အပိုင်း (၆၃)
Viewers 12k

Part 63


ထန်ထန်က အလွန်မြန်လှသည်။ သူမ တစ်နာရီအတွင်း အထုပ်ကြီးအထုပ်ငယ်နှင့်အတူပြန်ရောက်လာပြီး သူမကို ရွေ့လျားရပင်ခက်ခဲနေစေသည်။ အားကုန်ထုတ်၍ မနေရသဖြင့် သူမ၏မျက်နှာနီရဲနေသည်။


ကျိယန်သူမကိုမြင်သောအခါ သူ့နှလုံးသားလေးနာကျင်သွားရပြီး သူမကိုဆူလိုက်သည်။


"မင်းဘာလို့ ဒီလောက်ပစ္စည်းတွေအများကြီးသယ်လာရတာလဲ... ကိုယ်အလျှင်မလိုဘူးလို့ မပြောခဲ့ဘူးလား... တစ်ကြိမ်တည်းနဲ့ အရာအားလုံး ဘာလို့ယူလာရတာလဲ... ဒီလောက်အလေးကြီးကို မင်းကဘယ်လိုလုပ်သယ်နိုင်ပါ့မလဲ..."


"မလှုပ်နဲ့ မလှုပ်နဲ့..."


ထန်ထန် ကျိယန်ထလာပြီး သူမဆီကပစ္စည်းများကို ယူရန်ပြင်နေသည်ကို မြင်ရသောအခါ ပစ္စည်းများကို အောက်သို့ချလိုက်ပြီး သူ့ကိုကူညီပေးလိုက်သည်။


"မလှုပ်နဲ့... ကျွန်မသယ်နိုင်တယ်... အခုဆိုကျွန်မအတော်လေး သန်မာနေပါပြီ..."


"ကိုယ်က မင်းလောက် မသန်မာဘူးလို့ထင်နေတာလား... "


ကျိယန် သူမလက်များကိုဆွဲယူလိုက်ပြီး ကြည့်လိုက်သောအခါ သူမလက်ထဲတွင် အနီရောင်အရာကြီးများရှိနေသည်ကို တွေ့လိုက်ရသည်။ သူ သူမ၏လက်ကလေးကို နှိပ်ပေးလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် သူအနည်းငယ် မကျေမနပ်ဖြစ်နေသည်။

အိမ်မှာသူမကို ကူသယ်ပေးမယ့်သူမရှိဘူး... သူမ အရာတိုင်းကို ကိုယ့်ဘာသာပဲသယ်နေရတယ်... ဒီလောက်ပစ္စည်းတွေအများကြီးသယ်နေရတာ ခံနိုင်ပါ့မလား...


ထန်ထန် သူမျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရပြီး သူမလက်များကို သူ့မျက်စိရှေ့တွင် ဝှေ့ရမ်းပြလိုက်သည်။


"တကယ်အဆင်ပြေပါတယ်... အခုစားကြရအောင်.. မဟုတ်ရင် အစားအသောက်တွေအေးသွားတော့မှာ.."


သူမ စကားပြောပြီးနောက်တွင် သူမယူလာခဲ့သော အစားအသောက်များကို ကုတင်ပေါ်ရှိ စားပွဲခုံအသေးလေးပေါ် တင်ပေးလိုက်သည်။


ထန်ထန် ချိုင့်ကြီးနှစ်ဘူးယူခဲ့သည်။ အထဲတွင် ဝက်နံရိုးစွပ်ပြုတ်၊ ကြက်တောင်ပံကြော်၊ တရုတ်မုန်လာထုပ်၊ မှိုနဲ့ဝက်ပေါင်ခြောက်အပြင် ကြက်ပေါင်း၊ ကြာစွယ်ချိုချဉ်ကြော်၊ ထမင်းနှင့် ဆန်ပြုတ်ပြစ်ပြစ်လေးဖြစ်သည်။ 


ထမင်းက ကလေးများအတွက်ဖြစ်ပြီး ဆန်ပြုတ်နှင့် အသီးအရွက်များက ကျိယန်အတွက်ဖြစ်သည်။ 


ထမင်းချိုင့်များကို ဖွင့်လိုက်သောအခါ အလွန်မွှေးပျံ့သောရနံ့များက လေထဲတွင် ပြည့်နှက်သွားသည်။ ရနံ့များက လူတိုင်း၏ အစာစားချင်စိတ်ကို မြင့်တက်လာစေသည်။ ကျိယန်၏ နှာခေါင်းများ တရှုံ့ရှုံ့ဖြစ်လာရုံတင်မက ဘေးဘက်ကုတင်ရှိ စွန်းရီပင်လျှင် နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလာသည်။


 စွန်းရီတစ်ယောက် မနေနိုင်မထိုင်နိုင် ကျိယန်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ ဟင်းပွဲများစွာကို မြင်လိုက်ရသေအခါ စွန်းရီတစ်ယောက် တံတွေးမျိုချလိုက်မိပြီး တစ်သက်လုံး ထမင်းမစားဖူးသလိုပင် ဆာလောင်လာသည်။


အနံ့လေးကအရမ်းကောင်းတာပဲ... ကျိယန်မိန်းမယူလာတဲ့ဟင်းပွဲတွေကို သူ့ဟာကဘယ်လိုလုပ် ယှဉ်နိုင်မှာလဲလို့...


ပထမဆုံး ထန်ထန် ပန်းကန်လုံးတစ်လုံးယူကာ ဟင်းရည်ထည့်လိုက်သည်။ ထို့နောက် ပန်းကန်ပြားတစ်ခုယူကာ ဟိုနည်းနည်းသည်နည်းနည်း ထည့်လိုက်သည်။ သူဟင်းရည်ပန်းကန်လုံးနှင့် ဟင်းပန်းကန်ကိုယူကာ စွန်းရီဘက်လှည့်လိုက်သည်။


"အစ်ကို စွန်း... ကျွန်မဒါတွေအကုန်ကိုယ့်ဘာသာချက်ထားတာပါ ... အပိုတွေပါလုပ်လာသေးလို့ စိတ်မရှိဘူးဆိုရင် မြည်းကြည့်ပါဦး..."


