အပိုင်း ၄၆၉-၄၇၀
Viewers 20k

Part 469


တစ်စုံတစ်ယောက်က အနာပေါ်တုတ်ကျသွားဟန်ဖြင့်မကျေမနပ်ရေရွတ်လာလေသည် ။


" ခေါင်းဆောင်လင်း ဘာလို့လူတွေကိုကျိန်ဆဲနေရတာလဲ "


" စကားအများကြီးတောင်ပြောချင်စိတ်မရှိဘူး ရှင်တို့ကိုပြောတာမကြိုက်ဘူးလို့မငြင်းခင် ရှင်တို့ရဲ့စိတ်ဓာတ်တွေကိုအရင်ဆုံးပြန်ဆန်းစစ်ကြစမ်းပါဦး "


အပေါ်ယံအားဖြင့်ကြည့်လျှင် လူတိုင်း၏မျက်နှာထက်၌ ဖော်ရွေသောအပြုံးများကိုချိတ်ဆွဲထားပြီး လောဘနှင့်ရည်ရွယ်ချက်များအားဖုံးကွယ်ထားကြလေသည် ။ သေဆုံးသွားသောအခါမှသာ မကြားဝံ့မနာသာစကားများဖြင့်ထိုးနှက်တိုက်ခိုက်ကြသည့်အပြင် ထိုသူ၏အမျိုးသမီးကိုပါ အလွှတ်မပေးကြချေ ။


နောက်အိမ်ထောင်အကြောင်းကိုပင် အားနာမူမရှိပြောဆိုနေကြသေးသည် ။ 


ဘယ်လောက်တောင် အရှက်မရှိတဲ့အိမ်နီးနားချင်းတွေလဲ ?


ဒီလိုအရှက်မရှိတဲ့လူတွေကို သေချာပေါက်ပြတ်ပြတ်သားသားဆက်ဆံမှအမှတ်ရှိမှာ !


တစ်ချို့တစ်ဝက်မှာ လင်းလန် မှန်ကြောင်းထောက်ခံကြလေသည် ။


" ခေါင်းဆောင်လင်း မှန်တယ်... သူများရဲ့ပစ္စည်းကိုလှည့်ဖျားပြီးယူတဲ့လုပ်ရပ်ကတကယ်အရှက်မရှိတာဘဲ ...သူများဘာသာ နောက်အိမ်ထောင်ဘဲပြုပြု သူများမိသားစုရဲ့ကိစ္စလေ... သူများရဲ့ပိုင်ဆိုင်မူတွေကို တပ်မက်နေတာတကယ်ရှက်ဖို့ကောင်းတယ် "


တကယ်ပါပဲ! အသက်ရှင်နေတုန်းအချိန်ကတော့ တစ်ခါလေးမှအကူအညီမပေးခဲ့ဖူးခဲ့ဘဲနဲ့ သေတော့မှ ရှိသမျှပစ္စည်းအကုန်အပိုင်သိမ်းချင်နေကြတယ် !


အရှက်မရှိလိုက်တာ! အရှက်မရှိလိုက်တာ!


လာရောက်ကြည့်ရူသူများအတွင်းတွင် လျှိုအားဟူ ၏ဆွေမျိုးများအပြင် သူ၏အမျိုးသမီးဘက်မှဆွေမျိုးများလည်းပါဝင်သဖြင့် လျှိုမိသားအတွက် စိတ်ကြိုက်ခြယ်လှယ်ရန်မဖြစ်နိုင်ပေ ။


" ဘာလို့ အပြင်လူတွေက ငါတို့မိသားစုအရေးကို ဝင်စွက်ဖက်ကြမှာလဲ "


လေးထောင့်ပုံမျက်နှာနှင့် မျက်လုံးပြုးပြုးအမျိုးသမီးတစ်ယောက်က တံခါးဝတွင်ပိတ်ရပ်နေသောလူကိုတွန်းထုတ်ရင်း ပြေးလာသည် ။


" ငါတို့မိသားစုကိစ္စကို နင်တို့ကဘာမို့လို့ ဝင်ပြောနေရတာလဲ... ထွက်သွားကြစမ်း "


