အပိုင်း (၆၆)
Viewers 12k

Part 66


ထန်ထန်က စွန်းရီအတွက် အစားအသောက်ကို အရင် ပြင်ပေးခဲ့သည်။ သူတစ်ယောက်တည်း စားသောက်ရတာ အဆင်ပြေသည်ကို မြင်သည့်အခါ သူမက ကလေးများကို ကျိယန်၏ ကုတင်ခြေရင်း၌ ထိုင်ရန် ခေါ်လာလိုက်သည်။ ထို့နောက် သူမက အဖိုးကျိကို ကလေးနှစ်ယောက်အနီး၌ ထိုင်ရန် ဖိတ်ခေါ်လိုက်၏။ အဖိုးကျိက မည်သည့်စကားမှ မဆိုဘဲ သဘောတူကြောင်း ပြသလာသည်။


ထန်ထန်က ခိုးပြုံးလိုက်ကာ ကျိယန်ဘေးသို့ ရွှေ့ထိုင်လိုက်သည်။ စားပွဲသေးသေးလေးကို မိသားစုလိုက် ဝိုင်းထိုင်လိုက်ကြ၏။ အနည်းငယ် လူများနေသော်လည်း မိသားစုဟူသည့် နွေးထွေးမှုလေး ရှိနေခဲ့သည်။ 


မည်သူကမှ ထိုင်ခုံနေရာစီစဉ်မှုကို သက်သောင့်သက်သာမဖြစ်သလို မခံစားကြရပေ။ လူတိုင်းက အတော်လေး ကောင်းသည်ဟု ထင်မှတ်ရပေသည်။ 


ရလဒ်အနေနှင့် ထန်ထန်၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားခဲ့သည်။ သူမက ခပ်ကြီးကြီး မန်ထိုသုံးလုံး ထည့်ထားသည့် အစားအစာဘူးကို ဖွင့်ကာ အဖိုးကျိ ထံသို့ တွန်းပို့လိုက်သည်။ 


"အဖိုး.. ကျိယန်က အဖိုး မန်ထိုစားရတာ ကြိုက်တယ်လို့ ပြောတာနဲ့ ကျွန်မ ကိုယ်တိုင်လုပ်လာခဲ့တယ်... စားကြည့်ပါဦး..." 


အဖိုးကျိက တန့်သွားကာ 'အင်း' ဟု ခပ်တိုးတိုး ပြောလိုက်ပြီး ဖြူဖွေးနူးညံ့သော မန်ထိုတစ်ခုကို ကောက်ယူကာ တစ်ကိုက်ကိုက် လိုက်သည်။ သူက အကြိမ်ရေအနည်းငယ် ဝါးပြီးနောက် မြိုချလိုက်၏။ ထို့နောက် သူက နောက်တစ်ကိုက်ထပ်ကိုက်လိုက်သည်။


သူက ထန်ထန့်ကို စကားမပြောတာကြောင့် သူ သဘောကျလား မကျလား ထန်ထန် သေချာမသိပေ။ သူမက စိတ်လှုပ်ရှားနေပြီး ကျိယန်ကို ကြည့်လိုက်သည်။ တုံ့ပြန်သည့်အနေနှင့် ကျိယန်က ပြုံးကာ သူမ လက်လေးကို ပုတ်ရင်း မသိမသာ ခေါင်းညိတ်ပြလိုက်၏။အဖိုးက နှစ်သက်ကြောင်း နောက်ဆုံးတော့ ထန်ထန် နားလည်သွားလေသည်။ 


ထို့နောက် ထန်ထန်က သူမ အဖိုးအတွက် အထူးပြုလုပ်ထားသော ဝက်ခြေထောက်နှပ်ကို အလျင်အမြန် တွန်းပို့လိုက်ပြန်သည်။


"အဖိုး.. ကျိယန်က အဖိုး ဒီဟင်းကိုလည်း စားရတာ ကြိုက်တယ်လို့ ပြောတယ်... သူက ဒီဟာကို ချက်ပေးဖို့ အထူးတလည် သေချာမှာခဲ့တာ... နည်းနည်းလောက် မြည်းကြည့်ပါလား... တကယ်လို့ မကောင်းရင် ကျွန်မ ပြင်ပေးပါ့မယ်..." 


နောက်ဆုံး၌ အဖိုးကျိက သူတို့ကို မော့ကြည့်လာသည်။ သူတို့က သူ့မျက်လုံးများထဲမှ ခံစားချက်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင် သူက အကြည့်များကို အဝေးသို့လွှဲကာ တူနှင့် ဝက်ခြေထောက်တစ်ဖတ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ဤတစ်ကြိမ်၌ အဘိုးကျိက တစ်ခါတည်းနှင့် သုံးခုဆက်တိုက် စားလိုက်သည့်အတွက် ထန်ထန်က အဖိုး.စိတ်ကျေနပ်ခြင်းရှိမရှိကို ကျိယန်ဆီ မမေးတော့ပေ။ မကြာခင်မှာပင် မန်ထိုနှင့် ဝက်ခြေထောက်များ အပြောင်ရှင်းမိတော့မလို စားနေခဲ့သည်။


သူသာ မကြိုက်လျှင် ယခုလို မည်သို့ စားပါမည်နည်း။


သူ၏ အဘိုးက မန်ထိုနှင့် ဝက်ခြေထောက်များကို နှစ်သက်စွာ စားနေသည်ကို မြင်သောအခါ ကျိရှောင်ကျိုးက သွားရည်ယိုလာခဲ့သည်။ သူက စားသောက်နေသည်အား တဖြေးဖြေး ရပ်လိုက်ကာ အဘိုးကျိ ကိုင်ထားသော မန်ထိုနှင့် ဝက်ခြေထောက်အား ငေးကြည့်လိုက်သည်။ သူက မေးလိုက်၏။ 


"အဘိုး.. မန်ထိုနဲ့ ဝက်ခြေထောက်က အရသာ ရှိလား..." 