စွန်းရီတစ်ယောက် သူလည်း ဝေစုလေးရမည်ဟု မထင်ထားခဲ့ပေ။ သူ အစားအသောက်များထဲမှ ဆွဲဆောင်ခံနေရသော်လည်း အခြားတစ်ယောက်၏ အစားအသောက်များကို အရှက်မရှိ မခိုးယူချင်ပေ။ ထို့ကြောင့် မြန်မြန်ဆန်ဆန် လက်ခါပြလိုက်သည်။


"မလိုပါဘူး အစ်ကို နေ့လည်စာစားပြီးပါပြီ... ကိုယ့်ဘာသာကိုယ်ပဲစားလိုက်ပါ..."


ထန်ထန် ဟင်းရည်ကပန်းကန်နှင့် အစားအသောက်ပန်းကန်ကို သူ၏ စားပွဲခုံပေါ် တိုက်ရိုက်တင်လိုက်သည်။


"ရပါတယ်... အစ်ကိုစွန်းရယ်... ကျွန်မတမင်တကာ ပိုလုပ်လာတာပါ.... အစ်ကိုမစားရင်တောင် ညီမတို့စားဖြစ်မှာမဟုတ်ဘူး... အားနာမနေပါနဲ့.."


"ဒါ..."


စွန်းရီ ကျိယန်ကို ကိုးယိုးကားယားကြည့်လိုက်သည်။


ကျိယန်ပြုံးပြလိုက်သည်။


"ယဉ်ကျေးနေစရာမလိုပါဘူး... အတူတူစားကြတာပေါ့..."


စွန်းရီက ပြောရဆိုရလွယ်သောလူဖြစ်သည်။ ဤကဲ့သို့ဖြစ်နေမှတော့ သူမငြင်းဆန်တော့ပဲ ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် ခယ်မလေး..."


စွန်းရီ ပြောပြီးပြီးချင်း အားရပါးရစားလိုက်တော့သည်။ သူအတော်လေးဗိုက်ဆာနေခဲ့ပေသည်။


စွန်းရီ စွပ်ပြုတ်တစ်ငုံသောက်ပြီးနောက် ဝမ်းသာအားရ သက်ပြင်းမချပဲ မနေနိုင်ပေ။ အရသာကအလွန်ကောင်းလှပြီး ကန်တင်းရှိ အစားအသောက်များနှင့် ကွာခြားလွန်းလှသည်။ သူ ထိုသည်ကိုတွေးမိသည်နှင့် စွပ်ပြုတ်ကို တစ်လုပ်နှစ်လုပ်ဖြင့် ပါးစပ်အပြည့်ထည့်၍ အကုန်သောက်လိုက်ပြီး ပန်းကန်ပြားဆီလက်လှမ်းလိုက်သည်။ အရသာကပိုကောင်းကြောင်းသိလိုက်ရသောအခါ ထမင်းပန်းကန်ကိုမြှောက်ကာ အလျှင်အမြန်သွပ်သွင်းလိုက်တော့သည်။ သူက နေမကောင်းဖြစ်နေသည့်လူနှင့်ပင် မတူတော့ချေ။ နေမကောင်းအရှင်းပျောက်၍ စစ်တန်းလျားရောက်နေသူဟုပင် ထင်နေရသည်။


နောင်နောင်က ရီဝေဝေဖြင့် သူမမျက်နှာကို ပွတ်လိုက်သည်။ သူမ မျက်လုံးလေးကို အနည်းငယ်မျှဖွင့်လိုက်ပြီး ချစ်စဖွယ်ကောင်းစွာခေါ်လိုက်သည်။

"အန္တီ..."


"အာ... အန်တီဒီမှာရှိပါတယ်... မြန်မြန်လေးထပြီးစားရအောင်လေ နောင်နောင်ရယ်..."


ထန်ထန် ကလေးမလေးကို နမ်းလိုက်ပြီး ကျိရှောင်ကျိုးကို လှည့်ကြည့်လိုက်သည်။ ကောင်လေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်သည်။ ဟောက်သံသေးသေးလေးပင် ထွက်၍ဟောက်နေပြီး သူမ သူ့ပါးအိအိလေးများကို မညှစ်ပဲ မနေနိုင်တော့ချေ။


"မြန်မြန်ထနော် မဟုတ်ရင် ဝံပုလွေဆိုးကြီးက သားမျက်နှာကို ကိုက်စားလိမ့်မယ်..."


သူမတို့ဘေးရှိ နောင်နောင်က အားပါးတရရယ်မောတော့သည်။ ကံဆိုးစွာဖြင့် ကျိရှောင်ကျိုးလေးက အိပ်နေဆဲဖြစ်သည်။


ထန်ထန် အချိန်ခဏလောက် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ သူမ၏ နှလုံးသားကို မာကျောအောင်လုပ်လိုက်ပြီး ဝတုတ်တုတ်ကလေးလေးကို သူ၏ ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်တစ်လုံး တုန်ခါသွားအောင် လှုပ်နှိုးလိုက်သည်။


"ပေါင်ပေါင် ထတော့..."


"မဆူနဲ့... အား... သား အိပ်ချင်နေသေးတယ်လို့..."


ကျိရှောင်ကျိုး သူ့လက်လေးများကို မြှောက်လိုက်ပြီး သူ့ကိုလာနှောင့်ယှက်နေသောလူကို လက်ရမ်း၍ မောင်းထုတ်နေသည်။ ထို့နောက် နောက်တစ်ဘက်ကို လှိမ့်၍ အိပ်သွားပြန်သည်။


လူတိုင်း ဆွံ့အသွားကြသည်။


ထန်ထန် စိတ်ကသိကအောင့်ဖြစ်ကာ သက်ပြင်းချလိုက်သည်။ အသေးလေးက အခုတလော ကောင်းကောင်းမအိပ်ရ၍ ယခု သူအိပ်နေသောအခါတွင် နှိုးရ အလွန်ခက်နေပေသည်။ သူတို့ဘယ်လောက် အော်အော် သူနိုးမလာပေ။


ထန်ထန် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို မြင်ပြီး နောင်နောင် ထန်ထန်လက်ကလေးကိုကိုင်ပြီး နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် နောင်နောင် သူမ၏လက်ကလေးများကို ကျိရှောင်ကျိုး၏ခြေဖဝါးကိုကိုင်ကာ ကလိထိုးလေတော့သည်။


"ဟားဟားဟား ယားတယ်လို့..."


