


သူ တိုက်ခိုက်ရင်းနဲ့ အာရုံလွင့်နေချိန် လျှို့ဝှက်ကြံစည်တာခံလိုက်ရတာများလား။


ဒါပေမဲ့ အားရှု ဘယ်လိုလုပ် အဲ့ဒီလောက်ထိတုံးအမှာလဲ။


"ဒါဆို ဆရာ ကျွန်တော်တို့ အခုဘာဆက်လုပ်ကြမလဲ” 


ရှောင်မင် ဓားရှည်ကို မြေကြီးပေါ်သို့ မကျေမနပ်ဖြင့် ပစ်ချလိုက်လေသည်။


"ယွီချန်က မသေမျိုးအရှင်သခင်ကို နှိပ်စက်နေတာကို ဒီအတိုင်း ဆက်ပြီး ကြည့်နေတော့မှာလား” 


"မင်း ပြန်သွားတော့ ငါ နတ်ဆိုးနယ်မြေကို သွားပြီး အားရှုကို ကယ်ထုတ်လာခဲ့မယ်"


ကျီလျန်ကျိုး မျက်လုံးများကို မှိတ်ကာ သက်ပြင်းချလိုက်လေသည်။


"ယွီချန်က တကယ်တုံးတာပဲ သူအားရှုကို အငြိုးတကြီးနဲ့ နှိပ်စက်နေရင်တောင် အလကားပဲဆိုတာ ကို ဘာလို့များ နားမလည်ရတာလဲ"


ရှောင်မင်မှာ နေရာတွင်ပင် အေးခဲသွားလေသည်။


"ဆရာ့စကားက ဘာအဓိပ္ပာယ်လဲ” 


"အားရှု သူ ဘယ်သူလဲဆိုတာကိုတောင် မေ့နေတာ ကြာလှပြီ” 


ကျီလျန်ကျိုးက သူ့ နဖူးစွန်းကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပွတ်သပ်လိုက်ပြီး သူ့ဘာသာသူ တိုးတိုးလေး ပြောလိုက်လေသည်။


"သူက အားရှုနဲ့ သုံးနှစ်လောက်ပဲ အတူတူနေခဲ့ဖူးတာဆိုတော့ အာရှုရဲ့ စရိုက်ကို သူ မသိဘူး၊ တကယ်တော့ အားရှု သူ့လိုလူမျိုးကို လုံးဝမှတ်မိနေမှာ မဟုတ်ဘူး သူ့ကို မေ့နေတာ ကြာလှပြီ” 


ချူရှုယွင်ဆိုတာ ဘယ်လိုလူမျိုးလဲ။ အရာအားလုံးက သူ့မျက်လုံးထဲမှာ လုံးဝရှိမနေဘဲ ချူရှုယွင် မှတ်မိအောင် လုပ်နိုင်တဲ့လူဆိုတာ ဒီကမ္ဘာပေါ်မှာ အရမ်းကိုနည်းပါးလှသည်။


သူ အရင်က အားရှုပုံစံကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးသည်။ အားရှုကို သဘောကျသော အမျိုးသမီးများက ခုနလေးတင် သရေစာများလာပေးသွားပြီး နောက်တစ်ခေါက် ပြန်တွေ့သည့်အခါ အားရှုက တစ်ဖက်လူကို လုံးဝမေ့သွားလေ့ရှိသည်။ သူတို့၏အမည်များကို မေ့သွားရုံသာမက တစ်ဖက်လူကို မရှိသကဲ့သို့ပင် လျစ်လျူရှုထားလေ့ရှိရာ ထိုမိန်းကလေးများအတွက် အလွန် ဝမ်းနည်းစရာ ကောင်းလှသည်။


