Part 441
လင်းလန်က ခဏလောက်စဉ်းစားပြီး မိုင်စွေ့နှင့်အားဝမ်တို့ဆီကိုသွားပြီးပြောလိုက်သည်။
"သားနဲ့သမီးအိမ်စာလုပ်တဲ့အခါ မင်းတို့အစ်ကိုကြီးနဲ့ များများအပြောအဆိုလုပ်ကြ"
တဝမ်မျက်နှာ မပျက်ချင်သဖြင့် သူ့ညီ/ညီမတွေကို မေးရမှာ ရှက်နေနိုင်သည်။ထို့အတွက် သူက အကောင်းဆုံးကြိုးစားသော်လည်း ဦးတည်ချက်မှားလျှင် ခွန်အားပိုထည့်လေ အသုံးမဝင်လေပါပင်။
မိုင်စွေ့က ပြုံးပြီးဆို၏။
"မားမား စိတ်မပူပါနဲ့"
အားဝမ်လည်း အံ့အားသင့်သွားခဲ့သည်။
"မားမား... အစ်ကိုကြီးက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက တကယ်ကို တစ်ခုခုဖြစ်နေတာ...ကျွန်တော် လုပ်နိုင်မှာပါ"
ယခင် သူက အတန်းထဲမှာ ထိုင်ပြီး မတ်မတ်ကြီး အိပ်နေကျဖြစ်သော်လည်း ယခု သူက မတ်မတ်ကြီးဖြစ်နေဆဲဖြစ်ပေမဲ့ မအိပ်ဘဲ ဆရာ၏သင်ကြားမှုကို လိုက်နားထောင်နေ၏။ ဆရာက စာမသင်သည့်အခါ စာအုပ် ဖတ်နေတတ်ပြီး ကိုယ့်ဘာသာဖတ်ရုံတင်မကဘဲ ဒုတိယတန်းကဟာပါ ငှားဖတ်တတ်သည်။
ယင်းက တကယ်ကို... ညသန်းခေါင်မှာ နေထွက်သည့် ခံစားချက်ပင်။
လင်းလန်က ပြုံးပြီး စကားသိပ်မပြောဘဲ အကိုဖြစ်သူကို သူတို့ဘက်စပြီး ကူညီပေးရန်သာ အားဝမ်နှင့်မိုင်စွေ့တို့ ကို ပြောလိုက်၏။
တဝမ်က အကူအညီလိုနေသောကြောင့် မေးရမှာ ရှက်နေပေမဲ့ မိုင်စွေ့နှင့်အားဝမ်တို့က အစပြုကူညီမည်ဆိုပါက သူက ပူးပေါင်းပေးမှာဖြစ်လေသည်။
ညနေပိုင်းတွင် လင်းလန် တဝမ်နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်ကောင်းသည့်ဇာတ်လမ်းကို ဟန်ချင်စုန့်အား ပြောပြလိုက်သည်။
ဟန်ချင်စုန့်က မည်သည့်ထင်မြင်ချက်မှ မဖော်ပြဘဲ ငြိမ်သက်စွာ နားထောင်နေခဲ့ရာ လင်းလန် သူ သိပ်စိတ်မဝင်စားလောက်ဟု ထင်မြင်လာခဲ့သည်။ သူ့အဖေက သိပ်ဂရုမစိုက်တာလား ဒါမှမဟုတ် ဗုဒ္ဓဘာသာ ဆန်လွန်းတာလား...