ခုဏလေးတင် ဝက်တစ်ကောင်နှယ် အိပ်ပျော်နေသော ကျိရှောင်ကျိုးတစ်ယောက် ရုတ်တရက်ကြီး ထအော်လာသည်။ သူ့ခြေထောက်သူကိုင်ကာ ရယ်မောလေတော့သည်။


အဲ့လိုလုပ်ရုံနဲ့ နိုးလာရောလား... အဲ့လောက်လွယ်တယ်ပေါ့လေ... 

ထန်ထန် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ သူမ နောင်နောင်ကို အံ့အားတကြီးကြည့်လိုက်မိသည်။


နောင်နောင်လည်း မျက်တောင်ခတ်လိုက်သည်။  သူမမျက်လုံးလေးများတွင် ကျီစယ်လိုမှုတို့ပြည့်နေကာ ထန်ထန်နားကိုကပ်ပြောလိုက်သည်။


"အန်တီ ကိုကိုရှောင်ကျိုးက အရမ်းယားတတ်တာ... ကလိယားထိုးရင် သူနိုးလာတာပဲ..." 


သူမ မူကြိုတွင် သူ့ကိုနေ့ခင်းတစ်ရေးအိပ်ချိန်တိုင်း ဤနည်းသုံး၍ နှိုးလေ့ရှိသည်။


ထန်ထန် နည်းလမ်းရသွားတော့သည်။ သူမ၏ ကလေးက အယားမခံနိုင်မှန်း ရှာတွေ့သွားတော့သည်။ သူ့ကို ကလိယားထိုးလိုက်လျှင် နိုးလာကြောင်း သူမ မသိခဲ့ပေ။


ကျိရှောင်ကျိုးရယ်မော၍ ပြီးသွားသောအခါ သူအပြည့်အဝနိုးလာပြီဖြစ်သည်။ သူလူတိုင်းကို ပြူးတူးကြောင်တောင်လေးကြည့်လိုက်ပြီး သူ့ခြေထောက်သူပြန်ကြည့်ကာ တစ်စုံတစ်ခုကို ချက်ချင်းလက်ငင်းနားလည်သွားသည်။ သူ နှုတ်ခမ်းဆူလိုက်ပြီး နောင်နောင်ကို ကြည့်လိုက်သည်။


"နောင်နောင်... နင်ထပ်ပြီး ဆိုးသွမ်းပြန်ပြီ..."


နောင်နောင် သူ့ကို တောင်းပန်သလိုပြုံးပြလိုက်ပြီး သူ့ပါးလေးကို အနမ်းပေးလိုက်သည်။


"ညီမလေးအာဘွားပေးမယ်နော်... စိတ်မဆိုးနဲ့တော့..."


ကျိရှောင်ကျိုးက ထိုအနမ်းလေးကြောင့် ဒေါသများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။ သူဟန်ဆောင်ပန်ဆောင် စိတ်မရှည်ဟန်ပြကာ လက်ရမ်းပြလိုက်သည်။


"အိုင်းယား... နင်တို့မိန်းမတွေက တကယ့်ကို ပြဿနာရှာတတ်တာပဲ... ငါဘာမှမဟုတ်တာလေးနဲ့ ငြင်းခုံမနေတော့ဘူး..."


နောင်နောင် ဝမ်းသာအားရပြုံးလိုက်သည်။


ကျိယန် မျက်ခုံးပင့်သွားမိသည်။ ဤသည်က သူ့သား လှုပ်ရှားမှုတစ်ခုပြုလုပ်သည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ 

သူဒါတွေ ဘယ်ကသင်လာတာလဲ...


ထန်ထန် သူ့ကို ကျိရှောင်ကျိုတစ်ယောက် ကလေးမလေးကို တောင်းပန်နည်းနှင့် ကျေးဇူးတင်နည်းသင်ပေးထားသည့်အကြောင်းကို ပြောပြရန် ရှက်ရွံ့နေမိသည်။ အသေးလေး အဆူခံရမည်ကို စိုးရိမ်နေမိသည်။


ထိုမြင်ကွင်းကို မြင်နေရသော စွန်းရီက ရယ်ကျဲကျဲဖြစ်သွားသည်။ သူ ကျိရှောင်ကျိုးကို လက်မထောင်ပြလိုက်ပြီး ကျိယန်ကိုကြည့်လိုက်သည်။


"ကျိယန်ရေ မင်းသားမှာ အနာဂတ်ကောင်းလေးတွေရှိနေတာပဲ..."


ကျိယန် သူ့နှဖူးသူ အုပ်ကိုင်လိုက်သည်။ သူ ရယ်ရခက်ငိုရခက်ဖြစ်နေသည်။


ကျိရှောင်ကျိုးနိုးလာသည်နှင့် ထန်ထန် ကလေးများကို ထမင်းတစ်ပန်းကန်စီပေးလိုက်ပြီး စစားခိုင်းလိုက်တော့သည်။ ထို့နောက် ကျိယန်၏ ကုတင်ကိုမြှင့်လိုက်ပြီး စွပ်ပြုတ်တစ်ပန်းကန်ထည့်ပေးကာ သူ့ဘေးတွင် ထိုင်လိုက်သည်။


"ယောက်ျား.. ရှင်အခု ဆီကြော်တွေနဲ့ အစပ်တွေစားလို့မရသေးဘူး.. ရှင် နည်းနည်းတော့သည်းခံပြီး စွပ်ပြုတ်သောက်ပြီး ဆန်ပြုတ်ပဲသောက်ရမယ်... အသီးအရွက်တွေလည်း စားလို့ရတယ်... နောက်ရက်နည်းနည်းကြာရင် ကျွန်မရှင့်အတွက် စားကောင်းတာတွေ အများကြီးချက်ကျွေးမယ်..."


