အပိုင်း (၆၄)
Viewers 12k

64 


အစောင့်က နားမလည်စွာဖြင့် မေးလိုက်သည်။


"ရှောင်ကျိုး.. ဘာလုပ်...."


ထန်ထန် သူ့ကို စိတ်ပူစရာမလိုကြောင်း နှစ်သိမ့်ပေးလိုက်သည်။ 


"ရှောင်ကျိုးမှာ သူ့အဘိုးကို ကျွန်မတို့နဲ့လိုက်အောင် နားချနိုင်မယ့် နည်းလမ်းရှိတယ်...."


အစောင့်တွင် သံသယများရှိနေဆဲဖြစ်သည်။ သူ တပ်သားအသစ်ဖြစ်ကတည်းက အကြီးအကဲနောက်လိုက်နေခဲ့တာဖြစ်သည်။ ဆယ်နှစ်ကျော်ကြာပြီဖြစ်၍ အကြီးအကဲ၏ဒေါသကို အတော်လေးသိပေသည်။ အကြီးအကဲသာ နားချရလွယ်ပါက သူနှင့်ကျိယန်၏ဆက်ဆံရေးက ဤမျှ ဆိုးဝါးနေမည်မဟုတ်ချေ။ နှစ်ပေါင်းများစွာ ကြာညောင်းနေပြီဖြစ်သော်လည်း အကြီးအကဲက လုံးဝအလျှော့မပေးခဲ့ပေ။သို့ဖြစ်၍ ကလေးတစ်ယောက်က သူ့ကို မည်ကဲ့သို့ လွယ်လွယ် နားချနိုင်မည်နည်း။


အစောင့်က ကျိရှောင်ကျိုးတစ်ယောက် အကြီးအကဲထံမှ အငြင်းခံရပြီး နာကျင်ကာ မာနထိခိုက်သွားမည်ကို စိုးရိမ်ခဲ့သည်။ မည်သို့ပင်ဆိုစေ ကလေးများတွင်ပင် မာနရှိပေသည်။


သို့သော် အစောင့်က ကလေးကို သတိမပေးလိုက်မီ သူတွေးထားသည်နှင့် ကျော်လွန်သည့်အရာတစ်ခု ဖြစ်သွားခဲ့သည်။ ကျိရှောင်ကျိုး အငြင်းမခံခဲ့ရပေ။ ယင်းအစား အသေးလေးက နောက်သုံးမိနစ်အတွင်း တံခါးဖွင့်၍ ခုန်ထွက်လာခဲ့သည်။ သူ ခုဏက ကားထဲတွင် အိပ်နေသော သူ၏အဘိုးကိုပါ လက်ဆွဲ၍ ခေါ်လာခဲ့သည်။


ကျိရှောင်ကျိုး သူတို့ကို လက်ဝှေ့ရမ်းပြလာသည်။


"မာမီ... သား ဘိုးဘိုးကြီးကို ပြောပြီးပြီ... ဘိုးဘိုးကြီးကို အိမ်ခေါ်သွားရအောင်...."


ထန်ထန် အဘိုးကျိနှင့် ကျိရှောင်ကျိုးတို့ လက်ကိုင်ထားကြသည်ကို အလိုလိုလှည့်ကြည့်မိလိုက်သည်။


အဘိုးကျိမျက်နှာတွင် မည်သည့်ခံစားချက်မှမရှိပေ။ သူ သူမကို စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေလိုက်ပြီး ကျိရှောင်ကျိုးကို အဝေးကိုခေါ်သွားခဲ့သည်။ သူ သူမကို ဂရုမစိုက်သည်မှာ သိသာလှပေသည်။


ထန်ထန် မျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။ ကြည့်ရသည်မှာ အဖိုးကျိက သူမကို သူ၏ မြေးချွေးမလေးအဖြစ် အသိအမှတ်မပြုသည့်ပုံဖြစ်နေသည်။ သူ သူမကို စကားတစ်လုံးပင် ပြောမသွားခဲ့ချေ။


ထန်ထန်စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ဝမ်နောင်၏ လက်ကိဆွဲကာ သူ့နောက်လိုက်လေတော့သည်။


အစောင့်က ထန်ထန် စိတ်မသက်မသာဖြစ်မည်ကို ကြောက်သွားမိသည်။ မည်သို့ပင်ဆိုစေ သူမက ကြင်နာစွာဖြင့် သူမ၏ အိမ်ကို လာအနားယူရန် ဖိတ်ခေါ်ခဲ့သော်လည်း ထိုလူက သူမကို လှည့်ပင် မကြည့်ခဲ့ပေ။ မည်သူမဆို ထိုသို့ကြုံရပါက မသက်မသာဖြစ်မည်ဖြစ်သည်။ သူမ မပျော်ရွှင်ဘဲ လူအိုကြီးနှင့် စိတ်ဝမ်းကွဲနေပါက မကောင်းလှပေ။ ရလဒ်အနေဖြင့် အစောင့်က ထန်ထန်ကို တိုးတိုးလေးရှင်းပြလိုက်သည်။


"စိတ်မတိုပါနဲ့နော်... အကြီးအကဲရဲ့ ဒေါကသအဲ့အတိုင်းပဲဗျ... သူက ဘယ်သူ့ကိုမှ မပြုံးပြတတ်ဘူး..."


သူမပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းခါပြလိုက်သည်။


"ရပါတယ်.... ကျွန်မစိတ်မတိုပါဘူး... လူကြီးတွေအများစုက ဒီလိုပဲလေ...."