"အင်း.. အရသာရှိတယ်..." အဘိုးကျိမှာ ထိုမျှ အရသာရှိသော မန်ထိုနှင့် ဝက်ခြေထောက်များကို မစားရသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ရလဒ်အနေနှင့် သူက စိတ်အားထက်သန်စွာ စားသောက်ပေတော့သည်။ ကျိရှောင်ကျိုး မေးလိုက်သည့်အခါ သူက သတိလက်လွတ် ပြန်ဖြေလိုက်သည်။ သူ အသိဝင်လာသည့်အခါ နောက်ကျသွားပြီ ဖြစ်သည်။ သူက မည်သို့မှမဖြစ်သလို ဟန်ဆောင်ကာ စားသောက်နေရာမှ အေးခဲသွားတော့သည်။ 


ကျိရှောင်ကျိုးက သွားရည်များကို မြိုချလိုက်ကာ သူ့အကြည့်များက မန်ထိုနှင့် ဝက်ခြေထောက်များပေါ် ကျရောက်သွားခဲ့သည်။ 


"အဘိုး... သားရော မန်ထိုနဲ့ ဝက်ခြေထောက် စားကြည့်လို့ရလား..." 


ချက်ချင်းပင် အဘိုးကျိက မန်ထိုတစ်ခုကို အသေးလေးထံ ပေးလိုက်၏။ "မင်း မေးနေစရာ မလိုပါဘူးကွာ... ရော့... စားလိုက်..." 


ကျိရှောင်ကျိုးက ပျော်ရွှင်စွာ လက်ခံလိုက်သည်။ သူက မန်ထိုကို နှစ်ပိုင်းပိုင်းလိုက်ပြီး တစ်ဝက်ကို မည်သည့်နေရာမှ မကြည့်ဘဲ သူမ၏ စားစရာကို လိမ္မာစွာ စားသောက်နေသည့် နောင်နောင်ထံ ပေးလိုက်သည်။ 


"လာ.. နောင်နောင်.. မင်းလည်း မန်ထိုနည်းနည်းစားကြည့်.. ဒါ စားလို့ကောင်းတယ်..." 


တုံ့ပြန်သည့်အနေနှင့် နောင်နောင်က သူမ ပန်းကန်လေးမှ အကြည့်ခွာကာ မော့လာသည်။ သူမက ပန်းကန်လုံးလေးကို အရင်ချကာ မန်ထိုကို ယူ၍ စားရန် ပြင်လိုက်သည်။ 


ကျိရှောင်ကျိုးက သူ မစားခင် သူမစားသည်အား စောင့်ကြည့်နေသည်။ ထို့နောက်မှသာ သူက ဝက်ခြေထောက်ကို တစ်ကိုက်ကိုက်လိုက်၏။ အစားအသောက်နှစ်ခု ပေါင်းစပ်သွားသည့် အရသာက မဆိုးကြောင်း သိရှိလိုက်ပြီး သူက တက်ကြွစွာ စတင်စားသောက်တော့သည်။ ထို့နောက် သူက ဝက်ခြေထောက်တစ်ပိုင်း နောင်နောင် စားရန် ပေးလိုက်သည်။ 


လူကြီးတစ်ယောက်နှင့် ကလေးနှစ်ယောက်က မန်ထိုနှင့် ဝက်ခြေထောက်ကို အာရုံစိုက်ကာ စားသောက်နေကြသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ 


ထန်ထန်နှင့် ကျိယန်တို့က အကြည့်ချင်းဆုံသွားခဲ့သည်။ သူတို့နှစ်ယောက်လုံးက ထိုသုံးယောက်၏ မျက်လုံးများတွင် ပျော်ရွှင်မှုတို့ ထင်ဟပ်နေကြောင်း မြင်နိုင်ပေသည်။ 


သူမက လူကြီးနှင့် ကလေးနှစ်ယောက်ကို စိတ်ပူရန် မလိုတော့သည့်အတွက် ကျိယန်အတွက် စတင်ပြင်ဆင်ပေးလိုက်သည်။ သူမက ယနေ့ ပြုလုပ်ထားသော ငါးဆန်ပြုတ်တစ်ပန်းကန် လောင်းထည့်လိုက်ပြီး တစ်ဇွန်းခပ်ကာ လေမှုတ်လိုက်သည်။ မပူတော့တာကို အတည်ပြုပြီးနောက် သူမက ဇွန်းကို ကျိယန်နှုတ်ခမ်းများဆီ ရွှေ့လိုက်သည်။ 


ကျိယန်သည် သူမက သူ့ဘာသာ စားသောက်ရင်း ဒဏ်ရာကို ထိမိကာ နာသွားလိမ့်မည်ကို စိုးရိမ်နေသဖြင့် ခွံ့ကျွေးခြင်းဖြစ်ကြောင်း သိရှိသဖြင့် နေသားတကျပင် ပါးစပ်ကို ဖွင့်ကာ သောက်လိုက်သည်။ ထို့နောက် သူက နောက်တစ်ဇွန်းကို စောင့်ဆိုင်းနေခဲ့၏။ 


အဖိုးကျိမှလွဲ၍ အခြားလူများအားလုံးက ထိုမြင်ကွင်းမျိုးကို အသားကျနေပြီ ဖြစ်သည်။ သို့ပေမယ့် အဖိုးကျိက ပထမဆုံးမြင်ရခြင်း ဖြစ်ပေသည်။ သူက ထိတ်လန့်မှုကြောင့် မန်ထိုပင် သီးလုနီးပါး ဖြစ်သွားလေသည်။ 


စစ်တပ်၏ မရဏဘုရင်ဟု ကျော်ကြားသော သံမဏိယောက်ျားဖြစ်သည့် သူ့မြေးက အမှန်တကယ်ပင် အိပ်ရာပေါ်၌ လိမ္မာစွာ ထိုင်ရင်း ပါးစပ်ကို ဖွင့်ကာ သူ့ဇနီးခွံ့ကျွေးမည်ကို စောင့်ဆိုင်းနေသည်လား။ 