အားရှု တမင်တကာလုပ်နေခြင်း မဟုတ်ဘဲ တစ်ဖက်လူကို သူ့ရင်ထဲ မထည့်ထားခြင်းဖြစ်ကြောင်း သူ သိသော်လည်း ထိုအရာမှာ ရောဂါတစ်ခုများလားဟုလည်း သူ သံသယဝင်မိသည်။


အခု သူ စိုးရိမ်နေတာက အရင်လို အားရှု ခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး။ ဒီအချိန်မှာ ယွီချန် ဒေါသ ထွက်အောင် ဆွပေးမိရင် အလကားနေရင်း ပိုပြီးတော့ နာကျင်စရာကောင်းအောင် နှိပ်စက်ခံရလိမ့် မည်။


အားရှုရဲ့ စရိုက်မျိုးနဲ့ဆို သူ့ကို ပျော့ညံ့သွားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။


အားရှုကို အမြန်ဆုံး တွေ့အောင်ရှာပြီး သူ့ကို အဲ့ဒီ ငရဲတွင်းထဲကနေ ကယ်ထုတ်ရမယ်။


ထိုအချိန် သူတို့ပြောနေသော ငရဲတွင်းကြီးထဲ၌


ချူရှုယွင်မှာ နတ်ဆိုးနန်းတော်ထဲတွင် တစ်ယောက်တည်း စစ်တုရင်ကစားနေသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။


သူ့ကို ပုံမှန်အားဖြင့် ဉာဏ်မကောင်းတဲ့ လူတစ်ယောက်လို မကြည့်လိုက်ပါနဲ့။ စစ်တုရင် ကစားရာမှာ တော့ သူက ကြောက်ဖို့ကောင်းအောင်တော်လေသည်။ မွေးကတည်းက ချူရှုယွင်မှာ စစ်တုရင် ကစားပါက ဘယ်တော့မှ မရှုံးဖူး‌ပေ။ သူ့ဦးနှောက်ထဲမှာ ကိုယ်ပိုင်စစ်တုရင်မှတ်တမ်း ရှိနေသလို စစ်တုရင်ရုပ်တွေ ဘယ်နေရာမှာ ချရမလဲဆိုတာကို မသိစိတ်ကနေသူ အလိုလိုသိနေတတ်သည်။


တစ်ယောက်တည်း စစ်တုရင် ကစားရသည်မှာက အလွန်စိတ်ဝင်စားစရာကောင်းသည်။ ချူရှုယွင်မှာ  သတိမထားမိလိုက်ဘဲ စစ်တုရင်ခုံအပြည့် ကစားမိလိုက်ပြီး သူ့ လက်တစ်ကမ်းရှိ ငါးကင်ပန်းကန်မှာ လည်း ငါးရိုးလေးတွေသာ ကျန်တော့သည်အထိ အကုန်စားပစ်လိုက်လေသည်။


နန်းဆောင်တံခါးအပြင်ဘက်မှ တံခါးစောင့် နတ်ဆိုးကျင့်ကြံသူ၏ အသံရုတ်တရက် ထွက်ပေါ်လာလေသည်။


"တာဝန်လွှဲမယ် မင်း သွားနားတော့ ဒီနေ့ သခင်ကြီး စိတ်အခြေအနေ သိပ်မကောင်းဘူး ကြည့်ရတာ မင်း သတိထားနေမှရမယ်” 


"ဘာလို့ စိတ်အခြေအနေ မကောင်းရတာလဲ” 


"ခေါင်းနီလေး ပြောတာ ကြားရသလောက်တော့ သခင်ကြီးက ကျီလျန်ကျိုးကို သွားတွေ့တယ်တဲ့ ဒါပေမဲ့ အဲ့ဒီ ကျီလျန်ကျိုးက မသေတဲ့အပြင် ချူရှုယွင်နဲ့ သခင်ကြီးကြားက အတိတ်က ကိစ္စတချို့ကိုပါ ပြောလိုက်လို့ သခင်ကြီး ဒေါသထွက်သွားတာတဲ့၊ အတိုချုပ်ပြောရရင် သတိထားနေပေါ့” 


ချူရှုယွငက စကားတစ်ခွန်းမှ မဆိုဘဲ သေချာနားထောင်လိုက်လေသည်။


သူနဲ့ ယွီချန်ရဲ့အတိတ်က ကိစ္စ?