ထန်ထန် အမှန်တကယ် စိတ်ထဲမထားဘဲ သူမ၏အပြုံးကလည်း အစစ်အမှန်ဖြစ်နေ၍ အစောင့်က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်မိလိုက်သည်။ လွန်ခဲ့သည့် ရက်များတုန်းက သူ ကျိယန်နှင့် အကြီးအကဲကျိတို့ကြား ဗျာများနေရ၍ သူမကို အာရုံမစိုက်ခဲ့မိပေ။ ယခုတွင် သူသေချာကြည့်လိုက်သောအခါ သူမက အတိတ်ကနှင့် အလွန်ကွာခြားနေကြောင်း သိလိုက်ရသည်။ သူမ၏ ရုပ်ရည်အသွင်အပြင်ပြောင်းလဲသွားရုံမျှမက သူမ၏ စိတ်နေစိတ်ထားများပင် ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။


အစောင့်က သူမကို လွန်ခဲ့သော အချိန်များက မြင်ခဲ့ရဖူးသည့်ပုံစံကို သတိရမိသွားသည်။ သးမှတ်မိရသလောက် ထိုအချိန်က သူမက အမြဲတမ်းသောက်စားနေပြီး မျက်လုံးထဲတွင် ခါးသီးမှုနှင့် မုန်းတီးမှုများသာ ပြည့်နှက်နေလေ့ရှိသည်။ သူမက ရူးနှမ်းနေသော မိန်းမတစ်ယောက်နှယ် ပြုမူလေ့ရှိသည်။ ထို့ကြောင့် လူအိုကြီးက သူမကိုသဘောမကျခဲ့ပေ။ သူကဲ့သို့သော အပြင်လူကပင် သူ့ကို သဘောမကျခဲ့ပေ။


သို့သော် လက်ရှိထန်ထန်က သူမမျက်နှာတွင် အမြဲတမ်းအပြုံးလေးတစ်ပွင့်ရှိနေပြီး နူးညံ့ငြင်သာသော အပြောအဆိုလေးဖြင့် လူတိုင်းကို သက်တောင့်သက်သာရှိသော ခံစားချက်ရစေသည်။ သူမက မလှပသော်လည်း သူမပေးသော သက်တောင့်သက်သာခံစားမှုက လူများကို သူမနှင့် ရင်းနှီးချင်စိတ်ဖြစ်ပေါ်လာစေသည်။


ဘယ်တုန်းက ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ....


အဲ့ဒီ့အပြင် ကျိယန်နဲ့ ထန်ထန်ရဲ့ ဆက်ဆံရေးက မပြေလည်ကြဘူး မဟုတ်ဘူးလား... အခုလက်ရှိအခြေအနေတွေအရဆိုရင်တော့ မှန်တယ်မထင်ဘူး... ကျိယန် ICUထဲရောက်နေတုန်းက ထန်ထန် ကျိယန်ကို မနားမနေစောင့်နေခဲ့တာကို သူသေသေချာချာမြင်လိုက်ရတယ်... သူမမျက်လုံးထဲမှာ စိုးရိမ်မှုတွေနဲ့ အချစ်တွေနဲ့ ပြည့်နှက်နေတာပဲ....


––––––––––


ထန်ထန် သူမငှားနေသောနေရာကို လမ်းပြလိုက်သည်။ သူမ လူအိုကြီးနှင့် အစောင့်ကိုပင် လဲစီးရန် ဖိနပ်အပါးနှစ်ရံ ထုပ်ပေးလိုက်သည်။ ထို့နောက် ရေနွေးနှစ်ခွက်ငှဲ့ကာ ကမ်းပေးလိုက်သည်။


"အဖိုးက... ခဏနေအနားယူတော့မှာဆိုတော့... အိပ်မပျော်ဖြစ်မှာစိုးလို့ ကျွန်မ လက်ဖက်ရည်မလုပ်ပေးတော့ဘူးနော်..."


အဖိုးကျိက ဘာမှပြန်မပြောဘဲ သူမပေးသော ရေနွေးကိုသာ တစ်ငုံသောက်လိုက်သည်။ ထိုသို့လုပ်ခြင်းကပင် သူမကို မျက်နှာသာပေးသည့်ဟန် ဖြစ်နေသည်။


တုံ့ပြန်သည့်အနေဖြင့် ထန်ထန်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ မူလက သူမ အဘိုးကို အခန်းထဲဝင်၍ အနားယူရန် ပြောလိုက်ချင်သော်လည်း အဘိုးအခုတလော ကောင်းကောင်းမစားဘူးဟု အစောင့်ပြောပြသည်ကို သတိရမိသွားသည်။ သေချာကြည့်လိုက်သောအခါ သူ ယခင်ကထက် အတော်လေး ပိန်ကျသွားကြောင်း သတိပြုမိလိုက်သည်။ သူအတော်လေး အသက်ကြီးသွားပုံပင်ပေါ်နေသည်။ လွန်ခဲ့သည့်ရက်များက လူအိုကြီးက ကျိယန်ကို အတော်လေး စိတ်ပူပေးခဲ့ဟန် ပေါ်လေသည်။


သူမ၏နှလုံးသားလေး ပျော့ပြောင်းသွားခဲ့သည်။ သူ သူမကိုမကြိုက်ကြောင်းသိသော်လည်း ထန်ထန်က မေးကြည့်လိုက်ဆဲဖြစ်သည်။


"အဖိုး ကျွန်မ နေ့လည်က စွပ်ပြုတ်လုပ်ထားတယ်.. နည်းနည်းလောက် သောက်ကြည့်ချင်လားဟင်.... မအိပ်ခင် စွပ်ပြုတ်သောက်ပေးတာက ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ကြားဖူးတယ်...."