အဖိုးကျိ. သူ အမြင်မှားနေသည်ဟုပင် တွေးမိသွားသည်။


သို့သော် အမှန်တကယ်၌ သူ အမြင်မှားခြင်း မဟုတ်ပေ။ အဖိုးကျိသည် ထန်ထန်က ကျိယန်ကို စွပ်ပြုတ်တစ်ဇွန်းတိုက်ပြီးနောက် ဆန်ပြုတ်ခပ်ရန် ဇွန်းအား ရွှေ့လိုက်သည်ကို လိုက်ကြည့်နေခဲ့သည်။ တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာအကြီးအကျယ်ရစဉ်ကပင် အသံတစ်စက် မထွက်ခဲ့သော သူ့မြေးက ယခုတွင် အကြောသေနေသူကဲ့သို့ ဆန်ပြုတ်ခွံ့အကျွေးခံရန် အိပ်ရာထက်၌ ထိုင်စောင့်နေပေသည်။ 


အဖိုးကျိက ကျိယန်၏ လက်နှင့်ခြေထောက်များကို မရေမရာ ကြည့်လိုက်သည်။ သို့သော် သူ မည်သို့ပင်ကြည့်ကြည့် အကုန်လုံးက မည်သည့်ပြဿနာမှ ရှိနေပုံမရပေ။


သူ့မျက်နှာရှိ ကြွက်သားများက တုန်ယင်သွားသည်။ သူက အမူအရာကို ထိန်းချုပ်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်ရ၏။


သို့သော် သူ့ကို အထိတ်လန့်ဆုံး ဖြစ်စေသည်က ထန်ထန်ပင် ဖြစ်သည်။ သူ့မှတ်ဉာဏ်များထဲတွင် သူမက အရက်သောက်ခြင်းတစ်ခုတည်းသာ သိသော မိန်းမ ဖြစ်သည်။ သူမက ယောက်ျားနှင့် ကလေးကို နည်းနည်းလေးမျှပင် ငဲ့ကြည့်ခြင်း မရှိခဲ့သော်လည်း ယခု သူမက နူးညံ့စွာ ဆန်ပြုတ်ကို မှုတ်ရင်း ကျိယန်ကို ဂရုတစိုက် ခွံ့ကျွေးနေခဲ့သည်။ သူ့နှုတ်ခမ်းများ၌ ဆန်ပြုတ် မတော်တဆ ပေသွားသည့်အခါ သူမက ချက်ချင်း လက်မကို သုံး၍ ညင်သာစွာ ပွတ်သုတ်ပေးလိုက်သည်။ သူမ မျက်နှာပေါ်မှ အမူအရာက အလွန် သိမ်မွေ့နူးညံ့နေပြီး သူမ ပြုလုပ်သမျှ အပြုအမူတိုင်းအတွက် မျက်ဝန်းများထဲတွင် ချစ်ခြင်းမေတ္တာများ ကိန်းအောင်းနေသည်။ 


သူသည် ယခင်က သူသိထားခဲ့သော ထန်ထန်နှင့် ယခု လုံးဝကွာခြားနေသည်။ ထိုသည်က အဘိုးကျိကို ဤအမျိုးသမီးက သူ့မြေး လွန်ခဲ့သော လေးနှစ်က လက်ထပ်ခဲ့သည့်အမျိုးသမီးနှင့် တူညီရဲ့လားဆိုသည်ကို သံသယဖြစ်သွားစေသည်။ 


ဤအမျိုးသမီးထံ၌ မည်သည့်အကြံအစည် ရှိနေပါသနည်း။ 


အဘိုးကျိက စားသောက်ပြီးသည်ထိ စိတ်ရှုပ်ထွေးစွာနှင့် ရှိနေခဲ့သည်။ စားသောက်ပြီးသည့်နောက်တွင် ထန်ထန်က အားလုံးကို သိမ်းဆည်းပြီးနောက် လူတိုင်းအတွက် အသီးတချို့ လှီးပေးလိုက်သည်။ ကျိယန်ကလည်း အသီးတချို့ စားနိုင်ပြီဖြစ်တာကြောင့် ထန်ထန်က ပန်းသီးတစ်လုံးလှီးလိုက်သည်။ သူမက နောင်နောင်ကို တစ်ဝက်ပေးလိုက်ကာ ကျန်တစ်ဝက်ကို ကျိယန်အား ကျွေးရန် အစိတ်သေးသေးလေးများ လှီးလိုက်သည်။ 


သူတို့က နံရံပေါ်မှ တီဗွီကို ဖွင့်လိုက်ပြီး သတင်းကြည့်နေကြ၏။ ထန်ထန်နှင့် နောင်နောင်က သတင်းကြည့်ခြင်းကို စိတ်မဝင်စားသော်လည်း ကျန်ယောက်ျားသား လေးယောက်က သစ္စာရှိပရိတ်သတ်များ ဖြစ်ကြသောကြောင့် သူတို့က စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသည်။ ကျိယန်သည်လည်း သတင်းကြည့်ရှုခြင်း၌ နစ်မြုပ်နေခဲ့သည်။ သူက သတင်းကြည့်နေရင်း ထန်ထန် ကျွေးသော ပန်းသီးစိတ်အား စားလိုက်၏။ 


အဘိုးကျိက သူ့မျက်ဝန်းထောင့်စွန်းမှနေ၍ ထိုမြင်ကွင်းကို မြင်သည့်အခါ သူ့မျက်နှာက တစ်ခါထပ်ကာ တုန်ရီသွားပြန်သည်။ သူသည် သူ့အကြိုက်ဆုံးသတင်းကိုပင် ဆက်မကြည့်နိုင်တော့လောက်အောင် သူ့ဦးနှောက်ထဲ၌ ထန်ထန်က အစစ်အမှန် ပြောင်းလဲသွားသည်လား ဟန်ဆောင်နေသည်လားဟူ၍ တွေးနေခဲ့သည်။ 