သို့ပေမဲ့ သူမ ဟန်ချင်စုန်နှင့်အတူ အနွေးကုတင်ပေါ်မှာရှိစဥ်မှာ အခြေခံအားဖြင့် သူမမှာ တွေးစရာနေရာမရှိခဲ့ပါချေ။
တစ်ညလုံးပြောစရာမရှိဖြစ်ခဲ့ပြီး နောက်တစ်နေ့ မနက်စာစားပြီးနောက် လင်းလန်က ရှောင်ဝမ်ကို တတိယအစ်မအိမ်သို့ ခေါ်သွားခဲ့၏။
ကျန်းရွာက သူတို့နှင့် ဆယ်မိုင်ကျော်ဝေးပြီး ထိုနေရာကို စက်ဘီးဖြင့်သွားလျှင် အချိန်အတော်ကြာသည်။
ရွာထဲသို့ဝင်ပြီးနောက် သူမ ကျန်းအိမ်သို့ တိုက်ရိုက်သွားခဲ့သည်။ တံခါးဝတွင် ဟောင်နန် နှင့် ကလေးနှစ်ယောက်က မြင်းကြီးစီးဂိမ်းကစားနေကြသည်ကိုတွေ့လိုက်ရပြီး အကုန်လုံးက တုတ်ကိုယ်စီ တရွတ်တိုက်စီးကာအော်နေကြ၏။ "မောင်းးး...မောင်းးး"
လင်းမိန် ၏သားထွေးက ယခုနှစ်မှာ အသက် 6 နှစ်ရှိပြီဖြစ်ပြီး သူ့အဖေလို တစ်လမ်းသွား တစ်ဦးဖြစ်ပြီး သူမှာ အစ်မကြီး ကျန်းချောင်ချောင်လည်း ရှိလေသည်။
ဟောင်နန်က ကစားနေရင်း ရုတ်တရက် ကလေးတွေနှင့် ရန်ဖြစ်တော့၏။၊ သူလုပ်ကိုယ်လုပ်ဖြင့် နောက်ဆုံးတွင် မြေကြီးပေါ်မှာ လူးလိမ့်ပြီး ငိုတော့သည်။
ဤကလေးကို သူ့အဘိုးနှင့်အဘွားက အလိုလိုက်ထားခဲ့၏။
လင်းလန်က စက်ဘီးဘဲလ်ကို "ကလင်ကလင်" ဟုတီးလိုက်ပြီး ပြောလိုက်သည်။
"ဟောင်နန် ထ..."
လင်းလန်ကိုမြင်သောအခါ ဟောင်နန်က မငိုတော့ဘဲ တခဏတွင်းချင်း ထလိုက်ပြီး အော်၏။
"စစ်နီ...စစ်နီ"
လင်းလန် : "... "
ဒီကလေးက အသက် 6 နှစ်ရှိနေပြီ...လျှာကြီးကြီးနဲ့ကို သုံးနှစ်အရွယ်ကလေးလောက်တောင် စကားမပြောတတ်သေးဘူး...
(T/N–Si Yi/စတုတ္ထဒေါ်လေးလို့ ခေါ်ရမှာကို Si Ni/စတုတ္ထသီလရှင်ဖြစ်သွားတာပါ)
သူမ စက်ဘီးပေါ်မှ ဆင်းကာ ရှောင်ဝမ်ကို ချလိုက်ပြီး ဟောင်နန် နှင့် ကစားခိုင်းလိုက်သည်။
ရှောင်ဝမ်က မျက်မှန်တပ်ထားသည်ကို တွေ့သောအခါ ကလေးတော်တော်များများ အံ့သြသွားကြသည်။ ကလေးမလေးတစ်ယောက်က ရယ်ပြီးဆို၏။
"နင်ဘာလို့ မျက်လုံးမှာ ပုလင်းဖင်ကို ဝတ်ထားတာလဲ ဟားဟား "
ရှောင်ဝမ်က: "ဒါက မျက်မှန်"
စမ်းကြည့်ကြတာပေါ့...သူတို့တစ်ခါမှ မဝတ်ဖူးဘူး...