အဖိုးက ငြင်းတော့မည့်ဟန် ပြုလိုက်ချိန်တွင် ကျိရှောင်ကျိုးက လွန်ခဲ့သည့်ရက်များအတွင်း သူ၏ ဘိုးဘိုးကြီးက အတော်လေး ခံစားခဲ့ရသည်ဟု သူ၏မာမီပြောခဲ့သည်ကို သတိရသွားခဲ့သည်။ ထို့ကြောင့် သူ၏ဘိုးဘိုးကြီးကို ပြေးဖက်လိုက်ကာ ပြောလိုက်သည်။


"ဘိုးဘိုးကြီး... မာမီလုပ်ထားတဲ့ စွပ်ပြုတ်က အရမ်းအရသာရှိတာနော်... မစားကြည့်ရင် နှမျောစရာကြီးဖြစ်သွားမှာ... ကြည့်ပါဦး ဘိုးဘိုးကြီးအရမ်းကိုပိန်သွားတာ.. ဘိုးဘိုးကြီးမစားရင် မခန့်ညားတော့ပဲ နေမယ်နော်... သားကိုကြည့်လိုက်... သားကအများကြီးစားလို့ အရမ်းချောနေတာလေ... ဘိုးဘိုးကြီး သားလို မချောမောချင်ဘူးလား...."


အဖိုးကျိ သူ၏ငြင်းဆိုမည့် စကားများကို မျိုချလိုက်ရသည်။ သူ၏ လေးလေးနက်နက်အမူအယာကိုပင် ဂရုမစိုက်တော့ပဲ အားပါးတရ ရယ်မောလေတော့သည်။


"ကောင်းပါပြီ... ကောင်းပါပြီကွာ.. ရှောင်ကျိုးလေးလို ချောမောဖို့ ဘိုးဘိုးကြီး စွပ်ပြုတ်သောက်ပါ့မယ်..."


"ဟုတ်ကဲ့ ဘိုးဘိုးကြီး... ဘိုးဘိုးကြီးက အခုကစပြီး ချောသွားတော့မှာ..."


ကျိရှောင်ကျိုး သူ့ဘိုးဘိုးကြီး၏ မျက်နှာကို နမ်းလိုက်ကာ ထန်ထန်ဘက်လှည့်ပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။


ထန်ထန် ပြုံးမိသွားသည်။ သူ့ကို တော်လိုက်တာဟူသော အကြည့်တစ်ချက်ပေး၍ မီးဖိုချောင်ထဲဝင်ပြီး စွပ်ပြုတ်ကို ပြန်နွှေးလိုက်သည်။ ထို့နောက် သူမနေ့လည်က ဝယ်လာခဲ့သော ဟင်းချက်ပစ္စည်းမျိုးစုံကို အကုန်သုံးလိုက်ပြီကို မှတ်မိသွား၍ နှုတ်မြိန်စာဟင်းပွဲနှစ်ခုလုပ်ကာ စွပ်ပြုတ်အိုးနှင့်အတူ အပြင်သို့ မလာခဲ့သည်။


"အဖိုး... ကျွန်မ နောက်ထပ် နှစ်ပန်းကန်လုပ်ထားသေးတယ်... မြည်းကြည့်ပါဦး... ကြိုက်တယ်ဆိုရင် များများစားပေါ့... မကြိုက်ရင်လည်း မစားပါနဲ့ ရပါတယ်..."


အဖိုးကျိ စားပွဲပေါ်ရှိ ဟင်းပွဲများကိုကြည့်ပြီး လှုပ်ပင် မလှုပ်ချေ။ သူစွပ်ပြုတ်ပန်းကန်လုံးကိုသာမ၍ တစ်ငုံသောက်လိုက်သည်။


ထန်ထန် စိတ်ထဲပင်မထားချေ။ သူမ ထမင်းတစ်ပန်းကန်နှင့် တူတစ်စုံကို အစောင့်ထံပေးလိုက်ပြီး အတူစားရန်ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ်.... မင်းအရမ်းကို ယဉ်ကျေးလွန်းနေပြီ... "


အစောင့်က သူ့ဖို့ပါ ခွဲတမ်းလေးရမည်ဟု မထင်ခဲ့ပေ။ သူ မနေနိုင်ပဲ သူမက အလွန်စိတ်သဘောထားပြည့်ဝကြောင်း တွေးလိုက်မိသည်။ သူ ပန်းကန်နှင့် တူကိုယူလိုက်သည်။ လူအိုကြီးက သူ၏တူကို မလှုပ်သဖြင့် ထန်ထန်၏ မာနထိခိုက်သွားမည်ကို စိုးရိမ်ပြီး ဗိုက်မဆာသော်လည်း စတင်၍ စားသောက်လိုက်သည်။


ပထမဆုံးတစ်လုပ်မှာတင် အရသာရှိလွန်ဿး သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုတို့ ဖြတ်ပြေးသွားခဲ့သည်။ ဟင်းပွဲများက လတ်ဆတ်ကာ အလွန်အရသာရှိလှသည်။ ဗိုက်ဆာမနေသူများပင် စားချင်စိတ်မြင့်တက်လာပြီး အမှန်တကယ်စားချင်လာမည်ဖြစ်သည်။ ယခုတွင် သူ၏စားချင်စိတ် အာသီသပင် ပြင်းပြလာတော့သည်။


မမျှော်လင့်ထားစွာဖြင့် ကျိယန်မိန်းမ၏ ဟင်းချက်စွမ်းရည်က အလွန်ကောင်းမွန်လှသည်။ သူမက လုံးဝအသုံးမဝင်သူ မဟုတ်ကြောင်း သိသာလှပေသည်။ ၎င်းက သူတို့ အတိတ်တုန်းက သူမ၏ အသုံးဝင်မှုများကို ရှာမတွေ့ခဲ့ဖူး၍သာဖြစ်သည်။ ထိုအထိသာ စဉ်းစားပြီး သူ့ခေါင်းကိုငုံ့၍ အားပါးတရစားလေတော့သည်။


ထန်ထန် သူတို့ကို မနှောင့်ယှက်ပေ။ ယင်းအစား အိပ်ခန်းထဲဝင်၍ အဘိုးကျိ သက်တောင့်သက်သာအိပ်နိုင်စေရန် အခင်းများလဲနေလိုက်သည်။


"အကြီးအကဲ... ကျွန်တော်ထင်တာတော့ ကျိယန်ရဲ့ အမျိုးသမီးက အတိတ်ကထက်စာရင် အတော်လေး ပြောင်းလဲသွားသလိုပဲ... သူမ အတော်လေး ကောင်းမွန်လာတယ်... ဘာကိုမှ မပြောရင်တောင် သူမရဲ့ ဟင်းချက်စွမ်းရည်က အတော်လေးကို ကောင်းနေတာ..."