ယခင်က သူသည် ထန်ထန် ရုတ်တရက် ကောင်းမွန်စွာ ပြောင်းလဲသွားသည်အား မယုံကြည်ခဲ့ဘဲ ဟန်ဆောင်နေသည်ဟုသာ တွေးထားခဲ့ပေသည်။ သို့သော် ယနေ့ညပြီးသည့်နောက် သူသည် သူမ လုပ်သမျှ အရာအားလုံးက ရိုးသားပုံရသောကြောင့် မရေမရာ ဖြစ်လာခဲ့သည်။ သူသည် မည်သည့် လိမ်လည်ခြင်းအရိပ်အယောင်ကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ပြင် သူ့မြေးကလည်း ငတုံးမဟုတ်သည့်အတွက် အလွယ်တကူ အညာခံရလိမ့်မည် မဟုတ်ပါချေ။ သူက အခု သူမကို ယုံကြည်စပြုလာသည်။ သူမ ဟန်ဆောင်နေသည်ဟု ပြောဖို့ရာ မဖြစ်နိုင်ပေ။ 


အဘိုးကျိ၏ စိတ်ထဲတွင် အနည်းငယ် တွေဝေနေခဲ့သည်။ သူက သတင်းများ ကြည့်ပြီးနောက် ကလေးနှစ်ယောက်နှင့်အတူ ပြန်လာသည့်အခါ၌လည်း ထိုအကြောင်းကို တွေးနေဆဲ ဖြစ်သည်။ သူက မနေနိုင်တော့ဘဲ ကျိရှောင်ကျိုးကို မေးလိုက်တော့သည်။ 


"ရှောင်ကျိုး.. မင်း မိဘတွေက အိမ်မှာရော ပုံမှန်ဆို ဒီလိုမျိုးပဲလား..." 


"အမ်..." ကျိရှောင်ကျိုးက နားမလည်ပေ။ 


"ဘယ်လိုမျိုးလဲ..." 


"ဒီလိုမျိုးကွာ..." အဘိုးကျိက ကလေးကို သူ့မိဘများ အချင်းချင်း ကောင်းကောင်းဆက်ဆံကြရဲ့လားဟု မမေးနိုင်သောကြောင့် သူက မေးခွန်း ပြောင်းလိုက်သည်။ 


"မင်း မာမီက ဆေးရုံမှာတုန်းကလိုမျိုး မင်းဒယ်ဒီကို အမြဲ ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲလား..." 


"ဟုတ်တာပေါ့.." ကျိရှောင်ကျိုးက တွေးပင်မတွေးဘဲ ပြန်ဖြေလိုက်သည်။ 


"မာမီက အကောင်းဆုံး... သူမက တလောကလုံးမှာ အကောင်းဆုံး မာမီပဲ..." 


စကားသိပ်မပြောသော နောင်နောင်သည်ပင် အသည်းအသန်ခေါင်းညိတ်သဘောတူရင်း အသံတိုးတိုးလေးဖြစ်ပေမယ့် အခိုင်အမာ သဘောတူပြောဆိုလိုက်သည်။ 


"အန်တီက အကောင်းဆုံးမာမီပဲ..."


"အဘိုး... သား မာမီကို သဘောမကျဘူးလား... သားမာမီက အခု အရမ်းကို ကောင်းပါတယ်..." 


ကျိရှောင်ကျိုးသည် သူ့အဘိုး ယခင်က သူ့မာမီအား သဘောမကျသည်ကို အမှတ်ရလိုက်သည်။ ထိုစဉ်က သူ့မာမီသည် သူနှင့် ဒယ်ဒီကို ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်း မရှိပေ။ သို့သော် ယခု သူ့မာမီက ကောင်းနေပြီ ဖြစ်၏။ ထိုအကြောင်းများကို သူ့အဘိုးက မသိသည့်အတွက် သူတို့ လမ်းလျှောက်နေရင်း သူက သူ့မာမီကို ချီးမွမ်းပြောဆိုလိုက်သည်။ 


"သားပြောပြမယ်... အဘိုး.. မာမီက အခု သားနဲ့အတူတူလည်း အိပ်ပေးတယ်... အရသာရှိတဲ့ စားစရာတွေလည်း လုပ်ပေးတယ်... နေ့တိုင်းပဲ ကျောင်းပို့ကျောင်းကြိုလည်း လုပ်ပေးပြီး အဝတ်လှလှလေးတွေတောင် ချုပ်ပေးသေးတယ်.... ပြီးတော့ တခြားလုပ်ပေးတာတွေလည်း အများကြီး အများကြီး ရှိသေးတယ်..." 


သူက သူ့ကိုယ်သူအကြောင်း ပြောပြီးသွားသည်နှင့် သူ့ဒယ်ဒီအကြောင်း စပြောတော့သည်။


 "မာမီက ဒယ်ဒီအပေါ်လည်း တကယ် ကောင်းတယ် ညတိုင်း ဒယ်ဒီကို ခြေထောက်လည်း ဆေးပေးတယ် နှိပ်လည်း နှိပ်ပေးတယ် မာမီ ခြေထောက်နှိပ်ပေးရင် အရမ်းသက်သောင့်သက်သာ ရှိတာ... ဒါပေမယ့် မာမီက သားကို ခြေထောက်ဆေးမပေးတော့ဘူး... ဒယ်ဒီကိုပဲ နှိပ်ပေးတော့တယ်... မာမီက အရမ်း ဘက်လိုက်တာပဲ..." 


ကျိရှောင်ကျိုးက ပြောနေရင်း ခေါင်းစဉ်လွဲသွားပြီး စတင်မနာလိုဖြစ်လာတော့သည်။ 


"မင်း မာမီက အိမ်မှာ ဒယ်ဒီကို ခြေထောက် နှိပ်ပေးတယ်လား..." 


အဘိုးကျိက အလွန် ရှေးရိုးဆန်သူ ဖြစ်လျှင်ပင် လက်ရှိ၌ သူက အံ့အားသင့်နေတော့သည်။


"ဟုတ်တယ်.. မာမီက ညတိုင်း ခြေထောက်ဆေးပေးသလို နှိပ်လည်း နှိပ်ပေးတယ်... အဲဒါ အရမ်း သက်သောင့်သက်သာ ရှိတာ..." 