ကျိယန်တစ်ယောက် သူမ သူ့ကိုချော့နေသည်ကို ရယ်ချင်ဟန်ဖြစ်နေသော်လည်း စိတ်ထဲတွင် ပျော်ရွှင်နေမိသည်။  သူမသာ သူ့နားရှိနေလျှင် နေ့တိုင်းဆန်ပြုတ်သောက်ရလျှင်ပင် ကိစ္စမရှိပေ။


ရင်ထဲတွင် ချိုမြိန်နေပြီး ကျိယန် ဇွန်းကိုင်ကာ စွပ်ပြုတ်ခပ်သောက်ရန် ပြင်လိုက်သည်။ သို့သော် ထန်ထန်က သူ့ကိုတားလိုက်သည်။


"မလှုပ်နဲ့... ရှင့်ဒဏ်ရာတွေ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ... ကျွန်မ ခွံကျွေးမယ်..."


"...ကောင်းပြီလေ..."


မူလက ကျိယန် သူမကို ဒဏ်ရာများက အဆင်ပြေကြောင်းနှင့် သူ့ဘာသာစား၍ ရကြောင်းပြောချင်သော်လည်း သူမ၏မျက်ဝန်းများရှိ စိုးရိမ်နေမှုကို မြင်လိုက်ရ၍ ထိုစကားလုံးများကို ပြန်မျိုချလိုက်ရသည်။ သူခွံ့ကျွေးခံရလည်း ကိစ္စမရှိပေ။ ကလေးများနှင့် သူ၏ရဲဘော်ရှေ့တွင်ဖြစ်၍ အနည်းငယ်ရှက်ရွံ့မိသော်လည်း မျက်နှာအရေထူထူထားလိုက်လျှင် အဆင်ပြေသွားမည်ဖြစ်သည်။


ထန်ထန် စွပ်ပြုတ်ကို ဇွန်းအပြည့်ခပ်လိုက်ပြီး အပူချန်ကို စမ်းကြည့်လိုက်သည်။ အတော်လေးပူနေသေး၍ နှုတ်ခမ်းလေးထော်၍ လေတဟူးဟူးမှုတ်လိုက်ကာ ဇွန်းကို သူ့နှုတ်ခမ်းနား ရွှေ့ပေးလိုက်သည်။


သူမ၏ လှုပ်ရှားမှုများက သူ့ဘာသာမစားတတ်သေးသည့် ကလေးကို ခွံကျွေးနေသည့် မိခင်တစ်ဦးနှင့်တူနေသည်။ သူမက အလွန်အမင်းသတိထားကာ အာရုံစိုက်နေသည်။ သို့သော် သူမ၏ ကလေးအစစ်များက ဇွန်းကိုင်ကာ သူတို့ဘာသာ သူတို့စားနေကြပြီး အသက်သုံးဆယ်အရွယ်ယောက်ျားတစ်ယောက်ကို ခွံ့ကျွေးနေရခြင်းသာဖြစ်သည်။


ကျိယန် ချောင်းဟန့်လိုက်ကာ သူ့နားရွက်များက အနည်းငယ် နီမြန်းနေသည်။ သူမှတ်မိရသလောက်ဆိုလျှင် သူ့ကို တစ်ယောက်မှ အစားအသောက်ခွံ့မကျွေးဖူးပေ။ သူ အသက်သုံးဆယ်ရောက်၍ ခွံ့ကျွေးခံရမည်ဟု တစ်ခါမှ မတွေးဖူးပေ။ ထို့အပြင် သူ့ကိုခွံ့ကျွေးနေသူမှာ သူ၏ဇနီးသာဖြစ်သည်။ ကျိယန်အနည်းငယ်ရှက်နေသော်လည်း အတော်လေးဝမ်းသာသလို ခံစားလိုက်ရသည်။


မိန်းမတွေပဲ ယောက်ျားတွေဆီက တုန်နေအောင်အချစ်ခံရတာကို ပျော်တယ်လို့ ဘယ်သူပြောလဲ... ယောက်ျားတွေလဲ မိန်းမတွေဆီက တုန်နေအောင်အချစ်ခံရရင် ပျော်ပါတယ်နော်....


ကျိယန် စွန်းရီထံမှ ထိတ်လန့်အံ့အားသင့်သွားမှုကို မသိကျေးကျွန်ပြုနေသည်။ ထိုစဉ် စွန်းရီတွင် လျစ်လျှူရှုထား၍မရသော မျက်နှာအမူအယာကြီးရှိနေသော်လည်း ကျိယန်က သူ့မျက်ကိုတည်ထားကာ ပါးစပ်ဟပေး၍ ဟင်းရည်သောက်လိုက်သည်။


ထန်ထန် နောက်ထပ်တစ်ဇွန်းခပ်လိုက်ကာ မှုတ်ပေးလိုက်ပြန်သည်။


"ရှင် အငန်လျှော့စားသင့်တာမလို့ ကျွန်မ ဆားလျှော့ထည့်ထားတယ်... အရသာက အဆင်ရောပြေရဲ့လားဟင်..."


"ကောင်းပါတယ်... အကုန်လုံးကွက်တိပါပဲ.." 


ကျိယန် ရိုးရိုးသားသားပြောလိုက်သည်။ စွပ်ပြုပ်က အရသာရှိလွန်းပြီး အခြားဘာမှထပ်မထည့်ချင်ပေ။


"မင်းချက်သမျှတိုင်းက အရသာရှိတယ်..."


ထန်ထန် ပြုံးလိုက်သည်။ သူမက ချီးကျူးခံလိုက်ရ၍ ရှက်နေသည့် မိန်းမပျိုလေးနှယ် ဖြစ်သွားသည်။ သူမ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆန်ပြုတ်နှင့် ဟင်းသီးဟင်းရွက်များကို ဇွန်းဖြင်ခပ်ကာ ကျိယန်ကို မေးလိုက်သည်။


ထန်ထန်ဆီမှ အပြုံးတစ်ပွင့်က ကျိယန်ကို ပတ်ဝန်းကျင်ရှိလူများကိုပင် မေ့သွားစေပြီး သတိလက်လွတ် သူမမျက်နှာလေးကို ထိလိုက်သည်။ သူ၏ မိန်းမကချော့ရန် လွယ်ကူလှသည်။ သူမက ဘာမှမလိုအပ်ပေ။ ချီးမွမ်းမှုလေးတစ်ခုကပင် သူမကို အလွန်အမင်းပျော်သွားစေသည်။

သူမကဘာလို့များ ပျိုးထောင်ဖို့ လွယ်နေရတာလဲ...