ထန်ထန် မရှိသည်ကို အခွင့်ကောင်းယူ၍ အစောင့်က အဘိုးကျိကို ဖျောင်းဖျနေသည်။


အဖိုးကျိ နှာမှုတ်လိုက်သည်။


"ငါ မခံစားမိဘူးများ ထင်နေလား... မင်းတော့ အစားတစ်နပ်နဲ့ ဆွဲဆောင်ခံလိုက်ရတာလား..."


အစောင့်က လူအိုကြီး၏ စကားပြောပုံနှင့် နေသားကျနေပြီဖြစ်သည်။ သူတည်တည်ငြိမ်ငြိမ် ဆက်စားလိုက်ပြီး ပြောလိုက်သည်။


"ဒါ အစားတစ်နပ်လေးပဲ မဟုတ်ဘူး... အကြီးအကဲလည်း သူမ ကျိယန်ပေါ် ဂရုစိုက်ပုံတွေကို မြင်ခဲ့ရတာပဲလေ... သူမ မျက်လုံးတွေ ရဲရဲနီနေပေမဲ့ ထွက်မသွားဘဲ သူ့ဘေးနားမှာ အသေအချာစောင့်ရှောင့်ပေးနေခဲ့တာ.. ဘယ်သာမန်မိန်းမမှ သူမလောက် လုပ်မပေးနိုင်ဘူး...."


"ရက်နည်းနည်းလေးလောက်လေးကို ဒီလောက်လေးမြင်တာနဲ့ မင်းကယုံလိုက်တယ်ပေါ့..."


လူအိုကြီး သူ့ကိုစိုက်ကြည့်လိုက်သည်။


"စစ်မြေပြင်မှာဆိုရင် စပိုင်ကြောင့် လွယ်လွယ်နဲ့ လှည့်စားခံရပြီး သတင်းအချက်အလက်တွေအကုန် ပေါက်ကြားသွားမှာပဲ..."


စစ်မြေပြင်ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် အစောင့်က စကားဆက်မပြောတော့ဘဲ ခေါင်းငုံ့၍ သူ၏ အစားအသောက်ကိုသာ အာရံစိုက်လိုက်တော့သည်။ သို့သော် သူ၏ တူကို  ဟင်းပန်းကန်နားသို့ ရွေ့လျားခါနီးတွင် လူအိုကြီးက ထိုဟင်းပွဲကို အဝေးသို့ ရွှေ့လိုက်သည်။


"မင်း နေ့လည်စာ မစားရသေးတာလားကွ... မင်း အများကြီးစားပြီးပြီလေ... ဒီလိုသာ ဆက်စားနေရင် မင်းကို ဘယ်လိုလုပ် ဆက်ပြီး ထောက်ပံ့နိုင်တော့မှာလဲ..."


"အကြီးအကဲမှ မစားတာ.. ကျွန်တော် အကုန်မစားရင် အလကားဖြစ်ကုန်မှာလေ..."


အစောင့်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ ထပ်နှိုက်ရန် ပြင်လိုက်သော်လည်း သူ၏တူက လေကိုသာ ထိမိလိုက်သည်။


လူအိုကြီးက စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ငါမစားဘူးလို့ ဘယ်သူပြောလဲ... ငါနေ့လည်စာမစားရသေးဘူးကွ..."


သူ သူ၏တူကို ရွေ့လျားကာ စားလိုက်တော့သည်။


အစောင့်က သူ၏တူကို တိတ်တဆိတ်ချလိုက်သည်။ သူ့ကိုယ်သူ မရိုးသားသော ဤလူကြီးကို သူလည်း ဘာမှ မတတ်နိုင်တော့ပေ။ 

သူစားချင်ရင် စားလိုက်ပေါ့... ဘာတွေများ ခက်ခက်ခဲခဲ လုပ်နေရသေးတာလဲ....


––––––––––––


ထန်ထန် အိပ်ရာပြင်ပြီးချိန်တွင် အဖိုးကို သွားခေါ်ရန် ပြင်လိုက်သော်လည်း ဟင်းပွဲအားလုံး ပြောင်သလင်းခါနေကြောင်း တွေ့လိုက်ရသည်။ အဖိုးကျိ၏ ထမင်းပန်းကန်ပင် ပြောင်ရှင်းနေသည်။ သူမ အစောင့်ကို သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။


ဒီအစောင့်က အတော်လေး စားနိုင်သားပဲ...


ထန်ထန့် မျက်လုံးများထဲမှ အဓိပ္ပါယ်ကိုတွေ့လိုက်သောအခါ အစောင့်၏ စိတ်ထဲတွင် ခါးသီးသွားရသော်လည်း သူ့ကိုယ်သူမရှင်းပြနိုင်သလို လူအိုကြီး၏ မာနကိုလည်း ထိပါး၍မရချေ။


ထန်ထန် လူအိုကြီးကိုပြောလိုက်သည်။


"အဖိုး... ကျွန်မ အိပ်ရာပြင်ပေးပြီးပြီ... အဘိုး အခုပဲ အနားယူလို့ရပြီ... ကလေးနှစ်ယောက်ကိုလည်း အဘိုးနဲ့အတူ အိပ်ခိုင်းလို့ရမလား..."