ထိုအမျိုးသမီးက ယန်ယန်၏အဒေါ်ဖြစ်ကြောင်းတွေ့သောအခါ လင်းလန် ကျိန်ဆဲလိုက်မိသည် ။


" ဘယ်လိုခွေးမမျိုးက ငါတို့ရဲ့ရွာထဲကိုပြေးဝင်လာရဲတာလဲ ...နင့်အစ်ကိုကသေလို့အလောင်းတောင်မအေးသေးဘူး နင်ကပစ္စည်းဥစ္စာတွေကိုအပိုင်သိမ်းဖို့ပဲတွေးနေတယ်...ဘယ်လိုတောင် သောက်ရေးမပါတဲ့ ဆွေမျိုးတွေလဲ "


ယန်ယန်၏ အဒေါ်မှာ လင်းလန်အားမသိသကဲ့သို့ အဘယ့်ကြောင့် သူမအားကျိန်ဆဲရသနည်းကိုလည်းနားမလည်ပါချေ ။


" နင်က ဘယ်သူမို့လို့ ဝင်ပြောနေရတာလဲ... အဲ့ဒီမိန်းမပျက်မက မကြာခင်နောက်အိမ်ထောင်ပြုပြီး ဒီပစ္စည်းတွေနဲ့အတူတူနောက်အိမ်ထောင်နဲ့ပျော်ပါးနေတော့မှာလေ... ယန်ယန်လို စျေးပေါတဲ့မိန်းကလေးမျိုးကလဲ သေချာပေါက် ပစ္စည်းတွေကိုမျိုးရိုးမတူတဲ့ယောကျ်ားတစ်ယောက်ရဲ့လက်ထဲကိုအပ်လိုက်မှာပဲ "


ကျယ်လောင်သော မြည်သံကြီးနှင့်အတူ လင်းလန်က ထိုအမျိုးသမီး၏ပါးကိုရိုက်ချလိုက်သည် ။


" ရှင်ကသာထွက်သွားသင့်တဲ့ အရိုင်းအစိုင်းမ ရှင့်ကိုမြင်နေရတာ မျက်လုံးညစ်ပတ်တယ် "


ကိုယ်တိုင်က အိမ်ထောင်သည်တစ်ယောက်ဖြစ်တဲ့အပြင် အမျိုးသမီးတစ်ဦးဖြစ်နေတာတောင် မိန်းမအချင်းချင်း မညှာမတာ ပြောဆိုနေသေးတယ်!


" ကိုယ့်အစ်ကိုရဲ့ မိန်းမကိုတောင်မှရိုင်းရိုင်းစိုင်းစိုင်းနှိမ့်ချပြောဆိုဆက်ဆံတဲ့ ရှင့်လိုလူမျိုးကိုဘယ်သူက အထင်ကြီးမှာလဲ "


လင်းလန်၏ စကားကိုကြားသောအခါမှသာ ထိုအမျိုးသမီးက မိမိကိုယ်တိုင်လည်းလက်ထပ်ပြီးသားအမျိုးသမီးတစ်ဦးဖြစ်ကြောင်းအမှတ်ရသွားသည် ။ 


ရိုးရာဓလေ့အရ လက်ထပ်ပြီးသားမိန်းကလေးတစ်ဦးမှာ ဖိတ်စင်သွားသောရေကဲ့သို့ မိဘမိသားစုဘက်နှင့်လုံးဝသက်ဆိုင်ခြင်းမရှိတော့ဘဲ ခင်ပွန်းမိသားစုနှင့်သာသက်ဆိုင်သည် ။ ဆွေမျိုးသားချင်းဟူသည့်အမည်ခံတစ်ခုသာရှိပြီး သေသေရှင်ရှင်ကွာရှင်းသည့်အချိန်ထိ ခင်ပွန်းသည်ဘက်မှမိသားစုနှင့်သာသက်ဆိုင်သည် ။


ဘာလို့များ သူမအစ်ကိုရဲ့ပိုင်ဆိုင်မူတွေက သူမနဲ့သက်ဆိုင်တယ်ထင်ပြီး ပြန်လာခဲ့မိတာပါလိမ့်!


သူမမှာ ဝင်ရောက်ပြောဆိုဖို့တောင် အခွင့်အရေးရှိသေးရဲ့လား!


" နင်...နင်ကြောင့် "


ယန်ယန်၏ အဒေါ်ဖြစ်သူမှာရုတ်တရက်ပင်လင်းလန်အားတိုက်ခိုက်လာလေသည် ။


အဲ့ဒီမိန်းမပျက်ကြောင့်သာမဟုတ်ရင်!