ကျိရှောင်ကျိုး၏ လေသံ၌ မနာလိုဝန်တိုခြင်းများ ပါဝင်နေသည်။ 


"......" 


ရှေးခေတ်အချိန်အခါကပင် သူတို့ယောက်ျားအား ခြေထောက်ဆေးပေးနိုင်သူ ဇနီးများက အနည်းအကျဉ်းသာ ရှိနိုင်သော်လည်း ယခုလို တိုးတက်နေသည့် ခေတ်အခါတွင် ထိုသို့သော မိန်းမငယ်လေးမျိုး ရှိနိုင်နေဆဲပေလား။ ယခုခေတ်တွင် ယောက်ျားလေးများက မိန်းကလေးများကို ခြေဆေးပေးခြင်းက ပိုဖြစ်နိုင်နေသည့် ခေတ်ပင် ဖြစ်လေသည်။ ယခုခေတ် အမျိုးသားများက မယားကြောက်များပင် ဖြစ်သည်။ သူ့မျိုးဆက်ခေတ်ကပင် ထိုသို့သော အမျိုးသမီးက များများစားစား မရှိနိုင်ပေ။


အနည်းငယ် ရှက်စရာကောင်းသော်လည်း သူသည်ပင် ကျိရှောင်ကျိုးအဘွားအား အကြိမ်ရေအနည်းငယ် ခြေထောက်ဆေးပေးခဲ့ဖူးလေသည်။ 


လူတစ်ယောက်က ထိုမျှထိ ပြောင်းလဲသွားခြင်း ဖြစ်နိုင်သလား။ အစားအစာချက်ပြုတ်ခြင်း၊ ချစ်ခင်ယုယခြင်းနှင့် တစ်စုံတစ်ယောက်ကို စောင့်ရှောက်ခြင်းက ဟန်ဆောင်လုပ်၍ ရသော်လည်း ခြေထောက်ဆေးပေးရန်အထိတော့ မလိုအပ်ပေ။ အကယ်၍ ဟန်ဆောင်နေခြင်းသာ ဖြစ်လျှင် တစ်စုံတစ်ယောက်က ထိုမျှထိ လုပ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ 


အဖိုးကျိသည် နောက်ဆုံး၌ ထန်ထန့်စရိုက်က ပြောင်းလဲသွားသည်ဟု အနည်းငယ် ယုံကြည်သွားလေသည်။


------------ 


"မင်း အိမ်ပြန်သင့်တယ်... ကိုယ့်ကို ညပိုင်းစောင့်ပေးဖို့မလိုပါဘူး... ကိုယ် အိပ်ပျော်သွားရင် မနက်ထိ မနိုးဘူး.." 


ကျိယန်က ထန်ထန် ဆေးရုံ၌ နေခဲ့ခြင်းကို သဘောမတူပေ။ သူမ နေခဲ့လျှင် တစ်ညလုံးကောင်းကောင်း အနားယူရမည် မဟုတ်သည့်အတွက် သူက သူမကို ထိုဒုက္ခမျိုး မခံစားစေလိုခြင်းပင်။ 


"မဟုတ်ဘူး... တစ်ခုခု အရေးပေါ်ဆို ရှင် ဘယ်သူ့ကို သွားရှာမှာလဲ... ကျွန်မ ရှင့်ကို စောင့်ပေးမယ်လေ..."


ထန်ထန်က လူနာစောင့်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ 


"ဘာအရေးကြီးကိစ္စရှိမှာမို့လဲ... ဖြစ်ခဲ့ရင်တောင် သူနာပြုကို ခေါ်လိုက်လို့ရတာပဲ... သူနာပြုတွေက အချိန်တိုင်းရှိတယ်လေ..." 


"တကယ်လို့ သူနာပြုက တစ်ခုခုလုပ်စရာရှိနေပြီး အချိန်မီရောက်မလာနိုင်ရင်ရော... ရှင်က ကိုယ့်ဘာသာကိုယ်တောင် မထနိုင်ဘူးလေ..." 


"ဒါဆို ကိုယ် စွန်းရီကို ခေါ်လိုက်မှာပေါ့... စွန်းရီက သူ့ဘာသာသူ ထနိုင်လှုပ်ရှားနိုင်တယ်လေ..." 


စွန်းရီက ခွေးစာများနှင့်ပြည့်နေသော ထိုစုံတွဲ၏ အငြင်းပွားမှုကို နားထောင်နေခြင်းဖြစ်သည်။ နောက်တော့ သူက သူတို့၏ ဆွေးနွေးခြင်း၌ သူ့ကိုပါ ဆွဲထည့်လာကြောင်း ကြားလိုက်ရသည်။ သူက အသည်းအသန် လက်ယမ်းရင်း ပြောလိုက်သည်။ 


"ငါ ကူညီနိုင်မှာ မဟုတ်ဘူးနော်... ငါက အိပ်ရင် အသေကောင်လိုပဲ.. ဘယ်လောက်ပဲ ခေါ်နေပါစေ ကြားမှာမဟုတ်ဘူး... တစ်ခုခု အရေးပေါ်ဆို ငါ အများကြီး အကူအညီပေးနိုင်မှာမဟုတ်ဘူး... မင်းကို မရီး စောင့်ပေးတာ အကောင်းဆုံး ဖြစ်မယ်လို့ထင်တယ်..."