ထူးဆန်းလိုက်တာ ယွီချန်ကို ဒီလောက်တောင် ဒေါသထွက်စေနိုင်လောက်တဲ့ အတိတ်က ဘယ်လိုကိစ္စများ သူနဲ့ ယွီချန်ကြားမှာ ရှိနေခဲ့လို့လဲ။ ဒါဆို သူ ဒီည  ထမင်းစားရပါဦးမလား။


တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် ချူရှုယွင် စားကြွင်းစားကျန် အားလုံးကို ထမင်းဗူးထဲသို့ ချက်ချင်းပြန်ထည့်ကာ နူးညံ့သောစောင်ထဲတွင် ဝှက်ထားလိုက်လေသည်။


ဘာပဲဖြစ်ဖြစ် အရေးပေါ်စားစရာ နည်းနည်းတော့ ချန်ထားရမယ်လေ။


"သခင်ကြီးကို ဂါရဝပြုပါတယ်” 


"ဆုတ်ခွာကြစမ်း” 


တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသောအခါ ချူရှုယွင်က သူ့ အဝတ်အစားများပေါ်ရှိ တွန့်ခေါက်နေမှုများကို အလျင်အမြန် သေသပ်အောင် လုပ်လိုက်သည်။ ထို့နောက် စစ်တုရင်ခုံဆီသို့ အမြန်ပြေးသွားကာ စစ်တုရင်ရုပ်တစ်ရုပ်ကို သေသပ်စွာ ကောက်ကိုင် လိုက်ပြီး အလေးအနက်ထားဟန် ဆောင်နေလိုက်လေသည်။


ယွီချန် ပြန်ရောက်လာချိန်တွင် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။


ချူရှုယွင်က စစ်တုရင်ခုံဘေးတွင် မတ်မတ်ထိုင်နေပြီး သူ့လက်ထဲတွင် အဖြူရောင်စစ်တုရင်ရုပ်လေး ကို ကိုင်ထားလေသည်။ သူ့ အဝတ်အစားများမှာ တွန့်ကြေနေခြင်း မရှိသလို ကြယ်သီးများကလည်း သေသပ်စွာတပ်ထားသည်။ သူ့ မျက်နှာမှညအေးစက်တည်ငြိမ်နေပြီး အကြည့်များကလည်း ယွီချန်ထံသို့ တစ်ချက်လေးပင်ရောက်မလာချေ။ ယွီချန်ရောက်လာခြင်းက သူ့အပေါ် အနည်းငယ်မျှ ပင် သက်ရောက်မှု မရှိသကဲ့သို့ဖြစ်နေလေသည်။


သူက အမြဲတမ်း ဤသို့ပင်ဖြစ်ပုံရသည်။ ကုတင်ပေါ်မှာတောင်မှ အသံတစ်ချက် မထွက်ခဲ့သလို ဘယ်တုန်းကမှလည်း စိတ်ဆိုးဖူးခြင်းမရှိခဲ့ချေ။


ခဏ ရပ်တန့်သွားပြီးနောက် ယွီချန်မှာ မနက်ခင်းတုန်းက ချူရှုယွင် ပြတင်း ပေါက်မှတစ်ဆင့် ထွက်ပြေးရန်ကြိုးစားနေသည့် မြင်ကွင်းကို သူ့ စိတ်ထဲမှဖျောက်ဖျက်ပစ်လိုက်လေသည်။


အင်းလေ ချူရှုယွင်က ဘယ်တုန်းကမှ စိတ်ဆိုးတာမျိူး မရှိခဲ့တဲ့ဟာ။