လင်းလန်က လှောင်ပြောင်ရီမောလိုက်လေသည် ။


ငါကမိန်းမဆိုးကြီးဆိုတာတော့အမှတ်ရထားလိုက် !


သွေးရူးသွေးတန်းနှင့်မြင်မြင်ရာဆွဲလွဲရိုက်နှက်နေသော ယန်ယန်၏အဒေါ်ဖြစ်သူအား ဘေးမှအမျိုးသမီးတစ်အုပ်က ဝိုင်းဆွဲထားကြလေသည် ။ သို့သော်လည်း ထိုမိန်းမက သောင်းကျန်းနေဆဲဖြစ်သောကြောင့် လက်သည်းနှင့်အခြားအမျိုးသမီးများအား ကုတ်ခြစ်မိပြီး အသေးစားရန်ပွဲတစ်ခုအသွင်ပြောင်းလဲသွားခဲ့သည် ။


မိနစ်အနည်းငယ်အတွင်းမှာပင် ယန်ယန့်အဒေါ်၏မျက်နှာထက်တွင် သွေးစို့နေသောလက်သည်းရာများအပြည့်ဖြစ်သွားပြီး သူမ၏ဆံပင်များသည်လည်းဆွဲဆောင့်ခံရသောကြောင့်ကျွတ်ထွက်ကာရှူပ်ပွနေတော့သည် ။ 


သူမက နာနာကျင်ကျင်ငိုကြွေးရင်း အမေဖြစ်သူနှင့်အစ်ကိုဖြစ်သူတို့အား လှမ်း၍အကူအညီတောင်းလိုက်သည် ။


" အမေ...အစ်ကိုကြီး ကယ်ပါဦး "


အမျိုးသမီး အချို့မှာတီးတိုးပြောဆိုလာကြသည် ။


" တကယ်ပဲ ဘယ်လိုမိန်းမမျိုးလဲ... ငါတို့ရွာကလို့ပြောရမှာတောင်ရှက်လိုက်တာ "


ထိုအချိန်တွင် သူမ၏အစ်ကိုဖြစ်သော လျှိုဝမ်ဟူ မှာ ခယ်မဖြစ်သူအား ပိုက်ဆံများယူထုတ်လာရန်တိုက်တွန်းပြောဆိုနေလေသည် ။ ဝူချိုက်ရှန်းမှာ ငိုယိုနေ၏ ။


" မသေခင်ဆေးကုပေးလိုက်ရလို့ရှိသမျှပိုက်ဆံတွေကုန်သွားပြီလေ ဘယ်နားကပိုက်ဆံကိုသွားထုတ်လာရမှာလဲ "


လျှိုဝမ်ဟူ မှာရွာသားများ၏ရှေ့မှောက်တွင် မည်ကဲ့သို့သော ကစားကွက်မျိုးကိုမှမကစားရဲပါသောကြောင့် တိုးတိုးတိတ်တိတ်ဖြင့်သာ ပိုက်ဆံရ ရရေးအတွက်ကြံစည်အားထုတ်နေရလေသည် ။လျှိုဝမ်ဟူက လျှိုအိမ်တွင်အကြီးဆုံးသားဖြစ်သော်လည်း ညီအစ်ကိုများနှင့်မိခင်ထက် မိမိကိုယ်တိုင်ကောင်းစာရေးကိုသာရှေ့တန်းတင်သောသူမျိုးဖြစ်သည် ။ 


ယခုမူ သွေးရင်းတစ်ယောက်သေဆုံးသွားပြန်ပြီဖြစ်၍ မိခင်ဖြစ်သူအားစောင့်ရှောက်ပေးနိုင်သောသူမှာ လျှိုဝမ်ဟူ တစ်ယောက်သာကျန်ရှိတော့သောကြောင့် လျှိုအိမ်၏ပိုင်ဆိုင်မူအားလုံးကိုသူသာရသင့်ကြောင်းတွေးထင်နေရခြင်းပါပင် ။ 


အိမ်အပြင်မှဆူညံသံများကိုကြားသည်နှင့် သူနှင့်အပြိုင်အမွေလုရန်လာသော ညီမဖြစ်သူမှန်းရိပ်မိသွားပြီး ကျိန်ဆဲလိုက်လေသည် ။