ချက်ချင်းပင် ထန်ထန်က သူမ၏ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး စွန်းရီအား ကျေးဇူးတင်ကြောင်း ခိုးကြောင်ခိုးဝှက်ဖော်ပြလိုက်သည်။ 


စွန်းရီကလည်း 'ပြောနေစရာမလိုပါဘူး' ဟူသော အကြည့်ဖြင့် ထန်ထန်ကို ပြန်ကြည့်လိုက်၏။ ထန်ထန် ရှိနေသည့်အခါ သူတို့က ခွေးစာတွေ အများအပြား စွန့်ကြဲနေမည် ဖြစ်လျှင်ပင် သူက သူမ၏ အရသာရှိသော စားစရာအများအပြား စားသောက်ထားသည့်အတွက် သူမကို ကူညီသင့်ပေသည်။ ထို့ပြင် ကျိယန်၏ ဒဏ်ရာများက ပြင်းထန်လှသည်။ ထို့ကြောင့် သူ့ကို အနီးကပ်စောင့်ရှောက်ပေးနိုင်မည့်သူ တစ်ယောက်ရှိခြင်းက ပိုကောင်းပေသည်။ 


ထန်ထန်က ကျိယန်ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။ 


"ကြည့်ပါလား... ကျွန်မ နေခဲ့တာ ပိုကောင်းတယ်မလား..."


ကျိယန်က မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သူက သူမကို အကူအညီမဲ့စွာကြည့်ရင်း လက်လျှော့လိုက်သည်။ 


ထန်ထန်က ကျိယန် သူ့စကားသူ ပြန်ရုတ်သိမ်းသွားမှာ ကြောက်တာကြောင့် ချက်ချင်းပင် စားပွဲပေါ်မှ ရေဘူးနှစ်ဘူးကို ယူကာ ရေပူထည့်ရန် ထွက်သွားတော့သည်။ သူမထံ၌ ပျော်ရွှင်မှုအငွေ့အသက်များ ဝန်းရံနေပေသည်။ 


ထန်ထန်အား ဆူပြောရန် ဆန္ဒမရှိသည့်အတွက် ကျိယန်က အမူအရာနဲ့စွာနှင့် စွန်းရီကို လှည့်ကြည့်လိုက်သည်။ တိတ်ဆိတ်စွာပင် သူက သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထုတ်လွှတ်လိုက်၏။ 


စွန်းရီက သုံးစက္ကန့်ကြာပြီးနောက် သည်းမခံနိုင်တော့ပေ။ 


"တော်ပါပြီ... တော်ပါပြီ... မင်းတို့ ငါ့ကို ခွေးစာတွေ အများကြီးကျွေးတာ ကိစ္စမရှိဘူး... မင်းတို့ ဒီလောက် ချစ်ပြနေကြတာ ငါ့အတွက်ရော ကြည့်ဖို့ လွယ်မယ်ထင်လို့လား...." 


ကျိယန်က တစ်ဖက် ပြန်လှည့်သွားသည်။ သူက စွန်းရီနှင့် ရင်ဆိုင်ရန် အလုပ်ရှုပ်မခံနိုင်ပေ။ ဇနီးလေးပင် မရှိသော စင်ဂယ်ခွေးတစ်ကောင်က သူက သူ့ဇနီးကို အပင်ပန်းမခံစေလိုသည့် ခံစားချက်အား မည်သို့ နားလည်ပါမည်နည်း။ 


"ဟေး... ပြန်လှည့်လာခဲ့... ကျိယန် ငါ မင်းကို မေးစရာရှိတယ်..." 


စွန်းရီ၏ မျက်နှာက အနည်းငယ်နီနီနှင့် မေးလိုက်သည်။


"မင်း မိန်းမမှာ ညီအစ်မတွေများ မရှိဘူးလား... ရှိရင် ငါ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးပါ...." 


ပြောရလျှင် ညီအစ်မများက သူတို့ တူညီသော မျိုးရိုးဗီဇကို ဆက်ခံကြလေရာ သူတို့၏ အကျင့်စရိုက်များကလည်း တူညီသင့်ပေသည်။ ထန်ထန်၏ ညီအစ်မများကလည်း သိမ်မွေ့ကာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိသူများ ဖြစ်ပေလိမ့်မည်။ 


ကျိယန်သည် အကြည့်တစ်ချက်နှင့်ပင် စွန်းရီ မည်သည်တို့ကို တွေးနေသည်အား ပြောနိုင်ပေသည်။ ကျိယန်က သူ့အိပ်မက်များကို ချက်ချင်း ချိုးဖဲ့လိုက်တော့သည်။


 "ငါ့ မိန်းမမှာ ညီအစ်မ မရှိဘူး.. တစ်ယောက်တည်းပဲ..." 


"အာ... ဆိုးတာပဲ...." 


စွန်းရီက အလွန် စိတ်ပျက်သွားခဲ့သည်။ ညီအစ်မများသာမဟုတ်လျှင် ကျိယန်၏ ဇနီးကဲ့သို့သူမျိုးကို သူ မည်သည့်နေရာမှ သွားရှာရမည်နည်း။ 


"ဘာကဆိုးတာလဲ..." 


ထန်ထန်က ရေဘူးကိုင်၍ ဝင်လာသောအခါ နောက်ဆုံးစကားကို နားစွန်နားဖျားကြားလိုက်ရသည်။


စွန်းရီက ကျိယန်ကို မေးရန် အဆင်ပြေသော်လည်း ထန်ထန်ကို ပြောရန်မှာ ရှက်ရွံ့နေပေသည်။ ထို့ကြောင့် သူက ချက်ချင်း လိမ်ညာလိုက်၏။


 "ရေမချိုးရသေးတာ ဆိုးတယ်လို့ ဟားဟား..."


"အိုး.. အဲဒါ အဆင်ပြေပါတယ်...ကျွန်မ ရှင့်အတွက်လည်း ရေယူလာပေးတယ်... ကျွန်မ တစ်ခုခု ကူညီပေးနိုင်တာ ရှိရင် ပြောလေ...."