ဘေးတွင် စားသောက်နေရင်း အစအဆုံးမြင်လိုက်ရသော စွန်းရီတစ်ယောက် ဆွံ့အသွားခဲ့သည်။

ဒါ သူတို့ စင်ကယ်ဒေါ့တွေကို ဆက်ဆံတဲ့နည်းလမ်းလား...


စွန်းရီ သူ့ကိုယ်သူ အစာမကြေတော့ဘူးဟုပင် ခံစားလိုက်ရပြီး ပန်းကန်လုံးနှင့်တူကို အောက်သို့ချလိုက်သည်။ ထို့နောက် အနောက်သို့ ပြန်လှဲချလိုက်ကာ စောင်ကိုမ၍ သူ့မျက်နှာ တစ်ခြမ်းကိုအုပ်လိုက်သည်။ သူ ထိုမြင်ကွင်းမျိုးကို မခံစားနိုင်ပေ။


သူအိပ်ပဲ အိပ်ပစ်လိုက်ချင်သည်။


ထန်ထန်နှင့် ကျိယန်တို့ဘက်တွင် တစ်ယောက်က ခွံကျွေးနေပြီး တစ်ယောက်က ခွံ့ကျွေးခံနေရသဖြင့် စွန်းရီ၏စိတ်အခြေအနေကို သတိပင်မပြုမိပေ။ ကျိယန်စား၍ပြီးသောအခါ ထန်ထန် သူ့ပါးစပ်ကို သုတ်ပေးလိုက်ပြီး ကျန်သောဟင်းပွဲများကိုယူကာ သူမဘာသာစ စားလိုက်သည်။


မူလက ထန်ထန် ကျန်နေသေးသော ဆန်ပြုတ်များကို စားချင်သော်လည်း ကျိယန်က သူမကိုတားလိုက်သည်။


"ဆန်ပြုတ် မစားနဲ့လေ... ထမင်းနဲ့ဟင်းပဲစား ... မင်းကိုယ်မင်းလည်း ကြည့်ပါဦးကွာ အတော်လေးပိန်သွားတာပဲ..."


ထန်ထန် ရှက်ရွံ့သွားကာ သူမ၏သေးသွယ်ပိန်ပါးသော လက်ကောက်ဝတ်လေးကို ကြည့်လိုက်သည်။ သူမ သက်ပြင်းလေးချလိုက်ပြီး ဆန်ပြုတ်ပန်းကန်အောက်ချကာ ထမင်းပန်းကန်ကိုယူလိုက်သည်။ အသားအနည်းငယ် ထည့်ပြီးနောက်တွင် သူမ အလောတကြီး စတင်စားသောက်တော့သည်။


သူမ များများစားရန်လိုအပ်သည်။ သူမ ဝိတ်တက်လာပါက မတိုင်မီကထက် ပိုမိုကြည့်ကောင်းလာခဲ့သည်။ သို့သော် ကိစ္စများစွာဖြစ်ပြီးနောက် ယခုအချိန်တွင် သူမနောက်တစ်ကြိမ် ရုပ်ဆိုးလာခဲ့ပြန်သည်။ ဤကဲ့သို့ဆက်ဖြစ်နေပါက သူမ ကျိယန်ဘေးတွင်နေရန် ရှက်ရွံ့မိပေလိမ့်မည်။ သူမက သူ့အတွက် အရှက်ရစရာဖြစ်ပေလိမ့်မည်။


ထို့အပြင် သူ၏ ရဲဘော်များကလည်း ကျိယန်က သူမကဲ့သို့လူကို ဘာကြောင့်လက်ထပ်ခဲ့ရသလဲဟု တွေးပေလိမ့်မည်။


မဟုတ်ဘူး... မရဘူး... သူမ ကျိယန်ကို အရှက်ရစေလို့ မဖြစ်ဘူး... သူမ ဝိတ်တက်လာမှရမယ်... 

ထိုသို့တွေးပြီးနောက်တွင် ထန်ထန် အသားများကိုရွေးလိုက်ပြီး အဆီထူထူအသားကိုသာ ပိုရွေး၍ စားခဲ့သည်။


ထန်ထန် တစ်ခါတည်းနှင့် အသားတစ်ပုံကြီးစားလိုက်သည်ကို မြင်သောအခါ ကျိယန် အနည်းငယ် လန့်သွားခဲ့သည်။ သူမစားနေသည်ကိုကြည့်ရင်း သူ ပျော်လာခဲ့သည်။


နေ့လည်စာစားပြီးနောက်တွင် ထန်ထန် သူမယူလာခဲ့သော ပန်းကန်ခွက်ယောက်များကို ထိန်းသိမ်းကာ ကျိယန်ကို ကုတင်ပေါ် ပြန်လှဲပေးလိုက်သည်။


"တစ်ရေးတစ်မောလောက် အိပ်လိုက်နော် ယောက်ျား... အိပ်တာက ရှင့်ရဲ့ ဒဏ်ရာတွေအတွက် ကောင်းတယ်...."


ကျိယန် ကြမ်းပြင်ပေါ်ထိုင်ရင်း အိမ်လေးဆောက်နေကြသော ကလေးများကိုတစ်ချက်ကြည့်လိုက်သည်။


"ကလေးတွေကို မင်းနဲ့ ပြန်ခေါ်သွားလိုက်ပါ... ဒီမှာ သူတို့ဆော့ဖို့ နေရာအလုံအလောက်မရှိတော့ သူတို့ကိုပြန်ခေါ်ပြီး အနားယူခိုင်းလိုက်... ကိုယ့်ကို စောင့်ပေးဖို့မလိုပါဘူး... တစ်ခုခုလိုရင် သူနာပြုခေါ်လိုက်ပါ့မယ်... ညကြမှ ကလေးတွေကို ထပ်ခေါ်ရင် ခေါ်လာခဲ့လေ.."