" နင့်ရဲ့ယောက္ခ်မအိမ်ကိုပဲ ပြန်သွားပြီး ကောင်းကောင်းမွန်မွန်စားသောက်နေစမ်းပါ...အမွေလာလုချင်နေတာလား...ငါအသက်ရှင်နေသရွေ့ရမယ်မထင်နဲ့ "


လူအုပ်ကြီးထဲမှတစ်စုံတစ်ယောက်ကအော်ပြောလိုက်လေသည် ။


" လျှိုဝမ်ဟူ မင်းကိုယ်တိုင်ကတောင် ကိုယ်စားဖို့ပဲကိုယ်သိတဲ့လောဘကြီးတဲ့ငပျင်းလေ မင်းရဲ့ညီမကလဲလောဘကြီးတာမဆန်းပါဘူး "


လျှိုဝမ်ဟူ ကထိုလူ၏စကားကြောင့်ဒေါသထွက်သွားပြီးလေသံမာမာနှင့်ပြောလေသည် ။


" မိသားစုတိုင်းမှာ ကိုယ်ပိုင်ပြဿနာတွေရှိကြတာပဲ ဘယ်လိုလုပ်ပြီးအခြားသူတွေရဲ့အမြင်ကိုလိုက်ဂရုစိုက်နေနိုင်မှာလဲ... ခင်ဗျားတို့ရဲ့မိသားစုထဲမှာရော ဘယ်လောက်တောင်စည်းလုံးညီညွတ်နေကြလို့လဲ "


လူအုပ်ကြီးက ပို၍ပင်ဝေဖန်ပြောဆိုလာကြသည် ။


" ဟားဟား...ငါတို့မှာတော့ ဘာမှစိုးရိမ်စရာမရှိဘူးလေ မင်းသာ ညီမကအမွေတွေယူသွားမှာစိုးရိမ်နေရတာမဟုတ်ဘူးလား...သေသွားတဲ့လူရဲ့အလောင်းတောင်မြေမကျသေးဘူးနော် ငါသာဆိုရင်ညဘက်အပြင်တောင်ထွက်ရဲမှာမဟုတ်ဘူး "


Xxxxxxx

Part 470


" ဟုတ်တယ်... ဟုတ်တယ်... သူလောဘကြီးတဲ့အကြောင်းကိုမသိတာဘယ်သူရှိလို့လဲ လူသေရဲ့မိသားစုအတွက်ချန်ထားခဲ့တဲ့ပိုင်ဆိုင်မူကိုတောင်မှအမြတ်ထုတ်ချင်နေသေးတယ်...ကျစ်...အကြင်နာတရားမရှိလိုက်တာကွာ "


" မင်း...မင်း...မင်းတို့ "


လျှိုဝမ်ဟူ၏မျက်နှာမှာ ဒေါသထွက်လွန်း၍ခရမ်းရောင်ပင်သမ်းနေပြီဖြစ်သည် ။ သူ့ညီမသေဆုံးခင်က လက်ထဲတွင်စုဆောင်းငွေယွမ်နှစ်ဆယ့်ငါးယွမ် ရှိသည်ဟုကြားထားပြီး ရိက္ခာခွဲဝေသည့်အချိန်တွင်လည်း အများအပြားရရှိထားသေးသည် ။


အခြားသူတွေခွဲယူသွားမှာကို ခွင့်မပြုနိုင်ဘူး!


ဘာလို့အလကားပေးလိုက်ရမှာလဲ !


ထို့အပြင် လျှိုဝမ်ဟူက အိမ်ကိုလည်းမျက်စိကျနေလေသည် ။ အသုဘအခမ်းအနားပြီးသည်နှင့် အိမ်အလွတ်ကြီးဖြစ်သွားမည်ဖြစ်ပြီး လာရောက်နေထိုင်ရန်အလွန်သင့်တော်သည် ။


ဒါကြောင့် ထွက်မသွားနိုင်ဘူး!


