အပိုင်း (၆၅)
Viewers 12k

Part 65


ကျိယန်က ထန်ထန့်အမူအရာကြောင့် သဘောကျကာ ပြုံးရယ်နေခဲ့သည်။ 


"ရှင် ခုထိ ရယ်နေတုန်းပဲ..." 


ထန်ထန် ခြေဆောင့်လိုက်သည်။ သူမက သူ ဆိုးဆိုးရွားရွား လုံးဝ ပြောင်းလဲသွားသည်ဟု တွေးနေခဲ့သည်။ ပုံမှန်အားဖြင့် သူက တည်ငြိမ်ပြီး အေးစက်သည်။ ကလေးများက သူ့ကို မြင်လျှင် ကြောက်ရွံ့ကြပေလိမ့်မည်။ သူ့ လက်အောက်ငယ်သားများကပင် သူ့ကို ကြောက်ရွံ့ကြသော်လည်း ယခုအချိန်၌ သူက သိသိသာသာကို မကောင်းသည့်လူတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။

  

"အိုခေ.. အိုခေ.. ကောင်းပြီ.. ကိုယ် အခု မရယ်တော့ပါဘူး... လေးလေးနက်နက် စကားပြောကြရအောင်.. ဒီမှာ လာထိုင်..." 


သူက ဆက်ပြီး စနောက်နေလျှင် သူမက အမှန်တကယ် ဒေါသထွက်လာတော့မည်မို့ ကျိယန်က အလျင်အမြန် သူမအား ချော့မော့ပြောဆိုလိုက်သည်။ 


ထန်ထန်က မကျေမနပ် ရေရွတ်လိုက်သည်။ သူမက နှာခေါင်းရှုံ့လိုက်ပြီး ထိုင်ခုံပေါ်၌ ထိုင်ချလိုက်သည်။ သူမက တစ်ခုခု ထပ်ဖြစ်မှာစိုးသည့်အတွက် အိပ်ရာပေါ်တွင် မထိုင်ရန် ဆုံးဖြတ်လိုက်၏။ 


ကျိယန်က သူမကို ဆက် မစနောက်ရဲတော့တာကြောင့် သူက သူမလက်ကို ဆွဲကာ မေးလိုက်သည်။ 


"ဘာလို့ ဒီမှာ ရှိနေတာလဲ... ကလေးတွေကရော..."


ထန်ထန်က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် တိုးသက်စွာ ပြန်ဖြေလိုက်သည်။ 


"ကလေးတွေက အိမ်မှာ တရေးအိပ်နေတယ်.. ကျွန်မ ရှင့်ကို စိတ်ပူလို့ လာခဲ့တာ..." 


ကျိယန်က မျက်ခုံးပင့်လိုက်သည်။ သူက ထန်ထန် သူ့ကို တစ်ခုခု ဖုံးကွယ်ထားကြောင်း တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်ပေသည်။ ထန်ထန်၏ ပုံမှန်အပြုအမူများအရ သူမက မည်သည့်အခါမှ ကလေးတွေကို အိမ်မှာ ချန်ထားခဲ့ရန် စိတ်ချနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အိမ်မှာ ကလေးတွေကို စောင့်ရှောက်ပေးမည့် တစ်စုံတစ်ယောက် ရောက်နေခြင်း ဖြစ်ရပေမည်။ သို့သော် ထိုသူက မည်သူဖြစ်သည့်အတွက် သူမက သူ့ကိက ရိုးရှင်းစွာ ပြောမပြနိုင်ရသနည်း။ 

  

"ထန်ထန်.. အိမ်မှာ တစ်ယောက်ယောက် ရှိနေတာလား..." 


သူမက နှလုံးသားထဲက သက်ပြင်းချလိုက်သည်။ ထန်ထန်က သူ့ကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သိရှိပေသည်။ သူမက မသိလိုက်ဘဲ ကျိရှောင်ကျိုး စိုးရိမ်ပူပန်လာတိုင်း လုပ်တတ်သလို လက်ချောင်းလေးများကို လိမ်ရင်း အပြစ်ရှိစိတ်ကလေးနှင့် ပြန်ဖြေလိုက်သည်။ 


"ကျွန်... ကျွန်မ အိမ်ကို ပြန်တော့ အဖိုးနဲ့ တွေ့တာကြောင့်..." 


ကျိယန်က ကြောင်အသွားခဲ့သည်။ သူက ထိုသို့သော အဖြေကို ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ 


ထန်ထန်က သူနှင့် အဖိုးကျိကြား၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို မသိသလို သူကလည်း ပြောပြခဲ့ဖူးခြင်း မရှိချေ။ သူ မည်သည့်စကားမှ မပြောသည်ကို မြင်သည့်အခါ သူမက သူ့အမူအရာကို အကဲခတ်နေရင်း မရေမရာ ရှင်းပြလာသည်။ 


"ရှင် A&E မှာ ရှိနေတုန်းက အဘိုးရောက်လာတယ်... သူက ရှင် အသက်အန္တရာယ်ကနေ ကျော်နိုင်မှ ထွက်သွားခဲ့တာ... ဒါပေမယ့် သူက နေ့တိုင်း မနက်စောစော ရှင့်ကို ကြည့်ဖို့ လာတတ်တယ်... သူက ကောင်းကောင်းလည်း မအိပ်နိုင် မစားနိုင်တာကြောင့် အလေးချိန်တောင် အများကြီးကျသွားတယ်... ကျွန်မ ရှောင်ကျိုးကို ပြန်ခေါ်လာတုန်း အဘိုးရဲ့ ကားကို မြင်လိုက်ရတယ်.. သူက အဲဒီထဲမှာ အနားယူနေတာ... သက်တော်စောင့်က ပြောတော့ သူက အိမ်မပြန်ချင်ဘူးတဲ့... လူကြီးတစ်ယောက်ကို အဲဒီလိုကြီးမမြင်ချင်တာကြောင့် ကျွန်မ သူ့ကို အစားအသောက်လည်း ကျွေးရင်း အနားယူလို့ရအောင် အိမ်ခေါ်သွားခဲ့တာ..."