"ဒါပေမဲ့..."


ထန်ထန် ကျိယန်အတွက် အတော်လေး စိုးရိမ်နေမိသည်။ သို့သော် ကလေးများက ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း ဆော့နေပုံမှာ သနားစဖွယ်ကောင်းလှသည်။ ထို့အပြင် ကလေးများဆော့ကစားရာတွင် ဆူညံသံများထွက်မည်ဖြစ်ပြီး ကျိယန်နှင့် စွန်းရီအိပ်နေသည်ကို နှောင့်ယှက်မိပေလိမ့်မည်။ ထန်ထန် ကျိယန်၏ အကြံပေးမှုကိုသာ လက်ခံလိုက်ရတော့သည်။


"ကောင်းပြီလေ... ဒါဆို သူတို့ကို အိမ်ပြန်ခေါ်ပြီး နားခိုင်းလိုက်မယ်... ကျွန်မခဏနေရင် ညစာခပ်စောစောယူလာခဲ့မယ်..."


သူမအလွန်စိုးရိမ်နေသည်ကို မြင်မိပြီး ကျိယန်၏ လက်ကလေးကို ပုတ်ပေးလိုက်သည်။


"အရမ်း အစောကြီးမလာပါနဲ့...အလျှင်လိုစရာမှမလိုတာ ... ကိုယ်တို့ကို နှစ်နာရီခြားတစ်ခါ သူနာပြုက လာစစ်ပေးပါတယ်.... ကိုယ်ဘာမှ မဖြစ်ပါဘူး..."


ထန်ထန် ခေါင်းငြိမ့်လိုက်သော်လည်း သူမ၏ စိုးရိမ်မှုများက လျှော့ကျသွားခြင်းမရှိပေ။ သူမ သူ၏ဖုန်းကို ကြည့်ကာ ဖုန်းဘက်ထရီ ရာခိုင်နှုန်းလောက်ငှသလားဟု စစ်ကြည့်လိုက်သည်။ လောက်ငှသည်ကို အတည်ပြုပြီးနောက်တွင် သူ၏ဖုန်းကို ခေါင်းအုံးအောက်ထဲ ထည့်ပေးလိုက်သည်။


"ကျွန်မ ရှင့်ဖုန်းကို ဒီမှာထားခဲ့လိုက်တယ်... ဘာပဲဖြစ်ဖြစ် ရှင် သူနာပြုကို ရှာမရရင် ကျွန်မကို ချက်ချင်းဖုန်းခေါ်လိုက်ပါ... ကျွန်မ အမြန်ဆုံးပြေးလာခဲ့မယ်... ရှင့်ကိုယ်ရှင် ဖိအားမပေးပါနဲ့ ဟုတ်ပြီလား..."


"ကောင်းပါပြီ... ကိုယ်ကတိပေးပါတယ်ကွာ..."


ထန်ထန် ဘာမှဆက်မပြောနိုင်တော့ပေ။ သူမ သူ့ကို အချိန်ခဏလောက် စိုက်ကြည့်လိုက်သည်။ အရာရာအဆင်ပြေကြောင်း နောက်တစ်ကြိမ် စစ်ဆေးပြီးနောက်တွင် သူမ ကလေးများကို ငှားရမ်းထားသော အခန်းလေးထံ ခေါ်သွားလိုက်သည်။


တံခါး ပြန်ပိတ်သွားချိန်တွင် သူ့မျက်နှာသူ အုပ်ထားသော စွန်းရီက စောင်ပုံထဲမှ ဖြေးဖြေးချင်းထွက်လာခဲ့သည်။ သူ ကျိယန်ကို ခါးခါးသီးသီးကြည့်လိုက်သည်။


၎င်းက ကျိယန် တံခါးဆီမှ အကြည့်ရွှေ့လိုက်ချိန်တွင် ပထမဆုံးမြင်လိုက်ရသည့်အရာဖြစ်သည်။ သူ ပဟေဠိဖြစ်စွာမေးလိုက်သည်။


"မင်း အိပ်သွားပြီ မဟုတ်ဘူးလား..."

သူ အချိန်အတော်ကြာထဲက အိပ်သွားတာ မဟုတ်ဘူးလား...


"ဒီအခြေအနေမှာ ငါ အိပ်ပျော်တယ်ဆိုရင် အတော်လေးကို ထူးဆန်းလိမ့်မယ်... "

စွန်းရီ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ ကျိယန်ကို ရုတ်တရက်ကြီး ပြောလိုက်သည်။


"ငါအခုတော့ မင်းနဲ့ မင်းမိန်းမတို့ ကိုယ့်ဘာသာဆုံးဖြတ်ပြီး တွဲခဲ့ကြတယ်လို့ ယုံသွားပြီ..."


ရုတ်တရက်ပြောလိုက်သော ထိုစာကြောင်းက ကျိယန်ကို မှင်သက်သွားစေသည်။

ဒါပေါ့ သူနဲ့ ထန်ထန်တို့က သူတို့ဘာသာရွေးချယ်ပြီး ချစ်မိခဲ့ကြတာလေ.... အဲ့တာကို ဘာလို့ မယုံကြတာလဲ....


စွန်းရီ မျက်လုံးထဲတွင် မနာလိုမှုတို့ တောက်လောင်နေသည်။


"မင်း မိန်းမကို မင်းဘာကြောင့်ချစ်မိသွားလဲ ငါသိသွားပြီ...."


သူမက အရမ်းကို ငြင်သာနူးညံ့ပြီး မိန်းမဆန်လှတယ်... ပြီးတော့ သူ့ယောက်ျားကိုလည်း အရမ်းချစ်တယ်... ဒီလိုမိန်းမမျိုးက ကမ္ဘာကြီးပေါ်မှာ တည်ရှိသေးရဲ့လား... 