ရှောင်ဝမ်က သူတို့ကို ဝတ်ရန် ပေးလိုက်ပြီးနောက် လူတိုင်းက အော်ကြသည်။
"အရမ်းမူးတယ်... မူးတယ်...ငါ မျက်စိကန်းသွားတယ်"
ကလေး လေးတွေ တော်တော်များများက တပြုံလုံး ရယ်ကြ၏။
အမျိုးသမီးကျန်းက အပြင်မှ လှုပ်ရှားသံကို ကြားသဖြင့် အမြန် ထွက်လာသည်။ လင်းလန်နှင့်ရှောင်ဝမ်တို့ကို တွေ့ရာတွင် သူမကဝမ်းသာအားရဆို၏။
"အိုး... သူ့စတုတ္ထဒေါ်လေး ရောက်နေတာပဲ...ဝင်ခဲ့လေ"
သူမက အဘွားကြီးဟန်ထက် နှစ်အနည်းငယ် ပိုငယ်ပြီးသူမ အသက်နှစ်ဆယ်ကျော်တွင် ကျန်းယောင်ကျူးကိုမွေးဖွားခဲ့သည်။အသက်ပိုငယ်ပြီးကလေးမွေးဖွားမှုပိုနည်းခြင်းက သူမကို နုပျိုစေခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းရုံသာမက ခန္ဓာကိုယ် တောင့်တင်းကြံခိုင်းပြီး ရွှင်လန်းတက်ကြွသူလည်း ဖြစ်လေ၏။
ဟောင်နန်က ချက်ချင်း ညည်းညူရင်း
“အဖွား...သူကသားကို လုပ်တယ်”ဟုဆိုကာ ကောင်လေးကို လက်ညှိုးထိုးပြသည်။
အမျိုးသမီးကျန်း: "မော့ဖန်... မင်းဘာလို့ ငါတို့ဟောင်နန်ကို လုပ်တာလဲ... ငါမြေးက မင်းနဲ့ မကစားတော့ဘူး"
မော့ဖန်က နှုတ်ခမ်းစူပြီး လှည့်ထွက်ပြေးသွား၏။
ဟောင်နန်က အောင်ပွဲခံကာ နှာမှုတ်လိုက်သည်။
လင်းလန် : "..."
အမျိုးသမီးကျန်းက ရှောင်ဝမ်ကို သဘောကျပြီး သူ့ကို ချီချင်ခဲ့သော်လည်း ရှောင်ဝမ်က လိမ်လိမ်မာမာဆိုလိုက်၏။
"ဘွားဘွား သားဘာသား သွားမယ်"
"ဟောင်နန်...ရှောင်ဝမ်ကိုကြည့်...ဘယ်လောက်လိမ္မာလိုက်သလဲ...သား ရှောင်ဝမ်ဆီက နည်းနည်းလောက်သင်သင့်တယ်"
အမျိုးသမီးကျန်း ရှောင်ဝမ်က ဤမျှဖြုဖွေးပြီး ချောမောသည်ကို ကြည့်ပြီး သူမ၏ ကလေးများနှင့်ပတ်သက်သော စိတ်ကူးယဉ်မှုအားလုံး အမှန်တကယ် ကျေနပ်အားရသွားရသည်။ သူမလည်း ထိုကဲ့သို့ ကလေးမျိုးလိုချင်သည်။
ထိုစကားကို သူမကပြောသောအခါ ဟောင်နန်က မျက်နှာအောက်စိုက်သွားပြီး ရှောင်ဝမ်ကိုကြည့်သော သူ့မျက်လုံးများက စူးရှလာသည်။
မိဘတွေက ကိုယ့်သားသမီးတွေကို တခြားသူတွေနှင့် နှိုင်းယှဉ်ရသည်ကို နှစ်သက်ကြ၏။ သူတို့က မရည်ရွယ်ပေမဲ့ တွေ့တွေ့ချင်း ကိုယ့်သားသမီးအတွက် ရန်သူတွေ တန်းဖန်တီးကြသည်။
လင်းလန်က အမြန်ဆိုလိုက်၏။
"ဟောင်နန် လည်း ကောင်းပါတယ်...ရှောင်ဝမ် လိုပဲအတူတူလိမ္မာတယ်... သားတို့က လိမ္မာတဲ့ညီအကိုတွေ အတူတူဆော့ကြနော်"
ထိုသို့ပြောပြီး ဟောင်နန်၏ခေါင်းကို ပွတ်သပ်ပြီး သကြားလုံး လက်တစ်ဆုပ်စာ ပေးကာ ရှောင်ဝမ်နှင့် အတူတူ စားခိုင်းလိုက်သည် ။
လင်းလန်က သူ့ကို ချီးမွမ်းသည်အားကြားသောအခါ ဟောင်နန်က သူ့မျက်နှာတစ်ဝက်လောက်ကို ငုံ့ချကာ ပြုံးလိုက်ပြီး ရှောင်ဝမ့်လက်ကို ဆုပ်ကိုင်လိုက်ရင်းဆို၏။