ထန်ထန်က သူမ ယူလာသည့် ရေဘူးထဲမှ တစ်ဘူးကို ပေးလိုက်သည်။ 


စွန်းရီက ထန်ထန် သူ့အတွက် ရေပူယူလာပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူက သူမကို မည်သို့ ကျေးဇူးတင်သင့်လဲ မသိတော့ပေ။ သူက ထန်ထန့်တွင် ညီအစ်မများ မရှိသည်ကို နှမြောနေခဲ့၏။ 


ထန်ထန် ယူလာသော ရေပူကို သုံး၍ စွန်းရီက သူ့ကိုယ်သူ ဆေးကြောလိုက်သည်။ သူပြီးသွားသောအခါ စွန်းရီက အိပ်တော့မည်ဟူသော ဆင်ခြေသုံး၍ ခုတင်နှစ်လုံးကြားမှ လိုက်ကာကို ခြားလိုက်သည်။ သူက နောက်ထပ် မည်သည့်ခွေးစာတိုက်ခိုက်မှုမှ မခံချင်တော့ပေ။ 


ကျိယန်၏ ဒဏ်ရာက ရေစို၍ မရတာကြောင့် သူက ရေမချိုးနိုင်သေးပေ။ သူ မသက်မသာဖြစ်မည်ကို စိုးရိမ်မိသောကြောင့် ထန်ထန်က ရေပူထဲ၌ ပုဝါကို နှစ်ကာ သူ့မျက်နှာနှင့် လက်တို့ကို သုတ်ပေးလိုက်သည်။ သို့မှသာ သူက သက်သောင့်သက်သာ ရှိနိုင်မည် ဖြစ်သည်။ သူမ လုပ်ပြီးသွားသည့်အခါ သူမက နောက်ထပ် ပုဝါတစ်ခုပြောင်း၍ သူ့ခြေထောက်များကို သုတ်ပေးလိုက်သည်။ သူမက သူ့ခြေထောက်များကို သုတ်ပေးပြီးသည်နှင့် သွေးကြောမှတ်လေးများပေါ် ခပ်ဖွဖွ ဖိကာ နှိပ်ပေးလိုက်သည်။ 


"ယောက်ျား... အခုတော့ ရှင် ခြေထောက် စိမ်လို့မရသေးဘူး... ရှင် ထထိုင်နိုင်တဲ့အထိ စောင့်... ပိုပြီးသက်သာလာတဲ့အခါကျ လုပ်ပေးမယ်နော်..." 


ထန်ထန်က ကျိယန် ခြေဖဝါးများ အနည်းငယ် တောင့်တင်းနေသည်ကို သိလိုက်သည်။ သူက တစ်ချိန်လုံး မလှုပ်ရှားဘဲ လဲလျောင်းနေရသည့်အတွက် သွေးလည်ပတ်မှု သိပ်မကောင်းတော့ခြင်း ဖြစ်နိုင်ပေသည်။ 


"တော်ပါပြီ..."  


ထန်ထန်နှိပ်ပေးပြီးသည့်အခါ သူ့ခြေထောက်များက ပို၍ သက်သောင့်သက်သာ ရှိလာသည်။ ၎င်းတို့က ထပ်ပြီး တောင့်တင်းသလို မခံစားရတော့ပေ။ 


ထန်ထန်က အပေါ်သို့ တိုးကာ  နှိပ်လာပေးရင်း သူ့ခြေထောက်များကလည်း တောင့်တင်းနေသည်ကို သတိပြုမိလိုက်သည်။ သူမက မျက်မှောင်ကြုတ်လိုက်သည်။ လူအများက မလှုပ်ရှားဘဲ အချိန်အကြာကြီး လှဲနေရသောအခါ သွေးလည်ပတ်မှု မကောင်းတော့သလို ကြွက်သားများကလည်း အားနည်းလာတတ်သည်။ ၎င်းတို့ကို မကြာခဏ နှိပ်နယ်ပေးရန် လိုပေသည်။ အထူးသဖြင့် ကျိယန်က စစ်တပ်မှ ဖြစ်လေရာ သူ့ကြွက်သားများကို သက်ရောက်မှုရှိသွား၍ မဖြစ်ပေ။ 

  

သူမက ထိုသို့တွေးလိုက်သည်နှင့် ထန်ထန်သည် ရေပူကို သုံးကာ သူ့ခြေထောက်များကို သုတ်ပေးလိုက်၏။ သူမက အိပ်ရာတစ်ဖက်တွင် ထိုင်ရင်း သူ့ခြေထောက်များကို နှိပ်ပေးနေသည်။ 


သူမ အလုပ်များနေသည်အား ကြည့်ရင်း ကျိယန်က နွေးထွေးမှုကို ခံစားရသလို တစ်ချိန်တည်း၌ အားနာမိသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ဒဏ်ရာခြင်းက ကံကောင်းသည်ဟု တွေးမိခြင်း ဖြစ်ပေသည်။ ယခင်က သူသည် ဒဏ်ရာရသည့်အချိန်တိုင်း တစ်စုံတစ်ယောက်ကို ဒုက္ခပေးမိမည်အား ကြောက်ရွံ့မိသည်။ သူက အမြဲ အိပ်ရာပေါ်၌ တိတ်ဆိတ်စွာ လှဲနေရင်း ပြန်သက်သာဖို့သာ စောင့်ဆိုင်းနေခဲ့ရသည်။ သူက အိပ်ရာမှ ထနိုင်သည်နှင့် ချက်ချင်းပင် ဆေးရုံက ဆင်းလိမ့်မည်ဖြစ်ပြီး နောက်ထပ် ကြာကြာမနေချင်တော့ပေ။ သို့သော် ယခုတစ်ကြိမ်၌ သူမကြောင့် သူက အိပ်ရာပေါ်၌ လှဲနေပြီး မည်သည့် အလုပ်မှလုပ်မနေလျှင်ပင် အဆင်ပြေသည်ဟု ခံစားရပေသည်။ 


အတိတ်တွင် သူက လူများ မည်သည့်အတွက် လက်ထပ်ချင်ကြကြောင်း နားမလည်ခဲ့သော်လည်း ယခု အဖြေကို သိသွားခဲ့ပြီ ဖြစ်သည်။ ထိုသည်မှာ မိသားစုမျိုးဆက် ထိန်းသိမ်းရန်နှင့် မိဘများ၏ မျှော်မှန်းချက်ကြောင့် မဟုတ်ပေ။ သူတို့က အနာဂတ် ခရီးလမ်းကို လက်တွဲရင်ဆိုင်သွားချင်သည့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့သောကြောင့် လက်ထပ်ခဲ့ကြခြင်း ဖြစ်လေသည်။ 


သူက အချစ်ဟူသော အရာကို နားလည်သဘောမပေါက်ခင် လက်ထပ်ခဲ့မိသည့်အတွက် ရှက်ရွံ့သလို ခံစားရသော်လည်း ထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့်သာ သူမနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်လေသည်။ သန်းချီသော လူများကြား၌ သူမက သူ့ဇနီး ဖြစ်လာခဲ့သည်။ ဤသည်မှာ သူ့အတွက် ကောင်းကင်မှ စီစဉ်ထားသော ကံကြမ္မာဖြစ်သည်လား။ 


"အခု ရပါပြီ... ကိုယ့် ခြေထောက်က သက်သာလာပြီး... အိပ်ကြရအောင်..." 