" ကြည့်ပါဦး အခုအချိန်ထိထွက်မသွားနိုင်သေးဘူး ဘာတွေထပ်လိုချင်နေသေးတာလဲ မသိဘူး "


" သေတဲ့လူကသေသွားပြီ ဒါပေမဲ့ ငါတို့ရဲ့အမေကအသက်ရှင်နေသေးတယ်လေ... ငါ့ရဲ့ဇနီးကိုလည်းစောင့်ရှောက်ရဦးမယ် "


လျှိုဝမ်ဟူက သူ့ဘက်မှအမှားမရှိဟုသာတထစ်ချယုံကြည်နေလေသည် ။ ပိုက်ဆံများနှင့် ရိက္ခာများမှာအခြားသောသူစိမ်းများထံသို့ရောက်မသွားသင့်ဘဲ သူသာပိုင်ဆိုင်ရသင့်သည်ဟုတွေးထင်နေပြီး အုပ်ချုပ်ရေးမူးပင် ဝင်စွက်ဖက်နိုင်ခြင်းမရှိဟုသာမှတ်ယူထားသည် ။


ထိုအိမ်တွင် လူများစုရုံးနေပြီးဆူညံနေကာ တစ်ရွာလုံးနီးပါးရောက်နေသလားဟုပင်ထင်မှတ်ရသည် ။ အချို့သောသူများမှာ စပ်စုရန်လာရောက်ကြခြင်းဖြစ်သည့်အပြင် မိမိတို့အတွက်တစ်စုံတစ်ရာသောအကျိုးအမြတ်များရမည်လောဟု မျှော်လင့်ကာလာရောက်ကြခြင်းပင် ။ 


လူတစ်ယောက်သေဆုံးသွားသည့်သတင်းနှင့် အမွေပြိုင်လုနေကြသောမောင်နှမနှစ်ယောက်တို့၏အကြောင်းမှာ ရွာငယ်လေးအတွင်းတွင် တောမီးလောင်သကဲ့သို့ လျှင်မြန်စွာပျံ့နှံ့သွားလေ၏ ။ ယွမ်ယွမ်မှာ ရွာမှအကြီးအကဲခေါင်းဆောင်များကို ခေါ်ဆောင်လာခဲ့ပြီး လျှိုကွေ့ဖာ အပြင် ဟန်ချင်းဖျင်နှင့်ဟန်ရုံဖန်တို့ပါ ပါလေသည် ။


ဟန်ချင်းဖျင်က ရွာရှိစာသင်ကျောင်း၏ကျောင်းအုပ်ဖြစ်သောကြောင့် ရွာသားများကအနည်းနှင့်အများလေးစားရသည်ပင် ။ ဟန်ချင်းဖျင်က အိမ်အဝင်အဝတွင်စုပြုံနေသောလူများအား ခြံဝန်းထဲသို့ရွေ့ပြောင်းစေကာလူစုခွဲလိုက်သည် ။ 


ဟန်ချင်းဖျင်က လူအများ၏ရှေ့တွင် လျှိုဝမ်ဟူအားဆူပူလေသည် ။


" မင်းကတကယ်ကို လောဘကြီးတဲ့ငတုံးကောင်ပဲ... မင်းရဲ့အပြုအမူကဓားပြတိုက်နေတာနဲ့ဘာမှမခြားဘူးဆိုတာမင်းမသိဘူးလား "


" ကျောင်းအုပ်ကြီးဟန်... ပေါက်ကရတွေမပြောပါနဲ့ မိသားစုဝင်တစ်ယောက်ရဲ့ပိုင်ဆိုင်မူတွေကသေချာပေါက် မိသားစုဝင်တွေရဲ့လက်ထဲမှပဲရှိသင့်တာပေါ့ ...ခင်ဗျားလဲ ဘယ်လိုပဲကျောင်းအုပ်ဖြစ်နေနေ... အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်နေနေ သူများမိသားစုတွေအမွေခွဲတဲ့ကိစ္စကိုဝင်မပါသင့်ဘူး "


လျှိုဝမ်ဟူမှာ သာမာန်အချိန်များ၌ ပုံမှန်ရွာသားများကဲ့သို့အကြီးများကိုလေးစားသော်လည်း ပိုက်ဆံ၊ ပိုင်ဆိုင်မူများနှင့်ပက်သက်လာလျှင်မူ နည်းနည်းလေးမျှအလျှော့ပေးမည်မဟုတ်ချေ ။