"ရှောင်မန်...လာ...ငါ့မြင်းကို သွားကြည့်ရအောင် "
(T/N–Xiao Wangလို့ခေါ်တာကို မပီတော့ Xiao Mang/ အလုပ်ရှုပ်လေး ဖြစ်သွားပါတယ်)
အမျိုးသမီးကျန်းက လင်းလန်ကိုအထဲဝင်ရန် ခေါ်သည်။သူမအဘိုးကြီးက အလုပ်နှင့် အဝေးရောက်နေပြီး အိမ်မှာမရှိပေ။
ကျန်းယောင်ကျူးက အိမ်မှာနေပြီး ခေါင်းတယမ်းယမ်းနှင့် စာအုပ်ဖတ်ရင်း မကြာခဏ တဟင်ဟင်တဟာဟာ လုပ်နေသည်။ယင်းက တံခါးကနေ ဝင်လာသည့် လင်းလန်ကို လန့်သွားစေ၏။
လင်းလန်ရောက်လာသည်ကိုမြင်သောအခါ ကျန်းယောင်ကျူးက ချက်ချင်းစာအုပ်ကိုချလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် သွားကာဆိုလိုက်သည်။
"ခယ်မလေး ရောက်လာတာပဲ"
လင်းလန်က ယဥ်ယဥ်ကျေးကျေး ပြုံးကာပြောလိုက်၏။
"ခဲအို ရှင် ဘာလို့အိမ်မှာရှိနေတာလဲ"
ကျန်းယောင်ကျူးက : "ငါ ဘယ်တုန်းက အိမ်မှာ မနေဖူးလို့လဲ ဟား ဟား...မင်း ဒီကို ခဏခဏ လာရင် ငါ အိမ်မှာပဲနေမှန်း မင်းသိလိမ့်မယ်"
လင်းလန် : "………"
ငါပြောတာက လူကြီးဖြစ်ပြီး အိမ်မှာ ပျင်းနေတယ်လို့လေ...နင့်ကို ချီးကျူးတယ်လို့ ထင်နေသေးတာလား...
အမျိုးသမီးကျန်းက ကျန်းယောင်ကျူးကို လင်းမိန်ကို သွားရှာပြီး ပြန်လာခိုင်းလိုက်သည်။
Xxxxxxxx
Part 442
ကျန်းယောင်ကျူးက ဆို၏။
"အမေ...ကျွန်တော် ခယ်မလေးနဲ့ စကားပြောနေတာလေ"
လင်းလန်က ပြုံးပြီးပြောလိုက်သည်။
"ကျွန်မပြောမယ် ခဲအို...အဒေါ်က အသက်ဘယ်လောက်ရှိပြီလဲ... ငယ်ငယ်ရွယ်ရွယ်ရှင်က ဟိုနားဒီနားကိုထပြေးလိုက်တော့ ဘာဖြစ်မှာမလို့လဲ"
ကျန်းယောင်ကျူးက
"ကောင်းပြီ... ဒါဆို ငါသွားခေါ် လိုက်မယ်" ဟု ပြောပြီး ထွက်သွား၏။
အမျိုးသမီးကျန်း က ရယ်ပြီးပြောလေသည်။
"ဟောင်နန်ရဲ့စတုတ္ထဒေါ်လေး... နင်က ငါ့ကို ရယ်အောင် လုပ်တာပဲ... တကယ်ကို မယုံနိုင်စရာပဲ"
လင်းလန် : "အဒေါ်... ကျွန်မက ခဲအိုကို မကောင်း ပြောတာမဟုတ်ပါဘူး... တစ်နေ့လုံး ဒီပုံစံအတိုင်းပဲနေလို့မရဘူးလေ ...သူ့ကိုရက်ကန်းကူရက်ခိုင်းလိုက်...ခဲအိုက ပညာတတ်ပြီး အလှတရားကို ခံစားတတ်တော့ သူရက်တာက ကျွန်မတို့ အဘွားကြီးတွေထက် ပိုကောင်းမယ်လို့ကျွန်မထင်တယ်"
ထုံးစံအတိုင်း သူမအနေဖြင့် သူများမိသားစုကသားကို တိုက်ရိုက်နှိမ်လိမ့်မည်မဟုတ်ပေ။အကြောင်းမှ ရန်ပွဲရှာလာခြင်းမဟုတ်သောကြောင့်ဖြစ်ပြီး ယခုဟာက ဝေဖန်သည့်ပုံစံပေါက်ပေမဲ့ တကယ်တမ်းကချီးကျူးသည်ဟုထင်ရစေသည်
သေချာသည်ပင်၊ အမျိုးသမီးကျန်းက ဆက်ရယ်ကာဆိုလေ၏။
"သူလား...မရပါဘူးအေ "
သူမက သူမလက်ကို ဝှေ့ယမ်းပြီး
"ဒီလောက်ကြီးတဲ့ အပိုင်းကို ငါ တစ်ရက်တည်းရက်နိုင်တယ်...သူက ရက်အနည်းငယ်ကြာတာတောင် မရက်နိုင်ဘူး"
လင်းလန်: .........