လူအိုကြီး လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။ သူ မတ်တတ်ရပ်ကာ အိပ်ခန်းထဲသို့ တည့်တည့်လျှောက်သွားလိုက်တော့သည်။


ထန်ထန် ကလေးနှစ်ယောက်ကို သူနှင့်အတူ  အိပ်ခန်းထဲ လိုက်သွားရန် အမူအယာပြလိုက်သည်။ 


"သားတို့နှစ်ယောက် ဘိုးဘိုးကြီးနဲ့အတူ နေ့ခင်းတရေးအိပ်ရမယ် အိုကေလား..."


ကျိရှောင်ကျိုးက မငြင်းဆန်ပေ။ သူ၏ ဘောင်းဘီ၊ အပေါ်ထပ် အင်္ကျီနှင့် ဖိနပ်များကို ချွတ်၍ ကုတင်ပေါ်ကို အလင်းအလျှင်နှင့် တက်သွားလိုက်သည်။ သူစောင်ကို ဆွဲမလိုက်ပြီး အဘိုးကျိ၏ ဘယ်ဘက်တွင် လှဲလိုက်သည်။ သူ့ ဘိုးဘိုးကြီး၏ လက်ကိုကိုင်ကာ ကလေးတစ်ယောက်ကို ချော့သိပ်နေသည့်အတိုင်း ပြောလိုက်သည်။


"ဘိုးဘိုးကြီး... သား ဘိုးဘိုးကြီးနဲ့ အတူ လာအိပ်ပေးပြီနော်...."


မျက်နှာတည်တင်းနေသော ဘိုးဘိုးကျိတစ်ယောက် မပြုံးပဲ မနေနိုင်တော့ချေ။ သူ အလွန်အမင်းပြုံးလိုက်ကာ သူ၏တွ့န့်ခေါက်နေသော ပါးရည်များပင် လှုပ်ခါသွားတော့သည်။ သူ အသေးလေး၏ ခေါင်းကိုထိကာ ပြန်ပြောလိုက်သည်။


"ကောင်းပါပြီကွာ... မင်းက ဘိုးဘိုးကြီးနဲ့ အတူတူအိပ်ပေးတာပါ..."


ကျိရှောင်ကျိုး ခေါင်းထောင်လိုက်ကာ ယခုအထိ ရပ်နေသော ဝမ်နောင်ကို တိုက်တွန်းလိုက်သည်။


"ဒီကို မြန်မြန်လာလေ နောင်နောင်ရဲ့... ဘိုးဘိုးကြီးနဲ့ အတူတူအိပ်ကြရအောင်လေ..."


ရိုးရိုးသားသားပြောရလျှင် နောင်နောင် ဤကြောက်စရာကောင်းသော မျက်နှာဖြင့် ဖိုးဖိုးကို ကြောက်နေသေးပေသည်။ သို့သော် သူမက ကျိရှောင်ကျိုးပြောသည်ကို အမြဲတမ်းနားထောင်သည်ဖြစ်ရာ ဖိနပ်ချွတ်၍ ကုတင်ပေါ်တက်လိုက်သည်။ သို့သော် သူမ အဘိုးကျိ၏ ညာဘက်တွင် သွားမလှဲရဲ၍ ကျိရှောင်ကျိုးဘေးတွင် လှဲလိုက်ကာ နာနာခံခံဖြင့် မျက်လုံး မှိတ်လိုက်သည်။


ကျိရှောင်ကျိုး စိတ်ကျေနပ်သွားပြီး သူမနှင့် အဘိုးကျိတို့၏ လက်ကိုကိုင်ကာ ပြောလိုက်သည်။


"ဘိုးဘိုးကြီးလည်း မျက်လုံးမှိတ်တော့လေ.. အခုပဲ စအိပ်ကြရအောင်..."


အဘိုးကျိလည်း ကျိရှောင်ကျိုးပြောသည့်အတိုင်း မျက်လုံးမှိတ်လိုက်တော့သည်။ သူ အရမ်းကို နာခံမှုရှိနေသည်။


ထန်ထန် ရုတ်တရက်ကြီး "အရာရာတိုင်းတွင် အားနည်းချက်ရှိသည်"ဟူသော စာကြောင်းကို သတိရမိသွားသည်။


တံခါးကို အသာအယာပိတ်လိုက်ပြီး ထန်ထန် ဧည့်ခန်းထဲတွင်ရှိနေသော အစောင့်ကို ပြောလိုက်သည်။


"အဘိုးနဲ့ ကလေးတွေ အိပ်နေကြပြီ... ကျေးဇူးပြုပြီးတော့ သူတို့ကို ကြည့်ပေးထားနိုင်မလား... ကျွန်မ ဆေးရုံကိုသွားပြီး ကျိယန်ကို ကြည့်ချင်လို့..."


"အခုပဲ သွားတော့မှာလား...."


အစောင့်က တုံ့ဆိုင်းသွားသည်။ သူ ထန်ထန်၏ မျက်လုံးလေးများ ရဲနေသည်ကို တွေ့လိုက်သောအခါ မနေနိုင်တော့ပဲ အကြံပေးလိုက်မိသည်။


"မင်းလည်း နားသင့်တယ်... ကျိယန်ကို သွားကြည့်မယ့်အစား ကောင်းကောင်းလေး အနားယူလိုက်ပါ... ဆေးရုံမှာရှိနေရင် ဘာပြဿနာမှမရှိပါဘူး... ဒါမှမဟုတ်လည်း ဖုန်းခေါ်လို့ရတယ်လေ..."


ထန်ထန် ခေါင်းခါလိုက်ပြီး သူမ ဖုန်းနံပါတ်ကို ချရေးပေးလိုက်သည်။


"ကျွန်မ အိပ်ပျော်မှာ မဟုတ်ဘူး.... ကျိယန်ကို သွားမကြည့်ရရင် အတော်လေး စိုးရိမ်နေမိလိမ့်မယ်.... ရှင့်ကို ဒီမှာနေဖို့ ဒုက္ခပေးရဦးမယ်... တစ်ခုခုဖြစ်ရင် ကျွန်မကို ဖုန်းခေါ်ပေးပါ..."