ကျိယန်က သူမ နှိပ်ပေးနေသည့် လက်များကို ကိုင်ကာ အနားကပ်လာအောင် သူမကို ဆွဲယူလိုက်သည်။ 


"ရှင်အိပ်လေ.. ကျွန်မ စောင့်ကြည့်ပေးနေမယ်...." ထန်ထန်က ထိုင်ခုံပေါ် ပြောင်းထိုင်လိုက်ပြီး တစ်ညလုံး ထိုင်စောင့်နေရန် ပြင်နေပေသည်။


ကျိယန်က သူ့ အရူးမလေးကြောင့် အကူအညီမဲ့သလို ခံစားလိုက်ရ၏။ သူက သူမလက်များမှနေ၍ သူမကို ဆွဲခေါ်လိုက်သည်။ 


"ကိုယ့် အနားလာအိပ်..." 


"ဘယ်လိုလုပ် အဲဒီလို လုပ်နိုင်မှာလဲ... ကုတင်က အရမ်းသေးတယ်.. ရှင့်ဒဏ်ရာ ပြန်ပွင့်သွားရင် ဘယ်လိုလုပ်မလဲ..." ထန်ထန်က ခေါင်းကို အသည်းအသန် ခါလိုက်၏။


ကျိယန်ကသူမ လက်ချောင်းလေးများကို ကိုက်လိုက်သည်။ 


"မင်း မလာသေးဘူးဆိုရင် နောက်နေ့ညကျ လူနာစောင့်ဖို့ ခွင့်မပြုဘူး..." 


ချက်ချင်းပင် ထန်ထန်က ခေါင်းငိုက်စိုက်ကျသွားသည်။ သူမက မလိုက်နာဘဲ မနေရဲတာကြောင့် လိမ်လိမ်မာမာနှင့် ကုတင်ပေါ်တက်လာကာ သူ့ဘေးတွင် လှဲချလိုက်သည်။ သို့သော် သူမက သူ့ဘေးကို အရမ်း မကပ်ရဲသဖြင့် အစွန်းဘက် ရောက်နိုင်သမျှ ရောက်အောင် တိုးကပ်နေပေသည်။


"ကိုယ့်နားကို တိုး..." ကျိယန်က သူမကိုသူအနားရောက်လာအောင် ဆွဲလိုက်ပြီး ထန်ထန်က အားသုံး၍ မရုန်းရဲတာကြောင့် သူ ဆွဲခေါ်သည့် အားအတိုင်း ရွှေ့သွားလိုက်သည်။


"မင်းအိပ်ရင် အရမ်းငြိမ်တယ်... မင်း ကိုယ့်ကို တိုက်မိမှာမဟုတ်ဘူး..." ကျိယန်က တိုးတိုးလေးပြောလိုက်ပြီး စောင်အောက်မှ သူမလက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ 


ယခင်က ထန်ထန်သည်လည်း သူမအိပ်လျှင် မလှုပ်ရှားတတ်ဟု ထင်ထားပေမယ့် အကြိမ်များစွာ သူ့ရင်ခွင်ထဲမှ နိုးထလာပြီးနောက်တွင် သူမကိုယ်သူမ မသေချာတော့ပေ။ သူမသည် ကိုယ့်ကိုယ်ကိုယ် အအိပ်ကြမ်းသည်ဟုပင် သံသယဝင်လာမိတော့သည်။ 

 

သူက ယခု သူမအိပ်တာ ငြိမ်သည်ဟု ပြောသည့်အတွက် ဆိုလိုသည်မှာ ထိုအဖြစ်အားလုံးက သူ၏ နောက်ပြောင်မှုကြောင့် ဖြစ်သည်လား။ 


ထိုသို့တွေးမိသည့်အခါ ထန်ထန်က ရှက်ရွံ့သလို ခံစားလိုက်ရပြီး ထိုလူက အိပ်ရာထဲ၌ အတော်လေး ဆိုးသွမ်းသည်ဟု တွေးမိလိုက်ပေသည်။ အင်း.. သူက အတော်ကို ဆိုးတယ်.... 

 

ကျိယန်သည် သူမ လက်ရှိ မည်သည်တို့ တွေးနေသည်ကို သိသောကြောင့် သူ့ နှုတ်ခမ်းများက ကော့တက်သွားလေသည်။ သူက ရုတ်တရက် သူမ၏ လက်ကို လွှတ်လိုက်ကာ သူမ၏ အဝတ်များထဲ ဝင်ရောက်လာသည်။ သူက သူမ ခါးလေးကို ဖွဖွလေး ပွတ်သပ်နေခဲ့၏။ ထန်ထန်က တုန်ရီလာပြီး ညည်းညူမိလုနီးပါး ဖြစ်သွားပေသည်။ ကံကောင်းစွာနှင့် သူမက နှုတ်ခမ်းများကို ကိုက်ထားသည့်အတွက် မည်သည့်ဆူညံသံမှ ထွက်မသွားခဲ့ပေ။ 


သူက သူမကို ထိတွေ့ချင်နေသည်ကို သိသော်လည်း ထန်ထန်မှာ မလှုပ်ရှားရဲဘဲ ရှက်ရွံ့စွာနှင့် နှုတ်ခမ်းသာ ကိုက်ထားမိတော့သည်။