ရှင့်သားကို ရှင်က အလိုလိုက်ထားတာပဲ... ရှင့် သူ့ကို ဘာမှမလုပ်ခိုင်းရင် သူလုပ်မှာမဟုတ်ဘူး...
ထိုအချိန်မှာ အမျိုးသမီးကျန်းက ရှောင်ဝမ်နှင့်ဟောင်နန်ကို ကြက်ဥနို့ပေါင်းစားရန်ခေါ်လေသည်။သူမက ပန်းကန်လုံးကြီးတစ်လုံးကိုကိုင်ပြီးဆို၏။
"လာလာ အဖွားဆီ"
ဟောင်နန်က ပါးစပ်ကိုဖွင့်ပြီး ငှက်ပေါက်စလေးလို ကြက်ဥနို့ပေါင်းကို စားလေသည်။ သူ့ကို တစ်လုတ်ကျွေးပြီးနောက် ရှောင်ဝမ်ကို အလုတ်ကြီးတစ်လုတ်ကျွေးလိုက်၏။
လင်းလန်: "အဒေါ်... ဒီအရွယ်ရောက်နေပြီကို ဘာ့ကြောင့် ခွံ့ကျွေးနေသေးတာလဲ”
သူက အနာဂတ်မှာ သူ့ကို ကျွေးမွေးပြုစုမဲ့ လင်းမိန်လို စွမ်းအားကြီးတဲ့ ဇနီးသည် ရှာတွေ့ဖို့ ဖြစ်နိုင်ပါ့မလား...လိမ္မာတဲ့ ကလေးတွေတော့ ပျက်စီးကုန်ပါပြီ...
အမျိုးသမီးကျန်းက ပြုံးပြီးပြောသည်။
"သူက ဒီလိုပဲ... ဘာပဲဖြစ်ဖြစ် ငါအားတဲ့အခါ သူ့ကို ခွံ့ကျွေးတာပါ... မပင်ပန်းပါဘူး "
လင်းလန် : "ဒါပေမဲ့ ဒါက တစ်ယောက်တည်း မလို့လေ...ကျွန်မတို့လို အများကြီးရှိရင် ပင်ပန်းမှာပေါ့အဒေါ်ရယ်"
အမျိုးသမီးကျန်းက သက်ပြင်းချရင်းဆို၏။ “ဟောင်နန်ရဲ့စတုတ္ထဒေါ်လေး...နင့်ကို ဟာသလုပ်တာတော့ မဟုတ်ပါဘူး...နင်က ဒီအတိုင်းဗိုက်ကြီးတာပဲလို့ပြောလိမ့်မယ်... ဟေး ငါတို့မှာ ငါးယောက် ခြောက်ယောက်ရှိရင် ငါတို့ ဂရုမစိုက်ပါဘူး...သူ့ အမေက ငါ့ထက် ပိုကောင်းတယ်... အနည်းဆုံးတော့ သူ့မှာ သမီးတစ်ယောက်ရှိတယ်... ငါ့မှာက ပျိုးပင်တစ်ပင်ပဲ(သားတစ်ယောက်ပဲ) ရှိတာလေကွယ် "
လင်းလန်: “…”
သူမ တံခါးကနေ ဝင်လာကတည်းက ဆွံ့အနေရခြင်းဖြစ်သည်။
အနှီအမျိူးသမီးကျန်းက အစစအရာရာ ကောင်းမွန်ပြီး သူမချွေးမအပေါ် စိတ်သဘောထား ပွင့်လင်းကာ လုံ့လရှိသလို စိတ်အားထက်သန်သော်လည်း သူမသားသမီးတွေကို တုန်နေအောင်ချစ်၏။သူမက သူမသားကို...မိန်းမထဘီနားခိုစားသူဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့သည်။ယခုတွင် သူမမြေးဖြစ်သူက ၎င်းခြေရာအတိုင်းလိုက်ရန်ပြင်နေပြန်၏။