"ကောင်းပြီလေ.."


သူမ၏ အတော်လေးစိုးရိမ်နေမှုကို မြင်ရ၍ သူမကို အတင်းနေခိုင်းလျှင်ပင် အိပ်ပျော်မည်မဟုတ်ကြောင်း သိလိုက်ပေသည်။


ကလေးများကို ကြည့်ပေးမည့် လူတစ်ယောက်ရှိနေ၍ ထန်ထန် စိတ်သက်သာရာရသွားသည်။ သူမ ဆေးရုံကို မြန်မြန်လေး ပြန်သွားလိုက်သည်။ လူနာဆောင်က အတော်လေး တိတ်ဆိတ်နေပြီး ကျိရန်ရော စွန်းရီပါ အိပ်ပျော်နေပုံရသည်။


ထန်ထန် ကျိယန်ဘေးသို့ ငြင်ငြင်သာသာဖြင့် ခပ်မြန်မြန်လေး သွားလိုက်သည်။ သူ နှစ်နှစ် ချိုက်ချိုက်အိပ်ပျော်နေသည်ကို မြင်သောအခါ ပြုံးမိလိုက်ပြီး သူ့နှဖူးလေးကို ထိလိုက်သည်။ ထို့နောက် စောင်ကိုလှန်ကာ သူ့ရင်ဘတ်ရှိ ဒဏ်ရာကို ကြည့်လိုက်သည်။ အရာအားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးမှ ထိုင်ခုံတစ်ခုဆွဲယူ၍ ထိုင်လိုက်သည်။ သူမ မေးထောက်၍ သူ့ကိုကြည့်နေလိုက်သည်။


သို့သော် ခဏအကြာတွင် သူမ မနေနိုင်တော့ဘဲ သူ၏ ပါးပြင်ကို ထိလိုက်သည်။ သူ့ပါးပြင်မှ အနွေးဓာတ်ကို ခံစားလိုက်ရ၍ သူ၏လည်ပင်းကို ထိကာ သွေးခုန်နှုန်းစမ်းလိုက်သည်။


ထိုအချိန်မှ သူ အသက်ရှင်နေသေးပြီး အရာအားလုံးက အိပ်မက်မဟုတ်ကြောင်း လက်ခံနိုင်လိုက်ပေသည်။


ရုတ်တရက် သူမမျက်လုံးမှ မျက်ရည်များ စီးကျလာသည်။ သူမ မျက်ရည်များကို မသုတ်ချင်တော့ပေ။ ယခု သူမကို မည်သူမှမမြင်သဖြင့် သူမရင်ထဲရှိ အကြောက်တရားများအားလုံး ပွင့်အန်ထွက်လာတော့သည်။ သူမ တင်းခံထားသော မျက်ရည်များက တာကျိုးသလို စီးကျလာပေသည်။


သူ မစ်ရှင်ကြောင့် ထွက်သွားရချိန်က သူမနေ့တိုင်း စိုးရိမ်ပူပန်ခဲ့ရသည်။ သူ အိမ်မြန်မြန်ပြန်ရောက်လာပါစေဟု ဆုမတောင်းသောနေ့ တစ်ရက်မှ မရှိခဲ့ပေ။ သို့သော် မထင်မှတ်ထားစွာဖြင့် သူက သေလုမျောပါး အခြေအနေဖြင့် ပြန်ရောက်လာခဲ့သည်။ သူ လူနာကုတင်ပေါ် ရောက်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏နာကျင်မှုကို မည်သူမှ နားလည်နိုင်မည်မဟုတ်ချေ။ ၎င်းက သူမ၏ နှလုံးကွဲကြေမတတ် နာကျင်ခြင်းကို ခံစားဖူးသော ပထမဆုံးအကြိမ်ဖြစ်သည်။


သူ ကိုမာဝင်နေသော သုံးရက်တွင် သူမ မျက်လုံးမှိတ်လိုက်တိုင်း သူ့ကိုသာအိပ်မက် မက်မိသည်။ သူနိုးလာပြီး အိပ်မက်ဆိုးမှ လွတ်မြောက်သွားပြီဟု လာပြောလာသည်။ ထို့နောက် သူပြန်လည်သက်သာလာပြီး ကျန်းမာလာသည်။ သူမပျော်ရွှင်စွာ သူ့ကို လှမ်းကိုင်လိုက်ချိန်တိုင်း သူမနိုးထလာကာ အရာရာတိုင်းက အိပ်မက်မက်နေကြောင်း သိရပြန်သည်။ ထိုအချိန် သူက ICU ထဲတွင် လှဲလျောင်းနေလေသည်။


ထိုကဲ့သို့သော စိတ်အားငယ်စရာကိစ္စက သူမကို ကြောက်ရွံ့စေသည်။ သူမ ကြောက်လွန်း၍ အိပ်ပင် မအိပ်ရဲတော့ချေ။ သူအမှန်တကယ် နိုးလာသည်ကိုပင် အိပ်မက်ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။ သူမ နိုးလာသည်နှင့် ကျိယန်က ကိုမာဖြစ်နေဆဲဖြစ်မည်ကို ကြောက်ရွံ့မိပေသည်။


သို့သော် ယခုတွင် သူမ အတည်ပြုလိုက်ရပြီဖြစ်သည်။


သူအရာရာတိုင်း အဆင်ပြေနေပေသည်။


"မင်းဘာလို့ ငိုနေတာလဲ...."