ကျိယန်၏ မျက်နှာက မည်သည့်အမူအရာမှ မရှိသလို သူက စကားလည်း မပြောပေ။ ထို့ကြောင့် ထန်ထန်သည် သူ မည်သည့်အရာကို တွေးနေကြောင်း မခန့်မှန်းနိုင်ပေ။ ရုတ်တရက် သူမက စိုးရိမ်ပူပန်သလို ခံစားလာရပြီး ကျိယန်၏ လက်ချောင်းလေးများကို တို့ထိရင်း မေးလိုက်သည်။ 


"ယောက်ျား.. ကျွန်မ အမှားလုပ်မိတာလား... အဲဒီလိုကြီး တိတ်မနေနဲ့လေ... ကျွန်မ တစ်ခုခုအမှားလုပ်မိရင် ရှင် ပြောပြဖို့ လိုတယ်လေ..." 


ကျိယန်က နှုတ်ခမ်းများကို သပ်ရင်း ခေါင်းယမ်းလိုက်သည်။


"မဟုတ်ဘူး... မင်း လုပ်တာ မမှားပါဘူး... အဖိုး ဒီမှာ ရောက်နေမယ်လို့ မထင်ထားမိလို့ပါ..." 


သူက အမှန်တကယ် ဒေါသထွက်နေခြင်း မဟုတ်ကြောင်း မြင်သည့်အခါ ထန်ထန်က တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလိုက်သည်။ 


"အဖိုးက ဒီကို အမြဲလာတယ်... သူ့ကို ဘယ်သူပဲ ဖျောင်းဖျ ဖျောင်းဖျ မပြန်ဘူး... ယောက်ျား ကျွန်မ ထင်တာတော့ အဖိုးက ရှင့်ကို တကယ် ဂရုစိုက်တာပါ..." 


ကျိယန်၏ နှုတ်ခမ်းများက ပို၍ တင်းတင်းစေ့သွားခဲ့သည်။ သူက အချိန်အကြာကြီး စကားမပြောခဲ့ဘဲ သူ့မျက်လုံးများမှ ခံစားချက်တို့ကို ဖမ်းဆုပ်ရန် ခက်ခဲပေသည်။ 


ထန်ထန်က သူ စကားမပြောတော့ဟု တွေးလိုက်မိစဉ် သူက ရုတ်တရက် ပြောလိုက်သည်။


 "ထန်ထန်.. အဖိုးကို ဒီည လူနာဆောင် လာခဲ့ဖို့ ပြောလိုက်..." 


"အာ.." ထန်ထန်က အံ့အားသင့်သွားသည်။ 


"ယောက်ျား.. ရှင် ပြောတာ အဖိုးကို ရှင့်ဆီ လာလည်ဖို့လား..." 


"အင်း.."


 ကျိယန်က ခပ်တိုးတိုး ပြန်ဖြေခဲ့သည်။ သူက သူမ လက်လေးကို ခပ်ဖွဖွ နှိပ်ပေးရင်း ပြောလိုက်သည်။ 


"သူ့ကို လာဖို့ ပြောလိုက်... အဖိုးက ရှောင်ကျိုးကို ချစ်တာပဲ.. သူ သေချာပေါက်လာလိမ့်မယ်..." 


ထန်ထန်က အံ့သြသွား၏။


 "ယောက်ျား... ရှောင်ကျိုး အောင်မြင်မယ်လို့ ရှင်ဘယ်လိုသိလဲ... ရှောင်ကျိုး ပြောတာတော့..." 


ရှောင်ကျိုးက သူနဲ့ သူ့အဘိုး တစ်ခါတစ်လေ တွေ့တာကို သူ့ဒယ်ဒီ မသိဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ သူက သူမကို လျှို့ဝှက်ထားပေးရန်ပင် ပြောခဲ့သေးသည်။ 

  

'ဘာတွေ ဖြစ်ကုန်တာလဲ။'


ကျိယန်က နူးညံ့စွာ ရယ်မောလိုက်သည်။ 


"အဲဒီကလေးက သူနဲ့ သူ့အဘိုးတွေ့တာကို ကိုယ်မသိတာမို့ လျှို့ဝှက်ထားပေးဖို့ ပြောခဲ့တာလား...."


ထန်ထန်က မျက်တောင်ခတ်လိုက်သည်။ သူ မည်သို့ သိသွားရသနည်း။ 


ကျိယန်သည် ကျိရှောင်ကျိုး သူ့ကို တစ်ခုခု ဖုံးကွယ်ရန် ကြိုးစားတိုင်း မည်သို့ ကြည့်လာသည်ကို အမှတ်ရမိသည့်အခါ ရယ်စရာကောင်းသည်ဟု တွေးမိလိုက်သည်။ 


"ရိုးရိုးသားသား ပြောရရင် သူနဲ့ သူ့အဘိုး တိတ်တိတ်လေးတွေ့ကြတာ ကိုယ် သိတယ်... အဲဒီကလေးက သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားနိုင်တယ် ထင်နေတာ... ဒါပေမယ့် သူ့ပါးစပ်ကနေ KFC အနံ့ ခဏခဏ ရနေတာတောင် သူက ကိုယ့်ကို ဖုံးကွယ်ထားချင်တုန်းပဲ... အရူးတောင် ခန့်မှန်းနိုင်မယ့်ကိစ္စကို ကိုယ် မသိချင်ယောင်ဆောင်နေတာပဲ ရှိတယ်..." 

  

ယခုမှ ထန်ထန်သည် အသေးလေးက သူ့ကိုယ်သူ မည်သို့ ဖော်ထုတ်မိကြောင်း သိလိုက်ရပေသည်။ မြေခွေးလေးက သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားနိုင်သည်ဟု ထင်နေစဉ် မြေခွေးကြီးက အားလုံး သိနေကာ မသိဟန်ဆောင်ထားခြင်းသာ ဖြစ်လေသည်။ ကြည့်ရသည်မှာ မြေခွေးလေးက အတွေ့အကြုံ နည်းပါးနေဆဲမို့ ဖြစ်ဟန်တူပေသည်။


သို့သော် ထန်ထန် နားမလည်နိုင်သည့် ကိစ္စရှိနေဆဲပင်။


 "ယောက်ျား... ရှင်က အဖိုးနဲ့ ရှောင်ကျိုး တွေ့တာကို မကန့်ကွက်ခဲ့ဘူး... ဒါပေမယ့် ဘာလို့ ရှင်နဲ့ အဖိုးရဲ့ ဆက်ဆံရေးက အခုလိုဖြစ်နေရတာလဲ... ကျွန်မ တကယ် နားမလည်ဘူး..." 