အဓိကအချက်မှာ ဟောင်နန်က ကျန်းယောင်ကျူးကဲ့သို့ ချောမောလိမ့်မည်မဟုတ်သဖြင့် အနာဂတ်တွင် မိန်းမထဘီနားခိုစားနိုင်ခြင်း/မနိုင် ခြင်းမှာ အခြားကိစ္စတစ်ခုဖြစ်သည်။
မကြာခင်မှာ လင်းမိန်နှင့် ကျန်းယောင်ကျူး ပြန်ရောက်လာ၏။
လင်းမိန်က သူမ၏ ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်ဖြင့် လျင်မြန်စွာ လျှောက်လာခဲ့ပြီး ကျန်းယောင်ကျူးက နောက်ကနေ အမြန်ပြေးလိုက်နေသည်။
ကျန်းယောင်ကျူးက ဟောဟဲလိုက်ရင်းဆို၏။
"ငါပြောမယ်...လင်းမိန် မင်းဘာတွေ ဒီလောက် မြန်မြန်လုပ်နေတာလဲ... မင်းနောက်ကိုလိုက်နေတာ ဈေးစီမံခန့်ခွဲရေးရုံးက လူတွေမဟုတ်ဘူး"
လင်းမိန်:"နင့်က အကြီးဖြစ်ပြီးငါ့ကို မမှီဘူး...ပြောရမှာရှက်နေတယ်"
သူမက လင်းလန်ကို ပြုံးပြ လိုက်ပြီးပြောသည်။
"အချိန်ရလို့ ဒီကိုလာတာလား"
လင်းလန်ကပြောလိုက်၏။
"ဟန်ကျင်းယုက လက်ထပ်တော့မှာဆိုတော့ အထည်ဝယ်ချင်နေတာကလွဲလို့ ဘာဖြစ်ရမှာလဲ "
လင်းမိန်က နှာခေါင်းရှုံ့လိုက်သည်။
"သူ့ကို လိုချင်တဲ့ သူရှိသေးတာလား"
ကျန်းယောင်ကျူး : "လင်းမိန်... မင်းမှားနေပြီ ... မင်းမှာ တစ်ယောက်ယောက်....."
"ကျန်းယောင်ကျူး... ပါးစပ်ပိတ်ထား"
လင်းမိန်က အမျိုးသမီးကျန်းရှေ့မှာပင် ကျန်းယောင်ကျူးကို ရိုက်လိုက်၏။
အမျိုးသမီးကျန်း *ထုံထိုင်းနေပြီဖြစ်သဖြင့် ခံစား၍မရတော့သောမျက်နှာနှင့်ပင် လင်းမိန်းနောက်ကနေ လိုက်ပြီး သူမသားကိုဆူလိုက်၏။
"ယောင်ကျူး...လျှောက်မပြောနဲ့စမ်း...လင်းမိန် လူတိုင်းလိုချင်နေကြတဲ့ ရှားမှရှား ချွေးမကောင်းတစ်ယောက်ပဲ"
(T/N–ရှက်ရလွန်းလို့မျက်နှာကထုံနေပြီပေါ့)
ကျန်းယောင်ကျူးက သူ့အမေကို ကလေးလို ချွဲလိုက်သည်။
"အမေ ... သူကသားကို အမြဲအနိုင်ကျင့်နေတာလေလို့...”