စွန်းအိုက်ဖန်း ကလည်းထွက်လာကာထောက်ခံပြောဆိုသည် ။


" ဟုတ်တယ် ဒါက ကျွန်မတို့မိသားစုဝင်တွေအချင်းချင်းဖြေရှင်းရမဲ့ကိစ္စလေ ပင်မမိသားစုက အမျိုးသမီးဝူ တစ်ယောက်လုံးရှိသေးတယ် ဘယ်သူကရသင့်တယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်... လျှိုမိသားစုကအကြီးအကဲတစ်ယောက်လုံးသက်ရှိထင်ရှားရှိနေသေးတာမို့လို့ ရှင်တို့တွေဝင်ပါစရာမလိုဘူး "


အမျိုးသမီးဝူ​မှာ စိတ်ဓာတ်ကြံ့ခိုင်သောသူဖြစ်သောကြောင့်များများစားစားမခံစားရပါချေ ။ သူမ၏အမျိုးသားသေဆုံးသွားပြီးနောက်ပိုင်းမှစ၍ ကလေးများကိုကျွေးမွေးရန်အတွက်တစ်ယောက်တည်းကြိုးစားရုန်းကန်ခဲ့ရလေသည် ။


ယခုမူ သူမကိုယ်တိုင်မှာအသက်အရွယ်ကြီးမြင့်နေပြီဖြစ်သောကြောင့် သားသမီးများထံတွင်သာမှီခိုနေထိုင်ရတော့မည်ဖြစ်၍ သူမ၏ရှေ့ရေးအတွက် သားသမီးများကိုကောင်းမွန်စွာဆက်ဆံရမည်ပင် ။ ထို့အပြင်သူမသား၏ အကျင့်စရိုက်အရ တား၍မရနိုင်မှန်းလည်းသိလေသည် ။


" ဒါက ငါတို့မိသားစုအတွင်းဖြေရှင်းရမဲ့ကိစ္စပဲ အပြင်လူတွေဝင်ပါစရာမလိုဘူး... ငါ့သားဆုံးသွားပြီဆိုတော့ အဲ့ဒီမိန်းမကနောက်အိမ်ထောင်ထပ်ပြုဖို့စောင့်နိုင်တော့မှာမဟုတ်ဘူးဆိုတာသေချာတယ် ဒါ့ကြောင့်မို့လို့ ငါ့ယောက်ျားပေးခဲ့တဲ့ပစ္စည်းတွေနဲ့ပိုင်ဆိုင်မူတွေကိုပြန်ယူတာက သဘာဝကျတယ် ...မိသားစုရဲ့ပိုင်ဆိုင်မူကိုအခြားလူတွေဆီမအပ်နိုင်ဘူး "


လူတစ်ယောက်က လှောင်ပြောင်သရော်ကာပြောလေ၏ ။


" တကယ်ရီရတဲ့စကားပါလား ဒါဆိုရင် လျှိုအားဟူရဲ့ သားသမီးတွေအတွက်ရောဘယ်လိုလုပ်မလဲ "


အမျိုးသမီးဝူက ဒေါသကြီးပြန်လည်ပြောဆိုလိုက်သည် ။


" သူတို့ရဲ့ဦးလေးတစ်ယောက်လုံးအသက်ရှိနေသေးတယ်လေ သေချာပေါက် သူ့ရဲ့သားသမီးအရင်းလိုစောင့်ရှောက်ပေးလိမ့်မယ် မိသားစုရဲ့အကြီးအကဲဖြစ်တဲ့ငါတစ်ယောက်လုံးအသက်ရှိသေးတယ် မင်းတို့အပြင်လူတွေ ဝင်စိတ်ပူစရာမလိုဘူး "


ဝူချိုက်ရှန်းမှာ သတ္တိနည်းကာပျော့ညံ့သောကြောင့် လျှိူမိသားစုဝင်များကဲ့သို့စကားကျယ်ကျယ်ပင်မပြောဝံ့ဘဲ ငိုပြီးရင်းငိုနေရုံသာတတ်နိုင်သည် ။ လင်းလန်က ဝူချိုက်ရှန်းကို တစ်ချက်​ကြည့်ပြီးနောက် လျှိုဝမ်ဟူ ကိုကြည့်ကာပြောလေ၏ ။