ကြီးမားနွေးထွေးသည့် လက်တစ်ဖက်က သူမ၏ မျက်ရည်များ စိုရွှဲနေသော မျက်နှာကို ထိလိုက်ပြီး သူမအာရုံပြန်ရသွားခဲ့သည်။ သူ နိုးလာသည်ကို သိလိုက်သောအခါ မျက်ရည်များကို သုတ်လိုက်သော်လည်း ချက်ချင်း ခြောက်မသွားစေခဲ့ပေ။ သူမ မတ်တတ်ရပ်ကာ သန့်စင်ခန်းသို့ ပြေးရန် ပြင်လိုက်သည်။


သူမ၏ ဤပုံစံကို သူ့ကို မမြင်စေချင်ပေ။


"ထန်ထန် ပြန်လာခဲ့ပါ..."


ကျိယန်၏ အသံက အလွန်နူးညံ့ကာ ငြင်သာနေသည်။


ထန်ထန် ခြေလှမ်းများကို ရပ်လိုက်သည်။ ခဏမျှတုံ့ဆိုင်းပြီးနောက်တွင် သူ့အနားသို့ ပြန်သွားကာ ခေါင်းငုံ့နေလိုက်သည်။ သူမ သူ့ကို မကြည့်ရဲပေ။


ကျိယန် သက်ပြင်းချကာ သူမလက်ကလေးကိုကိုင်ပြီး နူးနူးညံ့ညံ့ကိုင်ပေးထားသည်။ သူ၏ အသံက အလွန်နူးညံ့ပြီး သူမကို ချော့မြူနေသည့်ပုံ ပေါက်နေသည်။

"မင်း မျက်နှာလေးကို မော့ပေးလို့ရမလား... ကိုယ် မင်းကို ကြည့်ချင်တယ်..."


ထန်ထန် ခေါင်းခါလိုက်ချင်သော်လည်း သူ့ကို မငြင်းဆန်ရဲခဲ့ပေ။ အိပ်နေသော စွန်းရီကို တစ်ချက်ကြည့်ပြီးနောက်တွင် သူမသူ့အနားကို ပိုမိုတိုးကပ်လိုက်ပြီး ခေါင်းမော့လိုက်သည်။


ကျိယန် သူ့လက်ကို သူမခေါင်းအနောက်ဘက်ကို အုပ်ကိုင်လိုက်သည်။ ထို့နောက်အားအချို့သုံး၍ သူမမျက်နှာကို ရှေ့တိုးလိုက်ရာ အချင်းချင်း၏ အသက်ရှုသံကိုပင် ခံစား၍ ရနေပေသည်။ သူ သူမမျက်နှာလေးကို နမ်းလိုက်ပြီး ကျန်နေသည့် မျက်ရည်အကြွင်းအကျန်များကို ဖယ်ရှားပေးလိုက်ကာ ငြင်ငြင်သာသာပြောလိုက်သည်။


"ကိုယ့်အမှားပါ... ကိုယ်မင်းကို စိတ်မကောင်းဖြစ်အောင် မလုပ်ခဲ့သင့်ဘူး... နောက်တစ်ခေါက်ကြရင် ကိုယ့်ကိုကိုယ် အသေအချာဂရုစိုက်ပြီး အထိအခိုက်မရှိ ပြန်လာခဲ့ပါ့မယ်... ထပ်မငိုနဲ့တော့နော် ဟုတ်ပြီလား...."


ထန်ထန် နှာရှုတ်လိုက်ပြီး ထပ်မံငိုကြွေးလာသည်။ သူမ မကျေမနပ်ဖြင့် ပွစိပွစိပြောလာသည်။


"ကျွန်မ ရှင်ပြန်နိုးမလာတော့မှာ ကြောက်နေခဲ့တာ...."


"အဲ့လိုဖြစ်လာစရာလား... မင်းတို့အကုန်လုံး ရောက်နေမှတော့ ကိုယ်က နိုးမလာပဲ နေလို့ရမလားကွာ... ကြည့်လိုက်လေ ကိုယ်နိုးနေပြီမဟုတ်လား... လိမ္မာတယ် မငိုနဲ့တော့နော်...."


ဒီတစ်ခေါက် သူမ အတော်လေး ကြောက်သွားမည်ဖြစ်ကြောင်း ကျိယန်သိပေသည်။ သူမကိုယ်သူမ တည်ငြိမ်အောင် ဖိအားပေး၍ နေပြီး မည်သူမှ မရှိတော့မှသာ ငိုရဲခဲ့ပေသည်။ သို့သော် ငိုလိုက်ခြင်းက ကောင်းပေသည်။ သူမ ငိုလိုက်ပြီဖြစ်၍ အရာတိုင်း အဆင်ပြေသွားပြီဖြစ်သည်။


"အင်း... ကျွန်မ မငိုတော့ဘူး..."


ထန်ထန် အတင်းအကျပ်ခေါင်းငြိမ့်ပြလိုက်သည်။ သူမ ငိုပြီးနောက် ပိုမိုပေါ့ပါးသွားကြောင်း ခံစားလိုက်ရသည်။ သူမရင်ထဲရှိ အကြောက်တရားနှင့် စိုးရိမ်မှုများအားလုံး ပျောက်ကွယ်သွားတော့သည်။


သူမ ဆက်မငိုတော့ကြောင်း မြင်လိုက်သောအခါ တင်းကြပ်နေသော ကျိယန်နှလုံးသား ပြေလျော့သွားတော့သည်။ သူမ၏ မျက်လုံးများက ယုန်တစ်ကောင်နှယ် နီရဲနေသည်။ သူ သူမကို တကယ်နမ်းချင်လာသည်။ သူ စဉ်းစားလိုက်မိသည်နှင့် သူမ၏ ခေါင်းအနောက်ဘက်ကို အုပ်ကိုင်ကာ သူမကို နီးကပ်အောင်ဆွဲယူလိုက်ပြီး သူတို့၏ နှုတ်ခမ်းများ ထိသွားခဲ့သည်။


ထန်ထန် မျက်လုံးပြူးသွားတော့သည်။ သူ ဘာလုပ်လိုက်မှန်း သတိဝင်သွားသောအခါ ချက်ချင်း နောက်ပြန်ဆုတ်ရန် ကြိုးစားပြီး ရုန်းကန်လိုက်သည်။


မရဘူး... မရဘူး... ဒီမှာ အခြားတစ်ယောက်ရှိသေးတယ်လေ... သူတို့ ဘယ်လိုလုပ် ဒီလိုလုပ်ရမှာလဲ...