"အဲဒါက ဇာတ်လမ်းရှည်ကြီးပဲ.." ကျိယန်က သက်ပြင်းချလိုက်သည်။ 


"အိမ်ပြန်ရောက်တဲ့အခါကျ ပြောပြမယ်..." 


"ကောင်းပါပြီ... နောက်ကျမှ ပြောကြတာပေါ့..." 


ထန်ထန်က ဤနေရာသည် ကိုယ်ရေးကိုယ်တာကိစ္စများ ပြောဆိုရန် ကောင်းမွန်သော နေရာတစ်ခု မဟုတ်ကြောင်း သိရှိပေသည်။ ထို့နောက် သူမက လက်ရှိ အရေးကြီးသော ခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။


 "ယောက်ျား... ကျွန်မ အဖိုးကို လာဖို့ ပြောလိုက်မယ်... ဒါပေမယ့် အဖိုးလာတဲ့အခါကျ ရှင် အရင် သူ့ကို နှုတ်ဆက်ဖို့လိုတယ်နော်... အဖိုးကို ကြည့်ရတာ ဂုဏ်ရှိန်ဝါကြီးတဲ့ လူတစ်ယောက်နဲ့တူတယ်... ရှင့်အနေနဲ့ မှားယွင်းခံရတာမျိုး ဖြစ်ခဲ့နိုင်ပေမယ့် လူကြီးကိုတော့ လူကြီးလိုမျိုး ဆက်ဆံရမယ်လေ..." 


အဖိုးအနေနှင့် ကျိယန်ကို အရင်ဆုံး အစပြု၍ နှုတ်ဆက်ကာ စကားပြောရန်မှာ မဖြစ်နိုင်ပေ။ 


ကျိယန်က ပြုံးရင်း သူမ ပါးလေးကို ထိလိုက်သည်။ 


"ကြည့်ရတာ အဖိုးရဲ့ စရိုက်ကို သိပြီးပြီ ထင်တယ်..."


ထန်ထန်က ခေါင်းညိတ်လိုက်သည်။ သူမ သိရှိပြီးပြီ ဖြစ်၏။ ရုတ်တရက် သူမက အဘိုးကျိ၏ အမူအရာကို အတုယူလိုက်သည်။ သူမက လက်ကို နောက်ပစ်ကာ မည်သည့်အမူအရာမှ မပြဘဲ 'အင်း' ဟု ခပ်တိုးတိုး ပြောလိုက်သည်။ 


"မင်း သူ့ကို တော်တော်လေး အတုခိုးနိုင်တာပဲ..." 


ကျိယန်က သူမ၏ အတုခိုးမှုကို ကြည့်ကာ သဘောတကျ ရယ်လိုက်မိသည်။ 


"အဲဒါ အဖိုးက အမူအရာတစ်မျိုးတည်းနဲ့ပဲ အမြဲနေလို့လေ.. ဟားဟား"


"အဖိုးက အခုချိန် မင်းကို သိပ်သဘောမကျပေမယ့် စိတ်ထဲမထားပါနဲ့... မင်းရဲ့ ကောင်းကွက်တွေကို မြင်ရင် သူ ပြောင်းလဲလာမှာပါ... အဖိုးက လူတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့သူ မဟုတ်ဘူးလေ..."


ထန်ထန်က သူ သူမကို နှစ်သိမ့်ပေးနေကြောင်း သိရှိပေသည်။ သူက အဘိုး၏ သဘောထားကြောင့် သူမ စိတ်ဆိုးမည်ကို စိုးရိမ်နေ၏။ သူမ မျက်နှာထက်မှ သူ့လက်ကို ကိုင်ကာ ပြောလိုက်သည်။ 


"ဒါပေါ့.. ကျွန်မ စိတ်ထဲ မထားပါဘူး... အဖိုးက ကျွန်မရဲ့ အခြေအနေကို သတိမထားမိဘူးလေ.. ဒါကြောင့် သူမ ကျွန်မကို မကြိုက်တာ ပုံမှန်ပါပဲ... အဲဒါကပဲ အဘိုးက ရှင့်ကို ဂရုစိုက်တယ်ဆိုတာ သိသာနေတာမလား... သူသာ ရှင့်ကို ဂရုမစိုက်ရင် ရှင် ဘယ်လို မိန်းမမျိုးနဲ့ပဲ လက်ထပ်ယူယူ သူ ဘယ် ဂရုစိုက်ပါ့မလဲ..." 


ကျိယန်၏ အပြုံးက တဖြေးဖြေး ဖျော့တော့သွားက 'အင်း' ဟု ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ 


အဖိုးက အမှန်တကယ် သူ့အား ချစ်ခင်ခဲ့သည်။ သူ့အဘိုးက သူ သိတတ်နားလည်ခြင်း မရှိသေးသော နို့စို့အရွယ် ကလေးဘဝကတည်းက ပြုစုစောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။ သူ့အဘိုးက သူ့ကို လမ်းလျှောက်၊ စကားပြော၊ အစားစား၊ ပညာသင်ကြားခြင်း အစရှိသည်များ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ သူ့ အဖိုးက သူ့ကို အမြှောက်တင့်ကားများနှင့် လေယာဉ်များ ကြည့်ရန် ခေါ်ဆောင်သွားခဲ့ဖူးသည်။ သူ ကြိုက်နှစ်သက်သမျှ အရာအားလုံးကို မြင်တွေ့ခွင့်ရအောင် ခေါ်ဆောင်သွားပေးခဲ့၏။ သူက အဖေနှင့်အမေ၏ ချစ်မေတ္တာကို မရရှိခဲ့သော်လည်း အလွန် ပျော်ရွှင်စွာ နေထိုင်ရဆဲ ဖြစ်သည်။


အဖိုးက သူ့ကို တစ်ဆင့်ချင်းစီ ပျိုးထောင်ပေးခဲ့သည်။ သူ့ကို လောက၏ အံ့သြဖွယ်ရာများ မြင်တွေ့စေခဲ့သည်။


သို့သော် နောက်ပိုင်းတွင်.... 