" ရှင်က လျှိုအားဟူရဲ့ ပိုင်ဆိုင်မူတွေကိုယူပြီးတော့ သူ့ရဲ့သားကိုစောင့်ရှာက်ပေးမယ်လို့ပြောတယ်နော်... ဒါဆိုရင် ကျွန်မမေးပါရစေဦး ရှင်ရဲ့သားသမီးအရင်းကိုရောကျောင်းထားပေးမှာလား...သူတို့အသက်ကြီးလာရင် လက်ထပ်ဖို့ကိစ္စကရော... ယန်ယန် အတွက် သင့်လျှော်တဲ့ယောက်ျားကောင်းကိုရှာပေးနိုင်ပါ့မလား "


လျှိုဝမ်ဟူက ဇဝေဇဝါဖြစ်နေသောလေသံဖြင့်မေးလိုက်သည် ။


" ငါ့ကလေးကို ဘယ်လိုမျိုးကျောင်းကိုပို့ရမှာလဲ "


လျှိုဝမ်ဟူအားစတင်ဝေဖန်လာကြလေသည် ။


" ကြည့်ပါဦး သူ့ရဲ့ကိုယ်ပိုင်ကလေးကိုတောင်ကျောင်းပို့ရမယ်မှန်းမသိတဲ့လူက သူများရဲ့သားသမီးကိုစောင့်ရှောက်နိုင်တယ်ပြောနေသေးတယ်... ဟာသပဲ "


" ယန်ယန် ကိုဆိုလည်း အနိုင်ကျင့်ကြမှာသေချာတယ် သူမအလုပ်လုပ်ပေးမယ်ဆိုရင်တောင် မသေရုံတမယ်ပဲကျွေးမွေးကြလိမ့်မယ် တကယ်လိုကံအရမ်းကောင်းပြီး နှစ်အနည်းငယ်ဆက်အသက်ရှင်နိုင်မယ်ဆိုရင် သူ့သားနဲ့ပေးစားမှာသေချာသလောက်ပဲ "


" ဟုတ်တယ် သူက ခယ်မကိုအနိုင်ကျင့်လို့ရရင်အနိုင်ကျင့်မယ် တကယ်လို့ခယ်မကိုအနိုင်ကျင့်လို့မရတော့ဘူးဆိုရင် တူမကိုသူ့သားနဲ့ပေးစားပြီးတစ်သက်လုံးခိုင်းစားဦးမှာ "


" မင်း...မင်း...မင်းတို့ပေါက်ကရတွေမပြောနဲ့ "


ယခုအချိန်တွင် လျှိုဝမ်ဟူမှာ တစ်ယောက်ကလုံးနှင့်တစ်ယောက်ဖြစ်နေသလိုခံစားနေရပြီး သူမျှပင်အရှက်မရှိမျက်နှာပြောင်တိုက်နိုင်သည်ဟုဆိုပါစေ ထိုလူအုပ်ကြီးနှင့် ဖက်ပြိုင်ငြင်းဆိုနေရန်မဖြစ်နိုင်ပေ ။ 


ထို့ကြောင့် ခါးသက်သက်နှင့်ပင် ထွက်သွားရန် ပြင်လိုက်သည် ။ သို့သော်လည်း စွန်းအိုက်ဖန်းက လျှိုဝမ်ဟူ၏ လက်ကိုဆွဲထားပြီးလွှတ်မပေးပါချေ ။


" ရှင်သွားလို့မရဘူး...သူတို့ကဒေါသထွက်အောင် စကားလေးနည်းနည်းနဲ့ဆွပြီးပြောလိုက်ရုံနဲ့ လက်လျှော့လိုက်လို့မဖြစ်ဘူး... အသုဘအခမ်းအနားကိုလည်း ပြင်ဆင်ရဦးမယ် မိသားစုဝင်အဖြစ်အသုဘအခမ်းအနားကိုပြင်ဆင်ပေးပြီးတာနဲ့ ပိုင်ဆိုင်မူတွေကိုအတည်တကျခွဲဝေလို့ရပြီ "


သူမက ပြောရင်းနှင့်ပင် အမျိုးသမီးဝူ ကိုကြည့်လိုက်လေသည် ။


" မားမားတစ်ခုခုပြောပါဦး မားမားဆုံးဖြတ်ချက်ကိုတစ်မိသားစုလုံးကအတည်ယူကြမှာပါ "


Xxxxxxxx