ကျိယန် မျက်ခုံးပင့်လိုက်သည်။ သူနောက်ဆုံးတွင် စွန်းရီပြောသည်ကို နားလည်သွားခဲ့သည်။ ကျိယန် မပြုံးပဲ မနေနိုင်တော့ချေ။ သူ့အပြုံးက ဂုဏ်ယူနေသော အပြုံးကြီးဖြစ်ပေသည်။


စွန်းရီ ထိုအပြုံးကိုကြည့်ပြီး သူ့မျက်လုံးများပင် နာလာသလို ခံစားလိုက်ရသည်။ တိတ်တဆိတ်ပဲ ကျိယန်ကို နောက်ကျောပေး၍သာ အိပ်လိုက်သည်။ အဆုံးတွင် မျက်လုံးက မမြင်ရလျှင် နှလုံးသားက မနာကျင်တော့ပေ။


–––––––––––––


ထန်ထန် ကလေးများကို အိမ်သို့ ပြန်ခေါ်သွားလိုက်သည်။ သို့သော် သူမတို့ ဆေးရုံကထွက်လာသည်နှင့် ကျိရှောင်ကျိုးက သူမ၏ အင်္ကျီကို ဆွဲထားလိုက်သည်။ သူမ၏ မေးမြန်းလိုသော အကြည့်အောက်တွင် သူလမ်းတစ်ဖက်တွင် ပါကင်ထိုးထားသော ကားတစ်စီးကို လက်ညှိုးထိုးပြလိုက်သည်။


"မာမီ... အဲ့ဒာ ဘိုးဘိုးကြီးရဲ့ကား..."


ထန်ထန် မျက်တောင်ခတ်လိုက်သည်။ သူမ အသေးလေး လက်ညှိုးထိုးပြသော ကားကိုကြည့်လိုက်သည်။ ကားက ကြီးမား ရှည်လျားပြီး နက်မှောင်နေလျက်ရှိသည်။ ပြတင်းပေါက်များကပင် နက်မှောင်နေလျက်ရှိသည်။ အပြင်ဘက်မှ လူများက အထဲကလူများကို မမြင်နိုင်ပေ။


"ပေါင်ပေါင်... အဲ့တာ ဘိုးဘိုးကြီးကျိရဲ့ကားမှန်း သားဘယ်လိုလုပ်သိတာလဲ..."

သူ မှားတာမလား....


ကျိရှောင်ကျိုးက သေချာပေသည်။

"အဲ့တာ ဘိုးဘိုးကြီးရဲ့ကားမှန်း အသိအသာကြီးလေ... ငါး ခြောက်လုံး... မှတ်ရတာလွယ်တာကို....."


ထန်ထန် ကားနံပါတ်ပြားကို ကြည့်လိုက်သောအခါ နံပါတ်ငါးအတန်းလိုက်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ အသေးလေးပြောသည်က မမှားလောက်ပေ။


ထန်ထန် အနည်းငယ် တုံ့ဆိုင်းမိသွားသည်။ သူမတို့ အချင်းချင်း  တစ်ခါမှ ပြောဆိုဆက်ဆံဖူးချင်းမရှိ၍ သွားပြီးနှုတ်ဆက်သင့်သလား မသိတော့ပေ။ သူမတို့ အချင်းချင်းသိသည်ဟုပင် ပြော၍မရပေ။ ထို့အပြင် ကျိယန်ကလည်း သူမတို့ကို မိတ်ဆက်မပေးဖူးချေ။ သဘောတရားအရဆိုလျှင် ထန်ထန် သူမတစ်ခါမှ ပြောဆိုဆက်ဆံဖူးခြင်းမရှိသော အဘိုးကြီးတစ်ယောက်ကို စကားသွားမပြောသင့်ပေ။ သို့သော် ကျိယန် ဒဏ်ရာရသည့်နေ့က အကြောင်းကို မတွေးမိပဲ မနေနိုင်ခဲ့ချေ။ ဂုဏ်သိက္ခာရှိရှိဖြင့် ခန့်ညားလှသော အဘိုးကြီးတစ်ယောက်က ဆန့်ကျင်ဘက်ပုံစံပြောင်းလဲသွားကာ ခွဲစိတ်ခန်းရှေ့တွင် နွမ်းလျစွာစောင့်နေခဲ့သည်။ သူ ရုတ်တရက်ကြီး အသက်အရမ်းကြီးသွားသလို ဖြစ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေ သူ၏ စူးရှလှသော မျက်လုံးများထဲမှ စိုးရိမ်မှုများပြည့်နေခဲ့သည်။


သူမ ပြောနိုင်သည်က ထိုမျက်လုံးများမှတစ်ဆင့် လူအိုကြီးက ကျိယန်ကို အလွန်အမင်းဂရုစိုက်ပြီး ချစ်သေးကြောင်း သိလိုက်ရသည်။


ကျိယန် ICU ထဲရောက်လာချိန်တွင် လူအိုကြီးက အခန်းအပြင်ဘက်တွင် နေ့တိုင်း မိုးလင်းသည်အထိ စောင့်လေ့ရှိသည်။ သူ အဝေးကြီးတွင် မထိုင်သော်လည်း သူမတို့နှင့် နီးကပ်စွာမနေခဲ့ပေ။ သူ နေ့လည်စာစားလျှင်ပင် နှစ်လုပ်မျှသာစားပြီး ထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာထိုင်နေမည်ဖြစ်သည်။ လူအိုကြီးက ကျိယန်ကို ထိုအတိုင်း စောင့်ကြည့်ပေးနေကြောင်း သူမသိပေသည်။


ထိုကဲ့သို့သော လူကြီးမျိုးက ထန်ထန်ကို တုံ့ဆိုင်းမိစေသည်။


ကျိရှောင်ကျိုးက သူမ၏တုံ့ဆိုင်းနေမှုကို မြင်သောအခါ သူမလက်ကို ဆွဲ၍ ပြောလိုက်သည်။


"လာပါ မာမီရယ်... ဘိုးဘိုးကြီးကို သွားနှုတ်ဆက်ရအောင်ပါ.... အရင်တုန်းကဆိုရင် ဘိုးဘိုးက သားကို အရုပ်တွေနဲ့ အရသာရှိတဲ့အစားအသောက်တွေ တိတ်တိတ်လေးဝယ်လာပေးနေကြလေ..."