ကျိယန်က မျက်တောင်ခတ်လိုက်သည်။ သူ အတိတ်ကို အမှတ်ရမိသည့်အခါ လည်ချောင်းများ ခြောက်သွေ့လာသလို ခံစားလိုက်ရသည်။ 


ဤတစ်ကြိမ်၌ သူက သေလုမြောပါး ဖြစ်ခဲ့ပေသည်။ သူသည် အသက်အန္တရာယ်မှ မကျော်ဖြတ်နိုင်တော့ဟုပင် တွေးထင်ခဲ့သည်။ သူ သေလုဆဲဆဲ ဖြစ်နေချိန်၌ သူ လက်မလွှတ်နိုင်သူမှာ ထန်ထန်နှင့် ရှောင်ကျိုးအပြင် နောက်တစ်ယောက်မှာ သူ့အဖိုးပင် ဖြစ်လေသည်။ သူ့အသက် သေရေးရှင်ရေးကြုံရစဉ် သူ နောင်တတရားကို ခံစားမိခဲ့သည်။ သူက အဖိုးနှင့် ပြန်လည်သင့်မြတ်အောင် မလုပ်ခဲ့မိသည်ကို နောင်တရသည်။ ခေါင်းမာလွန်းစွာနှင့် သူ့နှလုံးသားထဲမှ အငြိုးအတေးများကို လက်မလွှတ်နိုင်ခဲ့သည့်အတွက်လည်း နောင်တရမိပေသည်။ သူ့ကို ကျွေးမွေးပြုစုစောင့်ရှောက်လာသည့် အဘိုးနှင့်ယှဉ်လျှင် သူ၏ ခေါင်းမာမှုနှင့် အငြိုးအတေးများက မည်သည့်အတွက် ထိုမျှ အရေးကြီးနေရပါသနည်း။ 


လူသားများက သူတို့ တစ်ခုခုကို ဆုံးရှုံးသွားရချိန်မှသာ ကိစ္စများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။


ကံကောင်းစွာနှင့် သူ့တွင် ပြင်ဆင်ရန်အခွင့်အရေး ရှိနေပေသေးသည်။ 


ကျိယန်က သူ့မျက်လုံးများကို တဖန်ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးများက လေးလံသည့် ဝန်များကို လွှတ်ချလိုက်သလိုမျိုး ပျော်ရွှင်နေဟန်ပေါ်သည်။ 


"ထန်ထန်... အဖိုးကို ညကျ ဒီမှာ စားဖို့ ဖျောင်းဖျပေး.. အဲဒါကို ရိုးရှင်းတဲ့ မိသားစုညစာစားပွဲအဖြစ် သတ်မှတ်လိုက်ကြမယ်... စားသောက်ပြီးရင် အဖိုးကို အိမ်မှာ အနားယူခိုင်းလိုက်နော်... ဒီညကောင်းကောင်း အနားယူပါစေ..."


"အင်း... အင်း..." ထန်ထန်က သူ့မျက်လုံးများက စိတ်သက်သာရာရမှုတို့ကို မြင်နိုင်ပေသည်။ သူမက သူ့အတွက် နှလုံးသားထဲမှပင် ပျော်ရွှင်မိပေသည်။ သူမက သဘောတူလိူက်သည်။ 


"ယောက်ျား... အဖိုးက ဘာစားရတာကြိုက်လဲ ပြောပါ...ကျွန်မ ဒီည အဲဒါတွေ ချက်လိုက်မယ်လေ... ဒီည ကျွန်မတို့ရဲ့ ညစာက ကောင်းကောင်းမွန်မွန် ဖြစ်သင့်တယ်လေ... မိသားစုညစာ ကောင်းကောင်းလေး စားကြတာပေါ့..." 


ကျိယန်က အဖိုး မည်သည့်အရာကို ကြိုက်နှစ်သက်သလဲ သိရှိပေသည်။ မည်သူကမှ သူ့ထက် ပို၍ မသိနိုင်ပေ။ 


"တကယ်တော့ အဖိုး ကြိုက်တဲ့ စားစရာက ရိုးရှင်းတယ်... သူက မြောက်ပိုင်းက လာတာဆိုတော့.. ဂျုံကို အခြေခံတဲ့ အစားအစာတွေ ပိုကြိုက်တယ်... အထူးသဖြင့် ခပ်ကြီးကြီး အဖြူရောင်မန့်ထိုတွေ ကြိုက်တယ်... မင်းသာ မန်ထိုကြီးကြီး နှစ်ခုလောက် ပေါင်းပေးလိုက်ရင် သူ သေချာပေါက် ကြိုက်မှာ.. သူက အပြင်စာတွေကိုတော့ တကယ် သဘောမကျဘူး... အဲဒီအရသာတွေက မစစ်မှန်သလို တခြားအရောအနှောတွေနဲ့ ပြည့်နေတယ်လို့ သူ တွေးထားလို့လေ.." 


"အဲဒီလောက် ရိုးရှင်းတာလား.." ထန်ထန်က အဘိုး၏ လိုအပ်ချက်က အလွန်မြင့်မားလောက်သည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့ပေမယ့် သူက မန်ထိုသာ ကြိုက်သည်တဲ့လား။


"အဲဒီလောက်ကို ရိုးရှင်းတယ်... မင်း ဝက်ခြေထောက်နှပ်လေးများ လုပ်ပေးရင် သူ ပိုတောင် ပျော်သွားလိမ့်ဦးမယ်..." 


ပုံမှန်အားဖြင့် လူအများက သူ့အဖိုး၏ အဆင့်အတန်းနှင့် အနေအထားကြောင့် သူက  သေချာပေါက် စုံလင်၍ တန်ဖိုးကြီးသော အစားအစာများကို ကြိုက်နှစ်သက်လိမ့်မည်ဟု တွေးထင်ထားကြသော်လည်း အမှန်တကယ်၌ သူ့အကြိုက်စားစရာက ထိုမျှ ရိုးရှင်းလေသည်။ 


"တခြားရော ဘာရှိသေးလဲ.. ကျွန်မ သတိထားဖို့ လိုတာမျိုး တစ်ခုခုလေ.." 