လင်းလန် သူမတစ်ကိုယ်လုံး ကြက်သီးတွေ ထလာပြီး လင်းမိန်ကို ချဲ့ကားသည့်အမူအရာဖြင့် မျက်လုံးပြူးပြလိုက်သည်။
လင်းမိန်က တခစ်ခစ်ရယ်ကာ လက်ကိုဆန့်ကာ သူမကိုပုတ်၏။
“လင်းလန်...နင်က ဒီအရွယ်ရောက်တာတောင် ဆိုးနေတုန်းပဲ"
လင်းလန်က ပင်မခန်းထဲက နှစ်ယောက်ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ရယ်လိုက်သည်။ “အစ်မ...နင် သားအကြီးတစ်ယောက်မွေးထားတယ်လို့ မခံစားရဘူးလား"
လင်းမိန်က သူမနှုတ်ခမ်းတွေကို တင်းတင်းစေ့ကာဆို၏။
"နင့် သားအကြီးဆုံးလောက်တော့ မကောင်းဘူး"
လင်းလန် တွေးလိုက်သည်မှာ အမှန်ပင် တဝမ်က ကျန်းယောင်ကျူးထက် ပို၍ ရင့်ကျက်ပြီး အရည်အချင်းရှိသည်။
လင်းမိန်က အထည်ကြည့်ရန် လင်းလန်ကိုခေါ်သွားပေမဲ့ သူတို့အားလုံးဟာ ရိုးရိုးရှင်းရှင်း အိမ်တွင်းဖြစ် အထည်တွေဖြစ်နေသည်က စိတ်မကောင်းစရာပါပင်။ ဟန်ကျင်းယုက ထိုဟာတွေကို မကြိုက်ဘဲ အဆင်ပါသည့် တစ်ခုခုကို လိုချင်နေ၏။
လင်းမိန်က အသံတိုးတိုးလေးဖြင့်ဆိုလေသည်။ “အခုတလော အဖမ်းအဆီးကြပ်တယ်...ငါ နဲ့ နီးစပ်သူတွေကလည်း ငါဝှက်ထားလို့ရအောင် စာရေးပို့ကြတယ်... ဒါပေမဲ့ အဆင်ပြေပါတယ်...ငါတို့ ရွာက လူတော်တော်များများက ဒီမှာ အလုပ်လုပ်နေကြတာ ... ဘယ်သူမှ သတင်းမပို့ကြဘူး”
သတင်းပို့သူများလည်းရှိသော်ငြား သူမက ကွန်မြူနတီ ဈေး စီမံခန့်ခွဲရေးရုံးက လူတွေနှင့် ဆက်စပ်နေပြီး ရွာကေဒါတွေ၏မိသားစုဝင်တွေကလည်း ထိုမှာ ရှိနေကြသောကြောင့် တချို့က သတင်းပို့လျှင်ပင် တခြားသူတွေက ကူ ဖုံးကွယ်ပေးထားကြသဖြင့် အဆင်ပြေနေခဲ့သည်။
သို့သော် လင်းလန်အနေဖြင့် ဤသည်က အချိန်တိုင်းတွင် ပြဿနာမဟုတ်ဟု ခံစားရသည်။အမှန်မှာ ယခုအချိန်တွင် ထင်ကြေးပေးမှုများသည် ကြီးမားသော ပြဿနာတစ်ခုဖြစ်ပေလိမ့်မည်။ အထက်လူကြီးများက ၎င်းကို အလေးအနက်ထားပြီး စုံစမ်းကြည့်သည့်အခါ ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးသွားပေလိမ့်မည်။
လင်းလန်: “ပိုပြီးရိုးရိုးသားသားဖြစ်ဖို့အကြောင့်းတွေးကြည့်လို့ရတယ်”
(T/N–ပြောချင်တာက အရင်လို မှောင်ခိုချည်းမဟုတ်ဘဲ သက်ဆိုင်ရာကို အသိပေးပြီး လုပ်ဖို့ပြောနေတာပါ)
Xxxxxx