ထန်ထန် ထိုသည်ကို ကြားသောအခါ ခေါင်သာ ငြိမ့်လိုက်မိသည်။ သွားနှုတ်ဆက်ရသည်က ကိစ္စကြီးမဟုတ်ပေ။


သူမ ကားဆီ ကလေးနှစ်ယောက် လက်ကိုဆွဲ၍ သွားလိုက်ပြီး ကားမှန်ပြတင်းကို ခေါက်လိုက်သည်။ ကားမှန်က ချက်ချင်းအောက်ကျသွားပြီး ငယ်ရွယ်သော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ ထန်ထန်သူ့ကို မှတ်မိသည်။ သူက အဘိုး၏အစောင့်ဖြစ်သည်။


အစောင့်က ထန်ထန်တို့ အုပ်စုကိုမြင်ပြီး ထိတ်လန့်သွားသည်။ သူ ကားတံခါးချက်ချင်းဆွဲဖွင့်လိုက်ပြီး ကျိယန်တစ်ခုခုဖြစ်သွားပြီ အထင်ဖြင့် စိုးရိမ်ပူပန်စွာ မေးမြန်းလာသည်။


"ကျိယန် တစ်ခုခုဖြစ်လို့လား..."


"မဟုတ်ပါဘူး... မဟုတ်ပါဘူး...."


ထန်ထန် သူနားလည်မှုလွဲသွားသည်ကို သိသွား၍ မြန်မြန်ရှင်းပြလိုက်သည်။


"ကျွန်မတို့ အဘိုးရဲ့ကားကို မြင်လိုက်တော့ လာနှုတ်ဆက်ရုံပါ... အဘိုးမရှိဘူးလားဟင်..."


အစောင့်က စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး တိုးတိတ်စွာ ပြန်ပြောလိုက်သည်။


"သူ ဒီမှာရှိပါတယ်... ဒါပေမဲ့ အိပ်ပျော်နေတယ်လေ.... သူ ဒီနေ့တွေမှာ ကောင်းကောင်း မအိပ်ရသေးတော့ သူ့ရဲ့ခန္ဓာကိုယ်က မခံနိုင်တော့တာ...."


"သူဘယ်လိုလုပ် ဒီနေရာမှာအိပ်နေရတာလဲ... ရှင်သူ့ကို အိမ်ပြန်ခေါ်သွားသင့်တယ်လေ... ကားထဲမှာ အိပ်နေလိုက်သေးတယ်..."


သူမ ဤလူအိုကြီးနှင့် ကျိယန်ကြားတွင် ဘာတွေဖြစ်ပျက်ခဲ့ကြောင်း မသိသော်လည်း လူအိုကြီးက ကျိယန်အတွက် သူ့ကိုယ်သူမောပန်းအောင်လုပ်ခဲ့ကြောင်းတော့ သိပေသည်။ သူမ သက်ကြီးပိုင်းလူတစ်ဦးကို ဤကဲ့သို့ မခံစားစေချင်ပေ။


အစောင့်က အကူအညီမဲ့သွားရသည်။


"ကျွန်တော်လည်း သူ့ကို အိမ်ပြန်အိပ်ဖို့ပြောပါသေးတယ်... သူကအရမ်း ခေါင်းမာလွန်းတယ်လေ... ဘာဖြစ်ဖြစ်သူမသွားဘူးလို့ပြောတယ်... သူ ကားထဲမှာပဲ အိပ်ချင်တယ်တဲ့... ပြီးတော့ သူအခုတလော ကောင်းကောင်းလည်းမစားဘူး.... ဘာစားစား တစ်လုပ်နှစ်လုပ်ပဲစားတယ်... သူကိုယ်အလေးချိန်လည်း တော်တော်လေး လျော့သွားတယ်... ဒီလိုသာဆက်ဖြစ်နေရင် သူ့ခန္ဓာကိုယ်က တောင့်ခံနိုင်မယ် မထင်ဘူး...."


"အာ...."

ထန်ထန် စိုးရိမ်မှုကြောင့် မျက်မှောင်ကြုတ်မိလိုက်သည်။


"သူက ငယ်ရွယ်တော့တာမှမဟုတ်တာ... ဘယ်လိုလုပ် ခံနိုင်မှာလဲ...."


"ကျွန်တော်တို့လည်း နားလည်ပါတယ်...."

အစောင့်က သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ သူက ကျိယန်ကို အရမ်းစိုးရိမ်နေတာ...."


ထန်ထန် သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်သည်။ 


"သူ့ကို ကျွန်မအိမ်မှာ ခဏအနားယူခိုင်းလိုက်ပါလား... ကျွန်မ ဒီနားက အိမ်ခန်းလေးကို ခဏငှားထားတယ်.... အဲ့ဒီ့မှာဆိုရင် သူပိုပြီး ကောင်းကောင်းလေး နားလို့ရမယ်...."


"ဒါ...."


အစောင့်က အနည်းငယ် အံ့ဩသွားပြီး သဘောတူချင်သွားသော်လည်း လူအိုကြီး၏ ခေါင်းမာမှုနှင့် မာနကြောင့် လက်လျော့လိုက်ရသည်။ အကြီးအကဲက အတော်လေး မာနကြီးပေသည်။ သူ ကျိယန်ကိုပင် ခေါင်းမငုံ့ပေးချင်ပါက ကျိယန်၏ ဇနီးဆိုပါက ပို၍ဆိုးပေလိမ့်မည်။


အစောင့်၏ မျက်နှာ အမူအယာကို ကြည့်ပြီး ထန်ထန် အနည်းငယ် နားလည်သွားသည်။ သူမ ခေါင်းငုံ့လိုက်ပြီး ကျိရှောင်ကျိုးနားရွက်လေးများထဲသို့ တီးတိုးကပ်ပြောလိုက်သည်။ ခဏအကြာတွင် ကျိရှောင်ကျိုးက ထန်ထန်ဖွင့်ပေးထားသော ကားတံခါးထဲမှ ကားထဲသို့ ဝင်သွားလိုက်တော့သည်။