ကျိယန် စကားမပြောတော့သည်ကို မြင်သည့်အခါ ထန်ထန်က ဆက်ပြောရန် တိုက်တွန်းလိုက်သည်။ သူမသည် ယခု ပြောသွားသည်များက သိပ်ကို ရိုးရှင်းလွန်းနေသည်ဟု ခံစားရပေသည်။ 


ကျိယန်က သူမ လက်ကလေးကို ဆုပ်လိုက်သည်။ 


"စိတ်အေးအေးထားပါကွာ.. တကယ်ကို ဘာမှမရှိတော့ပါဘူး... ကျန်တာတွေကို ကျိရှောင်ကျိုးနဲ့သာ လွှဲထားလိုက်... ကျိရှောင်ကျိုးသာ ရှိနေမယ်ဆို သူက ကျိန်းသေ ပျော်နေပါလိမ့်မယ်..."


ထန်ထန်သည် ကျိရှောင်ကျိုးနှင့်အတူ ရှိနေစဉ် အဘိုး၏ နူးညံ့ကာ လိုက်နာတတ်ပြီး သဘောကောင်းသော အပြုအမူများကို စဉ်းစားမိသည့်အခါ စိတ်ပူနေရန် မလိုကြောင်း သတိပြုမိလိုက်သည်။ အသေးလေးက လူများကို မည်သို့ ချော့မော့ရမည်ကို သိရှိထားသူဖြစ်ရာ အဘိုး မပျော်မရွှင် ဖြစ်မည်ကို စိုးရိမ်နေရန် မလိုတော့ပေ။ 


ကြည့်ရသည်မှာ သူမ ကောင်းကောင်း ချက်ပြုတ်ရန်သာ လိုပုံရလေသည်။ 


ယနေ့ ညစာက အလွန် အရေးကြီးသည့်အတွက် ထန်ထန်သည် မည်သည်တို့ကို ပြင်ဆင်ရန်လိုအပ်ကြောင်း စတင်တွေးတောပါတော့သည်။ သူမ စဉ်းစားပြီးသည့်အခါ ပါဝင်ပစ္စည်းများ ဝယ်ယူရန် စျေးသို့ အလျင်အမြန် သွားရောက်ရန် ပြင်လိုက်သည်။ 


သို့သော် သူမ မသွားခင် ထန်ထန်သည် စွန်းရီကို ကဲန်တင်း၌ စားရန် မလိုဘဲ သူမနှင့် အတူစား၍ ရကြောင်း ပြောပြခဲ့သည်။ 


ယခင်က ယဉ်ကျေးသမှုနှင့် ရှိနေခဲ့သော စွန်းရီသည် ထန်ထန်၏ အချက်အပြုတ် လက်ရာကို မြည်းစမ်းကြည့်ပြီးနောက် ယဉ်ကျေးနေရန် ချက်ချင်း မေ့သွားလေသည်။ သူက အလျင်အမြန် သဘောတူလိုက်ကာ အလွန် ရင်ထဲထိသွားပေတော့သည်။ 


သူက ဤစုံတွဲ၏ ညှဉ်းဆဲမှုကို မကြာခဏ ခံရတတ်သော်လည်း ကျိယန် အမျိုးသမီးက အရသာရှိသော စားစရာများ ချက်ပြုတ်နိုင်ပြီး သူက ကပ်ရပ်စားသောက်နိုင်လေရာ ထိုခွေးစာများကိုလည်း လက်ခံလာနိုင်ပေသည်။ 


သူ နောက်တစ်ခေါက် ဘလိုင်းဒိတ် သွားသည့်အခါတွင် စွန်းရီသည် ချက်ပြုတ်နိုင်သော မိန်းကလေးနှင့် တွေ့ဆုံရန် ဆုတောင်းမိတော့သည်။


                                           ———————————— 


ထန်ထန်က ချက်ပြုတ်စရာများနှင့် အိမ်ပြန်ရောက်လာသည့်အခါ အဘိုးကျိက ထွက်မသွားသေးပေ။ သူက ဆိုဖာပေါ်တွင် ထိုင်ကာ ကျိရှောင်ကျိုး၊ ဝမ်နောင်တို့နှင့် ဆော့ကစားနေခဲ့သည်။ ကလေးများက ပုံစံငယ်လေးများကို တည်ဆောက်နေပြီး အဘိုးကျိက သူတို့ဘေးမှနေ၍ တောက်ပသော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။ သူက တစ်ခါတစ်လေ ကလေးများကို ညွှန်ပြပေးတတ်သည်။ 


သက်တော်စောင့်က ပျောက်နေခဲ့ပြီး သူမသည် သူ မည်သည့်နေရာကို ရောက်သွားသည်အား မသိခဲ့ပေ။


ထန်ထန် ပြန်လာသည်ကို မြင်သောအခါ ကျိရှောင်ကျိုးသည် ချက်ချင်းပင် ဆိုဖာပေါ်မှ ဆင်းချလာပြီး သူ့ကိုယ်လုံးလေးက သူမဆီ ပစ်ဝင်လာခဲ့သည်။ သူက သူမကို အားကြီးနှင့် ဖက်ထားလိုက်၏။ 


"မာမီ.. ပြန်လာပြီလား..." 


ဝမ်နောင်ကလည်း ပုံစံငယ်လေးများ ဆက်နေသည်ကို ရပ်လိုက်ကာ ဆိုဖာပေါ်မှ ဆင်း၍ ထန်ထန် သူမကို ဖက်ပေးရန် ပြေးလာခဲ့သည်။ သူမက နာခံတတ်သော ယုန်သေးသေးလေးလို ထန်ထန့်ကို ပွတ်သပ်နေခဲ့၏။ 


ထန်ထန်က ကလေးတွေကို အနမ်းတစ်ပွင့်စီ ပေးလိုက်သည်။ ထို့နောက် သူမက အိတ်များကို မြှောက်ပြကာ သူတို့လေးတွေကို ကြည့်စေလိုက်သည်။ 


"မာမီ.. ညစာချက်ဖို့ ပြန်လာတာ... ဒီမှာကြည့် မာမီက အရသာရှိတဲ့ စားစရာတွေ အများကြီး ဝယ်လာတယ်..." 


"ဝါး... အမဲသားနဲ့ ဝက်ခြေထောက်တွေလည်း ပါတယ်... မာမီ ဒီည အရသာရှိတဲ့ စားစရာတွေ အများကြီး လုပ်မလို့လား..." 