ကျိယန် သူမကို နောက်ဆုတ်ခွင့် မပေးပေ။

 သူ သူမကိုဖမ်းမိပြီးမှတော့ ဘယ်လိုလုပ် ပြန်လွှတ်ပေးရမှာလဲ.. 

ကောင်းကင်ဘုံသာ သူ သူမကိုမည်မျှချစ်ကြောင်း နှင့် မည်မျှချစ်ပေးချင်ကြောင်း သိပေလိမ့်မည်။ ယခုတွင် သင့်တော်သော တည်နေရာသာ ဟုတ်မနေလျှင် သူမကို သူ့အပေါ် တင်လိုက်သည်မှာ ကြာပြီဖြစ်သည်။


သို့သော် သူ၏ စိတ်ဆန္ဒများကို နမ်းရုံဖြင့်သာ ဖြေဖျောက်နေရသည်။


"မလှုပ်နဲ့.... ကိုယ်မင်းကို အများကြီးလွမ်းနေခဲ့တာ... နမ်းခွင့်ပေးပါဦး...."


ကျိယန်က ထန်ထန်ကို လေသံလေးဖြင့် ပြောလိုကိသည်။ ပုံမှန်တွင် ပြုံးခဲရယ်ခဲကာ စကားပြောခဲသော လူတစ်ယောက် ဤကဲ့သို့ အကြင်နာစကားများပြောသောအခါ သာမန်ထက် ပိုမို၍ ဆွဲဆောင်မှုမြင့်မားပေသည်။ ထန်ထန် ချက်ချင်း ရှက်သွေးဖြာသွားပြီး ရုန်းကန်နေသည်ကို ရပ်လိုက်သည်။


ထိုသည်ကို အခွင့်အရေးယူ၍ ကျိယန်က သူ၏လျှာကို သူမ၏ အာခံတွင်းထဲထည့်၍ မွှေနှောက်လိုက်သည်။ သူ စိတ်ကျေနပ်အောင် စုပ်ယူ နမ်းရှိုက်ပြီးမှ လွှတ်ပေးလိုက်တော့သည်။ သူတို့၏ မျက်နှာများက နီရဲနေကာ နှလုံးခုန်နှုန်းများက လျှင်မြန်လာသည်။ သို့သော် သူ၏ ခွန်အားကို ထိန်းချုပ်ထား၍ ဤအကြိမ်တွင် မည်သည့် ရှက်ဖွယ်လိလိအသံမှ ထွက်မလာခဲ့ပေ။ မည်သူမှ သူတို့ကို မကြားခဲ့ချေ။


ပုံမှန်အားဖြင့် ထန်ထန်က ကျိယန်ကို ဤကဲ့သို့ ကိစ္စမျိုး၌ မခုခံနိုင်ပေ။ နှစ်စက္ကန့်မျှအကြာတွင် သူမခန္ဓာကိုယ် ပျော့ခွေသွားကာ သူအပေါ် မှီလိုက်ပြီး သူစိတ်ကျေနပ်အောင် လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်သည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်တို့ဝိုင်းလာသည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ မငိုခဲ့ပေ။


ကျိယန် သူမကို အကြာကြီး မနမ်းပဲ လွှတ်ပေးလိုက်သည်။ သူမကို လွှတ်ပေးလိုက်သောအခါ လျှင်မြန်စွာ မတ်တတ်ရပ်လိုက်သည်။ မျက်နှာတင်းတင်းဖြင့် စွန်းရီဘက်ကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ သူ အိပ်နေကြောင်း မြင်လိုက်မှ စိတ်သက်သာရာ ရသွားပြီး သူမရင်ဘတ်ကို ပုတ်လိုက်သည်။


ဘယ်သူမှ မမြင်သွားတာ ကံကောင်းတာပဲ... မဟုတ်ရင် အတော်လေး ရှက်သွားမိမှာ....


ကျိယန်တစ်ယောက် တစ်စုံတစ်ခုခိုးထားဟန် ခိုးကြောင်ခိုးဝှက်ပုံပေါ်နေသော သူမကိုကြည့်ပြီး ပြုံးလိုက်မိသည်။ သူ၏ မိန်းမက အလွန်ချစ်စဖွယ်ကောင်းလှသည်။ သူမသာ စွန်းရီ အချိန်အတော်ကြာကတည်းက နိုးနေမှန်းသိလျှင် ရှက်လွန်း၍ ပုန်းနေမလား သိချင်သွားသည်။


ထိုအချိန်တွင် နိုးနေပြီဖြစ်သော်လည်း မျက်လုံးဖွင့်၍မရဘဲ အိပ်ချင်ယောင်ဆောင်နေရသော စွန်းရီတစ်ယောက် ရင်ထဲတွင် ခါးခါးသီးသီးငိုနေပြီဖြစ်သည်။


သူမှာ ဘယ်လိုဘဝရှိနေရတာလဲ... သူ ဒဏ်ရာသွားပေမဲ့ သူ့နှလုံးသားကို ဆက်တိုက်ခိုက်နေကြတုန်းပဲ....


ရုတ်တရက်ကြီး သူ ရည်းစားလိုချင်သွားသည်။


နောက်တစ်ကြိမ် သူ့အမေ သူ့ကို ကောင်မလေးတစ်ယောက်နှင့် မိတ်ဆက်ပေးလျှင် သွားတွေ့တော့မည်ဖြစ်သည်။