ကျိရှောင်ကျိုးက ကျိယန်နှင့် ဆင်တူသည်။ သူတို့နှစ်ယောက်လုံးက အသားစားရသည်ကို နှစ်သက်၏။ သူတို့ အသားကို မြင်သည့်အချိန်တိုင်း မျက်လုံးများ တောက်ပလာတတ်ကြပေသည်။ 


ထန်ထန်က အဖိုးကျိကို ကြည့်လိုက်သည့်အခါ သူက သူမတို့ကို ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူမက ကျိရှောင်ကျိုး၏ နှာခေါင်းကို ဖြေးဖြေးလေး ထိလိုက်ပြီး သူမ မျက်လုံးများတွင် ပျော်ရွှင်မှုတို့ ဖြတ်ပြေးသွားပေသည်။


 "ဒယ်ဒီက သားတို့ကိုပါ ဆေးရုံလိုက်ပြီး အတူလာစားစေချင်နေတယ်။သူက တစ်ယောက်တည်းစားရတာ ပျင်းနေတာကြောင့် မာမီ ကောင်းကောင်းလေးချက်ပြီး အများကြီး ယူသွားပေးမလို့လေ..." 


"ဟုတ်ပြီ.. ဒါဆို သားတို့ နေ့တိုင်း စားစရာတွေ ယူသွားပြီး ဒယ်ဒီနဲ့အတူ စားပေးမယ်ဆို ဒယ်ဒီ ပျင်းတော့မှာ မဟုတ်ဘူး..." 


ကျိရှောင်ကျိုးက သူ့မာမီအား သူ့ထံမှ ခိုးယူခံလိုက်ရသည့်အခါမှသာ သူ့ဒယ်ဒီက စိတ်တိုစရာကောင်းသည်ဟု ခံစားရခြင်း ဖြစ်သည်။ ထိုအဖြစ်မှလွဲလျှင် အသေးလေးက သူ့ဖခင်အပေါ် အလွန် တွယ်တာနေဆဲသာ ဖြစ်သည်။ 


သို့သော် ကျိရှောင်ကျိုး ပြောပြီးသွားသည့်အခါ သူက အဘိုးဖြစ်သူက ဆိုဖာပေါ်ထိုင်ကာ သူတို့ကို ကြည့်နေကြောင်း မြင်လိုက်ရသည်။ ကျိရှောင်ကျိုးက ရုတ်တရက် 'အာ' ဟု အော်လိုက်မိသည်။ သူတို့က ဒယ်ဒီကို အဖော်ပြုရန် ဆေးရုံသို့ လိုက်သွားပါက သူ့အဘိုးက မည်သို့ လုပ်ရပါမည်နည်း။ သူ့ကို အဖော်ပြုမည့်သူ မည်သူမှ ရှိလိမ့်မည် မဟုတ်ပေ။ မည်သို့လုပ်ရပါမည်နည်း....။


"မာမီ.. ဘိုးဘိုးကြီးကို ဘယ်လိုလုပ်ရမလဲ... သားတို့ ဘိုးဘိုးကြီးကိုပါ ခေါ်သွားလို့ရမလား..." 


ကျိရှောင်ကျိုးက သူ့အဘိုးကို ကြည့်နေရင်း ကျယ်လောင်စွာ ပြောလိုက်သည်။ 


ထန်ထန်က ချက်ချင်းပင် ကျိရှောင်ကျိုး၏ အတွေးများကို နားလည်သွား၏။ သူမက သူ့ကို နှလုံးသားထဲမှနေ၍ ချီးကျူးလိုက်မိသည်။ သူမ၏ ပေါင်ပေ့က အလွန် လိမ္မာပါးနပ်ပေသည်။ သူမက မည်သည့်စကားမှ မပြောရသေးသော်လည်း သူက တွေးမိပြီးသား ဖြစ်လေသည်။ 


ထို့ကြောင့် သူမက ချက်ချင်း အဖြေပေးလိုက်သည်။ 


"ဒါပေါ့... မာမီတို့ ဘိုးဘိုးကြီးကိုပါ ခေါ်သွားရမှာပေါ့... ဘိုးဘိုးကြီးက မာမီတို့နဲ့ အတူ လိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဒယ်ဒီဆီ အတူတူသွားလည်ပြီး စားသောက်ကြမယ်... အဲဒါဆို ဒယ်ဒီလည်း ကျိန်းသေ ပျော်မှာပဲ..." 


ကျိရှောင်ကျိုး၏ မျက်လုံးများက တောက်ပလာသည်။ ထို့နောက် သူက အဘိုးကျိထံ ပြန်လှည့်ကာ သူ၏ ပါပီမျက်လုံးလေးများနှင့် ကြည့်လိုက်သည်။ 


"ဘိုးဘိုးကြီး ဘာလို့ သားတို့နဲ့အတူ ဒယ်ဒီဆီ လိုက်မလည်ရမှာလဲနော်..." 


အဘိုးကျိ၏ မျက်နှာက အနည်းငယ် ပျက်သွားကာ ခိုင်မာစွာ ငြင်းဆန်လိုက်သည်။ 


"ဘိုးဘိုးကြီး မလိုက်တော့ဘူး... ဘိုးဘိုးကို အဖော်ပြုပေးဖို့ လူ မလိုပါဘူး... တစ်ယောက်တည်း နေခဲ့လို့ရတယ်..." 


ကျိရှောင်ကျိုးက မျက်ခုံးလေးများ ကျုံ့ကာ သူ့အဘိုး၏ ရင်ခွင်ထဲသို့ သူ့ကိုယ်သူ ပစ်ဝင်လိုက်သည်မှာ သူ့အဘိုးက အနောက်သို့ပင် အနည်းငယ် ယိုင်သွားခဲ့လေသည်။ သူ့အဘိုးက လဲကျလုနီးပါး ဖြစ်သွားသော်လည်း ဒေါသမထွက်ခဲ့ပေ။ ထို့အစား သူက အသေးလေး လဲကျမသွားအောင် တားဆီးလိုက်ပြီး တည်ငြိမ်စွာနှင့် ဆူပူလိုက်သည်။ 


"ယောက်ျားဆိုတာ တည်တည်ကြည်ကြည်ရှိရတယ်... ဒီလောက် ဆန္ဒစောနေရင် ဘယ်လိုလုပ်မလဲ..." 


ကျိရှောင်ကျိုးက အဘိုးကျိ၏ အေးစက်သော အမူအရာကို မကြောက်ရွံ့ပေ။ သူက ခြေထောက်များကို မ,ကာ သူ့အဘိုး၏ ပေါင်ပေါ် ကုပ်တက်လိုက်သည်။ ထို့နောက် သူက အဘိုးလည်ပင်းကို လက်ကလေးများနှင့် ရစ်ပတ်ရင်း ထပ်ပြောလိုက်၏။ 


"ဘိုးဘိုးကြီး... အခုမှ ရောက်လာတာကို ပြန်ဖို့အကြောင်း ပြောနေပြီ... သားတို့နဲ့ ထမင်းတစ်နပ်တစ်လေတောင် အတူတူ မစားချင်ဘူးလား..."


အဘိုးကျိက မျက်မှောင်ကြုတ်သွားသော်လည်း ပြန်မဖြေခဲ့ပေ။ 


ကျိရှောင်ကျိုးက သူ့လည်ပင်းတွင် တွဲလဲခိုရင်း ဆက်ရှိနေသည်။ 


"ဘိုးဘိုးကြီး... သားတို့နဲ့အတူ ဒယ်ဒီကို လိုက်ကြည့်ပါ... ဘိုးဘိုးမသွားဘူးဆိုရင် သားလည်း စားလို့ဝင်မှာ မဟုတ်တော့ဘူး... သား မစားနိုင်ရင် ပိန်ကပ်လာပြီး လူချောလေး ဖြစ်တော့မှာ မဟုတ်ဘူး... လူချောလေးအဖြစ် ကြီးပြင်းလာဖို့ဆိုတာ သားအတွက် လွယ်မှာမဟုတ်တော့ဘူးလေ..."


ကျိရှောင်ကျိုးက ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပြီးနောက် မျက်တောင်ခတ်ကာ အိမ်ထဲမှ အမျိုးသမီးနှစ်ယောက်အား လှည့်မေးလိုက်သည်။ 


"မာမီ.. နောင်နောင်. သား ပြောတာမှန်တယ်မလား..."


“……” ထန်ထန်က ခေါင်းညိတ်ရန် သူမကိုယ်သူမ ဖိအားပေးလိုက်ရသည်။


နောင်နောင်က တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ သူမက သူ့ကို အပြည့်အဝ ယုံကြည်ပေသည်။ ထန်ထန်သည် ကလေးမလေးက ကျိရှောင်ကျိုး၏ ဦးနှောက်ဆေးခြင်းကို ခံထားရကြောင်း ခံစားမိလိုက်ပေသည်။ 

 

အဘိုးကျိ၏ မျက်လုံးများတွင် ပျော်ရွှင်မှုရေးရေးလေး ထင်ဟပ်လာပြီး သူက ရှောင်ကျိုး ခေါင်းလေးကို ပုတ်လိုက်သည်။ 


"ကောင်းပြီ.. ကောင်းပြီ... မင်းက တကယ် စကားပြောကောင်းတာပဲ.. မင်း ရုပ်မချောတော့ဘူးဆိုရင် ဒီအဘိုးကြီး အပြစ် ဖြစ်မှာဆိုတော့ ဒီအဘိုးက အဲဒီတာဝန်ကြီးကို ထမ်းမထားနိုင်ဘူးကွာ... ဒါကြောင့် မင်းနဲ့အတူ ဒီညစာ လိုက်စားပေးပါမယ် ဟုတ်ပြီလား... ဒါပေမယ့် အဘိုးက မင်းကိုပဲ လိုက်အဖော်ပြုပေးမှာနော်.. မင်းဒယ်ဒီကို တွေ့ဖို့မဟုတ်ဘူး... မင်းဒယ်ဒီကို တွေ့ဖို့က ဘာများကောင်းလို့လဲ..." 

 

ကျိရှောင်ကျိုးက မျက်တောင်ခတ်ရင်း သူက ပူးပေါင်းကာ ပြောလိုက်သည်။ 


"ဒါပေါ့.. ဒယ်ဒီက သားလောက် ရုပ်မချောတာကြောင့် ဘိုးဘိုးကြီးက သားကိုပဲ ကြိုက်ပြီး ဒယ်ဒီကို မကြိုက်တာ ဟုတ်တယ်မလား...." 


အဘိုးကျိက တန့်သွားလေသည်။ သူ့အမူအရာက တစ်ခုခု ပြောင်းလဲသွားသလို ဖြစ်သော်လည်း နောက်ဆုံး၌ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

 

ထန်ထန်က အပြုံးများကို ဖွက်ကာ မီးဖိုချောင်သို့ ဝင်ရောက်သွားခဲ့သည်။ သူမက သူတို့ရှေ့၌ ပြုံးလိုက်ပါက မကောင်းတတ်ပေ။ သူမသည် အဘိုးကျိက အပြင်ပိုင်းခက်ထန်ပေမယ့် အတွင်းစိတ်က နူးညံ့ကြောင်း တွေ့ရှိခဲ့သည်။ သူက ကိုးယို့ကားယားနိုင်သော လူအိုကြီးတစ်ယောက်ပင် ဖြစ်သည်။ သူပြောသမျှ အရာတော်တော်များများက သူ့စိတ်ထဲမှ ပါ၍ မဟုတ်ပေ။ သူမ ထိုသို့တွေးလိုက်မိသည့်အခါ သူမသည် အဘိုးက အတော်လေး ချစ်စရာကောင်းကြောင်း တွေ့ရှိလိုက်ရသည်။ 

 

ထန်ထန်၏ လုပ်ဆောင်ချက်များက အလွန် လျင်မြန်သည်။ သူမက အခြားဟင်းလျာများနှင့် စွပ်ပြုတ်ကို မီးမျှင်းမျှင်းဖြင့် ချက်ပြုတ်နေစဉ် မန်ထိုပေါင်းထားလိုက်၏။ တစ်နာရီကျော်ကြာပြီးသောအခါ အစားအသောက်များက အသင့်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

 


                                           ———————————— 


သူတို့ဆေးရုံကို လာရာ လမ်း၌ ကျိရှောင်ကျိုးက သူ့အဘိုးလက်ကို တစ်လျှောက်လုံး ဆွဲလာခဲ့သည်။ ထန်ထန်သည် သူမတို့ ကျိယန်၏ လူနာခန်းနှင့် နီးလာသည့်အခါ အဘိုး ကျောပြင်က ပို၍ မတ်မတ်လာကြောင်း သတိထားမိလိုက်သည်။ သူ့အမူအရာကလည်း ပို၍ တင်းမာလာလေသည်။ သူက အလည်လာခြင်းမဟုတ်ဘဲ ရန်ဖြစ်ဖို့ရာ လာနေခြင်းနှင့် ဆင်တူနေသည်။ သူ့အမူအရာကို အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်။ သတ္တိနည်းသော ကလေးများက သူ့ကို မြင်သည့်အခါ အော်ငိုကြလိမ့်မည် ဖြစ်သည်။ သို့သော် ထန်ထန်သည် ထိုအဘိုးအိုက စိတ်ထဲ၌ မသက်မသာ ခံစားနေရကြောင်း ခန့်မှန်းမိပေသည်။ အဘိုးကျိကို မျက်နှာသာပေးရန် ထန်ထန်က ရှေ့ကိုကျော်တက်ကာ လူနာခန်းသို့ အရင်ဆုံး ဝင်သွားလိုက်သည်။ သူမက ကျယ်လောင်စွာ ပြောလိုက်သည်။ 


"ယောက်ျား.. အဘိုးရောက်လာပြီ... ရှောင်ကျိုးက အဘိုးနဲ့အတူ စားချင်လို့တဲ့လေ.. သူက အဘိုးကိုပါ အတူဆွဲခေါ်လာတော့တာ...ရှောင်ကျိုးက တကယ်ကို ထိန်းမနိုင်လေးပဲ..."


ကျိရှောင်ကျိုးက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူ့ဒယ်ဒီနှင့် ဘိုးဘိုးကြီးကို ပြေလည်အောင် လုပ်ပေးရသည်မှာ သူ့အတွက် လွယ်ကူမနေပေ။


ကျိယန်က အချိန်အကြာကြီး မတွေ့ခဲ့ရသည့် သူ့အဘိုးကို ကြည့်လိုက်သည်။ သူ့ကျောပြင်က ဖြောင့်တန်းနေကာ အမူအရာပ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ဝိတ်အများကြီး ကျသွားခဲ့၏။ သူ့အသွင်အပြင်က ကျိယန် မှတ်မိသည့် အသပ်အရွယ်ထက် ပိုကြီးသွားပုံပေါ်ပေသည်။ ယခင်က သူ့အဘိုးသည် သူ့နှလုံးသားထဲ၌ ကောင်းကင်ထိ မြင့်မားသော ကြီးမားသည့် သစ်ပင်ကြီးကဲ့သို့ ဖြစ်သော်လည်း ယခု သူအဘိုးက ပျိုမြစ်မှုများကုန်ဆုံးသွားသည့် အဘိုးကြီးတစ်ဦးနှင့် အမှန်တကယ် တူနေပေသည်။ 


အဘိုးက အသက်ကြီးရင့်လာပြီ ဖြစ်သည်။


သူက မည်သည့်အချိန်က ထိုမျှ အသက်ကြီးသွားရသနည်း။ 


ကျိယန်၏ မျက်လုံးများက ရုတ်ချည်း နီရဲလာသလိုပင်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် "အဖိုး" ဟု ခေါ်လိုက်သော သူ့အသံက အနည်းငယ် တုန်ယင်နေသည်။ 


အဖိုးကျိက တောင့်တင်းသွားလေသည်။ သူက သွေးလေချောက်ချားသွားသလားဟုပင် ထင်မှတ်လိုက်မိသည်။ 


"အဖိုး..." ကျိယန်က သူ့ကို နောက်တစ်ခါ ထပ်ခေါ်လိုက်မှသာ အမှန်တကယ် ဖြစ်ကြောင်း ယုံကြည်လိုက်ရပေသည်။


သူက ထိုစကားလုံးကို မကြားရသည်မှာ နှစ်ပေါင်းမည်မျှ ရှိနေပြီနည်း။ နောက်ဆုံးတစ်ခေါက် ကြားလိုက်ရသည်မှာ သူ အသက်ဆယ့်ငါးနှစ်အရွယ်က ဖြစ်ပေသည်။ သူက ဤတစ်သက်တွင် ထိုကောင်စုတ်လေး၏ 'အဖိုး' ဟု ခေါ်သံအား ထပ်မကြားရတော့ဟု ထင်ထားခြင်း ဖြစ်သည်။ 


အဖိုးကျိ၏ လက်များက တုန်ယင်လာသည်။ သူက သူ့အမူအရာကို မည်သူမှ မမြင်နိုင်စေရန် ခေါင်းကို အလျင်အမြန် လှည့်ပစ်လိုက်သည်။ သို့သော် ထန်ထန်၏ အမြင်က စူးရှလေရာ ထိုလူအိုကြီး မျက်လုံးများက အနည်းငယ်နီရဲသွားကြောင်း မြင်တွေ့လိုက်ရသည်။ သူမသည် အဖိုးက ထိုအဖြစ်အား မည်သူ့ကိုမှ မမြင်တွေ့စေချင်ကြောင်း သိရှိသည့်အတွက်ကြောင့် သူမက ချက်ချင်းပင် အစားအသောက်များကို စားပွဲပေါ် အမြန် ခင်းကျင်းလိုက်သည်။

 

"လာကြပါ... ကျွန်မ ဒီနေ့ ဟင်းပွဲတွေ အများကြီး လုပ်ပေးထားတယ်.. လူတိုင်း များများစားသင့်တယ်နော်... ရှောင်ကျိုး.. နောင်နောင်... မစားခင် မြန်မြန်သွားပြီး လက်ဆေးလိုက်ဦး..." 

 

ထန်ထန်က အဖိုးကျိကို ပန်းကန်လုံးနှင့် တူများ ကမ်းပေးလိုက်သည့်အချိန်၌ ပုံမှန်အမူအရာ ပြန်ဖြစ်နေပြီ ဖြစ်၏။ သူက တည်ငြိမ်နေပြီး မည်သည့်အရာမှ မဖြစ်ခဲ့သလို ထင်မှတ်ရသည်။ 


သို့သော် ထန်ထန်က ထိုသည်မှာ အမှန်မဖြစ်နိုင်ကြောင်း သိသည်။ အဖိုးက အချိန်လိုအပ်နေသေးပေသည်။